အပိုင်း ၅၁၉-၅၂၀
Viewers 21k

Part 519


အဖွားကြီးဟန်က စိတ်ဆိုးသွားကာ ထပ်မံဆူပူပြန်သည်။


 " ငါက ဘယ်လိုဖြစ်ပြီး နေကောင်းရမှာလဲ နင်တို့တွေအားလုံးက ချွေးမတွေဆီပဲ စိတ်ရောက်နေကြပြီး အမေကို ပစ်ထားကြနေမှတော့ ကောင်းနိုင်ပါဦးမလားဟဲ့ "


အစ်ကိုကြီးဟန်က စိတ်မကောင်းဖြစ်သွားလေ၏ ။ " ကျွန်တော် ဒီမှာရှိနေတာပဲ မဟုတ်ဘူးလား "


အဖွားကြီးဟန်က အိမ်ခွဲနေကြကတည်းက စိတ်ညစ်၀မ်းနည်းနေခဲ့တာဖြစ်သည်။ သူမတစ်ယောက်တည်း ချက်ပြုတ်ကာ အိမ်မှုကိစ္စများ လုပ်နေခဲ့ရ၍ ဖြစ်ပေသည် ။ သားကြီးဖြစ်သူက ရှိနေတော့ရော ဘယ်နေရာမှာမှ မကူညီဘဲနဲ့ အဖိုကြီးဟန်လိုပဲ အသုံးမကျဘူးဟု တွေးနေလေသည် ။ 


အဖွားကြီးဟန်က ထပ်၍ဆူပူပြန်သည် ။ " မင်းရှ်ိနေတော့ရော ဘာထူးလို့လဲ ငါ့အစား လျှော်ဖွပ်ချက်ပြုတ်ပေးလို့လား ဒါမှမဟုတ် အလုပ်လုပ်ပေးနိုင်လို့လား "


အစ်ကိုကြီးဟန်က အဆူခံရသဖြင့် ခေါင်းငိုက်စိုက်ချကာ ထရပ်ပြီး အခန်းထဲသို့ ပြန်၀င်သွားလေသည်။ အစ်ကိုကြီးဟန်က အခန်းထဲ၌ တွေးလေ၀မ်းနည်းလေဖြစ်ကာ မထိန်းနိုင်ပါဘဲ မျက်ရည်ကျလာကာ ငိုကြွေးနေလေ၏ ။


နှစ်သစ်ကူး၏ သုံးရက်မြောက်နေ့ မနက်စောစောတွင် လင်းလန် အိပ်ရာမှထကာ သန့်ရှင်းရေးလုပ်လိုက်သည်။ ကလေးအကြီးများက ပူပန်စရာမလိုသော်လည်း စန်း၀မ်၏ အ၀တ်အစားများကိုတော့ ပူပန်နေရလေသည်။ မနေ့ညကမှ လျှော်ဖွပ်ထားကာ မီးသွေးမီးဖြင့် အခြောက်ခံထားတာဖြစ်ပြီး ယခုတွင် ၀တ်ရန်အဆင်သင့်ဖြစ်သွားပြီဖြစ်သည် ။ ယူသွားရမည့်လက်ဆောင်များလည်းရှိကာ မိသားစုတစ်စုချင်းစီအတွက် ပြင်ဆင်ထားတာဖြစ်လေသည် ။ လင်းလန်က မိဘအိမ်၌ နှစ်ရက်နေရန် စီစဥ်ထားသည် ကလေးများအားလုံးကို ခေါ်ထား၍ မဖြစ်လောက်သောကြောင့် ဟန်ချင်စုန့်က တ၀မ်နှင့် အား၀မ်ကို အိမ်သို့ပြန်ခေါ်လာကာ လင်းလန်က မိုင်ဆွေ့နှင့် မောင်နှစ်ယောက်အား ခေါ်ထားမည်ဟု တွေးထားလေသည်။ 


အား၀မ်ရှိနေသောကြောင့် ဟန်ချင်စုန့်နှင့် တ၀မ်တို့ ဆောင်းတွင်းအေးအေးကြီး၌ အငတ်ခံနေရမည်ကိုလည်း လင်းလန် ပူစရာမလိုချေ ။ 


အပြင်ထွက်ရန်အတွက် လင်းလန်က ၀ါဂွမ်းဦးထုပ်လေးကို ဆောင်းကာ ပန်းရောင်နှင့် ကြက်သွေးရင့်ရောင် လည်စည်းပု၀ါများကိုထုတ်၍ စန်း၀မ်နှင့် ရှောင်း၀မ်ကို ပတ်ပေးလိုက်သည်။ ညီအစ်ကိုနှစ်ယောက်၏ ခေါင်း၌ဆံပင်များ ငုတ်စိလေးတွေ ထွက်နေကြပြီဖြစ်၍ ဦးထုပ်ဆောင်းလျှင် ယားကျိကျိဖြစ်သောကြောင့် ကလေးများက ဦးထုပ်မဆောင်းချင်ကြပေ ။ 


အစက စန်း၀မ်အား ပန်းရောင်လည်စည်းကို ပတ်ပေးထားတာဖြစ်သော်လည်း ကလေးက ပူလွန်းနေသည်ဟုထင်၍ လင်းလန်ပြန်လဲပေးလိုက်သည်။ 


ရှောင်၀မ်က ပန်းရောင်လည်စည်းလေးကိုစည်းထားကာ ပ်ို၍ချစ်ဖို့ကောင်းသွားလေသည် ။ စန်း၀မ်၏ ကြက်သွေးရင့်ရောင် လည်စည်းက သိပ်မပူပေ ။ 


မိုင်ဆွေ့က ရယ်လေသည် ။ " စန်း၀မ် ဘယ်လိုနေလဲ " 


စန်း၀မ်က လက်အုပ်ချီလိုက်ကာ ရွတ်နောက်နောင်ပြောလိုက်သည်။


 " ဒကာမလေးက လူတွေကို ပြတ်ရယ်ပြုနေတာပဲ ဒါကြောင့် ငွေနှစ်ပြားပေးရပါမယ် "


မဟုတ်တာလေးကို ပြန်၍နောက်ပြောင်နေသဖြင့် လင်းလန် စန်း၀မ်ကို တစ်ချက်ရိုက်လိုက်လေသည်။ 


" လိမ်လိမ်မာမာနေနော် အဖွားအိမ်ကိုရောက်ရင်လည်း ဒီလိုပဲလုပ်မနေနဲ့နော် ကြားလား "


စန်း၀မ်က ပြန်ပြုံးပြလေသည်။ " စိတ်ချပါ မားမားရဲ့ သားလိမ္မာပါ့မယ် " ဟုဆိုပြီးနောက် ရှောင်၀မ်ထံ တိုးတိုးလေးကပ်ပြောပြန်လေသည်။


 " အဲ့လိုလုပ်ရင် ပိုပိန်လာလိမ့်မယ်ကွ ရှောင်ရှင်းသာ မင်းကိုအနိုင်ကျင့်ရင် ငါသူ့ကို ရိုက်ပစ်မှာ အခုဆို ငါက နပန်းဘယ်လိုချရမလဲ သင်ထားပြီးပြီ "


လင်းလန် အာရုံစိုက်မနေသည်ကို အခွင့်ကောင်းယူကာ စန်း၀မ်က ညာခြေကိုထုတ်၍ ရှောင်၀မ်အား ဆွဲလိုက်လေသည်။ ရှောင်၀မ်လဲကျသည်ကို အကျမနာအောင် ကျောမှနေ ထိန်းပေးထားသေးသည်။ 


ရှောင်၀မ်က မြေကြီးပေါ်၌ လှဲနေကာ " စန်း၀မ်လုပ်တာ သားအင်္ကျီတွေပေကုန်ပြီ "


မိုင်စွေ့ကို ဘာတွေဘယ်လိုယူရမည် ညွှန်ကြားနေသော လင်းလန်က လှမ်းအော်လ်ိုက်သည်


" မီးလုံးကြီးရေ ညီလေးအင်္ကျီတွေကို ပေအောင်လုပ်ရင် ကိုယ့်ဘာသာပြန်လျှော်ပေးရမှာနော် " 


စန်း၀မ်က ချက်ချင်းပင် ညီလေးကို ဆွဲထူပေးလိုက်ပြီး ဖုန်များခါပေးလေသည်။ " လုံး၀ ပေမသွားဘူး ဒါကြောင့် လျှော်ဖ်ို့ မလိုဘူး "


မိုင်စွေ့က စာအုပ်အသစ်များ ၊ သဘက် ၊ အတွင်းခံနှင့် ခြေအိတ်များကို ထုပ်ပိုးလိုက်ကာ မုန့်များကိုလည်း ၀မ်းကွဲများနှင့် ခွဲဝေစားရန်ဟုတွေးကာ ထည့်နေလေသည်။ စန်း၀မ်နှင့် ရှောင်း၀မ်တို့က ညအိပ်နေရမှာဖြစ်သည့်အတွက် အား၀မ်က သူတို့၏ စာအုပ်နှင့် အ၀တ်အစားများကို ထုပ်ပိုးပေးကာ ကျောတွင်လွယ်သွားစေလေသည်။ 


အိမ်၌ စက်ဘီးတစ်စီးသာရှိသဖြင့် ဟန်ချင်စုန့်က လင်းလန်နှင့် ကလေးနှစ်ယောက်အား စီးစေကာ အခြားသူများနှင့်အတူ လမ်းလျှောက်လေသည်။ 


ခဏမျှစီးပြီးနောက်တွင် လင်းလန်က မိုင်စွေ့အား ရှောင်၀မ်ကို တင်နင်းခိုင်းလိုက်ပြီး စန်း၀မ်အား ဆင်းနေခဲ့စေလိုက်သည်။ 


စန်း၀မ်နှင့်အား၀မ်က မိုင်စွေ့၏ စက်ဘီးနောက်သို့ ဘယ်သူမြန်မြန်လိုက်နိုင်လဲဟူ၍ အပြေးပြိုင်နေကြလေ၏ ။ 


တ့၀မ်က အလျင်မလိုဘဲ နောက်ကနေ လမ်းလျှောက်လိုက်လေသည်။ ဟန်ချင်စုန့်နှင့် လင်းလန်က နောက်ဆုံးတွင် ဖြစ်၏ ။ 


လင်းလန်က ခြေလှမ်းသေးကာ ဟန်ချင်စုန့်လောက်လည်း မမြန်သဖြင့် ဟန်ချင်စုန့်က အရှိန်ကိုနှေးကာ ဖြည်းဖြည်းချင်းလျှောက်ပေးသည်။ လင်းလန်၏ လက်ကိုကိုင်လိုက်သော်လည်း လင်းလန်က ပြန်ရုန်းသည်။ 


လမ်းပေါ်မှာ လူတွေအများကြီး ရှိနေတယ်လေ ။ 


လမ်းပေါ်ရှိ လူအများစုမှာလည်း မိဘအိမ်ပြန်နေကြသူများဖြစ်သည်။ အချို့က စက်ဘီးများဖြင့်ဖြစ်ကာ အချို့က လမ်းလျှောက်ကြတာဖြစ်သည်။ ရံဖန်ရံခါ အဖွားအိုများအား လက်တွန်းလှည်းများပေါ်တွင်တွေ့ရတက်ပြီး အချို့သူများက မြည်းဆွဲလှည်းကိုငှား၍ မိန်းမနှင့်ကလေးများကို စီးစေလေသည်။ လင်းလန်တို့ မိသားစုကိုတွေ့သောအခါ ကလေးများအားလုံးက ချောမောကြသဖြင့် ချီးကျူးသွားကြသေးသည်။ 


ပူလာသဖြင့် လင်းလန် ကုတ်အင်္ကျီကို ချွတ်လိုက်သည်။  ဟန်ချင်စုန့်က ကိုင်ထားပေးပြီး ကုတ်အင်္ကျီအောက်မှနေ လင်းလန်၏လက်ကို ကိုင်ထားလေသည်။ 


ကလေးများက တစ်ယောက်နောက်တစ်ယောက်လိုက်ကာ ရယ်သံမောသံများက မိုးထိမတတ်ဆူညံနေပြီး သူမတို့စုံတွဲကလည်း လက်ချင်းယှက် ပုခုံးချင်းအပ်ကာ လျှောက်နေကြသည်။ တစ်ဦးက မျက်နှာတည်ကာ သိမ်မွေ့သောမျက်လုံးများရှိပြီး တစ်ယောက်က နွေးထွေးသောအပြုံးများကို ပိုင်ဆိုင်ထားလေသည် ။


လင်းလန်နှင့် ဟန်ချင်စုန့်တို့ လင်းမိသားစုအိမ်သို့ ၀င်သွားသောအခါ ပထမချွေးမလင်းနှင့် ဒုတိယချွေးမလင်းတို့ရှိနေကြလေသည်။ လင်းမိန်ကတော့ ရောက်မလာသေးပေ ။ ပထမချွေးမလင်းသာမကဘဲ ထန်ဟဲဟွပါ အိမ်တွင်ရှိနေမည်ဟု လင်းလန်မမျှော်လင့်ထားခဲ့မိ ။ 


အချင်းချင်းနှုတ်ဆက်ကြကာ နှစ်သစ်ဆုမွန်ကောင်းများ တောင်းပေးကြစဥ်တွင် လင်းလန်က ထန်ဟဲဟွအား နှုတ်ဆက်မည်ပြုသော်လည်း တစ်ဖက်လူက သူမကို မသိချင်ယောင်ဆောင်ကာ ကလေးများကိုသာ  စကားပြောနေသဖြင့် လင်းလန်လည်း လျစ်လျူရှုကာ ပထမချွေးမလင်းတို့နှင့်သာ စကားပြောနေလိုက်သည်။ 


Xxxxxx

Part 520


နှုတ်ဆက်ပြီးနောက်တွင် ယောက်ျားသားများက အဖိုးကြီးလင်းနောက်သို့လိုက်ကာ အရှေ့ခန်းသို့ သွားကြပြီး မိန်းမသားများက အဖွားကြီးလင်းနှင့်အတူ အနောက်ခန်းသို့ သွားကြလေသည်။ 


အဖွားကြီးလင်းက မေးသည်။ " ဘာလို့ လင်းမိန်က မရောက်သေးတာလဲ "


 ယခင်ကဆို လင်းမိန်က စောစော ရောက်တက်လေသည်။ 


လင်းလန်လည်း နာရီက်ိုကြည့်ကာ " သမီးလည်း သေချာမသိဘူး " ဟုပြန်ဖြေလိုက်သည်။ 


ထန်ဟဲဟွက နှတ်ခမ်းပင့်ပြုံးကာ မျက်လုံးလှန်ပြီးနောက် အနောက်ဘက်ရှိ သူမအခန်းသို့ ပြန်သွားလေသည်။ 


ထိုသည်အား ဒုတိယအစ်မလင်းကလည်း မြင်သွားလေသည်။ " ဒုတိယချွေးမက ဖြစ်နေတာလဲ ဘာလို့ငါတို့ကို မျက်စောင်းထိုးသွားရတာလဲ အရင်နှစ်တုန်းက မတွေ့ဘဲ ဒီနှစ်မှငါတို့ကို တွေ့လိုက်ရလို့ စိတ်ဆိုးနေတာလား "


အဖွားကြီးလင်းက ၀င်ဟန့်သည် ။ 


" ညည်းတို့က စကားများလိုက်တာ သွားပြီး ဟင်းပွဲတွေကို သွားကြည့်လိုက်ကြဦး ကြည့်ကြည့်ပေးမှရမှာပေါ့ မဟုတ်ရင် ဟင်းတွေ ပျက်စီးကုန်လိမ့်မယ် "


ပထမချွေးမလင်းကလည်း ၀င်ပြောလေသည်။ " သူမက မျက်လုံးမကောင်းလို့ပါ အရင်တည်းက ဖြစ်နေကြလေ "


အစ်မလင်းက ပြုံးလျက် " ဪ ငါမှမသိတာ အဲ့လိုဆိုလည်း ဆေးရုံသွားမပြကြည့်ဘူးလား " 


အဖွားကြီးလင်း : " တော်ပြီ သူမနဲ့ လိုက်တုမနေနဲ့ သူက ညည်းထက်အများကြီးငယ်တယ်လေ ညီအစ်မတွေပဲဟာကို "


ယောက်မဖြစ်သူ ထွက်သွားသောအခါ အခန်းထဲ၌ ညီအစ်မများနှင့် အဖွားကြီးလင်းသာ ကျန်ခဲ့၍ လင်းလန်က မေးလိုက်သည်။ " အမေ ဒုတိယယောင်းမရဲ့ မိဘအိမ်က လင်းမိန်ကို တိုင်တဲ့အကြောင်းက ဘယ်လိုဖြစ်ရတာလဲ "


အဖွားကြီးလင်းက လန့်သွားကာ လင်းလန်အား တိုးတိုးနေဟူသည့် အမူအရာကိုလုပ်ပြလေသည် ။ " မပြောနဲ့ ကြားသွားဦးမယ် "


လင်းလန် အံ့သြသွားမိသည် ။ " အမေ ဘာဖြစ်နေတာလဲ မကောင်းတာလုပ်နေတာက သူတို့လေ အဲ့တာကို သမီးတို့ သ်ိနေလို့ဆိုပြီး သမီးတို့က ပြန်ကြောက်နေရမှာလား "


လင်းညီအစ်မနှစ်ဦးက မသိသေးသဖြင့် ဘာကိုတိုင်တာလဲဟု ပြန်မေးကြသည်။ 


အဖွားကြီးလင်းက မျက်နှာပျက်သွားကာ ဆက်မပြောကြတော့ရန် တားလေသည်။


 " ဖြစ်ပြီးတာတွေကို အတိတ်မှာထားလိုက်တော့ အနာဂတ်မှာသာ ထပ်မဖြစ်စေနဲ့ နှစ်ကူးအချိန်ကြီးမှာ အားလုံးမပျော်မရွှင်ဖြစ်ရအောင် မလုပ်ကြစမ်းနဲ့ "


အဖွားကြီးလင်း၏ အပြုအမူကြောင့် ထန်ဟဲဟွက ယောက်ျားဖြစ်သူအား ဖိအားပေးပြီး ပြောခိုင်းစေပြီးလောက်ပြီဖြစ်သည်ကို လင်းလန်သဘောပေါက်လိုက်သည်။ ဒုတိယအစ်ကိုက မိဘများနှင့် ပြောဆိုပြီးလောက်ကာ ထိုကိစ္စအား အစမဖော်တော့ရန် ပြောထားလောက်သည် ။ လင်းလန်သည် ယခုအချိန်တွင် နှာရည်တွဲလောင်းဖြင့် အစ်မဖြစ်သူနောက် တစ်ကောက်ကောက် လိုက်နေသည့် ကလေးမှ မဟုတ်တော့တာ နားမလည်ဘဲ နေပါ့မလား ။ 


လက်မထပ်ခင်တွင် မိဘများနှင့် တစ်မိသားစုတည်း ဖြစ်သော်လည်း လက်ထပ်ပြီးလျှင်တော့ မြစ်တွေတောင်တွေခြားနေသလိုဖြစ်သွား၍ လင်းလန်က မိဘအိမ်နှင့် တရင်းတနှ်ိီးမနေတော့သော်လည်း အနည်းဆုံးတော့ ကျင့်၀တ်လေးတွေ ရှိသင့်တယ် မဟုတ်ဘူးလား ။ 


ဟန်ကျင်းယုနှင့် ဟန်ကျင်းပေါင်သာ အစ်ကိုကြီးဟန်နှင့် ဒုတိယအစ်ကိုဟန်တို့လို စိတ်ထား​ကောင်းပါက ဟန်ချင်စုန့် သူတို့နှင့် ရင်းရင်းနှီးနှီးနေမည်ကို လင်းလန် တားမည်မဟုတ် ။ ထိုနည်းတူစွာပင် အစ်ကိုကြီးလင်းနှင့် ပထမချွေးမလင်းတို့က သူမနှင့် ရင်းနှီးလိုကြသဖြင့် လင်းလန်ကလည်း လက်ခံပေးလေသည်။ 


မူလကိုယ်သည် ဒုတိယသားနှင့် ပိုရင်းနှီးကာ ဒုတိယသား၏ ကလေးများအား သူမ၏ သားသမီးများထက်ပင် ပိုအရေးပေးလေသည်။ ရှောင်ရှင်းကို အချစ်ဆုံးဖြစ်ခဲ့ကာ သားဖြစ်သူ ရှောင်၀မ်ကိုမူ ၀န်ထုပ်၀န်ပိုးဟုတွေး၍ မုန်းတီးခဲ့လေသည်။ ထို့ကြောင့်ပင် တ၀မ်နှင့် မူလကိုယ်ကြားတွင် အဖုအထစ်ဖြစ်လာကာ အတော်လေးကြာသည်အထိ ပြန်မပြေလည်ခဲ့ကြတာ ဖြစ်သည် ။ 


လင်းလန်က ထိုသည်က မထိုက်တန်ဘူးဟု ထင်သည်။ မူလကိုယ်လည်း မထိုက်တန်သလို ကလေးများလည်း မထိုက်တန်ပေ ။ နှစ်များစွာကြာအောင် လျစ်လျူရှုခံထားရသဖြင့် သံယောဇဥ်ဆိုတာ ရှိပါ့ဦးမလား ။ 


သူမအား ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေသော အစ်မများနှင့် ယောက်မများသာမရှိပါက ထန်ဟဲဟွ၏ ပြုမူနေပုံနှင့်သာဆို သူမ ချက်ချင်းလှည့်ပြန်ပစ်လိုက်မှာ ဖြစ်သည်။ 


အိမ်ထဲ၌ လူကြီးများက စကားပြောနေကြကာ ကလေးများကာ အအေးဓာတ်ကို အံတုကာ ခြံထဲ၌ ပျော်ရွှင်စွာဆော့ကစားနေကြလေသည်။ မီးပန်းများကိုလဲကြကာ သကြားလုံးများနှင့် ပိုက်ဆံများဘယ်လောက်ရကြသည်ကိုလည်း တစ်ယောက်နှင့်တစ်ယောက်ကြွားနေကြလေသည်။ ထန်ဟဲဟွက ဒီနှစ်တွင် မိဘအိမ်မပြန်သဖြင့် တူနှင့် တူများကိုသာ သူမထံသို့ လွှတ်လိုက်လေသည်။


ကလေးများက အုပ်စုဖွဲ့ကာ ကစားနေကြသည်။ ယောက်ျားလေးများက ဂျင်လှည့်နေကြကာ မိန်းကလေးများက ကြက်တောင်ခတ်နေကြလေသည်။ တ၀မ်က အလွန်ချောမောပြီး ကောင်းမွန်စွာ ၀တ်စားထားသဖြင့် အနီးအနားမှ ကလေးများသည်လည်း စိတ်၀င်စားသွားကြကာ အတူလာဆော့ကစားကြသည်။ ကလေးများက ဆူညံနေကြကာ ကလေးသဘာ၀အတိုင်း တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်နေကြ၏ ။ 


စစချင်းတုန်းက သာမန်ကာလျှံကာဖြစ်ကြသော်လည်း တဖြည်းဖြည်းနှင့် ပြင်းထန်လာကာ ရကြသော နှစ်ကူးမုန့်ဖိုးများကို ယှဥ်ကြည့်ကြလေသည်။ 


ထန်ဟဲဟွ၏သား ရှောင်ရှင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ရှောင်၀မ်ကိုမေးလိုက်သည်


" မင်းအမေက မင်းကို မုန့်ဖိုးဘယ်လောက်ပေးလဲ " 


ရှောင်၀မ်က မလိမ်တတ်သောကြောင့် " တစ်ယွမ်ပေးတယ် စန်း၀မ်နဲ့ အတူတူပဲ " ဟုအမှန်အတိုင်း ပြန်ပြောလိုက်သည်။ 


ရှောင်ရှင်းက မကျေမနပ်ဖြစ်သွားလေ၏ ။ ယခင်ကဆို စတုတ္ထဒေါ်လေးက ရှောင်ရှင်းကိုသာ အချစ်ဆုံးဟုပြောခဲ့ကာ အမေနဲ့အဖွားကလည်း ဒေါ်လေးက သူ့ကိုချစ်သဖြင့် ဒေါ်လေးပိုင်သမျှသည် သူ့ဟာပဲဟုပြောခဲ့ဖူး၏ ။ ယခင်ကဆို အိမ်ထဲသို့၀င်သည်နှင့် စတုတ္ထဒေါ်လေးက သူ့ကိုအရင်ဖက်ကာ သကြားလုံးများနှင့် နှစ်ကူးမုန့်ဖိုးများပေးခဲ့သော်လည်း မနှစ်ကမှစ၍ မရတော့ပေ ။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း စတုတ္ထဒေါ်လေးက သူ့အား ပို၍စိမ်းကားလာလေသည်။ ယခင်က သိပ်နားမလည်ခဲ့သော်လည်း သူက ယခုဆို ရှစ်နှစ်ရှိပြီဖြစ်၍ ဒေါ်လေးက သူ့သားအပေါ်ကိုသာကောင်းကာ သူ့အပေါ် မကောင်းတော့သည်ကို နားလည်နေပြီဖြစ်၏။


ယခုအခါ စတုတ္ထဒေါ်လေးက အားလုံးကို သားဖြစ်သူရှောင်၀မ်ကိုသာပေးကာ သူ့အားမပေးတော့ပေ ။ 


ရှောင်၀မ်လိုအရူးကောင်ကို တစ်ယွမ်တောင်ပေးတယ်တဲ့ ။ သူက ဘာလို့တစ်ယွမ်တောင် ရရတာလဲ ။ အရင်ကဆို စတုတ္ထဒေါ်လေးက သူ့ကို၀န်ထုပ်၀န်ပိုးဖြစ်တယ်ဟုဆိုကာ အမုန်းဆုံးဖြစ်ခဲ့ပြီး စွန့်ပစ်ချင်နေခဲ့တာလေ ။ အဲ့ပိုက်ဆံက သူ့ဟာပဲဖြစ်သင့်တာ ။ 


ရှောင်ရှင်းက တွေးလေ ဒေါသထွက်လေဖြစ်ကာ ရှောင်၀မ်အား စူးစူး၀ါး၀ါးကြည့်နေလေသည်။ အခြားသူများ သတိမထားမိချိန်ကို အခွင့်ကောင်းယူကာ ရိုက်ပစ်ရန် ကြံနေလေ၏။


ရှောင်၀မ်ကလည်း သူ့အားသဘောမကျသည်ကို ခံစားမိသဖြင့် ရှောင်ရှင်းကို ရှောင်ကာ အခြားကလေးများနှင့်သာ စကားပြောနေလေသည်။ 


Xxxxxxx