Part 547
လင်းလန်က ၍ကိစ္စကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားပြီး ဟန်ချင်စုန့်နှင့် ခဏခဏ ပြောခဲ့သည် ဟန်ချင်စုန့်ကလည်း ၎င်းကို ဂရုစိုက်ပြီး စောစောက သူ့ရဲဘော်တွေဆီ စုံစမ်းပေးရန် စာရေးလိုက်သည်။ သူတို့က ကူစုံစမ်းပေးခဲ့ပြီးနောက် ဆေးရုံ၊ ဆရာဝန်ထံ ဆက်သွယ်ကာ ဆေးကုသမှုဆိုင်ရာ အကျိုးကျေးဇူးများကို မေးမြန်းခဲ့သည်။
သူမစီစဉ်ထားသည်ကိုတွေ့သောအခါ လင်းမိန်စိတ်သက်သာရာရသွားသည်။
ငွေရှာရန် စီးပွားရေးလုပ်ရသည်ကို နှစ်သက်ပေမဲ့ တစ်ခါတရံမှာ သူမဟာ တစ်ပြားတစ်ချပ်လောက်အတွက် လူတွေနှင့် ရန်ဖြစ်သည့်အခါ သူမ လည်ပင်းတွေနီလာသည်အထိ ဒေါသတကြီး ဖြစ်နေတတ်၏။ သို့ပေမဲ့ ဤအရာ တွေအားလုံးက သူမကိုယ်တိုင်ရှာခဲ့ခြင်းဖြစ်ပြီး တခြားလူတွေ၏ငွေကို လိုချင်ခြင်းမဟုတ်ပေ။
ထန်၏မိသားစု၏ပိုက်ဆံကဲ့သို့ ငွေအတွက်မူ သူမ စိတ်မသက်မသာဖြစ်ပြီး တစ်စုံတစ်ယောက်ကို ကိုက်လိုက်သလို ခံစားလိုက်ရကာ အပြစ်ရှိစိတ် အနည်းငယ်ဖြစ်မိ၏။
"လန်ဟွားဟွား...ဒီပိုက်ဆံတွေကို မိဘတွေဆီ ပေးရင် နင်စိတ်ဆိုးမှာလား"
လင်းလန်က ရယ်ပြီး
"ဘာလို့ စိတ်ဆိုးရမှာလဲ... လွင့်ပစ်ပြီး မီးရှို့ရင်တောင် နင့်သဘောပဲလေ... ငါဂရုမစိုက်ဘူး ... ဒေါသကို ဖွင့်ထုတ်ပြီး သူတို့ကို သင်ခန်းစာပေးလိုက်စမ်းပါဟာ...ထန်မိသားစုဆီက ပိုက်ဆံတောင်းပေမဲ့ အဲ့ဒါက သူတို့ ပိုက်ဆံဆုံးရှုံးပြီး ပိုမှတ်လောက်သားလောက်ဖြစ်အောင် လုပ်ဖို့ပဲ”
လင်းမိန်က စဉ်းစားပြီး ထိုငွေကို မိဘတွေဆီ ပေးခဲ့သည်။ သူတို့ လင်းလဲ့ရွှေကိုပေးသည်ပဲဖြစ်စေ၊ တိတ်တိတ်လေး အဘိုးကြီးထန်၏အိမ်သို့ ပြန်သွားပေးရန် ဆုံးဖြတ်ခဲ့ကြသည်ပဲဖြစ်စေ သူ့တို့သဘောအတိုင်းသာလုပ်ပါစေ။
အဘိုးကြီးလင်းမှာ ပြဿနာတွေအများကြီးရှိပေမဲ့ ကိုယ့်ကိုကိုယ် ကောင်းကောင်းသိသည့်တစ်ချက်မှာ သူ့ကိုယ်ပိုင်ပိုက်ဆံမဟုတ်လျှင် မယူနိုင်ခြင်းဖြစ်၏။ ကိုယ့်လက်ကိုယ်ပဲပြန်ကိုက်ပစ်လိုက်မယ်...
နောက်ဆုံးတွင် အဘွားကြီးလင်းက ကောက်ရိတ်သိမ်းချိန်ကို စောင့်ကြည့်ရန် တွေးခဲ့သည်။ ထန်ဟဲဟွ အမှန်တကယ် အလုပ်ကြိုးစားပြီး ထန်မိသားစုက အမှန်တကယ် လာကူပေးလျှင် ငွေများကို ဖြည်းဖြည်းချင်း ပြန်ပေးမည်ဖြစ်သည်။
ကိုးရက်မြောက်နေ့တွင် ကလေးများက လင်းလန် ၏အိမ်သို့ တစ်ဖန်သွားရောက်လည်ပတ်ကြပြီး ရှောင်ရှင်းက လိုင်ရှီး၏နောက်ကနေလိုက်လာခဲ့၏။ ဝက်ဆီဘူးသေးသေးလေးတစ်ဘူးကို လင်းလန်ဆီ ယူလာပြီး သူ့အဖိုးက ပေးသည်ဟုဆိုသည်။
သူမက ညအချိန်တွင် ချောင်ချောင် နှင့် အတူနေကာ ရှောင်ရှင်း နှင့်လည်း ရက်အနည်းငယ်ကြာအောင်နေခဲ့သည်
ရှောင်ရှင်းကို စန်းဝမ် နှင့် ပိုမိုနီးကပ်လာစေပြီး သူ၏အသေးအဖွဲပြဿနာများကို ဂရုစိုက်နိုင်စေခဲ့၏။
ရှောင်ရှင်းက အသက် 8 နှစ်ရှိပြီဖြစ်ပြီး အဖော်အပေါင်းတွေနှင့်နေရသည်ကို နှစ်သက်သည့်အချိန်ဖြစ်သောကြောင့် သူ့အမေနှင့် ခွဲခွာရန် ပြဿနာမရှိပေ။မည်သိုပင်ဖြစ်စေ စတုတ္ထဒေါ်လေး၏အိမ်က ပျော်စရာကောင်းသော ကြောင့် စတုတ္ထဒေါ်လေ၏ အိမ်မှာ ထာဝရနေနိုင်ပါစေဟု ဆုတောင်းရင်း လိမ္မာသည့် ကောင်လေးတစ်ယောက်အနေဖြင့် ပျော်ရွှင်ခဲ့ရသည်။
ပထမဆုံးလ၏ ဆယ့်ငါးရက်မြောက်နေ့သည် ဆွေမျိုးများထံ လည်ပတ်ရမည့်နေ့၏နောက်ဆုံးရက် ဖြစ်သည်။ဆယ့်ငါးရက်မြောက်နေ့တွင် ပထမဆုံးလကို ရေတွက်ပြီး အလုပ်စတင်သည်။
မနက်စောစောမှာ လင်းလန် ကလေးတွေကို ယွမ်ရှောင်းလုပ်ခိုင်း၍ ကောင်းကောင်းကျွေးကာ တဝမ်အား ရှောင်ရှင်းကို လိုက်ပို့ခိုင်းပြီး အားဝမ်အား ဟောင်နန်နှင့်ချောင်ချောင်ကိုပို့ခိုင်းလိုက်၏။
(T/N–တရုတ်မုန်လုံးရေပေါ်။စကောထဲထည့်လှိမ့်လုံးရပြီး အစာသွပ်ကလည်း အချို၊သတ်သတ်လွတ်၊အသား အမျိုးမျိုးရှိပါတယ် )
မိုင်စွေ့က မိန်းကလေးများနှင့် သွားဆော့ခဲ့ပြီး စန်းဝမ်ကလည်း ရှောင်ဝမ်ကို ဆော့ကစားရန် ခေါ်သွားကာ လင်းလန်ကို အိမ်ထဲတွင် တစ်ယောက်တည်း ထားခဲ့သည်။
ကလေးများ၏ ပေါက်ပေါက်ဖောက်သံများကင်းမဲ့နေသောအခါ အလုပ်ရှုပ်စရာမလိုသလို အော်ငေါက်နေစရာလည်းမလိုတော့ဘဲ လင်းလန် ရုတ်တရက်ကြီး မသက်မသာ ခံစားလိုက်ရသည်။
ရုတ်တရက်ကြီး လေထု အေးစက်သွားမှာကို သူမအကြောက်ဆုံးပင်။
သူမ ပင်မအခန်းတွင် ရပ်နေကာ ဘာဆက်လုပ်မည်ကို ခဏလောက် မေ့သွားသည်၊ သူမ အနည်းငယ် စိတ်ရှုပ်သွား၏။ အိုးမိုင်ဂေါ့... သူမ အယ်လ်ဇိုင်းမားရောဂါကို ကြိုမွေးထားခဲ့မိတာတော့မဟုတ်ပါဘူးနော်...
မဟုတ်ဘူး ...ဒါက Festival Syndromeပဲ...
ပျားပမ်းခပ်အောက် လှုပ်ရှားတက်ကြွနေသည်ကနေ ရုတ်တရက် အေးစက်သွားခြင်းက သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့ပြီး သူမ၏ နှလုံးသားထဲမှာ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ သူမ ယခင်ဘဝကလည်း ဤပြဿနာရှိခဲ့ဖူးသည်၊ သူမ သူမ၏မိန်းကလေးသူငယ်ချင်းများ၊ သူငယ်ချင်းများနှင့် တက်ကြွစွာ အချိန်ပေးရသည်ကိုကြိုက်သော်လည်း အားလပ်ရက်များအပြီးတွင် လူတိုင်းက ၎င်းတို့၏ကိုယ်ပိုင်ဘဝသို့ ပြန်သွားကြပြီး ရုတ်တရက်ကြီး တိတ်ဆိတ်သွားသောအခါတွင် သူမ ခဏတာမျှ ဘာလုပ်ရမှန်းသလို ခံစားလာရလိမ့်မည်ဖြစ်ကာ လက်လွှတ်ရန် ဝန်လေးနေပေလိမ့်မည်။
တခါတရံ ငိုရလောက်အောင်ထိဖြစ်သော်လည်းယခု သူမတွင် နွေးထွေးသော အိမ်လေး ရှိပြီး တစ်ယောက်တည်း ငိုနေစရာ မလိုတော့ပေ။
ယင်းက မလွှဲသာမရှောင်သာ ကြောင်သူတော်ယောင်ဆောင်ခြင်းသာဖြစ်ပြီး သူမကိုယ်သူမ မကျေမနပ်ဖြစ်မိသည်။
ဟန်ချင်စုန့် ဟန်ရုံဖန်၏အိမ်မှပြန်လာသောအခါ တံခါးကနေ ဝင်သွားသည်နှင့် ပင်မခန်းတွင် ငေးမောကာ ရပ်နေသည့်လင်းလန်ကို သူတွေ့လိုက်ရသည်။ တွေဝေငေးမော နေသောအကြည့်ကြောင့် သူမ၏ မူလကြည်လင်သောမျက်လုံးလေးများက ကုလားကာအလွှာဖြင့်ဖုံးလွှမ်းကာ အထဲရှိ ကြယ်ရောင် အလင်းတန်းများကို ဖုံးကွယ်ထားပြီး သူမကို စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းနေဟန်ဖြစ်စေ၏။
ဝမ်းနည်းနေတာလား...
ဟန်ချင်စုန့် သူမအဘယ့်ကြောင့် ယခုလို ဖြစ်မှန်း နားမလည်ပေ။ မနက်ကမှ အကောင်းကြီးရှိနေသေးသည်။
အခန်းထဲသို့ ခြေလှမ်းကြဲကြီးများဖြင့်ဝင်ကာ သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ခေါင်းလေးကိုပုတ်၍မေးလိုက်၏။
"ဘာဖြစ်လို့လဲ "
လင်းလန်က သူ့ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လျက် သူမမျက်နှာကို သူ့ရင်ဘတ်မှာဖိကပ်ပြီး ခေါင်းကို ခါလိုက်ကာ သူမ အသံအနည်းငယ် စိုစွတ်နေခဲ့သည်။
"ဘာမှမဟုတ်ပါဘူး"
လမ်းပျောက်နေသည့်ခံစားချက်က နှလုံးသားတစ်ခုလုံး ပြည့်နှက်နေပြီး သူမ၏ ပြိုလဲနေသော ခံစားချက်များ အောက်ခြေတွင် ရှိနေကာ သူမ ဝမ်းနည်းနေတော့မည်မဟုတ်ပေ။
သူက သူမမေးစေ့ကို ဆွဲမော့လိုက်ပြီး စိုစွတ်နေတဲ့ မျက်လုံးထောင့်တွေကို စိုက်ကြည့်ရင်းဆိုလိုက်၏။
"ဘာမှမဖြစ်ဘူးပေါ့"
လင်းလန် ရှက်ရွံ့စွာ ပြုံးပြလိုက်ပေမဲ့ မျက်လုံးထဲက မျက်ရည်တစ်စက်ကို ညှစ်ထုတ်လိုက်သလိုဖြစ်သွားပြီး ပါးပြင်ပေါ်တလျှောက် လျှောကျသွားလေသည်။
သူမ သုတ်ပစ်ချင်သော်လည်း
ဟန်ချင်စုန့်က ခေါင်းငုံ့ကာ မျက်ရည်စက်ကို စုပ်ယူပစ်လိုက်ပြီးနေပြီဖြစ်ကာ သူမကို ရှောင်လွှဲခွင့် အနည်းငယ်မှမပေးဘဲ ပြင်းပြင်းပြပြ နမ်းရှိုက်လာပြီး သူမရင်ထဲက ဝမ်းနည်းမှုနှင့်ဟန်ဆောင်ထားမှုတို့ကို ပူဖောင်းများအဖြစ် ဖျစ်ညစ် ပျောက်ကွယ်စေခဲ့၏။
“စန်း...စန်းကော …”
လင်းလန် အသက်ရှုကြပ်နေပြီဖြစ်ကာ နေ့ခင်းကြောင်တောင်ကြီးဖြစ်သဖြင့် တစ်စုံတစ်ယောက် ရောက်လာမည်ကို သတိထားရမည်ဖြစ်ကြောင်း သူ့ကို သတိပေးချင်ခဲ့
သည်။
ဟန်ချင်စုန့်က ရပ်တန့်ရန် ငြင်းဆန်ခဲ့သည်။
သူမ သူ့လက်မောင်းကြားမှာ ပျော့ခွေသွားသည်အထိသာ သူနမ်းရှိုက်ပစ်လိုက်ချင်သည်။ သူမ၏ပါးပြင်တွေက နှင်းဆီပန်းကဲ့သို့ နူးညံ့နေပြီး သူမ၏ အသားအရည်က ပူနွေးကာ ယစ်မူးစေသောအရောင်တစ်မျိူးနှင့် တောက်ပနေခဲ့၏။
Xxxxxxx
Part 548
ပထမဆုံးလကုန်ဆုံးပြီးသည်နှင့်၊ နွေဦးက နူးညံ့သိမ်မွေ့စွာထွက်ပေါ်လာပြီး ဆောင်းရာသီတစ်လျှောက်လုံး စုဆောင်းထားသော တက်ကြွမှုကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေလေပြီ။ ကလေးများသည် သစ်ပင်ထိပ်များရှိရွက်သစ်လေးများထက် ပို၍ တက်ကြွနေကြပြီး ကွင်းပြင်မှာထွက်၍ အပြေးအလွှား ဆော့ကစားရန် မစောင့်နိုင်တော့ပေ။
ချင်မင်ပွဲတော်မှာ စားသုံးပြီးနောက် ကလေးများသည် နဂါးလှေပွဲတော်တွင် *ဇုံဇီကို စားရန် စောင့်မျှော်နေကြသည်။ အချိန်ကာလက သိပ်ပြီး စိုးရိမ်စရာမဟုတ်၊ နဂါးလှေပွဲတော်က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့မည်ဖြစ်၏။
(T/N–တရုတ်ကောက်ညှင်းဖက်ထုပ်)
စပါးရိတ်သိမ်းရာသီဖြစ်၍ ဟန်ချင်စုန့်က ပုံမှန်အတိုင်း အလုပ်မှတ်များရရှိရန် အိမ်တွင် နွေရာသီရိတ်သိမ်းခြင်းကို ကူညီပေးနေခဲ့သည်။ အဖွဲ့ဝင်များအတွက် အလုပ်ခွဲဝေရန် အမြန်ရိတ်သိမ်းထုတ်လုပ်ရေးအဖွဲ့အား အားပေးရန်နှင့် အလုပ်ပိုရရန် ဟန်ချင်စုန့်က တဝမ် နှင့် အားဝမ်ကို ခေါ်၍ အရုဏ်မတက်မီ လယ်ကွင်းသို့ သွားခဲ့ပြီး မိုင်စွေ့ နှင့် စန်းဝမ်က မနက်စာနှင့် နေ့လည်စာ ပို့ပေးကြသည်။ ဤနည်းဖြင့် သူက လူနှစ်ယောက် သုံးယောက်စာ အလုပ်မှတ်များကို ရနိုင်သောကြောင့် လင်းလန်ကို မြေကြီးထဲဆင်း ခွင့်မပြုပေ။
နဂါးလှေပွဲတော်နေ့ အရုဏ်မတက်မီတွင် လင်းလန် ဟန်ချင်စုန့်နောက်ကနေ လိုက်ထခဲ့သည်။ သူမလုပ်ထားသည့် အမွှေးအိတ်လေး ကိုထုတ်ကာ သူ့ခါးပတ်တွင် ချည်ပေးလိုက်၏။
"ဒီနေ့ အားလပ်ရက်ဆိုတော့ မနက်စာစားပြီး အလုပ်သွားလိုက်အုံးမယ်"
ဟန်ချင်စုန့် အိတ်လေးကို ကြည့်ကာ အနည်းငယ် ရှုပ်ထွေးသွားရသည်။
"မနက်ခင်းဆို စပါးမရိတ်ဘူး...အဲ့ဒါကြောင့် စောစောသွား... ကောင်မလေးကို မနက်စာ ပို့ခိုင်းလိုက်... နေ့လည်စာကို ပြန်လာစား"
သူက သူမကို ဖက်လိုက်ကာ ခေါင်းငုံ့၍ သူမနှုတ်ခမ်းများကို နမ်းပြီး သူ့မအကြည့်များကို သူ့ဆီသို့ဦးတည်စေသည်။
အိတ်ကို လင်းလန်ကိုယ်တိုင် အနီရောင် အထည်စဖြင့် ချုပ်လုပ်ထားပြီး ကွန်မြူနတီမှ ဝယ်လာသော အမွှေးနံ့သာ ဆေးဝါးများအပြင် အိမ်တွင် နေလှန်းထားသော မောဇာနှင့် ဂန္ဓမာရိုင်းများထည့်ထား၏။နဂါးလှေပွဲတော်နေ့တွင် အမွှေးအိတ်ဝတ်ခြင်းက လင်းလန်၏ယခင်ဘဝမှ ထုံးစံတစ်ခုဖြစ်သည်။
လင်းလန်က ထိုဟာကို ချည်ပေးလိုက်ပြီး သူ့ခါးကိုး ကျေနပ်အားရစွာဖက်လိုက်၏။
"နေ့လည်ကျ ကောက်ညှင်းဖက်ထုပ်စားဖို့ အလုပ်ပြီးရင် ပြန်လာမယ်"
သူမ တဝမ်နှင့်အားဝမ်တို့ ထပြီး ဝမ်းသာအားရ ဝါးခြင်းတောင်းတစ်ခုနှင့် ပြေးထွက်သွားသံကို ကြားလိုက်ရ၏။
"သားကြီး... မသွားနဲ့ဦး”
သူမ အမွှေးအိတ်တစ်ခုယူကာ တဝမ်၏ လည်ပင်းမှာ ဆွဲပေးလိုက်သည်။ တဝမ် လန့်သွားပြီး ချက်ချင်းထွက်ပြေးကာဆို၏။
"ဘာကြီးလဲ"
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
"နဂါးလှေပွဲတော်မှာ နတ်ဆိုးတွေကို တားဆီးဖို့ အမွှေးအိတ်လေးဝတ်ရတယ်...လိမ္မာတဲ့ကောင်လေး... မင်းအဖေတောင် ဝတ်ထားသေးတယ်ကြည့်"
တဝမ်: "..."
ဟန်ချင်စုန့်က သူ့ကို တစ်ချက်ကြည့်လိုက်ရာတေသူ့ခြေထောက်တွေ ခဲဆွဲထားသလိုဖြစ်သွားပြီး လင်းလန်ကို သူ့ကိုဟိုကလိသည်ကလိလုပ်နေခြင်းအား ခွင့်ပြုထားလိုက်ရ၏။
အားဝမ် ရယ်ချင်စိတ်ကို ထိန်းထားပြီး သူ့အစ်ကို ဤမျှနာကျင်နေသည်ကို မကြည့်ရက်သဖြင့် ပြောလိုက်သည်။
"မားမား... အစ်ကိုကြီးကို ဘောင်းဘီခါးမှာ တွယ်ဖို့ အပ်တစ်ချောင်း ဘာလို့မသုံးတာလဲ"
အကျီနှင့် ဖုံးလိုက်လျှင် တခြားသူတွေမြင်ရတော့မှာမဟုတ်ပေ။
လင်းလန် : "အဲ့လိုဆို ညဘက် အဝတ်အစားလျှော်တဲ့အခါ ဖြည်နေရမှာပေါ့ ...ဒါနဲ့....."
သူမက ဝမ်းသာအားရဖြင့်
"ကြယ်သီးပေါက်မှာ ချည်ထားရင် ဘာမှထိခိုက်မှာမဟုတ်ဘူး"
တဝမ်လည်ပင်းပေါ်ရှိ ချွေးတွေက သူမကို အထိတ်တလန့် ဖြစ်စေသည်။
တဝမ် သူမကို စိတ်ကြိုက် ကစားခွင့်ပေးရန် သူ့ကိုယ်သူ ကြိတ်မှိတ်လက်ခံထားလိုက်တော့၏။
မည်သို့ပင်ဖြစ်စေ သူ့အဖေလည်းဝတ်ထားသည်မဟုတ်ပါလော။
သို့ပေမဲ့ အားဝမ်ကမူ အင်မတန်ပူးပေါင်းဆောင်ရွက်နေပြီး ကြိုးတစ်ချောင်းကိုယူပေးကာ ဆို၏။
“မားမား ကျွန်တော် ဝတ်လိုက်တာနဲ့ လန်းဆန်းသွားသလို ခံစားရတယ်”
လင်းလန်က သူ့ကို ပုတ်ပေးလိုက်သည်။
“အားကောက မားမားကို အလေးစားဆုံးပဲ...ကောင်းလိုက်တာ"
သားအဖ တတွေထွက်သွားကြ၏။
တံခါးကနေထွက်သည်နှင့် တဝမ်က အနီရောင် အိတ်ကို တိတ်တိတ်လေး ဖြည်လိုက်ရာ သူ့အဖေ၏အာရုံစိုက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
သူက ၎င်းကို အိပ်ကပ်ထဲ မျက်နှာသေနှင့်ထည့်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပေါ်ရှိရင်အဆင်ပြေတာပဲလေ"
ဟန်ချင်စုန့်လည်း ၎င်းက အဆင်ပြေသည်ဟုထင်သဖြင့် ဖြည်ပြီး ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်သည်။
အားဝမ်ကမူ အမွှေးအိတ်ကို ပျော်ရွှင်စွာ ကြည့်ကာဆို၏။
"ကျွန်တော်ကတော့ အရမ်းကောင်းတယ်လို့ထင်တယ်...တခြားသူတွေလည်း ဝတ်အောင် လူသိများအောင်လုပ်ချင်တယ်"
သူတို့ ထွက်သွားပြီးနောက် လင်းလန် ကျန်ကလေးတွေကို နှိူးရန် အလျင်လိုမနေပေ။ နွေရာသီမှာကလေးများသည်လည်း ပင်ပန်းနွမ်းနယ်နေသဖြင့် ခဏလောက်ကြာကြာ အိပ်ခွင့်ပေးလိုက်မည်။
သူမ ကြက်နှင့် ဘဲများကို ဦးစွာ အစာကျွေးပြီးနောက် မနေ့က ကလေးတွေ ခုတ်ထားသော လင်းနေပင် နှင့် သစ်နံကိုင်းတို့ကို ကြိုးချည်ကာ ဝန်းတံခါးနှင့် အိမ်တံခါးများတွင် အသီးသီး ချည်နှောင်ထားလိုက်သည်။
ထိုအချိန်တွင် မိုင်စွေ့ နှင့် စန်းဝမ်လည်းထလာကာ လင်းလန်ပေးသော အမွှေးအိတ်ကို သူတို့ဘာသူတို့ စတင်ယူဝတ်ခဲ့ကြသည်။ မိုင်စွေ့က
အကျီ၏ရှေ့တွင် ချည်ထားကာ စန်းဝမ်က အိတ်သေးသေးလေးသုံးခု ကောက်ယူပြီး လည်ပင်းတွင် ဆွဲလိုက်သည်။ စန်းဝမ်က ဟင်းသီးဟင်းရွက်စိုက်ခင်းကိုသွား၍ လင်းလန် အစောပိုင်းတွင် စိုက်ပျိုးထားသော အသီးအရွက်များကို ကူခူးပေးရင်း တလက်စတည်း ပေါင်းပင်များကို နှုတ်ခဲ့သည်။ ဟန်ချင်စုန့် ညဘက်ပြန်ရောက်သောအခါ ဟင်းသီးဟင်းရွက်ခင်းများကို ရေလောင်းလိမ့်မည်ဖြစ်သည်။
လင်းလန်က မိုင်စွေ့ ကို မနက်စာ ချက်ခိုင်းပြီး အချဥ်တည်အိုးထဲက ဘဲဥဆားစိမ်တစ်ဒါဇင်ကျော် ပြုတ်ခဲ့၏။၎င်းနောက် ဟန်ချင်စုန့် ထုတ်ပေးထားသည် အသားလက်မှတ်ကို ယူ၍ ကွန်မြူနတီ သားသတ်အဖွဲ့ဆီ စက်ဘီးစီးသွားကာ ထန်လောင်ယာ၏သားနှင့် တစ်ယောက်ချင်းတွေ့ပြီးအသားဝယ်ခဲ့သည်။ ဝက်ဗိုက်သားတစ်ကတ်တီ၊ ဝမ်းတွင်းသားအနည်းငယ်နှင့် ဝက်ရိုးအချို့ သူမဝယ်ခဲ့၏။
အိမ်ပြန်ရောက်သောအခါ မိုင်စွေ့က မနက်စာ ချက်ပြီးနေပြီဖြစ်ကာ ကျူရွက်တွေ အကုန်ပြင်ဆင်ထားသည်။ မနေ့ညက ရေစိမ်ထားသည့် ကောက်ညှင်းဆန်နှင့် တရုတ်ဆီးသီးတွေ ပဲနီလေး၊ နှမ်းစေ့ စသည်တွေကိုလည်း တွေ့၏။
"ကောင်မလေး... ခြေလက်တွေက တကယ့်ကို သွက်လက်တာပဲ"
လင်းလန် မိုင်စွေ့ကို ချီးကျူးလိုက်ပြီး ဒယ်အိုးငယ်လေးကို သုံး၍ ဂျုံပန်ကိတ်နှင့်မုန့်ပေါင်းများလုပ်လိုက်သည်။ဆားစိမ်ဘဲဥပြုတ်ကို ဟင်းနှစ်စမ်းလိုက်ပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ဆားရေနှင့်ရေနွေးဖျောထားသည့် ဟင်းသီးဟင်းရွက်များကို ဝက်ဆီနှင့်နယ်လိုက်၏။ နောက်ဆုံးမှာ ကြက်ဥစွပ်ပြုတ်တစ်ခွက်ချက်လိုက်သည်။
နွေရာသီတွင် လူများက အလုပ်ချိန်မှာ ချွေးထွက်များကြ၏။ ကြက်ဥပြုတ်စွပ်ပြုတ်က အာဟာရပြည့်ဝပြီး ဆားဓာတ်လည်း ဖြည့်စွက်ပေးနိုင်သောကြောင့် ဤအချိန်မှာ သောက်ဖို့ အလွန်သင့်တော်ပေသည်။
မိုင်စွေ့ နှင့် စန်းဝမ် လယ်ကွင်းသို့ ထမင်းသွားပို့ခဲ့သည်။
ရှောင်ဝမ်က လည်ပင်းတွင် အမွှေးအိတ်နီတစ်တွဲကို ဆွဲထားပြီး ဘဲဥများကို အခွံခွာရင်း စားပွဲမှာ ထိုင်နေလေသည်။သူက ဥအသားတွေပါ ပါကုန်မှာ ကြောက်သဖြင့် ဂရုတစိုက် ဆက်၍နွှာနေလေ၏။ သူက အခွံခွာရင်း သီချင်းတိုတစ်ပုဒ်ကို ညည်းနေပြီး ခြေဖဝါးလေးများကလည်း သံစဥ်နှင့်အညီ ဖြည်းဖြည်းချင်း လှုပ်ယမ်းနေသည်။
"ပိန်းဥလား... နိုးနိုးနိုး... အာလူးးးး...တယွမ်ရှောင်း...တဇုံဇီ ...လမုန့် လိုချင်သလားကွာ...မလိုချင်ပါ.. ဖက်ထုပ်တစ်ပန်းကန် ရနိုင်မလားခင်ဗျာ... မရပါ မရပါ... အများဆုံး မင်းကို အစပ်အရသာပဲပေးမယ်ကွာ....."
လင်းလန် မရယ်ဘဲမနေနိုင်၊စန်းဝမ်က ရမ်းသမ်း သီချင်းဖျက်ဆိုသည်ကို ရှောင်ဝမ်က အဟုတ်ထင်နေသည်။ ဘာပဲပြောပြော သူက အားရပါးရ ဆိုနိုင်သည်ပင်။
Xxxxxx