အပိုင်း ၅၂၅-၅၂၆
Viewers 23k

Part 525


ဒုတိယအစ်ကိုလင်းက ပြတင်းပေါက်မှနေ အပြင်ဘက်ရှိ မျက်နှာကြီးရောင်ကိုင်းနေသော ဇနီးဖြစ်သူကို လှမ်းကြည့်နေသည်။ ထန်ဟဲဟွက သူမတို့မိသားစု၌ အငယ်ဆုံးဖြစ်ကာ သူ့ထက်ပင် အလိုလိုက်ခံထားရသူဖြစ်သည် ။ အစ်ကိုတွေ ဦးလေးတွေများစွာရှိသောကြောင့် သူမအား အနိုင်ကျင့်၀ံ့သူမရှိခဲ့ပေ ။ အခုတော့ တတိယညီမထံမှ ၀က်ခေါင်းဖြစ်အောင် အရိုက်ခံနေရလေသည် ။ ထန်မိသားစုက လူတွေရောက်လာရင် အဲ့လိုဆက်ရိုက်နေနိုင်ဦးမလား သူ သိချင်မိသား ။ 


ဒုတိယအစ်က်ိုလင်းက ကျန်းယောင်ကျူးအား ' ပြေးရဲရင် ပြေးကြည့်စမ်း လူပျော့လူညံ့ကောင် ' ဟူသည့်အကြည့်ဖြင့် ကြည့်လေသည်။ 


ကျန်းယောင်ကျူးက ယောက်ဖဖြစ်သူ၏ စိန်ခေါ်သည့်အကြည့်ကို သဘောပေါက်သည်။ သူ့ကို လူပျော့လူညံ့ကောင်လို့ ခေါ်နေတာမလား ။ သူလည်း ဒုတိယအစ်ကိုလင်းတို့မိသားစုကို သည်းမခံနိုင်တော့ဘူး ။ သူတို့ကရော မိဘအိမ်မှာ ခိုကပ်ပြီးနေတာ မဟုတ်လို့လား။ 


ကိုယ့်ကိုယ်ကို မသိကြဘူးလား ။ လင်မယားနှစ်ယောက်လုံးက ထန်မိသားစုအိမ်နဲ့ အစ်ကိုကြီးလင်းတို့မိသားစုလုပ်စာကို ထိုင်စားနေကြပြီးတော့ ။ သူတို့ကိုယ်သူတို့ကြ ဖူးဖူးမှုတ်ထားကြပြီး တစ်ခြားလူတွေကိုကျ မြက်လိုချနင်းနေချင်ကြတာလား။ 


အဲ့လို ရမလား။ 


ထန်မိသားစုကနေပြီးတော့ လင်းမိန်ရဲ့ စီးပွားရေးကိုတိုင်လိုက်တဲ့ကိစ္စလည်း ရှိသေးတယ် ။ ဘာမှမဖြစ်သွားပေမယ့်လည်း လင်းမိန်က အတော်ကြာတဲ့အထိ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရကာ လင်းလန်ကိုရင်ဖွင့်ပြီးမှသာ စိတ်အခြေအနေပြန်ကောင်းလာတာဖြစ်၏။ လင်းမိန်က အမေဖြစ်သူရဲ့ မျက်နှာကိုထောက်ကာ သည်းခံနေခဲ့တာဖြစ်သည်။ 


ဒုတိယအစ်ကိုလင်းက တကယ်မကောင်းတဲ့လူဟု ကျန်းယောင်ကျူးထင်သည်။ မြေခွေးလိုမိန်းမကိုယူထားပြီး ကိုယ့်မိန်းမအကြောင်းကိုယ်သေချာမသိဘဲနဲ့ သူများမိန်းမကို ရိုက်ချင်နေသေးတာလား ။ သူ့မိန်းမက ခယ်မလေးလောက် မတော်ပေမယ့်လည်း အဲ့လို ဆက်ဆံခံရစရာ အကြောင်းအရင်းမရှိပေ ။ 


ထို့နောက် ကျန်းယောင်ကျူးက ဟန်ချင်စုန့်အား စိတ်လှုပ်ရှားနေဟန်ဖြင့် လှည့်ကြည့်ပြန်သည်။ ခဏနေလို့ ရန်ဖြစ်ကြပြီဆိုရင် ယောက်ဖကိုပဲ အားကိုးမယ်နော် ။ 


ဟန်ချင်စုန့် : " ........ " 


ဟန်ချင်စုန့်က ဘာစကားမှမပြောသော်လည်း အခန်းထဲရှိ ယောက်ျားတစ်စုသည် ဟန်ချင်စုန့်အား လျစ်လျူရှုမထားရဲကြ ။ ဟန်အိုက်ကော၏ အရှိအ၀ါသည် တစ်ချိန်လုံး ကြမ်းကြမ်းတမ်းတမ်းပြောတတ်သူများကိုပင် သိမ်မွေ့သွားအောင် ပြုလုပ်နိုင်စွမ်းရှိ၏။


သို့ဖြစ်ပါသောကြောင့် ဒုတိယအစ်ကိုလင်းသည် မကျေနပ်နေသော်လည်း ဘာမှမပြောနိုင်ဖြစ်နေလေ၏။ ထို့ကြောင့် မျက်နှာပျက်လျက်သားဖြင့် အပြင်ဘက်ရှိ ထန်ဟဲဟွကို ငေးကြည့်ရုံသာကြည့်နေနိုင်ကာ ဘာမှမလုပ်ပေးနိုင်ချေ ။

 . . . 


အဖွားကြီးလင်းနှင့် အခြားသူများက ထန်ဟဲဟွနှင့် လင်းမိန်အား ခြံ၀င်းထဲသို့ ဆွဲခေါ်လာခဲ့လေသည်။ 


ယခုအခါ လင်းလန် ၊ လင်းမိန်နှင့် ကလေးများက တစ်ဖက်ဖြစ်ကာ ထန်ဟဲဟွနှင့် မိဘအိမ်ဘက်မှ တူ၊ တူမများကတစ်ဖက်ဖြစ်နေပြီး ပထမချွေးမလင်းကအလယ်တွင်ရှိနေကာ ရန်ဆက်ဖြစ်မည်ကို တားထားလေသည်။ 


ထန်ဟဲဟွက အော်ဟစ်ငိုယိုနေ၏။


 "  ကျွန်မ သည်းမခံနိုင်တော့ဘူး လင်းလဲ့ရွှေ ရှင်က ဘယ်နားသွားသေနေတာလဲ ရှင့်မိန်းမက သေအောင် အရိုက်ခံနေရတာကိုတောင် ထွက်မလာဘူးလား ရှင့်ညီမတွေက ကျွန်မကို ပေါင်းပြီး အနိုင်ကျင့်နေတာက ကျွန်မတို့မိသားစုတစ်ခုလုံးကို စိန်ခေါ်လိုက်တာပဲနော် နင်တို့အားလုံး စောင့်နေလိုက် ငါ့အိမ်ကိုပြန်ပြီး အမေတို့ကိုသွားခေါ်လာခဲ့မှ ထွက်မပြေးကြနဲ့ "


ထိုသည်က ကလေးများရန်ဖြစ်လျှင် မနိုင်သည့်အခါ လူကြီးများကို ပြန်တိုင်မည်ဟု ပြောနေသည့်အတိုင်းပင် ဖြစ်၏။ 


ပထမချွေးမလင်းတို့က နှစ်သစ်ကူးမှာ ပြဿနာများမဖြစ်ရအောင် အဲ့လိုမလုပ်ဖို့ရန် ဖျောင်းဖြလေသည်။


 " ကလေးတွေ ရန်ဖြစ်တာကို လူကြီးတွေက ၀င်ပါပြီး ဘာလုပ်ချင်နေကြတာလဲ ဒီလိုကိစ္စလေးနဲ့တော့ မိဘအိမ်ကိုပြန်တိုင်ဖို့အထိ မလိုဘူးလေ "


တကယ်က သူမတို့လည်း သိထားသည် ။ ဒုတိယသားတို့ လင်မယားက ယူပြီးကတည်းက ရန်ခဏခဏဖြစ်တက်ကာ ဖြစ်တိုင်းလည်း ထန်ဟဲဟွက မိဘအိမ်သို့ ပြန်သွားတတ်သဖြင့် ဒုတိယအစ်ကိုလင်းက ထန်အိမ်သို့လိုက်ကာ ပြန်ခေါ်ရလေသည်။ 


ထိုမှစကာ နောက်ပိုင်းတွင် ဒုတိယအစ်ကိုလင်းသည် မယားပြောသမျှ လက်ခံတတ်သွားလေသည်။ မိန်းမဖြစ်သူက မိဘအိမ်သို့ပြန်မည်ဟု ပြောလိုက်သည်နှင့် ချက်ချင်းအရှုံးပေးတတ်လာသည်။ တကယ့်တကယ်က အဲ့လိုမလုပ်သင့်ကြောင်း ပြောပြကာ ဖြေရှင်းရမည်ကို အလိုတူအလိုပါဖြင့် မိန်းမဖြစ်သူကို အလိုလိုက်ထားသောကြောင့် ယခုလိုကိစ္စများဖြစ်လာခြင်းပင်။ 


အဖွားကြီးလင်းကလည်း ထန်ဟဲဟွ၏ စိတ်သဘောထားကိုသိသဖြင့် သူမအား တော်ရုံဆို ဘာမှမပြောဘဲ လွှတ်ထားပေးခဲ့သောကြောင့် ထန်ဟဲဟွအား ယခုဆို ဘယ်သူမှမနိုင်တော့ပေ ။ 


အဖွားကြီးလင်းက ကိစ္စများ အကျယ့်အကျယ်ဖြစ်မည်ကို မလိုလား ။ မိသားစုပြဿနာကြောင့် လူအများကဲ့ရဲ့သည်ကို ခံရမည်ကိုစိုးရိမ်နေလေသည်။ 


သို့ဖြစ်၍ တတိယသမီးဖြစ်သူကိုသာ အပြစ်ပေးသည့်အနေဖြင့် ရိုက်လိုက်လေသည်။ သားနဲ့ ချွေးမရန်ဖြစ်ရင် သားဖြစ်သူကိုသာဆူကာ ချွေးမနဲ့ သမီးရန်ဖြစ်ပါကလည်း သမီးဖြစ်သူကိုသာ ဆုံးမမည်ဟူသည်က အဖွားကြီးလင်း၏ ခံယူချက်ပင်ဖြစ်သည် ။ သူမ၏ သားသမီးများသာဖြစ်သဖြင့် နောက်မှ အကျိုးအကြောင်းပြောလိုက်ရင် ရမှာပဲဟု တွေးထားတာဖြစ်လောက်၏။


ချွေးမဖြစ်သူကို ရိုက်၍မဖြစ်ချေ ။ အဲ့လိုသာဆို ယောက္ခမက ချွေးမကို အနိုင်ကျင့်နေတယ်ဆိုပြီး ဖြစ်မသွားပေဘူးလား ။ အခန့်မသင့်ရင် မိဘအိမ်ကိုပြန်ပြီး ယောက္ခမက နှိပ်စက်နေတယ်လို့တိုင်ရင် အခက်တွေ့မှာပေါ့ ။ 


လင်းမိန်က " အမေ ဘာလို့ သမီးကိုရိုက်ရတာလဲ ဘယ်သူကမှားမှန်းသိလို့ သမီးကိုလာရိုက်နေတာလား " ဟုပြန်အော်၏။ 


အဖွားကြီးလင်းက လူပုံအလယ်တွင် သမီးဖြစ်သူထံမှ အအော်ခံလိုက်ရ၍ ရှက်သွားကာ ဒေါသထွက်ဟန်ဆောင်၍ ပြန်အော်သည်။


 " ဘယ်သူမှားမှား ဘယ်သူမှန်မှန် လက်ပါဖို့အထိ လိုလို့လား "


လင်းမိန် : " ဒါဆို အမေကရော ဘာလို့ စကားနဲ့မပြောဘဲ လက်ပါနေတာလဲ "


လင်းမိန်ရော လင်းလန်ပါ အဖွားကြီးလင်း၏ အတွေးများကို သဘောပေါက်သည်။ ထိုသည်က အဖွားကြီးလင်းအတွက် မျိုးရိုးစဥ်ဆက်သင်ကြားပေးလာမှုအရ ကလေးဘ၀တည်းမှ စိတ်ထဲစွဲနေသည့် အတွေးဖြစ်လောက်ပေသည်။ ယောက္ခမကိုလေးစားရိုသေရမည်ဖြစ်ကာ ခင်ပွန်းအိမ်၌လိုက်နေသော ချွေးမများကို ချစ်ခင်ပေးရမည်ဟူသည့် အတွေးပင်ဖြစ်၏။ အားအားရှိ မိဘအိမ်သို့ပြန်ကာ ငိုယိုတိုင်တောနေတတ်သောသူသည် မိန်းမကောင်းမဟုတ်သလို ဇနီး​ကောင်းတစ်ယောက်လည်း မဟုတ်ပါဟု ယူဆထားကြလေသည် ။ 


လင်းလန်တို့လည်း အမေဖြစ်သူနှင့် ယောက်မများက ထိုသို့ ဦးနှောက်ဆေးခံခဲ့ရလောက်သည်ကို သိထား၏။ 


အဒေါ်ဖြစ်သူများကလည်း ယောက္ခမနဲ့ ရန်ဖြစ်ပြီး အိမ်ပြန်လာကာ ငိုယိုတိုင်တန်းပါက အရိုက်ခံရမည်သာဖြစ်ကြောင်း တစ်ဖွဖွပြောနေခဲ့သဖြင့် လင်းမိန်နှင့် လင်းလန်က တော်ရုံဆို မိဘအိမ်သို့မပြန်ချင်ကြ ။ 


Xxxxxx

Part 526


အမေဖြစ်သူက ထို့ကြောင့် လက်ထပ်ပြီးသောသမီးများနှင့် မရင်းနှီးတော့ဘဲ လက်ထပ်သွားသောသားနှင့် ချွေးမကိုတော့ဖြင့် တရင်းတနှီးရှိလေသည်။ သို့ဖြစ်၍ သမီးဖြစ်သူများမရှိလျှင်တောင် သားဖြစ်သူများရှိနေသဖြင့် ကောင်းကောင်းမွန်မွန်နေနိုင်မည်ဟု တွေးထားလေသည် ။ 


အဖိုးကြီးလင်း၏ ထိုသို့သော ဆုံးမမှုများအောက်တွင် ကြီးပြင်လာရသော်လည်း အစ်ကိုကြီးလင်းက ငယ်စဥ်ကတည်းက ညီမများအပေါ် ကြင်နာလေသည်။ 


မူလကိုယ်က လက်ထပ်ပြီးနောက် ပထမဆုံးသတ်သေရန်ကြိုးစားခဲ့စဥ်ကလည်း အဖိုးကြီးလင်းက အစ်ကိုကြီးလင်းကိုခေါ်ကာ ဟန်မိသားစုအိမ်သို့သွားခဲ့သေးလေသည်။ ယောက်ျားမရှိတုန်း ချွေးမကိုနှိပ်စက်နေတာလားဆိုသည်အား သိချင်၍ဖြစ်သည်။ 


သို့သော်လည်း သမီးဖြစ်သူက ပြဿနာရှာနေတာဖြစ်ကြောင်းကိုသာ သိလိုက်ကြရလေသည်။ အိမ်၌နေစဥ်တုန်းကလည်း အစ်ကိုအစ်မတွေနဲ့ ရန်ဖြစ်တိုင်း ရေထဲခုန်ချပစ်လိုက်မယ် ၊ ငါသေရင် နင်တို့ပျော်မှာမလား အစရှိသော စကားများကိုသုံးကာခြိမ်းခြောက်တက်သဖြင့် သားအဖနှစ်ယောက်လည်း အခြေအနေကို သဘောပေါက်သွားကြ၏။ 


သားအဖနှစ်ယောက်လည်း အဖွားကြီးဟန်ထံမှ ပြန်ရန်တွေ့ခံခဲ့ရပြီး ထိုအချိန်မှစ၍ အဖိုးကြီးလင်းသည် စတုတ္ထသမီးအိမ်သို့ လုံး၀မသွားတော့ချေ ။ မူလကိုယ်က နောက်ထပ်​ေသကြောင်းကြံသည့်အခါမျိုးတွင်လည်း ဘယ်သူ့ကိုမှသွားခွင့်မပြုဘဲ ဆူပူကာတားမြစ်လေသည်။ 


လင်းမိန်လက်ထပ်သည့်အခါတွင်လည်း အဖိုးကြီးလင်းက သူမလက်ထပ်မည့်ယောက်ျားသည် လက်ကြောမတင်းသူဖြစ်ကြောင်း ပြောပြကာ နောက်မှ မိဘအိမ်ကို ငိုယိုပြီးပြန်မလာဖို့ သတိပေးခဲ့သေး၏။ 


သို့ဖြစ်၍ သမီးများက မိဘအိမ်သို့ တော်ရုံဆို ပြန်မလာကြပေ ။ 


သို့ပါသော်ငြား ကိစ္စများက ထိုမျှနှင့် ပြီးမသွားချေ ။ 


အဖိုးကြီးလင်းက သမီးများကို မိဘအိမ်သို့ ငိုယိုကာပြန်မလာရန် ပြောခဲ့သော်လည်း ဒုတိယသားက သူတားမြစ်ထားသည်ကိုလုပ်မည့် ချွေးမကို ရှာလာလေသည်။ လက်ထပ်ပြီးခါစကတည်းက ရန်ဖြစ်သည်နှင့် ထန်ဟဲဟွက မိဘအိမ်သို့ပြန်ကာ ပြဿနာရှာတတ်လေသည် ။ အချိန်ကြာလာသည်နှင့်အမျှ ထိုသို့ လုပ်ခြင်းမျိုး ထပ်မဖြစ်စေရန် လင်းမိသားစုက သူမ အလိုအတိုင်း လိုက်ဖြည့်ဆည်းပေးသည့် အကျင့်တစ်ခုရသွားကြလေသည်။ 


လင်းမိန်ကလည်း သဘောပေါက်၍ သည်းခံနေခဲ့သော်လည်း ဒီနေ့တော့ လုံး၀သည်းမခံနိုင်ပါ ။ 


ထန်ဟဲဟွရဲ့မိသားစုက သူမကို တိုင်ကြားသည်ကို သည်းခံနိုင်သော်လည်း လင်းလန်၏ကလေးများကို ဆူငေါက်နေသည်အား သည်းမခံနိုင်ပေ ။ ယခင်ကတော့ ဘာပဲပြောပြော နောက်ကွယ်မှပြောနေကြတာဖြစ်၍ ဂရုမစိုက်ဘဲ နေခဲ့သော်လည်း ယခုလို ပေါ်တင်ပြောလာသည်ကို လျစ်လျူရှုမထားနိုင်ချေ ။ 


သူမကိုယ်သူမ ဘုရင့်မယ်တော်ကြီးလို့များ ထင်နေတာလား မသိဘူး ။ 


လင်းမိန်က သူမကိုယ်တိုင်တွင် ကလေးနှစ်ယောက်သာရှိသဖြင့် လင်းလန်၏ကလေးများကို အလွန်ချစ်ခင်လေသည်။ ဒီလောက် လိမ္မာတဲ့ကလေးတွေကိုမှ လာပြီးဆူငေါက်နေရတယ်လို့ ။ 


တစ်ဖက်တွင်လည်း လင်းမိန်က သူ့အမေကိုရိုက်နှက်လို့ဟုဆိုကာ ရှောင်ရှင်းကလည်း ဟောင်နန်ကို ပြန်ရိုက်လေသည်။


 " မင်းအမေက ငါ့အမေကိုရိုက်တယ် ငါလည်း မင်းကိုပြန်ရိုက်မှာ "


ယခင်လိုသာဆို ဟောင်နန်က ငိုယ်ိုနေလောက်သော်ငြား ယခုအခါ စန်း၀မ်က ကိုယ့်ကိုယ်လုပ်ရင် ပြန်သာလုပ်ဟု သင်ထားပေးလေသည်။ ငိုနေရင် ပိုရိုက်ကြလိမ့်မယ်ဟု ပြောထားသောကြောင့် ဟောင်နန်က မငိုဘဲ စန်း၀မ်လုပ်သလိုပင် သူ့ထက်တစ်နှစ်ကြီးသော ရှောင်ရှင်းအား ကိုင်ပေါက်လိုက်လေသည်။ 


လဲကျသွားသည့်အခါ ရှောင်ရှင်းက အော်ငိုလေ၏။ 


ထိုမှစကာ ရှောင်ရှင်း၏ အစ်ကိုအစ်မများကလည်း ဟောင်နန်ကို ၀ိုင်းလုပ်ကြသဖြင့် စန်း၀မ်နှင့်အား၀မ်ကလည်း ငြိမ်မနေကြတော့ဘဲ ပြန်လုပ်ကြကာ ကလေးများကြား၌ ရန်ပွဲဖြစ်သွားကြ၏။


သားဖြစ်သူက ဟောင်နန်ထံမှ အရိုက်ခံနေရကာ တူများကိုလည်း စန်း၀မ်နှင့် အား၀မ်က ရိုက်နှက်နေသောကြောင့် ထန်ဟဲဟွက ပို၍ထိန်းမနိုင်ဖြစ်သွားလေသည်။


 " သည်းမခံနိုင်တော့ဘူး ငါ့ကိုလွှတ်စမ်း နင်တို့က ၀ိုင်းပြီးအနိုင်ကျင့်နေကြတာပဲ ငါအိမ်ပြန်ပြီး ငါ့အစ်ကိုတွေကို သွားခေါ်လာခဲ့မှ နင်တို့ထွက်မပြေးကြနဲ့ " 


အစ်ကိုတွေ ၊ ဦးလေးတွေကို သွားပြန်ခေါ်ခဲ့မှာ ။ လင်းမိန်နဲ့ လင်းလန်တို့ ဒီနေ့ သူမကို ဒူးထောက်တောင်းပန်အောင် မလုပ်နိုင်ရင် သူမမျိုးရိုးက ထန်မဟုတ်တော့ဘူး ။ 


ရန်ဖြစ်နေသည့်ထဲ ၀င်မပါသော တ၀မ်က ပြန်ပြောလေသည်။


 " ငါးယောက် သုံးယောက် ဖြစ်နေတာကို အနိုင်ကျင့်တယ်လို့ခေါ်တာလား ဒေါ်လေးရဲ့တူတွေက ကျွန်တော့်ညီတွေထက်တောင် ကြီးတဲ့ဟာကို ဘယ်သူကဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ "


တ၀မ်၏စကားများကြောင့် လင်းမိန်အား ထန်ဟဲဟွကိုတောင်းပန်လိုက်ဖို့ ပြောမည်လုပ်နေသော အဖွားကြီးလင်းက ရပ်တန့်သွားလေသည်။ 


ပထမချွေးမလင်းတို့ကလည်း ဖျောင်းဖြနေခြင်းမပြုတော့ဘဲ ရန်ဖြစ်နေသည်ကိုသာ ပျော်ပျော်ကြီးကြည့်နေလေ၏။ မိဘအိမ်ကနေ အစ်ကိုတွေကို ပြန်ခေါ်ချင်လည်း ခေါ်ပေါ့ ၊ လာပြီး ဘယ်သူက တဇွတ်ထိုးလုပ်နေတာလဲ သိအောင်ခေါ်ပြလိုက်စမ်းပါ ။ ဘယ်သူက ယောက္ခမအိမ်မှာ ပြဿနာရှာနေတာလဲ လာကြည့်ကြစမ်းပါ ။ 


ပထမချွေးမလင်းက ဘာမှ၀င်မပြောဘဲ ဘေးကနေသာ ရပ်ကြည့်နေတော့လေ၏။ 


သူမ၏ ဆိုလိုရင်းက သိသာသည်။ ထန်ဟဲဟွ၊ နင့်ကို သည်းခံလာခဲ့တာလည်း ကြာနေပြီ ။ လူတိုင်းက ငါတို့လို မဟုတ်ဘူးဆိုတာကို နင်လည်း သိသင့်နေပြီ ။


အဖွားကြီးလင်းက ထန်ဟဲဟွ၏ အပြုအမူများက မိဘအိမ်နှင့် ဒုတိယသား၏အလိုလိုက်ထားမှုကြောင့် ဖြစ်သည်ဟုတွေးမိသောကြောင့် ယခင်က ဘာမှမပြောခဲ့တာဖြစ်၏။ ထန်မိသားစုက စိတ်လိုက်မာန်ပါလုပ်တက်သူများဖြစ်ပြီး ထန်ဟဲဟွက မိဘအိမ်သို့ပြန်လာလျှင် ဒုတိယအစ်ကိုလင်းကိုယ်တိုင်သွားခေါ်မှသာ ပြန်ထည့်ပေးကာ အခြားသူဆို ပြန်မထည့်ပေးပေ ။ 


ထန်မိသားစုက ကြမ်းတမ်းသဖြင့် ဒုတိယအစ်ကိုလင်းက ထိုမိသားစု၏ အသံကိုကြားသည်နှင့် လက်မြှောက်အရှုံးပေးတတ်သောကြောင့် ထန်ဟဲဟွက ထိုသည်ကိုသုံးကာ ခြိမ်းခြောက်နေကြဖြစ်သည်။ 


လာလိုက်သွားလိုက်နဲ့ ပြဿနာရှာနေတာကို မရပ်သေးဘူးလား ။ 


ပထမချွေးမလင်းကလည်း လင်ညီအစ်မကို သဘောမကျနေတာကြာပြီဖြစ်သည်။ ယခုအခါတွင် ထန်ဟဲဟွအား လူတိုင်းက သူမလိုငြိမ်ခံနေမည်မဟုတ်သည်ကို သိသွားစေချင်၏။ မဟုတ်ပါက ကောင်းကောင်းမွန်မွန် နေရမည်မဟုတ်သည်ကိုလည်း အသ်ိပေးချင်လေသည်။ 


ကိုယ်စီကိုယ်စီအတွေးများရှိနေကြသော်လည်း ထန်ဟဲဟွ၌ ထိုသို့အတွေးမရှိ ။ 


ထန်ဟဲဟွ၏ ဖခင်က သားများကိုသာ ဆိုဆုံးမကာ သမီးများကို အမေဖြစ်သူလက်ထဲသာ အပ်ထားခဲ့လေသည်။ အဖွားကြီးထန်က သားများကို ခြယ်လှယ်ချင်သော်လည်း အခွင့်အရေးမရသဖြင့် သမီးများမှတစ်ဆင့် သားမက်များကိုခြယ်လှယ်ချင်လေသည် ။ တစ်ခုခုဖြစ်ရင် ဘာလုပ်ရမလဲ ၊ ငိုပေါ့ ။ များများငိုလေ များများသနားခံရလေဖြစ်ကာ အဖေနှင့် အစ်ကိုများက ကာကွယ်ပေးကြမည်ဟု သမီးများကို သင်ပေးထားလေသည်။ 


ထို့ကြောင့် ထန်ဟဲဟွက လည်ချောင်းကွဲမတတ်အော်ငိုနေလေသည်။ 


Xxxxxxx