အပိုင်း ၅၁၇-၅၁၈
Viewers 21k

Part 517


လင်းမိန်၏ အမူအရာကိုမြင်သောအခါ ကလေးများက ရယ်ကြလေသည်။


 " အံ့သြသွားပြန်တဲ့ နောက်တစ်ယောက်ဟေ့ " လွန်ခဲ့သည့်နှစ်ရက်အတွင်း သူတို့သုံးဦးသည် လူတော်တော်များများကို အံ့အားသင့်သွားအောင် လုပ်ပြီးကြပြီဖြစ်သည်။ ဟန်ချင်းယွင်က ပိုဆိုးပေသည် ။ သူ့ခေါင်းကိုပါ ကတုံးလိုက်တုံးပစ်လိုက်တာ ဖြစ်၏ ။ 


လင်းမိန်လည်း ရယ်လိုက်ကာ ကတုံးလေးသုံးခေါင်းကို တစ်လှည့်စီလိုက်ကိုင်ကြည့်လိုက်သည်။ " မင်းတို့ ငဆိုးလေးသုံးကောင်က ကတုံးလေးတွေ ဖြစ်နေကြတာပဲ "


ထို့နောက် ကလေးသုံးယောက်သည် ဦးထုပ်များကိုဆောင်းကာ အခြားသူများကိုစရန် ပြေးထွက်သွားကြလေ၏။


လင်းလန် လင်းမိန်အား အိမ်ထဲသို့ခေါ်လိုက်သည်။ လင်းမိန်က ကလေးများအတွက် သူမ ယူလာသော တံမြက်စည်းများ ၊ ကျောင်းလွယ်အိတ်များနှင့် မီးခိုရောင်နှင့်အခြားသော အရောင်ရှိသည့် လက်ချုပ်အင်္ကျီများကို နေရာချလိုက်လေသည်


မိုင်ဆွေ့က တတိယဒေါ်လေးဆီမှ လက်ဆောင်ရသဖြင့် ချောင်ချောင်အား တြိဂံပုံပိတ်စဖြင့် ချုပ်ထားသော လွယ်အိတ်ကိုလက်ဆောင်ပြန်ပေးလေသည်။ " ချောင်ချောင် ငါ့ကို တတိယဒေါ်လေးပေးသလိုပဲ ဒါကလည်း မားမားကိုယ်တိုင်လုပ်ထားတဲ့ဟာက်ို ငါက နင့်ကိုပေးမယ် "


ချောင်ချောင်က ၀မ်းသာသွားကာ လက်ခံလေသည်။ 


လင်းမိန် : " ချောင်အာ အိမ်မှာလည်း ရှိတယ်လေ "


ယခင်ကလိုသာဆို ချောင်ချောင်က နာခံကာ ပြန်ချထားလောက်သော်လည်း ယခုတွင် ပြုံးကာ သူမ သဘောထားကို ပြောလိုက်သည် " အမေ စတုတ္ထဒေါ်လေး ကိုယ်တိုင်လုပ်ထားတာလေ သမီးလိုချင်တယ် " 


သမီးဖြစ်သူက လိုချင်တယ်ဟုဆိုသဖြင့် လင်းမိန်ကလည်း မတားတော့ချေ ။ 


" ဒါဆိုလည်း ယူလိုက် အခုတော့ ပြန်ပြောတတ်နေပြိိပေါ့ ဟုတ်လား "


လင်းလန် : " နင်က အိုနေပြီပဲ သမီးကိုကြ ပြန်အပြောမခံဘူး အိမ်မှာတုန်းကကြ တစ်ခွန်းမခံပြန်ပြောခဲ့ပြီးတော့များ "


လင်းမိန်  : " တူမလားဟဲ့ " ဟုဆိုကာ လင်းလန်ကို ပြန်စလေသည်။ " နှစ်မကူးခင် အိမ်ပြန်ဖြစ်သေးလား "


လင်းလန် : " နှစ်ကူးလက်ဆောင်တွေ ပေးပြီးပြီလေ ပထမဆုံးလကျမှပဲ ပြန်တော့မယ် "


လင်းမိန်က ပြုံးသွားလေ၏ ။ " ဒါဆို ငါလည်း မပြန်တော့ဘူး ပထမဆုံးလကြမှပဲ ပြန်ပြီးပြောတော့မယ် "


လင်းလန် : " ငါလည်း ပထမလရဲ့ နှစ်ရက်မြောက်နေ့ကြမှပဲ ရိက္ခာတွေယူပြီး ပြန်တော့မယ် အဲ့ကျမှ သူနဲ့စကားကောင်းကောင်း ပြောရမယ် "


 မိသားစုဖြစ်သောကြောင့် သိအောင်တော့ ပြောပြရပေမည် ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ထန်ဟဲဟွက သူမမှန်တယ်ချည်း ထင်နေတော့မှာပေါ့ ။ 


လင်းမိန် : " ဒါတောင် သူမက ထွက်မတွေ့ဘဲ ပုန်းနေရင်ရော ဘယ်လိုလုပ်မလဲ "


လင်းလန် ပြုံးပြကာ ပြန်ဖြေလိုက်သည်။ " ရတာပဲလေ သူပြန်လာတဲ့အထိ စောင့်နေရုံပေါ့ သူပြန်မလာရင် ငါတို့လည်း မပြန်ဘူးပေါ့ ဘယ်လောက်ကြာအောင် ပုန်းနိုင်မလဲ ကြည့်ရသေးတာပေါ့ "


လင်းလန် လင်းမိန်အား ယန်ယန့်အကြောင်းကိုလည်း ပြောပြလိုက်သည်။ ထိုကလေးမလေးက ထက်မြက်သောကြောင့် သူတို့၏ တပ်မဟာဘက်၌ စီးပွားရေးလုပ်လျှင် အောင်မြင်နိုင်ကြောင်းကို ပြောပြသည့်အခါ လင်းမိန်က ခေါင်းညိတ်၍ ပြောလိုက်သည် " အခုဆို မိန်းကလေးတွေအတွက် အတန်းတွေလည်းရှိနေတော့ မိန်းကလေးတွေက အရင်လို ပျော့ညံ့ညံ့မဟုတ်တော့ဘဲ အလုပ်လည်း ပိုလုပ်လာနိုင်ကြတာပဲ " 


လင်းလန်: " နင်လုပ်နိုင်သလောက်ကို အကောင်းဆုံးလုပ်လိုက် နောင်ကြရင် တစ်ခါတည်း အထည်ချုပ်စက်ရုံပါ ဖွင့်ချင်ဖွင့်နိုင်မှာပေါ့ " 


လင်းမိန်အား အများကြီးတော့ ပြောပြမည်မဟုတ်ချေ ။ လင်းမိန်သာ ကြိုးစားရင် အားလုံးဖြစ်လာနိုင်ပေသည်။ 


လင်းမိန်က တွေးတောနေလေ၏ ။ " ငါက ဘာမှမတွေးနေပါဘူး ဒါလေးက ဘာမို့လို့လဲ ငါ့ကို တွန်းအားပေးပြီး ဘာမှလုပ်ခိုင်းလို့ မရစေရဘူး ထန်ဟဲဟွရဲ့မိသားစုက အလုပ်ရှာချင်တာကို ငါကဘာလို့ ကူညီပေးရမှာလဲ သူတို့က သူတို့ကိုယ်သူတို့ လင်းမိသားစုရဲ့ ဘိုးဘေးတွေလို့များ ထင်နေတာလား မသိဘူး "


လင်းလန် လင်းမိန်အား အလုပ်လုပ်ချင်ပါက ကိုယ့်ဘာသာပဲ လုပ်သင့်ကြောင်း ၊ မျက်နှာသာပေးဖို့ မလိုကြောင်း ပြောပြလိုက်သည်။ အဒေါ်တွေ ခုနစ်ယောက်ရှစ်ယောက်လုံးကိုပါ ခေါ်ထားပြီး ရှုပ်ထွေးနေအောင် လုပ်မှတော့ သူတို့မိသားစုက ဘယ်နားက အမြတ်ကိုရမှာတဲ့လဲ။ 


လင်းလန် လင်းမိန်အား နေ့လယ်စာကျွေးကာ အိမ်ပြန်လျှင် ယူသွားရမည့် ပစ္စည်းများကို ထုပ်ပိုးပေးလိုက်သည်။ ချောင်ချောင်အတွက် ချုပ်ထားသော အင်္ကျီအသစ်များ ၊ စာအုပ်နှင့်ခဲတံများ အစရှိသဖြင့်ပင် ။ 


ဟောင်နန်က အိမ်မပြန်ချင်သေးဘဲ နှစ်ကူးကိုလည်း လင်းလန်တို့နှင့်ပင် ဖြတ်သန်းချင်သော်လည်း အဖွားကြီးကျန်းက သူ့အားလွမ်းနေသည်ကို သိသဖြင့် အိမ်မပြန်လျှင် မကောင်းသောကြောင့် ပြန်လိုက်သွားလေသည်။ 


ရွာအ၀င်အ၀ကိုရောက်သည်အထိ လင်းလန်တို့ လိုက်ပို့ပေးလိုက်သည်


" မင်းတို့ ငါ့ကို လွမ်းနေကြနော် " ဟောင်နန်က ခေါင်းလှည့်ကာ မျက်ရည်များစီးကျနေရင်းဖြင့် လှမ်းအော်လေသည်။


စန်း၀မ်နှင့် ရှောင်း၀မ်က လက်ပြကာနှုတ်ဆက်နေလေ၏ ။


စန်း၀မ် : " နှာခေါင်းကို အင်္ကျီလက်နဲ့ မသုတ်နဲ့နော် "


ရှောင်၀မ် : " မဆိုးနဲ့ဦးနော် "


ဟောင်နန်က ဦးထုပ်ကိုချွတ်ကာ ကတုံးပြောင်ပြောင်လေးက်ို လှုပ်ပြသဖြင့် အားလုံးရယ်လိုက်မိကြသည်။ အနည်းကျဥ်းသော ၀မ်းနည်းမှုလေးလည်း ရောနှောနေလေသည်။ 


လင်းမိန်တို့သုံးဦး မြင်ကွင်းထဲမှ ပျောက်သွားမှသာ လင်းလန် ကလေးများကိုခေါ်၍ အိမ်ပြန်လာလိုက်သည်။ 


ရှောင်၀မ် : " မားမား ဟောင်နန် အိမ်ပြန်သွားတာနဲ့ အိမ်က လစ်ဟာသွားသလိုပဲနော် "


လင်းလန်ရယ်ကာ ရှောင်၀မ်၏ လက်ကိုကိုင်၍ နှစ်သိမ့်ပေးလိုက်သည်" သူတို့တွေက နှစ်ကူးပြီးရင်လည်း လာလည်ကြဦးမှာ " 


စန်း၀မ်ကလည်း ရယ်ကာ ပြောလေသည်။ " ဘာလို့ နည်းသွားရမှာလဲ ငါတစ်ယောက်တည်းက လူတစ်ရာလောက်နဲ့ ညီတယ်တဲ့ မားမားပြောတာ မင်းမကြားဘူးလား အဲ့ကလေး စန်း၀မ်က အိမ်မှာဆို တပ်ဖွဲ့ဆယ်ဖွဲ့လောက် တိုက်ခိုက်နေတာကြနေရောတဲ့ ဒင်း ဒင်း ဒုန်း ဒုန်း ဘန်း ဘန်း ဘန်း ဟားဟား "


.... ....


ပျားပန်းခတ်မျှ အလုပ်များသော နှစ်တစ်နှစ်ပြန်စတင်လေပြီ ။ ၀က်များကိုသတ် အသားများကိုခုတ်ကြပြီး ပဲကိုကြိတ်၍ တို့ဟူးလုပ်ကြကာ မုန့်ကြွပ်များနှင့် ပေါက်စီများလည်း ပေါင်းကြလေသည်။ ယခုနှစ်၏ အထွက်နှုန်းသည် ယခင်နှစ်များထက်ပိုကောင်းသောကြောင့် ကွန်မြူနတီမှအဖွဲ့သားများအတွက် ဝေစုလည်းပိုရကြလေ၏ ။ ဆန်များလည်း ပိုလျှံကြသောကြောင့် အိမ်တိုင်းသည် အလုပ်များနေကြကာ ပျော်ရွှင်စရာနှစ်တစ်နှစ်လည်း ဖြစ်နေကြပေသည်။ 


အဖွားကြီးဟန်က သူမကိုယ်တိုင် တို့ဟူးလုပ်ကာ လင်းလန်ကို ​ပေးမည်ဟုဆို၏ ။ ပုံမှန်လိုဆို လင်းလန်က တောင်းဆိုလိုသည့် ဆန္ဒမရှိသောကြောင့် တို့ဟူးလုပ်ရန် ပဲများကိုပေးလိုက်လေသည်။ 


နှစ်ကူးနေ့၌ လင်းလန်တို့အိမ်တွင် ဖက်ထုပ်လုပ်နေကြသော လူခုနစ်ဦးရှိလေသည်။ တစ်ယောက်ချင်းစီသည် စားနိုင်ကြသောသူများ ဖြစ်ကြသဖြင့် အခြားအိမ်များထက် ဖက်ထုပ်များကိုလုပ်ရန် ပိုလိုအပ်လေသည်။ ပထမချွေးမဟန်တို့အိမ်၌ လူနည်းသဖြင့် လုပ်ရန်သိပ်မလိုအပ်သောကြောင့် သူမတို့အိမ်၌ ဖက်ထုပ်များထုပ်ပြီးသောအခါ ပထမချွေးမဟန်သည် ကုမိန်အား လင်းလန်ကိုကူညီရန် လွှတ်လိုက်လေသည်။ 


Xxxxxx

Part 518


အဖွားကြီးဟန်တို့အိမ်၌ အဖိုးကြီးဟန်နှင့် အစ်ကိုကြီးဟန်သည် ဖက်ထုပ်များမလုပ်တတ်ကြသဖြင့် အဖွားကြီးဟန်တစ်ယောက်တည်း မျက်လုံးမကောင်းသော်လည်း ဖြည်းဖြည်းခြင်းပဲ လုပ်နေရလေ၏ ။ ဒုတိယချွေးမဟန်က  အခြားသူများ၏ ကံဆိုးမှုကိုကြည့်ကာ ထေ့ငေါ့ပြောနေပြီး ပျော်ပျော်ကြီးရပ်ကြည့်နေသဖြင့် အဖွားကြီးဟန်က အလွန်ဒေါသထွက်နေလေ၏ ။ 


ဟန်ချင်ဟွက နှစ်ကူးတွင်အိမ်ပြန်လာမည်ဟု ပြောခဲ့သော်လည်း ယခုအခါ ပြန်မလာနိုင်သဖြင့် အဖွားကြီးဟန်က ပိုစိတ်ဆိုးနေလေသည်။ ဟန်ကျင်းယုကလည်း အိမ်သို့ပြန်မလာသဖြင့် အဖွားကြီးဟန်က သမီးဖြစ်သူကလည်း ဘာလို့ပြန်မလာတာလဲဟု တွေးနေလေ၏ ။ ဆိုးဆိုး၀ါး၀ါး နေနေရလို့များလား ။ ယေက္ခမက ခွင့်မပြုလို့လား ။ ဤသို့ဖြင့် အဖွားကြီးဟန်မှာ စိုးရိမ်ပူပန်တစ်ခါ ဒေါသထွက်တစ်လှည့်ဖြင့် ဖြစ်နေရလေသည်။ 


အစ်ကိုကြီးဟန်က နှစ်ကူးအား မိသားစုနှင့်အတူ ဖြတ်သန်းချင်သော်လည်း မိဘများအား နှစ်ယောက်တည်းမထားခဲ့ရက်သလို အိမ်ခွဲပြီးလျှင်လည်း စောင့်ရှောက်ပေးမည်ဟု သဘောတူထားခဲ့သဖြင့် သူ့၌တာ၀န်ရှိသည်ဟု ယူဆကာ မိဘအိမ်၌သာ နှစ်ကူးကိုဆင်နွှဲရန် ဆုံးဖြတ်ထားလေသည်။ သို့သော်လည်း အဖွားကြီးဟန်က မပျော်မရွှင်ဖြစ်ကာ ဆူပူနေပြီး ကျင်းပေါင်နှင့် ကျင်းယုအတွက် ၀မ်းနည်းတသသဖြစ်နေသဖြင့် အစ်ကိုကြီးဟန်မှာ စိတ်ရှုပ်နေရလေသည်။


နှစ်ကူးနေ့တွင် အစ်ကိုကြီးဟန်က လမ်းမထက်မှထွက်ကာ ပထမချွေးမဟန်တို့ အိမ်ကို အပြင်မှရပ်ကြည့်နေလေသည်။ သုံးယောက်တည်းရှိသဖြင့် လူမများသော်လည်း အတော်လေးတော့ ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ဆိုရပေမည်။ ထို့နောက် လင်းလန်တို့အိမ်သို့ သွား၍ရပ်ကြည့်ပြန်လေသည်။ ပြောစရာမလိုအောင်ပင် လင်းလန်တို့၏အိမ်သည် တစ်ရွာလုံး၌ အလုပ်အရှုပ်ဆုံးမိသားစုဖြစ်ပေသည်။ ကလေးများစွာလည်း ရှိသလို ချမ်းသာလည်းချမ်းသာသောကြောင့် အမိုးပေါက်ထွက်မတတ် ရယ်သံမောသံများဖြင့် ပြည့်နှက်နေလေ၏ ။ 


ပထမချွေးမဟန်တို့အိမ်သည်ပင် ပျော်ရွှင်နေကြသော်လည်း အဖွားကြီးဟန်တို့အိမ်တွင်ကား သက်ပြင်းချသံ ဆူငေါက်သံများနှင့် ပြည့်နေကာ အေးစက်စက်နိုင်ပြီး စိတ်ဓာတ်ကျဖွယ် အနေအထားဖြစ်လို့နေ၏ ။ နှစ်ကူးအခါသမယ၏ အနီရောင် စာတန်းများ ဆုတောင်းများသည်ပင် လုံး၀မကူညီနိုင်ချေ ။ 


အစ်ကိုကြီးဟန်တို့သုံးဦးသည် ငြိမ်သက်စွာထိုင်နေကြကာ ပွဲတော်၏ အရိပ်အယောင်လုံး၀ ရှိမနေပေ ။ 


အစ်ကိုကြီးဟန် စကားပြောရမည့်သူကိုပင် ရှာလိုစိတ်မရှိတော့ပေ ။ သူ့ရင်ထဲ၌ တောင်ကြီးတစ်တောင် ရှိနေသကဲ့သို့ တစ်ဆို့နေကာ ငိုချင်မိလာသည်။ 


လင်းလန်တို့အိမ်၌ ယခင်နှစ်ကထက်ပင် ပို၍စည်ကားနေလေသည်။ အထူးသဖြင့် ကံကောင်ခြင်းမုန့်ဖိုးပေးနေချိန်တွင် ဖြစ်၏ ။ လင်းလန်က မိဘများကို ကန်တော့ခြင်းအပြင် စာမေးပွဲအမှတ်များအရ မုန့်ဖိုးများပေးမည်ဟု ဆိုထားလေသည်။ 


စန်း၀မ်၏အမှတ်များသည် သိပ်မကောင်းလှသော်ငြား သိသင့်သောစာလုံးများကိုသိကာ အမှားအများကြီးလည်း မလုပ်သဖြင့် လင်းလန်က ရက်ရက်ရောရော တစ်ဒေါ်လာပေးလိုက်လေသည်။ 


တစ်ဒေါ်လာတောင်ကွ ...


စန်း၀မ်မှာ အပျော်လွန်သွားကာ မူးလဲသွားမတက်ပင် ။


မနှစ်က နှစ်ခါ ဂါရ၀ပြုလို့ ငါးပြားရခဲ့၍ ယခုနှစ်တော့ ဆယ်ပြားလောက် ရနိုင်သည်ဟု တွေးထားခဲ့လေသည်။ သက်ရှည်ကျန်းမာပါစေဟု ထပ်အော်လိုက်ပါက နှစ်ပြားလောက် ပိုရနိုင်သေးသည်ဟု တွက်ထားခဲ့၏ ။ 


တစ်ဒေါ်လာတောင် ရမယ်လို့ မထင်ထားခဲ့ဘူး ။


သေစမ်း ၊ ငါက အခုဆို မွဲနေတဲ့ ဘုန်းကြီးပေါက်စလေးကနေ ချမ်းသာတဲ့ စက်ရုပ်ကြီး ချက်ချင်းကို ဖြစ်သွားတာပဲကွ ။ 


လင်းလန်က ကလေးများကို ပိုက်ဆံကို ဘယ်လောက်ပဲသုံးရမယ်ဟု မပြောဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အဓိပ္ပာယ်ရှိရှိ သုံးကြရန်သာ မှာလိုက်သည်။


ထိုသို့ကြားသောအခါ စန်း၀မ်က ရှောင်း၀မ်နှင့် တ့၀မ်ကိုဆွယ်ကာ ခရိုင်သို့သွား၍ အရုပ်သေနတ်၀ယ်ကြမယ်ဟု တွေးနေလေသည်။ 


သို့သော်လည်း ရှောင်း၀မ်က ပိုက်ဆံကို လင်းလန်ထံပြန်ပေးကာ " မားမား သားမျက်လုံးကို ကုဖို့ သိမ်းထားပေး " ဟုဆိုသည်။ 


ထိုအခါ စန်း၀မ်ကလည်း သူ့မုန့်ဖိုးကိုလည်း လင်းလန်ထံ ချက်ချင်းပြန်ပေးကာ " မားမား ရှောင်း၀မ်ရဲ့ မျက်လုံးကို အရင်ကုပေးလိုက် " ဟုပြောလေသည်။ 


လင်းလန် ပြုံးကာပြန်ပြောပြလိုက်သည်။ " မိဘတွေက သားသမီးရဲ့ မျက်လုံးကို ကုပေးဖို့ ကိုယ့်ဘာသာ ပိုက်ဆံစုပေးထားမှာပေါ့ ဒီပိုက်ဆံတွေက တစ်နှစ်ပတ်လုံး ကြိုးစားခဲ့လို့ ဆုချတာလေ နှစ်သစ် ပတ်၀န်းကျင်အသစ်မှာ ကံကောင်းခြင်းတွေ ရဖို့အတွက်လည်း ပါတာပေါ့ ပြီးတော့ ချမ်းသာလာဖို့ရောပဲ "


ထို့နောက် နှစ်သစ်ကူးနှုတ်ဆက်ခြင်း ၊ ကြိုးတန်းလမ်းလျှောက်ခြင်း ၊ ယန်ခိုအကကခြင်း ၊ ဆွေမျိုးများထံ အလည်သွားကြခြင်း နှင့် နှစ်ကူးမုန့်ဖိုးရခြင်းများက ကလေးများအတွက် အပျော်ရွှင်ဆုံးအချိန်များ ဖြစ်လေသည် ။ ပါးများကိုလည်း ရောင်နေအာင် ရိုက်ကြကာ ၀နေသည်ဟု ဟန်ဆောင်ရခြင်းကိုလည်း နှစ်ခြိုက်ကြလေသည်။ 


ညနေခင်း၌ အဖွားကြီးဟန်က အစ်ကိုကြီးဟန်ကိုလွှတ်ကာ ဟန်ချင်စုန့်အား မနက်ဖြန်လာခဲ့ရန် လာပြောခိုင်းလေသည်။ ဟန်ကျင်းယုက လက်ထပ်ပြီးပထမဆုံးမိဘအိမ်ပြန်ခြင်းဖြစ်၍ အစ်ကိုများအားလုံးကို ရှိနေစေချင်၍ဟုဆိုသည်။ 


" တတိယသားနဲ့ စတုတ္ထသားက အိမ်မှာမရှိတော့ ကျင်းယုနဲ့ သူ့ယောက်ျားပြန်လာရင် တတိယသားဖြစ်တဲ့ မင်းကိုတော့ ရှိနေစေချင်လို့တဲ့ " ဟုဆိုကာ အစ်ကိုကြီးဟန်က နွမ်းလျနေသည့်ဟန်ရှိ၏ ။ ပျော်ရွှင်ဖွယ်နှစ်သစ်ကူးချိန်ကို မပိုင်ဆိုင်ခဲ့ရ၍ ဖြစ်လောက်သည်။ 


လင်းလန်က ဟန်ချင်စုန့်အား ဂရုမစိုက်အား ။ မိဘအိမ်သို့ သုံးရက်မြောက်နေ့တွင်ပြန်ရန် အစ်မဖြစ်သူနှင့် ချိန်းဆိုထားသောကြောင့် ရက်ကိုပြောင်းလိုက်မည်မဟုတ်ချေ ။ သူသွားချင်ရင်လည်း သွားပေါ့ ၊ သူမ မတားပါဘူး ။ 


သို့သော်လည်း ဟန်ချင်စုန့်က ငြင်းလေသည်။


 " မနက်ဖြန် ကျွန်တော်က လင်းလန်နဲ့အတူ သူ့မိဘအိမ်ကိုလိုက်သွားပေးမယ်လို့ ပြောထားပြီးနေပြီ "


 ယခင်နှစ်များက နှစ်ကူးချိန်တွင် အိမ်၌သူမရှိခဲ့သော်လည်း ပုံမှန်လိုပဲ ကျင်းပနေခဲ့မှတော့ ညီမဖြစ်သူပြန်လာလည်း သူမရှိလို့ ဘာမှဖြစ်စရာအကြောင်းမရှိပေ ။


ထိုသို့ကြားသောအခါ အစ်ကိုကြီးဟန်က စိတ်ပျက်သွားလေသည်။ ကြည့်ရတာ ဒီနှစ်တကယ်ပဲ နှစ်ကူးကို ကောင်းကောင်းဆင်နွှဲနိုင်မယ် မထင်တော့ဘူး ။ 


လင်းလန် : " ခဲအိုရော အိမ်ကို ပထမချွေးမဟန်နဲ့ အတူမပြန်ဘူးလား "


အစ်ကိုကြီးဟန်သည် ထိုမေးခွန်းကို မမျှော်လင့်ထားခဲ့  ၊ ပြီးနောက် စိတ်ဆိုးနေဟန်ဖြင့်ပြောလိုက်သည်


" မင်းရဲ့ အစ်မကြီးက ငါ့ကိုတောင် မခေါ်ဘူး "


လင်းလန် ဘာမှပြန်မပြောဖြစ် ။ ပထမချွေးမဟန်က ခေါ်ဖို့ကို စောင့်နေတာလား ။ ဒါဆိုလည်း ဆက်သာစောင့်နေလိုက် ။ ပထမချွေးမဟန်က အစ်ကိုကြီးရဲ့ မိဘတွေရှိနေသေးသ၍ ပြန်ခေါ်မှာမဟုတ်ဘူး ။ ဒါကြောင့် အဲ့အိမ်အိုကြီးထဲမှပဲ တစ်ယောက်တည်း နေနေလိုက်တော့ ။ 


အစ်ကိုကြီးဟန်က အဖွားကြီးဟန်အား ထိုသို့ပြန်ပြောပြသည့်အခါ စိတ်ဆိုးသွားကာ ဒေါသတကြီးပြောဆိုလေ၏ ။


 " သွားပြောလိုက် ၊ ဒုတိယသားနဲ့ တတိယသားကို အခုချိန်မလာရင် ငါသေမှပဲ လာခဲ့ကြလို့ "


အစ်ကိုကြီးဟန်က အဖွားကြီးဟန် တမင်ပြောနေသည်ကို သိသော်လည်း နှစ်ကူးအချိန်သည် ထိုစကားများ ပြောသင့်သောအချိန်မဟုတ်သဖြင့် " အမေက အလတ်ကြီးရှိပါသေးတယ် " ဟုသာပြန်ပြောလိုက်သည်။ 


Xxxxx