အပိုင်း ၅၃၅-၅၃၆
Viewers 37k

Part 535


ထန်လောင်ယာက သူဟန်ချင်စုန့်ကို အနိုင်မယူနိုင်ဟု တွက်ဆမိသော်လည်း ထန်လောင်ချီက ထိုနေရာတွင် မယုံနိုင်ဘဲ ဖြစ်နေသည်။သူ၏ တတိယအစ်ကိုဖြစ်သူက ကန်ထုတ်ခံရပြီး မလှုပ်ရှားနိုင်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူတတိယအစ်ကိုအတွက်လက်စားချေလိုသည်။


 သူ့မျက်လုံးတွေက နီရဲနေ၏။

"မင်းငါ့ကိုရိုက်နိုင်ရင် မင်းအဲ့ဒါကိုပြောစရာတောင်မလိုဘူး..."


ထန်လောင်ယာ : "လာ...ရန်မဖြစ်နဲ့... လူတိုင်းက ကရုဏာထားတယ်...ဒါကြောင့် ငါတို့က ကျေးဇူးကန်းလို့မရဘူး" 


ဟန်ချင်စုန့်ကသာ သနားခြင်းမရှိခဲ့ပါလျှင် ဤကန်ချက်တစ်ချက်က တတိယလေး၏ ရင်ညွှန့်ရိုးကို ချိုးပစ်နိုင်သည်။ ယခု သူ့ကို   နှစ်ရက်လောက် လှဲနေခိုင်းရုံသာဖြစ်၏။


ထန်လောင်ချီက ဒေါသကြီးသော​သူဖြစ်လေရာ ရန်စခြင်းကို သည်းမခံနိုင်ပေ။ ဟန်ချင်စုန့် မည်မျှ အစွမ်းထက်သည်ကို စမ်းသပ်လိုသောကြောင့် ဦးလေးဖြစ်သူက မည်သို့ပင်ဆိုစေကာမူ လျစ်လျူရှူကာ  အမြန်ပြေးသွားခဲ့သည်။


သူမကောင်းသည့်ဟာတစ်ခုခုဖြစ်မှာစိုး၍ အစ်ကိုနှစ်ယောက်က နောက်ကနေ လိုက်သွားပြီး ဟန်ချင်စုန့်ကို သုံးယောက်သား ဝိုင်းထားလိုက်ကြ၏။


 ဟန်ချင်စုန့်က ယခုအချိန်တွင် တံခါးဝတွင် ရပ်မနေဘဲ လွတ်လွတ်ကင်းကင်းနေရာတွင် လမ်းလျှောက်ရန် အစပြုလိုက်သည်။ သူထိုသို့မလုပ်လျှင်ပင် တစ်ဖက်လူက လက်လျှော့သွားမည်မဟုတ်ပေ။


ထန်မိသားစုက သားအဖများ ကိုယ့်သေတွင်းကိုယ်တူးရန် ခေါင်းမာနေသည်ကို မြင်လိုက်ရသောအခါ  လင်းလန် သူ့ကို သဘာဝအတိုင်း တားမနေပေ။ စန်းဝမ်နှင့် တွဲပြီး ဟန်ချင်စုန့်ကို အားပေးရန် လက်သီးတွေကို ဆုပ်ထားလိုက်သည်။


  "အဖေ ချ ချ"

ကလေးတွေက အော်လိုက်၏။ 


လင်းလန်က လက်ချင်းပူးကာဆိုလိုက်သည်။ 

"စန်းကောက အကောင်းဆုံးပဲ..." 


 ဟန်ချင်စုန့်က သူမကို လှည့်ကြည့်လာရာ သူမ ချက်ချင်းပင် လေးစားသဘောကျသည့်အပြုံးတစ်ခု ပြုံးပြလိုက်သည်။


 ဟန်ချင်စုန့်: ......


ငါ့မိန်းမက ကလေးလေးကျနေတာပဲ...


အဆင်အခြင်မဲ့သည့် လူများအတွက် အများနှင့်တဦး (သို့)တဦးချင်း တိုက်ခိုက်ခြင်းတို့ကြားတွင် ကွာခြားချက်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်က ပြိုင်ဘက်မဟုတ်ပါက သူတို့ကို တိုက်ခိုက်ခွင့်သာပြုလိုက်ရန်ပင်။ ပြိုင်ဘက်က အကွက်ရေတစ်ခုလောက်လုပ်လာသည်နှင့် သူတို့အကွက်တွေကိုရှောင်ပြီး သူတို့ကို တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးယူလိုက်သည်။


ကြည့်၍ပင် မဝနိုင်ပေ။


 လူသုံးယောက် ထိုးကြကန်ကြခြင်းဖြစ် သော်လည်း ကြုံရာကျပန်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြသည်။ ထန်လောင်အာက ဟန်ချင်စုန့်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခြေထောက်ဖြင့် တိုက်ခိုက်ခဲ့ပြီး ထန်လောင်ချီက ဟန်ချင်စုန့်၏ရင်ဘတ်ကို ထိုးကာ ထန်လောင်တ  အနောက်မှ လက်သီးဖြင့်ထိုး၍ ဟန်ချင်စုန့်၏လည်ပင်းကို ချုပ်ရန် ကြံစည်ခဲ့သည်။


ဟန်ချင်စုန့်က တစ်လှမ်းတည်းဖြင့်  ပြိုင်ဘက်၏ ကန်ချက်ခြေထောက်ကို ချုပ်ပြီး နောက်မှ လည်ပင်းကို ညစ်လာသော လက်သည်းများကို  ရှောင်လိုက်ကာ တစ်ချိန်တည်းတွင် ထန်လောင်ချီ၏ လက်သီးကို ဘယ်ဘက်လက်ဖြင့် လက်ယောင်ပြ  ဆုပ်ကိုင်ကာ လက်ကောက်ဝတ်တစ်လျှောက် အပေါ်သို့ ရွေ့သွားခဲ့သည်။ သူက ထန်လောင်ချီကို သူ့လက်မောင်းကြားထဲသို့ ဆွဲသွင်းလိုက်သည်။


 ထန်လောင်ချီ မထိန်းနိုင်ဘဲ ဟန်ချင်စုန့်နှင့် တိုက်မိတော့မည်။သူ ရှောင်ချင်သော်လည်း ဟန်ချင်စုန့်က ရုတ်တရက် ရှောင်ထွက်သွား၏။


 ထိုအစား ထန်လောင်ချီ၏ လည်ပင်းမှာ ထန်လောင်တ၏လက်နှစ်ဖက်ဖြင့်အချုပ်ခံလိုက်ရသည်။


 "အစ်ကိုကြီး...ငါပါ" 

 

ထန်လောင်တ မျက်နှာပူလာပြီး ထန်လောင်ချီကို အမြန်လွှတ်လိုက်၏။


ဟန်ချင်စုန့် ဖျတ်ခနဲ ထွက်ပေါ်လာပြီး တချိန်တည်းမှာပဲ  ဘယ်ခြေထောက်နှင့် ထန်လောင်အာ ၏ အရိုးများကို လိမ်လိုက်ကာ ရှင်းလင်းပြတ်သသည့် တဂျွတ်ဂျွတ်အသံများထွက်ပေါ်လာစေသည်။ သူက ထန်လောင်အာ၏ခါးကို သူ့ ဒူးနှင့်ထောက်လိုက်ပြန်ကာ   တံတောင်ဆစ်ပျံများကနောက်က လိုက်ပါလာပြီး လျှပ်တပြက်ဖြင့် ထန်လောင်အာ ဗိုင်းခနဲလဲကျသွားခဲ့သည်။ မြေကြီးပေါ်တွင်  ဒူးဖြင့်ဖိကာ ထန်လောင်အာ သံမှိုနှင့်ရိုက်ထားသလို မလှုပ်ရှားနိုင်အောင်ပြလုပ်လိုက်၏။


 ထိုအချိန်တွင် ထန်လောင်ချီက  ထပ်မံကန်လိုက်ရာ ဟန်ချင်စုန့်က လျှပ်စီးလက်သကဲ့သို့ ထန်လောင်ချီ၏ ခြေကျင်းဝတ်ကို ဆွဲကိုင်ကာ ရှေ့သို့ တွန်းပို့လိုက်ရာ ထန်လောင်ချီက ပြင်းထန်ပြီး စံပုံစံကျသည့် ပေါင်အပြည့်ကားလေ့ကျင့်ခန်းကို လုပ်ပြီးသားဖြစ်သွားသည်။


 "အားးး—" 


ထန်လောင်ချီ သူ့ဥမှ နာကျင်မှုကို ခံစားလိုက်ရ၏။ ဂွမ်းကပ်ဘောင်းဘီကလည်း ပြဲသွား ပုံရသည်။


ဟန်ချင်စုန့်က သူ့ကို လွှတ်မပေးဘဲ သူ့လည်ပင်းကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး ပြန်ဆွဲယူကာ ထန်လောင်ချီကိုပါ မြေကြီးပေါ်မှာ သံမှိုစွဲလိုက်ပြန်၏။


ထန်လောင်ချီက လက်များကို နောက်ကျောဆီသို့လိမ်၍ လက်သည်းများကို ခါးနောက်ပိုင်းတွင်တင်ကာ ပေါင်အပြည့်ကားလေ့ကျင့်ခန်းကြီးတစ်ခုလုပ်နေခဲ့သည်။  ဤခက်ခဲသောအနေအထားကြောင့် သူ၏အဆစ်များ တဂျွတ်ဂျွတ်ဖြစ်နေခဲ့သည်။


ထန်လောင်တက လက်ရှိမှာ ဟန်ချင်စုန့် ၏လက်တွေ မလှုပ်ရှားနိုင်ဟူသော အတွေးဖြင့် ရဲရဲဝံ့ဝံ့ပြေးဝင်လိုက်၏။သူက  ဟန်ချင်စုန့်က သူ့ခြေကျင်းဝတ်ကို မဖမ်းမိစေရန် ဟန်ချင်စုန့် ၏ နောက်ကျောကို လှမ်းကန်လိုက်သည်။


 ထန်လောင်ချီ: "အစ်ကိုကြီးးး သတိထား..."

စကားမဆုံးခင်မှာပင် "ဒုန်း"ခနဲအသံပေါ်လာပြီး ထန်လောင်တ မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်ကျသွားသည်။


 သူ ကန်လိုက်ချိန်တွင် ဟန်ချင်စုန့်ကို မထိခဲ့ပါဘဲ  ဟန်ချင်စုန့်က ပိုမိုပုံစံကျသည့် ပေါင်အပြည့်ကားလေ့ကျင့်ခန်းဖြင့်ရှိနေခဲ့ပြီး ခြေတစ်ဖက်က ထန်လောင်အာ ၊လက်နှစ်ဖက်က ထန်လောင်ချီနှင့် တခြားခြေတစ်ဖက်   ထန်လောင်တ မတ်တပ်ရပ်နေသည့်နေရာတွငိရှိနေခဲ့၏။


ခြေတစ်ဖက် ပြုတ်ကျလာသည်။


 KO! !

(T/N–knock out= လက်ဝေ့ထိုးပွဲများတွင် အလဲထိုးနိုင်ခြင်း)


လင်းလန်က လက်သီးကို တင်းတင်းဆုပ်ကာ ဝှေ့ယမ်းလိုက်ပြီး မိန်းမငယ်လေး၏ နှလုံးသားကလည်းတဖျပ်ဖျပ်လှုပ်ခါနေသည်။ လူမြင်ကွင်းတွင် အရှက်ရစရာဖြစ်မည်စိုး၍မဟုတ်ပါက အောင်နိုင်သူအတွက် အနမ်းကို ပြေးပေးမိလိမ့်မည်။ လက်ရှိအချိန်၌ သူမ ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေပေါ်အနမ်းတစ်ပွင့်ပေးလိုက်၏။

(နှုတ်ခမ်းကို လက်နဲ့အုပ် ပြန်ခွာပြီးမွလုပ်တာလေ သိတယ်မလား)


ဟန်ချင်စုန့်၏နှလုံးသား ရုတ်ချည်းတုန်ခါလာကာ သူတကယ်ကို ထိတ်လန့်သွားသည်။သူမ သူ့ကို ထပ်ပြီး သွေးဆောင်ပြန်ပြီ... သူ သူမကို တကယ်နမ်းချင်တယ်...


.........


 စာရေးသူမှာ ပြောစရာရှိပါတယ်


ညွှန်မှူးဟန်: အောင်ပွဲက အရေးမပါပေမဲ့ ဇနီးသည်ကို ပျော်ရွှင်အောင်လုပ်ဖို့ အသုံးဝင်တယ်...


Xxxxxxxxx

Part 536


ကလေးတွေကလည်း ခုန်ပေါက်ကာ ဝမ်းသာအားရ အောင်ပွဲခံကြသည်။


 "ရေးး...အဖေက တော်လိုက်တာ..."


 စန်းဝမ်နှင့်ရှောင်ဝမ်က လက်ခုပ်တီးကာ ဩဘာပေးကြ၏။


 မိုင်စွေ့က အားဝမ် နှင့် ချောင်ချောင်တို့၏ လက်များကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး ဟန်ချင်စုန့် နိုင်သည်ကိုမြင်လိုက်သည်နှင့် တခါတည်း   ခုန်ပေါက်နေတော့သည်။


 တဝမ်ကမူ  ၎င်းကို ပုံဖော်ရင်း အလုပ်များနေကာ 

ခုနကတိုက်ပွဲကို သူ့စိတ်ထဲမှာ လိုက်လုပ်နေရင်း ထိုလူများက ညံ့လွန်းသည်ဟု ကောက်ချက်ချလိုက်သည်။


​​ဟောင်နန်ကပါ လက်ခုပ်တီးပြီးအော်လေ၏။ "ဦးလေး တော်တယ်..."


ကျန်းယောင်ကျူး : ... 

ဘိုးဘေးက အရမ်းတော်တယ်...


 ချက်ချင်းဆိုသလိုပင်၊ ထန်မိသားစု၏ ညီအစ်ကိုများသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။


ပေါင်အပြည့်ကားလေ့ကျင့်ခန်း လုပ်ခဲ့ရသောထန်လောင်ချီမှာ သူ၏တင်ပါးကို နာကျင်နေရုံသာမက လက်လည်းလုံးဝမမြှောက်နိုင်ပေ။ယခင်က လက်ဖျံက ထိခိုက်သွားပေမဲ့ ယခု လက်မောင်းကြီးတစ်ခုလုံးချိနဲ့သွားပြီး  ထိန်းချုပ်မှုလွတ်သွား၏။


 ထန်လောင်ယာ : ... ကလေးသုံးယောက်က ဟန်ချင်စုန့်ကို အနိုင်ယူရန် လုံလောက်သည်ဟု ခုနက သူထင်ခဲ့သည်။ ထိုကြောင့် မတားဘဲ စမ်းကြည့်ချင်ခဲ့၏။ လက်ရှိအချိန်မှာ သူ ရှေ့မတိုးလိုက်ခဲ့သည့်အတွက်  ဝမ်းသာမိသည်။ ဤအရိုးဟောင်းကြီးက ထိုမျှကြီးမားသည့် လှုပ်ရှားမှုကို မလုပ်ဆောင်နိုင်ပေ။


ဟန်ချင်စုန့်က လင်းလန်ကို မော့ကြည့်လိုက်ပြီး ခုန်ထ၍ သူ့လက်ပေါ်ရှိ ဖုန်မှုန့်များကို ပွတ်ချကာ ထန်လောင်ယာကိုပြောလိုက်၏။ 


" အခု ကျုပ်တို့ကောင်းကောင်းပြောလို့ရပြီလား"


ထန်လောင်ယာက ကပျာကယာလက်ကမ်းပေးပြီးဆိုလေသည်။


 "ညွှန်မှူးဟန်က အရမ်းတော်တာပဲ... ဒီအဘိုးကြီးလေးစားမိပါတယ်...အခုကနေစပြီး  ညွှန်မှူးဟန်မှာပြောစရာရှိရင် အမိန့်ပေးလိုက်ရုံပါပဲဗျာ"


 ဟန်ချင်စုန့်: "ကျုပ်ကဒီနေရာမှာ  ညွှန်မှူးဟန်မဟုတ်ဘူး...ကျုပ်ညွှန်မှူးဟန်ဖြစ်တဲ့အခါ ခင်ဗျား အမိန့်နာခံရမယ့်အလှည့်မဟုတ်ဘူး"


ထန်လောင်ယာ : "ဟုတ်တာပေါ့...ဟုတ်တာပေါ့... မင်းပြောတာမှန်တယ်"


ထန်လောင်တက ထန်လောင်ချီကိုဆွဲထူလိုက်၏။ သူ့လက်မောင်းတွေက တွဲလောင်းကျနေဆဲဖြစ်ကာ နာကျင်လွန်း၍  ချွေးတွေထွက်နေသည်။သေချာသည်ပင်၊ သူကိုယ်၌ကပင် ဤလက်ဖြင့် လင်းလန်ကို ဆွဲဖယ်ရန်ကြိုးစားခဲ့ကြောင်းသတိမပြုမိပေ။


ထန်လောင်စန်းက နံဘေးမှာ လဲလျောင်းနေဆဲဖြစ်သည်ကို ကြည့်ပြီး ထန်လောင်ချီ မျက်ရည်မကျရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်ပြန်သည်။ လုံးဝမျက်ရည်ကျလို့မရဘူး... ဒါက သူရဲဘောကြောင်တာပဲ...


ယခု နောက်ဆုံးမှာ  အိမ်ထဲဝင်ပြီး စကားကောင်းကောင်းပြောနိုင်လေပြီ။


ထန်လောင်တအနေဖြင့် ထန်လောင်ချီ၏လက်မောင်းကိုပြန်ချထားရန် ဟန်ချင်စုန့်အား ကူညီပေးစေချင်သည်။ ယေဘုယျအားဖြင့်ပြောရလျှင် လက်နက်ကိုင်ဆောင်နိုင်သူများသည် ထိုသို့လုပ်ဆောင်ကြသော်လည်း ဟန်ချင်စုန့်ကမူ ထိုသို့မလုပ်ပေးပေ။


သူက သူ့မိန်းမကိုကြည့်ရန် ခေါင်းကို လှည့်ထားသည့်အတွက်  လင်းလန်က သူ့ဘက်ကို မျက်လုံးပြူးပြီး လျှို့ဝှက် အမူအရာတစ်ခု လုပ်ပြလိုက်၏။


ငွေတောင်းခံလွှာများကို ရေတွက်ခြင်းအမူအရာဖြင့် သူမ ဘာကိုဆိုလိုသည်ကို သူနားမလည်ပေ။ ထန်၏မိသားစုထံမှ ငွေအချို့ကို ညစ်ယူရန် အခွင့်အရေးယူလိုသည်လော။ သူက သူမဆီသို့ လျှောက်လာပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။


လင်းလန် သူ၏နဖူးမှာ ရှိမနေသော ချွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်၏။ အဓိကအားဖြင့် သူ့ဆံပင်ပေါ်တွင် ဖုန်မှုန့်အနည်းငယ်ရှိနေသောကြောင့် မျက်လုံးများကို အလွယ်တကူ ရှုပ်ထွေးသွားစေနိုငိသည်။


 ယခု အဘွားကြီးလင်းလည်း ကျန်းယောင်ကျူး ကဲ့သို့ စိတ်အားထက်သန်မှုနှင့် ကြည်ညိုလေးစားမှုအပြည့်ဖြင့် ဟန်ချင်စုန့်ကို ကြည့်နေသည်။အဘွားကြီးလင်းသည် သူမ သားမက်ကိုကြည့်နေသော  ယောက္ခမတစ်ယောက်နှင့် ပိုတူလာသည်။


 ပင်မခန်းထဲသို့ဝင်သောအခါတွင် ဂုဏ်ထူးဆောင်ဧည့်သည်များက သီးခြားထိုင်ကြပြီး ခုံတန်းရှည်ကြီးများနှင့် ခုံတန်းရှည်ငယ်များအားလုံးကို အထဲရွှေ့ထားသည်။ပင်မအခန်းတွင် လူပြည့်နေ၏။


လင်းလန် မူလက တတိယအစ်မအတွက်သူမ၏ဒေါသကို ဖော်ထုတ်ချင်ခဲ့သည်။ အတိုင်ခံရခြင်းမှာ အသေးအဖွဲကိစ္စမဟုတ်သဖြင့် သူမကိုယ်တိုင်က ဂရုမစိုက်ကြောင်း သူမလူများအမေဖြင့် ပြောနိုင်သော်လည်း နောင် ဘယ်သောအခါမှ ထပ်မလုပ်ရဲစေရန် တိုင်ကြားသူအား အမောက်အနည်းငယ်ထောင်ပြရမည်ဖြစ်သည်။ 


သူမ မေးခွန်းကို ထပ်ခါတလဲလဲ ပြန်မေးခံ၏။


ထန်လောင်ယာက လင်းလန်ကိုကြည့်ကာ ကြင်နာစွာပြောလာသည်။


 "မိန်းကလေး...ဒီအကြောင်းကို ငါတကယ်မသိဘူး...ငါတို့ထန်မိသားစုဘိုးဘေးတွေက ဝက်တွေကိုသတ်ပြီး လယ်လုပ်တယ်... ရက်ကန်းထည်ယက်တာကလည်း  ကိုယ့်ဘာသာဝတ်ဖို့ပဲ...ငါတို့က မကျေမနပ် မဖြစ်ပါဘူး... မင်းရဲ့လုပ်ငန်းကို ငါတို့ဘာလို့သတင်းပို့ရမှာလဲ”


သူ့မှာ ပုံမှန်အားဖြင့် သုန်သုန်မှုန်မှုန်မျက်နှာရှိလေရာ ကြင်နာမှုပြုနေသည့်တိုင် ရက်စက်ပြီး လူကောင်းမဟုတ်သည့်ပုံပေါ်နေသဖြင့် ကလေးများကို မျက်ရည်ကျသည်ထိကြောက်သွားစေနိုင်သည်။


"ဒါဆိုဦးလေးအနေနဲ့  ကိုယ့်သမီးကိုယ် သေသေချာချာ မေးရမယ်...ကျွန်မတို့မှာ သက်သေတွေ ရှိတယ်"


 ထန်လောင်ယာက  သူ့သားအကြီးဆုံးကို လှည့်ကြည့်ပြီးဆို၏။


 "ဘာလို့သူပြောတာကို နားမလည်ရတာလဲ...အဲ့ဒါက ဘာလဲ ... ဘာဖြစ်နေတာလဲ မင်း သိလား "


ထန်လောင်တ ထိုစဥ်က နည်းနည်း သိပေမဲ့ မပြောရဲပေ။ သူ့အမေ၊သူ့ညီမနှင့်ဒုတိယလေး ၏မိသားစုကြောင့် ဖြစ်ရ​ခြင်းပင်။သူက ထန်၏ ဒုတိယမြောက်သားကို ကြည့်လိုက်သည်။


 ထန်လောင်အာအနေဖြင့်ပြောရလျင်  သူ့ဇနီးကလုပ်ခဲ့သော်လည်း မိသားစုတွင် ညီအစ်ကိုမောင်နှမများစွာရှိသဖြင့် ညဘက်တွင် အနွေးကုတင်ဆီသို့သွားကာ ဇနီးသည်နှင့် အိပ်သည်ကလွဲ၍ နေ့ခင်းဘက်တွင် အမျိုးသမီးတသိုက်ဆီမသွားခဲ့လေရာ သူမသိပေ။


 သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်သောအခါ ထန်လောင်ချီက လက်တွဲလောင်း၊ဖူးယောင်နေသောမျက်နှာဖြင့် ခေါင်းငိုက်စိုက်ကျနေပြီး  တတိယညီဖြစ်သူက မြေပြင်ပေါ်မှာ လဲလျောင်းနေ၏။ ဘယ်သူမှ သိဟန်မပေါ်ပေ။


လင်းမိန်က သူတို့ ဟန်ဆောင်နေသည်ဟု ထင်သည့်အတွက် ပြောလိုက်သည်။


  "အမျိုးသမီးကျန်း... သူ(မ)က မင်းဇနီးရဲ့ ဝမ်းကွဲတစ်ယောက်ပဲ... ရှင်တို့အကုန်လုံး ကိုယ့်ဘာသာကိုယ် သိပြီးမယ်ထင်တယ်...ကျွန်မတို့ တပ်မဟာက သူ့ကို ဖမ်းပြီး လက်ဗွေတွေကို အဖြူအမည်းရိုက်ထားတယ်... ဒါက အတုမဟုတ်ဘူး မယုံရင် ကိုယ့်ဘာသာကိုယ် မေး ကြည့်" 


ထန်လောင်ယာက  သူ့သားတွေကိုကြည့်လိုက်ပြီး

 "မင်းတို့ရဲ့ဘယ်ဝမ်းကွဲက အမျိုးသမီးကျန်းလဲ... ငါဘာလို့မသိတာလဲ"


ထန်လောင်တက ဒုတိယညီအား စိုက်ကြည့်ကာဆို၏။


 "အဖေ... ကျွန်တော်တို့အိမ်ကို မကြာခဏ လာတတ်တဲ့ ဝမ်းဆွဲသည် နန်လင်းပဲ"


အဘွားကြီးကျန်းသည် အဒေါ် သုံးယောက်နှင့် ဇနီးခြောက်ယောက်ဖြင့် စီးပွားရေးလုပ်ခဲ့ဖူးသည်။ကလေး မွေးပေးတတ်ရုံသာမက  အောင်သွယ်တစ်ယောက်အနေနှင့်လည်း အလုပ်လုပ်၏။သူမက လူတော်တော်များများနှင့်သိသဖြင့် လူပေါင်းများစွာ၏အရေးကိစ္စတွေကိုသိလေသည်။  သူမနှင့် ထန်မိသားစုမှ အဘွားအိုတို့က အသိအကျွမ်းဟောင်းများဖြစ်ကြပြီး ချွေးမများနှင့် တူမများစွာကို အတူတကွမိတ်ဆက်(အောင်သွယ်)ပေးခဲ့ဖူးသည်။


Xxxxxxx