Part 563
သူမအနေဖြင့် သူတို့နှင့်အကြိမ်အနည်းငယ်သာ စကားပြောဖူးသည်။ ဆက်ဆံရေးက မဆိုးဘူးဟု ပြောချင်ပါက ရန်ဟုန်ရှားနှင့်လုချန်ဝေ့တို့နှင့်သာဖြစ်ပြီး အတော်လေး ရင်းနှီးသည်ဟုဆိုနိုင်၏။စင်စစ်အားဖြင့် သူမတို့ရွာမှာလည်း ပညာတတ်လူငယ်တွေရှိကြပြီး သူမနှင့်ဟော်ယွမ်က ဆက်ဆံရေးကောင်းသော်လည်း ဘယ်သူမှ သူတို့ဆီလာပြီး အကူအညီမတောင်းခဲ့ပါချေ။
လင်းလန်၏ ယွီရှင်းအပေါ် အမြင်က ပိုဆိုးရွားလာသည်။
ယွီရှင်းက အနောက်တံခါးကနေ ဝင်ရန် ဆုံးဖြတ်လိုက်မှန်း သူမယုံကြည်၏။ သူမအနေဖြင့် ယွီရှင်းကို ခွဲတမ်းအတွက် ထောက်ခံပေးခိုင်းခြင်းအား အမြန်ပြောစေချင်ပြီး ချက်ချင်းလက်ငင်းငြင်းဆိုကာ အပြတ်ရှင်းလိုက်ချင်သည်။ သို့ရာတွင် ယွီရှင်းက ဘာတစ်ခုမှမပြောဘဲ ထိုနေရာမှာပဲ ဝိုင်နီသောက်သလိုမျိုး ရေကိုဇိမ်ဆွဲကာ ပေတေ ထိုင်သောက်နေ၏။ လင်းလန် အနည်းငယ် စိတ်တိုလာသဖြင့် မျက်နှာထောက်မနေဘဲ သူမကို ထွက်သွားခိုင်းချင်မိသည်။
ယွီရှင်းက ပြုံးပြီးပြောလာ၏။
"ကပ္ပတိန်လင်း...ဘာဖြစ်လို့လဲ... တကယ်တော့ ကျွန်မတို့ ဝါဒဖြန်ရေးအဖွဲ့ ထူထောင်တာက ရှင်တို့အတွက်ကောင်းတယ်...နောင်မှာ ကျွန်မတို့ အတူတူလုပ်နိုင်တယ်လေ...ကျွန်မက သီချင်းဆို၊ ကဗျာရေး၊ အကကတတ်တယ်...နောက်ပြီး....”
လင်းလန်က သူ့အလုပ်နှင့် ထင်ပေါ်ကြော်ကြားမှုကို ခိုးယူခံရမှာကို ကြောက်နေသည်ဟု သူမ ထင်သည် ။
"ကောင်းပြီ...ထွက်သွားပါ"
လင်းလန် ဧည့်သည်ကိုနှင်ထုတ်ရန် အမိန့်တစ်ခုချက်ချင်းထုတ်လိုက်၏။ရိုင်းစိုင်းသည်ဟုအပြောခံရလျှင်ပင် သူမဂရုမစိုက်ပေ။
ယွီရှင်း ခဏလောက် ကြက်သေသေသွားသည်။ လင်းလန်က ဤမျှပြောင်ကျပြီး ဂုဏ်သိက္ခာကို ဂရုမစိုက်တတ်ဟု သူမ မထင်ထားခဲ့ပေ။ လူတိုင်းက စကားကောင်းပြောပြီး ရယ်မောနေကြတာလေ... လင်းလန်က ဘာလို့ သူမမျက်နှာကို ရုတ်တရတ်ကြီးဆွဲခွာပစ်ရတာလဲ...
သူမလည်းစိတ်ထဲတွင် မပျော်မရွှင်ဖြစ်နေသော်ငြား မျက်နှာပြင်ပေါ်တွင် ပြုံးနေဆဲဖြစ်ပြီး နောက်ဆုံးတွင် ဟန်ချင်စုန့် ရေထမ်းရာမှ ပြန်လာသည်အထိ စောင့်ခဲ့သည်။
သူမက ပြုံးပြီးပြောလိုက်၏။
"ခေါင်းဆောင်ဟန်က အရမ်းသန်မာတာပဲ... ရေထမ်းတာက ကစားနေတာနဲ့တောင်တူတယ်... ဒီလောက်သန်မာတဲ့လူမျ်ိုး ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး"
ဟန်ချင်စုန့်က လင်းလန်နားတွင်သူမကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။လက်ရှိတွင် လင်းလန် မပျော်မရွှင်ဖြစ်နေသည်ဟု သူခံစားလိုက်ရသည်။ ဟန်ချင်စုန့် ယွီရှင်းကို ကိုကြည့်လိုက်၏။ သူမက လင်းလန်ကို စိတ်မချမ်းသာအောင် လုပ်ထားခြင်းဖြစ်ရမည်။သူက အေးစက်စွာ ပြောလိုက်သည်။
"ဒီကမရီး...အလုပ်ချိန်မဟုတ်သေးပါဘူး...ဘာမှလုပ်စရာမရှိရင် ပြန်ပါ"
ယွီရှင်း ရေသီးလုနီးပါပင်။
သူမက ရေတစ်ငုံသောက်ချင်ဟန်ဆောင်နေ သော်လည်း မျက်လုံးများက ဟန်ချင်စုန့်ကို မျက်လုံးလှန်ကြည့်နေ၏။ သူက အရပ်ရှည်သဖြင့် သူမမှာ သူ့မျက်နှာကိုမြင်ရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။နေဝင်ဆည်းဆာချိန်က အရပ်ရှည်ရှည် အနှီအမျိုးသားကို ပို၍ ချောမောပြီး ဖြောင့်မတ်စေကာ လျှို့ဝှက်ဆန်းကြယ်သော စိတ်ထားတစ်ခုကိုပင် သယ်ဆောင်လာပြီး မိန်းကလေး၏ စိတ်ထဲတွင် အရပ်ရှည်ပြီး ခွန်အားကြီးသော စိတ်ကူးယဥ်အမျိုးသားတစ်ဦးနှင့် ပိုကိုက်ညီစေသည်။
ယွီရှင်း မနေနိုင်ဘဲ နှုတ်ခမ်းထော်လိုက်ပြီး သူမ၏ အသံမှာ အနည်းငယ် ညုတုတုနိုင်နေသည်။
"ခေါင်းဆောင်ဟန်က...ဘယ်သူ့ကိုမဆို... ကပ္ပတိန်လင်းပဲဖြစ်ဖြစ် ကျွန်မကိုပဲဖြစ်ဖြစ် မရီးလို့ ခေါ်တာလားဟင်"
လင်းလန်က သူမပြောသည့်စကားကိုကြားပြီး မျက်ခုံးပင့်လိုက်၏။
ဟန်ချင်စုန့်က တံပိုးကို ပစ်ချပြီး ယွီရှင်းကို အေးစက်စက်ကြည့်ကာပြောလိုက်သည်။
"ခင်ဗျားက ငယ်တဲ့ပုံစံ ဝတ်ထားလို့ မရီးလို့ခေါ်တာ...သေချာကြည့်ရင် လေးဆယ်လောက်ရှိပြီထင်တယ်... ဘယ်ရွာကလဲ.. အမျိုးသမီးခေါင်းဆောင်လား"
ယွီရှင်း : "..."
ရှင် သောက်လုံး ကန်းနေတာလား... ဘယ်လိုများ ညွှန်မှူးဖြစ်လာတာလဲ...မျက်လုံးဖွင့်ရက်ကြီး အဓိပ္ပါယ်မရှိတာတွေပြောနေတယ်...
သူမ ဆွံ့အသွားရ၏။
ဟန်ချင်စုန့်က ရေပုံးသယ်ကာ လင်းလန်ကိုမေးလေသည်။
"ရေချိုးမလား ...ရေချိုးခန်းထဲ လိုက်ပို့ပေးမယ်”
လင်းလန် : “ကျွန်မ အခု မချိုးချင်သေးဘူး... ရေကန်ထဲကို အရင်ထည့်ကြရအောင်”
အဒေါ်ကြီးယွီရှင်းတစ်ယောက် ဒေါသတွေ ထဲမှာ နစ်မြုပ်နေဆဲဖြစ်ပြီး သူမကိုယ်သူမ ရုန်းမထွက်နိုင်သေးပေ။ သူတို့ လင်မယားနှစ်ယောက်ရေချိုးမည့်အကြောင်းပြောသောအခါ လင်းလန်က သူမကို ကြွားနေသည်ဟုထင်ပြီး ဒေါသတွေ ပိုထွက်လာ၏။
ဟန်ချင်စုန့် ထွက်လာပြီး လင်းလန်၏လက်ကိုဆွဲကာ ယွီရှင်းကို ပြောလေသည်။
"ဒီကလူ... ကျုပ်တို့က အပြင်ထွက်တော့မှာ... ကျေးဇူးပြုပြီး ပြန်ပါ"
ယွီရှင်း : ...
သူမလည်ချောင်းထဲမှာ သွေးတွေဆန်တက်လာသလို ခံစားရလိုက် အားကုန်သုံး၍ တစ်ကိုယ်လုံးက အမူအရာကို ပြင်းပြင်းထန်ထန် ထိန်းချုပ်နေရသည့်အတွက် ဟောဟဲလိုက်လာ၏။
သူမက ခေါင်းငဲ့ကာ သူမအလှဆုံးဟု ထင်နေသည့် မျက်နှာကို ဟန်ချင်စုန့်ဆီ မူလျက်ဆိုလိုက်သည်။
"ရှင့်ရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ် ညွှန်မှူးဟန်... မမှောင်သေးဘူး ဆိုတော့ လမ်းလျှောက်ထွက်မှာ အနှောင့်နှေးမခံပါနဲ့...ဆက်ပြီး အလုပ်များကြပါ...ကျွန်မက ရေလေးနည်းနည်း သောက်ပြီး ထွက်သွားတော့မှာပါ"
ဒါက သူ့အိမ်လား...
လင်းလန် ယွီရှင်းကို နည်းနည်းလေး နားလည်မှုလွဲသွားသည်ဟု ခံစားရ၏။သူမက အနည်းငယ် မာနကြီးသည် ထင်ခဲ့သော်လည်း ယခုချိန်မှာ သူမက အရေထူကြောင်း တွေ့လိုက်ရသည်။ သာမာန်လူများဆိုပါက အိမ်ရှင်က မကြိုဆိုဘူးဟု ပြောလိုက်သည်နှင့် တန်းပြီး ရှက်သွားကာ ဘာလုပ်ရမှန်းမသိဖြစ်ပြီး ကမန်းကတန်း ထွက်သွားကြမှာဖြစ်သည်။ ယခု သူမက အေးအေးဆေးဆေး စကားပြောပြီး ရယ်နေနိုင်သေးသည်။
တအားကို အရှက်မဲ့တယ်နော်...
သူမက ပန်းကန်လုံးကို တိုက်ရိုက်ယူ၍ ရေစားပွဲပေါ်တင်ကာ ယွီရှင်းကို ယဉ်ကျေးနေခြင်းနည်းနည်းမှမရှိဘဲ တွန်းထုတ်ပြီး တံခါးကိုပိတ်၍ ဟန်ချင်စုန့်နှင့် အရှေ့ဘက်သို့ ထွက်သွားခဲ့သည်။ ဟန်ချင်စုန့်က ရေဆက်ထမ်းကာ လင်းလန်က ပထမချွေးမဟန်နှင့် စကားပြောရန် သွားခဲ့၏။
ယွီရှင်း ဒေါသပုန်ထသွားသည်။ မူလက ဟန်ချင်စုန့်က သူမကို ကွဲပြားစွာကြည့်မည်က သေချာသည်ဟု သူမတွေးခဲ့သည်။
အမှန်တွင် ချောမောလှပခြင်းက သူမကို ငယ်ငယ်လေးကတည်းက အများကြီး အဆင်ပြေစေခဲ့၏။ ကျေးလက်ကိုလာတုန်းက သူမက လှပသည့်အတွက် ချမ်းသာသော တပ်မဟာတစ်ခုကို ရွေးနိုင်ခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့ကို သွားသည့်အခါတွင်လည်း သူမ၏ချောမောလှပမှုကြောင့် အဖွဲ့ခေါင်းဆောင်ကပေါ့ပါးသည့် အလုပ်ကို စီစဉ်ပေးခဲ့၏။ တစ်ခါတလေ သူမက ဘာမှ မပြောဘဲ နှုတ်ခမ်းဆူနေရုံဖြင့် ယောက်ျားတွေက သူမလိုချင်သည့်အရာကို ပေးလိမ့်မည်ဖြစ်သည်။
ဟန်ချင်စုန့်လည်း ထိုနည်းတူပင်ဟု သူမထင်ခဲ့သည်။
သူမ ဘယ်လိုသိပါ့မလဲ... အထူးသဖြင့် လင်းလန်က သူမရှေ့တွင် ဟန်ချင်စုန့် နှင့် ပရောပလုပ်နေသောအခါ သူမ၏ကိုယ်တွင်းအင်္ဂါများ နာကျင်လာသည်အထိ ဒေါသထွက်ကာ သူမ အရှက်ကွဲမှုတစ်ခုခံစားခဲ့ရ၏။
ထိုအကြောင်းကို တွေးပြီးနောက် ဟန်ချင်စုန့်သစ်သားလောက်ပင် မပါးမနပ်ဟု သူမ ခံစားလိုက်ရသည်။ထိုသို့သောလူမျိုးအတွက် ကိစ္စရပ်များအတွက် အနောက်တံခါးကနေ ဝင်ရန် ငွေတွေ၊ပစ္စည်းတွေပေး၍ ရလိမ့်မည်မဟုတ်ပေ။
Xxxxxxxx
Part 564
သို့သော် သူက သူမအပေါ် စိတ်အားထက်သန်မှု မရှိသောကြောင့် သူမ အနည်းငယ် ထိန်းချုပ်၍မရဖြစ်သွား၏။ ယခုလို အေးစက်ပုံပေါ်သည့်ယောကျာ်းမျိုးက သူ့နှလုံးသားကိုသာ ရယူနိုင်လျှင် သေချာပေါက် အရူးအမူးဖြစ်မှာပင်။
သူမကိုကို စိတ်ရင်းမှန်နှင့် ကူညီအောင် သူ့ကို ဘယ်လိုလုပ်ရမှန်းကို သူမ မသိတော့ပေ။
သူက သူမကို သီးသန့်ဆက်သွယ်ချင်တာလား...လင်းလန်ရှေ့မှာမလို့ ဟန်ဆောင်နေပြီး စကားပြောရမှာ ရှက်နေတာများလား...လင်းလန်က မနာလိုဖြစ်ပြီး ပူညံပူညံလုပ်မှာကို ကြောက်နေတာလား...
သူမ မြေပြင်ပေါ်ရှိ ရေစက်များကိုကြည့်လိုက်၏။ အရှေ့ဘက်သို့ ဖြန့်ကြည့်လိုက်ပါက လမ်းတစ်လျှောက်တွင် ဟန်ချင်စုန့်ကို သူမတွေ့နိုင်သည်။
သူမထိုသို့တွေးနေစဥ်၌ မိုင်စွေ့က ၀တ်စုံအသစ်ကို ဝတ်ဆင်ကာ ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့သည်။
သူမအိမ်တံခါးဝမှာ ယွီရှင်းကိုတွေ့သောအခါ သူမအံ့သြသွားပြီးမေးလိုက်၏။
"ဘယ်သူ့ကိုရှာနေတာလဲ"
ယွီရှင်းက ဒရာကွန် အထည်တစ်စကို ချက်ချင်းထုတ်လိုက်ပြီးပြောလေသည်။
"ညီမလေး...မမက ကပ္ပတိန်လင်းရဲ့သူငယ်ချင်းပါ...မမ သူ့ကို အလုပ်ကိစ္စပြောချင်လို့ ”
သူမက မိုင်စွေ့ကို အထည် ကမ်းပေးလိုက်သည်။
မိုင်စွေ့ သူမက လင်းလန်ဆီ အထည်များ လာပို့သည်ဟု ထင်သွား၏။ လင်းလန်က တစ်ခါတစ်ရံတွင် အခြားသူများထံမှ တစ်ခုခုဝယ်လေ့ရှိသောကြောင့် သူမ တံခါးဖွင့်ပေး လိုက်ပြီး ယွီရှင်းက နောက်မှ လိုက်သွားခဲ့သည်။
မိုင်စွေ့က သူမကို ခြံဝိုင်းထဲမှာ စောင့်ခိုင်း၏။
ယွီရှင်းက သူမဘာသာသူမ မိတ်ဆက်ပြီး
" ညွှန်မှူးဟန်က ရေသွားထမ်းတာ ဘာလို့ ဒီလောက်ကြာနေတာလဲ"
မိုင်စွေ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ယွီရှင်းက သူမ အခုလေးတင် ဒီကို ရောက်နေခြင်းဖြစ်ကြောင်း ချက်ချင်း ပြောလိုက်သည်။
မိုင်စွေ့ တန်းပြီး သတိအပြည့်ဖြစ်သွား၏။
အနောက်တံခါးကနေ ဝင်ဖို့ရောက်လာတာလား...
ဟန်ချင်စုန့်က ဗျူရို၏ညွှန်မှူးဖြစ်သော်လည်း လင်းလန် သူမ၏ မိသားစုကို နေ့စဉ်ဘ၀တွင် ကေဒါမိသားစုအဖြစ် ဘယ်တော့မှ မှတ်ယူမထားပေ။မသိသည့်သူက သူတို့ကို ကောင်းကောင်း ဆက်ဆံလာပါက လက်ခံ၍မရပေ။အကြောင်းမှာ တခြားသူတွေက သူတို့အဖေနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်၍ဖြစ်နိုင်သောကြောင့်ပါပင်။
စင်စစ်အားဖြင့် ဟန်ချင်စုန့်က ကွန်မြူနတီတွင် တင်းမာသောပုံစံရှိ၏။ တစ်ယောက်ယောက်က အဆက်အသွယ်ရရန် လက်ဆောင်ပေးပါက သူ့ဆီလာသည်နှင့် ချက်ချင်းဖမ်းဆီးခံရမည်ဖြစ်သည်။ အစပိုင်းမှာ သူ့ကိုလာရှာသည့်လူတွေရှိပေမဲ့ အကြိမ်ပေါင်းများစွာအပြီးနောက်မှာ ဘယ်သူမှ သူ့ကို ကိုယ်ပိုင်စီးပွားရေးအတွက် မတောင်းဆိုရဲကြတော့ပေ။ စွန်းကျောက်ဝမ်နှင့် ဟွမ်ဝေကျုံးတို့ပင်လျှင် အများကြီး ချုပ်တည်းထားကြပြီး စည်းကမ်းအရ အမှားတွေမလုပ်ရဲတော့ပေ။
အချို့သောလူများက အဆက်အသွယ်ရရန် ကွန်မြူနတီသို့ မသွားဝံ့သောအခါ ဇနီးမယားနှင့် သားသမီးများ၏ လမ်းကြောင်းကို မလွှဲမရှောင်သာ လိုက်ချင်ကြသည်ကို အံ့သြမိသည်။
လင်းလန်၏ ပါးနပ်သောသင်ကြားဆုံးမမှုကြောင့် သူမကလေးများက ၎င်းကို ကောင်းစွာသိကြပြီး အထူးသဖြင့် မိုင်စွေ့နှင့် အားဝမ်တို့က ပို၍ ဉာဏ်ကောင်းကြသည်။
မိုင်စွေ့က ပြုံးပြီးဆိုလိုက်၏။
"အန်တီယွီ ဒီမှာ ဘာလုပ်နေတာလဲ"
ယွီရှင်း မိုင်စွေ့က သူမကို မမဟု မခေါ်သည့်အတွက် စိတ်ဆိုးသွားသော်လည်း ထိုအစားမေးလိုက်သည်။
"ဒီအထည်ကို ကြိုက်လား ... ကြိုက်ရင် နင့်ကိုပေးလိုက်မယ်"
မိုင်စွေ့က အပျော်ကြီးပျော်သွားဟန် ဟန်ဆောင်လိုက်ပြီးပြော၏။
"ဒါဆို သမီး အဒေါ့်ကို ဘာကူညီပေးရမလဲ"
ယွီရှင်းက အလျင်စလို မပြောဘဲဆိုလိုက်သည်။
"သမီးမိဘတွေက အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတာပဲ... ကျေးလက်မှာကို လက်ချင်းတွဲထားကြသေးတာ...ဟားဟား အရင်ကတစ်ခါမှ မတွေ့ဖူးဘူး"
"အဲဒါက အဒေါ်က သိပ်မသိလို့...သမီးတို့ရွာက လင်မယားတွေက ဒီလိုမျိုးတွေချည်းပဲ"
သဘာဝအတိုင်း ယခုလိုမျိုးတွေ အများကြီးမရှိပေမဲ့ ငယ်ရွယ်ပြီး စိတ်ကူးယဥ်ဆန်သည့်လင်မယားတွေ အမြဲရှိနေတတ်သည်က မလွဲဧကန်ပင်။သူတို့က ညွှန်မှူးဟန်က သူ့ဇနီးကို ချစ်မြတ်နိုးပြီး ဇနီးသည်နားပူးကပ်နေသည်က စိတ်ဝင်စားစရာကောင်းသည်ဟုထင်ကြသည်။ ထို့ကြောင့် သူတို့ကလည်း တထေရာတည်းနောက်ကလိုက်လုပ်ပြီး ညနေစာစားပြီးလျှင် ဇနီးသည်၏လက်ကိုဆွဲပြီး ပုစဥ်းရင်ကွဲရှာရန် အပြင်ထွက်ကြ၏။
ယွီရှင်းက ၎င်းကို မယုံဘဲ နောက်ထပ်မေးခွန်းအချို့မေးခဲ့ပြီး မိုင်စွေ့က သူမကို အမှန်တစ်ဝက်အမှားတစ်ဝက်ဖြင့် ပြောပြခဲ့သည်။
မိုင်စွေ့က သိတတ်နေပြီဖြစ်၏။ သူမက လင်းလန်၏ အပြစ်ကင်းသောပုံပေါက်စေအောင် ပျိုးထောင်ခြင်းခံရသော်လည်း ယင်းက သူမ သတိမရှိဟု မဆိုလိုဘဲ ယွီရှင်းဘာလုပ်မည်ကို မြင်ချင်ရုံသာဖြစ်သည်။
ယွီရှင်းက ဟိုဟိုသည်သည်မေးသည့်အပြင် မြို့က ဘယ်လိုရှိသည် ၊ အဝတ်အစားတွေက ဘယ်လိုလှသည် အစသဖြင့်ပြောလာမည်ဟု မည်သူသိပါမည်နည်း။
"သမီးရဲ့ စကတ်က ဒီနားမှာ ပြောင်းလိုက်ရင် ပိုကြည့်ကောင်းလိမ့်မယ် "
ထိုသို့ပြောပြီး သူမက မိုင်စွေ့၏ စကတ်ကို လက်ညိုးထိုးပြ၏။
မိုင်စွေ့: "ဘာလို့ သမီးမိဘတွေ ပြန်မလာသေးတာလဲမသိဘူး...အပြင်ထွက်ရှာလိုက်ဦးမယ်"
ယွီရှင်းက ပြုံးပြီး အလွန်ရင်းနှီးသည့် ပုံစံဖြင့် ဆိုလေသည်။
"ညွှန်မှူးဟန်က ရေသွားထမ်းတာ...ညွှန်မှူးဟန်လို ကေဒါတောင်ကိုယ့်ဘာကိုယ် ရေထမ်းရတယ်နော်... အသက်ရှင်ရတာ တကယ်ခက်ခဲတာပဲ”
သူတို့အဖေဖြစ်သူ၏အကြောင်းကိုပြောသောအခါ ရင်တဖျတ်ဖျတ်ခုန်နေသည့် သူအမူအရာကိုကြည့်ပြီး မိုင်စွေ့ ချက်ချင်း ဒေါသထွက်သွား၏။
“အဒေါ်ယွီ... သမီးအဖေကို အရမ်းချောတဲ့ ဗျူရိုအကြီးအကဲလို့ပဲထင်မနေနဲ့ . အမှန်တော့... သူ့မှာ ပိုက်ဆံမရှိဘူးရယ်...ပြီးတော့ သမီးအမေကလွဲရင် တခြားသူတွေကို သိပ်ဖော်ရွေတာမဟုတ်ဘူး"
ယွီရှင်းက မယုံပေ၊ ထိုသို့သော ကေဒါ အဘယ်မှာရှိမည်နည်း။ ခေါင်းဆောင်နှင့် ရာထူးကြီးသည့်သူများကို မြှောက်ပင့်ပေးရသည်က သဘာဝပင်။
မိုင်စွေ့က သူမကို အပြုံးဖျော့ဖျော့ဖြင့်ကြည့်ပြီးဆိုလိုက်သည်။
"အဒေါ်က မယုံဘူးပဲ... လူတွေက သမီးအဖေကို မျက်နှာမည်းလို့ ပြောကြတယ်"
"ညွှန်မှူးဟန်က မည်းတယ်လို မထင်ရပါဘူး"
ယွီရှင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"မမည်းဘူးဟုတ်လား...သမီမောင်ကဆို အဖေ့ကို မျက်နှာမည်းအဖေလို့ ပြောတာ... သူတယောက်ယောက်ကို ရိုက်ရင် တကယ်နာတယ်... သူခိုးကို ရိုက်သလိုကို နာတာ"
မိုင်စွေ့က အမူအရာပါလုပ်ပြ၏။
"အဖေ့ကို အဆက်အသွယ်ရဖို့ အလုပ်မှာ သွားရှာတဲ့လူတွေ အကုန်လုံးက အပြစ်ပေးခံရတယ်...အဖေက ပါးစပ်ကြီး မြေကြီးပေါ်ကပ်နေအောင် ပါးရိုက်ပြီး ခိုးထားတဲ့ပစ္စည်းတွေကို သိမ်းပြီး ပညာပေးဖို့ ဖမ်းပစ်လိုက်တာ”
ယွီရှင်း နှုတ်ခမ်းတွန့်သွားသည်။
မိုင်စွေ့က ရေအိုးစင်ပေါ်ရှိ အစိမ်းရောင်အုတ်ခဲကြီးကို လက်ညှိုးထိုးပြပြီးဆိုလေ၏။
"ကြည့်... ဒီအုတ်ခဲကို သမီးအဖေက ထိုးလိုက်တာ....."
သူမက လက်ဟန်ပြပြီး
"ဘန်းခနဲ ကွဲသွားတယ်... အဒေါ့်ခေါင်းကိုသာ ထိုးလိုက်လို့ကတော့ ... "
ထိုသို့ဆိုကာ သူမက ယွီရှင်း၏ခေါင်းကို ရိုက်လိုက်သည်။ ယွီရှင်း၏ မျက်နှာ ထိတ်လန့်တကြား ပြောင်းလဲသွားကာ သူမ မသိစိတ်ဖြင့် ပုန်းရှောင်လိုက်မိသည်။
မိုင်စွေ့က အမူအရာကို ရပ်လိုက်ပြီး
"အဒေါ်က အဆက်အသွယ်အတွက်လာတာ မဟုတ်ဘူး မလား"
Xxxxxx