အပိုင်း ၅၁၅-၅၁၆
Viewers 21k

Part 515


တစ်ဖက်ကလေးသည် တ၀မ်၏အသံကိုကြားသည်နှင့် စန်း၀မ်ကို ချက်ချင်းလွှတ်ပေးလိုက်ကာ နောက်ကလေးတစ်ယောက်ကိုခေါ်၍ ထွက်ပြေသွားလေသည်။ 

တ၀မ် စန်း၀မ်ကိုထူပေးလိုက်ကာ " ငတုံးကောင် " 


စန်း၀မ်က ချက်ချင်းပြန်ပြောလေသည်။ " အစ်ကိုကြီး ကျွန်တော့်ကို နားပန်းဘယ်လိုချရလဲ သင်ပေးပါလား "


ဟောင်နန်ကလည်း " ကျွန်တော့်ကိုရောပဲ " 


" မားမား သား ခေါင်းယားတယ် "


မိုင်ဆွေ့က ရှောင်၀မ်အား ခေါင်းပုတ်ပေးကာ ပြောလိုက်သည် " အိမ်ပြန်ရောက်လို့ ညရောက်ရင် သန်းတွေကို ဘီးနဲ့ဖြီးချပေးမယ် " 


စန်း၀မ် : " အဲ့သန်းတွေရှိတဲ့ကောင်နဲ့ ဝေးဝေးနေဖို့ ငါပြောသားပဲ "


ရှောင်၀မ်က အပြစ်လုပ်ထားသည်ကိုသိဟန်ဖြင့် ခေါင်းညိတ်ပြကာ " ဟုတ်ကဲ့ " ဟုပြန်ဖြေသည်။ 


ဟောင်နန်က " စတုတ္ထဒေါ်လေး သားတို့ ကတုံးတုံးလိုက်ရင်ရောဟင် " ဟုဆိုလေသည်။ 


ထိုအခါ ရှောင်၀မ်၏ မျက်လုံးလေးများလည်း အရောင်တောက်လာလေသည်။ 


လင်းလန် : " ကတုံးနဲ့ဆို အေးနေလိမ့်မယ် "


စန်း၀မ် : " လုံး၀ မအေးပါဘူး "


ဟောင်နန် : " မအေးဘူးတဲ့ "


ရှောင်၀မ်ကလည်း တွေဝေနေလေသည်။ " မားမား သူတို့က သားရဲ့ခေါင်းက ၀ိုင်းပြီး မေးလည်းချွန်တော့ ကတုံးနဲ့ဆို ချောမှာလို့ပြောတယ် "


လင်းလန် : ..... ဘယ်သူပြောတာလဲ ၊ ထွက်ခဲ့စမ်းပါ  ၊ ငါ သတ်ပစ်ဦးမယ် ...


စန်း၀မ်က အော်ရယ်လေ၏ ။ 


လင်းလန်က သူမ၏ခေါင်းပေါ်၌ သန်းများပြေးလွှားနေမည်ကိုတွေးမိသည့်အခါ စိတ်ညစ်သွားသဖြင့် ရှောင်၀မ်ကို ကတုံးတုံးပေးလိုက်တာက ပိုကောင်းမည်ဟု တွေးနေလေသည်။ ပြောရရင် ကလေးများက ဆံပင်အရှည်မြန်တာပဲမလား ။ အခုတုံးလိုက်ရင် တရုတ်နှစ်သစ်ကူးပြီးရင် ပြန်ရှည်လာလောက်တော့ အဆင်ပြေလောက်ပါတယ် ။


ကလေးသုံးယောက်ကိုခေါ်ပြီး ခေါင်းဆောင်၏အိမ်သို့သွားကာ ကတုံးတုံးပေးလိုက်ရန် တ၀မ်အား လင်းလန်ခိုင်းလိုက်သည်။ သူမက မိုင်ဆွေ့နှင့် အား၀မ်ကိုခေါ်ကာ အိမ်သို့အရင်ပြန်လာလိုက်သည်။ 


ချောင်ချောင်က အိမ်တံခါး၀၌စောင့်နေကာ စိုးရိမ်နေဟန်ဖြင့် မေးလေသည်။


 " စတုတ္ထဒေါ်လေး အစ်ကိုကြီးနဲ့ တစ်ခြားသူတွေကရော "


လင်းလန် ပြန်ပြုံးပြကာ လက်တစ်ခါခါဖြင့် " မိုင်ဆွေ့ကိုပဲ မေးကြည့်ကြည့်လိုက် " 


မိုင်ဆွေ့နှင့် အား၀မ်က ဘာတွေဖြစ်ခဲ့သည်အား ချောင်ချောင်ကို ပြန်ပြောပြလိုက်သည့်အခါ ချောင်ချောင်မှာ ပါစပ်ကိုလက်ဖြင့်အုပ်ပြီး အတောမသတ်အောင် ရယ်သွားလေသည်။ 


အိမ်ထဲသို့၀င်ကာ အရင်သန့်ရှင်းရေးလုပ်နေလိုက်ကြပြီး တစ်နာရီခန့်အကြာတွင် တ၀မ်က ပြောင်လက်နေသော ကတုံးလေးသုံးခေါင်းနှင့် ပြန်ရောက်လာလေသည်။ 


လင်းလန် : " ..... " 


မိုင်ဆွေ့က ချောင်ချောင်ကိုမှီကာ အားရပါးရရယ်နေသဖြင့် မတ်မတ်ပင်မရပ်နိုင်ရှာချေ ။ 


" ဟားဟား အိမ်ထဲမှာ ထိန်လင်းနေတော့မှာပဲ မြို့ပေါ်က ဟိုမီးသီးကြီးတွေလိုလေ "


အပြင်၌မှောင်နေကာ အခန်းထဲ၌လည်းမှောင်နေလေသည်။ သူတို့သုံးယောက်က တံခါး၀တွင် ကြီးစဥ်ငယ်လိုက်ရပ်နေကြကာ တစ်ယောက်ချင်းစီက ကတုံးလုံးလုံးလေးများဖြင့် ရောင်ပြန်ဟပ်နေကြကာ မီးလုံးကြီးများသဖွယ်ဖြစ်နေလေသည် ။ 


လင်းလန်လည်း မထိန်းနိုင်ဘဲ ရယ်လိုက်မိကာ တ၀မ်နှင့် အား၀မ်ကိုပါ ကြည့်လိုက်လေသည်။ 


တ၀မ်က အမူအရာမပျက်ရှိနေသော်လည်း အား၀မ်က သူ့ခေါင်းကိုကိုင်ထားကာ အမြန်ခုခံလိုက်သည်


 " မားမား သားကအအေးဒဏ်မခံနိုင်ဘူး " 


စန်း၀မ်က အားလုံး သူတို့သုံးယောက်ကြောင့် အံ့သြနေသည်ကိုတွေ့သောအခါ ညီနှစ်ယောက်ကို မျက်လုံးမှိတ်ပြပြီး အပြင်တွင် တိုက်ခဲ့သည့်အတိုင်း ပြင်လိုက်ကြလေသည် ။ စန်း၀မ်က ခါးထောက်ကာ ကိုယ်ကိုလှုပ်ပြီး ယန်ခိုအကသမားများလို လျှောက်ကာ သူ့နောက်တွင် ဟောင်နန်က လိုက်လျှောက်ပြီး နောက်ဆုံးတွင် ရှောင်၀မ်ဖြစ်လေသည်။ 


" တီ တီ ကျွန်တော်တို့က တောက်ပနေတဲ့ မီးလုံးကြီးတွေပါ တီ တီ ကျွန်တော်တို့က တက်ကြွသလို ဉာဏ်လည်း ကောင်းပါတယ် တီ တီ ကျွန်တော်တို့က ပျော်ရွှင်ဖွယ် ကတုံးလေးတွေပါ ~~ " ဟုအော်ကာ လျှောက်ပြီးနောက်တွင် ပို့စ်ပေးကာ အတူတူအော်ကြပြန်လေသည်။ 


" ဉာဏ်ကောင်းပိီး အဆင့်မြင်တဲ့ မီးသီးကြီးတွေက အရမ်းကောင်းပါတယ် တောက်ပနေတဲ့ ကတုံးလေးတွေမို့လို့ သန်းလည်းမရှိသလို ဆီလိမ်းဖို့လည်း မလိုတော့ပါဘူး "


ကတုံးတုံးပေးသည့် ခေါင်းဆောင်ထံတွင် ဤသို့ကြုံနေရလေသည်။ ကလေးအကြီးအငယ်များက သူ့ဆီပြေးလာကြကာ " ခေါင်းဆောင်ဖိုးဖိုး သားတို့လည်း ကတုံးတုံးချင်တယ် " ဟုအော်ကြလေသည်။ 


" ကောင်းလိုက်တာ "


သန်းများနှင့်ကလေးကလည်း စန်း၀မ်ကိုတုပကာ ခါးတစ်ဖက်ထောက်၍ ခြေတစ်ဖက်ကိုလှမ်းပြီး လိုက်အော်လေသည် ။


 " တောက်ပနေတဲ့ ကတုံးလေးတွေ ဆီလည်းမလိုဘူး သန်းလည်းမရှိဘူး ငါလည်း သန်းတွေမရှိတော့အောင် ကတုံးတုံးချင်တယ် သန်းတွေရှိတဲ့ခေါင်း မဖြစ်ချင်တော့ဘူးဟေ့ "


စန်း၀မ်နှင့် ညီနှစ်ယောက် လမ်းပေါ်၌ အကတိုက်နေသည်ကို သူတို့လည်း ကြည့်နေခဲ့တာဖြစ်လေသည်။ 


ခေါင်းဆောင် : " ........ " ညစာစားပြီးလို့ ငါတို့ပါ ကတုံးတုံးရရင် မင်းတို့ ကောင်စုတ်လေးတွေကြောင့်ပဲကွ ။ 


ဟန်ချင်စုန့် အိမ်သို့ စက်ဘီးနင်းကာပြန်လာပြီး ခြံထဲသို့၀င်လိုက်သောအခါ အိမ်သည် နဂိုထက်ပိုကာ တိတ်ဆိတ်နေသဖြင့် တစ်ခုခုတော့လွဲနေပြီဟုထင်ပြီး စက်ဘီးကိုရပ် ၊ လက်အိတ်နှင့် ဦးထုပ်ကိုချွတ်ကာ အိမ်ထဲသို့ အမြန်၀င်သွားလေသည်။ 


ထိုအချိန်တွင် တံခါးကရုတ်တရက်ပွင့်သွားကာ ကတုံးလေးသုံးခေါင်းသည် ငယ်စဥ်ကြီးလိုက် တိုးထွက်လာကြကာ အလွန်တောက်ပနေလေ၏ ။ 


ဟန်ချင်စုန့် : " ...တော်တော်လေး ကြည့်လို့ကောင်းတယ် "


ကလေးသုံးယောက်သည် အော်ရယ်သွားကြလေ၏ ။ မျက်လုံးလေးများမပွင့်ဘဲ သွားများပေါ်သည်အထိ အော်ရယ်နေကြလေသည် ။ စန်း၀မ်၏ ရှေ့သွားများမှာ မရှိသဖြင့် အတော်လေးရယ်ချင်စရာဖြစ်လို့နေသည်။ 


စန်း၀မ်က ဦးဆောင်ကာ ပထမကလိုပင် ဟန်ချင်စုန့်အား ဆိုပြကပြလေသည် ။ မိုင်ဆွေ့နှင့်ချောင်ချောင်ကလည်း ဒီတစ်ခေါက်တွင် ဘေးမှ လက်ခုပ်တီးပေးနေကာ လင်းလန်နှင့်အား၀မ်က ညစာပြင်နေလေ၏ ။ 


နံဘေး၌ ပြောင်းဖူးခြွေနေသည့် တ၀မ်လည်း မထိန်းနိုင်ဘဲ ရယ်နေသဖြင့် ပါးထက်မှကြွက်သားများ၏ လှုပ်ရှားမှုကိုပင် မြင်နေရလေသည်။ 


ကလေးသုံးယောက်က နောက်ဆုံးစာကြောင်းအား အော်ပြီးသောအခါ ဟန်ချင်စုန့်လည်း ရယ်မိသွားလေ၏ ။ ထို့နောက် ကတုံးလေးသုံးခေါင်းကိုကိုင်ကာ " အမှန်ပဲ " ဟုဆိုလေသည်။ 


" ဟားဟားဟား မင်းရဲ့ စတုတ္ထဦးလေးလည်း ရယ်တယ်ကွ " စန်း၀မ်က ဟောင်နန်အား ပြောလေသည်။ 


ဟောင်နန် : " စတုတ္ထဦးလေးက ဘာလို့ရယ်တာကို မကြိုက်တာလဲ "


ရှောင်၀မ်ကလည်း ခေါင်းလေးတိုးလာကာ စပ်စုနေသည့်ကလေးလေးတစ်ယောက်နှယ် အဖြေကိုနားစွင့်နေလေသည်။ 


စန်း၀မ်က ညီနှစ်ယောက်နှင့် ခေါင်းချင်းဆိုင်လိုက်ကာ တိုးတိုးလေးပြောပြလေသည်။


 " မားမားပြောတာ မင်းရဲ့ စတုတ္ထဦးလေးက ကြောက်စရာကောင်းတဲ့သားရဲကောင်ကြီး ၀င်စားတာမို့လို့ နေ့တိုင်း ကြောက်ဖို့ကောင်းပြီး အေးတိအေးစက်ဖြစ်နေတာတဲ့ "


လင်းလန် : " ...... " ထွက်သွားလိုက်တော့ ၊ ငါဘယ်တုန်းက ပြောဖူးလို့လဲ ။ သူမက ဟန်ချင်စုန့်နှင့် စနောက်နေသည်အား ထင်ထားသလိုပါပင် စန်း၀မ်က ဘာမှမသိဘဲ လျှောက်ပြောနေပြန်လေ၏ ။ 


ရှောင်၀မ် : " အဲ့ဒါဆို ဗိုက်ဆာနေမှာပေါ့နော် ညနေကြရင် အရသာရှိတာတွေစားဖို့ အဖေ့ကို ခေါ်သွားရမယ် "


ဟောင်နန်ကလည်း ၀င်ကာ " ငါ့ကိုလည်းခေါ် ငါ့ကိုလည်းခေါ် " ဟုဆို၏ ။ 


လင်းလန် သူမ၏ ဗိုက်လေးကိုပွတ်ရင်းဖြင့် ဟန်ချင်စုန့်အား " ကယ်ပါဦး သေတော့မှာပဲ " ဟုပြောလိုက်သည်။ 


ဟန်ချင်စုန့်က စိတ်ပူသွားကာ အလျင်အမြန်မေးလိုက်သည်။


  " ဘာဖြစ်လို့လဲ "


Xxxxxxx

Part 516


လင်းလန် ဟန်ချင်စုန့်အပေါ်မှီလိုက်ကာ ရင်ဘတ်အား လက်ဖြင့်ပုတ်၍ စနောက်နေသည့်ဟန်ဖြင့် ပြန်ဖြေပေးလိုက်သည်။


 " ဪ မဟုတ်ဘူး မဟုတ်ဘူး ရယ်ရလွန်းလို့ အူတွေနာနေပြီ မြန်မြန်ထိန်းထားပေးဦးလို့ မဟုတ်ရင် လဲကျတော့မယ် " 


" ဟားဟားဟား " တစ်ခန်းလုံး ရယ်သံများဖြင့် ပြည့်သွားပြန်လေ၏ ။ 


ကလေးသုံးယောက်သည် လင်းလန်ထံသို့လာကာ တွဲပေးသည်ဟူသော ခေါင်းစဥ်အောက်တွင် ခါးကိုကလိ၀ိုင်းထိုးကြလေသည်။ 


လင်းလန် ယားလွန်းသဖြင့် ဟန်ချင်စုန့်၏နောက်သို့၀င်ပုန်းကာ စန်း၀မ်ကိုဖမ်း၍ ကလိပြန်ထိုးပေးလိုက်သည်။ 


စန်း၀မ် အကြောက်ဆုံးက ကလိထိုးခံရခြင်းဖြစ်လေသည်။ 


ညစာမစားခင်တွင် ရယ်ရင်းဖြင့် ဗိုက်ကြွက်သားများကို အလုပ်ပေးလိုက်ရသဖြင့် ယခင်စားနေကြထက် နှစ်ဆစားကြလေသည်။ 


ညစာစားရင်းဖြင့် အား၀မ်က ဗိုက်ကိုပွတ်ကာ " ငါ့ဗိုက်က ရယ်ရလွန်းလို့ ပေါက်ထွက်တော့မယ် စားလ်ို့တောင် မရတော့ဘူး " ဟုဆိုသည်။ 


အထူးသဖြင့် စားပွဲတစ်ဖက်ရှိ ကြီးစဥ်ငယ်လိုက် ခေါင်းလေးသုံးလုံးက ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်ဖြင့် စားနေကြသည့်မြင်ကွင်းသည် အလွန်ရယ်ချင်ဖွယ်​ ကောင်းလေသည် ။ 


စန်း၀မ်က စက်ရုပ်များကဲ့သို့ သူ့ဘာသာပြုမူကာ ခေါင်းကိုလည်း မလှုပ်စေဘဲ မျက်နှာသေဖြင့်နေပြီး စက်ရုပ်သံကဲ့သို့ အမူအရာကင်းမဲ့စွာ ပြန်ပြောလေသည်။


 " ငါတို့က မားစ်ဂြိုဟ်က ကတုံးလေးတွေပဲ ငါတို့ရဲ့ ပန်းတိုင်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ငါတို့ရဲ့ လက်နက်က မင်းတို့ကို ရယ်လွန်းပြီး ဗိုက်ပေါက်ထွက်သွားအောင် လုပ်ဖို့ပဲ "


လင်းလန် ပန်းကန်နှင့်တူကိုချကာ ရယ်လိုက်မိပြန်သည်။


 " စားနေရင်း သီးတော့မှာပဲ မြန်မြန်စားစမ်းပါ ဆော့မနေနဲ့ "


ညစာစားပြီးနောက်တွင် မှောင်နေသဖြင့် ကလေးများကို အပြင်ထွက်ဆော့ရန် လင်းလန် ခွင့်မပြုဘဲ ရေဒီယိုနားထောင်ကာ စာအုပ်ဖတ်ခိုင်းပြီး ခုတင်ပေါ်၌သာ ဆော့ကစားစေလိုက်သည်။ ထို့နောက်တွင် အိပ်ရာစောစော ၀င်ခိုင်းလိုက်သည်။ 


နောက်တစ်နေ့ နံနက်စာစားပြီးနောက်တွင် လင်းလန်နှင့်ချောင်ချောင်က ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းနေကာ အခြားသူများက ကျောင်းသွားရန်ပြင်ဆင်နေကြ၏ ။ 


ရုတ်တရက် ကလေးတစ်စုသည် ခြံထဲသို့ပြေး၀င်လာကြပြီး  ခါးထောက်၍ အော်ကြလေသည်။ 


" ငါတို့က ကတုံးတပ်မတော်ပဲကွ ဟားဟားဟား "


စန်း၀မ်က ရှောင်၀မ်နှင့်ဟောင်နန်ကိုခေါ်ကာ ထိုကလေးတစ်စုနှင့် ၀င်ဆော့လေသည်။ အတော်လေးပျော်နေကြကာ သန်းများနှင့်ကောင်လေးသည်လည်း ကတုံးတုံးထားသည်ကိုတွေ့သောအခါ ပို​ပျော်သွားကြလေ၏ ။ 


" မင်းမသိလို့ မနေ့က ဒီကောင် ကတုံးတုံးတုန်းက သန်းတွေအများကြီး ထွက်လာတာ အခုတော့ မရှိတော့ဘူး ဟားဟား "


" သန်းတွေက မရပ်နိုင်ကြတော့ဘဲ တုံးလုံးလေးတွေ သေကုန်ကြတာလေ ဟားဟား "


ပျော်ရွှင်နေကြသော ကလေးတစ်စုကိုကြည့်ကာ လင်းလန်လည်း လိုက်ရယ်လိုက်မိသည် ။ အနီရောင်စွံပလွံသီးများကိုယူကာ တစ်ယောက်ကို နှစ်လုံးကျစီ လင်းလန်ခွဲဝေပေးလိုက်သည်။ 


တ၀မ်က လွယ်အိတ်ကိုလွယ်ပြီး ထွက်လာသည့်အခါ ခြံထဲရှိ ကတုံးတစ်အုပ်ကိုမြင်ပြီး အံ့သြသွားလေသည်။ 


အား၀မ်နှင့် မိုင်ဆွေ့လည်း ရယ်နေကြကာ မိုင်ဆွေ့က အား၀မ်၏ ခေါင်းကိုပုတ်၍ " ဒုတိယအစ်ကိုရော ကတုံးမတုံးချင်ဘူးလား " ဟုမေးလေသည်။ 


အား၀မ်က မျက်နှာရှုံ့တွသွားကာ မိုင်ဆွေ့အား ပြောင်ပြ၍ " နင်နဲ့ ချောင်ချောင်ပဲ တုံးကြလေ  " 


မိုင်ဆွေ့ လင်းလန်နှင့် ချောင်ချောင်အား လှမ်းနှုတ်ဆက်ပြီးနောက် အား၀မ်အား နောက်မှပြေး၍ လိုက်ရိုက်လေသည်။ 


ချောင်ချောင် ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးမိသွားသည်။ 


" စတုတ္ထဒေါ်လေး ပျော်စရာကြီးနော် "


လင်းလန် ချောင်ချောင်အား ပုခုံးဖက်လိုက်ကာ " မထူးဆန်းပါဘူး ဒေါ်လေးဆို နေ့တိုင်း ရယ်ရလွန်းလို့ ဗိုက်ကြောတွေဆို နာနေတာ ပြောမနေနဲ့ " 


လင်းလန် : " တကယ်က ဒီကောင်စုတ်လေးတွေက ငမွှေထိုးလေးတွေ စန်း၀မ်တစ်ယောက်တည်းနဲ့တင် အတော်လေး ခေါင်းကိုက်စရာပဲ ဒါပေမယ့် စကားပုံလည်း ရှိတယ်မလား ကလေးက ပန်းကန်ကိုခွဲပစ်ရင်တောင် ချစ်ဖို့ကောင်းနေတာမို့ မဆူရက်ဘူးဆိုတာလေ အဲ့လိုပဲပေါ့ ပြဿနာရှာတာကို မကြည့်ဘဲ ချစ်ဖို့ကောင်းတာလေးတွေပဲ ရွေးကြည့်ပေးရတာပေါ့ "


ချောင်ချောင်လည်း ထိုစကားကမှန်သည်ဟုထင်၍ ခေါင်းညိတ်ပြလိုက်သည်။ စန်း၀မ်က ဆိုးသဖြင့် အခြားအိမ်တွင်သာဆိုပါက နှစ်ရက်ခြားတစ်ခါလောက် အရိုက်ခံနေရလောက်သည်။ ဟောင်နန်လည်း ထိုနည်း၄င်းပင် ။ အိမ်တွင် အမေက သူ့ကိုပေးတောင် ပေးပစ်ချင်နေသော်ငြား စတုတ္ထဒေါ်လေး၏ အိမ်တွင်တော့ ဒေါ်လေးက ဟောင်နန်ကို ချစ်ဖို့ကောင်းတယ်ဟုသာ တွေးနေလေသည်။ ဟောင်နန်ကိုလည်း မကြာခဏ ချီးမွမ်းပေးသဖြင့် ဟောင်နန်ကလည်း ကိုယ့်ကိုယ်ကို ချစ်ဖို့ကောင်းသည်ဟုတွေးကာ ပို၍လည်း လိမ္မာလာလေသည် ။ 


ဥပမာအားဖြင့် ဟောင်နန်က ယခင်ကဆို ကြက်ခြံကို အပျော်သဘောဖြင့် လိုက်ရိုက်နေခဲ့တာဖြစ်ကာ အမေက သူ့ကိုရိုက်၍အပြစ်ပေးတတ်လေသည်။ ဒီအိမ်တွင်ကား စန်း၀မ်က ကြက်များကိုစကာ ခွေးများနောက်ကိုလိုက်နေတက်သော်ငြား ကြက်ခြံကိုသန့်ရှင်းရေး ပြန်လုပ်ပေးလေသည်။ ဟောင်နန်ကလည်း ညစ်ပတ်သည်ကိုမကြောက်သဖြင့် စန်း၀မ်အား ၀င်ပြီးကူညီပေးလေသည်။ 


သူမကိုယ်တိုင်လည်း ယခင်က အဆိုးကိုသာကြည့်ခဲ့မိကာ အကောင်းဘက်မှ မကြည့်ခဲ့ဖူးချေ ။ ဗိုက်မဆာအောင် စားနေရရင် ရပြီဟုတွေးကာ ပိုကောင်းအောင် စားရမည်ဟု မတွေးခဲ့ဖူး ။ အ၀တ်အစားဆိုလျှင်လည်း ၀တ်လို့ရရင်တော်ပြီဟုတွေးကာ ကြည့်ကောင်းအောင် ဘယ်လို၀တ်ရမည်အား လုံး၀မစဥ်းစားခဲ့မိ ။ လူကြီးများ စီစဥ်ပေးထားသလိုပဲ လက်ခံကာ ကိုယ်ပိုင်အတွေးဘာမှမရှိခဲ့ချေ ။ 


ယခုမှသာ သူမလည်း အမြဲတစေ စီစဥ်ပေးနေသည်ကိုပဲ လက်မခံသင့်ဘဲ ကိုယ်ပိုင်အတွေးလည်းရှိရမည်ကို သိလာတာဖြစ်သည်။ ယခင်ကဆို နောက်နှစ်နှစ်နေပါက လက်ထပ်ကာ ကလေးမွေး၍ သူစိမ်းတစ်ယောက်နှင့် နေရတော့မည်ဟု သိထားခဲ့ရတာဖြစ်သည်။ ကောင်းကောင်းဆိုးဆိုး ထိုလူနှင့်သာ တစ်သက်လုံးနေသွားရတော့မည်ဟု ထင်နေခဲ့တာဖြစ်၏ ။ 


ယခုဆို ထိုသို့တွေးရုံဖြင့်ပင် ချောင်ချောင်မှာ ကြက်သီးထမိသည်။ 


လင်းလန်က သူမအား ပုခုံးကို ပုတ်ပေးကာ " အထဲကို၀င်ကြရအောင် အပြင်ကအေးတယ် " 


ကလေးများက စုစုရုံးရုံးဖြင့်ရှိနေသောကြောင့် ပျော်ဖို့လည်းကောင်းသလို အချိန်ကုန်လည်း မြန်ပေသည်။ ထို့အပြင် ဟန်ချင်းဖျင်က ယခုနှစ်တွင် စာမေးပွဲအား နှစ်ဆယ်ရက်နေ့တွင် ကျင်းပပေးကာ ဆောင်းရာသီအားလပ်ရက်ပေးလိုက်သဖြင့် ကလေးများသည် ပျော်ရွှင်နေကြကာ စန်း၀မ်က ညီနှစ်ယောက်ကိုခေါ်၍ မြစ်ထဲတွင် ပြေးလွှားဆော့နေလေ၏ ။ ယခုအချိန်၌ မြစ်ထဲတွင် ရေများက အနည်းငယ်ခဲနေကာ တစ်ချို့နေရာများတွင် ရေခဲကထူပြီး အောက်သို့ဖောက်မြင်နေရသဖြင့် ရေမှော်ပင်များနှင့် ငါးများကို မြင်နေရလေသည်။ 


ရေခဲပေါ်၌ လျှောစီးကာ ပတ်ပြေးရခြင်းသည် ကလေးများသဘောကျကြသော ဆောင်းရာသီကစားနည်းတစ်ခုဖြစ်ပေသည်။ 


ရှောင်းနန်နေ့တွင် လင်းမိန်က ကလေးများကို ပြန်လာခေါ်လေသည်။ လင်းမိန်လာသည်ကိုကြားသောအခါ ကလေးသုံးယောက်သည် တန်းစီရပ်ကာ လင်းမိန်ထံ " တစ် နှစ် သုံး " ဟုအော်လေသည်။ 


လင်းမိန်က ကလေးတွေ ဘာလုပ်နေကြသည်အား နားမလည် ။ ထို့နောက်မှ ကလေးသုံးယောက်က ဦးထုပ်များကို ချွတ်ကာ ကတုံးလေးသုံးလုံးက်ို ပြလေရာ လင်းမိန် အံ့အားသင့်သွား၏ ။


Xxxxxx