အပိုင်း ၅၂၇-၅၂၈
Viewers 21k

Part 527


အရှေ့ခန်းရှိ ဒုတ်ိယအစ်ကိုလင်းက ကြားနေရသည့်အော်ငိုသံကြောင့် စိုးရိမ်နေသော်လည်း ခြေထောက်များက ခဲဆွဲထားသလိုဖြစ်ကာ မလှုပ်နိုင်ဖြစ်နေ၏။ သူကိုယ်တိုင် တုံးအခဲ့လို့လည်း ပါပေသည်။ အကြောင်းမှာ အခန်းထဲ၀င်လာစဥ်က သူက ဦးစွာ ကွပ်ပျစ်ပေါ်သို့တက်ကာ နေရာကောင်းကို ၀င်ယူခဲ့ပြီး အခြားသောယောက်ဖများကို ရပ်နေစေပြီး သို့မဟုတ် ကြမ်းပေါ်၌သာ ထိုင်စေခဲ့တာဖြစ်သည်။ 


ကွပ်ပျစ်ပေါ်၌ ထိုင်နေသင့်သည့် ဟန်ချင်စုန့်က တံခါး၀၌ ရပ်နေသဖြင့် ဒုတိယအစ်ကိုလင်းက သူ့ကိုကျော်ကာ အပြင်သို့မထွက်ရဲဖြစ်နေလေသည်။ 


သို့ဖြစ်၍ အဖိုးကြီးလင်းကိုသာ လှည့်ပြောလေသည် ။ 


 " အဖေ မြင်ရဲ့လား ညီအစ်မနှစ်ယောက်ပေါင်းပြီး နှစ်ယောက်တစ်ယောက် အနိုင်ကျင့်နေကြတာကို "


အဖိုးကြီးထန်က ငယ်စဥ်ကတည်းက ကြမ်းကြုတ်ကာ အသက်ကြီးလာသည့်အခါ ငယ်စဥ်ကထက် ပိုဆိုးလာလေသည်။ သူတို့မိသားစု၌ သားက လေးငါးယောက်ရှိကာ ဦးလေးကလည်း ခုနစ်ယောက်ရှစ်ယောက်လောက်ရှိသဖြင့် ရန်ဖြစ်ပါက အုပ်စိုလိုက်ဖြစ်တက်ကြလေသည်။ 


တွေးကြည့်ရုံဖြင့်ပင် အဖိုးကြီးလင်း ခေါင်းကိုက်မိသည်။ 


ယခင်လိုသာဆို အဖိုးကြီးလင်းက သားကြီးနဲ့ ချွေးမကြီးကို အော်ငေါက်ကာ ဖျန်ဖြေခိုင်းလောက်ကာ သမီးများကို ဒုတိယသားလင်မယားကို တောင်းပန်ခိုင်းလောက်သော်လည်း ယနေ့က မတူပေ ။ 


ဟန်ချင်စုန့်က ဒီနေ့ ဒီနေရာမှာရှိနေတာလေ ။ 


တံခါးနားမှာ နှစ်မီတာနီးပါးအရပ်ကြီးနဲ့ မတ်မတ်ကြီးရပ်နေတာလို့ ။ 


ထို့အပြင် ဟန်ချင်စုန့်က ပြည်သူ့လုံခြုံရေးဗျူရိုမှ ခေါင်းဆောင်ဖြစ်သဖြင့် လင်းလန်က သူ့ကို လုံခြုံရေးမှုးကြီးလို့ခေါ်ကာ စနောက်တတ်သော်လည်း သာမန်ရွာသားများအတွက်ကား ရှိန်ရသည့်လူပင်ဖြစ်၏။ ပြည်သူ့လုံခြုံရေးဗျူရိုက ခေါင်းဆောင်လေ ။ သာမန်လူများက အရာရှိဆို ကြောက်တတ်ကြတာက ပုံမှန်ပေ ။ ရှေးယခင်ကတည်းက သူတို့အသွေးအသားထဲ၌ ကြောက်တတ်ခြင်းက အကျင့်ပါနေပြီဖြစ်၏။ 


သို့ဖြစ်၍ အဖိုးကြီးလင်းက သမီးနှစ်ယောက်အား မိဘအိမ်ကိုပြန်လာပြီး ထန်အိမ်နဲ့သူတို့အိမ်ကြား ပြဿနာဖြစ်အောင် လုပ်မနေကြနဲ့ဟူ၍ အော်ဟစ်ဆူပူလိုက်ချင်သော်လည်း လုံး၀မလုပ်ရဲပေ  ။


အခြေအနေက ကသိကအောက်ဖြစ်စရာ ဖြစ်လို့နေ၏။


ထို့ကြောင့် ကျန်းယောင်ကျူးက ဘာမှမဖြစ်သလိုပင်  ပထမယောက်ဖကို စကားစပြောလိုက်ပြီး စကား၀ိုင်းကို ပြန်အသက်သွင်းလိုက်ကာ နောက်တစ်ဖန် ရယ်ကာမောကာဖြင့် စကားပြောနေလိုက်ကြသည် ။ 


. . .


ထန်ဟဲဟွက ယောက္ခထီးနှင့် ယောက်ျားဖြစ်သူတို့ သူမဘက်မှ ၀ိုင်းပြောပေးမည်ကို စောင့်နေသော်လည်း ယောက်ျားသားများက စကားအပြောမပျက်ဘဲ သူမကိုကူညီရန်ထွက်မလာကြသဖြင့် ပိုမိုဒေါသထွက်သွားကာ ငိုယိုနေရင်းဖြင့် တူ ၊ တူမများကို မိဘအိမ်ပြန်ရန် အထုပ်ပြင်ခိုင်းလေသည်။ 


အဖွားကြီးလင်းက စိတ်ပူသွားကာ သမီးများကို တောင်းပန်လိုက်ကြဆိုပြီး မျက်စပစ်ပြနေလေ၏။ အဲ့လိုဆို တစ်မိသားစုလုံး အဆင်ပြေသွားမှာပဲမဟုတ်ဘူးလား ။ ဒီလို ပြဿနာရှာနေမှ ဖြစ်မှာလား။ 


လင်းလန်က မမြင်ချင်ယောင်ဆောင်ကာ လျစ်လျူရှုထားလိုက်သည်။ ဒီကိစ္စကို ရှင်းပစ်မှဖြစ်မည် ။ ဟန်ချင်စုန့်ရဲ့ ညီကိုကျတော့ အပြစ်ပေးခဲ့ပြီး သူမ၏ အစ်ကိုကိုကျ လွှတ်ထားပေး၍ မဖြစ်ပေ ။ မိဘအိမ်ပြန်ချင်တယ်ဆိုရင်လည်း ပြန်ပါစေပေါ့ ။ အမြဲတမ်းလုပ်နေကြပဲ မဟုတ်ဘူးလား ၊ ဘာမှလည်း ထူးမနေတော့ဘူး ။ 


လင်းမိန်ကလည်း ဂရုမစိုက် ။ " အမေက တကယ်ပဲနော် သမီးတို့ကိုကြတော့ ယောက္ခမတွေနဲ့ တည့်အောင်နေ ဘာဖြစ်တယ် ညာဖြစ်တယ် အိမ်ပြန်လာလည်း ၀င်မပါပေးဘူး ဘာညာနဲ့ပြောနေခဲ့ပြီး ချွေးမက အဲ့လိုလုပ်နေတာကိုကြ ခွင့်ပြုထားတယ်နော် အစ်ကိုတွေက ရှာကျွေးမှဖြစ်လို့ဆိုရင်လည်း သမီးနားလည်ပေးမှာပါ တကယ်တမ်း အမေတို့ကို ထောက်ပံ့ပေးနေတာက အစ်ကိုကြီးတစ်ယောက်တည်းရှိတာလေ ဒုတိယအစ်ကိုက ထန်မိသားစုဘက်ကပဲ ပါတဲ့သူဆိုတာကို မသိလို့လား အဲ့လိုသာဆို ဘာလို့ လင်းမိသားစုအိမ်မှာ နေနေသေးတာလဲ ထန်အိမ်ကိုပဲလိုက်သွားပြီး အလိမ္မာအိမ်ပါ သားမက်လေး လုပ်နေလိုက်ပါလား "


ထိုစကားများကြောင့် အဖွားကြီးလင်းက ငိုချင်လာလေ၏။ ဒီစကားတွေကို အိမ်နီးချင်းတွေသာကြားသွားရင် သူမတို့ကို ဘယ်လောက်တောင်ကဲ့ရဲ့လိုက်ကြမလဲ ။ အပြင်ထွက်ရင် ခေါင်းမော့ပြီး မျက်နှာပြရဲမှာတောင် မဟုတ်တော့ဘူး ။


အမေဖြစ်သူ၏ အမူအရာကြောင့် လင်းမိန် သူမကိုတိုင်ကြားသည့်ကိစ္စကို လူသိရှင်ကြားထုတ်မပြောဖြစ်ပေ။ 


လင်းလန်လည်း အဖွားကြီးလင်းကို ပြောလိုက်သည်။


 " အမေ လူဆိုတာ မျှတအောင်နေရမှာပေါ့ သမီးအပေါ်ကောင်းတဲ့သူဆို သမီးကလည်း ပြန်ကောင်းပေးမှာပါ ဒါပေမယ့် အမြဲတမ်း သူများကို ဒုက္ခရောက်အောင် ဘယ်လိုလုပ်ရမလဲ တွေးနေတဲ့သူကိုတော့ ကောင်းမပေးနိုင်ဘူးလေ " လင်းလန်က ထန်ဟဲဟွ၏ မိသားစုဘက်မှ လင်းမိန်အား တိုင်ကြားသည့်အကြောင်းကို သွယ်၀ိုက်၍ သတိပေးလိုက်တာဖြစ်သည်။ 


ထန်ဟဲဟွက ဒေါသတကြီးဖြင့် မျက်ရည်များကိုသုတ်လိုက်ကာ လင်းလန်အားပြန်ရန်တွေ့သည်။ 


" နင်တို့ ညီမနှစ်ယောက်ကသာ မိဘအိမ်ကိုပြန်လာပြီး ပြဿနာရှာနေကြတာလေ "


လင်းလန် : " ဒါဆိုလည်း ပြောပါဦး ငါက ဘာပြဿနာတွေ ရှာထားတာလဲလို့ "


" ဘာလုပ်ထားလဲ ဟုတ်လား နင်က သူများတွေကိုကျ လက်ဆောင်ပေးပြီး ဘာလို့ ငါ့ကိုကျ မပေးတာလဲ နင် တမင်သက်သက် ငါ့ကို မပေးတာမလား "


အဖွားကြီးလင်းက ၀င်၍ဖျန်ဖြေသည်။


 " အဲ့ဒါက နားလည်မှုလွဲနေတာ အဲ့နေ့က ညည်းအိမ်မှာမရှိလို့ စတုတ္ထညီမက မပေးခဲ့တာပါဆိုနေ "


ထန်ဟဲဟွက မယုံ ။ အရင်ကဆို သူမ အိမ်မှာမရှိလည်း လင်းလန်က အဖွားကြီးလင်းကိုသာ ပေးခဲ့ကာ ခွဲဝေခိုင်းပြီး ဘယ်သူ့ဖို့ဆိုပြီး နာမည်တပ်၍ မပေးခဲ့ဖူးပေ ။ ထို့ကြောင့် ယောက္ခမဖြစ်သူရသမျှက သူမဆီသာရောက်လာလေသည်။ လင်းလန်က ပထမချွေးမလင်းကို နှစ်ခုတောင်ပေးတဲ့ဟာ ဘာလို့သူမကိုကျ တစ်ခုတောင်မပေးခဲ့တာလဲ ။


ပထမချွေးမလင်းက လင်းလန်အပေါ်ကောင်းသဖြင့် လင်းလန်က သူမကိုပဲ ပေးတာနေမှာပေါ့ဟု ထန်ဟဲဟွက မတွေးပေ ။ သူမနှင့် သားဖြစ်သူ ရှောင်ရှင်းကို မပေးချင်၍သာဖြစ်ရမည်ဟု တွေးလေသည်။ သို့ဖြစ်၍ ပုံမှန်ဆို ယောက္ခမထံမှတစ်ခု သူမအတွက်တစ်ခုရသဖြင့် စုစုပေါင်းနှစ်ခုရသော်လည်း ယခုတွင် တစ်ခုသာရသဖြင့် ထန်ဟဲဟွသည် မကျေနပ်ပေ ။ 


အဖွားကြီးလင်းကို ပြန်မပြောရဲသဖြင့် လင်းလန်ကိုသာ တိုက်ရိုက်မေးရမည် ။ ဒီလိုဆို လင်းလန်က ဘယ်လိုပြန်ဖြေဦးမလဲ သိချင်မိသား ။ 


လင်းလန် : " ဟုတ်တယ် မပေးချင်လို့ကို မပေးတာ "


ငါ့ကို နှုတ်မဆက်ချင်ဘဲ ရှောင်နေတာမဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ ငါက ခယပြီးပေးနေရဦးမှာလဲ ။ 


နင့်ဆီမှာ အကြွေးတင်နေတာလည်း မရှိဘဲနဲ့လေ ။ 


နှစ်ရက်လုံးလုံး စိတ်မကျေမခြမ်းတွေ ဖြစ်နေပြီး နှစ်ကူးမှာလည်း အေးအေးချမ်းချမ်း မနေနိုင်အောင်လို့ကို တမင်မပေးတာ သိရဲ့လား ။ 


နင်လည်း ငါ့ကို ပြဿနာရှာမလို့ ဒီနေ့ကိုစောင့်နေတာ မဟုတ်ဘူးလား။


ဟွန့် ၊ ငါက ငြိမ်ခံနေမယ်ထင်လို့လား ။ 


စာရေးသူမှာ ပြောစရာရှိပါတယ် : 


လင်းမိန် : ငါ့ညီမလေးက အရင်က ငါ့ကိုပြန်ပြောတတ်ပေမယ့် အခုဆို တစ်ခြားလူတွေကိုပါ ပြန်ရန်တွေ့တက်နေပြီ ။ ညီအစ်မနှစ်ယောက် အတူတူရန်ဖြစ်ဖို့ စိတ်ကူးထားတဲ့ ငါ့စိတ်ကူးတွေ နောက်ဆုံးတော့ အကောင်အထည်ပေါ်လာပြီပဲ ။ 


စန်း၀မ် : [ လက်နှစ်ဖက်ကို ပွတ်ကာ စိတ်လှုပ်ရှားနေလျက် ] တတိယဒေါ်လေး ၊ သူမက အစ်ကိုတွေအစ်မတွေကို ပြန်သွားခေါ်မလို့တဲ့ ၊ ကြည့်ရတာ ပွဲကြီးပွဲကောင်းဖြစ်တော့မှာ ထင်တယ် ။


Xxxxxxxxx

Part 528


မူလက လင်းလန်လိုချင်သည်မှာ သူမမိဘအိမ်သို့ ပြန်သွား၍ တတိယအစ်မကို ထန်ဟဲဟွ နှင့် စကားပြောစေကာ အစီရင်ခံစာ၏ကိစ္စကို ရှင်းလင်းအောင်လုပ်ပြီး ထန်ဟဲဟွကို သူမ၏အမှားကို ဝန်ခံ၊တောင်းပန်၍ အနာဂတ်တွင် ကောင်းမွန်စွာနေထိုင်ရန်နှင့်ဒုက္ခမပေးတော့ရန် ကတိပေးခိုင်းစေချင်ခဲ့သည်။


ဤကိစ္စက ဖုံးကွယ်ထား၍မရပေ။


 ထန်ဟဲဟွက တိုင်ကြားစာနှင့်ပတ်သတ်၍ သူမအမှားများကို ဝန်ခံရန် ရည်ရွယ်ချက်မရှိရုံသာမက လက်ဆောင်နှင့် ပတ်သတ်၍ သူမကိုအပြစ်တင်ကာ အားဝမ် နှင့် အခြားသူများကို လက်ညိုးထိုးကာ  ပြစ်တင်ကဲ့ရဲ့လိမ့်မည်ဟု  မည်သူသိပါမည်နည်း။ ယခုလိုဖြစ်ရပ်နှစ်ခုအပြီးမှာ ဤအတိုင်း ထားခဲ့၍မရဟု လင်းလန် ခံစားရသည်။ 


ထန်ဟဲဟွကို ပညာပေးရုံမျှဖြင့် အသုံးမဝင်ပေ၊ ထန်ဟဲဟွ၏အမြစ်များကို ဖျက်စီးပစ်ရပေမည်။


 ရန်ပွဲအတွက် သူမ၏မိသားစုကို တရားစွဲချင်နေသည်မဟုတ်ပါလော။ ထန်မိသားစုထဲက လူကြီးလူငယ်တွေက မိန်းမတွေကို တကယ်ရိုက်ရဲလားဆိုသည်ကို သူမသိချင်သည်။


 သူမက ကွန်မြူနတီ ဝါဒဖြန့်ချီရေး၏ပင်မကျောရိုးဖြစ်၏။ စမ်းကြည့်လို့ရတယ်လေ...အကုန်လုံးအဖမ်းခံချင်တယ်ဆိုရင်ပေါ့...


 လင်းမိန်က အခန်းထဲကို လှမ်းအော်လိုက်သည်။

 " လင်းလဲ့ရွှေ...နင့်မိန်းမ က သူ့အမေအိမ် ပြန်သွားပြီ ...သူ ပြန်မလာတော့ဘူး ...မင်း သူ့နောက်ကို မြန်မြန် လိုက်သွားလို့ရတယ် " 


အခြေအနေက ထိန်းချုပ်မရတော့သည်ကိုတွေ့ရာတွက် အဘွားကြီးလင်းလည်း ဝင်ထိန်းသော်ငြား မိန်းကလေးများကပင် သူမစကားကိုနားမထောင်ကြပေ။သူမ ဗျာများလွန်း၍ ဘာပြောရမှန်းကိုမသိတော့ချေ။


 အခန်းထဲရှိ လင်းလဲ့ရွှေက ပြန်အော်လာ၏။

 "လျှောက်ပြောမနေနဲ့...  ဘာလို့ ပြန်မလာရမှာလဲ... ပထမဆုံးလမလို့ မိဘအိမ်ကို သွားတဲ့ကိစ္စကို"


 သူက ဆင်ခြေတစ်ခုရှာတွေ့သွားသည်။

 

 "အဖေ၊ အစ်ကို၊ ယောက်ဖ...ကျွန်တော်လည်း  ကျွန်တော််မိန်းမနဲ့ သားသမီးတွေ မိဘအိမ်ပြန်တဲ့အခါမှာလိုက်သွားသင့်တယ်လေ...ဘေးကို...ဘေးကို... "


  သူ ထိုသို့ဖြစ်နေသည်ကိုတွေ့သောအခါ အားလုံးက ဘေးဖယ်ပြီး သူ့ကို ထွက်သွားခွင့်ပြုလိုက်ကြ၏။


 လင်းလဲ့ရွှေ ထွက်ပြေးသွားသလိုမျိုး ပြေးသွားသော်လည်း ခြံထဲသို့ ရောက်သောအခါတွင် အမျိုးသမီးတစ်စုက သူ့ကို စူးစူးဝါးဝါးကြည့်နေကို တွေ့လိုက်ရသည်။ သူမိန်းမက အရိုက်ခံထားရပြီး အိမ်ထဲမှာ    ငိုနေကာ သားဖြစ်သူက

လည်း ငိုနေပြီး သူ့တူနှင့် တူမများကလည်း ငိုနေကြ၏။


 ဒါ... လင်းလဲ့ရွှေ၏ ပထမဆုံး တုံ့ပြန်မှုက နည်းနည်း ရယ်စရာကောင်းသည်ဟု ခံစားရခြင်းဖြစ်ပြီး ၎င်းနောက် ဒေါသထွက်သင့်သည်ဟု တွေးမိသည်။  သို့ပေမဲ့ လင်းမိန်နှင့်လင်းလန်တို့၏မျက်နှာများကို မြင်လိုက်ရသောအခါ သူ ဘာမှ မပြောရဲတော့ဘဲ သူ့မိန်းမကို ချော့ရန် အိမ်ထဲကို အပြေးအလွှား သွားလိုက်ရ၏။


ထန်ဟဲဟွ အခြားသူများကို အနိုင်မယူနိုင်သောကြောင့် သူမ၏ဒေါသများကို သူမယောက်ျားအပေါ်  ဖွင့်ထုတ်ခဲ့သည်။ သူမက လင်းလဲ့ရွှေ၏နားရွက်ကို ဆွဲကာ လင်းမိန် သူမကို ပါးရိုက်လိုက်သလိုမျိုး လင်းလဲ့ရွှေကို ပါးရိုက်လိုက်ပြီးဆိုလေ၏။


 “နင်က ဒီလိုငကြောက်ပဲ... နင့်မိန်းမကို အနိုင်ကျင့်လည်းဂရုမစိုက်ဘူး...ငါ နင့်ကို ဆုံးမမလို့...ငါ့နင့်ကိုဆုံးမမယ်ဟဲ့..."


 သူမက ပိုပိုပြီး ပြင်းပြင်းထန်ထန် ကြိမ်းမောင်းနေသည်။ မည်သို့ပင်ဖြစ်စေ  သူမယောက္ခမနှင့် ယောက်မတွေအပေါ် မကျေနပ်မှုအားလုံးကို သူမယောက်ျားအပေါ် ပုံချလိုက်၏။


အဘွားကြီးလင်း စိတ်မကောင်းဖြစ်လွန်း၍ ရင်ဘတ်ကိုဖိကာပြောလိုက်သည်။


 “အမလေး...ငါ သည်းမခံနိုင်တော့ဘူး... "


 အစ်မကြီးလင်းနှင့်ဒုတိယအစ်မလင်းတို့က ရှေ့တိုးကာ သူမကိုတွဲလိုက်ပြီး ဘေးဖယ်နေခိုင်းလိုက်၏။

 


ထန်ဟဲဟွ၏ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသံကိုကြားသောအခါ လင်းမိန်က ဒေါသတကြီးပြောလိုက်သည်။


 " နင်ထွက်သွားမလို့ မဟုတ်ဘူးလား...ဒီကထွက်သွားစမ်း..."


"နင်တို့အကုန်လုံးစောင့်နေကြ...တစ်ယောက်ချင်းစီကို မှတ်ထားတယ်...မပြေးနဲ့...ငါအဖေနဲ့ငါ့အစ်ကို နင့်တို့ကို အိုးထဲထည့်ပြုတ်ဖို့ပြောထားတယ်"


ထန်ဟဲဟွက ထိုသို့အော်ဟစ်ပြီး လင်းလဲရွှေပေါ်မှာ သူမ ဒေါသတွေ ပုံချပြန်၏။သူမက လင်းလဲ့ရွှေကို လင်းလန်နှင့်လင်းမိန်ဟု မှတ်ယူလုနီးပါးဖြစ်နေပြီး သူမဒေါသတွေကို သူ့ပေါ်မှာပဲဖြေနေတော့သည်။


 ကိုယ့်ယောကျ်ားကိုယ်ရိုက်တယ်ပေါ့လေ ...ဒါပေါ့ လင်းလန် စိတ်ဆိုးမနေဘူးးးး...

 သူမက အေးစက်စွာ ပြောလိုက်၏။


 "ဘာကိုစောင့်နေတာလဲ...သူရဲဘောကြောင်မနေနဲ့...နေရာတွေ မြန်မြန်ပြောင်းပြီး နင့်ရဲ့အမေ့ဘက်ကမိသားစုကို အိမ်ရှင်အဖြစ် ထားလိုက်... သွားသွား"


ထန်ဟဲဟွက မသွားဘဲ ထိုနေရာတွင်ပင် လင်းလဲ့ရွှေကို ရိုက်နှက်နေဆဲဖြစ်သည်။


နောက်ဆုံးတွင် လင်းမိန် မောင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်သဖြင့် ဒေါသတကြီးအိမ်ထဲသို့ ပြေးဝင်၍ လင်းလဲ့ရွှေကို ဆွဲထုတ်ကာ အပြင်သို့ ပစ်ချလိုက်၏။


 “ထွက်သွား... အိမ်မှာနေပြီး အရှက်ခွဲခံမနေနဲ့...သမက်ကောင်းလေးသွားလုပ်လိုက်..." 


ကိုယ့်မိန်းမအတွက်ကိုယ် စိတ်မကောင်းဖြစ်သည်အား မည်သူကမှ တားမည်မဟုတ်သော်လည်း အမှားနှင့်အမှန်ကို မခွဲခြားနိုင်လျှင်မူ သင့်မှာ သိက္ခာနည်းနည်းလေးမျှပင် မရှိတော့ချေ။ အဘယ်ကြောင့် အိမ်မှာနေနေရဦးမည်နည်း။


ထန်ဟဲဟွ၏ ကြိမ်းမောင်းမှုကြောင့် အဘိုးကြီးလင်းလည်း ခေါင်းတွေကိုက်လာ၏။ သူ အိမ်ထဲမှ ပြေးထွက်ကာ ခြံဝင်းထဲတွင် မတ်တပ်ရပ်၍ အော်လိုက်သည်။


 "သွား...ထွက်သွားကြ... ငါတို့လင်းမိသားစုက မင်းလိုချွေးမကို မတတ်နိုင်ဘူး... မင်းအမေအိမ်ပြန်သင့်ပြီ သွားတော့..." 

 

ထိုအချိန်မှာ ထန်မိသားစုနှင့်သူ့သားကို ကြောက်နေသည်ကိုပင် မေ့သွားခဲ့၏။ 


အစ်ကိုကြီးလင်းက သူ့ကို ဖြောင့်ဖြရန် ရှေ့ကိုတိုးချင်နေသေးသော်လည်း  သူ့မိန်းမက  သူ့ကို မျက်စောင်းထိုးပြီး တားလိုက်သည်။


ကျန်းယောင်ကျူးက ဟိုယိမ်းသည်ယိမ်းနှင့် ထွက်လာပြီး အတင်းပြောနေသလိုမျိူး ဆိုလာ၏။


 " အတူတူနေရတာ အဆင်မပြေဘူးကွာ... ခွဲနေတာ ပိုကောင်းပါတယ်"


သူက ထောက်ခံသူရှာရန် နောက်ပြန်လှည့်ကာ ဟန်ချင်စုန့်ကို ပြောလိုက်သေးသည်။ 


 "ယောက်ဖ... မင်းရော အဲ့လို ထင်လို့လား"


ဟန်ချင်စုန့်က အမှန်တကယ် မျက်နှာကို ခြွေတာသည့် အမူအရာဖြင့် အင်းဟုသာအသံပြု လိုက်သည်။


 ကျန်းယောင်ကျူး ချက်ချင်းဆိုသလို ဘလင်းဘလင်းထသွားပြီးဆို၏။


 "အဖေ...ဒီသမက်က အဖေ့ကို သွေးထိုးတာမဟုတ်ပါဘူး...မိသားစုကို ခွဲလို့ရတယ်...တတိယခယ်မတို့မိသားစုကို ကြည့်... ခွဲထွက်ရင် ဘဝကို ကောင်းကောင်းနေနိုင်တယ် ”


 အစ်ကိုကြီးလင်းက သူ့ကို အမြန်ဆွဲလိုက်ပြီး မီးထဲ လောင်စာဆီမထည့်ရန်ပြောလိုက်သည်။

  


ကျန်းယောင်ကျူးက သူ၏မောက်မာသော ​ယောက်ဖလင်မယားကို ဖယ်ထုတ်ရန်အစွမ်းကုန်ကြိုးစား၏။


 "ငါက ထမင်းပျော့စားတာကို ဘယ်သူမှမသိဘူး... ဒါပေမဲ့ *ထမင်းပျော့စားနေရတော့ ကိုယ့်ကိုကိုယ်  ဦးလေးတစ်ယောက်လို မဆက်ဆံဝံ့ပါဘူး... မေးကြည့် ...ငါ့မိသားစုမှာ အခု အနိမ့်ဆုံးအဆင့်က ဘယ်သူလဲလို့... ငါပဲ မဟုတ်ဘူးလား” 


 သူက ထိုသို့ဆိုရင်း မျက်ရည်တွေကို သုတ်ဟန်ပြုလိုက်သေးသည်။

(T/N–မိန်းမထမိန်နားခိုစားသူ၊စားဝတ်နေရေးအတွက် ဇနီးမယားပေါ်မှာမှီခိုရသူ...

သူက မိန်းမလုပ်စာ စားရလို့ အကြီးအကဲတသ်ယောက်လို မနေဝံ့ဘူး ပြောတာပါ)


လင်းမိန် : "...."

 ပါးစပ်ပိတ်ထား...ဆင်ခြေမပေးနဲ့...


Xxxxxx