အပိုင်း ၅၂၁-၅၂၂
Viewers 24k

Part 521


မိုင်ဆွေ့နှင့် အား၀မ်က ကြက်တောင်ရိုက်လိုက် ကြိုးခုန်လိုက်ဖြင့် အခြားကလေးမလေးများနှင့် ဆော့ကစားနေလေသည်။ တ၀မ် ၊ လိုင်ရှီ နှင့် အခြား၀မ်းကွဲများက လေးခွပစ်တိုင်း ၊ ဂျင်လှည့်တိုင်း ကစားနေကြကာ ဘေး၌လည်း အားပေးနေသူများရှိလေသည်။ 


အား၀မ်က ရှောင်၀မ်ကိုလှမ်းခေါ်ကာ "  ကြိုးခုန်ရမယ့်အလှည့်ရောက်ပြီ " ဟုပြောလိုက်သည်။


ရှောင်၀မ်က ခေါ်သည့်နေရာသို့ ပြေးသွားကာ " အား၀မ် သားမခုန်တတ်သေးဘူး " 


မိုင်ဆွေ့က ပြုံးပြကာ အားပေးလိုက်သည်။


 " လာပါ မမက လက်ကိုင်ထားပေးမယ် "


အား၀မ်နှင့် အဒေါ်မိသားစုမှ အစ်ကိုကြီးတစ်ယောက်က ကြိုးကိုလွှဲပေးနေကြကာ မိုင်ဆွေ့နှင့် ရှောင်၀မ်က အတူတူခုန်ကြလေသည်။ 


မိုင်ဆွေ့က ရှောင်၀မ်ကိုလက်ဆွဲကာ ခုန်လိုက်သော်လည်း ရှောင်၀မ်က မခုန်တတ်သဖြင့် ခြေထောက်နှင့် ကြိုးနှင့်ငြိသွားလေသည်။


ရှောင်၀မ်က ရှက်သွားလေ၏ ။


 " မမ ....သားထပ်မခုန်တော့ဘူး "


မိုင်ဆွေ့က ပြန်ပြုံးပြသည်။ " ရတယ် အကုန်လုံး အစဆိုဒီလိုပဲလေ " 


အား၀မ်နှင့် ၀မ်းကွဲကလည်း ရတယ်ဟုဆိုကာ ဆက်၍ကြိုးကိုလွှဲပေးလေသည် ။


ဆက်၍ခုန်ကြသော်လည်း ရှောင်၀မ်က ငယ်သေးသဖြင့် ခဏအကြာတွင် ကြိုးနှင့်ငြိသွားပြန်လေသည်။


ထိုအခါ ရှောင်ရှင်းက အပြစ်တင်တော့သည်


 " ငတုံးကောင် "


  မူလက ရှောင်ရှင်းသည် ရှောင်၀မ်အားရိုက်ကာ နှစ်ကူးမုန့်ဖိုးကို လုချင်ခဲ့တာဖြစ်သော်လည်း ရှောင်၀မ်အား အစ်ကိုတွေအစ်မတွေက ကာကွယ်ပေးထားသဖြင့် အမေဘက်မှ အစ်ကိုအစ်မများထံ သွားတိုင်လေသည်။ 


ထိုအခါ အစ်မတစ်ယောက်က " သွားမယ် ဒေါ်လေးကို သွားပြောမယ် " 


ထန်ဟဲဟွကိုတွေ့သောအခါ ကလေးများက လင်းလန်က သူ့ကလေးတွေကိုကြ မုန့်ဖိုးတွေအများကြီးပေးပြီး ရှောင်ရှင်းကိုကြ တစ်ပြားမှမပေးဘူးဟု တိုင်ကြလေသည်။


လင်းလန်က ရှောင်း၀မ်အား နှစ်ကူးမုန့်ဖိုးတစ်ယွမ်ပေးသည်ကို ကြားသောအခါ သူမအသားထဲမှပဲ့ပါသွားသလို ခံစားလိုက်ရသည်။ အမှန်တိုင်းပြောရပါက ထန်ဟဲဟွက လွန်ခဲ့သည့်နှစ်နှစ်လုံး မကျေနပ်နေခဲ့တာဖြစ်သည်။ အကြောင်းအရင်းမှာ ယခင်က လင်းလန်သည် သူ့ယောက္ခမအိမ်နှင့်အဆင်မပြေ၍ ခုနစ်ယွမ်ရှစ်ယွမ်လောက်သာရသော်လည်း ရသမျှကို တူဖြစ်သူကိုသာ ပေးလေ့ရှိသည်။ ထူးဆန်းသည်မှာ ရှောင်ရှင်းကလည်း ရှောင်၀မ်ကိုမုန်းခြင်းပင်ဖြစ်၏ ။ 


လွန်ခဲ့သောနှစ်နှစ်မှစကာ လင်းလန်က ပြောင်းလဲသွားပြီး တူဖြစ်သူကို ဆက်ဆံပုံက အေးတိအေးစက်ဖြစ်လာကာ ရှောင်၀မ်ကိုတော့ အထူးကြင်နာပြလေသည်။ 


သူ့အတွက် ဆရာ၀န်ပြပေးပြီး မျက်မှန်လုပ်ပေးတာက ပိုက်ဆံမကုန်ဘူးလား။ 


ထိုအချိန်က ထန်ဟဲဟွသည် လင်းလန်ကိုစိတ်ဆိုးကာ သူမသားရဲ့ပိုက်ဆံကို ဘာလို့ ရှောင်၀မ်ရဲ့ဆေးကုစရိတ်အဖြစ် သုံးရမှာလဲဟု မေးချင်ခဲ့လေသည်။ (သောက်ကျိုးနည်း)


ယောက်ျားနှင့် ယောက္ခမက ပြဿနာမဖြစ်စေနဲ့ဟု တားကြကာ အဒေါ်က တူကိုချစ်လို့ ပေးကမ်းလည်း တစ်ခါတစ်လေပဲဖြစ်မှာပေါ့ဟု ပြောသဖြင့် ထန်ဟဲဟွက သည်းခံလိုက်တာဖြစ်သည်။


နှစ်နှစ်တောင် သည်းခံပြီးပြီ ၊ သူမ ထပ်ပြီးသည်းမခံနိုင်တော့ဘူး ။


လင်းလန်တို့ မိသားစုက ပိုပိုပြီး အဆင်ပြေလာပြီး ဥစ္စာတွေ ပိုက်ဆံတွေက တိုးလာပေမယ့် သူမသားအတွက်ကျ နည်းနည်းလာတယ်လေ ။


လင်းလန်က ယောက္ခမနဲ့ တစ်နေကုန်စကားပြောနေတုန်းကလည်း သူမက ရှောင်ရှင်းကို အားနာနေလို့ဖြစ်လောက်တယ်ဟု ထင်နေခဲ့တာဖြစ်သည်။


 ရှောင်ရှင်းက အ၀တ်အစားအသစ် မ၀တ်ရသည်မှာ အတော်လေးကြာနေပြီဖြစ်ကြောင်း လင်းလန်အား မသိမသာပြောပြသော်လည်း လင်းလန်က ဘာတစ်ခွန်းမှ ပြန်မပြောချေ 


 ရှောင်ရှင်း မုန့်စားချင်လို့ဟုဆိုကာ လင်းလန်ထံမှ ပိုက်ဆံချေးစဥ်ကလည်း လင်းလန်က ကန်းချင်ယောင်ဆောင်ကာ သူမကို လျစ်လျူရှုခဲ့လေသည်။ 


ရှောင်၀မ်၏ အင်္ကျီများ ပိုပြီးသစ်လွင်လာကာ အသားများလည်းဖွေးလာပြီး ပိုချစ်ဖို့ကောင်းလာသည်ကို တွေ့လေလေ ထန်ဟဲဟွက သူမသားဆီကနေ လုယူသွားတယ်ဟု တွေးလေလေဖြစ်ကာ ပိုပိုပြီး စိတ်မကျေမနပ် ဖြစ်နေခဲ့လေသည် ။


သို့ဖြစ်၍ ဒေါသထွက်နေကြောင်းပြသည့်အနေဖြင့် လင်းလန်အား လျစ်လျူရှုကာ မျက်နှာမပြခဲ့ပေ ။ 


ထိုသို့လုပ်လိုက်လျှင် လင်းလန်က သူမအား လာရောက်တောင်းပန်ကာ ရှောင်ရှင်းက်ိုလည်း ပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးမှာပဲဟု တွက်ထားခဲ့တာဖြစ်၏ ။


လင်းလန်က သူမလက်နဲ့ရေးတာကို ခြေနဲ့ဖျက်မယ်လို့ ဘယ်သူက သိမှာလဲ ။


သူမဆီ လာမတောင်းပန်ရုံသာမကဘဲ သူမကိုပေးမယ့်အစား ယူလာတဲ့ နှစ်သစ်ကူးလက်ဆောင်တွေကို ပထမချွေးမလင်းကိုပဲ မိဘအိမ်ကိုပေးဖို့အတွက် လက်ဆောင်တွေအဖြစ် ပေးလိုက်တယ်တဲ့လေ ။ 


ဒါက သက်သက်မဲ့ အရှက်ခွဲတာပဲ ။


အရင်ကကြ ပေးနေပြီး အခုကြမှ ဘာလို့မပေးတာလဲ ။


ထန်ဟဲဟွက လင်းလန်နှင့် စာရင်းရှင်းမယ်ဟုတွေးပြီး  အခန်းထဲသို့ ၀င်လာလေသည်။ 


ထန်ဟဲဟွ တိုင်လိုက်သည့်အကြောင်းကို ပြောမည်အား အဖွားကြီးလင်းမှ ကာဆီးကာဆီးလုပ်နေသောကြောင့် လင်းလန်က စိတ်ညစ်နေလေ၏ ။ မူလကိုယ်၏ တူဖြစ်သူအတွက် သားသမီးများကို လျစ်လျူရှုထားခဲ့ခြင်း၏ အကျိုးဆက်များဖြစ်ပေသည်။ လင်းလန် တွေးနေရင်း မော့ကြည့်လိုက်သည့်အခါ ထန်ဟဲဟွက သူမအား ၀ါးစားမတက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


လင်းလန်က အေးတိအေးစက်ဖြင့် လှမ်းမေးလိုက်သည်


 " ဘာလဲ ငါ့ကိုများ ကိုက်စားတော့မလို့လား " 


ထန်ဟဲဟွက မဲ့ပြကာ " ရှောင်ရှင်းက အဒေါ်ဖြစ်သူကို သက်သက်မဲ့ လွမ်းနေရတာပဲ ... အဒေါ်ဖြစ်ပြီး နှစ်ကူးမုန့်ဖိုးလေးတောင် မပေးဘူး ..."


လင်းလန် : " သူက ငါ့ကိုဘယ်တုန်းက လွမ်းလို့လဲ ငါလာရင်တောင် ဒေါ်လေးလို့ခေါ်ပြီး နှုတ်မဆက်တဲ့ဟာ အိပ်မက်မက်နေတာလား " 


ထန်ဟဲဟွက နှာခေါင်းရှုံ့ကာ ပြန်လှည့်ထွက်သွားလေသည်။ 


လင်းလန် : " အဲ့လိုမျိုးဆိုတာကို သိကြပြီလား "


လင်းညီအစ်မနှစ်ယောက်သည်လည်း သဘောမကျကြပေ။ 


" ဒီယောက်မက ပိုပိုပြီးဆိုးလာတာပဲ " 


သူမတို့နှစ်ယောက်သည် ဘယ်သူကဆိုးတယ် ဘယ်သူကကောင်းတယ်ကို သေချာသိကြလေသည်။ ခင်ပွန်းမိသားစုချင်းကလည်း ရင်းနှီးကြသဖြင့် တစ်ခါတစ်ရံ စကားများပြောဖူးကြလေသည်။ စတုတ္ထညီမက အရင်လိုမဟုတ်တော့ပေ ။ ​အကြီးအကျယ် ပြောင်းလဲသွားကာ ရှောင်ရှင်းအား အထူးတလည် အရေးမပေးဘဲ သူမ၏ ကလေးများကိုသာ နှစ်နှစ်ကာကာ ချစ်ပေးနေသည့်ပုံပင် ။ 


သူမတို့လည်း ထိုသည်ကမှ အမှန်ဟုထင်သည်။ ကိုယ့်သားသမီးကိုပဲ ကောင်းကောင်းပျိုးထောင်ရမှာပေါ့ ။ သူတို့ရဲ့သားကို အဒေါ်ဖြစ်တဲ့သူကို မွေးခိုင်းချင်နေလို့ရမလား။


ယခင်က သူမတို့လည်း စတုတ္ထညီမအား ဖျောင်းဖြဖူးသော်လည်း သူမက ၀်ိညာဥ်ဖမ်းစားခံထားရသလိုပင် ဖြစ်နေကာ သားသမီးများကို မကြည်ဖြူဘဲ ရှောင်ရှင်းကိုသာ ချစ်ခင်လေသည်။ မိဘများက ကောင်းကောင်းဆိုးဆိုး သားသမီးများက ထောက်ပံ့ရမှာပဲလေဟု ဆိုသဖြင့် သူမတို့လည်း ဘာမှမပြောနိုင်ခဲ့တာဖြစ်လေသည်။


အပြင်ဘက်တွင် ကလေးများက ကြိုးခုန်နေကြသည်။ ရှောင်၀မ်က နှစ်ခါမျှ ဆက်ခုန်နေကာ နေသားကျအောင်လုပ်ပြီး အစ်ကိုအစ်မများနှင့် ဆက်ဆော့ချင်နေလေသည်။


Xxxxxxx

Part 522


ထိုအခါ ထန်ဟဲဟွ၏ တူမက ၀င်ပြောသည်။ 


" မခုန်တတ်ရင် မခုန်ပါနဲ့လား တစ်ခြားသူတွေကိုကြ ပေးမခုန်ခိုင်းဘဲနဲ့ ငါတို့ကို လာနှောင့်ယှက်မနေနဲ ဘာလို့ အဲ့လောက်တုံးရတာလဲ " 


သူမက ပြောပြောဆိုဆိုဖြင့် မိုင်ဆွေ့နှင့် ရှောင်၀မ်ကို ဆွဲဖယ်ကာ သူမက ၀င်ခုန်လေသည်။ 


အား၀မ်က မျက်နှာပျက်သွားကာ ကြိုးကိုမလွှဲပေးဘဲ ရပ်လိုက်သောကြောင့် ထိုကလေးမက ကြိုးနှင့်ခလုတ်တိုက်ကာ မြေပေါ်သို့လဲကျသွားသည်။ 


" အား နင်ဘာလုပ်တာလဲ " 


ကလေးမလေးက ဒေါသတကြီး ပြန်မေးသည်။


အား၀မ် : " ဒီကြိုးက ငါတို့ကြိုးလေ နင့်ကို လွှဲပေးစရာ အကြောင်းမရှိဘူး "


" နင်..." 


ကလေးမလေးက စိတ်ဆိုးကာ ငိုယို၍ အစ်ကိုအစ်မများက်ိုရှာရန် ထွက်ပြေးသွားတော့သည်။ 


မိုင်ဆွေ့က အား၀မ်ကို " သူမက ဒုတိယဒေါ်လေးမိသားစုက ထင်တယ် " ဟုပြောပြလိုက်သည်။ 


အား၀မ်က ဂရုမစိုက် ။ " ဘယ်မိသားစုကဖြစ်ဖြစ်ပေါ့ သူမနဲ့ ထပ်မဆော့ဘူး "


သူမက မိုင်ဆွေ့နဲ့ ရှောင်၀မ်ကို ဆွဲဖယ်ရဲရတယ်လို့ ၊ အား၀မ် သည်းမခံနိုင်ပေ ။


ကလေးငါးယောက်ကြားတွင် အား၀မ်နှင့် မိုင်ဆွေ့က အရင်းနှီးဆုံး ဖြစ်လေသည်။ ကျောင်း၌ မိုင်ဆွေ့အား စာတော် ၊ ရုပ်ချောပြီး အ၀တ်လှလှလေးတွေ ဆင်ပေးနိုင်သည့် ချမ်းသာသောမိသားစုရှိသည်ဟုဆိုကာ မနာလိုဖြစ်နေကြသော မိန်းကလေးများက ပယ်ထားကြလေသည်။ သူတို့က အား၀မ်ကိုတော့ သဘောကျကြကာ အတူဆော့ချင်ကြသည်။ ၄င်းကို အား၀မ်က သဘောပေါက်ကာ မိုင်ဆွေ့အား ပယ်ထားကြသူများကို အဖက်မလုပ်ဘဲ နောင်တွင်လည်းအတူမကစားတော့ပေ ။ သူတို့ရဲ့ အမှားကိုသိကာ မိုင်ဆွေ့ကို မတောင်းပန်မချင်း သူလုံး၀ခွင့်မလွှတ်နိုင်ပေ။ မိုင်ဆွေ့နှင့်အတူ သူပဲ အတူတူဆော့ကစားပေးမည် ဖြစ်သည်။ 


ဒုတိယဒေါ်လေးမိသားစုက ဆွေမျိုးတွေက တကယ်ပဲ ဘယ်လိုလူတွေလဲ ။ 


 ကလေးမလေးက အား၀မ်နှင့် မိုင်ဆွေ့က သူမအား အနိုင်ကျင့်ပါတယ်ဟုဆိုကာ သူမ၏ အစ်ကိုအစ်မများအား ပြန်တိုင်လေ၏ ။


အဒေါ်ဖြစ်သူက အိမ်ပြန်မလာနိုင်သောကြောင့် သူတို့အား အဖွားကြီးထန်က လွှတ်လိုက်တာဖြစ်ပြီး စုစုပေါင်းငါးယောက်ရှိလေသည်။ အဖွားဖြစ်သူပြောလိုက်သည်က အဖွားကြီးလင်း၏ မြေးများလည်း လာလည်ကာ စားသောက်ကြမည်ဖြစ်၍ သူတို့လည်း တန်းတူစားခွင့်ရှိသည်ဟုပင် ။


ဆွေမျိုးများထဲတွင် လင်းလန်တို့မိသားစုသည် ကလေးအများဆုံးရှိကာ အခြားမိသားစုများက တစ်ယောက်နှစ်ယောက်သာ ရှိကြသည်ကို ထိုကလေးများက တွေ့လိုက်လေသည်။ သူတို့က ငါးယောက်လုံးကို ခေါ်ပြီး လာပြီးတော့ စားကြသောက်ကြတာတဲ့ ၊ ရွံဖို့ကောင်းလိုက်တာ ။


ဒေါ်လေးအရင်ကပြောတော့ အဲ့အဒေါ်ကြီးက မိဘအိမ်ကိုပြန်လာရင် ကလေးတွေကို ခေါ်မလာခဲ့ဘဲ ရှောင်ရှင်းစားဖို့ မုန့်များကိုသာ ယူလာပေးတာလို့ ပြောခဲ့သော်လည်း အခုကြ ရှောင်ရှင်းဖို့ မု့န်မပါတဲ့အပြင် သူ့ကလေးတွေ အကုန်လုံးကိုပါ စားဖို့ခေါ်လာတယ်တဲ့ ။ 


အရှက်ကိုမရှိဘူး ။ 


အဖွားဖြစ်သူထံမှ ထိုသို့အတွေးများအား ရိုက်သွင်းခံထားရသောကြောင့် သူတို့ကိုယ်သူတို့ မှန်တယ်ဟုထင်နေကြကာ ထိုကလေးတစ်စုသည် မိုင်ဆွေ့နှင့် အား၀မ်ကို မုန်းတီးနေကြလေသည်။ 


အစပိုင်းတွင် စကားနာထိုးကြသော်လည်း ထိုကလေးတစ်စု၏ စကားနာထိုးခြင်းစွမ်းရည်သည် မိုင်ဆွေ့နှင့်အား၀မ်အား မယှဥ်နိုင်ကြပေ ။ 


​တိတ်ိကျကျပြောရပါက မိုင်ဆွေ့နှင့်အား၀မ်က အပေးအယူတည့်တည့် ပြောဆိုနေကြတာဖြစ်၍ စာမလုပ်ကြသော ထိုကလေးတစ်စုသည် အရှုံးနှင့် ရင်ဆိုင်လိုက်ရကာ အော်ဟစ်၍ အဒေါ်ဖြစ်သူထံ လာရောက်စားသောက်နေကြသည်ဟု ၀ိုင်းပြောကြလေသည်။ သူများမိသားစုက မြေးတွေနဲ့ ယှဥ်ပြီး လာစားသောက်နေကြတာ အရှက်ကိုမရှိကြဘူးဟုဆိုကာ ရန်တွေ့ကြသည်။ 


ယောက်ျားလေးများကလည်း ဆဲဆိုကြ၏ ။ 


မိုင်ဆွေ့က ထိိုသို့ဆဲဆိုခြင်း၌ အတွေ့အကြုံမရှိသလို အား၀မ်ကလည်း သိမ်မွေ့နူးညံ့သူဖြစ်၍ ဆဲဆိုခြင်းကို မနှစ်မြို့ပေ ။ 


ဒါပေမယ့်လည်း သူတို့ စစ်ကူခေါ်နိုင်တယ်လေ ။ 


နပန်းချရင်း အလုပ်များနေသော စန်း၀မ်အတွက် ရန်ဖြစ်စကားများခြင်းက ပုံမှန်လိုပင်ဖြစ်၏ ။ ထို့အကြောင့်လည်း တခြားမောင်နှမများက သူနှင့်အတူ အပြင်မထွက်ကြခြင်းဖြစ်သည်။ 


ထိုကလေးများက မိုင်ဆွေ့နှင့် အား၀မ်ကိုဆဲဆိုနေကြကာ ထိုနှစ်ယောက်ကပြန်မပြောနိုင်သည်ကိုတွေ့သည့်အခါ စန်း၀မ်က အပြေးရောက်လာလေသည်။ 


တစ်ဖက်လူက အနိုင်ပိုင်းနေသည်ကိုမြင်၍ စန်း၀မ်က အလျင်စလိုရောက်လာကာ စက်သေနတ်ပစ်သလို တရစပ်ပြန်ပြောလေ၏ ။ ထန်မိသားစုကလေးများကလည်း တစ်ဖန်ပြန်ပြောကြသည်။


ထိုကလေးများက သေလိုက်စမ်း ၊ နွားချေးကောင် ၊ ကောင်စုတ်တွေ အစရှိသော အဆဲစကားများကိုသာ ထပ်တစ်လဲလဲသုံးနေကြသော်လည်း စန်း၀မ်က မတူပေ ။ သူက လျှိုချွန်းချိုက်ထံမှ သင်ယူထားတာဖြစ်ပြီး ရွာထဲမှလည်း အဆဲစကားများစွာကို ကြားဖူးထား၍ အဓိပ္ပာယ်နားမလည်သော်လည်း အားပါပါဖြင့် ပြန်ဆဲတော့သည်။ 


" မင်းကိုယ်မင်း ကြည့်စမ်း မင်းရဲ့ နံရိုးသုံးချောင်းပေါ်မှာရှိနေတာက သေးအိုးတွေပဲ ပြီးတော့ နွားချေးတွေလည်း ရှိနေသေးတာတောင် တစ်ခြားသူတွေကို လာဆူနေတာလား ငါကရော သုံးရက်သုံးညပြန်မဆဲနိုင်ဘူး ထင်နေလို့လား ငါ့အစ်ကိုနဲ့ညီမကို ကောင်စုတ်တွေလို့ဆဲနေတာက ငါ့ကိုပါ ဆဲတာနဲ့အတူတူပဲကွ ငါက နှစ်တစ်ထောင် အစုတ်ပလုတ်ပဲ ဒါပေမယ့် မင်းတို့လို ကောင်စုတ်တွေကို မွေးမိတာကိုတော့ မမှတ်မိဘူးလားလို့ ဪ ငါသိပြီ မင်းတို့ရဲ့ ဘိုးဘေးရှစ်ဆက်လုံးက ငါ့ဆီမှာ ရှုံးခဲ့လို့နေမှာပေါ့ ဘယ်လိုတောင် အသုံးမကျတဲ့ကောင်တွေလဲ ဟားဟားဟားဟား...."


စန်း၀မ်၏ ခွန်းတုံ့ပြန်စကားများကြောင့် ထိုကလေးတစ်စုသည် ဆွံ့အသွားကာ မျက်နှာများရဲသည်အထိ ဒေါသထွက်လာကြပြီး ရပ်ကြည့်နေသော ကလေးတစ်စုလည်း အံ့အားသင့်သွားကြလေသည်။ စန်း၀မ်၏ ပါးစပ်ပေါက်လေးက သေးသော်လည်း ပြောလာသော စကားများ၏ အားမှာအလွန်ပြင်းလေသည်။ သို့ဖြစ်၍ ကလေးများသည် စန်း၀မ်ကဲ့သို့သောသူနှင့် ဘယ်တော့မှ ရန်ထပ်မဖြစ်ချင်တော့ဘူးဟုတွေးနေသည် တွေ့ခဲ့လျှင်တောင် ရန်မဖြစ်ဘဲ လှည့်ထွက်လာလိုက်မှာဟု တွေးထားကြလေသည်။ 


တ၀မ်က ကြားနေသည်ကို နေသားကျနေသကဲ့သို့ တစ်ချိန်လုံး မျက်နှာကိုတည်ထား၏။ ဘာပဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက် ရန်ဖြစ်နေတာလည်း မဟုတ်တော့ ၀င်ဆွဲစရာလည်း လိုမှမလိုဘဲဟာ ။ ပြီးတော့ စန်း၀မ်က အိပ်ရာထဲ၌ ကောင်းကောင်းမအိပ်ဘဲ အိပ်မက်ထဲတွင် အဆဲလေ့ကျင့်နေသည်ကိုလည်း သူထုတ်ပြောမည်မဟုတ်ပါ ။ နိုးလာသောအခါ မေးကြည့်လိုက်လျှင် စန်း၀မ်က အိပ်မက်ထဲတွင် သူ့ထက်ပိုသန်သော ဟယ်ထျန်းထို့က သူ့ကိုလုယက်နေသဖြင့် ပြန်မချနိုင်သောကြောင့် ပြန်ဆဲနေတာဟု ပြန်ဖြေတတ်လေသည်။ 


ကလေးတစ်စုသည် စန်း၀မ်ထံမှ အဆဲခံလိုက်ရသောအခါ မိန်းကလေးများက ငိုသွားကြပြီး ယောက်ျားလေးများက ၀င်လုံးကြကာ ရန်ဖြစ်ကြလေတော့သည် ။ 


ဤသည်က ကလေးများ၏ အကျင့်ပင်ဖြစ်၏ ။


 မတည့်ရင် ဆဲမယ် ၊ ဆဲလို့မနိုင်ရင် ချမယ် ၊ ချလို့မှ မနိုင်ရင် တိုင်ပြောကြပေလိမ့်မည် ။


Xxxxxx