Part 569
လင်းလန် သူတို့ကို သင်ခန်းစာကောင်းကောင်း သင်ပေးချင်ပြီး ရှက်စရာဆိုသည်က ဘာမှန်းသိအောင် လုပ်ကာ အနာဂတ်မှာ သူမရှေ့မှာ ပေါ်လာရဲမရဲ ကြည့်ချင်မိသည်။
အိမ်ထဲသို့ရောက်သောအခါ ယွီရှင်းက လင်းလန်ကို ရေနွေးပူပူလေးတစ်ခွက်ကို ရင်းနှီးစွာ ငှဲ့ပေးပြီး အလွန်ယဉ်ကျေးသိမ်မွေ့နေသည်။
မူလက သူမက ရုပ်ရည်ချောမောသည့်အတွက် ဟန်ချင်စုန့်က အခြားအမျိုးသားများကဲ့သို့ သူမကို ပိုဂရုစိုက်မည်ဟု ထင်ခဲ့၏။ ဟန်ချင်စုန့်က သူမတို့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံသောအခါတွင် တစ်ကြိမ်ထက်ပို၍ မကြည့်ကြောင်း သူမ မည်သို့သိပါမည်နည်း။ ဟန်ချင်စုန့်က အခြားအမျိုးသမီးများအပေါ် အမှန်တကယ်ကို လျစ်လျူရှုထားသည်။
သူမကိုယ်တိုင် ဟန်ချင်စုန့်နှင့် သေလောက်အောင် ဆက်ဆံရေးရှိချင်သော်လည်း လင်းလန်ကို အားကိုးနေရဆဲဟုခံစားခဲ့ရသောကြောင့် စိတ်ရှည်သည်းခံပြီး မျက်နှာလုပ်ပေးရမှာ ဖြစ်လေသည်။
ထို့ကြောင့် ယခုအချိန်တွင် သူမသည် ယခင်ကထက် လင်းလန်အပေါ် ပို၍ စိတ်အားထက်သန်နေပြီး သူမတွင် စစ်မှန်သော ချစ်ခင်မှုများစွာ အမှန်တကယ်ရှိ၏။
သူတို့နှစ်ဦးသည် အလုပ်အကြောင်းမှနေ မြို့အထိ ပညာတတ်လူငယ်များအကြောင်း ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ကြပြီး အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သား ကျောင်းသားများအကြောင်း ပြောခဲ့ကြသည်။ဘာပဲဖြစ်ဖြစ် သူတို့ လုပ်ချင်သမျှ ကမ္ဘာအရပ်ရပ်ကအရာတွေကို သဘာဝအတိုင်း ပြောဆိုကြမည်ပင်။
ဟောင်လီယု အနည်းငယ်စိတ်မရှည်ဖြစ်နေ၏။ စာရင်းသွင်းရက်ကား ပိတ်တော့မည်၊ သူမဒီနေ့မပြောလျှင် နောက်တစ်ကြိမ်မှာ မည်သည့်အခွင့်အရေးရှိမည်ဆိုခြင်းကို သူမသိပေ။ စင်စစ်အားဖြင့် ထုတ်လုပ်မှုအဖွဲ့ဆီက ခွင့်တောင်းရန်က မလွယ်လှပါချေ။
“ကပ္ပတိန်လင်း...စာရင်းသွင်းတဲ့ကိစ္စကို ကြည့်..…”
လင်းလန်က သူမကို ဖြတ်ပြောလိုက်၏။
“ဒီမှာ တစ်ခုခုရှိတယ်...တစ်ချက်ကြည့်စေချင်တယ်"
သူမက အမည်မသိစာတစ်စောင်ကို ထုတ်ကာ စားပွဲပေါ်တင်၍ ပြောလိုက်သည်။
“ကြည့်ပါဦး”
ယွီရှင်းက ၎င်းကို ယူပြီး အလေးထားဟန်ဖြင့် ပြုံးကာဆို၏။
"ကပ္ပတိန်လင်းကို ကူဖတ်ပေးပါ့မယ်”
“ကပ္ပတိန်လင်း မင်္ဂလာပါ...ငါဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုပါဘူး... ဒီနေ့ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြချင်တယ်….”
ယွီရှင်း နှလုံးခုန်နှုန်းတွေလွဲကုန်ပြီး အထင်သေးဟန်ကို ဂရုမစိုက်နိုင်ဘဲ ရယ်ကာပြောလိုက်သည်။
"ကပ္ပတိန်လင်း...ရှင့်ဆီကို မေတ္တာစာတစ်စောင် ရေးထားတယ်....."
လင်းလန်က သူမကို အေးစက်စွာ စိုက်ကြည့်ကာဆို၏။
"ဆက်ဖတ်ပါ"
ယွီရှင်းက ဆက်ပြောသည်။
"အရှက်မရှိတဲ့မိန်းမနှစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်း မင်းကိုပြောပြချင်တာ...မင်းနောက်ကွယ်မှာ မင်းအကြောင်းမကောင်းပြောတတ်တယ်....."
ယွီရှင်းနှင့်ဟောင်လီယု၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ သူမဆက်မဖတ်နိုင်တော့ဘဲ ချက်ချင်း လုချန်ဝေ့က ဤတိုင်ကြားစာကို ရေးသားခဲ့သူဖြစ်သည်ဟုသံသယဝင်လာသည်။
ဤလုချန်ဝေ့က ဖြောင့်မတ်ပုံပေါ်သော်လည်း နောက်ကွယ်တွင် လှည့်စားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လင်းလန်က မျက်ခုံးပင့်ကာဆို၏။
"ဖတ်လေ "
ယွီရှင်း နဖူးပေါ်မှာ ချွေးသီးချွေးပေါက် ထွက်လာကာပြောလိုက်သည်။
"ကပ္ပတိန်လင်း ဒါ....ဒါကိုကြည့်ရတာ ကျွန်မတို့အတွက် အဆင်မပြေဘူး"
ဟောင်လီယုကလည်း မတ်တပ်ထရပ်ကာဆိုလေ၏။
"ဟုတ်တယ် ကပ္ပတိန်လင်း...ရှင်နေမကောင်းသေးဘူး...ကျွန်မတို့ ရှင့်ကိုမနှောက်ယှက်တော့ဘူး....."
လင်းလန်:"အနှောက်ယှက်မဖြစ်ပါဘူး... ငါကကို အကြိမ်ကြိမ်အနှောက်ယှက်ခံခဲ့ရတာဆိုတော့ ခဏလောက်နဲ့ ဘာမှသိပ်မဖြစ်ပါဘူး... ထိုင်ပါ"
သူတို့နှစ်ယောက် မထိုင်ရဲပါဘဲ ကြောက်ချွေးပြန်နေကြသည်။
လင်းလန်: "ဖတ်ကြည့်..."
သူမ၏ အေးစက်ပြီး လေးနက်သော အမူအရာက ဂုဏ်သိက္ခာထိန်းနေဆဲဖြစ်ပြီး ယွီရှင်းကို ထိတ်လန့်တုန်ယင်သွားစေသည်။
ယွီရှင်းက တုန်ယင်နေလျက်ဆို၏။
"ပြော...ပြောကြတာက ညွှန်မှူးဟန်ကို အားကိုးပြီး ဝါဒဖြန့်ချိရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်တဲ့...ပြော...ပြောကြတယ် ငရုတ်သီး ငရုတ်သီးတောင့်ကိုပဲ သိတဲ့ တောသူငနုံမတဲ့... ပြော...ပြောကြတယ် မင်းအိမ်က လောဘကြီး...မှုတွေနဲ့ဖုံးထားတာတဲ့...ပြော...ပြောကြတယ် မင်းက လိုက်...လိုက်....."
လှပခြင်းက သူမကို အကျိုးကျေးဇူးများယူဆောင်လာပေးသည်ဟု သိကတည်းက ယွီရှင်း သူမပေါ်လာသည့်နေရာတိုင်း သူမ ပတ်ပတ်လည်ရှိ ယောကျာ်းတွေက သူမကို အကြိုက်ဆုံးဖြစ်ပြီး သူတို့က အိမ်ထောင်သည်ဖြစ်လျှင်ပင် လူတိုင်းက သူမနားမှာ ဝိုင်းဝိုင်းလည်နေသင့်သည်ဟူသော ခံစားချက်ရှိခဲ့သည်။
လင်းလန်၏အသွင်အပြင်က သူမ၏ဝင့်ဝါနေမှုကို ပျောက်ကွယ်သွားစေသည်။အဖွဲ့ဝင်များစွာက လင်းလန်ကို လှပသည်ဟုပြောကြပြီး သူတို့ သူမအပေါ်ကြည့်သောမျက်လုံးများက ယခင်ကလောက် မှင်သက်မနေကြတော့ပေ။
သူမက တောသူမ လင်းလန်ကို မနာလိုသော်လည်း လင်းလန်က ချောမောလှပပြီး ဝါဒဖြန့်ရေး ခေါင်းဆောင်ဖြစ်သည့်အပြင် စိတ်ကူးကောင်းများရှိကာ ကွန်မြူနတီအဖွဲ့ဝင်များ၏ နှစ်သက်ခြင်းကို ခံရသေးသည်။ အိမ်ထောင်ကျပြီး သားသမီးရှိမှန်းသိသည့် လူငယ်တော်တော်များများကပင် တိတ်တခိုး သူမကို ကြိုက်ကြ၏။ သူတို့ကို သူမ မကြိုက်ပေမဲ့ ၎င်းကို မရှုမစိမ့်ဖြစ်မိသည်။ အကြောင်းမှာ မူလကတည်းက သူမသည် ဤကဲ့သိုသော ဝင့်ဝါမှုမျိုးကို နှစ်သက်ကျေနပ်သောကြောင့်ပင်။
ထို့ကြောင့် လင်းလန်က တခြားသူတွေနှင့်ပရောပရီလုပ်သည်၊ ဘယ်သူက လင်းလန်ကို အချစ်စာရေးသည်ကဲ့သို့သော တာဝန်မဲ့စကားတွေကို ပြောတတ်၏။... သူမက ဒီအတိုင်းသာမန်ကာလျှကာ ရင်ဖွင့်သည်ဟုသာ ခံစားခဲ့ရပြီး ဘယ်သူ့ကိုမှ ဆဲဆိုမပြောချင်ခဲ့ပါချေ။
လင်းလန်၏မျက်လုံးများက ဓါးကိုကိုင်ထားသလိုမျိုး အေးစက်သွားကာဆိုလာ၏။
"ဖတ်..."
ယွီရှင်းက ဟောင်လီယုကို ချက်ချင်းပြောလိုက်သည်။
"နင်...နင်ဖတ်လိုက်"
ဟောင်လီယုလည်း ကျင်စက်နှင့်တို့ခံရသလိုမျိုး တုန်ယင်သွားပြီး မျက်နှာနီရဲလာကာ၎င်းနောက် ဖျော့တော့သွား၏။
သူတို့လိုပဲ မျက်နှာလှလှလေးရှိပြီး တောသူငနုံတွေအပေါ် အထင်သေးကြည့်ရုံကလွဲ၍ သာမာန်ထက် ဘာမှ မလုပ်တတ်သည့် မိန်းကလေးတွေရှိလေသည်။ အများစုက နောက်ကွယ်မှာ တခြားသူတွေကို အတင်းအဖျင်းပြောတတ်ကြသည် သူတို့ကိုယ်တိုင်ကမူ တစ်ကိုယ်ရေသန့်ရှင်းမှုကိုတောင် ဂရုမစိုက်ဘဲ ပညာမတတ် မသိနားမလည်ကြသည့် တောကလူတွေကို ဟာသလုပ်တတ်ကြ၏။
သို့သော် တစ်စုံတစ်ဦးအား မကောင်းပြောပြီး နေရာမှာတင် ထိပ်တိုက်တွေ့ခြင်းထက် အဘယ်အရှက်တရားက ပို၍ အရှက်ရနိုင်မနည်း။
သူမမျက်နှာက အနီရောင်တောက်တောက် သင်္ဘောသဖန်းရွက်ကဲ့သို့ နီမြန်းနေပြီး တကယ်ကို မြေကြီးပေါ်မှာ အက်ကွဲကြောင်းတစ်ခုကို ရှာကာ ဝင်ပုန်းချင်မိပြီး နောက်ဘယ်တော့မှ ပြန်မထွက်လာချင်ပေ။
သူမ မျက်ရည်တွေကျလာ၏။
“ကပ္ပတိန်လင်း တောင်းပန်ပါတယ်...တောင်းပန်ပါတယ်”
သူမက သူမမျက်နှာကို အုပ်ပြီး
“ကျွန်မနောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး”
တိုင်ကြားစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး၊အနှီလူနှစ်ဦး၏အမည်များမှာ–
ယွီရှင်း၊ဟောင်လီယု ဟူ၍။
ဒီထက်ပိုပြီး ရှင်းတာရှိဦးမလား...
ယွီရှင်းက ချက်ချင်း တုန်တုန်ယင်ယင်ဖြင့်ဆို၏။
“မဟုတ်ဘူး...အဲဒါ ကျွန်မမဟုတ်ဘူး...ကျွန်မတို့လည်းမဟုတ်ဘူး...ဒါက တစ်ယောက်ယောက်... တစ်ယောက်ယောက် မနာလိုဖြစ်ပြီး... မနာလိုစိတ်နဲ့ ကျွန်မတို့ကို ချောက်ချတာ"
သူမစိတ်တွေ ရှုပ်ထွေးနေပြီး သူ့ကို လူမိခံရခြင်း၏အရှက်ရမှုက သူမက ဘာလုပ်ရမှန်းမသိအောင်ဖြစ်စေသည်။သူမ အိတ်ကိုဆွဲပြီး အပြင်ကိုထွက်ပြေးတော့၏။ လင်းလန်က သူမကို ဖမ်းဆီးပြီး ယုံရှင်းတပ်မဟာကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားခဲ့မယ်ဆိုရင် ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ... ဒီနှစ်မှာ သူမထွက်သွားနိုင်ရင် တော်သေးတယ်... ဒါပေမဲ့ နောက်နှစ်မှ သွားနိုင်မယ်ဆိုရင်တော့ အဆိုးရွားဆုံးဖြစ်သွားပြီ...
(ဒီနှစ်မှာပဲ ဒီနေရာကထွက်သွားနိုင်မယ်ဆို သိပ်မျက်နှာမပူရဘူး နောက်နှစ်မှသာဆိုရင် အကြာကြီးမျက်နှာပူအရှက်ရနေလိမ့်မယ်)
Xxxxxxxx
Part 570
လင်းလန်က သူမကို ဖမ်းဆီးပြီး ယုံရှင်းတပ်မဟာကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားခဲ့မယ်ဆိုရင် ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ... ဒီနှစ်မှာ သူမထွက်သွားနိုင်ရင် တော်သေးတယ်... ဒါပေမဲ့ နောက်နှစ်မှ သွားနိုင်မယ်ဆိုရင်တော့ အဆိုးရွားဆုံးဖြစ်သွားပြီ...
ဟောင်လီယု နောက်ပိုင်းတွင် သဘောပေါက်သွားပြီး အိတ်ကိုအမြန်ဆွဲကိုင်ကာ ထွက်ပြေးသွားခဲ့သည်။ရလဒ်အနေဖြင့် သူတို့နှစ်ဦး တံခါးဆီသို့ပြေးသွားကြသည့်အခါ စက်ဘီးဖြင့်ပြန်လာသော ဟန်ချင်စုန့်နှင် ဝင်တိုးမိသွားကြသည်။
ယွီရှင်းက သူ ဘာမှမသိချိန်တွင် အမြန်ပြေးချင်သော်လည်း သတိမထားမိဘဲ စက်ဘီးရှေ့ဘီးကို တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျပြီး အိတ်ထဲမှ ပစ္စည်းများက ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။
ဟန်ချင်စုန့်က အေးစက်စွာ မျက်မှောင်ကြုတ်ကာဆိုလိုက်၏။
"ယွီရှင်း... ရဲဘော်လင်းလန်ကို ဆဲဆိုခြင်း၊ ယောက်ျားနဲ့မိန်းမကြား ပလူးပလဲနေတယ်ဆိုပြီးကောလဟာလဖြန့်ခြင်းတို့အတွက် မင်းရဲ့နာမည်အရင်းနဲ့ လူတစ်ယောက်က သတင်းပို့ခဲ့တယ်"
သူက နောက် ပြန်လှည့်ကာ ဟန်ချင်းယွမ်ကိုပြောလေသည်။
"ဖမ်းလိုက်..."
ဟန်ချင်းယွမ်က ဒေါသတကြီးပြေးလာပြီး သူမကို အပြစ်တင်လေသည်။
"အမျိူးသမီး ခင်ဗျားက ရွံစရာကောင်း လွန်းတယ်...နောက်ကွယ်မှာ ကောလာဟလတွေ ထုတ်ဝံ့တယ်...အမျိုးသမီးတစ်ယောက်အတွက် နာမည်ဂုဏ်သတင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခင်ဗျားသိလား"
ယွီရှင်းက သူမ ကောလဟာလတွေ မဖြန့်ခဲ့ဘူးဟုငြင်းချင်ခဲ့သည်။
ဟန်ချင်စုန့်က အေးစက်စွာပြောလိုက်၏။
"ဟဲကွမ်ကို သိလား"
ယွီရှင်း အံသြသွားပြီး သူမအကြောင်း တိုင်သည့်လူက ဟဲကွမ်ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။ သူက သူမကို အထင်ကြီးသဘောကျသူဖြစ်သည်။ သူမက ရုတ်တရက် အသိဝင်လာပြီး ဆိုလိုက်၏။
"ဟဲကွမ်က ကျွန်မကို တမင်တကာ ချောက်ချခဲ့တာပါ...သူက ကျွန်မကို ရအောင် မလိုက်နိုင်လို့ မုန်းနေတာပါရှင်"
ဟန်ချင်စုန့်က ဂရုမစိုက်ချေ။
"ဒါဆို သူ့ကို ပြန်သွားထိပ်တိုက်ရှင်းချေ"
နောက်ရှိ ဟောင်လီယု ထိတ်လန့်မှုကြောင့် တုန်ယင်သွားသည် ။သူတို့က သာမန်မိန်းကလေးသာဖြစ်သည် ဘယ်တုန်းကမှ မကောင်းမှုမလုပ်ဖူးပေ။ မိန်းကလေးက ကျောင်းကထွက်ပြီးသည်နှင့် ကျေးလက်ကို အပို့ခံခဲ့ရခြင်းဖြစ်၏။ သူတို့အနေဖြင့် ရဲတွေနှင့် တစ်ခါမှမဆက်ဆံဖူးပေ။
"ကျွန်မ...ကျွန်မတို့...ကျွန်မတို့က ဒီ...ဒီတိုင်း...ဒီတိုင်း ပေါ့ပေါ့တန်တန်ပြောလိုက်မိတာပါ...ရည်ရွယ်ချက်ရှိရှိ...ရည်ရွယ်ချက်ရှိရှိနဲ့ ကောလဟာလဖြန့်ခဲ့တာမဟုတ်ပါဘူး"
ဟောင်လီယု မျက်ရည်တွေကျလာသည်။
ယွီရှင်းကလည်းကပျာကယာဆို၏။
"ကောလဟာလတွေ ဖြန့်ဖို့က တကယ်ကို ရည်ရွယ်ချက် မရှိခဲ့ပါဘူး...ရယ်စရာအနေနဲ့ပဲပြောခဲ့တာပါ...ရယ်စရာအနေနဲ့ပါပဲ"
သူမတစ်ယောက်တည်း ဟဲကွမ်ရှေ့မှာ ပြောသည်မဟုတ်ဘဲ တခြား ပညာတတ်လူငယ်တွေလည်း ပါလေသည်။ ထိပ်တိုက်ဖြေရှင်းသည်က အကျိုးမရှိပါချေ။
ဟန်ချင်းယွမ်က ဒေါသတကြီးနှင့်ပြော၏။
" မဆင်မခြင် စားလို့ရတယ်...မဆင်မခြင် ပြောလို့ကမရဘူး...ဟာသလုပ်တယ်ပေါ့...အဲ့လို ဟာသရှိလို့လား... နားထောင်သူတွေက အလေးအနက်ထားရင် ကပ္ပတိန်လင်းအပေါ် ဆိုးဆိုးရွားရွား လွှမ်းမိုးမှာ မဟုတ်ဘူးလား...ခရိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆင်းလာပြီး ခင်ဗျားပြောတာကို နားထောင်ရင် အမှန်ဖြစ်သွားမှာ မဟုတ်ဘူးလား... ဒါ့အပြင် ကာယကံရှင်ရဲ့ ခင်ပွန်းနဲ့ မိသားစုက ကြားသွားရင် ဘယ်လိုထင်မလဲ... ဆက်ဆံရေး ပြတ်စဲတဲ့သွားမှာလား... ရက်စက်ယုတ်မာလွန်းတယ်”
နှစ်ယောက်သား ရှိုက်ကြီးတငင် ငိုယိုကာ ခေါင်းငုံ့ တောင်းပန်ကြသည်။
ဟန်ချင်စုန့်: "သူတို့ကို ဗျူရိုကိုပြန်ပို့ပြီး ဌာနခွဲအတွင်းရေးမှူးရန် ကို လူကိုယ်တိုင်လာခေါ်ခိုင်းလိုက်"
ယွီရှင်းနှင့် ဟောင်လီယုတို့ ကောလဟာလတွေဖြန့်ချိန်က ၎င်းကို အလေးအနက်မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဘဝမှာ လူတော်တော်များများက တခြားသူတွေ မကောင်းကြောင်းတွေ ပြောကြလိမ့်မည်။ သို့မှမဟုတ် သက်သေမရှိဘဲ တခြားသူတွေအကြောင်း ပြောကြလိမ့်မည်။ တစ်ခါတလေ မနာလိုစိတ်ကြောင့်၊ တစ်ခါတရံ အတင်းအဖျင်းကြောင့် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ ပေါ့ပေါ့တန်တန် တစ်ခုခုကို ပြောကြပေလိမ့်မည်။ ယေဘုယျအားဖြင့် တိုက်ရိုက်အကျိုးဆက်တွေ ဖြစ်စေမည်မဟုတ်ပေ။ ပါဝင်ပတ်သက်နေသူက မသိလျှင် ဘယ်သူကမှ အလေးအနက်ထားမှာ မဟုတ်ချေ။ သိလျှင်ပင် ရန်ပဲဖြစ်ကြ လိမ့်မည်။
သို့ပေမဲ့ သက်ဆိုင်သူအတွက်မူ မမြင်နိုင်သည့် အကျိုးသက်ရောက်မှုတွေ ရှိနေဆဲဖြစ်၏။ သူစိမ်းတွေ၏ သူ့အပေါ် အမြင်တွေ ဆိုးရွားလာမည်၊ မူလက ရင်းနှီးချင်သည့်လူတွေပင် ဂဃနဏ မသိဘဲ ဆိုးရွားသည့် မှတ်ချက်တွေကို ပြုလုပ်ကြလိမ့်မည်ဖြစ်ပြီး သက်ဆိုင်သူအနေဖြင့် မသိလိုက်ပါဘဲ ဆုံးရှုံးမှုတွေရှိလာပေလိမ့်မည်။
ထို့ကြောင့် ဟန်ချင်စုန့်က လင်းလန်ကို ယုံကြည်ထားရခြင်းဖြစ်၏။ သူက ဇနီးဖြစ်သူ၏အလုပ်အား မထောက်ပံ့ဘဲ ဇနီးသည် လိမ်လည်လှည့်ဖြားမည်ကို ကြောက်သည့်ယောကျာ်းဖြစ်ပါက လင်းလန်က ချက်ခြင်းပေါက်ကွဲပြီး သူကလည်း ထိုစကားများကြားသည်နှင့် မိသားစုအကြပ်အတည်းဖြစ်လာပေမည်။
ထိုသို့ဖြစ်ရာ ဤကိစ္စက ကြီးနိုင်သလို့ သေးလည်းသေးနိုင်လေသည်။
ရာဇ၀တ်မှုအဖြစ်သတ်မှတ်ပြီ လုပ်သား ပြုပြင်ပြောင်းလဲရန် မလိုအပ်သော်လည်း အစည်းအဝေးများတွင် အပြစ်များကို အမည်တပ်ဝေဖန်ပြီး မှတ်တမ်းတင်ရန် လုံးဝလိုအပ်ပေ သည်။ ဤသည်မှာ သူတို့နှစ်ဦးအတွက် အလွန်ကြီးလေးသော ပြစ်ဒဏ်ဖြစ်ပြီး ၎င်းတို့သည် အနာဂတ်တွင် အဆင့်မြင့်သောဆောင်ရွက်ချက် တို့ကို မပြုလုပ်နိုင်တော့မည်မှာ သေချာ၏။ အဆင့်မြင့်တန်ဖိုးဖြတ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၊ အလုပ်ခေါ်ယူမှုနှင့် မြို့သို့ပြန်ခြင်းတို့ကို အကဲဖြတ်ခြင်းသည် ကန့်သတ်ချက်များရှိသော်လည်း ၎င်းတို့နှစ်ဦး မသိကြသေးသည်မှာ သနားစရာကောင်းလှသည်။
နှစ်ယောက်သား ခါးခါးသီးသီး အသနားခံကြ၏။
"ညွှန်မှူးဟန် ကျွန်မတို့ မလုပ်ရဲတော့ပါဘူး... ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ကျွန်မတို့ကို လွှတ်ပေးပါ ...ကျွန်မတို့မှားမှန်း သိပါတယ်...ကျွန်မတို့ကို အခွင့်အရေးပေးပါဦး"
ယွီရှင်းက ဟန်ချင်စုန့် သူမ၏ အလှအပကြောင့် စိတ်နှလုံး ပျော့ပျောင်းပြီး ခွင့်လွှတ်ပေးရန် မျှော်လင့်ရင်း ဟန်ချင်စုန့်ကို အထပ်ထပ်အခါခါ ဦးညွှတ်နေသည်။ သူမမှာသာ ပြစ်မှုမှတ်တမ်းရှိနေလျှင် သူမဘဝကအဆုံးသတ်သွားမည်ပင်။ ယခုနှစ် တက္ကသိုလ်ဝင်ခွင့်မရရုံတင် မကဘဲ နောက်နှစ်တွေမှာလည်း ဝင်ခွင့်မရှိတော့ပေ။
သို့ပေမဲ့ ဟန်ချင်စုန့်က ဤသည်ကို မကြိုက်မှန်း သိသာလေသည်။သူ့အတွက်မူ လှပသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ တံခါးဝရှိ သစ်ငုတ်တိုနှင့် များစွာခြားနားခြင်းမရှိပေ။
ဟန်ချင်စုန့်က စက်ဘီးကို တွန်းဝင်လိုက်သောအခါ ယွီရှင်းက ရုတ်တရက် ဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့်ဆို၏။
"ညွှန်မှူးဟန် တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး ကျွန်မအခွင့်အရေးပေးပါရှင်...ကျေးဇူးပြုပြီး လွတ်လမ်းနည်းနည်းလောက်ချန်ထားပေးပါ...ကျွန်မတို့ကို အဆုံးထိမတွန်းထုတ်လိုက်ပါနဲ့..."
ဟောင်လီယု အံ့အားသင့်သွားခဲ့သည်။ ယွီရှင်းလို မာနကြီးသည့်လူက ဒူးထောက်ရန် သူ မမျှော်လင့်ထားသလို သူမ အနည်းငယ်လည်း စိတ်ရှုပ်သွားမိသည်။
ယွီရှင်းက စကားပြောနေရင်း ဟန်ချင်စုန့်၏ အဝတ်အစားများကို လှမ်းကိုင်တော့မည်ပြု၏။
ဟန်ချင်စုန့်: "မလှုပ်နဲ့"
သူယခုလိုလူတွေကို အများကြီးတွေ့ဖူးပြီး မအံ့သြပါချေ။
ယွီရှင်း ထိတ်လန့်မှုကြောင့် တုန်ယင်သွားပြီး ဟန်ချင်စုန့်၏ ခြေထောက်များနှင့် အနည်းငယ်အလှမ်းဝေးနေဆဲဖြစ်သည့် သူမ၏ဆန့်တန်းနေသောလက်ချောင်းများကို မလှုပ်ဝံ့တော့ပေ။
Xxxxxxxx