အပိုင်း ၅၁၃-၅၁၄
Viewers 21k

Part 513


အ၀တ်များရွေးပြီးနောက်တွင် မိုင်ဆွေ့က ချောင်ချောင်အား ရေချိုးရန် ခေါ်သွားလေသည်။ ထို့နောက် လင်းလန်ချုပ်ပေးထားသည့် မ၀တ်ရသေးသော မိန်းကလေး၀တ် လက်ပြတ်အင်္ကျီကို ချောင်ချောင်အား ပေးလိုက်သည်။


 " ငါ့မှာ့ အများကြီးရှိတယ် ဒါက နင့်အတွက်ဟာ အနောက်ကနေပတ်ပြီး နှစ်ခုကို တပ်ပြီး ၀တ်လိုက်ရုံပဲ "


ချောင်ချောင်က ထိုသည်ကိုကြည့်ကာ ရှက်သွားလေသည်။ " ဒါကို ၀တ်ရင် မဖြစ်နိုင် ..... " ရှက်စရာကြီးလေ ။ 


မိုင်ဆွေ့ : " ချောင်ချောင် ဒါက လက်ပြတ်အင်္ကျီလေ အတွင်းကနေ ၀တ်လို့လည်းရတယ် နွေရာသီဆို ဒီအတိုင်း ၀တ်လို့လည်းရတယ် "


လင်းလန်က မိုင်ဆွေ့အား အရှက်မကြီးစေရန် မိန်းကလေးများနှင့် သက်ဆိုင်သည့် ကိစ္စများကို နေ့တိုင်း ပြောပြထားလေသည်။ 


ချောင်ချောင် ထိုအင်္ကျီကို ယူကြည့်လိုက်သည်။ အင်္ကျီလေးက ချည်သားဖြင့်ချုပ်ထားကာ အရှေ့ဘက်တွင် ကြယ်သီးလေးများ ပါလေသည်။ 


အ၀တ်ပတ်ထားသော ကြယ်သီးများဖြစ်၍ ၀တ်သူကိုလည်း မနာစေပေ ။ 


ရေချိုးခန်းအား လင်းလန်နှင့် ဟန်ချင်စုန့်က ပြန်၍ ပြုပြင်ထားလေသည်။ အခန်းထဲ၌ မီးသွေးဖိုကို ထည့်ထားကာ ခေါင်းတိုင်လည်း ထုတ်ထားသဖြင့် အဆိပ်သင့်မည်ကိုလည်း စိုးရိမ်ဖို့မလိုချေ ။ အပူပေးနိုင်သည့် သတ္တုတိုင်ကီလည်း ရှိသဖြင့် အလိုရှိသလို ရေနွေးစပ်ကာ ချိုးနိုင်လေသည်။ 


ချောင်ချောင် တကယ့်ကို အမြင်ကျယ်သွားမိသည် ။


သူမလည်း နေ့တိုင်း ရေချိုးချင်သော်လည်း အေးလွန်းသဖြင့် ရေနွေးကျိုကာ ရေပက်တိုက်ရုံသာလုပ်နိုင်လေသည်။ ဆောင်းရာသီ၌ ရေပူနှင့် ချိုးလို့ရမည်ဟု သူမ မတွေးထားခဲ့ဖူးပေ ။ တကယ် လုံး၀ကို  မအေးတာဖြစ်သည်။ 


ညီအစ်မနှစ်ဦးသည်  စကားစမည်ပြောရင်း ပျော်ရွှင်စွာဖြင့် ရေချိုးနေကြလေသည်။ 


 • • • 


ဒုတိယနေ့တွင် လင်းလန်က ဟောင်နန်အား အိမ်တွင် ပျင်းနေမည်စိုး၍ အခြားညီအစ်ကိုများနှင့် ကျောင်းသို့လိုက်သွားခိုင်းလိုက်သည်။ ချောင်ချောင်ကိုတော့ သူမနှင့်အတူ အပ်ချုပ်ရင်း စကားပြောရင်းဖြင့် နေခဲ့စေလေသည်။ 


အလုပ်များလုပ်နေရင်းဖြင့် လင်းလန် ချောင်ချောင်အား မေးခွန်းများမေးကာ သူမလေး၏ စိတ်နေစိတ်ထားကို စမ်းသပ်ကြည့်လိုက်သည် ။ ပြောနေရင်းဖြင့်လည်း မိန်းကလေးများ သိသင့်သိထိုက်သည်များကို ပြောပြပေးနေလေ၏ ။ အရေးအကြီးဆုံဖြစ်သည့် ယောက်ျားလေးနှင့် မိန်းကလေးကြား ခြားနားချက်များ ၊ မိန်းကလေးများ ပျိုဖော်၀င်ချိန်တွင် ကြုံတွေ့ရတတ်သည်များကိုပါ ပြောပြလိုက်သည်။ လင်းမိန်က နူးနူးညံ့ညံ့ဖြင့် မိန်းကလေးဆန်သူ မဟုတ်သည့်အတွက် သမီးဖြစ်သူ၏ ပြောင်းလဲမှုများကို ဂရုပြုမိမည် မဟုတ်ချေ ။ တစ်ခါတစ်ရံ မိန်းကလေးများသည် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ကြိုမသ်ိထားကြ၍ လန့်သွားတတ်ကြလေသည်။ ဥပမာအားဖြင့် ရင်သားထွက်လာခြင်း ၊ ဓမ္မတာလာခြင်း အမှုများ ဖြစ်ချိန်တွင် ပိုဖြစ်တတ်လေသည်။ 


သို့ဖြစ်၍ လင်းလန် ချောင်ချောင်အား ထိတ်လန့်မသွားစေရန် ကြိုတင်သင်ကြားပေးထားချင်သည်။ 


ချောင်ချောင်က ပါးလေးများ ရဲနေကာ ခေါင်းကို ငုံ့ထားသော်လည်း ရံဖန်ရံခါ ခေါင်းညိတ်ပြနေသဖြင့် သေချာ နားထောင်နေကြောင်း သိသာပေသည်။ 


လင်းလန်တို့ အလုပ်များနေစဥ်တွင် ယန်ယန် ရောက်လာကာ တံခါး၀မှ အော်ခေါ်လေသည်။ " လင်းလောင်ရှီး အိမ်မှာ ရှိလားဟင် "


လင်းလန် အသံပေးလိုက်ကာ အိမ်ထဲသို့ ၀င်လာခိုင်းလိုက်သည်။ 


ယန်ယန်က ပြေး၀င်လာကာ ချောင်ချောင်ကို မြင်သည့်အခါ ပြုံးပြ၏ ။ 


" လင်းလောင်ရှီး သူက အရမ်းချောတာပဲ "


ချောင်ချောင်က ရှက်သွားလေသည်။


လင်းလန် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။ ယန်ယန်က မိုင်ဆွေ့နှင့် ချောင်ချောင်တို့ထက် တစ်နှစ်ကြီးသည် ။


ယန်ယန်က ချောင်ချောင်နှင့် စကားပြောပြီးနောက် လင်းလန်အား သူမလုပ်ထားသော အိမ်စာများကို ပြလေသည်။ 


" လင်းလောင်ရှီး သမီးကို စစ်ပေးပါဦး "


အမှန်မှာ ယန်ယန် ကျောင်းသို့သွားကာ ပြလျှင်လည်း ဟန်ချင်းဖျင်က ကြည့်ပေးမှာဖြစ်သော်လည်း ယန်ယန်က ပိုက်ဆံမပေးထားသဖြင့် ကျောင်းသ်ို့သွားကာ ဆရာဖြစ်သူအား အနှောင့်အယှက်မပေးသင့်ဟု တွေးနေတာဖြစ်၏ ။ ထို့အပြင် လင်းလန်က ဆရာများထက်ပင် ပိုသာအောင် သင်ပေးနိုင်မည်ကိုလည်း သိနေသဖြင့် လင်းလန်ထံမှ သင်ယူတာက ပိုကောင်းသည်ဟု ထင်နေတာလည်း ဖြစ်ပေသည်။ 


လင်းလန် အမှားများကို ပြင်ပေးကာ စာလုံးအသစ်များ ထပ်သင်ပေးလိုက်သည်။ ယန်ယန်ရဲ့ သင်ယူမှုစွမ်းရည်က ကောင်းသဖြင့် လင်းလန် နည်းနည်းလောက် သင်​ပေးလိုက်ရုံဖြင့် ရသွားတက်လေသည်။ 


" လင်းလောင်ရှီးသင်တာက လွယ်တော့ သမီးနားထောင်လိုက်တာနဲ့ ရသွားတော့တာပဲ " 


ယန်ယန် ချိုက်ဟွားထံမှလည်း သင်ခဲ့ဖူးသည်။ ချိုက်ဟွားက ကျောင်းမှပြန်လာလျှင် သူမအား ပြန်သင်ပေးတတ်လေသည် ။ 


လင်းလန်ကကြ သူမအား သင်ယူရန် နည်းလမ်းလွယ်လေးများကို ပေးကာ တရုတ်စာလုံးများ၏ အသုံး၀င်ပုံများကို သင်ပေးတာဖြစ်လေသည်။ ဥပမာအားဖြင့် ဖျင်းယင်တွင် တိ နဲ့ တဲ့က ဘယ်လိုကွာတာ အစရှိသဖြင့်ပင် ။ 


ခဏစကားပြောပြီးနောက်တွင် ယန်ယန်က ချောင်ချောင်ထံ လှည့်ကာ ပြောပြန်လေသည်။ 


မနာလိုဖြစ်နေခြင်းမရှိဘဲ " လင်းလောင်ရှီးတို့ မိသားစုက မိန်းကလေးတွေက ချောလိုက်တာ " ဟုဆိုသည်။ ချိုက်ဟွားက မနာလိုဖြစ်နေတာလည်း မထူးဆန်းတော့ဘူး ။ သူမတောင်မှ ချောလွန်းလို့ အားကျနေတဲ့ဟာ။


လင်းလန် ပြုံးရင်း ပြန်ပြောလိုက်သည်။


 " ယန်ယန်ကလည်း ချောပါတယ် မျက်လုံးလေးတွေဆို ကြည့်လို့ အရမ်းလှတာ နက်မှောင်ပြီး တောက်ပနေတာလေ ဝေ့လည်ကြောင်ပတ်လည်း မပြောတက်တော့ မျက်လုံးလေးတွေဆို ကြည်နေတာပဲ အဲ့ဒါက သမီးရဲ့ စိတ်ကလည်း ဖြူစင်ပြီး စိတ်ရင်းမှန်ကြောင်း ပြနေတာလေ" 


ပြောချင်သည်က စိတ်ရင်းမမှန်ပါက မျက်၀န်းများသည် ထိုကဲ့သို့ ကြည်နေမည်မဟုတ်ဟုပင် ။ 


ယန်ယန်ကလည်း သဘောပေါက်လွယ်သူဖြစ်သဖြင့် လင်းလန်၏ ဆိုလိုရင်းကို နားလည်သည်။ 


လင်းလန်ထံမှ ချီးမွမ်းခံလိုက်ရ၍ ယန်ယန်ကပျော်သွားကာ မှန်ရှေ့တွင် သူမ၏ မျက်လုံးများကို သေချာကြည့်နေလေ၏ ။ ချိုက်ဟွားက သူမ၏ သွင်ပြင်က သာမန်ဖြစ်ကာ ကြည့်မကောင်းဘူးဟုဆိုသော်လည်း လင်းလန်၏ ချီးမွမ်းမှုကြောင့် ယန်ယန်က သူမသည် အဲ့လောက်လည်း ကြည့်ရမဆိုးပါဘူးဟု တွေးမိသွားတော့သည်။


လင်းလန်အား မေးခွန်းနည်းနည်း ထပ်မေးပြီးနောက်တွင် ယန်ယန်က နှုတ်ဆက်၍ ပြန်သွားလေသည်။ ချောင်ချောင်အား ယန်ယန့်ကို ပြန်လိုက်ပို့ပေးရန် လင်းလန် ပြောလိုက်သည်။ 


ချောင်ချောင် ယန်ယန့်ကို တံခါး၀ထိ လိုက်ပို့ပေးပြီးနောက် လင်းလန်ထံ ပြန်လာလေသည်။ 


လင်းလန် : " ချောင်ချောင် ယန်ယန်က တော်တယ်လို့ ထင်လား "


ချောင်ချောင် : " တော်တော်လေး တော်တယ်လို့ထင်တယ် သူမက တတ်လွယ်တယ်နော် "


လင်းလန် : " ယန်ယန်ရဲ့ အကြီးမားဆုံး အားသာချက်က သူမက ဘာလိုချင်တယ်ဆိုတာကို သိပြီး ဘာလုပ်ရမလဲကို သိတာပဲ သူမရဲ့ အတွေးအခေါ်တွေက တခြားသူတွေအပေါ်  မှီခိုမနေဘူး " 


ချောင်ချောင်က ထိုသို့မတွေးမိသဖြင့် လင်းလန်၏ စကားကိုကြားသည့်အခါ အားကျဟန်ဖြင့်ပြောလေသည်


" စတုတ္ထဒေါ်လေး သူမက အရမ်းတော်တာပေါ့နော် " 


" ချောင်ချောင်လည်း တော်ပါတယ် နောင်ကျရင် ဘာလိုချင်တာပဲဖြစ်ဖြစ် ဘာပြောချင်တာပဲဖြစ်ဖြစ် ချုပ်တည်းမထားနဲ့ ပြောချင်ရင် ပြောပစ်လိုက် မဟုတ်ရင် အမေအရင်းကတောင် သိမှာမဟုတ်ဘူး " 


ပြောရရင် ဘာကိုကြိုက်တယ် ၊ ဘာက်ိုတော့ မကြိုက်ဘူး ၊ ဘယ်သူ့ကိုတော့ မကြိုက်ဘူးဆိုတာမျိုးကို ထုတ်ပြောခိုင်းတာ ဖြစ်သည် ။ 


Xxxxxxx

Part 514


ချောင်ချောင်က လင်းလန်၏ စကားများကို ကြားပြီးနောက်တွင် ခေါင်းငုံ့ကာ စဥ်းစားနေလေသည်။ 


တစ်ခဏကြာမှသာ " စတုတ္ထဒေါ်လေး သမီး သမီးလည်း ... " 


လင်းလန် တူမဖြစ်သူအား ပြုံးပြကာ ဆက်ပြောလေ နားထောင်ပေးနေတယ် ဟူသောအကြည့်ကို ပေး၍ အားပေးလိုက်သည်။ 


" သမီးလည်း စာဖတ်တတ်ချင်တယ် " 


ချောင်ချောင်က ရိုးရှင်းသောစာလုံးများကို သိသော်လည်း သူမ၏ နာမည်ကိုပင် မပေါင်းတတ်ပေ ။ 


မနေ့ညက အရှေ့ခန်းမှ ရေဒီယိုကို နားထောင်နေစဥ်တွင် သူမသည် ရှောင်၀မ်လောက်ပင် မတော်သည်ကို သိလိုက်ရသည်။ မိုင်ဆွေ့နှင့် စကားပြောလျှင်လည်း မိုင်ဆွေ့ပြောသော တစ်ချို့စကားများကို နားမလည်သဖြင့် မိုင်ဆွေ့ကို အားကျနေရလေသည်။ 


ယန်ယန်ကလည်း ကျောင်းမသွားသော်ငြား စတုတ္ထဒေါ်လေးဆီမှ လာရောက်သင်ယူနေကာ အရမ်းလည်း ကြိုးစားလေသည်။ 


သူမရော လုပ်နိုင်မယ် မထင်ဘူးလား ။


လင်းလန်က ၀မ်းသာအားရဖြင့် ထောက်ခံလိုက်သည်။ 


" ရတာပေါ့ သမီးက ပိုက်ဆံရှာဖို့ အလုပ်လည်း လုပ်စရာမှ မလိုတဲ့ဟာ ကျောင်းတက်ပြီး နေ့တိုင်း စာသင်စာဖတ် လုပ်နေလို့ရတာပဲ အဲ့လိုသာဆို ဘာမှမတတ်တာထက် မကောင်းဘူးလား "


" စတုတ္ထဒေါ်လေး သမီး စာသင်ချင်တယ် "


လင်းလန် : " သမီးတို့ အိမ်ကိုလာရင် ဒေါ်လေး​ သမီးအမေကို ပြောပေးမယ် "


ချောင်ချောင်က အလွန်၀မ်းသာသွားကာ စိတ်လှုပ်ရှားနေ၍ ပါးလေးများရဲလာလေသည်။ 


လင်းလန် ယခင်က တဝမ်ကိုသင်ပေးခဲ့သည့် သင်ထောက်ကူပစ္စည်းများကို ထုတ်လာလိုက်သည်။ ထိုအချိန်တုန်းကတည်းက သူမ စနစ်တကျနှင့် ရိုးရှင်းအောင် ပြင်ဆင်ထားခဲ့တာဖြစ်၏ ။ 


စနစ်တကျလုပ်ထားသည့် သင်ထောက်ကူများသည် ပထမတန်း ၊ ဒုတိယတန်းနှင့် တတိယတန်းတို့မှ စာများ အားလုံး ပါ၀င်လေသည်။


ချောင်ချောင်အား ပထမတန်းစာအုပ်ကိုပေးကာ ခဲတံနှင့် စာရွက်ကိုပါ ပေးလိုက်ပြီး ပထမဆုံးအနေဖြင့် အနေအထားမှန်အောင် ဘယ်လိုရေးရမည်ကို သင်ပေးလိုက်သည်။ ထို့နောက် စုတ်ချက်များနှင့် အနိမ့်သံအမြင့်သံများကိုပါ သင်ပေးလိုက်သည်။ အခြေခံကိုသင်ပေးပြီးနောက်တွင် ဖျင်းယင်ကိုပါ သင်ပေးလေသည်။


စစချင်းတွင် ပျင်းစရာကောင်းတတ်ပြီး သင်ယူရာ၌ စိတ်ရှည်သည်းခံကာ စိတ်၀င်စားမှ ဖြစ်လေသည်။ ​ကျောင်းလည်း မတက်ရသဖြင့် သင်မှဖြစ်မည်ဟူသော တွန်းအားလည်းမရှိသဖြင့် လက်လျှော့ရန် လွယ်ကူလေသည်။ 


ကလေးများအား စိတ်၀င်စားအောင် ဘယ်လိုလုပ်ပေးရမည်ကို လင်းလန်က သိသည်။ ချောင်ချောင်က တည်ငြိမ်ကာ မိန်းကလေးများ သဘောကျကြသည့် အရာများကို ကြိုက်လေသည်။ ဥပမာပေးရပါက အ၀တ်လှလှလေးများ ၊ ပန်းချီများ ၊ သီချင်းနှင့် အရသာရှိသော အစားအစားများပင် ။ 


လင်းလန် ချောင်ချောင်အား ဘာတွေကို သဘောကျလဲဟုမေးကာ သူမ သဘောကျသည်များကို ရေးပြ၍ သင်ပေးလိုက်သည်။ ဤနည်းဖြင့် သူမ ဖတ်တတ်ရေးတတ် လာပေလိမ့်မည် ။ ထို့အပြင် မိသားစု၀င်များ၏ နာမည်များကိုပါ ရေးနည်းသင်ပေးလိုက်သည်။ 


နေ့ခင်းချိန်သည် ကျောင်းချိန်ဖြစ်ကာ နေ့လယ်ကျော်သွားသည့်တိုင်အောင် ကလေးများက ပြန်မလာကြသေး၍ လင်းလန် " ချောင်ချောင် အိမ်မှာ ခဏစောင့်နေဦးနော် ဒေါ်လေး အပြင်ခဏသွားလိုက်ဦးမယ် " ဟုဆိုလိုက်သည်။ 


လင်းလန် ကျောင်းသို့လိုက်သွားကြည့်သည့်အခါ ဆရာဆရာမများနှင့် ကလေးများသည် ကျောင်း၀င်းထဲ၌ ရပ်နေကြ​ပြီး ဘာလုပ်နေကြသည်ကိုတော့ မသိရ ။


လင်းလန် ခြေဖျားထောက်၍ လှမ်းကြည့်လိုက်သည့်အခါ စန်း၀မ်က ကလေးတစ်ယောက်နှင့် လက်မောင်းလှဲပြိုင်နေကာ ဘေးရှိ ဟောင်နန်ကလည်း သူ့လိုပင် လုပ်နေလေ၏ ။ 


ရှောင်၀မ်က ဘေးမှနေကာ အစ်ကိုများကို အားပေးနေလေသည်။ ဟန်ချင်းဖျင် ၊ တ၀မ်နှင့် အခြားကျောင်းသားများက ရပ်ကြည့်နေကြလေ၏ှု။ 


လင်းလန် : " ....... " စုပေါင်းပြီး မဟုတ်တာတွေ လုပ်နေကြတာလား ။


လင်းလန်တိုးဝှေ့ကာ ၀င်သွားလိုက်ပြီး တ၀မ်နှင့် အခြားသူများ၏ဘေး၌ ရပ်လိုက်ပြီး " ဘာတွေလုပ်နေကြတာလဲ " ဟုမေးလိုက်သည်။ တ့၀မ်က ပြုံးပြကာ " ဪ ကလေးတွေက စိတ်၀င်စားဖို့ကောင်းလို့ပါ " ဟုသာပြန်ဖြေလေသည်။ 


လင်းလန်  : ဘာတွေဖြစ်နေကြတာလဲလို့ ။ 


အား၀မ်နှင့်မိုင်ဆွေ့က လင်းလန်အား ပြဿနာကြီးကြီးမားမား မဟုတ်ကြောင်း ပြန်ပြောပြလာလေသည်။ စန်း၀မ်နည်းတူ ကတုံးတုံးထားကြသော အခြားကလေးများလည်း ရွာထဲ၌ရှိကာ သူတို့က ထိပ်ပြောင်တဲ့လူများက ဉာဏ်ကောင်းသူများဖြစ်ကြသည်ဟုဆိုကြလေသည်။ အခြားကလေးများက လက်မခံကြဘဲ ထိပ်ပြောင်တဲ့သူတွေက ငတုံးတွေလို့ ဆိုကြသည်။ အကြောင်းမှာ စန်း၀မ်၏ အဆင့်များမှာ မကောင်းဘဲ မိုင်ဆွေ့နှင့်အား၀မ်၏ အဆင့်များက အလွန်ကောင်းသဖြင့်ဟု ပြောကြ၏ ။ ဤသို့ဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်ပြောရင်း ငြင်းခုန်နေကြကာ တစ်ဖက်ကလေးများက စန်း၀မ်အား ဘုန်းကြီးကတုံးဟုခေါ်ကာ စန်း၀မ်က သန်းတွယ်နေတဲ့ခေါင်းများဟု ပြန်ခေါ်လေသည်။ အစကတော့ ဘာမှမဖြစ်ကြသော်လည်း သန်းတွယ်နေတဲ့ခေါင်းများအဖွဲ့ထဲမှ ကလေးတစ်ယောက်သည် ရှောင်၀မ်နှင့် အတော်လေးရင်းနှီးကာ ရှောင်၀မ်က စန်း၀မ်လို ကတုံးတုံးချင်သည်ဟုကြားသောအခါ စိုးရိမ်သွားလေသည်။ 


ထိုကလေးက ရှောင်၀မ်နှင့်ဘေးချင်းကပ်ထိုင်ကာ ရှောင်၀မ်ကို ခင်တွယ်လေသည် ။ အထူးသဖြင့် ရှောင်၀မ် ဘာဂျာမှုတ်သည်ကို အလွန်သဘောကျလေ၏ ။ ရှောင်၀မ်လည်း ကတုံးတုံးမည်ဟုကြားသောအခါ အခြားကလေးများထက် ပိုစိုးရိမ်ကာ ရှောင်၀မ်၏ ဘေး၌ကပ်၍ ကတုံးမတုံးစေရန် အမျိုးမျိုးလိုက်ပြောနေခဲ့လေသည်။ 


စန်း၀မ်က ထိုကလေးက ရှောင်၀မ်အား အလွန်ကပ်သည်ကို အစကတည်းက သဘောမကျနေတာဖြစ်၏ ။ ထိုကလေးသည် ယခင်က တ၀မ်အားကပ်ကာ ယခုအခါ ရှောင်၀မ်ကိုကပ်နေ၍ ဖြစ်လေသည်။ သူ့ညီအစ်ကိုတွေချည်းပဲကို ဘာလို့ဒီကလေးက ရှောင်၀မ်ကိုလာကပ်နေရပြန်တာလဲ ။ ၄င်းအပြင် ထိုကလေး၏ ခေါင်း၌သန်းများရှိကာ တစ်ကိုယ်လုံးလည်း သန်းများနှင့် ပြည့်နေလေသည်။ ရှောင်၀မ်က ကြင်နာတတ်သဖြင့် အခြားကလေးများက ညစ်ပတ်နေသည်ဖြစ်စေ လောဘကြီးသည်ဖြစ်စေ အကုန်လုံးနှင့် သူငယ်ချင်းလုပ်လေသည်။ 


စန်း၀မ်က ထိုကလေး၏ခေါင်းမှသန်းများက ရှောင်၀မ်ထံကူးလာသည်ကို တွေ့လိုက်၍ သည်းမခံနိုင်ဘဲ " မင်းကိုယ်မင်းလည်းကြည့်ဦး မင်းတစ်ခေါင်းလုံးလည်း သန်းတွေချည်းပဲ ဒါတောင် ကတုံးမတုံးဘဲနဲ့ ငါ့ညီလေးကိုပါ ကူးအောင်လုပ်နေတာလား " ဟုထအော်လေသည်။ 


ထိုမှစကာ နှစ်ယောက်သားရန်ဖြစ်ကြတာဖြစ်ပြီး ဟောင်နန်ကလည်း စန်း၀မ်ဘက်မှလိုက်ကာ ရန်လိုက်ဖြစ်လေသည် ။ တ၀မ်ရှိနေသဖြင့် ရန်မဖြစ်ရဲသောကြောင့် ကျောင်းပြီးမှရန်ဖြစ်ကြမယ်ဟု သဘောတူလိုက်ကြလေသည်။ ဟောင်နန်က သူ့အစ်ကိုဘက်မှပါကာ အခြားကလေးတစ်ဦးကလည်း သန်းတွယ်နေသည့်ကောင်လေးဘက်မှပါပေးသဖြင့် လင်းလန် ယခုမြင်ကွင်းကိုမြင်နေရခြင်းဖြစ်ပေသည်။ 


လင်းလန် :  ........... 


အလှည့်အပြောင်းတွေများလှချည်လား ။ 


ထိုအချိန်တွင် စန်း၀မ်က နိုင်ကွက်တွေ့သွားကာ တစ်ဖက်ကလေးအား လှဲလိုက်နိုင်လေသည်။ ဟောင်နန်က လှဲချခံနေရသဖြင့် စန်း၀မ်က သူ့ညီအားသွားကူပြန်လေ၏ ။ 


လင်းလန် လက်ခုပ်တီး၍ လှမ်းအော်လိုက်သည်။ " တော်ပြီ အိမ်ပြန်ကြမယ် " 


လင်းလန်၏ အသံကိုကြားသောအခါ စန်း၀မ်က ပြန်အော်ပြောလေသည် ။


 " မားမား သားကိုကြည့်နေ သူ့ကို ကိုင်ပေါက်ပြမယ် " သို့သော်လည်း ကိုင်ပေါက်ခံလိုက်ရသူမှာ စန်း၀မ်သာဖြစ်လေသည်။


တ၀မ် : " တော်ပြီ " 


တစ်ဖက်ကလေးသည် တ၀မ်၏အသံကိုကြားသည်နှင့် စန်း၀မ်ကို ချက်ချင်းလွှတ်ပေးလိုက်ကာ နောက်ကလေးတစ်ယောက်ကိုခေါ်၍ ထွက်ပြေးသွားလေသည်။ 


Xxxxxxx