အပိုင်း ၅၂၃-၅၂၄
Viewers 21k

Part 523


တစ်ဖက်ကကလေးကြီးများက တ၀မ်ထက်ကြီးကာ ကလေးငယ်များကလည်း စန်း၀မ်ထက်ကြီးကြလေသည်။ 


ဤသို့ဖြင့် ရန်ဖြစ်ကြရာတွင် အား၀မ်ကလည်း ၀င်ပါပြီး စန်း၀မ်က သူသင်ယူထားခါစ နပန်းချနည်းကိုသုံးကာ အခြားကလေးများကို ကိုင်ပေါက်ပစ်လေသည်။ 


အား၀မ်က ရုပ်ရည်ချောမောကာ ယဥ်ကျေးသော်လည်း မနက်ခင်းတိုင်းတွင် စန်း၀မ်နှင့်အတူလိုက်၍ လေ့ကျင့်ခန်းလုပ်​နေကြဖြစ်သည်။ ယခုရက်ပိုင်းတွင်လည်း ဟန်ချင်စုန့်နှင့်အတူ ခန္ဓာက်ိုယ်သန်မာရန်အတွက် လေ့ကျင့်ခန်းများ လုပ်ထားသူလည်းဖြစ်ပေ၏ ။ 


ယခင်က ရန်မဖြစ်ခဲ့တာနဲ့ပဲ ရန်မဖြစ်တတ်ဘူး ထင်နေတာလား....


သို့ဖြစ်ပါသောကြောင့် ရန်ပွဲထဲ ၀င်ပါတော့မည့် လိုင်ရှီနှင့် လိုင်ဖူတို့ညီအစ်ကိုအပြင် လင်းညီအစ်မမိသားစုမှ ကလေးများပါ အံ့သြကုန်ကြသည်။ 


စန်း၀မ်က လက်ခုပ်တီးကာ လှောင်ရယ်နေ၏ ။ 


" နောက်ကျရင် ကလေးအကွက်တွေ လာမသုံးနဲ့ မင်းတို့လုပ်နိုင်တာကိုပဲ လုပ်ကြစမ်းပါ "


အရွယ်ရောက်လာပြီဖြစ်ကာ နပန်းချရန်ကိုလည်း သင်ထားပြီးပြီဖြစ်၍ စန်း၀မ်က ပြဿနာများအား လက်သီးနှင့်သာ ဖြေရှင်းချင်လေသည်။ 


တ၀မ်က စန်း၀မ်ကိုရိုက်ကာ "'အားနေ ရန်ဖြစ်ချင်မနေနဲ့ " 


စန်း၀မ်က ရယ်လိုက်ကာ " သူတို့ အရင်စတာလေ " 


ထို့နောက် စန်း၀မ်က လက်နှစ်ဖက်ကိုယှက်၍ အား၀မ်ကို ပြောလေသည်။ 


" ဒီက သူရဲကောင်းက အရမ်းတော်တာပဲဗျာ ဆရာဖြစ်သူက ဘယ်သူလဲ သိပါရစေ ဘယ်ဂိုဏ်းကများလဲ..."


အား၀မ် : " .......... " 


ကလေးတစ်စု :  ......... ဒီကောင်ကတော့ 


" ၀ါးးးးးးးးးးးးး " တစ်ဖက်မှ ကလေးများသည် ငိုယိုကာ ထန်ဟဲဟွအား တိုင်ပြောရန် ပြေးထွက်သွားကြလေသည် ။


ထန်ဟဲဟွက လင်းလန်အား ဒေါသထွက်နေကာ တူ၊ တူမများ အနိုင်ကျင့်ခံရသည်ဟု ကြားသောအခါ ချက်ချင်း အပြင်သို့ထွက်သွားပြီးနောက် အပြင်တွင် စန်း၀မ်က ခါးထောက်ကာ သူမ၏ တူနှင့် တူမများကို လှောင်ရယ်နေသည်အား တွေ့သွားလေသည်။ 


ထန်ဟဲဟွက ဒေါသထွက်သွားကာ ကျိန်ဆဲတော့သည်။


 " ဒီကလေးက ဘယ်က မိမဆုံးမ ဖမဆုံးမလေးလဲ လိပ်တွေလို မွေးကတည်းက မိဘတွေဆီကနေ သင်ကြားပေးတာကို မခံရလို့များလား နွားချေးလိုဟာတွေက ငါ့အိမ်ကိုလာပြီး ရမ်းကားနေကြတာလား " 


ကလေးများ ရန်ဖြစ်သည်ကို လူကြီးများက ၀င်မစွက်ဖက်သင့်သော်ငြား လင်းလန်အား အငြှိုးရှိနေသဖြင့် ထန်ဟဲဟွက ဤအခွင့်အရေးကိုသုံးကာ ပေါက်ကွဲနေခြင်းဖြစ်၏ ။


လင်းလန်၏ ကလေးများက မကျေနပ်သော်လည်း အသက်အရွယ်မတူသဖြင့် ပြန်ရန်မဖြစ်ကြပေ ။ ထန်ဟဲဟွက်ို ပြန်ဆဲဆိုကာ ရိုက်နှက်၍လည်း မဖြစ်သဖြင့် မိဘများကို ပြန်တိုင်ကာ လူကြီးများအချင်းချင်း ဖြေရှင်းခိုင်းချင်လေသည်။ 


ထို့ကြောင့် စန်း၀မ်က အိမ်ထဲသို့ ပြေး၀င်မည်အလုပ်တွင် မြောက်ဘက်မှ လင်းမိန်တို့မိသားစုလာနေသည်ကိုတွေ့လိုက်ရ၍ " တတိယဒေါ်လေး အားလုံးကို ကြားလိုက်တယ်မလား " ဟုလှမ်းအော်လိုက်လေသည် ။


မီးလောင်ရာလေပင့်သကဲ့သို့ဖြစ်သွားကာ လင်းမိန်က သူမလက်ထဲမှ ပစ္စည်းများကို ကျန်းယောင်ကျူး၏လက်ထဲသို့ ထိုးထည့်ပေးပြီး ရှေ့သို့ထွက်သွားလေသည်။


လင်းမိန် ဘာလုပ်တော့မည်ကို သိနေသဖြင့် ကျန်းယောင်ကျူးက  " မိန်းမရေ စိတ်လျှော့...." ဟုပြောနေရုံရှိသေးသော်လည်း စကားပင် မဆုံးသေးခင်တွင် ဖြန်းခနဲမြည်သံကို ကြားလိုက်ကြရလေ၏ ။ 


လင်းမိန်က ထန်ဟဲဟွကို ပါးရိုက်လိုက်ခြင်းဖြစ်ပြီး ရန်တွေ့စကားကိုပါ တစ်ဆက်တည်းဆက်ပြောလေသည်။


 " နင်ကမှ အမေကမွေးပြီး အမေက မသွန်သင် မဆုံးမထားတဲ့ဟာဟဲ့ "


ကျန်းယောင်ကျူး : မင်းကို စိတ်လျှော့ဖို့ပြောတာလေ ပိုကျယ်အောင် ရိုက်ခိုင်းတာမဟုတ်ဘူးကွ တရုတ်နှစ်သစ်ကူးလေကွာ မင်းတို့ ပြဇာတ်မကရင်တောင် ပြဇာတ်တွေကို ကကြမှာပဲလို့


ထန်ဟဲဟွက ကြောင်သွားကာ လင်းမိန်အား မမြင်ဖူးသည့်သူလို​ ကြည့်နေ၏။ 


စန်း၀မ်၏ မျက်၀န်းနက်လေးများက တောက်ပသွားလေသည် ။ မားမားနဲ့ တတိယဒေါ်လေးက တကယ်ကိုပဲ အမွှာတွေ ပီသချက်ပဲ ။ 


" နင် နင် ငါ့ကိုရိုက်တယ် "


 ထန်ဟဲဟွက အသိပြန်ကပ်သွားကာ လင်းမိန်ကို ပြန်ချလေသည်။ 


ရန်ဖြစ်ရမည်ကို လင်းမိန်က ကြောက်နေမှာတဲ့လား ။ ရန်ဖြစ်ချင်နေလို့ တစ်ဖက်လူက ပြန်မလုပ်မှာကိုတောင် စိုးရိမ်နေတာ ။ 


လင်းမိန်သည် ယခင်က အမေ့မျက်နှာကိုထောက်ပြီး သည်းခံနေခဲ့တာဖြစ်သည် ။ လင်းလန်က ကလေးများကိုခေါ်ကာ သူမအိမ်သို့ လာမည်ကိုသာ စောင့်နေခဲ့ကာ မိဘအိမ်သို့ ပြန်မလာချင်ခဲ့ပေ ။ 


ကျန်းယောင်ကျူးနှင့် အဖွားကြီးကျန်းတို့ အကြာကြီးဖျောင်းဖျနေ၍သာ အမေဖြစ်သူနှင့် လင်းလန်မျက်နှာကိုထောက်၍ လင်းမိန်က ကလေးများကိုခေါ်ပြီး ရောက်လာတာဖြစ်သည်။ သို့သော်လည်း ရောက်ရောက်ချင်းတွင် ထန်ဟဲဟွက အား၀မ်နှင့်စန်း၀မ်တို့ကို ဆူနေသည်နှင့် ကြုံလိုက်ရလေသည် ။


လင်းမိန်က အား၀မ်ကို အသင့်လျော်ဆုံးသော သားမက်လောင်းလေးအဖြစ် မြင်သောကြောင့် အား၀မ်အား ဘယ်လိုနေထိုင်ရမည်ကို ဆူပူနေသည်အား မြင်သောအခါ သည်းမခံနိုင်ဘဲ ပါးရိုက်လိုက်မိတာဖြစ်သည်။ အမျိုးပဲတော်နေနေ သူ့မှာ အစ်ကိုခုနစ်ယောက်ရှစ်ယောက်လောက်ပဲ ရှိနေနေ လင်းမိန် ဂရုမစိုက်ပေ ။ 


လာခဲ့စမ်းပါ ။


ထန်ဟဲဟွက လင်းမိန်ကို ဆံပင်လှမ်းဆွဲသော်လည်း လင်းမိန်က အလုပ်လုပ်ရလွယ်ကူစေရန် ဆံပင်တိုပဲထားသဖြင့် ဆွဲ၍မရလိုက် ။ ထိုအစား ကျစ်ဆံမြှီးကျစ်ထားသည့် ထန်ဟဲဟွကိုသာ လင်းမိန်က ဆွဲလိုက်နိုင်လေသည်။ 


လင်းမိန်က ထန်ဟဲဟွ၏ ဆံပင်ကို လက်တစ်ဖက်ဖြင့်ဆွဲထားကာ အလုပ်လုပ်ရင်း သန်မာလာသော ကျန်လက်တစ်ဖက်ဖြင့် တဖြောင်းဖြောင်းမြည်အောင် ရိုက်နေလေ၏။ 


" နင်ကမှ အရှက်မရှိတဲ့ မြေခွေးလိုမိန်းမ ၊ နင့်ကိုယ်နင် ဘာထင်နေလဲ ။ နင့်လောက် ယုတ်မာတာ နင်ပဲရှိတယ် ။ ငါတို့က ဘာကိုအားနာနေရမှာလဲ ။ မသုံးရက်လို့ ထားခဲ့တာတွေကို ယူသုံးလိုက် ၊ ယူစားလိုက် လုပ်ရုံနဲ့ အားမရလို့ မိဘအိမ်ကိုတောင် ပြန်ပို့လိုက်သေးတယ် ။ အရှက်မရှိဘူးလား ။ ကျေးဇူးတင်ပါတယ် တစ်ခွန်းမပြောဘဲ ခွင့်ပြုချက်လည်း မရှိဘဲ ယူသုံးလိုက် ယူစားလိုက်လုပ်နေတာလေ ၊ ဟမ် ။ ငါတို့က မပေးပြန်ရင်လည်း မျက်နှာရှစ်ခေါက်ချိုးနဲ့နေနေပြီးတော့ ။ ဘယ်သူတွေကိုလာပြီး မိမဆုံးမ ဖမဆုံမးလို့ လာကျိန်ဆဲနေတာလဲ ။ နင်ကသာ ထန်အိမ်ကိုပြန်ပြီး နင့်မိဘတွေက ဘာတွေသင်ပေးလိုက်လဲလို့ ပြန်မေးရမယ့်လူဟဲ့ ။ "


နှစ်သစ်ကူး ဂါရ၀ပြုရန် လာကြသော အဖွားကြီးလင်းတို့ မိသားစုမှ သားနှစ်ယောက်သည် အံ့အားသင့်ကုန်ကြသည်။ သူတို့တွေက ဖော်ရွေကာ တည်ငြိမ်သူများဖြစ်၍ ရန်ဖြစ်ဖို့မဆိုထားနှင့် ၊ စကားများဖူးသူများပင် မဟုတ်သောကြောင့် အခြားသူများ ရန်ဖြစ်နေသည်ကိုလည်း ဖျန်ဖြေတတ်သူများမဟုတ်ပေ ။ 


လင်းညီအစ်မ၏ ကလေးများကလည်း လူကြီးများကို ပြေးခေါ်ရမည်ကို သတိမရကြ ။ လင်းလန်၏ကလေးများက လူကြီးများရန်ဖြစ်နေသည်ကိုကြည့်ကာ အဒေါ်ဖြစ်သူဘက်မှ ကူညီပေးရန် လိုအပ်လာပါက ၀င်ချပစ်ကြမည်ဟု တွေးနေကြလေ၏။ 


ထန်ဟဲဟွတို့ မိဘအိမ်မှ တူ ၊ တူမများကသာ အိမ်ထဲသို့ အော်ဟစ်ကာ ၀င်သွားကြပြီး လူကြီးများကို တိုင်ကြလေသည်။ 


Xxxxxx

Part 524


အိမ်နီးချင်းများကလည်း ဘာတွေဖြစ်နေသည်ကို သိချင်၍ လူစုလာကုန်ကြသည်။ မိဘအိမ်ထဲတောင် မ၀င်ရသေးဘဲ အ၀မှာပဲ ရန်ဖြစ်နေကြတာလား ။ 


မကြာခင်မှာပင်၊ အဖွားကြီးလင်းက သမီးများချွေးမများနှင့်အတူ ထွက်လာလေသည် ။ ရွာသားများရှေ့၌ အရှက်ကွဲမည်စိုး၍ ထန်ဟဲဟွနှင့် လင်းမိန်အား အိမ်ထဲသို့၀င်ပြီး စကားကောင်းကောင်းပြောကြရန် ဖျောင်းဖြလိုက်သည်။ 


အိမ်ရှေ့ခန်းမှ ဒုတိယသားက သူ့မိန်းမ လင်းမိန်ထံမှ အရိုက်ခံရသည်ကို ကြားသောအခါ စိုးရိမ်တကြီး ပြေးထွက်မည်လုပ်သည်။ 


စကားသိပ်မပြောခဲ့သော ဟန်ချင်စုန့်က ထိုအခါ ထပြောလေသည်။ 


" အမျိုးသမီးတွေ ရန်ဖြစ်နေတာကို သွားပြီး ဘာလုပ်မှာလဲ "


ကျန်းယောင်ကျူးကလည်း ၀င်ပြောသည်။ 


" ယောက်ဖပြောတာအမှန်ပဲ မိန်းကလေးတွေ ရန်ဖြစ်နေတာကို ယောက်ျားလေးတွေက ဘာသွားလုပ်မလဲ ၀င်ပြီးရန်ဖြစ်မလို့လား လူကြီးလူကောင်းတွေက လက်မပါရဘူးလေ မိန်းကလေးတွေလို လုပ်ချင်တိုင်းလုပ်လို့ မဖြစ်ဘူး "


ဒုတိယအစ်ကိုလင်းက ဒေါသတကြီးပြန်ပြော၏။


 " ယောက်ဖ ဘာစကား​ပြောတာလဲ မင်းမိန်းမက ငါ့မိန်းမကို ရိုက်နေတာလေ မင်းကတော့ ဒီလိုပဲပြောမှာပေါ့ "


ကျန်းယောင်ကျူး : " မဟုတ်သေးဘူးလေ ဒုတိယယောက်ဖ ကျွန်တော့်မိန်းမက ယောက်ဖရဲ့ညီမပဲလေ ညီမဖြစ်သူကို ရိုက်မလို့လား သူက ယောက်ဖကို အချစ်ဆုံးဖြစ်ခဲ့တာလေ " 


ထိုအခါ ဒုတိယအစ်ကိုလင်းက ရှက်လည်းရှက် ဒေါသလည်းထွက် ဖြစ်သွားလေသည် ။


 " မင်းက ငါ့ညီမကို မှီခိုပြီး ထိုင်စားနေတဲ့ကောင်ပဲ "


ကျန်းယောင်ကျူးက စိတ်မဆိုး ။ သူက သူ့မိန်းမအပေါ် မှီခိုနေတယ်ဆိုတာ အမှန်ပဲလေ ။ ဒါကြောင့်ပဲ သူမကို လက်ထပ်ထားတာမဟုတ်ဘူးလား ၊ ဘယ်သူက မသိလို့လဲ ။ 


ကျန်းယောင်ကျူးက ပြုံးလျက်ပြန်ပြောလိုက်သည် ။


 " ဟုတ်ပါတယ် ခင်ဗျားညီမက ခင်ဗျားတို့အတွက် အဖိုးတန်တာပေါ့ ဒါပေမယ့် ခင်ဗျားကလည်း အတူတူပဲလေ ဒုတိယယောက်ဖ ခင်ဗျားကိုလည်း မိဘတွေ အစ်ကိုတွေက ကျွေးမွေးနေရတာပဲ မဟုတ်ဘူးလား "


ဒုတိယအစ်ကိုလင်းက မျက်နှာရဲတက်လာကာ ဘာမှပြန်မပြောနိုင်တော့ချေ ။ သူသည် ကလေးဘ၀ကတည်းက ချူချာကာ စာလည်းမတတ်အလုပ်လည်းမလုပ်နိုင်ပဲ မိသားစုထဲမှ အလုပ်အများစုကို အဖိုးကြီးလင်းနှင့် အစ်ကိုကြီးလင်းတို့သာ လုပ်ခဲ့ရတာဖြစ်၏။ သူကို ထိုင်စားနေတဲ့သူလို့ပြောသည်က မမှားပေ ။ 


ဒုတိယအစ်ကိုလင်းသည် အလိုလိုက်ခံထားရသော သားတစ်ယောက်ဖြစ်သဖြင့် အမြဲတစေ အလွယ်တကူနေလာခဲ့ရသူဖြစ်ကာ လေလုံးသာကြီးပြီး တကယ့်တကယ် တိုက်ခိုက်ရမည်ဆိုပါက အဖြစ်မရှိသူဖြစ်၏။ ကျန်းယောင်ကျူးက ရန်စကားပြောသော်လည်း ထန်ဟဲဟွ၏ မိဘအိမ်မှဆွေမျိုးများက တတိယညီမကို တိုင်ကြားသည့်ကိစ္စကိုပြန်တွေးမိကာ မျက်နှာပျက်နေပြီး ဘာမှခွန်းတုံ့မပြန်နိုင် ဖြစ်လို့နေသည်။ 


အစ်ကိုကြီးလင်းက ညီနှင့်ယောက်ဖကြား၀င်ကာ လူစုခွဲလိုက်သည် ။ 


အစ်ကိုကြီးလင်းကလည်း ဒုတိယခယ်မ၏ မိသားစုက တတိယညီမ၏ စီးပွားရေးအား တိုင်ကြားခဲ့ခြင်းကို သိထားသည် ။ 


သူတို့ လင်မယား(ဒုတိယလင်မယား)က မိဘများရှေ့၌ ​ကြိမ်ဖန်များစွာ ပြောခဲ့သော်လည်း အမေဖြစ်သူက လက်မခံခဲ့ ။ ထို့နောက် တတိယညီမဖြစ်သူကို ပြောပေးရန် အဖေဖြစ်သူအား ပြောခိုင်းပြန်ကာ တတိယညီမက ငြင်းဆိုလိုက်သည့်အခါ ထိုလင်မယားက တစ်နေ့လုံး စိတ်ဆ်ိုးသွားကြလေသည်။ 


ထို့အပြင် ဒုတိယလင်မယားမိသားစုကသာ ပြဿနာစရှာတာဖြစ်ရမည်ဟု အစ်ကိုကြီးလင်းက ခန့်မှန်းမိသည်။ ယခင်ကဆို စတုတ္ထညီမက တတိယညီမနှင့်ယှဥ်ပြိုင်ကာ သူတို့ရသမျှကို အမေဖြစ်သူထံ ပြန်ပေးတတ်တာဖြစ်သည်။ အမေက ပထမကငြင်းခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံပေးလေ၏။ အကြောင်းမှာ စတုတ္ထညီမက သူမလက်ထဲတွင် ဘာမှမရှိသည်ကိုသိသော်လည်း သူမအား ဆင်းရဲတယ် ၊ တန်ဖိုးမရှိဘူးဟု အပြောခံရသည်ကို မုန်းသဖြင့် မိဘအိမ်သို့ ပြန်လာတိုင်း ပစ္စည်းတစ်ခုမဟုတ် တစ်ခုယူလာတတ်သောကြောင့်ဖြစ်သည် ။ 


မူလတွင် အမေက ထိုပစ္စည်းများကို လက်ခံထားပေးကာ သမီးဖြစ်သူလိုအပ်ပါက ပြန်ပေးနိုင်ရန်ဟုတွေး၍ သိမ်းပေးထားတာဖြစ်သည် ။ ရည်ရွယ်ချက်ကကောင်းသော်လည်း လင်းလန်နှင့် ဒုတိယခယ်မက ရှောင်ရှင်းကို အချစ်ဆုံးဖြစ်သဖြင့် သူမ ယူလာသမျှအားလုံးက အဆုံးတွင် ထိုကလေးအတွက်သာဖြစ်သွားလေသည်။ နောက်တွင်လည်း ဒုတိယခယ်မ၏ သွေးဆောင်မှုအောက်တွင် လင်းလန်က ပိုဆိုးလာကာ သူမယူလာသမျှသည် ဒုတိယမိသားစုထံသာ ရောက်သွားတက်လေသည်။ 


အမှန်တိုင်းပြောရပါက ထိုသည်က မကောင်းပါသော်လည်း ဒုတိယခယ်မက အမြဲတမ်းရနေသည်ကို အကျင့်ပါသွားကာ ယခင်တစ်ခါက သူမကို မပေးခဲ့သည်အား သည်းညည်းမခံနိုင် ဖြစ်သွားလေသည်။


ပြောရလျှင် လင်းလန်က ပထမချွေးမလင်းကိုသာ နှစ်ကူးလက်ဆောင်ပေးခဲ့ကာ အသားများလည်းပါပြီး အ၀တ်များလည်းပါသောကြောင့် အတော်လေး တန်ဖိုးရှိသည်ဟု ဆိုရပေမည်။ သို့သော်လည်း ဒုတိယချွေးမက သူမကို မပေးသဖြင့် ထိုနေ့ညက အိမ်၌ပြဿာနာရှာခဲ့သေးလေသည် ။ ထိုမှစကာ စိတ်ဆိုးနေပြီး ယခုတရုတ်နှစ်ကူးတိုင်သည်အထိ စိတ်ကောက်နေလေ၏။


သို့သော်လည်း အစ်ကိုကြီးလင်းက မိန်းမဖြစ်သူကို သေချာနားလည်ထားသူဖြစ်သည်။ သူမက မိသားစုအတွင်း၌ ခွဲဝေစရာများကို မိသားစုဦးရေအပေါ်မူတည်၍ ဝေခြမ်းပေးတတ်ကာ ဘက်လိုက်ခြင်းလည်းမရှိတက်သဖြင့် မိဘများကလည်း လက်ခံပြီး ပထမချွေးမကိုသာ အိမ်အလုပ်များကို ယုံယုံကြည်ကြည် အပ်ထားလေသည်။ 


ညီမများက အိမ်ကိုပြန်ပေးသမျှက်ိုလည်း အမေက ချွေးမများကို ပြန်ခွဲပေးတတ်သည် ။ ထိုသည်ကို ဒုတိယခယ်မက ရနေကြဖြစ်သဖြင့် သူမ ရကိုရရမည့်ဝေစုအဖြစ် မှတ်ယူသွားကာ ရလေလိုလေ အိုတစ္ဆေဖြစ်လာလေသည်။ 


ဒါပေါ့ ၊ အစ်ကိုကြီးလင်းကတော့ သူ့မိန်းမကိုပဲ ထောက်ခံတာပေါ့ ။


လင်းမိသားစု၌ ချွေးမများကို ချစ်ချစ်ခင်ခင် ဆက်ဆံပေးကာ ပထမချွေးမဖြစ်သူကို တစ်လေးတစ်စား အရေးပေးဆက်ဆံတတ်ကြသည့် အစဥ်အလာရှိသည်။


လင်းလန်တို့မိသားစုသည် သမီးများထက် သားများကို အရေးပေးကာ သားအကြီးဆုံးတို့မိသားစုကို အရေးအပေးဆုံး အလေးထားဆုံးဖြစ်လေသည်။ ပထမချွေးမက အိမ်၏ပင်တိုင်တစ်ပိုင်းဖြစ်သည်ဟု ဆိုရပေမည် ။ နေ့တိုင်းဆိုသလို အဖိုးကြီးလင်းနှင့် ပထမသားသည် ဆွေးနွေးတိုင်ပင်ကြတတ်ပြီး တပ်တွင်းအစည်းအဝေးများဆိုလည်း သားကြီးကို တက်ခွင့်ပေးထားလေသည်။ မိဘများကိုယ်စား သားကြီးကိုသာ လုပ်ပိုင်ခွင့်ပေးထားသဖြင့် လင်းမိသားစု၏ ကိုယ်စားပြုများသည် အစ်ကိုကြီးလင်းနှင့် ပထမချွေးမလင်းတို့သာ ဖြစ်လေသည်။ 


သို့ဖြစ်၍ ဒုတိယခယ်မက မကျေနပ်လျှင်တောင် ပထမချွေးမလင်းနှင့် အစ်ကိုကြီးလင်းတို့ကို တိုက်ရိုက်ပြန်မ​ပြောရဲပေ ။


အစ်ကိုကြီးလင်းကလည်း ကိစ္စများကို အကျယ်တ၀ံ့မဖြစ်စေချင်သဖြင့် ဤသို့ဆိုလိုက်သည်။


 " တတိယယောက်ဖပြောတာ မှန်တယ် မိန်းမသားတွေကိစ္စကို သူတို့အချင်းချင်းပဲ ဖြေရှင်းပါစေ မဟုတ်ရင် ငါတို့ပါ သွား၀င်ပါပြီး ရန်ဖြစ်ကြမလို့လား "


ကျန်းယောင်ကျူးက ပြုံးသွားလေ၏။ တကယ်ပဲ ဒုတိယယောက်ဖက ရန်ထဖြစ်ပါစေဟု ဆုတောင်းနေမိသည်။ အဲ့လိုဖြစ်ရင် ခေါင်းဆောင်ဟန်က မိန်းမဘက်ကပဲ ပါမှာဆိုတော့ ထန်မိသားစုကလူတွေ လာရင်တောင် ရန်ဖြစ်ရဲကြပါ့မလား ။ 


ကျန်းယောင်ကျူးက ထိုသို့တွေးကာ စိတ်လှုပ်ရှားလာပြီး ဟန်ချင်စုန့်အား မျှော်လင့်တကြီး ကြည့်နေလေ၏ ။


ဟန်ချင်စုန့် : " ......... "


Xxxxxxxx