အပိုင်း ၅၀၇-၅၀၈
Viewers 21k

Part 507


ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က လှည်းအကြီးကြီးတစ်ခုအပေါ်၌ အမျိုးမျိုးသော အစားအစာများ ၊ ရိက္ခာများနှင့် မီးသွေးနှစ်ခြင်းကိုတင်ကာ လင်းလန်ထံသို့ ပြန်ယူလာပေးသည်။ 


လင်းလန် စားစရာပစ္စည်းအချို့ကို ထုပ်ပိုးကာ စန်း၀မ်နှင့်  အား၀မ်ကို အဒေါ်များ ၊ အစ်ကိုကြီးဟန်နှင့် ပထမချွေးမဟန်တို့ထံ ပို့ခိုင်းလိုက်သည့်အပြင် သူမတို့နှင့် ဆက်ဆံရေးကောင်းသော မိသားစုတစ်ချို့ထံကိုပါ ပို့ခိုင်းလိုက်သည်။ ထိုသူများသည် သာမန်လူတန်းစားများဖြစ်သဖြင့် ပင်လယ်စာနှင့် ကုန်ခြောက်များကို မစားတတ်ကြ ။ သို့ဖြစ်၍ လင်းလန် ၀က်သား၊ ခေါက်ဆွဲ ၊ ဆီ နှင့် သကြား အစရှိသည်များကိုသာ ဝေမျှပေးလိုက်သည်။ ထိုအရာများသည် မထူးခြားသော်လည်း တန်ဖိုးကြီးသောပစ္စည်းများ ဖြစ်လေသည်။


လင်းလန် ရှောင်၀မ်နှင့် စန်း၀မ်ကိုခေါ်ကာ မိဘအိမ်သို့ပြန်၍ အဖွားကြီးလင်းကို နှစ်သစ်ကူးကန်တော့လိုက်ပြီး ယောင်းမများကိုလည်း မိဘအိမ်ပြန်လျှင် ယူသွားနိုင်သည့် လက်ဆောင်များကို ပေးလိုက်သည်။ 


ပထမချွေးမလင်းသည် ဘယ်လိုနေထိုင်ရမည်ကိုသိကာ  အကင်းပါးသူဖြစ်သဖြင့် လင်းလန်နှင့် လင်းမိန်တို့နှင့် တည့်လေသည်။ ရည်ရွယ်ချက်ရှိ၍ ဖြစ်သော်လည်း အမျိုးတိုင်းက ဒီလိုပဲ မဟုတ်ဘူးလား။ မကောင်းသည့် ရည်ရွယ်ချက်ပဲရှိရှိ ဘာရည်ရွယ်ချက်ပဲရှိရှိ အရေးမပါပါ ။ အမှန်တကယ် ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့သည် ကံတရားပေါ်ကိုသာ မူတည်လေသည်။ 


ယခုတစ်ခေါက်၌လည်း ချွေးမငယ် ထန်ဟဲဟွသည် အိမ်၌မရှိ ။ 


ထို့​ကြောင့် ပထမချွေးမလင်းက လင်းလန် အထင်လွဲသွားမည်ကို စိုးရိမ်နေ၏ ။ ပြောရရင် လင်းလန်လာလည်တိုင်း ထန်ဟဲဟွသည် အိမ်၌မရှိသဖြင့် တမင်ရှောင်နေသည်ဟု ထင်သွားမှာစိုး၍ ဖြစ်သည်။


သို့ဖြစ်၍ ပထမချွေးမလင်းက ကာကွယ်၍ ပြောပေးသည်။ " သူတို့ မိဘအိမ်မှာ ဟိုတစ်လောက ကိစ္စလေးနည်းနည်းလေးရှိလို့ မကြာခဏ အိမ်ပြန်နေတာလေ အိမ်မှာလည်း အလုပ်ရှုပ်မနေတော့ သွားခွင့်ပြုထားတာ "


လင်းလန်က ဂရုမစိုက်ပေ ။ 


ပထမချွေးမလင်းက လင်းလန်၏ လက်ဆောင်များကို ၀မ်းသာတကြိိီး လက်ခံလိုက်သည်။ 


" ကျေးဇူးပဲနော် စတုတ္ထညီမလေး မိဘအိမ်ပြန်ရင် ဘာတွေယူသွားပေးရမလဲ မသိဘူးဖြစ်နေတာ ညီမလေး ပေးလာတာ အတော်ပဲဖြစ်သွားပေါ့ " ဟုဆိုပြီးသည်နှင့် အသားတစ်ပိုင်းကို ထုတ်ကာ အ၀တ်ဖြင့် ထုပ်လိုက်ပြီးနောက် ကျန်သည်များကို သိမ်းထားလိုက်သည်။ 


လင်းလန် ပြန်ပြုံးပြလိုက်သည်။ " မလိုပါဘူး အစ်မသဘောကျရင် ပြီးတာပါပဲ " ပြီးနောက် ကျန်သည်များကိုပါ ပထမချွေးမလင်းထံ ထိုးပေးလိုက်သည်။ " ဒါတွေပါ ယူလိုက်ပါ အမေ့မှာက ရှိပြီးသားတွေဆိုတော့လေ " ဟုဆိုကာ မုန့်အချို့နှင့် သစ်သီးများကိုပါ ပေးလိုက်သည်။ 


လင်းလန်က ဒုတိယမိသားစုကို မပေးသဖြင့် ပထမချွေးမလင်း တွေဝေသွားသည်။ သူမက ထန်ဟဲဟွကို ခွဲပေးရမလားဟု တွေးနေတာဖြစ်၏ ။ ပြောရရင် မိဘများက သားများကို ပို၍ ဦးစားပေးတတ်ကာ သားငယ်များကို ပို၍ပင်  ဦးစားပေးတတ်ကြသည် မဟုတ်ပါလား။ 


လင်းလန်က ဘာမှထပ်မပြောတော့သဖြင့် ပထမချွေးမလင်းလည်း လက်ခံလိုက်ကာ ပြီးမှပြန်ခွဲပေးလိုက်တော့မယ်ဟု တွေးလိုက်သည်။ 


ပထမချွေးမလင်းက လင်းလန်နှင့်ကလေးများ စားနိုင်ရန် ငါး၀ယ်ထည့်ပေးကာ သူတို့တစ်စုအား ညစာပါစားသွားရန် တိုက်တွန်းလေသည်။ 


လင်းလန်က ပြုံးပြကာ ငြင်းဆိုလိုက်သည်။


 " အိမ်မှာလည်း မရှင်းလင်းရသေးလို့ ပြန်မှရမှာ ပထမလကြမှပဲ ထပ်ပြီး လာလည်တော့မယ် "


" အဲ့အခါကြရင်တော့ ကလေးတွေကိုပါ ခေါ်လာပြိိး နှစ်ရက်သုံးရက်လောက် နေရမှာနော် "


လင်းလန် ပြုံးပြကာ လက်ခံကြောင်းပြောလိုက်သည်။ 


ထို့နောက် စန်း၀မ်နှင့် ရှောင်၀မ်ကိုခေါ်ကာ လင်းလန် အိမ်ပြန်လာလိုက်သည်။ အပြန်လမ်းတွင် စန်း၀မ်က ပြောသည်။ 


" မားမား ဒုတိယအဒေါ်က မားမားကို ရှောင်နေတာ မိဘအိမ်ပြန်သွားတာ မဟုတ်ဘူး မားမားလာတယ်လို့ကြားလို့ သူများအိမ်တွေကို သွားလည်နေတာ " 


ရှောင်၀မ်ကလည်း ၀င်ပြောသည် ။ 


" မားမား သားလည်း  ရှောင်ရှင်းနဲ့ မဆော့ချင်ဘူး သူကသားကို အမြဲအနိုင်ကျင့်နေတာ စန်း၀မ်က ခြောက်လိုက်ပြန်ရင်လည်း ငိုပြီး ပြန်တိုင်တတ်သေးတယ် "


လင်းလန် ယောက်မဖြစ်သူနှင့် ဘယ်လိုပဋိပက္ခဖြစ်သွားသည်ကို သူမ ကိုယ်တိုင်ပင် မသိချေ။ သူမအား မတွေ့ချင်သဖြင့် အမြဲတစေရှောင်နေရအောင်လည်း သူမက  မိဘအိမ်ပြန်သည့်အခါတိုင်း သားသမီး၀တ်ကျေအောင် လက်ဆောင်များပေးကာ နှစ်နာရီမျှသာ နေတက်ပြီး ပြန်နေကြပင် ။ ထိုယောက်မအား ဘယ်တုန်းက အပြစ်လုပ်ထားမိလိုက်သလဲဆိုတာကို လင်းလန် မတွေးတတ်ပေ ။ 


သို့သော်လည်း လင်းလန်က အကောင်းမြင်တတ်သူဖြစ်သဖြင့် တိုက်ရိုက်မပြောလာသရွေ့ ဂရုစိုက်နေခြင်းမပြု ။ မေ့ထားလိုက်မည်ဖြစ်ကာ တစ်ဖက်လူလုပ်ချင်သလို လုပ်ခွင့်ပြုထားလိုက်မည်သာ ။ 


အချိန်ကူးပြောင်းလာသူဖြစ်သည့်အလျောက် သူမတာ၀န်ကိုသာ ဆောင်ရွက်ရန်လိုအပ်ပြီး အခြားသူများအား စိတ်ထဲထည့်ကာ တွေးနေပေးဖို့ မလိုအပ်ချေ။ 


အတိအကျပြောရရင် သူမအတွေးထဲ၌ အိမ်မှ ကလေးငါးယောက်သာရှိကာ အခြားသူများ၏ အပြစ်ရှာသည့်ဂိမ်းကို ဂရုစိုက်ပေးနေရန် အချိန်မရှိချေ ။ 


ဒါပေမယ့်လည်း အဲ့ဒါက သူမကထန်ဟဲဟွရဲ့ အပြုအမူကို ဘာမှပြန်မလုပ်ဘူးဟု ဆိုလိုသည်မဟုတ်။ ထန်ဟဲဟွမှ သူမနှင့် ဆွေမျိုးကဲ့သို့ မနေချင်မှတော့ သူမကလည်း မျက်နှာသာပေးနေစရာ အကြောင်းမရှိတော့ချေ။ 


အတိတ်တုန်းကတော့ လင်းလန် လက်ဆောင်များကို အဖွားကြီးလင်းကိုပေးကာ ခွဲဝေပေးစေတာဖြစ်ပြီး ထန်ဟဲဟွက အမြဲတစေ အခွင့်အရေးယူကာ အများကြိီးယူခဲ့တာဖြစ်သည် ။ အခုတော့ လင်းလန်က ပထမချွေးမလင်းကိုသာ ပေးခဲ့ပြီး သူမအတွက်တော့ မပေးခဲ့သဖြင့် နှစ်ရက်အတွင်း ထန်ဟဲဟွလည်း သဘောပေါက်သွားမှာပင် ။ 


သူမကို နှုတ်ဆက်ပြီး အဖော်မလုပ်ပေးချင်သူကို ဘာလို့များ သူမက လက်ဆောင်တွေ ပေးနေရဦးမှာလဲ ။ 


လောကကြီး၌ အလကားရနိုင်သည်က ဘာမှမရှိချေ။ 


နောက်တစ်နေ့ နံနက်တွင် လင်းလန် စောစောထကာ ကလေးများကို ပြင်ဆင်ပေးပြီးနောက် လင်းမိန်၏အိမ်သို့ သွားမည်ဟု ကြံလိုက်သည်။ 


လင်းမိန်က အလုပ်များနေသဖြင့် အိမ်ပြန်မလာသည်မှာ နှစ်ရက်သုံးရက်ရှိနေပြီဖြစ်သည်။ လင်းလန်က ကလေးများကို လိမ္မာစေချင်လေသည်။ တူလေးက လိမ္မာနေပြီလား အရင်လိုပဲ ပြန်ဖြစ်နေပြီလားကို လင်းလန်မသိ ။ ထိုကောင်လေးကို ရက်နည်းနည်းလောက် အိမ်ခေါ်ထားကာ တ၀မ်အား ထိန်းကျောင်းခိုင်းရမလား ဟူ၍ လင်းလန် တွေးနေမိသည်။ 


ချောင်ချောင်ဆိုတဲ့ ကလေးမကလည်း မိုင်ဆွေ့နှင့် အသက်တူတူလောက်ပဲမို့ အတူတူဆော့ခိုင်းကြရင် ကောင်းမလားပဲ ။ 


ကလေးများကို ခေါ်လာခဲ့ချင်သဖြင့် လင်းလန် ရှောင်း၀မ်ကိုပင် ခေါ်မသွားခဲ့ ။ ၀မ်းကွဲများကို ခေါ်လာပေးကာ အံ့သြသွားအောင် လုပ်ပေးချင်၍ ဖြစ်သည်။ ကလေးများက အမျိုးများဆီသွားလည်တာမျိုး ၀မ်းကွဲကလေးများနှင့် ဆော့ရသည်မျိုးကို သဘောကျကြလေသည်။ 


လင်းလန် အပြင်သွားမည်ကို ကြားသည့်အခါ ဟန်ချင်စုန့်က အဖော်လိုက်ပေးမည်ဟု ဆိုသည်။ " ကိုယ်ခေါ်သွားပေးမယ်လေ သွားရတာ သက်သာတာပေါ့ "


လင်းလန် ပြုံးကာ " ညွှန်မှုးဟန်က ဒီနေ့အလုပ်မသွားရဘူးလား " ဟုပြန်မေးလိုက်သည်။


Xxxxxx

Part 508


ဟန်ချင်စုန့်က လင်းလန်ကို ကြည့်ကာ ပြန်​မေးသည်။ " ဘာလဲ စိတ်ပျက်သွားတာလား "


လင်းလန် ခေါင်းခါပြလိုက်ရသည်။ " သွားကြမယ်လေ "


စကားသိပ်မပြောသူများက မပြောလို့သာ မပြောလို့ ၊ ပြောပြန်လျှင်လည်း အဓိပ္ပာယ်ခွဲမရသည့် စကားများကို ပြောတတ်ကြပေသည်။ 


ဟန်ချင်စုန့် ခြင်းကို စက်ဘီးတွင်ချိတ်လိုက်ကာ လင်းလန်အား ကူညီ၍ ပစ္စည်းများကို ထည့်ပေးလိုက်သည်။ 


လင်းလန် အနွေးအိတ်များ  ၊ အသား ၊ ပင်လယ်စာများ နှင့် မုန့်အတွက် နွားနို့စည်သွပ်ဘူးကို ထုတ်လာလိုက်သည်။ အဖွားကြီးကျန်းအတွက် အလွန်နွေးထွေးသွားစေမည့် သားရေအင်္ကျီလည်း ပါသေးသည်။ မူလက လင်းလန်သည် တ၀မ်ကို ပေးချင်တာဖြစ်သော်လည်း တ၀မ်က မလိုချင်ဟုဆိုကာ ငြင်း၏ ။ အား၀မ်နှင့် မိုင်ဆွေ့ကလည်း မလိုချင်ကြသလို အဖွားကြီးလင်းတွင်လည်း ရှိပြီးသားဖြစ်သဖြင့် လင်းလန် အစ်မဖြစ်သူ၏ ယောက္ခမအား လက်ဆောင်ပေးလိုက်မယ်ဟု တွေးလိုက်သည်။ 


အနွေးအိတ်များသည် ထိခိုက်လွယ်သဖြင့် ကြိုးနှင့်ချည်ကာ ပေါင်ပေါ်မှတင်သွားရန် လင်းလန် ဆုံးဖြတ်လိုက်သည်။ လက်တစ်ဖက်ကတော့ ဟန်ချင်စုန့်၏ ခါးကို ဖက်ထားမည်ဖြစ်သည်။ 


ဟန်ချင်စုန့်က ဖြည်းဖြည်းမှန်မှန်နင်းကာ လင်းလန်အား လေအရမ်းမတိုးစေရန် ကာကွယ်ပေးထားလေသည်။ 


ထိုအိမ်၌ ကျန်းယောင်ကျူးသာရှိလေသည်။ အခြားသူများက ရက်ကန်းယက်နေတာဖြစ်ဖြစ် စကားပြောနေကြတာဖြစ်ဖြစ်လုပ်နေကြလေသည်။ ဟောင်နန်နှင့် ချောင်ချောင်သည်လည်း အိမ်တွင် မရှိကြ။ 


ကျန်းယောင်ကျူးက အိမ်တွင် မီးပုံးများကို ဆေးခြယ်နေ၏ ။ လင်းလန်၏ အကြံပေးချက်အရ လင်းမိန်က သူ့ကို ရိုးရှင်းသော ပုံစံလေးများကိုသာ လုပ်ခိုင်းထားလေသည်။ ထိုမှသာ အပေါ်ယံမှ လှလှပပ ထပ်မံရက်လုပ်လို့ရဦးမည် မဟုတ်ဘူးလား။ အရမ်းကြီး ရှုပ်ထွေးဖို့လည်း မလိုဘဲ နည်းနည်းလေးပြင်ဆင်ကာ အရောင်မှိုင်းမှိုင်းများကို ကြည့်ပျော်ရှုပျော်ဖြစ်လာအောင် လုပ်ရုံသာဖြစ်သည်။ 


လင်းလန် အိမ်ထဲသို့ အော်ခေါ်လိုက်သည့်အခါ ကျန်းယောင်ကျူးသည် လက်ထဲမှ ခဲတံကိုချကာ ၀မ်းသာအားရ ပြေးထွက်လာပြီး နှုတ်ဆက်လေသည်။


 " ဪ ခယ်မလေးပဲ မတာတောင်ကြာပြီလို့ တွေးနေရင်းရောက်လာတာပဲ ဘာတွေ ယူလာ...ခေါင်းဆောင်ဟန်ကိုပါ ခေါ်လာတာလား..." ။


အိမ်ပြင်သို့ ရောက်သည့်အခါ လင်းလန်ဘေးရှိ တောင့်တောင့်ဖြောင့်ဖြောင့် ဟန်ချင်စုန့်ကို တွေးသွားပြီး ကျန်းယောင်ကျူး မျက်နှာထက်ရှိ အပြုံးမှာ ပို၍ ပီပြင်လာကာ ဟန်ချင်စုန့်ကို လက်ဆွဲ၍ လာနှုတ်ဆက်လေသည်။


 " တွေ့ရတာ၀မ်းသာပါတယ် ဦးလေး " 


ဟန်ချင်စုန့် : " ...  ... "


ဟန်ချင်စုန့် ဘာမှပြန်မပြောဘဲ ကျန်းယောင်ကျူးကို လက်ဆွဲ၍ ပြန်နှုတ်ဆက်ပေးလိုက်သည်။ 


ဟန်ချင်စုန့်၏ ကြီးမားနွေးထွေးသော လက်များကို ကိုင်ထားကာ ကျန်းယောင်ကျူးသည် မျက်လုံးအပြူးသားဖြင့် လိပ်ပြာလွင့်သွားသလိုဖြစ်နေလေသည် ။ ဟန်ချင်စုန့်မှ လက်ကို လွှတ်ပေးသောအခါ သူ့လက်ကို သူပြန်ကြည့်နေလေ၏ ။ လက်ချောင်းရာတွေတောင် ထင်ကုန်ပြီ ။ ဘယ်လောက်ထိတောင် သန်နေရတာလဲ ။ 


ကျန်းယောင်ကျူး ငိုမိတော့မလိုပင် ။ ဘာလို့များလဲ ။ အခုလေးတင် ခယ်မလေးကို မြှောက်ပြောလိုက်မိတာလေ ။ ပြန်ပြင်လို့ ရဦးမလား ။ နံရံပေါ်က ပန်းချီတွေကိုတောင် ချီးမွမ်းနေရသေးတာ သက်ရှိလူကိုရော မချီးမွမ်းရတော့ဘူးလား ။ 


ကျန်းယောင်ကျူး၏ မျက်နှာကြောင့် လင်းလန် ရယ်လိုက်မိသည်။  " ခဲအို သူနဲ့စကားပြောနေလိုက်လေ ကျွန်မက ရွာထဲက ခဲအိုတို့ ရက်ကန်းဆိုင်ကို သွားကြည့်လိုက်ဦးမယ် "


ကျန်းယောင်ကျူး တကယ်ငိုချင်နေပြီဖြစ်သည် ။ ရေခဲတုံး ယောက်ဖနှင့် အတူစကားပြောပြီး နေခဲ့တဲ့လား ။ သူ့မှာ ဘယ်က သတ္တိတွေရှိနေလို့လဲ ။ လာမယ်ဆို တစ်ယောက်တည်းလာခဲ့ပါလား ။ ဘာတွေ ယူလာခဲ့သေးတာလဲ ။ ဘယ်လိုလူကိုပါ ခေါ်လာခဲ့တာလဲလို့ ။ 


လင်းလန်းက ကျန်းယောင်ကျူး ဘာတွေတွေးနေသည်ကို ဂရုမစိုက် ။ သူမအတွက်တော့ ဟန်ချင်စုန့်က ကြင်နာတတ်ပြီး ဖော်ရွေတတ်သူဖြစ်ကာ အားနည်းသူကိုလည်း အနိုင်မကျင့်တတ်သည့် စကားနည်းသူဖြစ်လေသည် ။ သူက ဒီမှာ အကြာကြီးလည်း နေခဲ့နိုင်သူဖြစ်သဖြင့် လင်းလန်က သူမဘာသာ ထွက်သွားလေသည်။ 


ကျန်းယောင်ကျူးသည် ဟန်ချင်စုန့်နှင့် နှစ်ယောက်တည်းကျန်ခဲ့သဖြင့် စိတ်လှုပ်ရှားကာ နဖူးထက်၌ ချွေများပြန်လာလေသည်။ " ဦး...ဦးလေး ...ရေ... ရေသောက်မလား ။ " ဟုဆိုကာ လက်မြှောက်၍ ချွေးများကို သုတ်လိုက်လေသည်။ 


ဟန်ချင်စုန့် : " သူလျှိုလည်းမဟုတ်ဘဲ ဘာလို့ ကျွန်တော့်ကို ကြောက်နေရတာလဲ "


ကျန်းယောင်ကျူးက ခေါင်းတွင်တွင်ခါကာ "...မကြောက်ပါဘူး လုံး၀ မကြောက်ပါဘူး " ဟုဆိုသည်။ နှစ်ယောက်တည်းရှိနေတာမို့လို့ နည်းနည်းစိတ်လှုပ်ရှားနေရုံပါ။


ကျန်းယောင်ကျူး၏ နဖူးချွေးပြန်နေဟန်ကိုကြည့်ကာ ဟန်ချင်စုန့် နားမလည်နိုင်ဖြစ်နေသဖြင့် ခပ်မတ်မတ်လေး ထိုင်လိုက်မိသည်။ အခန်းကလည်း မပူတဲ့အပြင် ကျန်းယောင်ကျူးကလည်း နေအကောင်းကြီးပါ ။ အပူတွေများနေလို့များလား ။ အဲ့လိုလည်း ဟုတ်ပုံမရပါဘူး။ 


ကျန်းယောင်ကျူး : " ...ဦး...ဦးလေး..."


ဟန်ချင်စုန့် သည်းမခံနိုင်တော့ပါ ။ " ဦးလေး ? " 


ခယ်မလေး ၊ ဒေါ်လေး သူတို့က တစ်မျိုးဆက်တည်းတွေ မဟုတ်ဘူးလေ ။ 


ကျန်းယောင်ကျူး အမြန်စကားပြန်ပြောင်းလိုက်ရသည်။


 " မဟုတ်ဘူး ယောက်ဖလို့ခေါ်တာ " 


မင်းက ဦးလေးမဟုတ်ဘူး ငါ့ရဲ့ဘိုးဘေးလေးပဲ ။ 


...


လင်းလန် အပြင်လူများကို လမ်းမေးရင်းဖြင့် ဆိုင်နေရာကို သိလိုက်ရ၍ လင်းမိန်ကို သွားရှာလိုက်သည်။ 


လင်းမိန်က လိပ်ပြာဘုရင်မကြီးလိုပင် ရက်ကန်းရက်နေကြသည့် မိန်းကလေးတစ်စုကြားတွင် အလုပ်များနေလေ၏ ။ လင်းလန် လာနေသည်ကို မြင်သည့်အခါ ၀မ်းသာသွားကာ ထွက်ကြိုလေသည်။ 


လင်းမိန်က လင်းလန်အား နေရာလွတ်တစ်နေရာ၌ ထိုင်စေကာ ဟောသွန်းသီးကို ချကျွေး၍ ဧည့်ခံသည်။


 " အရင်နေ့တွေတုန်းက နင်တို့အိမ်ကို လာလည်ဦးမလို့ပဲ ဒါပေမယ့် အိမ်ကလူက ဟိုသွားဒီသွားနဲ့ ဖမ်းလို့ကိုမမိလို့ မလာဖြစ်တာ "


ထိုသို့ကြားသည့်အခါ လင်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။


 " ဘာဖြစ်လို့လဲ အရင်လိုပဲ ပြန်ဖြစ်နေလို့လား "


လင်းမိန်က ခေါင်းခါပြသည်။ " သူမဟုတ်ဘူး သူကဘယ်တုန်းက မဆိုးဘူးလို့လဲ ငါလည်း ကျင့်သားတောင်ရနေပြီ "


" ဒါဆို ဘာဖြစ်လို့လဲ ကလေးကလား " ယောက်ျားဖြစ်သူက လိမ္မာလာသဖြင့် အဖွားကြီးကျန်းသည် ပျော်နေကာ လင်းမိန်အား ဘာမှကို မပြောတော့ချေ။ လူအိုကြီးကျန်းကလည်း အိမ်မှာ အိပ်လိုက်အလုပ်လုပ်လိုက်ကလွဲလျှင် မိန်းမများ၏ အရေးကို ၀င်မပါတက် ။ ကျန်းယောင်ကျူးက တစ်ခါတစ်ခါ ထဖောက်တက်သော်လည်း လင်းမိန်ကို ပျော်ရွှင်အောင်တော့ လုပ်ပေးတတ်သည် ။


" အမြတ်ခွဲတဲ့နေရာမှာ ပြဿနာဖြစ်နေတာလား "


လင်းမိန် : " ကံကောင်းတော့ နင်ပြောတာကို နားထောင်ပြီး ရက်လုပ်တာကို အရံလုပ်ငန်းအဖြစ် ပြောင်းလိုက်လို့ပေါ့ ၀င်ငွေတော့ နည်းသွားပေမယ့် ပိုပြိိးတော့ လုပ်ရကိုင်ရ အဆင်ပြေသွားတယ်လေ သူတို့လည်း လုပ်ခရတယ် အမြတ်ကလည်း ပြဿနာမဟုတ်ဘူး ရောင်းနေရသေးတော့ မဆိုးဘူးလို့ ပြောရမှာပဲ "


" ကောင်းတာပေါ့ " လင်းလန်လည်း တကယ်အဆင်ပြေသည်ဟု ထင်၏ ။ 


" အဲ့ဒါတောင် အခုထိ တိုင်နေတဲ့သူတွေရှိတုန်းပဲ ဒေါသထွက်လိုက်တာ " လင်းမိန်က မကျေနပ် ။ 


လင်းလန် ပြုံးလိုက်မိသည်။


Xxxxxxx