Part 549
လင်းလန် မရယ်ဘဲမနေနိုင်၊စန်းဝမ်က ရမ်းသမ်း သီချင်းဖျက်ဆိုသည်ကို ရှောင်ဝမ်က အဟုတ်ထင်နေသည်။ ဘာပဲပြောပြော သူက အားရပါးရ ဆိုနိုင်သည်ပင်။
သူမအိမ်မှ ဘဲဥများသည် လင်းလန် အထူးတလည်ပြုလုပ်ထားသော ဟင်းရည်ထဲတွင် ဝိုင်ဖြူနှင့် အခြားပါဝင်ပစ္စည်းများ ထည့်ပြီး နှပ်ထား၏။ ဘဲဥများက ဆီထဲသို့ တစ်လုံးပြီးတစ်လုံး ကျသွားသည်။
ရှောင်ဝမ်၏ လက်ချောင်းများကိုဥအနှစ်များဖြင့် ဖုံးလွမ်းနေသဖြင့် မျက်မှန်ကို မကိုင်ရဲတော့ပေ။ ခေါင်းကို ငုံ့ကာ ပုခုံးများနှင့် ပွတ်ကာ တပ်ရန်ကြိုးစားနေလေသည်။
လင်းလန်က သူ့ကို မျက်မှန် သွားကူတပ်ပေးကာ နဖူးကို နမ်းလိုက်ပြီးဆို၏။
"သား အသက် နှစ်နှစ်ပိုကြီးလာရင် မားမားတို့က သားကို ခွဲစိတ်ဖို့ ခေါ်သွားပေးမှာ...အဲ့လိုဆိုသားမျက်မှန်တပ်ဖို့ မလိုတော့ဘူး"
ရှောင်ဝမ် အတော်လေးပျော်သွားပြီး သူ့ခေါင်းကို လင်းလန်၏လက်ပေါ်မှာ မှီလိုက်သည်။
လင်းလန် : "မားမားနဲ့အတူတူ အသားအကြီးကြီးသွားလှီးရအောင်...အသားအကြီးကြီးနဲ့ ဥနှစ် ဖက်ထုပ်လုပ်ကြမယ်"
မနှစ်တုန်းက ပစ္စည်းတွေ မလောက်ငှပေ။ တရုတ်ဇီးသီးနှင့် ပဲနီလေး နည်းနည်းဖြင့်သာ ထုပ်ရ၏။ ဤနှစ်တွင်ကား သူမတို့မိသားစုကောင်းကောင်းစားရပေတော့မည်။
မြောက်ပိုင်းမှာ ဇုံဇီစားသည့်သူတွေက ချမ်းသာသည့်သူတွေ သို့မဟုတ် မြို့ကလူတွေက အဆင်သင့်လုပ်ထားသောဟာတွေကို ဝယ်စားကြ၏။ဒေသခံတွေတောကလူတွေက “ဖက်ထုပ်လောက် အရသာမရှိဘူး”ဟူ၍ တစ်နှစ်ပတ်လုံးပြောကြသည်။ ဖက်ထုပ်တစ်မယ်တည်းဖြင့် ပွဲတော် ကျင်းပရသည်က ဘာမှ မကောင်းဟုပြောကြေသော်လည်း တကယ်တမ်းတွင် များလှ နှစ်မယ်(ဟင်းနှစ်မျိုး)သာ ဖြစ်၏။
လင်းလန်တို့မိသားစုမှ ကလေးများ၌ ပထမဆုံးလ၏ ဆယ့်ငါးရက်နေ့တွင် ယွမ်ရှောင်း ၊ဒုတိယလ၏ ဒုတိယမြောက်နေ့တွင် ပဲကြော်၊ တတိယလ၏ တတိယမြောက်နေ့တွင် ပဲကြော်၊ချီမင်ပွဲတော်တွင် ချီမင်ဖက်ထုပ်၊နဂါးလှေပွဲတော်တွင် ကောက်ညှင်းဖက်ထုပ်များ စားသောက်သည့် အလေ့အထ ပေါ်ပေါက်လာခဲ့သည်။ပွဲတော်တစ်ခုချင်းစီကို အထူးတလည် စောင့်မျှော်နေကြ၏။
လင်းလန်က အသားကိုလှီးကာ ဆားအနည်းငယ်ဖြင့် ဆားနယ်ကာ ခြံထဲရှိ ဟင်းသီးဟင်းရွက်အခင်းပေါ်မှာ သပ်သပ်ရပ်ရပ် ဖြန့်ခင်းထားလိုက်သည်။ မိုင်စွေ့ နှင့် စန်းဝမ်ပြန်ရောက်သောအခါ နံနက်စာ အတူတူစားကြသည်။
မနက်စာစားပြီးနောက် လင်းလန်က ကလေးတွေကို ဇုံဇီ လုပ်နည်းကို သင်ပေး၏။ မိုင်စွေ့က သင်သင်ချင်း တန်းတတ်သွားပြီး စန်းဝမ်က သင်သင်ချင်း တန်း ပျက်စီးအောင်လုပ်မိသွားသည်။ဇုံဇီလေးခမျာ မလုပ်ရသေးခင်တွင် တစ်စစီဖြစ်သွား၏။
စန်းဝမ် : "...ဒီအရာက လူတွေကို အနိုင်ကျင့်နေတာပဲဗျ...."
သူ သူ့အမေ၏ နည်းစနစ်ကို သိသာထင်ရှားစွာ လိုက်နာခဲ့ပြီး သူလုပ်သည်ကလည်း လုံးဝမှန်ကန်သည်။ ဒါဆို ဘာလို့ တစ်စစီဖြစ်သွားရတာလဲ...
ရှောင်ဝမ်က သူ့လက်ငယ်ပုစိလေးနှင့် ကောက်ညှင်းဖက်ထုပ်သေးသေးလေးလုပ်ရင်း ရေရွတ်နေလေ၏။
"လိမ်... လိမ်...အိတ်သေးသေးလေးလုပ်...ကောက်ညှင်းထည့်...တရုတ်ဆီးသီးကျွေး... လိမ်... အဝတ်အစားအသစ်ဝတ်ပြီး စောင်ကြီးတစ်ထည်ကို ခြုံ...ခေါင်းအုံးသေးသေးလေးထဲထည့်...အမ်း..."
သူက ဇုံဇီကို နမ်းလိုက်ပြီး လင်းလန်ကို ကြိုးနှင့် ချည်ခိုင်းလိုက်သည်။၊ ဇုံဇီသေးသေးလေး အဆင်ပြေ သွားလိမ့်မယ်...
စန်းဝမ်က စူးစမ်းချင်စွာ လက်နှင့်တို့ကြည့်သော်လည်း ထိုဟာက ပျက်မသွားပေ။
“ဟေး အစ်ကိုရှောင်ဝမ်... မင်း လုပ်နိုင်တယ်ဟ”
ရှောင်ဝမ်က ဂုဏ်ယူစွာနှင့်ဆို၏။
“ဟုတ်တယ် ”
“ငါဟာက ဘာလို့ ကွဲသွားတာလဲ”
စန်းဝမ် သူ့ခေါင်းကိုကုတ်လိုက်သည်။
ရှောင်ဝမ်၏ ရှည်လျားသော မျက်တောင်လေးများက ရုတ်တရက် တောက်ပလာပြီး သူ၏မျက်လုံးနက်နက်များက ကြယ်ရောင်များ ပြည့်နှက်နေ၏။
" အဲ့ဒါက ဘာလို့လဲဆို....."
"ဘာလို့လဲ"
"မင်းမှာ အချစ်ပါရမယ်...."
ရှောင်ဝမ်က ဖက်ထုပ်ရွက်တစ်ခုကို ကိုင်လိုက်ပြီး
"ချစ်စွာသော ဖက်ထုပ်ရွက်လေးရေ... ကျေးဇူးတင်ပါတယ် "
ထို့နောက် သူက စပြီးဟိုလိမ်သည်လိမ်လုပ်ပါတော့သည်။
စန်းဝမ် : "..."
ခဏလောက်စဉ်းစားပြီးနောက်သူကပါ "ချစ်လှစွာသော ဖက်ထုပ်ရွက်ရေ..." ဟူ၍ ကျယ်လောင်သောအသံဖြင့် စတင်ဆိုခဲ့ပြီး လင်းလန်နှင့်လင်းမိန်တို့ကို ကြက်သီးမွှေးညှင်းများထ သွားစေခဲ့သည်။
မိုင်စွေ့က သူမ၏လက်မောင်းများကို ပွတ်သပ်ရင်းပြောလိုက်သည်။
"အမလေး... သီချင်းဆိုနေတာ ရပ်လိုက်...ကြက်သီးတွေက ကောက်ညှင်းဖက်ထုပ်တွေထဲ ပြုတ်ကျသွားလိမ့်မယ်"
ဘာကြောင့်မှန်းမသိ ၊ရှောင်ဝမ်၏ သီချင်းဆိုသံက နွေးထွေးပြီး ချစ်စရာကောင်းပေမဲ့ စန်းဝမ်ပါးစပ်ထဲက ထွက်လာချိန်မှာ ထူးဆန်းနေသလို ခံစားရ၏။
ထိုသည်ကို ကြားရာတွင် စန်းဝမ်က ချက်ချင်း သူ့အသံကို မြင့်လိုက်လေသည်။
" ဒီဇုံဇီက ထူးထူးခြားခြား ... ဖုံးကွယ်ထားသလိုချော်ထွက်သွား... သူ့ဗိုက်ထဲမှာ တစ်ခုခု ဝှက်လို့ထား ...လာ လာ... ငါ မင်းကို ချွတ်လိုက်မယ် ...ချွတ်လိုက်မယ် ....ချော်ခိုင်းမယ်...ဖုံးခိုင်းမယ်..."
လင်းလန်နှင့် အခြားသူများက သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
စန်းဝမ်: "ဟားဟား...စားဖို့စောင့်နေတာ..."
လင်းလန်က ရယ်ရမလိုငိုရမလိုဖြစ်သွားပြီးပြောလိုက်သဘ်။
"ကောင်းပြီ...အသားနဲ့ ဥအနှစ်ကို စထုပ်ရအောင်...ဒါက ပိုကြီးရမယ်"
အသားနှင့်ဥအနှစ်ပါသောကြောင့် ဇုံဇီက အနည်းငယ်ပိုကြီးရမည်။
ရှောင်ဝမ်: "မားမား... အစ်ကိုကြီးအတွက် ငရုတ်သီးထည့်ထုပ်ဖို့ မမေ့နဲ့နော်"
စန်းဝမ်နှင့် မိုင်စွေ့က ရယ်ပြီး လင်းလန်မှာ အတော်လေး ကူကယ်ရာမဲ့ဖြစ်သွားရ၏။
တဝမ် ငယ်စဥ်က အစပ်မစားသော်လည်း
လင်းလန် ယုံရှင်းတပ်မဟာမှ ငရုတ်သီးများကကောင်းကြောင်းတွေ့၍ တချို့ဝယ်ပြီးပြန်လာခဲ့သည်။ ပထမဆုံး သူမ ငရုတ်ဆီအနည်းငယ်ကြော်ပြီး ငရုတ်သီးအတုံးလေးတွေလုပ်လိုက်၏။သူမနှင့်ဟန်ချင်စုန့်အတွက် အရသာကို ချိန်ညှိထားခဲ့သည်။ ရလဒ်အနေဖြင့် ဟန်ချင်စုန့်က ၎င်းကို သိပ်မကြိုက်သော်လည်း တဝမ်က ကြိုက်သွားသည်။ သူ ယခုနွေရာသီမှာဆို ပိုကြိုက်၏။လုံးဝ ပူပြီးစပ်နေသည်။
သားအကြီးဆုံးက အစပ် ကြိုက်သည့်အတွက် လင်းလန် ယုံရှင်း တပ်မဟာကို သွားပြီး ဝါဒဖြန့်ရန် ဆန္ဒရှိလာတော့၏။ သူမက ငရုတ်သီးတွေပြန်ယူလာပြီး ငရုတ်သီးဆော့စ်၊ ငရုတ်ဆီကြော်၊ ငရုတ်သီးကြော်၊ ငရုတ်သီးမှုန့်၊ ချဉ်စပ်ဟင်းသီးဟင်းရွက်ချဥ်တွေ၊ငရုတ်သီးချဥ် စသည်တို့ကို ပြုလုပ်ခဲ့သည်။
ယုံရှင်းတပ်မဟာရှိ ငရုတ်သီး စိုက်ပျိုးသူများ ငရုတ်သီးကို သိပ်ပြီးလုပ်မစားတတ်ကြဘူးထင်၏။
ဖက်ထုပ်ထုပ်ပြီး ဇုံဇီကို ချက်ပြုတ်ရန် အနည်းဆုံး တစ်နာရီခန့် ကြာသည်။ နာရီဝက်ကြာသောအခါ ဇုံဇီ၏ ရနံ့က အဝေးထိ ပျံ့လွင့်လာလိမ့်မည်ပင်။
ဖက်ထုပ်ထုပ်ပြီးနောက် စန်းဝမ်က ခြင်းတောင်းကိုယူကာ ရှောင်ဝမ်ကို မြက်ရိတ်ခေါ်သွားခဲ့၏။ သူတို့ မြက်တစ်တောင်းရိတ်ပြီးပြန်လာသောအခါ တခြားလူတွေက နှာတရှုံ့ရှုံ့ဖြင့်မေးနေသည်ကို တွေ့လိုက်ရ၏။
"ဘာလို့ဒီလောက် မွှေးနေတာလဲ"
စန်းဝမ်က အားရကျေနပ်စွာ ခပ်မြူးမြူး ရယ်မောလိုက်သည်။
" စန်းဝမ်...မင်းတို့မိသားစုက ဘာအရသာရှိတဲ့ဟာလုပ်နေတာလဲ"
ရှောင်ဝမ်က ပြုံးပြီးပြန်ပြော၏။
"ငါ့မားမားနဲ့မမက ကောက်ညှင်းဖက်ထုပ်လုပ်နေတာ"
"ဇုံဇီ..."
လူတချို့က ၎င်းကို ကြားသာကြားဖူးကြပြီး မမြင်ဖူးကြပေ။အချို့ကမူ ကြားပင်းမကြားဖူးချေ။
ဇုံဇီ ဆိုတာ ဘာလဲ...
အထူးသဖြင့် အချို့ကလေးများက သွားရည်ယိုနေကြသည်။ ဤကောက်ညှင်းဖက်ထုပ်၏ ရနံ့က ထူးခြားလွန်းလှသည်။ကျူရွက်နှင့် ရောစပ်နေသော ကောက်ညှင်း၏မွှေးရနံသာမက တရုတ်ဆီးသီး၏ မွှေးကြိုင်သောရနံ့ နှင့် အသားနံ့ကိုပါ ရရှိနေ၏။ ဘာတွေဖြစ်နေတာလဲ...
စန်းဝမ်က လူတွေကို အသံသေးသေးလေးဖြင့် ကျူရွက်ပြင်ဆင်နည်း၊ကောက်ညှင်း စိမ်နည်း၊ ထုပ်နည်း... အထူးသဖြင့် ဘယ်လိုပြောရမည်တို့ကို ပြောပြလိုက်သည်။
Xxxxxx
Part 550
စန်းဝမ်က လူတွေကိူ အသံသေးသေးလေးဖြင့် ကျူရွက်ပြင်ဆင်နည်း၊ကောက်ညှင်း စိမ်နည်း၊ ထုပ်နည်း... အထူးသဖြင့် ဘယ်လိုပြောရမည်တို့ကို ပြောပြလိုက်သည်။
ကျူရွက်ကို လူတိုင်းရနိုင်သော်လည်း ကောက်ညှင်းက လူတိုင်းကို လမ်းပိတ်သွားစေ၏။ သူတို့မှာ ဆန်တောင်မရှိတာ... ကောက်ညှင်းကိုဆို ပြောမနေပါနဲ့တော့... ပြောင်းဆန်ဆိုရင်ရော အလုပ်ဖြစ်လား...မရဘူး...ပွလွန်းတယ်...စေးမှာမဟုတ်ဘူး...
တစ်ယောက်က စဥ်းစဥ်းစားစားနှင့်ပြောလိုက်သည်။
"ဆန်ဝါသုံးကြရင်ရော"
ဆန်ဝါကလည်း ဆန်စေးတစ်မျိုးဖြစ်ပြီး မြောက်ပိုင်းသားတွေက ယင်းကို ဆန်ဝါကိတ်လုပ်ရန်သုံးကြ၏။ကောက်ညှင်းတစ်ခါမှ မစားဖူးသည့်လူတွေအတွက်မူ ထိုဟာက အလွန်အရသာရှိလေသည်။
မှန်သည်ပင်၊ ဆန်ဝါက ကောက်ညှင်းဆန်လောက်မစေးသည့်အပြင် အရသာမှာ အလွန်ကွာခြားသော်လည်း အစားအသောက် နှင့်အဝတ်အစားချို့တဲ့နေသော ကွန်မြူနတီအဖွဲ့ဝင်များ၊ အထူးသဖြင့် အစာမရှိသောကလေးများအတွက် ကျေနပ်လောက်စရာတစ်ခုဖြစ်၏။
ဇုံဇီပြုလုပ်ရန်မှာ မလွယ်ကူလှပေ။အချို့က လင်းလန်တို့မိသားစုထံသွားပြီး ဇုံဇီပြုလုပ်နည်းကို သင်ယူကြပြီး အချို့က ကိုယ့်ဘာသာကိုယ် ပြုလုပ်ကြသည်။ အဆုံးရှိ ရလဒ်ကိုကား စိတ်ကူးကြည့်နိုင်ပေ၏။ ယင်းမှာ ဆန်ဝါ၊ ကျူရွက်၊တရုတ်ဆီးသီးနှင့် ပဲနီလေး အနည်းငယ်ဖြင့် ပြုလုပ်ထားသော ယာဂုအိုးဖြစ်လာသည်။
ဟားဟားဟား...
မိုင်စွေ့က ကောက်ညှင်းထုပ်များ ပေါင်းနေချိန်တွင် ဆက်ဆံရေးကောင်းသော မိသားစုတစ်စုမှ ၎င်းတို့၏ကလေးများကို ဖက်ထုပ်များပေးပို့ရန် စေလွှတ်ခဲ့သည်။
ဇုံဇီလုပ်ပြီးသောအခါ လင်းလန် သူမသားသမိးများကို ရင်းနှီးသောသူငယ်ချင်းနှစ်ယောက်အား ဇုံဇီ ပေးကာ မြည်းစမ်းခွင့်ပေးခိုင်းခဲ့၏။
စန်းဝမ်၏စကားအရ :
"နဂါးလှေပွဲတော်မှာ ဇုံဇီ စားတယ်... နဂါးလှေပွဲတော်မှာ ဇုံဇီမစားရင်လည်း ကိစ္စမရှိပါဘူး... သူတို့ကို မြည်းခိုင်းကြတာပေါ့"
ဟန်ချင်စုန့်၊တဝမ် နှင့် အားဝမ်တို့က နေ့လည်ခင်းတွင် အပြင်မှပြန်လာကြသည်။ တံခါးထဲဝင်လိုက်သည်နှင့် ဇုံဇီ၏ရနံ့ကို ရှူရှိုက်မိကြပြီး အစာစားချင်စိတ်ကို သိပ်ဂရုမစိုက်သော ဟန်ချင်စုန့်ပင် လှုပ်လှုပ်ရွရွဖြစ်နေ၏။
လင်းလန်က သူ့ကို ပြုံးပြလိုက်ပြီး
"စန်းကော ဗိုက်ဆာနေပြီလား... ရေချိုးပြီး ထမင်း မြန်မြန်စားရအောင်"
အလုပ် ပင်ပင်ပန်းပန် လုပ်သည်က မြန်မြန် ဗိုက်ဆာစေသည်ပင်။
နွေရာသီမှာ ပူသည့်အတွက် ကလေးတွေ အအေးခံရန် တံခါးဝမှာ စားသောက်နေကြသည်။
တံခါးက ဖွင့်ထားပြီး အခန်းထဲသို့ဖြတ်တိုက်လာသည့်လေက အလွန်ကိုအေးမြနေ၏။ ထမင်းမစားခင်မှာ အစာစားပြီးနောက် အသီးအနှံအဖြစ်တည်းရန် ရေတွင်းထဲက ဖရဲသီးအနည်းငယ်ကို သွားယူခဲ့သည်။
မူလကလင်းလန်သည် ကလေးများက ဇုံဇီအချိုကို ပိုကြိုက်မည်ဟု ထင်ခဲ့သော်လည်း သူတို့ အသားတုံးကြီးနှင့် ဥအနှစ်ဇုံဇီကို မြည်းစမ်းကြည့်သောအခါ အားလုံးက ဇုံဇီအငန်ကို စားချင်ကြောင်းဆန္ဒ ပြသလာကြသည်။
ဟန်ချင်စုန့်က ကိစ္စမရှိပါချေ။ ကလေးတွေက ဖက်ထုပ်အချိုတွေကို မကြိုက်သည့်အတွက် သူက အချိုတွေကို စားလိုက်၏။ဘာပဲဖြစ်ဖြစ် စားပွဲပေါ်မှာ အချဥ်တွေနှင့်ငံပြာရည် ရှိနေသောကြောင့် အချိုစားရသည်ဖြစ်စေ၊အငန်စားရသည်ဖြစ်သေ သူချေးများမနေပေ။
လင်းလန်က တဝမ်အတွက် ငရုတ်သီးပါဝင်ပစ္စည်းများကို ပန်းကန်လုံးတစ်လုံးထဲတွင် ရောမွှေခဲ့သည်။ ယင်းထဲတွင် တဝမ် ကောက်ညှင်းဖက်ထုပ်နှင့်တို့စားရန်အတွက် ငရုတ်သီးတောင့်၊ ငရုတ်သီးချဉ် နှင့် ပဲငံပြာရည် အနည်းငယ်ပါရှိ၏။ တောက်ပသော မျက်လုံးများဖြင့် စားသောက်နေသော သားကြီးဖြစ်သူကို ကြည့်ပြီး သူအကြိုက်တွေ့နေကြောင်း သူမသိလိုက်သည်။
အသားဖက်ထုပ်က ကြီးသည့်အတွက် လင်းလန်နှင့်မိုင်စွေ့ ဗိုက်ပြည့်နေကြလေပြီ။
စန်းဝမ် နှင့်ရှောင်ဝမ်က တစ်ယောက်ကို ကောက်ညှင်းထုပ်ကြီးကြီး တစ်ခုစီယူစားနေကြ၏။ အသားနှင့်ဥအနှစ်တို့ဖြင့် ကောက်ညှင်းထုပ်က ခေါင်းအုံးသေးသေးလေးနှင့်တူပြီး နှစ်ယောက်စလုံး မျက်လုံးများမှိတ်ကာ စားနေကြသည်။
ရှောင်ဝမ်က သူ့ပါးစပ်ကို သုတ်လိုက်ပြီး "တတိယအစ်ကို... အစ်ကိုက အချိုကြိုက်တယ်...ဘာလို့ ကောက်ညှင်းထုပ်အချိုကိုကျမကြိုက်တာလဲ"
စန်းဝမ်: "အသားဥအနှစ်နဲ့ကောက်ညှင်းဖက်ထုပ်ကြီးတွေက အလိုက်ဖက်ဆုံးလို့ငါထင်တယ်...သူတို့က ပိုမွှေးတယ်လေ... အသားမရှိတဲ့သူတွေကတော့ တရုတ်ဆီးသီးနဲ့ ပဲနီလေး တွေစားရမှာပေါ့ ဟားဟား"
သူကတဝမ်ကိုကြည့်ကာ ရှောင်ဝမ်ကိုတိုးတိုးလေးပြော၏။
"ဇုံဇီကို ငရုတ်သီးနဲ့တွဲစားရင်ဘယ်လိုအရသာထွက်မယ်ထင်လဲ"
ရှောင်ဝမ်က ခေါင်းခါပြီး
"အစ်ကိုကြီးကို မေးကြည့်ပါလား"
တဝမ်က တို့လိုက်စားလိုက်လုပ်နေကာ အားမရသလိုမျိူး ခွက်ကိုကိုင်ကာ မော့ပင်သောက်လိုက်သေးသည်။ သူ့အစ်ကိုကြီး ငရုတ်သီးစားနေသည့်ပုံကိုကြည့်ပြီး သူ့လျှာ ပူစပ်နေမှာပဲဟု ရှောင်ဝမ် ပြောလိုက်၏။ ငရုတ်သီးက အရမ်းအစွမ်းထက်ပေမဲ့ အစ်ကိုကြီးက လုံးဝမကြောက်ဘူး...အစ်ကိုကြီးက အရမ်းစွမ်းအားကြီးတာပဲ...
စန်းဝမ် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
"ကြက်သွန်ဖြူအနှစ်နဲ့တို့စားရင် ဘယ်လိုအရသာရမလဲမသိဘူး"
မိုင်စွေ့ကလည်း အလျင်အမြန်ဆိုလေ၏။ "ကြက်သွန်ဖြူမပါရင် ဖက်ထုပ်စားရတာနဲ့ မတူဘူး"
စန်းဝမ်က ကောက်ညှင်းဖက်ထုပ််အကြီးကြီးကို ကိုင်ပြီး ပြုံးလိုက်သည်။
" ကြည့်... ဒါကို နဂါးလှေပွဲတော်က ဖက်ထုပ်တစ်ထုပ်လို့ပဲထင်လား"
မိုင်စွေ့က ပြုံးကာ သူ့ကိုရိုက်လိုက်၏။
"နင့်မှာအရည်အချင်းရှိရင် ငရုတ်သီးကိုပဲသုံးလိုက်"
စန်းဝမ်က ငရုတ်ချဉ်ကို ချက်ချင်းကောက်ယူပြီး ရှောင်ဝမ်ကို ပေးကာ မျက်စိတစ်ဖက်မှိတ်ပြ၍ ဆိုလေသည်။
" အစ်ကိုရှောင်ဝမ်...ဒါ လုံးဝမစပ်ဘူး..ချိုတယ်... မြည်းကြည့်"
ရှောင်ဝမ်၏ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်လာပြီး ခေါင်းကို ဂျောက်ဂျက်တစ်ခုလို ခါယမ်းကာအော်တော့၏။
"ဖယ်...သားမလိုချင်ဘူး...ငရုတ်သီးက မဖော်ရွေဘူး...ကြမ်းတမ်းလွန်းတယ်... ”
စန်းဝမ်က သူတို့ငရုတ်သီးစားသည့် အချိန်က ရယ်စရာ ဇာတ်လမ်းကို ပြောပြလာသည်။
ထိုစဥ်က မားမားက ငရုတ်သီးစိမ်းအနည်းငယ်ကို ပြန်ယူလာပြီး ရေဆေးပြီး စားပွဲပေါ်တင်လိုက်၏။
အစ်ကိုအကြီးဆုံးက တစ်တောင့် ကောက်ယူပြီး ပါးစပ်ထဲ ဝါးပြီး မျိုချလိုက်သည်။
အားဝမ်က မေး၏။
"အစ်ကိုကြီး စပ်လား"
တဝမ် ခေါင်းခါကာဖြေလေသည်။
"မစပ်ဘူး"
အားဝမ်က တစ်တောင့် ယူကာ မြည်းကြည့်ပြီး နောက် ပြန်ထည့်လိုက်သည်။
စန်းဝမ်က မေးလိုက်၏။
"ဒုတိယအစ်ကို စပ်လား"
အားဝမ်က ပြုံးပြီး
"မစပ်ဘူး ချိုတယ်"
စန်းဝမ်က တစ်တောင့်ကို ပြတ်ပြတ်သားသား ကောက်ယူလိုက်ပြီး ရဲရင့်စွာ အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်သည်... ထို့နောက် သွားဖြဲကာ စိုက်ကြည့်နေသည်။
ရှောင်ဝမ်က စိတ်ဝင်တစား မေး၏။
"ညီလေး...ဘယ်လို အရသာလဲ"
စန်းဝမ်က သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ဝါးလိုက်ပြီး လည်ပင်းကိုဆန့်ကာ မျိုချလိုက်သည်။
" အရသာရှိလိုက်တာ"
ရှောင်ဝမ် အတော်လေး သိချင်သွားပြီး ကောက်ယူကာ သခွားသီးစားသလိုမျိုး ကိုက်စားလိုက်၏။ ပထမတွင် ဘာမှ မခံစားရ၊ အရည်ကကျဲပြီးချို ... စက္ကန့်အနည်းငယ်အကြာတွင်... အားးး ...သေ သေ သေပါပြီး ...အရမ်းစပ်တယ်...
စပ်လွန်း၍ လျှာဖျားက ထုံကျင်နေပြီး မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ စီးကျလာ၏။
“စပ်လွန်းတယ် ငရုတ်သီးက စပ်လွန်းတယ် … မညင်သာဘူး …”
စန်းဝမ်က သူ့လျှာကို ဆန့်ထုတ်လိုက်ပြီး လေကို ရှူထုတ်ရင်း လက်နှင့်ယက်ခတ်လိုက်သည်။စပ်လိုက်တာ...စပ်လိုက်တာ...
သူက ရေဒီယိုနားထောင်နေကျဖြစ်ပြီး ရေဒီယိုက
ငရုတ်ရေဖြည့်လိုက်တယ်ဟုပြောပေမဲ့ သူ သဘောမပေါက်ခဲ့ပေ။ ယခု ငရုတ်သီး၏အရသာက ဘယ်လိုလဲဆိုသည်ကို သူသိပြီဖြစ်သည်။
အားလုံးသိပြီးသားဖြစ်သော်လည်း စန်းဝမ် ၏စကားကိုကြားပြီးနောက် မရယ်ဘဲမနေနိုင်ကြဆဲပင်။
Xxxxxxxxx