အပိုင်း (၆၉)
Viewers 12k

Part 69


အဖိုးကျိက နောင်နောင့်အကြောင်း သိချင်နေ၍ ထန်ထန်လည်း ပန်းကန်နှင့် တူကိုချကာ အတိအကျပြောပြလိုက်သည်။


ချက်ချင်းပင် အဖိုးကျိမျက်နှာ   မဲမှောင်သွားကာ ဒေါသတကြီး အော်ဟစ်လာသည်။


"မဆီလျော်လိုက်တာ... ကလေးတစ်ယောက်ကို အဲ့လောက်အားကြီးနဲ့ ရိုက်ရက်ရလား... တမင်လုပ်တာ မဟုတ်ဘူးဆိုရင်တောင်မှ သူတို့ အပြစ်ပေးခံကို ခံသင့်တယ်... သူတို့ရဲ့ ကလေးကို အခြားလူဆီ စောင့်ရှောင့်ဖို့ပေးထားပြီး လုံးဝပြန်လာမကြည့်ကြဘူးလား... ကလေးကိုလာမကြည့်ဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး... ဒါပေမဲ့ဒီကိစ္စတွေကို ကလေးရဲ့အဖေအရင်းဆီကနေတောင် ဖုံးကွယ်လိုက်သေးတယ်... မကောင်းဆိုးဝါးကောင်တွေ..."


ဤကိစ္စက မတော်လို့ဖြစ်သွားတာဟူ၍ ရိုးရိုးလေး ဖြေရှင်းလိုက်၍ မရပေ။ ကျိရှောင်ကျိုးသာ မရင်းနှီးသော လူများခေါ်သွားခံရပါက ထန်ထန်နှင့် ကျိယန်တို့ တစ်နာရီတောင်မပြည့်သော်လည်း စိတ်ပူမည်ဖြစ်ပြီး ရက်အနည်းငယ်ဆိုပါက ပြောဖွယ်ရာပင်မရှိချေ။ တစ်ဖက်လူက သူတို့ကလေးကို လုံးဝဂရုမစိုက်ကြောင်း လူတိုင်း သိနိုင်သည်။


အဘိုးကျိက နောင်နောင်ကို သိသည်မှာ နှစ်ရက်ပင် မပြည့်သေးသော်လည်း သူ ကလေးမလေးကို အလွန်ကြိုက်ပေသည်။ သူမက အပြုအမူကလည်းကောင်းပြီး ချစ်စရာလည်းကောင်းသေးသည်။ သူမက လူတိုင်းထံမှ ချစ်မြတ်နိုးမှုကို ခံယူလေသည်။ အကယ်၍ သူသာ သူမ၏ ဘိုးဘိုးကြီးဖြစ်ပါက သူမကို အဖိုးတန်လေးလိုဆက်ဆံပေးမည်ဖြစ်သည်။ သူမကို ဘယ်သူကမှ ရိုက်ရဲမည်မဟုတ်ပေ။ ထို့ကြောင့်ကလေးမလေး အလွန်အမင်း နာကျင်ခံစားရသည်ဟု ကြားသောအခါ သူဒေါသထွက်သွားခြင်းဖြစ်သည်။


အမှန်အတိုင်းပြောရလျှင် သူတို့ သူမကိုလာရှာပုံ မပေါ်သော်လည်း ထန်ထန် ကျိယန်တို့ကို ထိုအကြောင်းပြောရန် တုံ့ဆိုင်းနေသည်။ မကြာခင်က အမေလျှို့နှင့် သူ့သမီး ဆေးရုံကိုလာခဲ့သည့်အကြောင်း ပြောပြလျှင်ကောင်းမလား တွေဝေနေခဲ့သည်။ မတိုင်မီက သူမ ကျိယန်ထံမှ ထိုကိစ္စကို လျှို့ဝှက်ထားခဲ့သည်မှာ ကျိယန်က သူ့ကိုယ်သူတွန်းအားပေးမိပြီး သူ၏ ပြန်လည်ကုသမှုကို နှောင့်နှေးသွားစေမိမှာစိုး၍ဖြစ်သည်။ သို့သော် ထန်ထန်က သူမသာ မပြောမိပါက လျှိုမိသားစုက အရိပ်အောက်မှလှုပ်ရှားလိုက်ပြီး ကျိယန်သတိမရှိချိန်တွင် ထိုထောင်ချောက်ထဲ ကျသွားမည်စိုး၍ဖြစ်သည်။


ခဏတာမျှ တုန့်ဆိုင်းပြီးနောက်တွင် အမေလျှို့က ကျိယန်၏ အလုပ်အကိုင်နှင့် ခြိမ်းခြောက်ခဲ့ကြောင်း ပြောပြလိုက်သည်။ ထိုခြိမ်းခြောက်မှုက အမှန်ဖြစ်သည်ဖြစ်စေ အမှန်မဟုတ်သည်ဖြစ်စေ ကျိယန်ကို သတိထားရန် ပြောပြလိုက်သည်က ပိုကောင်းပေသည်။


သူမပြောပြပြီးသည်နှင့် ကျိယန်က အများကြီးမတုံ့ပြန်လာဘဲနေမည်ဟု မထင်ထားမိခဲ့ပေ။ ယင်းအစား အဘိုးကျိက ရှူးရှူးရှားရှားဒေါသထွက်သွားခဲ့သည်။


အဘိုးကျိက ဒေါသထွက်လွန်း၍ စားပွဲခုံကို ပြင်းပြင်းထန်ထန်ရိုက်လိုက်သည်မှာ ခုံပေါ်ရှိ အစားအသောက်များ ဇောက်ထိုးပြောင်းပြန် ဖြစ်လုနီးပါးဖြစ်သွားသည်။ လူတိုင်း ထိတ်လန့်သွားကြသည်။


"သူတို့လုပ်ရဲလား....."


အဘိုးကျိတွင် မုတ်ဆိတ်များရှိပါက ဒေါသထွက်လွန်း၍ အပေါ်သို့ထောင်နေမည်ဖြစ်သည်။


"သူတို့ကိုယ်သူတို့ စစ်တပ်ရဲ့ စည်းမျဉ်းတွေကို ဆုံးဖြတ်ပေးလို့ရတယ်များ ထင်နေကြတာလား.... လျှိုမိသားစုက သူတို့ကိုသူတို့ဘာထင်နေကြတာလဲ... အတော်လေး သတ္တိရှိနေကြပုံပဲ..'


သူ့တစ်ဘဝလုံး စစ်သားဖြစ်ခဲ့ပြီး သူ့ကိုယ်သူတိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပေးခဲ့သည်။ သူ ထိုကိစ္စနှင့်ပတ်သတ်၍ ဘယ်သောအခါကမှ အာဏာမသုံးခဲ့သော်လည်း လျှိုမိသားစုက လုပ်ရဲခဲ့သည်။


အကြီးအကဲက သူဖြတ်သန်းခဲ့ရသည့် အချိန်များနှင့် ခြားနားစွာ စစ်တပ်၏ လက်ရှိ ကိစ္စများက ကွာခြားနေကြောင်း မသိပုံပေါ်နေသည်။


ထန်ထန် အဖိုးကျိဒေါသအရမ်းထွက်နေသည်ကို မြင်သောအခါ ဒေါသထွက်လွန်း၍ တစ်ခုခုဖြစ်သွားမည်စိုးရိမ်ပြီး သူ့ကျောကို ပုတ်ပေးလိုက်သည်။


"ဒေါသမထွက်ပါနဲ့တော့ အဖိုးရယ်... ကျွန်မတို့ သူတို့ကိုမကြောက်ပါဘူး... ကျွန်မယောက်ျားက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်မှုတွေ ရထားတာပါ... သူတို့ဆီက စကားနည်းနည်းလောက်နဲ့ မထိခိုက်သွားပါဘူး..."


အဖိုးကျိ ဒေါသလျော့သွားသည်။ သူ ဘာမှဆက်မပြောတော့ဘဲ ဖုန်းသာကောက်ကိုင်၍ တစ်ယောက်ယောက်ကို ချက်ချင်းခေါ်လိုက်သည်။ သူ ဘယ့်သူ့ကို ခေါ်နေလဲ မသိပေ။ အဘိုးကျိ အခြားတစ်ဘက်ကို နောက်ဆုံးပြောလိုက်သည့် စာကြောင်းကိုသာ ကြားလိုက်ရသည်။ ထို့နောက်သူ လေးလေးနက်နက်အသံဖြင့် ပြောလာသည်။


"သတင်းအချက်အလက် ပေါက်ကြားတာက အတော်လေးမြန်တာပဲ... လက်ဆော့ ပါးစပ်ဆော့ရဲတဲ့လူတွေမှာ တကယ်လုပ်နိုင်စွမ်းရှိလား ကြည့်ကြတာပေါ့..."


ထန်ထန်နှင့် ကျိယန်တို့ စကားမပြန်ပြောလိုက်ပေ။ ထန်ထန်က အဘိုးကျိ၏ စကားများကို နားမလည်၍ဖြစ်ပြီး ကျိယန်က နားလည်နေ၍ဖြစ်သည်။


အဘိုးကျိ နှာမှုတ်လိုက်သည်။ ထို့နောက် သူ့ပန်းကန်နှင့်တူကို ပြန်မယူကာ စတင်စားသောက်လိုက်တော့သည်။ သို့သော် သူ ထပ်မစားခင် စကားထပ်ပြောလိုက်သည်။


"ငါဘာမှလုပ်မှာမဟုတ်ပါဘူး... ငါစောင့်ကြည့်နေရုံပဲလုပ်မှာ... ဘယ်သူများ တစ်ခုခုလုပ်ရဲလည်း ကြည့်ကြတာပေါ့..."


အကြောင်းပြချက်အချို့ကြောင့် ထန်ထန် အဖိုးကျိကို လွှမ်းမိုးနိုင်စွမ်းရှိသူဟုခံစားလိုက်ရပြီး သူ့ကို ထိပါးသည့်မည်သူ့ကိုမဆို အဆုံးသတ်မလှအောင် ပြုလုပ်ပစ်မည်ဟု ခံစားမိလိုက်ရသည်။

ဒါ ကောင်မလေးငယ်ငယ်လေးတွေပြောနေကြ လွှမ်းမိုးခြယ်လှယ်တဲ့ CEOဆိုတာမျိုးလား...


အဘိုးကျိက ဘာမှမပြောလိုက်၍ ထန်ထန်သူ၏ ရာထူးအခြေအနေအကြောင်း မသိသော်လည်း သူမ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ ကျိယန်ကို တစ်ခုခုလုပ်ရဲသည့် မည်သူမဆို ကံကောင်းမည်မဟုတ်ဟု ခံစားလိုက်ရသည်။


————————————


စားသောက်ပြီးနောက်တွင် ထန်ထန်က နောင်နောင့်အတွက် နားကြားကိရိယာအကြောင်း ကျိယန်ကိုပြောလိုက်သည်။ အဆုံးတွင် ကလေးများက မကြားနိုင်ပါက စိုးရိမိပူပန်ကြလိမ့်မည်ဖြစ်သော်လည်း ကံကောင်းစွာဖြင့် နောင်နောင်က တည်ငြိမ်ကာ စိတ်ရှည်တတ်သော ကလေးတစ်ယောက်ဖြစ်နေသည်။ ကျိရှောင်ကျိုးဆိုပါက ပေါက်ကွဲအောင် အော်ဟစ်ငိုယိုပေလိမ့်မည်။


သို့သော် ကလေးကို ဒီအတိုင်းထားခြင်းက မကောင်းပေ။ မည်သူစကားပြောပြော ကလေး၏ ညာဘက်နားကို ကပ်၍ ပြောနေရခြင်းက အတော်လေး အဆင်မပြေချေ ၎င်းက ကလေးကို သူမက နားမကြားရတော့ကြောင်း ထပ်ကာထပ်ကာ သတိပေးနေသည့်ပုံနှင့် တူနေပေတော့သည်။


ကျိယန် ခေါင်းငြိမ့်ပြလိုက်ကာ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်သည်။


"သူမနဲ့ ကွက်တိကျတာမျိုး တစ်ခုရမှအဆင်ပြေမယ်... အစကတော့ ကိုယ် ဆေးရုံကဆင်းရင် သူမကို ကိုယ်တိုင်လ်ုက်ပို့ပေးမလို့ပဲ... အခုတော့ တစ်ယောက်ယောက်ကို အမြန်ဆုံးစီစဉ်မှ ရတော့မယ်... ကိုယ့်သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပေးထားတယ်.. မင်းသွားရင် သူ့ဆီသာသွားလိုက် အရာအားလုံး သူစီစဉ်ပေးလိမ့်မယ်... အကောင်းဆုံး နားကြားကိရိယာကိုဝယ်... ကပ်စေးမနဲပါနဲ့..."


"သိပါတယ်... ကျွန်မလည်း အကောင်းဆုံးရွေးပေးမှာပါ..."


ကလေး၏ ကျန်းမာရေးအတွက် ဖြစ်ရာ ပိုက်ဆံစုရန် ဈေးနည်းသည်ကို ရွေးမည်မဟုတ်ပေ။


ထန်ထန် နောင်နောင်နှင့် ကျိရှောင်ကျိုးကို နား၊ နှာခေါင်း၊ လည်ချောင်း ဌာနသို့ခေါ်သွားကာ ကွက်တိကျမည့် နားကြားကိရိယာကို သွားယူလေသည်။ သူတို့ထွက်သွားသည်နှင့် လူနာဆောင်တံခါးကို တစ်ယောက်ယောက်က လာခေါက်တော့သည်။


မည်သူမှန်းတွေ့လိုက်သောအခါ ကျိယန်က လုံးဝမအံ့ဩပေ။ သူ ခပ်ဆဆခေါင်းငြိမ့်ပြလိုက်သည်။ သူ ထိုလူလာမည်မှန်း ခန့်မှန်းပြီးဖြစ်သည်။


ကျန်းရီ လူနာဆောင်ကို ပတ်ကြည့်လိုက်သောအခါ နောက်နောင်ကိုမတွေ့၍ ကျိယန်ကို အပြစ်ရှိသော လေသံလေးဖြင့် ပြောလိုက်သည်။


"ကျိယန် ငါ့မိသားစုရဲ့ နောင်နောင်ဒီမှာမရှိဘူးလား...."


ကျိယန် လေသံတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။


"ငါ့မိန်းမက သူမအတွက် နားကြားကိရိယာ သွားယူပေးနေတယ်... ကလေးတစ်ယောက်က အမြဲတမ်း ဘာမှမကြားရရင် အဆင်မပြေဘူးလေ..." 


ထိုသည်ကို ကြားပြီးနောက်တွင် ဝမ်ကျန်းရီ မျက်နှာပေါ်ရှိ အပြစ်ရှိသော အမူအယာက ပိုမိုများပြားလာသည်။ အချိန်အတော်ကြာမှ သူဆက်ပြောလာသည်။


"ကျိယန် မင်းမှာ စကားပြောဖို့ အချိန်ရှိလား..."


ကျိယန် သူ့ကို ခဏမျှ စိုက်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။


"ရှိတယ်..."


ထိုသည်ကို မြင်သောအခါ စွန်းရီက လက်ဦးမှုယူကာ ဝှီးချဲပေါ်ထိုင်ပြီး သူ့ကိုယ်သူ တွန်းသွားတော့သည်။


"ဒီနေ့ အပြင်မှာနေသာတယ်... ငါ ပန်းခြံထဲသွားပြီး နေရောင်ခံလိုက်ဦးမယ်..."


အဖိုးကျိက သူ၏စာကြည့်မျက်မှန်ကို ချွတ်လိုက်ပြီး သတင်းစာကိုခေါပ်၍ စွန်းရီနောက်မှ လိုက်သွားလိုက်သည်။ ၎င်းက သူတို့ကို ကိုယ်ရေးကိုယ်တာ အချို့ဆွေးနွေးရန် ရှောင်ပေးခြင်းဖြစ်ပေသည်။


လူတိုင်း ထွက်သွားသည်ကို မြင်သောအခါ ဝမ်ကျန်းရီက ပထမဆုံးပြောလာသည်။


"ဒီကိစ္စမှာ ငါ့မိန်းမ မှားပါတယ်... ငါသူ့ကို နောင်နောင့်ကို ချက်ချင်းတောင်းပန်ခိုင်းလိုက်ပါ့မယ်... ဒီတစ်ကြိမ်က ငါနောင်နောင်ကိုလာခေါ်ပြီး စောင့်ရှောက်ပေးမလို့ပါ... ငါ သူ့နားကိုလည်းစစ်ဆေးမှာပါ... ဘာတွေပဲဖြစ်ဖြစ် သူ့နားကို ကုပေးမှာ... ငါတို့ အခုလောလောဆယ် မင်းတို့ကို အတော်လေး အနှောင့်အယှက်ပေးခဲ့မိပါတယ်... မင်းတို့ သုံးပေးခဲ့တဲ့ ပိုက်ဆံတွေ ပြန်ဆပ်ပါ့မယ်... ကျေးဇူးတင်ပါတယ်..."


ကျိယန်က အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်သော်လည်း ရယ်တော့ မရယ်လိုက်ပေ။


"ဒါမင်းရဲ့ ဖြေရှင်းနည်းပေါ့... မင်းရဲ့သမီး မသန်မစွမ်းဖြစ်သွားတာ တောင်းပန်လိုက်တာနဲ့ ဖြေရှင်းပြီးသွားရောလား... ဒါက မင်းကိစ္စတွေကို ဖြေရှင်းနည်းတဲ့လား တပ်ချုပ်ဝမ်... ငါဒီနေ့အတော်လေး အတွေ့အကြုံရလိုက်တာပဲ.."


"မင်း ဘာကိုဆိုလိုတာလဲ..."


ဝမ်ကျန်းရီ ဒေါသထွက်လာသည်။ ကျိယန်က သူမဟုတ်ပေ။ သူ၏ ခက်ခဲမှုကို နားမလည်ပဲ သူ၏နည်းလမ်းကို အပြစ်ရှာနေသည်။

သူ့ကိုယ်သူလည်း လုံးဝအပြစ်ကင်းတယ်များထင်နေလား...


"ကျိယန် ဒါငါ့မိသားစုရဲ့ပြဿနာပါ... မင်းမိသားစုက ငါ့သမီးကို ခွင့်ပြုချက်မရပဲ ခေါ်သွားတာကို ငါကဘာမှမပြောရသေးဘူး... သူက ငါ့သမီးလေ မင်းမှာ ငါ့ကို ဝေဖန်ရအောင် ဘယ်လောက်များ အရည်အချင်းရှိနေလို့လဲ..."


ကျိယန် ဝမ်ကျန်းရီ၏ စကားများကြောင့် ဒေါသမထွက်ပေ။ သူ ခေါင်းသာ ငြိမ့်ပြလိုက်သည်။


"မှန်တာပေါ့.... သူက မင်းရဲ့သမီးလေ... အပြင်လူဖြစ်တဲ့ငါ့မှာ ဝေဖန်ဖို့ အရည်အချင်းမရှိပါဘူး... ငါအခုပြောနေတာက ယောက်ျားတစ်ယောက် အဖေတစ်ယောက်နေရာကနေပြောနေတာ... အမှန်အတိုင်းပြောရရင် ငါမင်းရဲ့ လုပ်ရပ်တွေကို အတော်လေး အထင်သေးမိတယ်..."


ဝမ်ကျန်းရီ ဒေါသမီးတို့ တောက်လောင်လာတော့သည်။ သူ နှုတ်ခမ်းကို ဖြူရော်သွားသည်အထိ တင်းတင်းစေ့လိုက်သော်လည်း သူ့ကိုယ်သူထိန်း၍ သာပြောလိုက်သည်။


"မင်း ငါ့နေရာကို နားမလည်ပါဘူး... ငါဘယ်လိုခံစားရလဲ မင်းနားမလည်ပါဘူး... ငါ့နေရာမှာ မင်းသာဆိုရင် မင်းဘာလုပ်မှာလဲ... "


တစ်ဖက်က သူ့သမီးဖြစ်ပြီး တစ်ဖက်က သူ့မိန်းမဖြစ်သည်။ နှစ်ယောက်စလုံးက သူ၏မိသားစုဖြစ်သည်။ သူတစ်ယောက်ကို တောင်းပန်ဖို့ တစ်ယောက်ကို သတ်၍မရပေ။


"ငါမင်းခံစားနေရတာတွေကို တကယ်နားမလည်ပါဘူး... ဘာလို့လဲဆိုတော့ ငါက ငါ့သမီးကို အဲ့လို ပတ်ဝန်းကျင်မျိုးမှာ လုံးဝမကြီးပြင်းစေရဘူးလေ... ငါထင်တာတော့ မင်းမိန်းမက နောင်နောင့်ကို အကောင်းမမြင်မှန်း သတိထားမိပုံပါပဲ... အဲ့ဒီ့အပြင် နောင်နောင် ကောင်းကောင်း မနေရဘူးဆိုတာကိုလည်း သတိထားမိနေတယ်... ဒါပေမဲ့ မင်းဂရုစိုက်ခဲ့လား... မင်းသူ့ကို အသက်တစ်ချောင်းပေးခဲ့မှတော့ သူ့ကိုကာကွယ်ပေးသင့်တာပေါ့... ဒါက အဖေတစ်ယောက် ရှောင်လွှဲလို့မရတဲ့ တာဝန်ယူမှုပဲ..."


ဝမ်ကျန်းရီ သွေးကြောများ ထောင်ထလာအောင် လက်သီးတင်းတင်းဆုပ်လိုက်သည်။ သို့သော် လျှိုဇီရွှမ်က နောင်နောင်ကို အမှန်တကယ် ဂရုမစိုက်မှန်း သိသူနေ၍ သူဘာမှမပြောနိုင်ပေ။သို့သော် သူမ စည်းကျော်မသွားသ၍ မမြင်ချင်ယောင်သာ ဆောင်နေခဲ့သည်။ သူမ စည်းကျော်ခဲ့မည်ဟု တစ်မှမတွေးခဲ့ဖူးပေ။ ထို့အပြင် ဤကဲ့သို့သောကိစ္စကိုပင် ဖြစ်ပွားစေခဲ့သည်။


ဤကိစ္စတွင် သူလည်း မှားပေသည်။ သူ အစောကတည်းက တားခဲ့လိုက်သင့်သည်။ သူ အစကတည်းက မမြင်ချင်ယောင် ဆောင်မနေခဲ့လျှင် ဤကဲ့သို့သော အရာမျိုး ဖြစ်လာမည်မဟုတ်ပေ။


"ထပ်မဖြစ်စေရဘူး... ငါ့မိန်းမကို နောင်နောင်ကို ကောင်းကောင်းဆက်ဆံပေးဖို့ ပြောလိုက်မယ်... အခုကစပြီး ရော့ရော့မှာရှိသမျှ နောင်နောင်မှာရှိရမယ်... ကလေးနှစ်ယောက်ကို တန်းတူညီမျှ ဆက်ဆံပေးမယ်..."


ကျိယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ မေးလာသည်။


"သူတို့တကယ်ပဲ တန်းတူညီမျှ ဆက်ဆံခံရမှာလား.. အမွေတွေအပါအဝင်... အကောင်းဆုံး ပညာသင်ယူခွင့်တွေ အပါအဝင်လား..."


ကျိယန်၏ မေးခွန်းကြောင့် ကျန်းရီ ဆွံ့အသွားတော့သည်။


ထိုသို့ဖြစ်လာမည်မဟုတ်ပေ။ ဇီရွှမ်က အကုန်လုံးကို ရော့ရော့ကိုသာ ပေးမည်ဖြစ်သည်။ သူမ နောင်နောင်ကို ဘာမှပေးမည်မဟုတ်ပေ။ ဇီရွှမ်က ရော့ရော့အတွက် အကောင်းဆုံးသော ပညာသင်ယူခွင့်များဖြင့် မြေတောင်မြှောက်ပေးမည်ဖြစ်ကာ နောင်နောင်အတွက် ပိုက်ဆံသုံးပေးရန် ဆန္ဒရှိမည်မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် ပိုက်ဆံများကို လျှိုမိသားစုက ပိုင်ဆိုင်သည်ဖြစ်ရာ သူအတော်လေး အကူအညီမဲ့သွားရသည်။ ပိုက်ဆံများက သူပိုင်ဆိုင်သည့်အရာမဟုတ်ပေ။


ထိုအချိန်တွင် ကျန်းရီက အလွန်အမင်းရှက်ရွံ့သွားပြီး မျက်နှာကိုပင် မပြဝံ့တော့ချေ။


ကျိယန်က သဘောကောင်းသူမဟုတ်လေရာ နောက်ဆုံးရိုက်ချက်ကို ပစ်သွင်းလိုက်သည်။


"မင်းမိန်းမက အခုကစပြီး နောင်နောင်ကို ကောင်းကောင်းဆက်ဆံပါမယ်လို့ မင်းပြောတယ်နော်... ဒါပေမဲ့ မမြင်ကွယ်ရာမှာ ကောင်းကောင်းမဆက်ဆံရင်ရော... သူ့ကို ကွာရှင်းဖို့ ဆန္ဒရှိရဲ့လား...."


ဝမ်ကျန်းရီ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ဘဲဖြစ်နေသည်။ ကျိယန်၏ စကားလုံးတိုင်းက သူ၏ ရင်ဝကို တည့်တည့်စိုက်သွားလေသည်။ သူ၏ ဖြေရှင်းနည်းဆိုသည်မှာ အရာတိုင်းကို အဆင်ပြေသည်ကို ဟန်ဆောင်ရုံသာဖြစ်ကြောင်း သိပေသည်။


သူ ဇီရွှမ်နှင့် မကွာရှင်းနိုင်သည်ဖြစ်ရာ နောင်နောင်အတွက် ဘာမှ အာမ မခံပေးနိုင်ပေ။ ယင်းအစား သူတို့အချိန်တိုင်း ငြင်းခုံရန်ဖြစ်နေရမည်ဖြစ်ပြီး သူနောင်နောင်ကို ချစ်ပေးခြင်းက အနှောင့်အယှက်သာဖြစ်ပြီး နောက်ဆုံးတွင် နောင်နောင်၏ အခြေအနေက ဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။


ဝမ်ကျန်းရီ သူ့မျက်နှာသူပွတ်သပ်၍ ခါးခါးသီးသီးပြုံးလိုက်ပြီး ပင်ပန်းချိနဲ့စွာ ပြောလိုက်သည်။


"ဒါဆို မင်းက ဘာလုပ်ချင်တာလဲ..."


"ဖြစ်သင့်တာတွေကို ဖြစ်အောင်လုပ်ရမှာပဲ... နောင်နောင်ခံစားခဲ့ရတာတွေနဲ့ ဒဏ်ရာတွေက ပြန်ကုစားပေးလို့မရဘူး... မင်းမိန်းမကို အပြစ်သားတစ်ယောက်အနေနဲ့ သင့်တော်တဲ့ လျော်ကြေးပေးခိုင်းစေချင်တယ်.... မင်းမှာ မင်းသမီးအပေါ် ခံစားချက်ဆိုတာရှိသေးရင် ဒီကိစ္စကို လုံးဝ ဝင်မပါနဲ့တော့... ဒီကိစ္စမှာ မမြင်ချင်ယောင်ဆောင်ပေးတာက နောင်နောင်အတွက် အကောင်းဆုံးအရာပဲ..."


ဝမ်ကျန်းရီက ကျိယန်ဆိုလိုသည်ကို နားလည်ပေသည်။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။ မည်သို့ပင်ဆိုစေ နောင်နောင်ကို ထိခိုက်သွားစေသူမှာ သူသာဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ သူမအတွက် ကောင်းရန် ဤသို့သာ ဆက်ဆံပေးရတော့မည် ဖြစ်သည်။


"ကောင်းပြီလေ...ငါ ဒီကိစ္စမှာ ထပ်ပြီးတော့ မပါဝင် မပတ်သတ်တော့ဘူး..."


ဝမ်ကျန်းရီ ထို့သို့ပြောပြီး ထွက်သွားလိုက်သည်။ သူထွက်သွားသည့်ပုံကို ကြည့်ရသည်မှာ အတော်လေး အားအင်ကုန်ခမ်းနေပုံပေါ့သည်။


————————————


ထန်ထန် ပြန်လာသောအခါ နောင်နောင်၏ နားကြားကိရိယာက တပ်ဆင်ပြီး ဖြစ်လေသည်။ ကျိယန် နောင်နောင်ကို သူ့အနားသို့ဆွဲလိုက်ပြီး သူမ၏ နားရွက်လေးများကို ထိလိုက်သည်။ သူ သူမ၏ နားကြားကိရိယာလေးကို ကြည့်လိုက်ကာ သူမကို မေးလိုက်သည်။


"နောင်နောင်... သမီးအခု အန်ကယ်ပြောတာကို ကြားရပြီလား..."


အမှန်အတိုင်းပြောရလျှင် နောင်နောင်၏ စိတ်ထဲတွင် သူမကိုယ်သူမ နားကန်းသွားပြီဖြစ်ကြောင်းသိနေသည်။သူမ ထိုအချက်ကို  လက်ခံနိုင်ရန် ခေါင်းအုံးကွယ်၍ နှစ်ညမျှ ခိုးငိုခဲ့ရသေးသည်။ မူလက သူမထင်ခဲ့သည်မှာ သူမ၏ ညာဘက်နားကိုသာသုံး၍ တခြားသူများ စကားပြောသည်ကို နားထောင်ရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် ပစ္စည်းလေးတစ်ခုကို တပ်လိုက်ပြီးနောက်တွင် သူမ မထိခိုက်မိခင်ကအတိုင်း ကြားရကြောင်း သိလိုက်ရသည်။ 


နောင်နောင် စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသည်။ သူမ ပြုံးလိုက်ကာ ကျိယန်ကို ခေါင်စ ငြိမ့်ပြလိုက်သည်။ ထို့နောက် သူ့နားသို့ရွေ့သွားကာ သူမလက်ထဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော ချိုချဉ်လေးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ ကျိယန်၏ ပါးကို နမ်းလိုက်သည်။


"ကျေးဇူးတင်ပါတယ် အန်ကယ်..."

အန်ကယ်နှင့် အန်တီတို့က သူမကို ကူညီခဲ့ကြောင်း သိပေသည်။


ကလေးမလေး၏ အနမ်းက ကျိရှောင်ကျိုး၏ အကြမ်းပတမ်းအနမ်းနှင့် မတူညီဘဲ နူးညံ့လှပေသည်။ ကျိယန် အနမ်းခံရပြီးနောက်တွင် ကြောင်တောင်တောင် ဖြစ်သွားသည်။ ခဏအကြာတွင် သူ့မျက်လုံးထဲ၌ နွေးထွေးမှုတို့ ပြည့်လာပြီး သူမဆံပင်လေးများကို ဖွလိုက်သည်။ ကျိရှောင်ကျိုးပြောသည်မှာ မမှားပေ။ သူတို့မိသားစုတွင် ဤကလေးမလေးတစ်ယောက် တိုးလာသည်မှာ ကောင်းပေသည်။ ကျိရှောင်ကျိုးက နောက်တီးနောက်တောက် ကောင်လေးဖြစ်ပြီး ဤကလေးမလေးကဲ့သို့ နူးညံ့၍ ချစ်စဖွယ်မကောင်းချေ။ သမီးတစ်ယောက်ဆိုပါက သူ့ကို ချိုချဉ်ပေးမည်၊ ထန်ထန်နှင့်အတူ သူ့မျက်နှာကို သုတ်ကူမည်၊ ထန်ထန်နှင့်အတူ သူ့ကိုဆေးတိုက်မည်၊ ပတ်တီးလဲပေးရန် သူနာပြုခေါ်ပေးမည်ဖြစ်သည်။


ကလေးမလေးက သူတို့၏ ကလေးမဟုတ်သည်မှာ နှမျောစရာကောင်းလှသည်။


ထိုညတွင် ကျိယန် ထန်ထန့်ကိုကြည့်၍ သနားစဖွယ် သက်ပြင်းချလာသည်။


"ကိုယ်တို့ သမီးလေးတစ်ယောက် အရင်မွေးခဲ့ရမှာ.. သားထက် သမီးက ပိုကောင်းတယ်...."


ထန်ထန် ခေါင်းငြိမ့်ကာ အနည်းငယ် သဘောတူလိုက်သည်။


"ကျွန်မလည်း သမီးတွေက ပိုချစ်ဖို့ကောင်းပြီး စဉ်းစားချင့်ချိန်တတ်တယ် ထင်တာပဲ..."


သူတို့ ပြောပြီးနောက်တွင် အချင်းချင်း ပြန်ကြည့်၍ ရယ်မောလိုက်သည်။ သို့သော် သူတို့တစ်ဘဝလုံးတွင် ကလေးဆိုးလေး ကျိရှောင်ကျိုးကိုသာ ယူရန်ဆုံးဖြတ်ထားကြသည်။ သမီးအကြောင်း စဉ်းစားသည်မှာ အဓိပ္ပါယ်မရှိလှပေ။


သို့သော် ကျိယန်က ဆက်ပြောနေဆဲဖြစ်သည်။


"ကျိရှောင်ကျိုးသာ ကြိုးစားမယ်ဆိုရင် ကိုယ်တို့အတွက် ချစ်စရာကောင်းပြီးနှစ်လိုဖွယ်ကောင်းတဲ့ ချွေးမလေးတစ်ယောက် ရှာပေးနိုင်မှာပါ..."


ထန်ထန်လည်း ၎င်းကို အကျိုးအကြောင်းသင့်သည်ဟု တွေးမိသည်။ သူမ၏ ပေါင်ပေါင်လေးက သူ့ထက်ပို၍ဆိုးသွမ်းသော ဇနီးတစ်ယောက် ရှာမလာရန် မျှော်လင့်နေမိသည်။


အနာဂတ်တွင် ကျိရှောင်ကျိုးက တစ်ခါတစ်ရံ၌ နောင်နောင့်ကို သူ့မိန်းမဟုပြောချိန်တွင် ကျိယန်က သူ့ကိုရိုက်ချင်နေသော်လည်း ထန်ထန်က သူမသားလေး၏ လူရွေးတော်ပုံကြောင့် စိတ်ကျေနပ်ရပေသည်။ ထို့ကြောင့် ကျိယန်က ရှောင်ကျိုးကို သစ်ပင်ပေါ်တင်၍ ရိုက်နှက်ပြီးချိန်တွင် ကျိယန်က ထိုကိစ္စကို လျစ်လျူရှုပေးတတ်သည်။ သူက ကျိရှောင်ကျိုးကို နောင်နောင်ကို အနိုင်မကျင့်ရန်နှင့် အနိုင်ကျင့်ရဲပါက သူ့ခြေထောက်ကို ရိုက်ချိုးပစ်မည်ဟု ဆုံးမလေ့ရှိသည်။


ထိုအရာအားလုံးက အနာဂတ်တွင် ဖြစ်လာမည်ဖြစ်သည်။


သူတို့ စကားပြောပြီးနောက်တွင် ထန်ထန်က လေးလေးနက်နက်မေးလာသည်။ သူမ ဝမ်ကျန်းရီ ယနေ့တွင် လာသွားခဲ့ကြောင်း သိပေသည်။


"ယောက်ျားရေ ရှင်ဘယ်လို ကိုင်တွယ်တို့ အစီအစဉ်ဆွဲထားလဲဟင်... ရှင် လျိုဇီရွှမ်ကို ထောင်ထဲ ထည့်မှာလား..."


"အရူးလေး.."


ကျိယန် သူမပါးလေးကို ဆိတ်ဆွဲလိုက်သည်။


"လျှိုဇီရွှမ်က ထောင်ထဲ မသွားရသလို လျှိုမိသားစုကလည်း အဲ့လို အဖြစ်ခံမှာမပါဘူးလေ... အဲ့ဒီ့အပြင် လျှိုဇီရွှမ် ထောင်ထဲဝင်ရလို့ နောင်နောင်မှာ အကျိုးမရှိသလို အဲ့ဒီ့အစား ပြဿနာတွေ ပိုတိုးလာမှာပဲရှိတယ်..."


ထန်ထန် စိတ်ရှုပ်ထွေးသွားသည်။


"ဒါဆို ရှင် နောင်နောင်ကို ဘယ်လိုကူညီဖို့ အစီအစဉ်ဆွဲထားလား..."


"ကိုယ်ကတော့ နောင်နောင်အတွက် အသုံးလိုပြီး လက်တွေ့ကျတာမျိုးကို တိုက်ခိုက်ယူပေးတာ ပိုကောင်းမယ်ထင်တာပဲ... အဲ့လိုဆို တခြားဟာတွေထက် ပိုကောင်းတယ်မလား..."


လက်တွေ့အသုံးဝင်တာမျိုးဆိုတော့...


"ဥပမာပြောရရင်..."


ကျိယန်က စာလုံးသုံးလုံးကို ပြောသည်။

"ဥပမာ အားဖြင့် ပိုက်ဆံ၊ စတော့ရှယ်ယာ နဲ့ ပိုင်ဆိုင်မှု..."


ထန်ထန် ထိုသို့ဖြစ်မည်ဟု မထင်ခဲ့ပေ။ သူမ ကျိယန်ကို နောင်နောင်အတွက် ပိုင်ဆိုင်မှုအချို့ တိုက်ခိုက်ယူပေးမည်ဟု မထင်ခဲ့ချေ။ သူမက သူ လျှိုမိသားစုကို မျက်နှာပျက်အောင်လုပ်ပြီး နောင်နောင်အတွက် ပေးဆပ်ရအောင်လုပ်ပစ်မည်ဟုထင်ခဲ့သည်။


ကျိယန်က တစ်ချက်ကြည့်ရုံဖြင့် သူမဘာတွေ တွေးနေလဲ သိသွားသည်။


"မင်းက ကိုယ် လျှိုမသားစုကို သွားပြီး အပြစ်ပေးခံရအောင် လုပ်မယ်ထင်တာလား.."


"ဒီကိစ္စသာ စစ်ဆေးခံရရင် လျှိုမိသားစုရဲ့ လုပ်နိုင်စွမ်းနဲ့ ကိုယ်ရေးကိုယ်တာဆိုပြီး နှပ်ချလိုက်မှာပဲ... အဆုံးမှာ နောင်နောင်က တောင်းပန်တာလေးပဲ ခံရလိမ့်မယ်... ဒါက အဓိပ္ပါယ်မရှိဘူးလေ... အဲ့ဒီ့အစား လျှိုမိသားစုရဲ့ အသားတစ်လွှာကို ခွာချလိုက်တာ ပိုကောင်းတာပေါ့... သူတို့ဆီက ချမ်းသာမှုအချို့ကို ဆုံးရှုံးစေပြီး နောင်နောင်အတွက် ရပိုင်ခွင့်တွေ ယူရမှာပေါ့... ဒါဆို နောက်ဆုံးကြရင် သူတို့ဆီက ခွဲထွက်လာဖို့ နောင်နောင်မှာ ယုံကြည်ချက်တွေ ရှိလာလိမ့်မယ်..."


ထန်ထန် ခဏမျှ စဉ်းစားပြီး မှန်ကြောင်း သိသွားတော့သည်။ နောင်နောင်အတွက် ကျိယန်၏ ဖြေရှင်းနည်းက ပိုကောင်းပေသည်။ မိသားစု၏ အချစ်ဟူသော မဖြစ်နိုင်သည်ကို စောင့်ဆိုင်းမည့်အစား ပိုင်ဆိုင်မှုအချို့ ရလာသည်က ပိုကောင်းလေသည်။ ထိုနည်းဖြင့် သူမ အနာဂတ်တွင် ထိုမိသားစုနှင့် ခွဲထွက်ချင်ပါက နောက်ဆံမတင်းတော့မည် ဖြစ်သည်။


"ဒါပေမဲ့ ယောက်ျားရယ်... လျှိုမိသားစုက သူမကို တစ်ခုခုပေးမယ်လို့ ဘာလို့ သေချာနေရတာလံ... အဲ့ဒီ့ မိသားစုက အတော်လေး အာဏာရှိတယ်မလား...."


ကျိယန် မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသည်။


"ကိုယ့်မှာ နည်းလမ်းတွေရှိပါတယ်..."


သူ လျှိုမိသားစု၏ အရည်ပြားတစ်လွှာကို နွှာပစ်အောင် နွှာမည်ဖြစ်သည်။


————————————


တစ်ချိန်တည်းတွင် လျှိုဇီရွှမ်က ဝမ်ကျန်းရီ မအောင်မြင်ဘဲ ပြန်လာခဲ့သည်ကို သိသွားသည်။ ကျိမိသားစုက ထိုကိစ္စကိုအလွတ်မပေးကြောင်း သူမ ဒေါသထွက်သွားပြီး နောက်တွင် ပိုမိုစိတ်တိုလာခဲ့သည်။ သူမ ဒေါသထွက်လွန်း၍ ဖုန်းပါ ရိုက်ခွဲပစ်လိုက်သည်။


ဝမ်ကျန်းရီက ဤကိစ္စတွင် လုံးဝပါဝင်လာတော့မည် မဟုတ်ဟု သိသောအခါ ပိုမိုစိတ်တိုလာကာ သူနှင့် အကြီးအကျယ်စကားများတော့သည်။ ထို့နောက် သူမ၏ မိဘအိမ်သို့သာ တိုက်ရိုက် ပြန်လိုက်တော့သည်။


အမေလျှိုထိုအကြောင်း သိဿာအခါ စိတ်တိုသွား၍ ပန်းအိုးများပင် ပေါက်ခွဲလိုက်လေသည်။


"သူတို့က တခြားသူရဲ့ကိစ္စတွေကို နေရာတကာဝင်ပါတဲ့ လူတွေပဲ... သူတို့မှာ အခြားလုပ်စရာဆိုလို့ နှာခေါင်းနှိုက်တာပဲရှိလို့ သူများမိသားစု ကိစ္စကို လာပါနေရတာလား... လုံးဝကို အရှက်မရှိတဲ့ဟာတွေ...."


"အမေ.. သူတို့ အရမ်းလွန်သွားပြီ.. သမီးတောင်းပန်တာက မလုံလောက်ဘူးတဲ့... သူတို့က ဘာများလိုချင်နေသေးတာလဲ..."

လျှိုဇီရွှမ် ထိုကိစ္စကြောင့် ရူးချင်သလိုပင်ဖြစ်နေကာ စိတ်တထင့်ထင့်ဖြစ်နေရသည်။


အမေလျှိုလည်း ပြဿနာတက်နေသည်။ သူမ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။


"သူတို့ အဲ့ကောင်မလေးကို အသုံးချပြီး အကျိုးအမြတ်လိုချင်လို့များလား... မဟုတ်ရင် သူတို့နဲ့ သွေးမတော် သားမစပ်တဲ့ လူတစ်ယောင်ကို ဘာလို့ ကူညီမှာလဲ... ကျိယန်ဆိုတဲ့ ကောင်က ငါတို့လျှိုမိသားစုကို ပေါ့သေးသေးမှတ်နေတာ... သူလိုချင်တယ်ဆိုတိုင်း ငါတို့လျှိုမိသားစုဆီက အကျိုးအမြတ်ရမှာတဲ့လား...သူ သင်ခန်းစာ အပေးမခံရမခြင်း ကောင်းကင်နဲ့ မြေပြင်ဆိုတာ ဘာလဲ သိမယ့်ပုံ မပေါ်ဘူး..."


လျှိုဇီရွှမ်က ဒေါသထွက်ထွက်ဖြင့် ဝိုင်နီတစ်ခွက်လုံး မော့ချလိုက်သည်။


"ဒါပေမဲ့... သူကို ဘယ်လို သင်ခန်းစာ ပေးကြမှာလဲ... ရာထူးတိုးဖို့ တစ်ခုရှိတယ်ဆိုလားလို့လေ... ဘာလှုပ်ရှားမှုမှမရှိဘဲ ဘာလို့ ရာထူးတိုးမှာလဲ... အဲ့တာ အမှားကြီးမလား..."


"မဟုတ်ဘူး... တကယ်ဖြစ်လာမှာ... သူတို့ စစ်ဆေးနေတုန်းရှိသေးတယ်.. သမီးအဖေက သေချာစောင့်ကြည့်နေတယ်... အမှားမရှိဘူးတဲ့..."


လျှိုဇီရွှမ် ထိုသည်ကိုကြားသောအခါ အသိပြန်ဝင်လာ၍ မေးလိုက်သည်။


"ဒီတစ်ခေါက် ဘယ်သူ့ကို ရာထူးတိုးမယ်လို့ အဖေပြောလဲ... ကျန်းရီလား..."


အမေလျှိုရပ်တန့်သွားပြီး ဘေးဘီကိုကြည့်ကာ မည်သူမှ မရှိဘူးဆိုမှ ခပ်တိုးတိုးပြောလာသည်။


"ကျန်းရီမဟုတ်ဘူး... အကြီးတန်းတွေက ကျိယန်ကို ရွေးလိုက်ကြတာ..."


"ဘာလို့လဲ... ဘာလို့သူဖြစ်နေရတာလဲ..."


လျှိုဇီရွှမ် မျက်မှောင်ကြုတ်ကာ ဒေါသတကြီးပြောလာသည်။


"ဒါဆို ကျန်းရီအတွက်ကရော... ဒီလို အခွင့်အရေးမျိုးကရှားတယ်လေ... နောက်တစ်ကြိမ် ဘယ်တော့လဲ သမီးတို့မှ မသိတာ..."


အမေလျှိုက သူမလက်ကို ပုတ်ပေး၍ စိတ်မပူရန်ပြောလိုက်သည်။


"စိတ်မပူနဲ့... စိတ်မပူနဲ့... သမီးအဖေရှိနေပါသေးတယ်... အမေတို့မှာ ကျန်းရီဆိုတဲ့ သမက်လေးပဲရှိတာလေ... သူ့ကို အကောင်းဆုံးကူညီရမှာပေါ့... သမီးအဖေမှာ အစီအစဉ်ရှိပါတယ်... ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ရာထူးတိုးသွားမှာ ကျန်းရီပဲဖြစ်လိမ့်မယ်..."


"အမေ တကယ်ပြောတာလား...ဘာပြဿနာမှတော့ မရှိဘူးမလား..."


"ညည်းအဖေကို မယုံဘူးလား... ညည်းအဖေရဲ့ နည်းနဲ့ဆို ပြဿနာရှိမှာမပါဘူး စိတ်မပူနဲ့..."


အမေလျှို၏ စကားများကို ကြားပြီးနောက်တွင် လျှိုဇီရွှမ်း စိတ်ချသွားပြီး စိတ်အခြေအနေ ကောင်းမွန်လာသည်။


သို့သော် အမေနှင့်သမီးအတွဲတို့ ဘာမှ မလုပ်နိုင်သေးမီ ကျိယန်က သူတို့ကို မျက်နှာတင်မက အခြားအရာများကိုပါ ဆုံးရှုံးနိုင်စေသော ပထမဆုံး လှုပ်ရှားမှုကို စတင်နေပြီဖြစ်သည်။