အပိုင်း ၅၆၅-၅၆၆
Viewers 37k

Part 565


ယွီရှင်း မိုင်စွေ့က လှပပြီး ပြုံးပြလိုက်လျှင် ပို၍ပင် ကြည့်ကောင်းသည်ကို တွေ့လိုက်ရ၏။ ဒါပေမဲ့ ဒီမျက်လုံးတွေက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ...


 “မဟုတ်ပါဘူး...မဟုတ်ပါဘူး"

 ဟု သူမက ငြင်းလိုက်သည်။


မိုင်စွေ့က သက်ပြင်းချပြီး ဆိုလေ၏။


 "မဟုတ်လို့တော်သေးတာပေါ့...အဒေါ်က အဆက်အသွယ်အပေါ် အားကိုးရင် အဖေ့သိတာနဲ့ အဒေါ့်ကို တံခါဝကနေနှင်ထုတ်ခိုင်းမှာ"


 မိုင်စွေ့က နောက်ထပ် ဥပမာတစ်ခုပေးခဲ့သည်။


 "သမီးတို့မိသားစုမှာ သွေးဝေး ဆွေမျိုးတစ်ယောက်ရှိတယ်...သူကအဖေ့ကို ရာဇဝတ်မှုကနေ လွတ်မြောက်အောင် ကူညီပေးစေချင်တာလေ... အဖေက သူ့ကို ဒီကနေ တောင်ဘက်နံရံအောက်ခြေအထိ တိုက်ရိုက်ကန်ပစ်ခဲ့တာ"  


 မိုင်စွေ့က ခြေဟန်လက်ဟန်ပြလိုက်၏။


ယွီရှင်း၏ အမူအရာက ပြောင်းလဲသွားပြန်သည်။ ဟန်ချင်စုန့်ဆီကနေ အဆက်အသွယ်ရဖို့က တကယ်မဖြစ်နိုင်ဘူးလား...သူတို့လင်မယားက တကယ်ဆက်ဆံရေး ကောင်းတာလား...

သူမ ဟန်ချင်စုန့်ကို သီးသန့်ဆက်သွယ်ရန်လည်း ကြိုးစားချင်ခဲ့သည်။


မိုင်စွေ့က  ထပ်ပြောလာ၏။ 

 "စကားမစပ် နောက်ထပ် စိတ်ဝင်စားစရာတစ်ခုရှိသေးတယ်...အဒေါ်သိပါတယ် တစ်ချို့အမျိုးသမီးတွေက အရှက်မရှိကြဘူးလေ...သမီးအဖေမှာ မိန်းမနဲ့ သားသမီးတွေရှိတယ်ဆိုတာသိသားနဲ့ အဖေနဲ့ အမြဲရင်းနှီးချင်ကြတယ်... အဆုံးမှာ ဘာဖြစ်သွားကြလဲ အဒေါ်သိလား"


ယွီရှင်း   မထိန်းနိုင်ဘဲ တုန်ယင်သွားပြီး ချက်ချင်း ဆိုလိုက်သည်။


 "ဟားဟား...မသိချင်ပါဘူး...အဒေါ်က သမီးအဖေကို ဂရုမစိုက်ဘူး...ကပ္ပတိန်လင်းကို  အလုပ်ကိစ္စ ဆွေးနွေးဖို့ ရှာနေတာ"


 မိုင်စွေ့က   ပြုံးပြီး ယွီရှင်း၏  ပုခုံးကို ပုတ်ကာ အထည်စကို ပြန်ပေးလိုက်၏။


 "အဖေနဲ့ ရင်းနှီးတဲ့ အမျိုးသမီးတွေအကုန်လုံးကိူ မားမားက ရိုက်ခွဲပစ်လိုက်တယ်လေ ဟားဟားဟား...  ရလဒ်အနေနဲ့  အဖေက  လုံးဝမသိဘူး... သူ့မျက်လုံးထဲမှာ ဘယ်အမျိုးသမီးကိုမှ မမြင်ဘူး... သူတို့အားလုံးကို ခြေနှစ်ချောင်းရှိတဲ့လူလို့ပဲမြင်တာ..."


ထိုအချိန်တွင် စန်းဝမ်နှင့် ရှောင်ဝမ်က ရှောင်ပိုင်၊ဝမ်ဝမ်တို့နှင့်အတူ ပြေးလာပြီး အော်လေသည်။ 


 "မမ ...မမ...ဘာဖြစ်လို့ မသွားတာလဲ...အများကြီး  ရှိတယ်နောက် သူတို့နောက်က သစ်တောထဲမှာ တွေ့ရတယ်...အကုန်သွားပြီး ...  သွားကြရအောင်..."


ညီအစ်ကိုနှစ်ယောက် ဝိုင်းထဲသို့ ပြေးဝင်သွားလာကြရင်း  ယွီရှင်းကို တွေ့လိုက်သောအခါ ခဏလောက် ကြောင်အမ်းသွားကြ၏။


 "ဘယ်သူလဲ"

 


ရှောင်ဝမ်က  ယဉ်ကျေးသူဖြစ်သဖြင့်  ချက်ချင်း ချိုချိုသာသာ နှုတ်ဆက်လိုက်သည်။


 "မဂ်လာပါ အဒေါ်"


ယွီရှင်းက  နှုတ်ခမ်းကို ထော်ကာ ဘာမှ ပြန်မပြောပေ။


မိုင်စွေ့က စန်းဝမ်ကို မျက်စိမှိတ်ပြလိုက်ပြီး ၎င်းနောက် ရှောင်ပိုင်နှင့်ဝမ်ဝမ်ကို ကြည့်လိုက်သည်။


စန်းဝမ်  ဘာကြောင့်မှန်း မသိပေမဲ့ သူ့အစ်မ၏ ဆိုလိုရင်းကို သူနားလည်၏။သူ ပုစဉ်းရင်ကွဲကိူညှစ်ပြီး ယွီရှင်း၏ခြေရင်းကို ပစ်ချလိုက်လေသည်။


ရှောင်ပိုင်က"ဝုတ်...ဝုတ်...ဝုတ်" ဟုဟောင်ကာပြေးသွားသည်။ သူက ခွေးငတုံးလေးဖြစ်သော်လည်း  အပြင်လူများအတွက်မူ နားမလည်ပါက ထိတ်လန့်နေကြဆဲဖြစ်သည်။


ယွီရှင်း ကြောက်လွန်း၍ မျက်နှာဖြူဖျော့သွားပြီး အမြန်ပုန်းလိုက်၏။


ရှောင်ပိုင်က သူမနောက်ကလိုက်ပြီး ဟောင်ကာ ဝမ်ဝမ်ကလည်း သွားဖြီးပြတော့သည်။ယွီရှင်း အကြောက်လွန်ပြီး အထည်စကို ယူကာ ထွက်ပြေးလေ၏။


ယွီရှင်း  ထွက်ပြေးသွားသောအခါ စန်းဝမ်က မိုင်စွေ့ကို မေးလိုက်သည်။  

 "မမ ဘာလုပ်နေတာလဲ"


မိုင်စွေ့က  ဒေါသတကြီးနှင့် ဆို၏။


 "အနောက်တံခါးကနေဝင်ဖို့လား... ငါတို့အဖေနဲ့ နီးစပ်ဖို့ပဲလားမသိ"


စန်းဝမ်က ထိုဟာကို ကြားသောအခါ ရယ်လေသည်။


 "ငါတို့အဖေကို ရှာနေတာ... နီးစပ်ဖို့ ဟုတ်လား... သူက ဒီမှာ တစ်ခုခု ဖြစ်နေတာလား"

သူက ခေါင်းကို ညွှန်ပြ၍ပြောလိုက်၏။

  ဟားဟားဟား...


သူက ရွာထဲက အတင်းအဖျင်းတွေကို နှစ်သက်ပေမဲ့ ယောက်ျားနှင့် မိန်းမအကြောင်းကို တကယ် နားလည်ခြင်းမရှိပေ။ဟဲ့လောင်စန်းက ထပ်အိပ်သည့်အကြောင်းကို​ပြောသောအခါ  သူက တကယ် ထပ်အိပ်သည်ဟုထင်ခဲ့သည်။


ရှောင်ဝမ်က မိုင်စွေ့ကို ခေါ်ကာ ပုစဥ်းရင်ကွဲ အတူတူ သွားရှာရန်ပြောသောအခါ မိုင်စွေ့က သူတို့ကိုပဲ သွားခိုင်းလိုက်၏။


 သူမက ယွီရှင်းကို စောင့်ကြည့်နေရန် လိုအပ်သည်။


မောင်နှစ်ယောက်က မိန်းမတွေဘာတွေလုပ်နေသည်ကို စိတ်မဝင်စားသည့်အတွက် အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကိုတို့နှင့် တွေ့ပြီး ပုစဥ်းရင်ကွဲ ရှာရန် ခွေးတွေနှင့် ပြေးထွက်သွားကြ၏။


ယွီရှင်း လင်းလန်၏အိမ်မှ ထွက်လာပြီး ဟန်ချင်စုန့်ကို သေချာပေါက်တွေ့မည်ဟု တွေးကာ မြေပြင်ပေါ်ရှိ ရေစွန်းထင်းနေသော လမ်းအတိုင်း လျှောက်သွားခဲ့သည်။


ရွာအရှေ့ပိုင်းတွင် လင်းလန်နှင့် ပထမချွေးမဟန်မိသားစုတို့သာ ရှိပြီး ကျန်သည်များမှာ တပ်မဟာခြံဝင်းနှင့် ဂိုဒေါင်တို့ဖြစ်၏။ ရေတွင်းသို့သွားရန် ပထမချွေးမဟန်၏အိမ်မှ ဖြတ်သွားရသော်လည်း သူမ လင်းလန်တစ်ယောက်ယောက်နှင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။ လင်းလန် သူမ မကောင်းကြောင်း  ပြောနေသလိုပဲ...


"ကျွန်မအိမ်မှာ ပညာတတ်လူငယ်တစ်ယောက်ရှိတယ်...ဘာလုပ်ရမှန်းမသိဘူး... စိတ်ရှုပ်စရာကြီး" လင်းလန်၏အသံဖြစ်၏။


ယွီရှင်း  နှုတ်ခမ်းမဲ့သွားပြီး  ဒေါသအလွန်ထွက်သွားသည်။သူမ နောက်ကွယ်မှာ သူမမကောင်းကြောင်းပြောနေတယ်ပေါ့လေ...လင်းလန်းက  အရမ်းစိတ်ပုပ်တာပဲ...


သူမ တံခါးကိုမှီပြီး ထပ်နားထောင်ချင်သော်လည်း ရုတ်တရက် "ဝုတ်ဝုတ်"ဆိုပြီး ခွေးနက်ကြီးတစ်ကောင် ဟောင်ရင်း သူမဆီပြေးလာ၏။ လင်းလန်တို့အိမ်က ခေါ်လာသည့် ဟေးဇီက  သူစိမ်းတွေကို အလွန်အကဲဆတ်လေသည်။


ယွီရှင်း  အလွန်ထိတ်လန့်သွားပြီး အော်ဟစ်ကာ ထွက်ပြေးသွားခဲ့သည်။


ခြံထဲမှာ စကားပြောနေသည့် ပထမချွေးမဟန်နှင့် လင်းလန်က ကြားပြီး ဟေးဇီကို ပြန်သွားခိုင်းပေမဲ့ ဟေးဇီက ယွီရှင်း  နောက်ကို ပြေးလိုက်၏။


ယွီရှင်း၏ဒုန်းဆိုင်းပြေးမှုကြောင့် တပ်မဟာတွင်းရှိ ခွေးများက ဟောင်နေပြီဖြစ်သည်။ကျိုးနွံသော ခွေးများက ရွာသားများ ၎င်းတို့ကို ဖြတ်သွားသောအခါတွင်ပင် မကြည့်ရဲခဲ့သော်လည်း ယခု အခါ လူစိမ်းတစ်ယောက် ပြေးလွှားခြင်း၏ နှိုးဆော်မှုကြောင့် ပြေးလာကြသည်။


ယွီရှင်းက  ခွေးတွေကိုကြောက်ပြီး တောင်ဘက်သို့ပြေး၍ သစ်ပင်ငယ်တစ်ပင်ကို ဖက်ကာ သစ်ကိုင်းများကို ဝှေ့ယမ်းပြီး သူမ၏မျက်နှာက ဖျော့တော့နေလျက်အော်၏။


 "သွား...ထွက်သွားကြစမ်း"


 သူမနောက်တွင်ကား မြစ်ကနေခွဲစီးလာသည့် မြောင်းတစ်ခုရှိပြီး အနည်းငယ်နက်လေသည်။


၎င်းကို ရေသိုလှောင်ရန်သုံးပြီး ဤမြောင်းက မြစ်ကို ပိတ်ဆို့နေသဖြင့် ဖြတ်သန်းသွားသူများ မြစ်ထဲသို့ ကျမသွားတော့သည့်အပြင် မြစ်ရေတက်လာသောအခါ လမ်းကြောင်းပြောင်းသွားမည်ဖြစ်သည်။


ခွေးတွေက သူမကို သွားဖြဲပြီး ဟောင်ကြ၏။


ထိုအချိန်တွင် တကျွီကျွီအသံများ ထွက်ပေါ်လာပြီး ဟန်ချင်စုန့်က ရေထမ်းရင်း ဖြတ်သွားရာ ခွေးဟောင်သံများနှင့် မကိုက်ရန် အော်ဟစ်သံများကို ကြားလိုက်ရသည်။


 သူ့ကိုမြင်သောအခါ ယွီရှင်း  ချက်ချင်းပဲအော်တော့၏။


 "ညွှန်မှူးဟန် ကူညီပါဦး...ကယ်ပါဦး " 

 

ဟန်ချင်စုန့် ချဉ်းကပ်လာသည်ကိုမြင်သောအခါ သူမ စိတ်သက်သာရာရသွားပြီး သူမကို ဆွဲထုတ်ပေးမည်အား စောင့်ခဲ့သည်။သို့ပေမဲ့ စိတ်လှုပ်ရှားနေသဖြင့် လက်တွေ ချွေးတွေကထွက်နေလေရာ ချော်ထွက်ကာ သစ်ပင်၏ပင်စည်ကို မကိုင်နိုင်တော့ဘဲ “အား——” ခနဲ အော်ရင်း လက်လွတ်ပြီး မြောင်းထဲ ရုတ်ချည်း  ပြုတ်ကျသွား၏။


တခြားသူသာဆိုလျှင် ဟန်ချင်စုန့်က ကူညီပေးလိမ့်မည်ဖြစ်သော်လည်း ယနေ့ သူ ယွီရှင်း၏ မျက်လုံးတွေက မူမမှန်သည်ကို မြင်ထားသည့်အပြင် လင်းလန်ကလည်း ဒေါသထွက်နေသည့်အတွက် သဘာဝအတိုင်း လျစ်လျူရှုပြီး ရေထမ်းရင်း ခြေလှမ်းကျဲကြီးတွေနှင့် ထွက်သွားခဲ့လေသည်။ 


 ...

Xxxxxxxxx

Part 566


ယွီရှင်း  မြောင်းထဲသို့ ပြုတ်ကျပြီး ဆိုးဆိုးရွားရွား  နာကျင်နေသည်။မြောင်းအောက်တွင် ရေနှင့်နုန်းများ၊ သစ်ရွက်ဆွေးများ ၊ကြက်ချေး၊ဘဲချေးများရှိပြီး ယင်းက သူမကို သေအောင်ရွံစေ၏။


လင်းလန် ပထမချွေးမဟန်နှင့် ယွီရှင်းအကြောင်း ညည်းညူနေရင်း အပြင်ဘက်က အော်သံကြားသဖြင့် လန့်သွားလေသည်။ နှစ်ယောက်သား ကြည့်ရန် အမြန်ထွက်လာသောအခါ မိုင်စွေ့က  အကြောင်းတစ်ခုခုကြောင့် တုတ်ချောင်းတစ်ချောင်းကို သုံးရင်း အပြင်ဘက် မြောင်းအနားမှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။


လင်းလန် : "သမီး ဘာလုပ်နေတာလဲ"


 မိုင်စွေ့က  ခေါင်းလှည့်ကာ ပြန်ဖြေလိုက်ပြီး လက်နှစ်ဖက်က အားလျှော့သွားသည်။


 "မားမား...ဒေါ်ဒေါ်...သမီး ကယ်မလို့... အိုး..."

 

 "အား— "


မိုင်စွေ့က အမြန် ဆိုလိုက်၏။


  "တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...မားမားကခေါ်တော့ မေ့သွားလို့... အဆင်ပြေရဲ့လား"


လင်းလန် နှင့်ပထမချွေးမဟန် ရောက်ရှိလာသောအခါ  ယွီရှင်းက  မြောင်းနက်ထဲသို့ ပြုတ်ကျနေကာ ကားယားကြီးဖြစ်နေပြီး ခြေတစ်ဖက်က နောက်ပြန်ခေါက်နေလျက်   နာကျင်နေပုံရသည်ကို တွေ့လိုက်ရသည်။ 


 မိုင်စွေ့က  တောင်းပန်လိုက်၏။


 "တောင်းပန်ပါတယ်...သမီး အဒေါ့်ကို ဆွဲထုတ်ချင်ခဲ့တာပါ"


 ယွီရှင်းက  စကားမပြောနိုင်လောက်အောင် နာကျင်နေခဲ့သည်။


ပထမချွေးမဟန်က တစ်ယောက်ယောက်ကိုခေါ်၍ ယွီရှင်းကို  အပေါ်သယ်လာခိုင်းပြီး ကျန်းမာရေးမှူးကို ဖိတ်လိုက်၏။


ကျန်းမာရေးမှူးက  သူမကိုကြည့်ကာ သူမ၏ခြေကျင်းဝတ်ကို ဖြည်းညှင်းစွာတို့ပြီးဆိုလေသည်။


 "ရှင်ခြင်း နဲ့သေခြင်းဆိုတာက ကံကြမ္မာ... စည်းစိမ်ဥစ္စာဂုဏ်တို့ဆိုတာက ကောင်းကင်ဘုံမှာ ရှိကြတယ်...ပြဿနာက ကြီးကြီးမားမားမဟုတ်ပါဘူး...နှစ်ရက်လောက်ဂရုစိုက်ပေးရုံပါပဲ...လှုပ်လို့ရှားလို့မရဘူး"


ယွီရှင်းက  သေအောင် ငိုလုမတတ်ပင်။ဘာလို့ဒီလောက် ကံဆိုးရတာလဲ...


ကျန်းမာရေးမှူးက  သူမကို ဟိုစမ်းသည်စမ်းသာလုပ်ပြီး ကုသပေးရန် ငြင်းဆန်နေသည်ကိုကြည့်ပြီး သူမ သူ့ကို ဒေါသတကြီး တွန်းထုတ်လိုက်၏။


 "ယုံရှင်း တပ်မဟာကို ပြန်ပို့ပေးပါ"


လင်းလန်ကမူ သူမသမီးကို ခေါ်ပြီး အိမ်ပြန်သွားပြီဖြစ်သည်။ နင်ကဘယ်သူမလို့လဲ... ငါတို့က နင့်ကိုလိုက်ပို့ပေးရမယ်ပေါ့... ငါတို့က နင့်ကို ဘာအကြွေးမှ တင်မထားဘူး...


နောက်ဆုံးတွင် ကွန်မြူနတီ  အဖွဲ့ဝင်တစ်ဦးက အုပ်ချုပ်ရေးမှူး ထံသွားပြီး အခြေအနေမေးလိုက်သည်။ သူမက လင်းလန်ဆီ သင်ယူရန်လာသော်လည်း ခွေးများကအလိုက်ခံရပြီး မြောင်းထဲသို့ ပြုတ်ကျသွားကြောင်း ကြားရသဖြင့် တစ်စုံတစ်ဦးက ယုံရှင်းတပ်မဟာထံသို့ ပြန်ပို့ပေးခဲ့သည်။


 ယွီရှင်းက  သူမရဲဘော်များကို လစ်လျူရှုခြင်း၊ လူတွေကို  ခွေးနှင့်ရှူးတိုက်ခြင်း စသည်တို့ဖြင့်  စွပ်စွဲကာ လင်းလန်ကို တရားစွဲချင်သေးသော်လည်း အုပ်ချုပ်ရေးမှူးက လင်းလန်အပေါ် အလွန်ကြင်နာပြီး သူမကို ပစ္စည်းများ ခိုးယူရန် ရွာသို့ လာသလားဟုပင် တွေးထင်နေကြောင်းကြားလိုက်ရသည့်အတွက် သူမ စကားမပြောရဲတော့ပေ။


အုပ်ချုပ်ရေးမှူးက ယွီရှင်းကို ပြန်ပို့ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးသည့်အခါ ဟောင်လီယု  သူမဘာကြောင့် သွားမှန်း  ချက်ချင်း နားလည်သွားပြီး ယွီရှင်းကို မေး၏။


 "နင့််ဘာနင်သွားတာလား" 


ယွီရှင်းက  အလျင်အမြန် ခုခံပြောဆိုခဲ့သည်။

" ငါက အခြေအနေကို သွားစုံစမ်းတာ...သေချာပေါက်  နင်နဲ့အတူ သွားမှာပေါ့"


ဟောင်လီယု သံသယဖြစ်နေသည်။


 ယွီရှင်း  : "ညွှန်မှူးဟန်ကိုသွားရှာတာက အသုံးမဝင်ဘူးဆိုတာ ငါရှင်းရှင်းလင်းလင်းပြောထားမယ်... သူက တခြားသူတွေကို ဘယ်တော့မှ မကူညီဘူး... သူ့ကိုရှာတဲ့သူတိုင်းက အဖမ်းခံရတယ်... ကံမကောင်းလိုက်တာ"


ကွန်မြူနတီထဲမှာ ဟန်ချင်စုန့်၏စည်းကမ်းတွေက ထိုသို့ပင်၊ မေးနေစရာ မလိုပါချေ။ကွန်မြူနတီအဖွဲ့ဝင်တွေက အတင်းအဖျင်းပြောကြလိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် ယွီရှင်းက အိမ်သွားကြည့်ချင်ခဲ့ခြင်းဖြစ်ကာ ဟန်ချင်စုန့်က သူမကို အာရုံစိုက်လျှင် အရာအားလုံး ပိုလွယ်ကူမည် ထင်ခဲ့သည်။ 

 


ဟန်ချင်စုန့်က အလွန်ရက်စက်ပြီးခံစားချက်မဲ့သူ ဖြစ်သည်ကို သူမ မည်သို့သိပါမည်နည်း။ သူက လင်းလန်ကို ကျော်ဖြတ်နေရသေးပုံရ၏။


ဟောင်လီယုက သူမ၏ သနားစရာကောင်းသည့် အခြေအနေကို ကြည့်ပြီးပြောလိုက်သည်။


 "နင်တကယ်ပဲ ဘာလုပ်နေတာလဲ...ဟဲကွမ်က သံသယဝင်နေတာ"


ယွီရှင်းက   နှုတ်ခမ်းမဲ့ပြီး မခိုးမခန့်နှင့် ပြော၏။

 "*ခွေးက ငန်းအသား စားချင်နေတာလေ... သူ့ကို လျစ်လျူရှုထားလိုက်"

 (T/N–အနူလက်နဲ့ရွှေခွက်နှိုက်ချင်သည်၊မတန်ရာမှန်းသည်)


ဟောင်လီယု  : "ညွှန်မှူးဟန်ကို သွားရှာလို့မရဘူးဆိုတော့... တော်လှန်ရေး ကော်မတီကို သွားစမ်းကြည့်ချင်လား"


ယွီရှင်း : "တော်လှန်ရေး ကော်မတီကိုတော့ ငါတို့ လည်းမသိဘူး... လုချန်ဝေ့က တော်လှန်ရေးကော်မတီထဲကလူတွေနဲ့ သိတယ်လို့ ကြားတယ်...သူက စာရင်းသွင်းချင်သေးတာ...ငါတို့ကိုပေးမှာ မဟုတ်ဘူး"


 ယုံရှင်းတပ်မဟာရှိ အုပ်ချုပ်ရေးမှူးက  သူမကို ကောင်းစွာဂရုစိုက်သော်လည်း၊ အထက်မှာ ဌာနခွဲအတွင်းရေးမှူးတစ်ဦးလည်းရှိသောကြောင့် အုပ်ချုပ်ရေးမှူးက  စာရင်းသွင်းရန် အသုံးမ၀င်ပေ။ 


သူမက စောစောကတည်းကပြေးပြီး ကွန်မြူနတီမှာ အဆက်သွယ်သွားရှာကာ လူအနည်းငယ်နှင့် သိအောင်မလုပ်ခဲ့မိသည်ကိုလည်း ဒေါသဖြစ်မိသည်။ အောင်မြင်မှ ရမည်၊ တကယ်တမ်းတွင် အသက်အရွယ်က ဘယ်သူ့ကိုမှ မစောင့်ပေ။


ဟောင်လီယုမှာ ဘာအကြံအစည်မှ မရှိပေ၊ သူမပြောသမျှကိုချည်း နားထောင်ပြီး အချိန်ရသည့်အခါ လင်းလန်နှင့် ပြန်ကြိုးစားရန် ပြောလေ၏။ 


ယွီရှင်း၏ ခြေကျင်းဝတ်က နည်းနည်းလေး လိမ်သွားခြင်းသာဖြစ်ပြီး သိပ်မဆိုးပါချေ။ယခု အတော်လေး ပိုကောင်းလာပြီဖြစ်သည်။ သူမက ဟောင်လီယုကို ညွှန်ကြားလိုက်၏။


"ငါတို့ပစ္စည်းတွေစုရအောင် ...ငါတို့မိသားစုဆီ စာတစ်စောင်ရေးပြီး ပိုက်ဆံနဲ့ ပစ္စည်းတွေ ပို့ခိုင်းလိုက်... မြို့ထဲမှာ စာရင်းသွင်း ပြီးသွားပြီဆိုတော့ ငါတို့ မြန်မြန်လုပ်ရမယ်.. မဟုတ်ရင်  စာရင်းက ပိတ်သွားလိမ့်မယ်"


ဟောင်လီယုလည်း စိတ်လှုပ်ရှားသွားပြီး ပါးစပ်ကို တိတ်တိတ်လေး  အမြန်ဖွင့်လိုက်သည်။


နှစ်ရက်အကြာတွင် လျှိုချွန်းချိုက်က ရှုယွမ်ကို အနီးနားရှိ တပ်မဟာသို့ ခေါ်သွားကာ ပြန်လာသောအခါ လင်းလန်ထံ စာတစ်စောင်ရေးလေ၏။


 "အစ်မ... ဒါက အစ်မအတွက်...ကျွန်တော် ခိုးမကြည့်ထားဘူး" 


သူက ရယ်မောလိုက်သည်။


လင်းလန် "ကပ္ပတိန်လင်းဆီသို့" ဟူရေးထားသည့် သာမန်စာအိတ်ကို တွေ့လိုက်ရပြီး  ယူ၍ တံဆိပ်ကို သံသယဖြစ်စွာ ဆုတ်ဖြဲလိုက်သည်။


လျှိုချွန်းချိုက်က စာသိပ်မတတ်သောကြောင့် ခေါင်းထိုးကာ ဟိုကြည့်သည်ကြည့်လုပ်ပြီး ရယ်၏။


 "အစ်မ... အစ်မကို တစ်ယောက်ယောက်ပေးခဲ့တာလား... ဟင်...ဟီးဟီး...အဲ့ဒါကလေ "


သူတို့ဝါဒဖြန့်သွားသောအခါ  လူတော်တော်များများနှင့် ဆုံတွေ့ရလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ သူတ်ို့က စင်မြင့်ပေါ်မှာ လူတိုင်း၏အာရုံစိုက်မှုအဖြစ် မကြာခဏမတ်တပ်ရပ်လေ့ရှိသောကြောင့် ပရိသတ်တွေကို ဆွဲဆောင်နိုင်သည့် idolအော်ရာ ရှိလာမည်က အသေအချာပါပင်။


လင်းလန်က သူတို့လို စင်ပေါ်မှာ မကြာခဏပေါ်မလာသော်လည်း သူမကို သဘောကျသူတွေ၊ ကြက်ဥနှင့် အစားအအသောက်များ  ယူလာပေးသူတွေ၊ သူမနှင့် လက်ဆွဲနှုတ်ဆက်ချင်သူ မိန်းမ၊ ယောက်ျား၊ကလေး များစွာရှိလေသည်။ 


 သေချာသည်ပင်၊ သူမကိုတွေ့သည့်အခါ မျက်လုံးတွေတောက်ပနေသော အထင်ကြီးလေးစားသူတွေလည်း အများကြီးရှိ၏။


ထို့ကြောင့် လျှိုချွန်းချိုက်က အချစ်စာတစ်စောင်ဟု  ထင်ခဲ့သည်။ဘာပဲဖြစ်ဖြစ် သူလျှို့ဝှက်ထားမှာဖြစ်၏။


Xxxxxxxx