Part 531
သူထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ပထမချွေးမလင်း မနေနိုင်တော့ဘဲရယ်လိုက်၏။သူမက ဟင်းနုနွယ်ရွက်နှင့်ပုဇွန်ပန်းကန်ပြားကြီးကို ကလေးတွေဆီ ယူလာပြီးပြောလိုက်သည်။
"ဒါက မင်းတို့စတုတ္ထအဒေါ်ယူလာတဲ့ဟာ... အရမ်းဈေးကြီးတာ...လူကြီးတွေ စားမလောက်လောက်လို့ မင်းတို့ကိုပေးမယ်"
ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်ကြပြီး ပုဇွန်အတူတူစားကြ၏။
စန်းဝမ်က ချောင်ချောင်ကို ဆွဲလိုက်ပြီး
"အစ်မချောင်ချောင်... စား"
ချောင်ချောင် ရယ်ပြီးဆိုသည်။
"ကျေးဇူးတင်ပါတယ်...မြန်မြန်စား"
မိုင်စွေ့ : "စန်းဝမ်... နင်ငါ့ကိုကျဘာလို့ တစ်ကောင်မှမပေးတာလဲ"
စန်းဝမ်က တဟီးဟီးလုပ်ကာပြော၏။
"အစ်မ... နင်ကရေဘဝဲတစ်ကောင်လိုပဲ...ဘယ်သူ့ထက်မဆို ပိုမြန်နေတယ်... အဲ့ဒါကြောင့် နင့်ကိုယူပေးဖို့ မလိုဘူး"
မိုင်စွေ့နှင့် သူတို့ ကျောက်တုံးလုတိုင်းကစားပြီး သူမက သူတို့ကိုနိုင်တိုင်း စန်းဝမ်က သူမကို ရေဘဝဲဟု ခေါ်သည်။
မိုင်စွေ့က သူ့ကိုတီးမည်ပြုသောအခါ ရှောင်ဝမ်က သူ့အစ်မအတွက် ကပျာကယာ နှစ်ခု ကောက်ယူလိုက်ပြီးဆို၏။
"မမ...သားမမအတွက် ယူပေးမယ်"
သူတို့ စားသောက်နေကြစဥ် အပြင်မှ ကျယ်လောင်သည့် အသံထွက်လာပြီး နားအူလောက်သည့်အသံက ကပ်ပါလာသည်။
"ခမည်းခမက်တို့... နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ ငါထန်လောင်ယာ ရောက်လာပြီ..."
အရက်သောက်နေသော အဘိုးအိုလင်း တုန်ယင်သွားမိ၏။ ယခင်က ဒေါသထွက်ကာ ကြမ်းတမ်းသော စကားများကို ပြောဆိုခဲ့ပြီး သူ့သမက်၏အားကိုးပါရှိသော်လည်ယ အဆုံးတွင်မူ သူအပြစ်ရှိသလိုခံစားရပြီး ကြောက်ရွံ့နေဆဲဖြစ်သည်။
သူက သူ့သားငယ်နှင့်သူ့ချွေးမကို ပိုနှစ်သက်သည်သာမက အဘိုးကြီးထန်က ငယ်စဉ်ကတည်းပင် ဦးခေါင်းကြီးပြီး လည်ပင်းထူထူရှိသည်။ တစ်ချက်တည်းနှင့်ပင် ယောကျာ်တစ်ယောက်ကို မြေကြီးပေါ်လဲကာ ပြန်မထနိုင် အောင်ရိုက်နိုင်၏။ ထိုအကြောင်းကို တွေးကြည့်ရုံနှင့် ခေါင်းတွေပေါင်တွေကျိမ်းလာသည်။
ကျန်းယောင်ကျူးကလည်းဆို၏။
"အဖေ...အဖေရှုံးရင်တောင် ရှုံးမှာမဟုတ်ဘူး...မကြောက်နဲ့...အဖေ့မှာ ကျောထောက်နောက်ခံ ထားဖို့ သမက်ရှိတယ်...သမက်က သားတပိုင်းပဲလို့ လူတွေကပြောကြတယ်... ယောက်ဖတစ်ယောက်ထဲနဲ့ ဆယ်ယောက်စာရှိနေသလိုပဲလို့ ကျွန်တော် ထင်တယ်...စိတ်မပူပါနဲ့ ...ထန်မိသားစုက ရိုင်းရိုင်းစိုင်းစိုင်းမလုပ်ရဲပါဘူး"
အစ်ကိုကြီးလင်းက နားထောင်နေခဲ့သည်။ တတိယယောက်ဖ... မင်းအဖေကို မရူးမလုပ်ပါနဲ့...သူက ငယ်ငယ်ကတည်းက သားသတ်ထန်ကိုကြောက်တာ...
မိသားစုမှ ဝက်သတ်ခြင်းဓလေ့ကို အမွေဆက်ခံခဲ့သော သားသတ်သမား ထန်လောင်ယာသည် ဝက်သတ်ခြင်းကို သမဝါယမအဖွဲ့ကို ထူထောင်ပြီး ရပ်တည်ခဲ့သည်။သို့သော် ခရိုင်မှာ ကွန်မြူနတီ သားသတ်အဖွဲ့ရှိနေဆဲဖြစ်ပြီး သူ၏မိသားစုမှ လူငယ်များလည်း အလုပ်လုပ်ကိုင်နေကြသည်။ငယ်ငယ်တုန်းက သူ့မှာ ထန်ရွာတွင် ညီအစ်ကိုများစွာရှိပြီး အနိုင်ကျင့်တတ်သူဖြစ်၏။ နောက်ပိုင်း သူ့မှာ သားတွေ၊တူတွေ ပိုများလာပြီး အကုန်လုံးက ဆိုးပေကြကာ ထန်ကျားကျီ(ရွာ)မှာ ဂဏန်းသွားသွားကြသည်။ မည်မျှပင် ပါဝါကြီးသည့် လူမိုက်တွေဖြစ်ပါစေ၊ သူတို့ကို ရန်မစရဲကြပေ။
မိသားစုနှစ်စုကြား ရန်စတချို့ရှိပုံပေါ်ကြောင်း အစ်ကိုကြီးလင်း သိခဲ့သည်။ဘယ်သူက ဘယ်သူ့ကို အကြွေးတင်နေသည်ဆိုခြင်းကို ပြောဖို့ခက်လှ၏။မိဘတွေက အမှန်တရားကို ဘယ်တော့မှ မပြောပြသလို တခြားဘယ်သူမှလည်း မသိကြပေ။
ပထမက သားသတ်ထန်က သူ့ကို မျက်စိကျပြီး သူ့ သမီးတစ်ယောက်နှင့် ထိမ်းမြားပေးချင်ခဲ့သည်။သို့ပေမဲ့ သူ့မိဘတွေက ပထမချွေးမလင်းကဲ့သို့ ဆင်ခြင်တုံတရားရှိသူနှင့်လက်ထပ်သင့်ပြီး ထန်မိသားစုဟောင်းနှင့် အရောအနှောမလုပ်သင့်ဟုတွေးပြီး သဘောမတူကြချေ။ သားသတ်ထန်က သူ့သမီးအငယ်ကို သူ့(လင်း)ဒုတိယညီနှင့် ပေးစားခဲ့၏။
အမှန်တွင် သူတို့ခမည်းခမက်တွေဖြစ်ပြီးသည့်နောက်မှာ ထန်ဟဲဟွနှင့် လူငယ်စုံတွဲကြား ရန်ဖြစ်သည်ကလွဲ၍ မိသားစုနှစ်ခုကြားရှိ ဆက်ဆံရေးက အဆင်ပြေသွားပြီဖြစ်သည်။ သူတို့က ထန်မိသားစုနှင့် ခမည်းခမက်များဖြစ်သောကြောင့် ထန်ရွာကဈေးသို့သွားတိုင်း၊ ဈေးရှိလူများက ထန်လောင်ယာ ၏ခမည်းခမက်များကို အလွန်ယဉ်ကျေးကြသည်။
သူ့ကို ရန်စရန် တစ်ယောက်ယောက် လာနေသည်ကို ကြားသောအခါ စန်းဝမ် ချက်ချင်း ပြေးထွက်သွား၏။
"အစ်ကိုကြီး...ကျွန်တော်ပြောပါတယ်...မြောင်းနားသွားပြီးချောင်းတိုက်ရအောင်လို့"
တဝမ်က သူ့ခေါင်းကိုဖိပြီးဆိုသည်။
"စား"
ရှောင်ဝမ်က သူ့အတွက် ပုဇွန်တစ်ကောင်ကို ယူပေးလေ၏။
"တတိယညီလေး ပုဇွန်စား စာမေးပွဲမှာ မျက်စိကန်းမနေနဲ့" (စန်း၀မ်က အစ်ကိုပါနော် ရှောင်ဝမ်က တခါတလေမှာ ညီလေးလို့ စခေါ်တာပါ)
ဟောင်နန်လည်း သည်းမခံနိုင်ပေ။ သူ အရင်က နည်းနည်း ရှက်တတ်ပြီး လှည့်စားတတ်ပေမဲ့ ယခုကား စန်းဝမ်ကြောင့် အရိုင်းလေးဖြစ်နေလေပြီ။
အစ်ကိုကြီးလင်းက အဘိုးကြီးထန်ကို ဧည့်ခံရန် သူ၏ ဒုတိယညီကို ခေါ်သော်လည်း ဒုတိယညီဖြစ်သူကမူ ကြောက်လွန်း၍ ဒူးတွေပင်တုန်နေသည်။
သူ့ယောက္ခမ၏မျက်လုံးများက ကြေးလင်းကွင်းနှင့်တူပြီး အသံက ခေါင်းလောင်းကဲ့သို့ပင်။သူ၏လက်သီးများက ကြက်သွန်ဖြူထောင်းသည့် ငရုတ်ဆုံကဲ့သို့ ကြီးမားပြီး လက်ဖဝါးများက ထန်းရွက်ယက်တောင်များကဲ့သို့ ကြီးမားသည်။ လင်းလဲ့ရွှေ ထန်အိမ်ကို လက်မထပ်ခင် သွားစဥ်က ထန်လောင်ယာက သူ့ပုခုံးကို ပုတ်လိုက်ရာ သူ့မှာ မြေကြီးပေါ်သို့လဲကျမတတ်ပင်။ထန်လောင်ယာတို့သားအဖက ဒေါသကြီးပြီး ၎င်းတို့၏ အားနည်းချက်များကို ကာကွယ်တတ်ကြသည်။သူတို့ညီအစ်ကိုတတွေက အလွန်သန်မာသောကြောင့် ပြဿနာများကြုံလာသောအခါတွင် ကျိုးကြောင်းမဆင်ခြင်ခင် အခြားသူများကို ဦးစွာ ချုပ်နှောင်ထားမည်ဖြစ်သည်။
ဘယ်သူက အနားကပ်ရဲမှာလဲ...
လက်ရှိမှာ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေပြီး သူ့မျက်လုံးများက ဟန်ချင်စုန့်ပေါ်မှာ စွဲကပ်သွားကာ အံဩသံဖြင့်ဆို၏။
"စတုတ္ထယောက်ဖ"
ဟန်ချင်စုန့်က အင်းဟုသာအသံပြုပြီး မလှုပ်ပေ။
လင်းလဲ့ရွှေက ငိုတော့မလိုဖြစ်နေသည်။
"ယောက်ဖ... ကယ်ပါဦး...ကယ်ပါဦး... မင်းငါ့အသက်ကို ကယ်ပေးရင် ကျေးဇူးအများကြီးတင်မှာပါကွာ"
ကျန်းယောင်ကျူးက အနည်းငယ်ကျေနပ်အားရမိနေ၏။
"ဘာလို့ အရမ်းတွေ ကျေးဇူးတင်နေတာလဲ...အဘိုးကြီးကို ကူချော့ပေးအောင် လို့လား...မိန်းမကို ပြန်ခေါ်ပြီး အသိုက်ထဲမှာ ဆက်အိပ်နေဦးမှာလား”
လင်းလဲ့ရွှေက သူ့ကို စိုက်ကြည့်လိုက်သည်။
မင်းဒီနေ့ မတရားတွေ ဝင်နှောက်နေတယ်...ဘာလို့ အကုန်လုံးကိုမင်းနဲ့ဆိုင်သလိုလုပ်နေတာလဲ... အခုတလော ဇောင်းကြွလွန်းနေတယ်...
သားသတ်ထန်ကို ဧည့်ခံမည်သူ မဆုံးဖြတ်ရခင် အဘွားကြီးလင်း၊လင်းမိန် နှင့် လင်းလန် တို့က ထိုနေရာသို့ သွားနေပြီဖြစ်ကာ တဝမ်၊အားဝမ် နှင့် လိုင်ရှီး တို့လည်း နောက်က လိုက်ခဲ့ကြသည်။
Xxxxxxx
Part 532
အစ်မကြီးလင်းနှင့် ဒုတိယအစ်မလင်းတို့က အဘွားကြီးလင်း မသွားစေရန် ဆွဲခေါ်ကာဆို၏။
"အမေ... ဘာလို့ ဒီလောက်တောင် စိတ်မရှည်ရတာလဲ..တစ်ယောက်ယောက်ကလာပြီးတစ်ခုခုပြောတာနဲ့...အမေနဲ့အဖေက တန်းတောင်းပန်တော့တာပဲ"
"သမီးတစ်ယောက်လက်ထပ်ရင် ရေတွေအပြင်ထုတ်သလိုဆိုပေမဲ့...ယောက္ခမမိသားစုက ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်မယ် မထင်ဘူးလား...ချွေးမကို အရင် ကြင်ကြင်နာနာ ဆက်ဆံရမယ် မဟုတ်ဘူးလား"
"ကိုယ့်ချွေးမကိုယ် ကြင်ကြင်နာနာ ဆက်ဆံတာကမှန်ပေမဲ့...ချွေးမမှားရင်လည်း သင်ခန်းစာပေးသင့်တယ်..ဒီနေ့ကိစ္စက ကျွန်မတို့မှန်တယ်...သူက တတိယညီမကို သူ့အမေ့ဘက်က မိသားစုကို တိုင်တာ မှားတယ်”
အဘွားကြီးလင်းကပြောလေသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုလွဲတာဖြစ်မယ်...ဒီကိစ္စကို ခမည်းခမက်တွေ လုပ်တာမဖြစ်နိုင်ဘူး... သူ့ကို အဆင်အခြင်မဲ့တဲ့ဇနီးလို့ မထင်ပါနဲ့...သူက သမီးတွေနဲ့နေနေကျမလို့ပါ..."
ဟန်ချင်စုန့် သူ့မိန်းမ အပြင်ကို ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် သူလည်း အပြင်လိုက်ထွက်လိုက်၏။ အစ်ကိုကြီးလင်းက ဒုတိယအစ်ကိုလင်းကို(လင်းလဲ့ရွှေ) ကမန်းကတန်း ဆွဲခေါ်ပြီး နောက်ကလိုက်သွားသည်။ ကလေးတွေက ဟန်ချင်စုန့် ဆင်းသွားသည်ကိုကြည့်ပြီး အကုန်လုံးပွဲကြည့်ရန် ပြေးကြ၏။
"လင်းလဲ့ရွှေ... ထွက်လာခဲ့စမ်း... မင်းက ငါ့ညီမကို ဘာလို့ အနိုင်ကျင့်တာလဲ" ဟု အပြင်မှ လူတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။
ခြံတံခါးက ဟနေပြီး တဝမ်က တံခါးကိုဖွင့်ရန် ခြေလှမ်းပြင်လိုက်စဥ်မှာပင် တံခါးကနေ ခေါင်းတစ်လုံးစားအကျယ်ပွင့်သွားပြီး ရုတ်ချည်း လက်သီးတစ်လုံးဝင်လာ၏။တဝမ်က လက်သီးချက်မှ ရှောင်ရန် ခေါင်းကို လျင်မြန်စွာ စောင်းလိုက်ပြီး တံခါးရွက်ကို ဘယ်ဘက်လက်ဖြင့် ပင့်တင်လိုက်ရာ "ဘန်း"ခနဲဖြင့် ထိုလူ၏ လက်သီးကို ထိမှန်သွားသည်။
သူက သန်မာသော်လည်း သံလက်သီးမဟုတ်လေရာ ထူထဲမာကျောသော သစ်သားတံခါးကို ထိမိသောအခါ နာကျင်စွာ ညည်းတွားမိသွား၏။ လက်သီးကို အမြန်ပြန်ဆုတ်ကာ တည့်တည့်ပစ်ထိုးလိုက်သည်။
အနောက်ကနေကြည့်နေရင် အဘိုးကြီးလင်း သူ့ကိုယ်ပိုင်သစ်သားတံခါးကို သနားမိသွားသလို ခံစားလိုက်ရ၏။အခုမှအသစ်ဆောက်ထားခြင်းဖြစ်သဖြင့် ထန်မိသားစု၏ မြည်းရိုင်းတွေကို ချိုးခွင့်အပြုမခံနိုင်ပေ။
လင်းလန်နှင့် လင်းမိန်တို့က တံခါးအက်ကြောင်း ကြားမှ ချောင်းကြည့်လိုက်ကြသည်။
တံခါးအပြင်ဘက်မှာ အတူတူ မတ်တပ်ရပ်နေသည့် လူကြီးငါးယောက်ကို တွေ့လိုက်ရ၏။အကုန်လုံးက အရပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင်တွေဖြစ်ကြပြီး ဒေါသကြောင့် မျက်နှာများမှာ တင်းမာမှုတွေ ပြည့်နှက်နေလျက်ရှိလေရာ အသားတစ်ချက်တွန့်တိုင်း ကြမ်းတမ်းမှုတွေအပြည့်ဖြင့် လူကောင်းတွေပင် ထိတ်လန့်နေကြရ
သည်။
ခေါင်းဆောင်လာသူတွင် မုတ်ဆိတ်ဖြူနှင့် ညိုမှိုင်းနေသော မျက်နှာရှိပြီး ခေါင်းထိပ်က ကတုံးနှင့်ဖြစ်ကာ ပြောင်လက်တောက်ပနေသည်။ ပတ်ပတ်လည်ရှိ ဆံပင်များက မြက်ပင်များကဲ့သို့ လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ လက်ကိုနောက်ပစ်ထားပြီး တေမိလုပ်နေ၏။
တခြားအမျိုးသားတွေလည်း လက်ပိုက်ပြီး ဘာမှ မပြောဘဲ ပြင်းပြင်းထန်ထန် ကြည့်နေကြသည်။
နောက်ဆုံးတစ်ယောက်က အကျီကို ရင်ဘက်ဖွင့်ထားပြီး တွန့်ရှုံ့ဖုထစ်နေသော အမာရွတ်များကို ပေါ်လွင်စေခဲ့သည်။သူသည် မူလက ကြမ်းတမ်းသောလူဖြစ်သော်လည်း ယခုမူ တဝမ်၏တံခါးဒဏ်ကြောင့် သူ့လက်က ဘီးကဲ့သို့ လှုပ်ခါနေသည်။
“မင်းမေ…”
ထန်လောင်ချီ သူ့ခြေထောက်ကို မြှောက်ပြီး လက်စားချေရန် ပြန်ကန်ချင်ပေမဲ့ တစ်ဖက်လူက ဆယ်ကျော်သက်အရွယ် ချောမောသည့်ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့ယောက်ဖမဟုတ်ကြောင်းတွေ့လိုက်ရသည်။ သူ တန့်မသွားဘဲမနေနိုင်ခဲ့ပေ။ လင်းလန်နှင့်လင်းမိန်ကို မြင်သည်အခါ သူက သရော်၏။
“ဟေး...မိန်းမနဲ့ ကလေးတွေကို လွှတ်ခြောက်တာက ဘာလဲဟ..လူကြီးလူကောင်းတွေရောဘယ်မလဲ...”
သူက ကြမ်းကြုတ်လွန်း၍ လူအများစုက သူ့ကို မြင်သည်အခါ ကြောက်လန့်တကြား အော်ဟစ်ကြသည်။ ယခုမူ ကလေးသာမက အမျိူးသမီးတွေကပါ သူ့ကိုမကြောက်သည့်အတွက် သူပို၍ပင် ဒေါသထွက်သွား၏။
“ခင်ဗျား ရင်ဘက်ကြီး ဖွင့်ထားတာ မအေးဘူးလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား”
တဝမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
ထန်လောင်ချီ တဝမ် သူ့
ကိုမေးလိုက်သောအခါ ချက်ချင်းပင် တုန်တုန်ယင်ယင်ဖြစ်သွားသည်။ သေစမ်း...သူအေးမအေးဆိုသည်က ပြောနေစရာကိုမလိုပေ။သို့ပေမဲ့ ဤဟာက အခြေအနေကို ပံ့ပိုးရန် ဂိုက်ပေးထားခြင်းဖြစ်၏။
သူက နှာမှုတ်ကာ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်၊ သူ့ဗိုက်က လှိုင်းလုံးများကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်စွား၏။
"သောက်ပေါလုပ်မနေနဲ့... ငါ့ညီမကို ဘယ်သူထိတာလဲ... ထွက်လာခဲ့..."
လူအုပ်ထဲက ဒုတိယအစ်ကိုလင်းက ချက်ချင်း တွန့်သွားပြီး သူ့အစ်ကိုကြီးနောက်မှာ ပုန်းနေလိုက်သည်။
လင်းလန်နှင့် လင်းမိန်တို့ စကားမပြောရသေးခင်တွင် စန်းဝမ်က အပြင်ထွက်ပြီး အော်နေလေပြီ။
“တစ်ယောက်ချင်းချမလား ..စာပေတိုက်ပွဲလား သိုင်းတိုက်ပွဲလား...အအေးကို တကယ်မကြောက်ဘူးလား...ဘာလို့ ရေလှောင်ကန်ထဲမှာ ရေမကူးကြရမှာလဲ...ဘယ်သူက ပိုကြာကြာခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
သူက ထိုသို့ပြောရင်း ထန်လောင်ချီကို အတုခိုးကာ သူအကျီကိုချွတ်လေသည်။
ထန်လောင်ချီ၏မျက်နှာ တုန်ယင်သွား၏။
မင်းအမေ... ငါက လက်ပြတ်ဂျာကင်ကို ဝတ်ထားတာ... ငါတကယ် အအေးကို မကြောက်ရင် ငါ အကျီကျွတ်နဲ့နေမှာပေါ့ကွ...သောက်ကလေး ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ နာကျင်မှုကို သိလား... နာကျင်တာကို နာကျင်တယ်လို့ မပြောနိုင်သလို အအေးကိုလည်း ကြောက်လို့မရဘူး...
အားဝမ်ကလည်း ရှေ့တိုးကာ သုံးယောက်သား၏ ကြွက်သားများနှင့် ပတ်သက်၍ မှတ်ချက်ပေးလာပြီး နောက်ဆုံးတွင် စန်းဝမ်အတွက် နိဂုံးချုပ်ပေးလိုက်သည်။
"သူ့မှာ အသားအများကြီးရှိတာကိုပဲ ကြည့်မနေနဲ့... သူ့ရဲ့ ပေါက်ကွဲအားက မကောင်းဘူး.. ဥပမာ အဖေက အုတ်ခဲတစ်လုံးကို လက်သီးချက်တစ်ချက်နဲ့ချိုးနိုင်တယ်...သူက လက်သီးတစ်ချက်နဲ့တင်လဲသွားလိမ့်မယ်... "
ထန်လောင်ချီ၏မျက်နှာက တုန်လှုပ်သွားပြီး လက်သီးကြီးမြှောက်ကာဆို၏။
"အဲ့ဒါကဘာမလို့လဲ....ငါနာကျင်မှုကိုမကြောက်ဘူး..."
သူက သန်ရုံတင်မက၊ သူ့အရေပြားကလည်း ထူထဲပြီး အထိုးအနှက်ဒဏ်ကို အလွန် ခံနိုင်ရည်ရှိသည်။ သူက ထိုးခြင်းကန်ခြင်းတွေကို လုံဝမကြောက်သလို တုတ်နှင့် သူ့နောက်ကျောကိုရိုက်လျှင်ပင် ကျိုးသွားသည်က တုတ်ဖြစ်ပေလိမ့်မည်။
အားဝမ်က အထင်အမြင်သေးစွာ ဆို၏။
"ပထမပွဲအတွက်ပြင်ထား"
ထန်လောင်ချီ ခေါင်းလှည့်ကာ နံရံကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ရှောင်ဝမ် နှင့်ဟောင်နန်းတို့က အပြာရောင်အုတ်ခဲတစ်တုံးကို သယ်ကာ ပစ်ပေးလာ၏။
“ဒီမှာ”
ထန်လောင်ချီ : “…”
စန်းဝမ်က သူ့ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကိုကြည့်ကာ မဟုတ်မှန်းသိပြီး ပြုံး၍ပြောလိုက်သည်။
“ဒုတိယအစ်ကို...သူက သေချာပေါက် အဖေရဲ့ ပြိုင်ဘက်မဟုတ်ဘူး”
အားဝမ်က ဟန်ချင်စုန့်ကို လက်ရည်ကို တွေ့ဖူးပြီးသားဖြစ်ရာ ပြုံးပြီးဆို၏။
“အဲဒါက အဓိပ္ပါယ်မရှိတာတော့မဟုတ်ဘူး...သူတို့ပေါင်းတိုက်ရင်တောင် အဖေ့ကိုမယှဉ်နိုင်ဘူး”
..........
စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်-
ထန်ဟဲဟွ မှားတယ်...လင်းလဲ့ရွှေလည်း ဆုံးမဖို့လိုတယ်...ပြီးတော့ လင်းမိသားစုလည်း အဲဒီကနေ သင်ယူလိမ့်မယ်...ဘယ်သူ မလွတ်မြောက်နိုင်ပါ... နောက်အခန်းမှာတော့ ထန်မိသားစုက သူတို့ခေါင်းကိုစွန့်လွှတ်လိမ့်မယ်...
Xxxxxxxx