အပိုင်း ၅၁၁-၅၁၂
Viewers 23k

Part 511


အိမ်သို့ပြန်ရောက်သည့်အခါ တင်ပါး၌ အပ်စူးနေသလို အမူအရာဖြစ်နေသည့် ကျန်းယောင်ကျူးကို လင်းမိန်တွေ့လိုက်ရသည်။ 


ဟန်ချင်စုန့်က အိမ်ခန်းထဲ၌ ထိုင်နေကာ လက်ထဲ၌လည်း ရွှေဓားတစ်ချောင်းကို ကိုင်ထားကာ မြင်းရုပ်လည်း ရှိနေလေသည် ။ ယွမ်ထင်နဲ့ ယွဲ့ကျီလည်း ရှိနေကာ မသိပါက သင်ကြားပေးနေသော ဆရာတစ်ယောက်လို ဖြစ်နေလေ၏ ။ 


ထိုမြင်ကွင်းကြောင့် လင်းလန် ရယ်လိုက်မိသည်။ 


လင်းမိန် ကျန်းယောင်ကျူးကို ရှင်က ဒီလိုယောက်ဖမျိုးရှိနေမှ ကောင်းတာ ဟူသည့်အကြည့် ပေးလိုက်သည်။


ကျန်းယောင်ကျူးက သက်ပြင်းရှိုက်လိုက်ကာ ချွေးများကို သုတ်ရင်း စိတ်သက်သာရာရသွားလေသည်။ 


အမေရေ သားတော့သေတော့မှာပဲ ။ 


ဟန်ချင်စုန့် လင်းမိန်နှင့် စကားစမြည်ပြောပြီးနောက်တွင် လင်းမိန်က ပစ္စည်းများ ထုပ်ပိုးရန် ထွက်သွားလေသည်။ 


လင်းလန် အစားအသောက်တွေ မထည့်ပေးဘဲ ကလေးများကိုသာ ထည့်ပေးလိုက်ရန် မှာလိုက်သည်။ 


လင်းမိန် : " နင်ကျတော့ အများကြီး ယူလာပြီးတော့ "


လင်းလန် : " အဲ့ဒါက နင့်မတ်လေးက ပေးတာလေ ပြီးတော့ နင်လည်း ငါ့ကို အင်္ကျီတွေအများကြီး ပေးထားတာပဲလေ အခုဆို အိမ်မှာ အင်္ကျီတွေ ဖိနပ်တွေ ပြတ်တယ်ဆိုတာကို မရှိတော့ဘူး ကျေးဇူးပဲနော် "


လင်းမိန်က လင်းလန်၏ ပုခုံးကိုဖက်ကာ တိုးတိုးလေး ကပ်ပြောသည်။ 


" နင့်ယောက်ျားကို သေချာကြည့်ထားနော် မြွေပွေးမတွေဆီ ပါမသွားစေနဲ့ဦး " 


လင်းလန် လင်းမိန်ကို ရူးနေတာလားဆိုသည့် အကြည့်ဖြင့် ပြန်ကြည့်ပေးလိုက်သည်။ " ဘာတွေ ပြောနေတာလဲ " ဟုဆိုကာ ဟန်ချင်စုန့်အား လှမ်းကြည့်လိုက်သဖြင့် ဟန်ချင်စုန့်က ဘာလဲဟူသော အမူအရာဖြင့် ပြန်ကြည့်နေလေသည်။ 


လင်းလန် မျက်လုံးများကိုသာ လှန်လိုက်မိသည်။ 


အိမ်ပြန်ရာတွင် ဟန်ချင်စုန့်က လင်းလန်ကို ကလေးများနှင့် စက်ဘီးစီးသွားဟုပြောကာ သူကတော့ လမ်းလျှောက်ပြန်ခဲ့မယ်ဟု ဆိုသည်။ 


လင်းလန် : " အတူသွားလို့ရမှာပါ စက်ဘီးက ကြီးတာပဲဟာ ဟောင်နန်ကို ကျွန်မ ဖက်ထားမယ်လေ ချောင်ချောင်ကို ရှေ့မှာထိုင်ခိုင်းလိုက်လေ "


ဟန်ချင်စုန့်က လက်မခံ ။ " ကိုယ် မှီအောင် လိုက်နိုင်ပါတယ် "


သို့ဖြစ်၍ လင်းလန် ကလေးနှစ်ယောက်ကို စက်ဘီးပေါ်တင်နင်းသွားလိုက်ရကာ သူမမှာ ချွေးတစ်လုံးလုံးဖြင့် မောဟိုက်နေသော်ငြား ဟန်ချင်စုန့်ကတော့ ဘေးမှနေ ပုံမှန်အရှိန်ဖြင့် ပြေးလိုက်နေနိုင်လေသည်။ 


ဟောင်နန်က စက်ဘီးပေါ်မှနေ ဦးလေးဖြစ်သူအား အားပေးနေလေ၏ ။


လင်းလန် စက်ဘီးနောက်ကနေ မြေခွေးအိုကြိိး လိုက်ဖမ်းနေသလို ခံစားလိုက်ရသည် ... ငါတွေးနေတာကို ခေါင်းဆောင်ဟန် မသိသွားပါစေနဲ့ ။


အိမ်ပြန်ရောက်သည့်အခါ လင်းလန်က ချွေးများရွှဲနေသော်လည်း ဟန်ချင်စုန့်က ချွေးစို့ရုံသာ ဖြစ်သည်။


လင်းလန် မယုံနိုင်သဖြင့် ဟန်ချင်စုန့်၏ နဖူးကိုစမ်းလိုက် ကျောကိုစမ်းလိုက် လုပ်ကြည့်သော်လည်း တကယ်ကိုပင် အတွင်းအင်္ကျီများက စိုနေခြင်းမရှိချေ။ 


ဟောင်နန်က ခြံထဲသို့ ပိတုန်းတစ်ကောင်နှယ် ပြေး၀င်သွားလေသည်။ 


" ငါ ကျန်းဟောင်နန် ထပ်လာပြန်ပြီဟေ့ "


ခြံထဲ၌ စန်း၀မ်က ရှောင်၀မ်ကို တိုးတိုး တိုးတိုးဖြင့် ဘုန်းဘုန်းများကဲ့သို့ ကတုံးတုံးရန်ဟုဆိုကာ သူ့လို ကတုံးလိုက်တုံးရန် လှည့်စားပြောဆိုနေလေ၏ ။ 


လင်းလန်က သူ့ကို ဆံပင်နဲ့ပိုလိုက်တယ်လို့ ပြောခဲ့ဖူးသည်ကို ရှောင်၀မ် မှတ်မိသည်။ အမှန်မှာ လင်းလန်က ကတုံးတုံးလိုက်ပါက ကလေးအေးနေမည်စိုးသဖြင့် ထိုသို့ပြောခဲ့တာ ဖြစ်သည်။ 


ဟောင်နန် ပြေး၀င်လာသည်ကို တွေ့သည့်အခါ ကလေးနှစ်ယောက်သည် အံ့သြသွားကြသည်။ စန်း၀မ်က ဟောင်နန်ကို ပြေးဖက်လိုက်ကာ " ဟားဟား မင်းအရိုက်ခံလာရပြန်ပြီလား " ဟုဆိုသည်။ 


ဟောင်နန်က ရယ်လေသည် ။ အားရပါးရ ရယ်လိုက်သဖြင့် နှာရည်များက ထပ်စီးကျလာပြန်၏ ။ 


စန်း၀မ် ရွံရှာဟန်ဖြင့် နောက်သို့ရွံ့သွားသည်။


 " ညစ်ပတ်လိုက်တာကွာ "


ရှောင်၀မ်ကလည်း ထူးဆန်းနေသည့်ဟန်ဖြင့် နှာခေါင်းရှုံ့ကာ နှာရည်များကို ပြန်ထိန်းပြလေသည်။ ဟောင်နန်ကို ထိုသို့ လုပ်စေချင်နေသည့် သဘောဖြစ်၏ ။ 


လင်းလန် ချောင်ချောင်ကို ခေါ်ကာ ခြံထဲ၀င်လိုက်သည့်အခါ ခြံထဲ၌ ရှုပ်ပွနေပြီဖြစ်ကာ ကလေးများကို အိမ်ထဲမှ ထွက်လာရန် လှမ်းခေါ်လိုက်သည်။ 


မိုင်ဆွေ့ကပြေးထွက်လာကာ တ၀မ်နှင့် အား၀မ်သည် ထင်းခုတ်ရန် ထွက်သွားကြသည်ဟုဆိုသည်။ အမှန်မှာ အိမ်၌ မီးသွေးများရှိသဖြင့် ထင်းခုတ်ရန် မလိုအပ်ပေ ။ 


" ချောင်ချောင် အိမ်မှာ အကြာကြီးနေရမှာနော် "


စန်း၀မ်ကလည်း လာကာ ပြုံးပြရင်း " ၀ါး ချောင်ချောင်က ပိုပိုချောလာတာပဲ " ဟုဆိုသည်။ 


ချောင်ချောင်က ရှက်သွားကာ မ၀ံ့မရဲ ပြန်ပြောလေသည် ။ " မိုင်ဆွေ့က ပိုချောတာပါ ရှောင်၀မ်လည်း ချောလာတယ် "


ထိုအခါ မိုင်ဆွေ့က " ငါတို့နှစ်ယောက်လုံး ကြည့်ကောင်းပေမယ့် သူကတော့ ကြည့်မကောင်းဘူး ဟေးထန်က ကတုံးကြီးလေ "


စန်း၀မ်က အလျှော့မပေးဟန်ဖြင့် ဟောင်နန်ကို ပြောလေသည်။ 

" မင်းသိလား ကတုံးတွေက ဉာဏ်အကောင်းဆုံးပဲတဲ့ ထိပ်ပြောင်ရင် ဉာဏ်ကောင်းကြတယ်တဲ့ " ဟုဆိုကာ သူသိလာသည်များကို ပြန်ပြောပြလေသည်။ 


" ဉာဏ်ကောင်းတဲ့သူတွေ စဥ်းစားလွန်းလို့ ဆံပင်မရှိကြတော့တာတဲ့ "


ဟောင်နန်က ကျောင်းမသွားသလို စာဖတ်ရသည်ကိုလည်း မကြိုက်သောကြောင့် ထိုစကားအား မကြားဖူးပေ ။ သို့သော်လည်း စန်း၀မ်ပြောသည်ကို အားကျနေလေ၏ ။ 


ဟောင်နန်က လင်းလန်ထံလှည့်ကာ " စတုတ္ထဒေါ်လေး သားလည်း ဘုန်းကြီးလိုဆံပင်လိုချင်တယ် " 


စန်း၀မ်က ဟောင်နန်ကိုရိုက်လိုက်ကာ သူ့ခေါင်းသူ ပြန်ထိုးပြလေသည်။


 " ဒါက စန်း၀မ်ရဲ့ခေါင်းကွ ဘာလို့ ဘုန်းကြီးခေါင်းဖြစ်ရမှာလဲ "


ထိုသို့ ငြင်းခုန်နေကြခြင်းသည် တကယ်ပျော်ဖို့ကောင်းလေသည်။ မကြာခင်မှာပဲ ခြံထဲ၌ ဘဲများအော်နေသလို အသံများစီကာ ဆူညံသွားလေသည်။ 


ညနေစောင်းသည့်အခါ ဟန်ချင်စုန့်က သားနှစ်ယောက်ကို ခေါ်ရန် ထွက်သွားကာ မိုင်ဆွေ့က ချောင်ချောင်ကို အတူချက်ပြုတ်ရန် ခေါ်သွားလေသည်။ အား၀မ်၏ ချက်ပြုတ်နည်းများကိုပါ ထုတ်ပြပေးသေးသည်။ 


ညီမနှစ်ဦးသည် မီးဖိုရှေ့၌ အတူထိုင်နေကြလေသည်။ နှစ်ယောက်လုံးက ချောမောကာ ပန်းဖူးလေးများဖွယ် ဖြစ်နေကြသည်။ တစ်ယောက်က တောက်ပကာ တစ်ယောက်က နူးနူးညံ့ညံ့လေးရှိပြီး မီးဖိုရှေ့တွင် မီးရောင်ကြောင့် အလွန်လှပနေကြလေသည်။ 


ထိုသည်ကို ကြည့်ကာ လင်းလန် ကြည်နူးနေမိသည်။ 


. . . . . .


ကလေးဧည့်သည်နှစ်ယောက်ရှိနေသဖြင့် လင်းလန် ဟင်းပွဲအသစ်များကို ချက်ပြုတ်လိုက်သည်။ 


ကင်းမွန်သေးလေးများသည် အလွန်စားလို့ကောင်းလေသည်။ ကြက်သွန်မြိတ်နှင့်ရောကာ ကြော်နိုင်သလို အရည်သောက်လည်း ချက်လို့ရလေသည်။ ထို့နောက် ကြက်ဥနှင့် ကြက်သွန်မြိတ်ကို ရောကြော်ကာ အိမ်ချက်လက်ရာများကို စားပွဲအပြည့်ပြင်ဆင်လိုက်သည်။ 


တောရွာမှလူများသည် ပင်လယ်စာကို သေချာမသိကြပေ ။ အထူးသဖြင့် ကလေးများပင် ။ သူတို့လေးများသည် အသားနှပ်နှင့် ကြက်သားဟင်းကိုသာ စားကောင်းသောက်ဖွယ်ဟုထင်နေကြကာ အခြားသောဟင်းများကို မမြင်ဖူးသလို စားလည်းမစားဖူးကြချေ ။ 


လင်းလန်ရဲ့ကလေးများက စားဖူးသောက်ဖူးနေကြဖြစ်ကာ အရသာရှိကြောင်းကို သိပြီးဖြစ်ကြလေသည်။ 


အထူးသဖြင့် ကင်းမွန်ဟင်းရည်ကို နှစ်ခြိုက်ကြလေသည်။ လတ်ဆက်ကာ ချိုမြိန်သည့် ပင်လယ်စာနှင့် ကြက်သွန်မြိတ်တို့ကို ရောနှောထားတာဖြစ်၍ တကယ့်ကို စားလို့ကောင်းလှသည် ။


Xxxxxx

Part 512


အထူးသဖြင့် ကင်းမွန်ဟင်းရည်ကို နှစ်ခြိုက်ကြလေသည်။ လတ်ဆတ်ကာ ချိုမြိန်သည့် ပင်လယ်စာနှင့် ကြက်သွန်မြိတ်တို့ကို ရောနှောထားတာဖြစ်၍ တကယ့်ကို စားလို့ကောင်းလှသည် ။

ကလေးနှစ်ယောက် ထပ်ရောက်လာသဖြင့် ထိုင်သည့်နေရာများက ပြောင်းလဲသွားပြန်သည်။ မိုင်ဆွေ့နှင့် ချောင်ချောင်က ဘေးချင်းကပ်ထိုင်ကာ စန်း၀မ် ၊ ရှောင်၀မ်နှင့် ဟောင်နန်က တစ်တွဲ ၊ တဝမ်နှင့် ဟန်ချင်စုန့်တို့က အတူတူဖြစ်ကာ အား၀မ်နှင့် လင်းလန်တို့က တစ်နေရာ ဖြစ်လေသည် ။ 


လင်းလန် အတော်လေး တူကြသော သားအဖနှစ်ယောက်ကိုတစ်ခါ အမွှာများသဖွယ် ညီအစ်မနှစ်ဦးကို တစ်လှည့် ကြည့်လိုက်သည်။ ထို့နောက် ချစ်ဖို့ကောင်းလှသည့် ကောင်လေးသုံးဦးကို ကြည့်ကာ နောက်ဆုံးတွင် သိမ်မွေ့ကာ ချောမောလှသည့် သူမဘေးမှ သားဖြစ်သူကိုပါ ကြည့်လိုက်မိသည်။ စိတ်ကြည်နေသဖြင့် လင်းလန် ပန်ကိတ်နှစ်ချပ်ကိုပင် ထပ်စားလိုက်သေးသည်။ 


အား၀မ်က စွပ်ပြုတ်အား လင်းလန်ကို အရင်ထည့်ပေးလေသည်။


လင်းလန် ပြုံးလိုက်ကာ " ချောင်ချောင်ကိုလည်း တစ်ခွက်ထည့်ပေးလိုက်ဦး " 


အား၀မ်က ချောင်ချောင်ကို ထည့်ပေးသည့်အခါ ထိုကလေးမက လက်နှစ်ဖက်ဖြင့် ယူလိုက်ရင်း " မိုင်ဆွေ့ ငါတို့အတူ သောက်ကြမလား " 


ယခုခေတ်၌ မိသားစု၀င်အများကြီးရှိကာ စားပွဲများကလည်းသေးပြီး ပန်းကန်ခွက်ယောက်များကလည်း အပြည့်အစုံမရှိသဖြင့် တစ်ယောက် တစ်ပန်းကန်သောက်ရန် မဖြစ်နိုင်ချေ ။ လင်းလန်လည်း မူလတွင် ကျင့်သားမရသော်လည်း ရောမရောက်လျှင် ရောမလိုကျင့်ဟူသည့်အတိုင်း နောက်ပိုင်းတွင် စားတတ်သွားလေသည်။ ဘာပဲဖြစ်ဖြစ် အပြင်လူတွေလည်း ရှိတာမှမဟုတ်တဲ့ဟာ ။ 


မိုင်ဆွေ့က ရယ်လိုက်ကာ လက်ခံလေသည်။ 


" ဒါပေါ့ ရတယ်လေ ဘာပဲဖြစ်ဖြစ် ဟေးထန်လို ကတုံးနဲ့တစ်ယောက်လိုပဲ တစ်ယောက်တည်း မဖြစ်ချင်ပါဘူး ပူနေတုန်း မသောက်နဲ့ဦးနော် တစ်ခေါက်တည်း သောက်ပစ်လိုက်လို့ သူနဲ့တွဲသောက်တဲ့လူဆို သူသောက်တာကိုပဲ ထိုင်ကြည့်နေရမှာ ဟားဟား "


စန်း၀မ်က တစ်ဖက်စားပွဲမှနေ ရယ်ကာ ကင်းမွန်ဖက်လေးကို ယူလိူက်ရင်း ​ " ချောင်ချောင် နင် ညဘက် မိုင်ဆွေ့နဲ့အိပ်ရင် သတိထားနော် သူက အိပ်ရေးအရမ်းဆိုးတာ နင့်ကို ကန်လိမ့်မယ် " ဟုပြောကာ ကင်းမွန်ကိုမြှောက်ပြရင်း " ဒီလိုလေ " 


ထို့ကြောင့် စန်း၀မ် မိုင်ဆွေ့ထံမှ မျက်စောင်းထိုးခံလိုက်ရသည်။ 


စန်း၀မ် ကင်းမွန်ကို ဟောင်နန်ထံလှည့်၍ ထည့်ပေးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။ " မင်း တွေ့လား ကင်းမွန်ကလည်း ကတုံးပဲ "


ဟောင်နန် : " ကင်းမွန်အောက်မှာ ဆံပင်တွေပါတယ်လေ "


ရှောင်၀မ် : " အဲ့ဒါတွေက ကင်းမွန်ရဲ့ ခြေထောက်တွေ "


ဤသို့ဖြင့် ထိုသုံးယောက်သည် ကင်းမွန်ရဲ့ ဆံပင်လား ခြေထောက်လားဆိုသည်ကို စူးစမ်းနေကြလေသည်။ 


လင်းလန် ထိုသည်ကိုကြည့်ကာ ထပ်၍မစားနိုင်တော့ချေ ။


 " စားပြီးမှ ဆက်ပြီး စူးစမ်းကြ မဟုတ်ရင် ထမင်းစားပျက်လိမ့်မယ် ချောင်ချောင် စားချင်တာစားနော် ကိုယ့်အိမ်မှာလိုပဲ နေနော် ကြားလား "


ချောင်ချောင်က လင်းလန်ကို လှည့်ကာပြုံးပြသော်လည်း ဟန်ချင်စုန့်နှင့် တ၀မ်အား မကြည့်ရဲသဖြင့် ခေါင်းကို ပြန်ငုံ့သွားကာ ဆက်စားနေလေသည်။ 


လင်းလန် ဟန်ချင်စုန့်ကို မျက်စပစ်လိုက်သည်။ ဘာလို့ အဲ့လောက် ရုပ်ကြီးတည်ထားတာလဲ ။ ဟိုမှာ ကလေးက ကြောက်နေပြီလေ ။ 


ဟန်ချင်စုန့် : "... များများစားနော် ....."


ကြက်ဥကိုကိုင်ထားသည့် ချောင်ချောင်၏ လက်များမှာ တုန်သွားသော်လည်း ကလေးမလေးသည် အမြန်ထိန်းလိုက်ကာ ခေါင်းမမော့ဘဲ ပြန်ဖြေလေသည် " ဟုတ်ကဲ့ပါ " 


ဟန်ချင်စုန့် လင်းလန်ကို ကိုယ်ဘာမှ မလုပ်ဘူးလေဟူသော အကြည့်ကို ပြန်ပေးလေသည်။ သူ့အပြစ် မဟုတ်ဘူးလေ ။ 


လင်းလန် ပြန်ပြုံးပြကာ ကလေးများကို များများစားကြဖို့သာ ပြောလိုက်သည်။ 


တစ်ဖက်တွင် စန်း၀မ်က ဟောင်နန်နှင့် ရှောင်၀မ်အား သူ့လို ကတုံးတုံးကြရန် ပြောနိုင်သွားလေသည်။ ထို့အပြင် ကလေးနှစ်ယောက်အား တ၀မ်နှင့် အား၀မ်ကိုပါ အတူလုပ်ကြရန် ပြောခိုင်းနေလေသည်။ 


တ၀မ်က စန်း၀မ်အား အကြည့်စူးစူးတစ်ချက် ပေးလာသဖြင့်  စန်း၀မ် ချက်ချင်းခေါင်းလှည့်သွားကာ အား၀မ်ကို စကားပြောလေသည် ။


 " အား၀မ် ညကြရင် ဟောင်နန်နဲ့ တူတူအိပ်မှာလား "


ဆောင်းရာသီနှင့် နွေရာသီက မတူချေ ။ ဆောင်းရာသီ၌ စောင်ခြုံကြရန် လိုအပ်ကာ ဟောင်နန်အတွက် ခြုံရန် စောင်အပိုမရှိပေ ။ 


အား၀မ်က ထိုမေးခွန်းကို မမျှော်လင့်ထားခဲ့ ။ 


လင်းလန် : " ရတယ် စန်း၀မ်က ဟောင်နန်နဲ့ တူတူအိပ်လိုက် " 


စန်း၀မ်က ပျော်သွားကာ " ဟုတ်ကဲ့ " ဟုဆိုသည်။ 


ထို့နောက် တူကိုကိုင်ကာ ကြက်ဥကိုယူ၍ ဟောင်နန်ထံထည့်ပေးလေသည်။ 


" ဟောင်နန် အားရှိအောင် စားနော် "


အမေဖြစ်သူက အဖေဖြစ်သူအား မနက်စာစားတိုင်း အားရှိအောင် ဒီဟာလေးစား ဟိုဟာလေးစား အစရှိသဖြင့် ပြောနေတက်၍ စန်း၀မ်က အိပ်လျှင် အားကုန်သည်ဟု ထင်နေတာဖြစ်၏ ။ အမှန်မှာ လင်းလန်က သူမ မကြိုက်သည်များကို ဟန်ချင်စုန့်ထံ ထည့်ပေးကာ စနောက်နေတာဖြစ်လေသည်။ 


ဟောင်နန်ကလည်း ကင်းမွန်ကို ယူကာ စန်း၀မ်ကို ပြန်ထည့်ပေးလေသည်။


 " စန်း၀မ် မင်းလည်း အားရှိအောင်စားနော် "


လင်းလန် ထိုသည်များကို မကြားချင်ယောင်ဆောင်ကာ ခေါင်းငုံ့၍သာ ဆက်စားနေလိုက်သည်။ 


ရှောင်၀မ်က အားလုံးကို ထိုသို့လုပ်ပေးရမည်ဟု ထင်သွားကာ ထရပ်၍ ဟင်းများကိုယူကာ တ၀မ်အား ထည့်ပေးလေသည်။ " အစ်ကိုကြီးလည်း အားရှိအောင်စား " 


တ၀မ် : " ...... " စန်း၀မ်ထံ လှမ်းကြည့်ကာ " ကိုယ့်ဘာသာပဲစားစမ်းပါ "  


စန်း၀မ် ခေါင်းကိုက်လာသလိုပင် ။ 


ချောင်ချောင်က စွပ်ပြုတ်သောက်ပြီးသွားသည့်အခါ ထပ်ယူရမည်အား ရှက်နေသည်ကို တွေ့သဖြင့် အား၀မ်က ယူကာထပ်ထည့်ပေးလေသည် ။ ဒုတိယတစ်ကြိမ်တွင် စွပ်ပြုတ်သည် နည်းသွားကာ အမယ်များလည်း သိပ်မစုံတော့ပေ ။ 


ချောင်ချောင်က အား၀မ်ကို ပြန်ပြုံးပြလိုက်သည်။ 


ညစာစားပြီးနောက်တွင် ကလေးများက အစာကြေစေရန် ခြံထဲ၌ ဆော့နေကြပြီး လင်းလန်က မိုင်ဆွေ့နှင့် ချောင်ချောင်ကို သူမ ၀ယ်လာသည့် ပန်းပွင့်ပိတ်စများကို ခေါ်ပြနေလေသည်။ 


" ကောင်မလေးတွေ ဒီကိုလာခဲ့ သဘောကျတဲ့ဟာက်ို ရွေးလိုက် နှစ်ကူးအတွက် ဂါ၀န်ချုပ်ပေးမယ် "


ချောင်ချောင်က ရှက်ရှက်ဖြင့် လက်ခါကာ ငြင်းသည်။ " စတုတ္ထဒေါ်လေး အဲ့လိုမလုပ်ပါနဲ့ အမေကလည်း ချုပ်ပေးထားတယ် "


" အမေလုပ်ပေးတာက လုပ်ပေးတာပဲလေ ဒေါ်လေးကလည်း ချုပ်ပေးဦးမှာပေါ့ ပြီးတော့ ကိုယ်တိုင် ဒီဇိုင်းဆွဲထားပေးထားတာလေ လှလှလေး ချုပ်ပေးမှာပါ "


မိုင်ဆွေ့က အစိမ်းနောက်ခံပေါ်၌ အဖြူရောင်ပန်းလေးများပါသည့် ပိတ်စကိုရွေးလိုက်ပြီး ချောင်ချောင်က ပန်းရောင်နောက်ခံပေါ်တွင် ပန်းနီလေးများပါသည့် ပိတ်စကို ရွေးလိုက်လေသည်။ 


" ချောင်ချောင်က ဒီပိတ်စလေးနဲ့ လိုက်တယ် "


ချောင်ချောင်က ပြုံးလျက် ပြန်ပြော၏ ။ " နင်လည်း ဒါလေးနဲ့ဆို အတော်လေး လှတာပဲဟာ "


လင်းလန် : " နှစ်ယောက်လုံးက အသားဖြူကြတော့ ဘာ၀တ်၀တ်လိုက်ကြပါတယ် "


မိုင်ဆွေ့က ခဏစဥ်းစားနေပြီးနောက် " ဟုတ်သားပဲ တစ်ဆင်တည်းဆိုတော့ အရောင်တွေရောပြီးလည်း ဂါ၀န်ချုပ်လို့ရတာပဲဟာ " ဟုဆိုသည်။ 


ပြီးနောက် ချက်ချင်းချဆွဲကာ ပိတ်စများကို ညှပ်လိုက်လေသည်။ " ဒီလိုဆိုရင် အစ်ိမ်းထဲမှာ ပန်းရောင်လေးတွေလည်း ရောနေတော့ ပန်းပင်တွေ သစ်ပင်တွေလိုပဲ ကြည့်လို့ လှသွားလောက်တယ်  "


ချောင်ချောင်က အံ့သြသွားလေသည်။


 " ဒီလိုလည်း ရတာပဲလား မိုင်ဆွေ့က တော်လိုက်တာ "


မိုင်ဆွေ့က သူမ၏ စာအုပ်ကိုထုတ်ပြကာ " သင်ကြည့်မလား " ဟု မေးလေ၏ ။ 


" ပြီးကြပြီလား " 


မိုင်ဆွေ့က လင်းလန်၏ ပုခုံးကိုဖက်ကာ မျက်နှာချင်းအပ်၍ " မားမား မားမားချုပ်နိုင်မယ်လို့ သမီးယုံတယ် " 


လင်းလန် : " ဟုတ်ပါပြီ နှစ်ယောက်လုံးအတွက် ချုပ်ပေးမှာပါ  "


Xxxxx