အပိုင်း (၆၈)
Viewers 12k

Part 68


နောင်နောင် ဝမ်ကျန်းရီ၏ မေးခွန်းကိုကြားလိုက်သောအခါ ချက်ချင်းခေါင်းငုံ့လိုက်ပြီး ထန်ထန်အနောက်ကို ဝင်ပုန်းလိုက်သည်။


တုန့်ပြန်သည့်အနေဖြင့် ကျိရှောင်ကျိုးက သူမလက်ကိုဆွဲကာ သူမရှေ့တွင်ရပ်လိုက်သည်။


"မကြောက်နဲ့... နင့်ကိုဘယ်သူမှ နာကျင်အောင် မလုပ်စေရဘူး.. သွားကြရအောင်..."


ကျိရှောင်ကျိုး စကားပြောပြီးသည်နှင့် ဝန်နောင်ကို သူနှင့်အတူဆွဲကာ အဓိက ဝင်ပေါက်ထံပြေးတော့သည်။


ထန်ထန် ကြည့်ရုံသာကြည့်ပြီး ကလေးနှစ်ယောက်ကို မတားလိုက်ပေ။ သူမ အခြားနှစ်ယောက်ကို စကားမပြောချင်သဖြင့် ကလေးနှစ်ယောက်နောက်သာ လိုက်သွားလိုက်သည်။


သို့သော် ဝမ်ကျန်းရီက နားမလည်သဖြင့် ထန်ထန်ထန်ကို တားကာ မေးလိုက်သည်။


"ဘာဖြစ်နေတာလဲ... ဝမ်နောင်က ဘာလို့ ဒီရောက်နေရတာလဲ... ခေါ်ထားမယ်ဆိုရင်လည်း ကျွန်တော်တို့ကို ဘာလို့အသိမပေးရတာလဲ..."


ထန်ထန် သူ့မျက်နှာပေါ်ရှိ မသိနားမလည်သော အမူအယာက အမှန်တကယ် ဖြစ်နေကြောင်း သိလိုက်ရ၍ စိတ်ရှုပ်ထွေးသွားတော့သည်။ လျှိုဇီရွှမ်၏ မျက်နှာပေါ်တွင် မဖုံးကွယ်နိုင်သော စိတ်လှုပ်ရှား စိုးထိတ်နေသည့် အမူအယာတို့ ရှိနေသည်။ သူမ ဝမ်ကျန်းရီလက်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်သည်။


"ကျန်းရီ အရင်သွားရအောင်လေနော်.. ကျွန်မရုတ်တရက်ကြီး အေးလာသလို ခံစားနေရတယ်... ကျွန်မ အိမ်ပြန်ပြီး နားချင်နေပြီ... နောင်နောင်က ဒီမှာရှိမှတော့ နောက်ကျရင် သူမကိုပြန်ရှာနိုင်ပါတယ်..."


ဝမ်ကျန်းရီက သူမ၏လက်များကို သူ့လက်များဖြင့် အုပ်ကိုင်လိုက်သည်။


"ခဏလေးပါပဲ... ကိုယ် အခြေအနေကို မေးမြန်းကြည့်ရုံတင်ပါ..."


လျှိုဇီရွှမ် သူမနှုတ်ခမ်းကို တင်းတင်းကိုက်လိုက်သည်။ သူမ၏ လက်ဖဝါးများက စိတ်လှုပ်ရှားမှုကြောင့် ချွေးများဆို့လာသည်။ သူမ ယနေ့တွင် နေရောင်ခံရန် အပြင်ထွက်ခဲ့သည်ကို စတင်နောင်တရလာခဲ့သည်။


သူမ၏ အမူအယာကို မြင်လိုက်သောအခါ ထန်ထန် အကျိုးအကြောင်းနားလည်သွားတော့သည်။


ကြည့်ရတာ လျှိုဇီရွှမ်က ဝမ်ကျန်းရီကို နောင်နောင့်အကြောင်း မပြောပြရသေးဘူးထင်တယ်... သူ သူမကို အပြစ်တင်မှာကြောက်နေတာလား...


ယခုအချိန်တွင် လျှိုဇီရွှမ်က ထန်ထန် အမုန်းဆုံးလူတစ်ယောက်ဖြစ်လေသည်။ သူမ လူတိုင်းကို ကြင်နာပေးနိုင်သော်လည်း သူမအပေါ် လုံးဝမကြင်နာပေးနိုင်ပေ။ လျှိုဇီရွှမ်က ကိစ္စများကို ဝမ်ကျန်းရီမသိအောင် တမင်တကာ  ရည်ရွယ်၍ လျှို့ဝှက်ထားသည်ဖြစ်ရာ ထန်ထန်က သူ့ကို ပြောကိုပြောပြရပေမည်။ သူ၏ သမီးက မှားယွင်းစွာ ဆက်ဆံခံနေရ၍ အဖေတစ်ယောက်အနေဖြင့် ဘေးထွက် မနေသင့်ချေ။ သူ့သမီးအတွက် တစ်စုံတစ်ခု ပြန်လုပ်ပေးသင့်သည်။


ရလဒ်ကတော့ ထန်ထန် ထွက်မသွားလိုက်ပေ။ ယင်းအစား သူမက ဝမ်ကျန်းရီကို အေးစက်သော အမူအယာဖြင့် ပြန်ပြောလိုက်သည်။


"တပ်မှူးဝမ်... ရှင့် ရှင့်မိန်းမကို မေးသင့်တာမဟုတ်ဘူးလား... နောင်နောင်က သူ့ဆီကအရိုက်ခံရလို့ သတိလစ်သွားပေမဲ့ ဆေးရုံခေါ်မသွားပေးဘူး ဆိုတာမပြောပြဘူးလား... ရှင်ရှိနေမှတော့ နောင်နောင် အဲ့လိုအရိုက်ခံရပြီး သတိလစ်သွားရုံတင်မကဘူး အကြားအာရုံပါ ပျောက်ဆုံးသွားတယ်ဆိုတော့ သူနဲ့ သူ့အမေက ကျွန်မတို့ကို လာခြိမ်းခြောက်ခဲ့တယ်ဆိုတာ ရှင့်ကို မပြောပြခဲ့ဘူးလား... ကျွန်မသာ နောင်နောင်ကို ဆေးရုံခေါ်သွားမပေးခဲ့ရင် ရှင့်မိန်းမက ဘာလုပ်ပေးမယ်ထင်လဲ..."


"သတိလစ်တယ်... အကြားအာရုံပျောက်ဆုံးတယ်... "


ဝမ်ကျန်းရီ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။ နောက်တစ်စက္ကန့်တွင် သူ့ဘေးတွင်ရပ်နေသော လျှိုဇီရွှမ်ကို လှည့်ကြည့်လိုက်သည်။


"မင်း...နောင်နောင်က အိမ်မှာနေပြီး မူကြိုတက်နေပါတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား... မင်းအမေက နောင်နောင်နဲ့ ရော့ရော့ကို စောင့်ရှောင့်ပေးနေပါတယ်ဆို..."


လျှိုဇီရွှမ်၏ မျက်နှာဖြူဖျော့သွားကာ သူမ၏ လက်သည်းများက လက်ဖဝါးထဲသို့ပင် စိုက်ဝင်သွားခဲ့သည်။ ကိစ္စတွေက ထပ်မံဖုန်းကွယ်၍ မရတော့ကြောင်း သိလိုက်၍ အကောင်းဆုံး ဖြေရှင်းနည်းက တောင်းပန်လိုက်ကာ သူမမှားသွားကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ သူ့လက်ကို ကိုင်ကာ ရှင်းပြလိုက်သည်။


"ကျန်းရီ... ကျွန်မပြောတာနားထောင်.. ကျွန်မ... ကျွန်မ တမင်လုပ်တာမဟုတ်ပါဘူး... ကျွန်မ သတိမထားမိဘဲ နောင်နောင့်ကို ထိခိုက်မိသွားစေမိတာပါ... ကျွန်မက သူအဆင်ပြေတယ်ထင်ခဲ့တာ... ရှင့်ကို မပြောပြခဲ့တာကလည်း စိတ်မပူစေချင်လို့ပါ... ရှင်က ဒဏ်ရာရနေတာလေ ကုသတဲ့နေရာမှာပဲ အာရုံစိုက်ထားသင့်တာ... ရှင်ဆေးရုံက ဆင်းလာတာနဲ့ ရှင့်ကို ပြောပြဖို့ စီစဉ်ထားခဲ့တာပါ..."


ဝမ်ကျန်းရီ နှုတ်ခမ်းတင်းတင်းစေ့ထားကာ သူ၏ အမူအယာက မရှင်းပြနိုင်လောက်အောင် မဲမှောင်သွားသည်။


သူ၏ တုံ့ပြန်ချက်ကို မြင်သောအခါ လျှိုဇီရွှမ်ကြောက်ရွံ့သွားတော့သည်။ သူမ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာတော့သည်။


"ရှင် ကျွန်မကို ဘာလို့ မယုံတာလဲ.. ကျွန်မ နောင်နောင်ကို သဘောမကျဘူးဆိုရင်တောင်မှ ဒီလောက် လွန်လွန်ကြူးကြူးလုပ်ခဲ့ဖူးလို့လား... ကျွန်မသာ သူ့ကို ထိခိုက်စေချင်ရင် ဒီနေ့အထိတောင် စောင့်စရာမလိုဘူးလေ... တခြားသူတွေမယုံပေမဲ့ ရှင်ကတော့ ယုံတယ်မလားဟင်..."


ဝမ်ကျန်းရီ၏ နှုတ်ခမ်းများ တွန့်သွားကာ ချက်ချင်းမေးလိုက်သည်။


"အတိအကျပြော ဘာတွေဖြစ်သွားခဲ့တာလဲ..."


သူ ရှင်းပြခိုင်းကြောင်း ကြားလိုက်ရသောအခါ လျှိူဇီရွှမ် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် ထိုနေ့ကဖြစ်ပျက်ခဲ့သည်များကို စတင်ပြောပြလေတော့သည်။


"နောင်နောင်က ကျားအရုပ်လေးကိုယူလာတော့ ရော့ရော့က မြင်သွားတာနဲ့ သူလည်းဆော့ချင်သွားတယ်လေ... နောင်နောင်က သူ့ကိုမပေးတော့ ရော့ရော့က သူ့ဆီက လုရတာပေါ့... ကလေးနှစ်ယောက် ရန်ဖြစ်ကြရင်း နောင်နောင်က ရော့ရော့ကို တွန်းချလိုက်တယ်လေ... နောင်နောင်က အစ်မဖြစ်ပြီး သူ့ထက်ငယ်တဲ့ မောင်လေးကို တကယ်ရိုက်ရဲတော့ ကျွန်မလည်း စိတ်တိုသွားတာနဲ့ သူ့ကိုတစ်ချက်ရိုက်ပစ်လိုက်တာ... မမျှော်လင့်ထားဘဲ နောင်နောင်က ခြေချော်ပြီး နံရံနဲ့ ခေါင်းနဲ့စောင့်မိပြီး သတိလစ်သွားခဲ့တာ... ကျွန်မ မတင်လုပ်တာ မဟုတ်ရပါဘူး... အဲ့ဒီ့အချိန်တုန်းက နောင်နောင် ခဏပဲမေ့လဲသွားပြီး ပြန်နိုးလာမယ်ထင်နေခဲ့တာ... ဒီလောက်ကြီး ပြင်းထန်သွားမယ်လို့ မထင်မိခဲ့ဘူးလေ.. ကျွန်မက ထစ်ခနဲဆို ဒေါသထွက်တတ်မှန်း ရှင်လည်း သိရဲ့သားနဲ့...."


ထန်ထန် လျိုဇီရွှမ်၏ အလျှော့အပေါ့ အဖိအဖော့ကောင်းစွာ ရှင်းပြမှုကို နားထောင်လိုက်သည်။ 

သူမက ဒေါသထွက်ပြီး ကလေးကို တစ်ချက်ရိုက်မိသလိုလေး ပြောလိုက်တာပဲ... ဒါပေမဲ့ ရိုက်ချက်တစ်ချက်က ကလေးတစ်ယောက်ကို နားတစ်ဖက် ကန်းသွားစေခဲ့တာ မဟုတ်ဘူးလား...


ထန်ထန် ဒေါသမထိန်းနိုင်တော့ပဲ ဒေါသထွက်ထွက်နှင့် ပြောမိသွားသည်။


"ရှင်ဘာလို့ ဒီလောက် ပေါ့ပေါ့လေး ပြောသွားနိုင်ရတာလဲ... ရိုက်ချက်လေးတစ်ချက်က နောင်နောင်မျက်နှာကို ယောင်ရမ်းသွားစေနိုင်လား... ပြီးတော့ ရှင်ပြောတဲ့ တစ်ချက်ရိုက်ရုံဆိုတာကြောင့် နောင်နောင်ရဲ့ ဘယ်ဘက်နားက အကြားအာရုံဆုံးရှုံးသွားပြီး ညာဘက်နားကပါ အတော်လေးထိခိုက်သွားတယ် မဟုတ်ဘူးလား... အခုကစပြီး တစ်သက်လုံး နောင်နောင်က နားကြားကိရိယာတပ်ရတော့မယ်....  ဘယ်မိဘကများ သူတို့ကလေးကို မသန်မစွမ်းဖြစ်အောင် ရိုက်လို့လဲ... လေးနှစ်တောင် မပြည့်သေးတဲ့ ကလေးတစ်ယောက် မသန်မစွမ်းဖြစ်တာ ဘယ်လိုမျိုးလဲဆိုတာ ရှင်သိလား... ရှင့်ကလေးကိုဆိုရင်ရော အဲ့လို ရိုက်ရက်ပါ့မလား..."


"ရှင်..."


လျိုဇီရွှမ်တစ်ယောက် ထန်ထန် သူတပါးအရေးကိုလာရောက်စွက်ဖက်နေ၍ အတော်လေးစိတ်တိုသွားသော်လည်း သူမ ကလေးမလေးကို ပါးတစ်ချက်ရိုက်ဖူးသည်က ငြင်းတန်၍ ရမနေပေ။ ထိုအချိန်က သူမ ကလေးမလေးကို အကြိမ်ရေများစွာ ရိုက်နှက်ခဲ့သည်။ သူမ သတိပြုမိလိုက်သောအချိန်တွင် အလွန်အမင်းနောက်ကျ သွားခဲ့လေပြီဖြစ်သော်လည်း အမှန်တရားတစ်ခုလုံးကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။


ဝမ်ကျန်းရီ ထန်ထန်ပြောသည်ကို နားထောင်ပြီးနောက်တွင် သူ့မျက်နှာ အမူအယာ ပိုဆိုးသွားခဲ့သည်။ သူက မတုံးအပေ။ ဇီရွှမ်၏ ရှင်းပြချက်တွင် အဓိက အကြောင်းအရာများ ပျောက်ဆုံးနေကြောင်း သိပေသည်။


သူ နောင်နောင်ကို သိပ်သဘောမကျသော်လည်း သူမက သူ၏သွေးသားဖြစ်နေဆဲပင်။ သူ့နှလုံးသားထဲတွင် သူမကို ချစ်မြတ်နိုးနေသေးသည်။ ဇီရွှမ်က သူမ၏ တည်ရှိနေမှုအပေါ် သဘောမကျကြောင်းသိသော်လည်း ကလေးတစ်ယောက်ကို ဤသို့ ရိုက်နှက်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ ထို့အပြင် သူမက ကလေးတစ်ယောက်ကို မသန်မစွမ်းဖြစ်အောင် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ သူမ မရည်ရွယ်ခဲ့ဘူးဟု ဆိုသော်ငြားလည်း ထိုရိုက်ချက်တစ်ချက်က ရိုးရှင်းမည်မဟုတ်လောက်ချေ။


ကလေးက မသန်မစွမ်းဖြစ်သွားပြီ... သူမ ဘဝလေး ဘယ်လိုဖြစ်သွားတော့မှာလဲ....

(TN/ အချိန်လွန်မှ ဘယ်လိုဖြစ်သွားတော့မလဲတဲ့ ဖင်အရှည်ကြီးခံပြီးမှဆက်ပြေလေ သတော်စော်)


ဝမ်ကျန်းရီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ လှောင်ရယ်ခံရမည်နှင့် အပြင်လူများ သူတို့ပြဿနာကို ကြည့်နေမည်ကို မလိုလား၍ လက်သီးတင်းတင်းဆုပ်လိုက်ပြီး ထွက်သွားလိုက်သည်။


လျိုဇီရွှမ်က ထန်ထန်ကို ပြဿနာရှာရန် မလုပ်နိုင်တော့ပေ။ သူ့နောက်က အမြန်လိုက်ပြီး ပြန်ရှင်းပြရန် ပြင်နေလိုက်တော့သည်။


ထန်ထန် ထိုနှစ်ယောက်ကို မမြင်ရတော့သည်အထိ ကြည့်နေလိုက်သည်။ သူတို့ ဘယ်လိုဖြေရှင်းသည်ဖြစ်စေ ထန်ထန်က လျိုဇီရွှမ်ထိတ်ထိတ်ပြာပြာဖြစ်နေသည်ကိုမြင်၍ သဘောကျမိသွားသည်။ ထန်ထန် လျိုဇီရွှမ်ကို လုံးဝ ခွင့်မလွှတ်ပေ။


ထန်ထန် အိမ်သို့အပြေးပြန်လိုက်သောအခါ အိမ်သော့မရှိ အိမ်ရှေ့တွင်သာ သနားစဖွယ်ထိုင်နေရသော ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ နောင်နောင်က သူမကိုယ်သူမ သေးနိုင်သလောက်သေးအောင် ကျုံ့ထားပြီး ကျိရှောင်ကျိုးက သူမကို သိမ်းကျုံး၍ ဖက်ထားသည်။ သူမ မကြောက်တော့စေရန် သူမ၏ နောက်ကျောလေးကို ချော့မြူနေဟန် ပုတ်ပေးနေသည်။


ထိုမြင်ကွင်းလေးကို မြင်လိုက်ရ၍ ထန်ထန် နွေးထွေးသွားသလို ခံစားလိုက်ရသည်။


ဘယ်လိုပဲဖြစ်ဖြစ် နောင်နောင့်ကိုချစ်ပေးဖို့ သူတို့မိသားစု ရှိနေသေးတယ်မလား...


ထန်ထန် ကလေးနှစ်ယောက်လေးကိုဖက်လိုက်သည်။ ထို့နောက် နှစ်ယောက်စလုံးကို နမ်းလိုက်သည်။


"တော်လိုက်တဲ့ ပေါင်ပေါင်လေး... နေ့လည်စာကို ပင်လယ်စာဟင်းပွဲတွေစားကြမယ် အိုကေလား.. သားအကြိုက်ဆုံး ဂဏာန်းနဲ့ ပုစွန်ကျော့တွေပါ စားကြမယ်..."


ချက်ချင်းပင် ကျိရှောင်ကျိုးက နောင်နောင်ပါးလေးကို တို့လိုက်ပြီး ထိုစကားများကို သူမ၏ ညာဘက်နားသို့ ခပ်ကျယ်ကျယ် ပြောပြလိုက်သည်။


"နောင်နောင် ကြားလိုက်လား.... ငါတို့ ဂဏာန်းတွေနဲ့ ပုစွန်ကျော့တွေ စားရတော့မယ်..."


နီရဲနေသော မျက်လုံးလေးဖြင့် နောင်နောင်က သူမ၏လက်များကို ထန်ထန်လည်ပင်းတွင် ဖက်တွယ်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာကို ထန်ထန် လည်ပင်းသို့ မြှုပ်ထားကာ အဆက်မပြတ် ပွတ်သပ်နေသည်။


နောင်နောင် ထိုကဲ့သို့ပြုမူသည်မှာ ရှားပါးလှသည်။ ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် သူမအတော်လေး အသဲကွဲသွားပုံပင်။ ထန်ထန် သူမအတွက် နှလုံးပင် အောင့်မျက်သွားရသည်။ နောင်နောင်ကို အောက်မှပွေ့ချီကာ သူမကို အိမ်ထဲသို့ ချီခေါ်သွားလိုက်တော့သည်။ သူမ နောင်နောင်၏ ညာဘက်နားရွက်သို့ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။


"ငါတို့ရဲ့ မင်းသမီးလေး နောင်နောင်က အရမ်းချစ်ဖို့ကောင်းလို့ နေ့တိုင်းပျော်ပျော်နေသင့်တယ်... သမီးသာ မပျော်ရင် လှလဲမလှ ချစ်ဖို့လဲ မကောင်းပဲနေလိမ့်မယ်နော်... ဟုတ်ပြီလား..."


အချိန်အတော်ကြာမှ ကလေးမလေးက ခေါင်းအသာလေးငြိမ့်ပြလာသည်။


ထန်ထန် နောင်နောင်ကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။


"နောင်နောင် ကြည့်လိုက် ... အန်တီနဲ့ အန်ကယ်က သမီးကိုချစ်တယ်... ရှောင်ကျိုးကလည်း သမီးကိုချစ်သလို ဘိုးဘိုးကြီကလည်း ချစ်တယ်.... အချို့လူတွေ သမီးကိုမချစ်တာက ပြသနာမဟုတ်ပါဘူး... သမီးက အန်တီတို့ရှိတယ် ဟုတ်ပြီလား... ကလေးလေးတွေဆိုတာ အရမ်းကြီး လောဘမကြီးသင့်ဘူးနော်..."


နောင်နောင် ခဏမျှတောင့်ခဲသွားပြီး ခေါင်းငြိမ့်ပြလာသည်။ ဤတစ်ကြိမ်တွင် ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြခြင်းဖြစ်သည်။


ထန်ထန် ကလေးမလေးကို ဆိုဖာပေါ်တင်လိုက်သည်။ ထို့နောက် နောင်နောင်ဆောက်ဖို့ဟူ၍ ကျိယန်ဝယ်ပေးထားသော လေယာဉ်ပုံစံ မော်ဒယ်လေးကို သူမကို ပေးလိုက်သည်။


"ဒါကို ကြည့်လိုက်... အန်ကယ်က သမီးအတွက် ဒါလေးကိုဝယ်ပေးထားတာ.. ဒါပေမဲ့ သူ့မှာအချိန်မရှိတော့ သမီးကို ကိုယ်တိုင် မပေးနိုင်ခဲ့ဘူး... အန်တီက သမီးကို ပထမဆုံးယူလာပေးတာပဲ... မြန်မြန်လေးဆောက်လိုက် ဒါမှ အန်တီတို့ ဒါကိုယူသွားပြီး အန်ကယ့်ကို ပြလို့ရမှာ... သူက အန်တီတို့ရဲ့ နောင်နောင်လေးကို လုံးဝချီးကျူးမှာပဲ...."


ချက်ချင်းပင် နောင်နောင် မျက်လုံးများ တောက်ပလာသည်။ သူမ လက်ဆန့်ထုတ်လိုက်ပြီး လေယာဉ်မော်ဒယ်ကို ယူလိုက်ကာ အသေအချာကြည့်လိုက်သည်။ သူမ ရင်ထဲရှိ ဝမ်းနည်းမှုများပင် ပျောက်ကွယ်သွားရသည်။ ကလေးမလေး စတင်ဆောက်လုပ်ပြီဆိုသည်နှင့် နစ်မျောသွားကာ ဝမ်းနည်းစရာများ အားလုံးကို မေ့ပျောက်သွားတတ်သည်။


သုံးမိနစ်မျှ စူးစိုက်ကြည့်ပြီးနောက်တွင် သူမ ထိုအရာကို ကျိရှောင်ကျိုးထံ ကမ်းပေးလိုက်သည်။


"ကိုကိုရှောင်ကျိုး ... ညီမလေးကို ဒါလေးကူပြီး ဖျက်ပေးဦး..."


ကျိရှောင်ကျိုး လေယာဉ်ပျံလေးကိုလက်ခံ၍ သူ၏ အထူးစပရှယ် ပစ္စည်းများတစ်စစီ ဖြိုဖျက်ခြင်းစွမ်းရည်ကို သုံးက ဖျက်ပေးလိုက်တော့သည်။ ထို့နောက် ကလေးနှစ်ယောက်က လေယာဉ်အရုပ်လေးကို ထပ်ဆောက်ကြတော့သည်။


––––––––––


ထန်ထန် ကလေးများခေါ်၍ ကျိယန်၏ လူနာဆောင်ကို အစားအသောက်သွားပို့ပေးချိန်တွင် အဖိုးကျိက ကျိယန်ကုတင်ဘေးတွင် သတင်းစာထိုင်ဖတ်နေကာ ကျိယန်က ပန်းသွီးအခွံခွာနေသည်။ ထိုနှစ်ယောက်က အချင်းချင်းဆက်သွယ် ပြောဆိုနေမှုမရှိဘဲ သူစိမ်းများလို ပြုမူနေသည်။ သို့သော် ကျိယန်က ပန်းသီးအခွံနွှာပြီးသည်နှင့် သူ့ဘာသာမစားဘဲ အစိတ်သေးသေးလေးများစိတ်ကာ ပန်းကန်ပြားပေါ်တင်ပေးပြီး အဖိုးကျိက တစ်စိတ်ပြီးတစ်စိတ်ယူစားလေသည်။


တစ်ယောက်က အခွံနွှာပြီး နောက်တစ်ယောက်က စားနေသည်မှာ အတော်လေး လိုက်ဖက်ညီလှသည်။


ထန်ထန် ပြုံးလိုက်ကာ ကလေးနှစ်ယောက်နှင့်အတူ အထဲဝင်လာခဲ့သည်။ အဖိုးကျိက သူတို့ဝင်လာသည်ကို မြင်သောအခါ မကြည်မသာ ကြည့်လိုက်သော်လည်း ၎င်းက သူတို့ကို မကြောက်လန့်သွားစေပေ။ သူက စက္ကူကျားသာသာဖြစ်ကြောင်းသိ၍ ဆက်လက်ပြုံးနေကြဆဲဖြစ်သည်။


ထန်ထန် စားပွဲခုံပေါ် ပန်းကန်များ ချလိုက်သည်။ ကျိယန်က မကြာသေးခင်ကမှ ခွဲစိတ်ထားသဖြင့် ပင်လယ်စာများစွာ စား၍မရပေ။ ထို့ကြောင့် ထန်ထန်က သူ့အတွက် ငါးယူလာခဲ့သည်။


ထန်ထန် ငါးရိုးများကို ဖယ်ရှား၍ အရိုးလုံးဝမရှိတော့မှ ပန်းကန်လုံးထဲ ထည့်လိုက်သည်ဟ ပန်းကန်ပြည့်လုနီးမှ သူမ ကျိယန်ကို စတင်ကျွေးမွေးတော့သည်။


အဖိုးကျိက မည်သည့်ဒုက္ခမှ မခံစားဖူးသည့်အလား သူ့ကိုယ်သူ မစောင့်ရှောင့်နိုင်သူအသွင် ပြုမူနေသည့် သူ၏ မြေးကိုကြည့်လိုက်သည်။ သူ သည်းမခံနိုင်တော့ပေ။

သူ့မြေးက ခုဏလေးတင် ပန်းသီးနွှာနေတာလေ...အခုတော့ သူ့မိန်းမလာတာနဲ့ ဘာကိစ္စချက်ချင်းကြီး အားနည်းသွားရတာလဲ...


လုံးဝကောင်းနေတဲ့ ယောက်ျားကြီးတစ်ယောက်က သူ့မိန်းမ ခွံ့ကျွေးတာကို ဘာကိစ္စစားနေရသေးတာလဲ.. အဲ့ဒီ့အပြင် ဒီမှာ ကလေးတွေရှိနေတယ်လေ... မိဘတစ်ယောက်အနေနဲ့ သူတို့ရဲ့အပြုအမူတွေက ကလေးတွေကို လွှမ်းမိုးမှုရှိတယ်ဆိုတာ မသိတာလား.... ကလေးတွေ စောစောစီးစီး ချိန်းတွေ့ကုန်ကြရင် ဘယ့်နှယ့်လုပ်မတုန်း...


အနာဂတ်တွင် ဂျူနီယာအထက်တန်းကျောင်းသားဖြစ်သူ ကျိရှောင်ကျိုးက နောင်နောင့်လက်ကိုဆွဲ၍ အိမ်ပြန်လာလိမ့်မည်။ နောင်နောင်ကို သူ့ဇနီးအဖြစ် ကြေငြာလိုက်သည့်အချိန်တွင် အဘိုးကျိက ကျိယန်နှင့် ထန်ထန်တို့၏ ချစ်ပြနေသည့် အပြုအမူများက ကလေးများအပေါ် သက်ရောက်သွားစေခဲ့သည်ဟုဆိုကာ ကျိယန်ကို ခါးပတ်ဖြင့် လိုက်ရိုက်ပေလိမ့်မည် ဖြစ်သည်။


ဒါပေါ့... ဒါတွေအားလုံးက အနာဂတ်မှ ဖြစ်လာမှာတွေပါ....


လက်ရှိတွင်တော့ အဖိုးကျိက ဆက်ကြည့်မနေနိုင်တော့၍ သူ၏တူကို ဘန်းကနဲမြည်အောင် ဆောင့်ချလိုက်သည်။ သူ ကျိယန်ကို မာန်မဲလိုက်သည်။


"မင်းလက်တွေ ကျိုးနေလို့လား... ဒါမှမဟုတ် မင်းလက်တွေလှုပ်မရလို့ မင်းမိန်းမ  ခွံ့ကျွေးတာ ခံနေတာလား... ယောက်ျားတစ်ယောက် အနေနဲ့ ဒီလိုတွေလုပ်နေတာ မရှက်ဘူးလားကွ.. မင်းဘာသာမင်း မစားနိုင်တာလား..."


ထန်ထန်က အဖိုး ကျိ၏ အသံကျယ်ကြီးကြောင့် ထိတ်လန့်သွားခဲ့သည်။ ထန်ထန် သူမလက်ကိုရွေ့လိုက်ကာ ပန်းကန်ကို ခပ်မြန်မြန်အောက်ချလိုက်သည်။ မြေးအဘိုးနှစ်ယောက် ထံမံ၍ စကားများမည်ကို စိုးရိမ်သွားမိသည်။


"အဖိုး... ကျိယန်ကို မဆူနဲ့.. ကျွန်မ အမှားပါ... ကျွန်မ ကျိယန်ကို ခွံ့ကျွေးဖို့ ခေါင်းမာမနေသင့်ဘူး..."


ကျိယန် အဆူခံလိုက်ရ၍ ပျော်ရွှင်မနေပေ။ သို့သော် သူ့မျက်လုံးများကိုသေချာကြည့်ပါက အထဲတွင် သိုဝှက်နေသော အပျော်များကို တွေ့ရပေလိမ့်မည်။ နှစ်အတော်ကြာပြီးမှ သူ့အဖိုးထံက အဆူခံရ၍ ကျိယန်ပျော်နေသည်။ ၎င်းက အဖိုးကျိသူ့ကိုစတင်ခွင့်လွှတ်နေပြီဖြစ်ကြောင်း သိသာစေသည်။ သူသာ ခွင့်မလွှတ်ချင်ပါက အဖိုးကျိက သူ့ကိုယ်သူတွန်းအားပေး၍ မဆူမိအောင် ပါးစပ်ပိတ်ထားမည်ဖြစ်သည်။


ကျိယန်က သူ့အမှားသူ လျှင်မြန်စွာ ဝန်ခံခဲ့သဖြင့် ပုံမှန်ဆိုလျှင် အချိန်အကြာကြီး ဆူပူတတ်သော အဖိုးကျိက ဘာမှ ပြန်မပြောနိုင်တော့ချေ။ တစ်ချက်သာကြည့်လိုက်ပြီး ခေါင်းငုံ့၍ ထမင်းပြန်စားနေသည်။


ကျိယန်က ထန်ထန်လက်ကို စားပွဲအောက်မှ လျှို့ဝှက်စွာ ကိုင်လိုက်ပြီး ပြောလိုက်သည်။


"ကိုယ့်ဘာသာကိုယ် စားနိုင်ပါတယ်... မင်းလည်းစားလေ... အစားအသောက်တွေ အေးသွားရင် မကောင်းဘူးနော်..."


ထန်ထန်က သူစားနေသည်ကိုပင် စိုးရိမ်ကြောင့်ကျကာ ကြည့်နေသေးသည်။ သူ ပန်းကန်ကိုင်နိုင်ပြီး တူပါကိုင်နိုင်သည်ကို မြင်သောအခါမှ ထန်ထန် စိတ်လျှော့နိုင်သွားကာ စ စားလိုက်တော့သည်။ ထန်ထန် အဖိုးကျိရှိချိန်ဆို ကျိယန်ကို ခွံ့မကျွေးရဲတော့ချေ။


အဖိုး ကျိကအလွန် စည်းကမ်းကြီးသည်။ နောက်ဆုံးတွင် ထန်ထန်တစ်ယောက် ကျိယန်အမြဲတမ်းကြီးတည်တင်းနေပြီး ပြုံးလေ့မရှိတာ ဘာကြောင့်လဲ သိသွားခဲ့သည်။ သူ့အဘိုး သင်ပေးလိုက်ခြင်း ဖြစ်ရပေမည်။


ကံကောင်းစွာဖြင့် ကျိရှောင်ကျိုး၏ စိတ်သဘောထားက သူ့အဖေနှင့် အဖိုးတို့နှင့် မတူညီပေ။ ထိုသို့ မဟုတ်ပါက သူတို့မိသားစုတွင် စကားသိပ်မပြောသော အမျိုးသားသုံးယောက်နှင့် စကားပြောရတာ မကြိုက်သော ကလေးမလေးတစ်ယောက် ရှိနေပေလိမ့်မည်။ စဉ်းစားကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှသည်။


ဘေးဘက်ကုတင်မှ တိတ်ဆိတ်စွာ ကြည့်နေသော စွန်းရီ၏ ရင်ထဲတွင် ပျော်လွန်း၍ ထကချင်နေပြီဖြစ်သည်။ သူ့စိတ်ထဲတွင် အဖိုးကျိကို လက်မအကြီးကြီးပေးလိုက်သည်။


ကျိယန် အဆူကိုခံသင့်တာ... သူ့လက်တွေခြေထောက်တွေက ကျိုးနေတာမှမဟုတ်တာကို သူ့မိန်းမကို ခွံ့ကျွေးခိုင်းနေသေးတယ်... ဒါက အရမ်းကို အကျိုးအကြောင်း မညီညွတ်တာပဲလေ.. ကျိယန် သူ့ကိုခွေးစာ ဆက်ကျွေးရဲမလား ကြည့်ကြတာပေါ့... ဟား ဟား ဟား..


စွန်းရီ ဒီနေ့ နေ့လည်စာကို ထမင်းနောက်တစ်ပန်းကန် စားနိုင်မည်ဟု ခံစားနေရသည်။


ထမင်း စားတုန်း ထန်ထန် ဝမ်ကျန်းရီနှင့် လျိုဇီရွှမ်တို့နှင့် ဆုံခဲ့ကြောင်း ပြောလိုက်သည်။ သူမ နှာခေါင်းပင် ရှုံ့ကာ ပြောမိသည်။


"ကြည့်ရတာ ဝမ်ကျန်းရီက ပြဿနာကို မရင်ဆိုင်ရဲပုံပဲ... လျိုဇီရွှမ်က သူ့ကို အစကဖုန်းကွယ်ထားခဲ့တာ... အခုတော့ အကုန်လုံးပြောပြလိုက်ပြီ... ကျွန်မ လျိုဇီရွှမ်ကို လွယ်လွယ် လွတ်မသွားစေချင်ဘူးရယ်...."


ထန်ထန်တွင် ဖျက်လိုဖျက်ဆီး မုန်းတီးနာကြည်းသော အတွေးများရှိသည်မှာ ထူးခြားလှသည်။ သို့သော် ကျိယန် မျက်လုံးထဲတွင် သူမပ အလွန်ချစ်စရာ ကောင်းနေသည်။


ထန်ထန် နောင်နောင်၏ နားရွက်ကို ပွတ်သပ်ပေးလိုက်ပြီး ကလေးမလေး မကြားနိုင်သော အသံနှုန်းဖြင့်ပြောလိုက်သည်။


"ဘယ်သူသိမှာလည်း နောင်နောင်အဖေက နောင်နောင်ကို ပိုပြီးကောင်းကောင်းဆက်ဆံရင် ဆက်ဆံမှာပေါ့..."


ကျိယန် မျက်နှာတင်းသွားကာ ခပ်မြန်မြန် ပြောလိုက်သည်။


"သူ့ဘာသာ ပိုပြီးကောင်းကောင်း ဆက်ဆံသည်ဖြစ်စေ မဆက်ဆံသည်ဖြစ်စေ... ကိုယ် လျှိုမိသားစုကို ပြန်ပေးဆပ်ရအောင်လုပ်မှာ....နောင်နောင်က ဒီအတိုင်း မခံစားသင့်ဘူး... ကိုယ် ဒီပြဿနာဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ခိုင်းပြီးသွားပြီ..လျှိုမိသားစုကို လွယ်လွယ် လွှတ်မပေးနိုင်ဘူး... အနည်းဆုံးတော့ နောင်နောင်အတွက် သင့်တော်တဲ့ လျှော်ကြေး ရအောင်လုပ်ရမယ်..."


သူက လူတစ်ယောက်ကို ဤကိစ္စဖြေရှင်းခိုင်းပြီးသားဟု ထန်ထန်မထင်ခဲ့ပေ။ ဤကိစ္စကို သူ့ရင်ထဲတွင် မှတ်ထားကြောင်း သိလိုက်ရပေသည်။


ထိုသည်ကို ကျိရှောင်ကျိုးကြားသောအခါ သူ့မျက်လုံးများတောက်ပလာပြီး လျှင်မြန်စွာပြောလာသည်။


"ဒယ်ဒီ လျှော်ကြေးက ပိုက်ဆံမတောင်းဘဲနေရင်ရလား... နောင်နောင် ဒယ်ဒီကိုပြောပြီး နောင်နောင်ကို သားတို့ဆီပေးခိုင်းရင်ရော... သူတို့နောင်နောင်ကို ကောင်းကောင်း မဆက်ဆံမှတော့ သားတို့က ကောင်းကောင်းဆက်ဆံပြလိုက်မယ်..."


ကျိယန် ကျိရှောင်ကျိုး၏ ခေါင်းလေးကို အသာအယာပွတ်လိုက်ပြီး တောင်းပန်သလိုပြောလိုက်သည်။


"အဲ့တာက ဒယ်ဒီတတ်နိုင်တာမျိုး မဟုတ်ဘူးလေ..."


ကျိရှောင်ကျိုး စိတ်အလိုမကျဖြစ်သွားသော်လည်း ခဏအကြာတွင် ယုံကြည်မှုပြန်ရှိလာသည်။


"ကိစ္စမရှိဘူး.. သား နည်းလမ်းစဉ်းစားလိုက်မယ်... တစ်နေ့ကြရင် နောင်နောင်က သားတို့ မိသားစုဝင်ဖြစ်လာစေရမယ်..."


အသေးလေးက နောင်နောင်ကို သူတို့မိသားစုဝင်ဖြစ်စေချင်သော်လည်း ထိုဆုတောင်းက ပြည့်ရန်အတော်လေးခက်ပေသည်။ သို့သော် ကျိယန်နှင့် ထန်ထန်တို့က သူ၏ဆုတောင်ကို မဖြည့်ပေးနိုင်ပေ။ သူတို့ သူ့ကို ဤကိစ္စအား ထပ်ထပ်ခါ တွေးခေါ်ခိုင်းလိုက်သည်။


အဖိုးကျိက သူတို့ပြောသည်ကို နားထောင်နေရင်း တစ်စုံတစ်ခုကို သတိထားမိသွားသည်။


"ကလေးမလေးရဲ့ နားက မွေးကတည်းက ဒီလိုဖြစ်နေတာမဟုတ်ဘူးလား..."


သူ ကလေးမလေး၏ နားများက မကောင်းကြောင်းသိသော်လည်း မွေးရာပါဖြစ်သည်ဟု ထင်သဖြင့် ဘာမှ မမေးလိုက်ခြင်းဖြစ်သည်။ ထိုသည်က ကိစ္စတစ်ခုဖြစ်သည်ဟု မထင်ထားခဲ့ချေ။

သူမရဲ့ ဝေဒနာက လူကြောင့်ဖြစ်တယ်ဆိုတော့.. ဘယ်သူကများ ကလေးမလေးတစ်ယောက်ကို တကယ် ရိုက်ရက်လို့လဲ...


သူ့ဘိုးဘိုး မေးသည်နှင့် ကျိရှောင်ကျိုးက မည်သူမှ မဖြေရသေးမီ ချက်ချင်းထဖြေလိုက်သည်။


"ဘိုးဘိုးကြီးမသိဘူးလား နောင်နောင့် မိထွေးက အရမ်းကိုဆိုးတာ... သူကနေ့တိုင်း နောင်နောင်ကို မနက်စာမကျွေးဘဲ အဆာခံခိုင်းတာ... ပြီးတော့ အဝတ်အစားကောင်းကောင်း မဝယ်ပေးသလို အရုပ်လဲ မဝယ်ပေးဘူး... သူက နောင်နောင့်ကို ရိုက်လိုက်သေးတာ... ဦးဦးဆရာဝန်ကပြောတယ် နောင်နောင်က ထပ်ပြီးမကြားရတော့ဘူးတဲ့... သူ့ရဲ့ ညာဘက်နားကပဲ နည်းနည်းလေး ကြားရတော့တာတဲ့... နောင်နောင်မိထွေးက အရမ်းကြီး အရမ်းကြီးကို ဆိုးတာပါ...."


အဘိုးကျိမျက်မှောင်ကြုတ်လိုက်သည်။ နောင်နောင်က အလွန်လိမ္မာပြီး ချစ်စဖွယ်ကောင်းသည်ကို မြင်ပြီးနောက်တွင် သူ ထပ်မစားနိုင်တော့ပေ။ သူ ပန်းကန်နှင့်တူကို ချကာမေးလိုက်သည်။


"ထန်ထန် အဲ့တာ အမှန်ပဲလား... ကလေးမလေးရဲ့ နားက တစ်ယောက်ယောက်ဆီက အရိုက်ခံရလို့ မကြားရတော့တာလား..."