အပိုင်း (၇၀)
Viewers 12k

Part 70


နောင်နောင်က နားကြားကိရိယာကို တပ်ဆင်ပြီးနောက် ကလေးများက မူကြိုကျောင်း ပြန်တက်၍ ရနေပြီ ဖြစ်သည်။ 


သို့သော် ကျိယန်က ဒဏ်ရာများကြောင့် ဆေးရုံတက်နေရဆဲ ဖြစ်ရာ ထန်ထန်က သူ့ကို စောင့်ရှောက်ပေးရန်လိုနေဆဲ ဖြစ်၏။ ထို့ကြောင့် ကလေးများ ကျောင်းပြန်လာသည့်အခါ ကြည့်ရှုစောင့်ရှောက်ပေးမည့်လူ မည်သူမှ မသိသည့်အတွက်ကြောင့် ထန်ထန်က မူကြိုကျောင်းကို ဆက်သွယ်ကာ ကလေးများကို ခွင့်ထပ်ပေးရန် တောင်းဆိုလိုက်သည်။ ထို့ကြောင့် အချိန်တစ်ခုထိ ကလေးများက ကျောင်းသွားရန် မလိုပေ။ 

  

အဖိုးကျိက ထိုအကြောင်းကို သတိပြုမိသည့်အခါ ကလေးများအား စာအုပ်များ ယူဆောင်သွားပြီး ဆေးရုံ၌ စာလေ့လာရန် ချက်ချင်း အကြံပေးလိုက်သည်။ သူ့အမြင်တွင် သူတို့က မူကြို၌သာ ရှိသေးသော်လည်း စာလေ့လာခြင်းက အရေးကြီးပေသည်။ သူတို့၏ စာလေ့လာမှုကို အနှောက်အယှက် အဖြစ်ခံ၍ မရပေ။ 

 

ထန်ထန်နှင့် ကျိယန်က သဘောတူလိုက်သည်။ လေ့လာခြင်း၌ အဆုံးသတ်ဟူ၍ မရှိချေ။ တိုးတက်မှု မရှိလျှင် ကလေးများ၏ ဗဟုသုတရှာမှီးမှုကို ထိခိုက်စေနိုင်ပေသည်။ သူတို့က ရွေးချယ်စရာမရှိသည်မှအပ ကလေးများကို ထိုမျှထိ ကြာရှည်စွာ ပျက်ကွက်မနေစေလိုပေ။ 


သို့သော် ထန်ထန်က လူကြီးတစ်ယောက်အပြင် ကလေးနှစ်ယောက်နှင့် ကျိယန်ကိုပါ စောင့်ရှောက်ရလေရာ သူမ၌ ကလေးများကို စာသင်ပေးရန် အချိန်ပိုရှိမနေပေ။ ထို့ပြင် သူမ၏ ဗဟုသုတများအရ ထိုပါရမီရှင်လေးနှစ်ယောက်ကို သင်ပေးရန် မလုံလောက်နေချေ။ သူတို့က သူမကို ပြန်သင်ပေးသည်ကပင် ပိုအဆင်ပြေပေလိမ့်မည်။

  

ကျိယန်က ထိုဉာဏ်ကြီးရှင်သေးသေးလေး နှစ်ယောက်ကို သင်ပေးနိုင်သော်လည်း သူက မထနိုင်သည့်အတွက်ကြောင့် ယခု မသင်ပေးနိုင်သေးပေ။ ကလေးများက ဆေးရုံ၌ရှိချိန်တွင် သူတို့ဘာသာ စာအုပ်များ ဖတ်ရုံသာ လုပ်နိုင်ပေသည်။ 

 

အဖိုးကျိက လက်ကို ယမ်းလိုက်သည်။ 


"မင်းတို့နှစ်ယောက် အချိန်မရှိမှတော့ ငါပဲ သင်ပေးလိုက်တော့မယ်... ကလေးငယ်ငယ်လေးတွေကို ဘယ်လိုလုပ် သူတို့ကိုယ်တိုင် သင်ယူဖို့ လွှတ်ထားလို့ ရမလဲ..." 


ဘယ်လိုဖြစ်ဖြစ် သူကလည်း လုပ်စရာရှိမနေပေ။


"အဖိုး.. သူတို့ကို သင်ပေးချင်တာ သေချာရဲ့လား.." 


ကျိယန်က အတည်ပြုသလို မေးလိုက်သည်။ ထိုသည်မှာ ကျိယန်က သူ့စွမ်းရည်ကို သံသယဝင်နေသလိုပင်။


ထန်ထန်သာလျှင် ကျိယန်၏ မျက်လုံးများထဲမှ ရယ်မြူးရိပ်တို့ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ သူမသည် စိတ်ထဲမှ ကြိတ်ကာ ပြုံးလိုက်မိတော့သည်။ သူက အတော်လေး ပျော်ရွှင်နေပုံရကာ အဘိုးကျိကိုပင် စနောက်ရဲလေသည်။


သို့သော် ထန်ထန်က တိတ်ဆိတ်စွာ နေရန် ရွေးချယ်လိုက်သည်။ သူမက ယောက်ျားပြောသမျှ နားထောင်သင့်သည်ဟု ယူဆထားပေသည်။ 


ဟီးဟီး... သူမရော အစအနောက်သန်သူအဖြစ် ပြောင်းလဲသွားပြီလား...


အဘိုးကျိက ကျိယန်ဖုံးကွယ်ထားသည့် စစနောက်နောက် အကြည့်တို့ကို မမြင်ခဲ့သောကြောင့် ကျိယန်က သူ့ကို သံသယဝင်နေသည်ဟုသာ ထင်လိုက်သည်။ သူက ချက်ချင်းပင် မပျော်မရွှင် ဖြစ်လာတော့၏။ 


"သူတို့ကို ငါ သင်ပေးတာ ဘာဖြစ်လို့လဲ.. ငါက ကလေးနှစ်ယောက်ကိုတောင် မသင်ပေးနိုင်တဲ့ပုံပေါက်နေလို့လား..." 

 

အဘိုးကျိက သာမန်ဗိုလ်မှူးတစ်ယောက် ဖြစ်လျှင်ပင် ပညာမတတ်သည့် အသိတရားမရှိသူ မဟုတ်ပေ။ ယခင်က သူသည် ကျောင်းတက်ဖူးပြီး လက်ရေးလက်သား အတော်ကောင်းသည်။ သူက ပညာရေးနှင့် သိုင်းပညာတွင် ထူးချွန်သူဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် ကျိယန်က သူ့ကို သံသယ ဝင်သည့်အခါ သူက စိတ်ဆိုးသွားပေသည်။ 

 

သူက သုံးလေးနှစ်အရွယ် ကလေးများကိုပင် မသင်ပေးနိုင်လျှင် သူက ပညာမတတ်ဖြစ်မသွားပေဘူးလား။


ကျိယန်က ခေါင်းကို ငုံ့ကာ ချောင်းဆိုးလိုက်သည်။ သူက ထန်ထန်ကို ဆွဲလိုက်ပြီးနောက် စကားမပြောတော့ပေ။ သူတို့က တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ 


အဘိုးကျိက စိတ်ကျေနပ်သွားပြီး ကလေးများ၏ ဖတ်စာအုပ်ကို ထုတ်ယူလိုက်သည်။ သူက ဆေးရုံခန်းထဲ၌ သင်ခန်းစာကို လေးနက်စွာ စတင်ခဲ့တော့၏။ 


ထောက်ခံအားပေးမှုကို ပြသရန် ထန်ထန်က အိမ်မှ ဆေးရုံသို့ ယူလာဝေါ ခုံရှည်လေးနှင့် စားပွဲကို ရွှေ့ပေးလိုက်သည်။ ကလေးများက တစ်ဖက်မှာ ထိုင်ပြီး အဘိုးကျိက ဆန့်ကျင်ဘက်တွင် ထိုင်ကာ စတင် သင်ကြားပေးတော့သည်။ 


ကျိယန်သည် ကျိရှောင်ကျိုးကို စာသင်ရာတွင် စိတ်အားထက်သန်စွာ အားကြိုးမာန်တက် လေ့လာရသည်ဟု ပြောဖူးသည်။ သူသည် အဘိုးတစ်ယောက်ကို စိတ်ပျက်သွားအောင် လုပ်၍ မရပေ။ မဟုတ်လျှင် သူ ဖင်ပုပ်အောင် အရိုက်ခံရပေလိမ့်မည်။ နောင်နောင်အတွက်တော့ ကျိယန်က သူမကို စိတ်ပူရန် မလိုသည်အား သိရှိပေသည်။ 

 

သူ့ဖင်မပုပ်ရေးအတွက် ကျိရှောင်ကျိုးသည် သူ့အဘိုးကို မျက်နှာသာပေးကာ ကျောကို ဖြောင့်ဖြောင့်ထားကာ လေးနက်စွာ နားထောင်ပေသည်။ သူက ဂုဏ်ယူဖွယ် ကျောင်းသားတစ်ယောက်ကဲ့သို့ အာရုံစိုက်နေခဲ့သည်။ သို့သော် အဘိုးကျိက ဖတ်စာအုပ်အတိုင်း တစ်ဆယ်ပေါင်းခြင်း နှုတ်ခြင်းကို စတင်သင်ကြားပေးသောအခါ ကျိရှောင်ကျိုးက မျက်မှောင်ကြုတ်လိုက်မိတော့သည်။ အထူးသဖြင့် အဘိုးကျိသည် သူတို့မူကြိုမှ ဆရာမ သင်ပေးသည့်အတိုင်း လက်ချောင်းလေးများ အသုံးပြုကာ ရေတွက်သည့်နည်းကို သင်ပေးသောအခါ၌ ဖြစ်လေသည်။ ကျိရှောင်ကျိုး၏ မျက်နှာဖောင်းဖောင်းလေးက ရှုံ့တွလာပြီး သူ့မျက်နှာလေးကို ပေါက်စီလေးသဖွယ် ဖြစ်လာစေ၏။

 

အဖိုးကျိသည် ကျိရှောင်ကျိုး မျက်နှာကို ကြည့်လိုက်ပြီးနောက် သူမ လက်ချောင်းလေးများကို သုံးကာ အားကြိုးမာန်တက် ရေတွက်နေသော နောင်နောင်ကို ကြည့်လိုက်သည်။ သူသည် ကျိရှောင်ကျိုးက ဂဏန်းသင်္ချာများကို မကြိုက်သည့်အတွက် မသင်ချင်ဟု ထင်လိုက်ပေသည်။ သူက စိတ်ပူစွာနှင့် မျက်မှောင်ကြုတ်ပြီး ကျိရှောင်ကျိုး၏ ပုခုံးကို ပုတ်လိုက်သည်။ 

 

"ဘယ်လိုလုပ်ရမလဲဆိုတာ မသိရင်လည်း ကိစ္စမရှိဘူး... ဒါပေမယ့် အားထုတ်ဖို့တော့ လိုတယ်လေ... နောင်နောင်တောင်မှ သူမ လက်ချောင်းလေးတွေကို သုံးပြီး တွက်နေတာ မြင်လာ... မင်းလည်း သူမကို ဥပမာယူပြီး ကြိုးစားကြည့်သင့်တယ်...." 


ကျိရှောင်ကျိုးက နောင်နောင်၏ အပြုအမူကောင်းများကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူက လက်ဝဝလေးများကို သုံးကာ စတင်ရေတွက်ပြီး အဖြေများအား ရေးချလိုက်သည်။ 


အဖြေများ မှန်သည်ကို မြင်သောအခါ အဘိုးကျိက စိတ်ကျေနပ်သွားလေသည်။ 


ဘေးမှစောင့်ကြည့်နေသော ထန်ထန်သည် သူမ၏ မျက်နှာကို ကာထားလိုက်မိတော့သည်။ သူမက ကျိယန်၏ နားနားကို တိုးသွားကာ မေးလိုက်၏။ 


"ယောက်ျား... ရှင် ဒါကို တမင်သက်သက် လုပ်တာမလား.... ဘာလို့ အဖိုးကို ဒီကလေးနှစ်ယောက်က အရမ်းဉာဏ်ကောင်းတယ်ဆိုတာ ပြောမပြရတာလဲ...."

  

ခိုးကြောင်ခိုးဝှက်နှင့် ကျိယန်က သူမ နှုတ်ခမ်းလေးများထံ လက်တစ်ချောင်းတင်ရင်း တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ သူက ပြုံး၍ တိတ်ဆိတ်စွာ ပြန်ဖြေလိုက်သည်။ 


"ကျိရှောင်ကျိုးက အမြဲတမ်း သူ ဉာဏ်ကောင်းတာကို ကြွားလုံးထုတ်ပြီး အတန်းထဲမှာ သေချာလိုက်နားမထောင်ဘူး... သူလည်း ကျောင်းသားကောင်းလေးဆိုတာ ဘာနဲ့တူလဲ အတွေ့အကြုံ ယူသင့်တယ်..."

 

ထန်ထန်က မနေနိုင်ဘဲ လျှို့ဝှက်စွာ ရယ်လိုက်မိတော့သည်။ သူက အရမ်း အစအနောက်သန်တာပဲ... အဖိုးသာ နောက်ပိုင်း သိသွားရင် သူ့ကို ရိုက်တော့မှာမလား.... 


သူ့ဒယ်ဒီ၏ ဆုံးမမှုကို ပြန်တွေးမိသည့်အခါ ကျိရှောင်ကျိုးက စိတ်အားထက်သန်စွာ နားထောင်ပြီး သူ သိနေပြီးသည့် အဖြေများကို မရေးချခင် လက်ချောင်းလေးများအား သုံးကာ တွက်ချက်နေတော့သည်။ သူက အလွန် စိတ်အားထက်သန်ပြီး လိမ္မာသော ကလေးလေး ဖြစ်လာပြီဟု တွေးမိလေသည်။ သို့သော် သူက မည်မျှပင် နာခံနေပါစေ ကလေးအရွယ်သာ ရှိသေးပေသည်။ အပေါင်းအနှုတ်ကို နာရီဝက်မျှ လုပ်ပြီးသည့်အခါ သူ၏ စိတ်ရှည်မှုက ဂိတ်ဆုံးလာတော့သည်။ သူက လက်ချောင်းလေးများကို ထပ်အသုံးမပြုချင်တော့ဘဲ 'ဘဝက အဓိပ္ပါယ်မရှိ' ဟုပင် ခံစားလာရပေသည်။ 

 

ထန်ထန်သည် နောက်ထပ် စောင့်ကြည့်ရန် သည်းမခံနိုင်တော့သလို ခံစားလာရပေသည်။ 


စားပွဲကို ခေါက်ရင်း အဘိုးကျိက တင်းမာခက်ထန်စွာ ပြောလိုက်သည်။ 


"ရှောင်ကျိုး အခုမှ မိနစ်သုံးဆယ်ပဲ ရှိသေးတယ်... သင်ခန်းစာက မဆုံးသေးဘူး... မင်းက ဒီလောက်လေးတောင် စိတ်မရှည်နိုင်ဘူးလား... ကိစ္စရပ်တွေကို မင်း စိတ်အားထက်သန်မှု နည်းနည်းလေးတောင် မလစ်ဟင်းဘဲ ကြိုးကြိုးစားစားနဲ့ ဇွဲရှိရှိ လုပ်ဆောင်ဖို့ လိုတယ်... ကြည့်စမ်း... နောင်နောင်ဆို ဘယ်လောက်တော်လိုက်လဲ... မင်းက မိန်းကလေးကိုတောင် မယှဉ်နိုင်ဘူးလား..." 


ကျိရှောင်ကျိုးက အရူးမလေးနှင့်တူသော နောင်နောင်ကို ကြည့်လိုက်သည်။ သူက မျက်နှာကို လက်ဖြင့် ထောက်လိုက်ကာ ဝမ်းနည်းစွာ ပြောလိုက်သည်။ 


"အဘိုး... သားက စိတ်မရှည်တာ မဟုတ်ပါဘူး... အဘိုးသင်ပေးတာတွေက အရမ်းလွယ်နေလို့ပါ... သား အရင်က မသင်ရသေးတာတွေပဲ သင်ပေးလို့မရဘူးလား...." 

  

ထိုတုံ့ပြန်မှုကြောင့် အဘိုးကျိက မှင်တက်သွားလေသည်။ သူက လက်ထဲမှ ဖတ်စာအုပ်ကို ကြည့်လိုက်ပြီး ကလေးများ မသင်ယူရသေးသော အကြောင်းအရာများ မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ ဒီဟာက ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ။

  

"မင်းက ဒါတွေ ဘယ်လိုလုပ်ရမလဲ သိတယ်လို့ ပြောလိုက်တာလား..." 


ကျိရှောင်ကျိုးက ခြေထောက်တုတ်တုတ်လေးများကို လွှဲရင်း စိတ်ဓာတ်ကျစွာ ခေါင်းညိတ်လိုက်သည်။ 


အဘိုးကျိက မယုံနိုင်ပေ။ သူက ကျိရှောင်ကျိုး ရှောင်ထွက်ဖို့ တမင်လုပ်နေတယ်ဟု ထင်သောကြောင့် ရည်ရွယ်ချက်ရှိရှိ ခက်ခဲသော မေးခွန်းကို မေးလိုက်သည်။

 

"ဒါဆို ၂၉ နဲ့ ၃၄ ပေါင်းခြင်းက ဘယ်လောက်လဲ..." 

 

မျက်တောင်ပင် မခတ်ဘဲ ကျိရှောင်ကျိုးက ချက်ချင်း အဖြေကို ပြောလာသည်။ "၆၃" 


အဘိုးကျိက နောက်တစ်ခါ မှင်တက်သွားပြန်သည်။ အသေးလေးက မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်ကို မြင်သောအခါ မသိလိုက်မသိဘာသာနှင့် သူ၏ နောက်ကျောများက ဖြောင့်တန်းသွားကာ ထပ်မေးလိုက်သည်။ 


"ဒါဆို ၉၂ အပေါင်း ၆၇ ကရော..."

 

ကျိရှောင်ကျိုးက သက်ပြင်းတစ်ချက်ချရင်း အသက်မပါသလို ပြန်ဖြေလိုက်သည်။ "၁၅၉..." 


အဘိုးကျိက မျက်ခုံးများကို တွန့်လိုက်သည်။ သူသည် အသေးလေးက ရှောင်ထွက်ရန် အကြောင်းပြချက်ရှာသည်ဟု မထင်တော့ပေ။ အသေးလေးက အမှန်တကယ် အဖြေကို သိခြင်း ဖြစ်ပေသည်။ အဘိုးကျိက အတည်ပြု မေးလိုက်သည်။ 


"မင်း ဘယ်နေရာအထိ သင်ဖူးတာလဲ အဘိုးကို ပြောပါဦး..." 

 

ခေတ္တမျှ စဉ်းစားပြီးနောက် ကျိရှောင်ကျိုးက ပြန်ဖြေလိုက်သည်။ 


"အမြှောက်.. အစား.. စိတ်တွက်သင်္ချာသုံးမျိုး သင်ဖူးတယ်.. ဒယ်ဒီတာဝန်နဲ့ သွားတော့ သင်တာရပ်သွားတာ... အဘိုးက သားကို အဲဒါ ပြန်သင်ပေးရင်ရော..." 


“……” အဘိုးကျိက ဆွံ့အသွားကာ ပျော်ရွှင်စွာ စောင့်ကြည့်နေသည့် ကျိယန်အား လှည့်ကြည့်လိုက်သည်။ 


"မင်း သူ့ကို သင်ပေးထားတာလား..."

 

ကျိယန်က လည်ချောင်းရှင်းကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူကအဘိုးကျိကို တိုက်ရိုက်မကြည့်ရဲပေ။ ယခု အဘိုးကျိ၏ အမူအရာက တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်နေကြောင်း ဖော်ပြနေသောကြောင့် ဖြစ်ပေသည်။ 

 

ကျိယန် မည်မျှ ဉာဏ်ကောင်းသည်ကို သိထားသည့်အတွက် အဘိုးကျိက တစ်စုံတစ်ယောက်ကို အမှန်တကယ် ရိုက်ချင်နေပေသည်။ ကျိယန်၏ စိတ်တွက်ဂဏန်းသင်္ချာက အထူးကောင်းမွန်ကာ သူက ရှောင်ကျိုးကို သင်ပေးထားသည်။ ယခု ရှောင်ကျိုးအား အပေါင်းအနုတ် သင်ပေးမိသည့်အခါ သူ့ကိုယ်သူ ရယ်စရာဖြစ်အောင် လုပ်မိပေတော့သည်။ ရှောင်ကျိုးက အလွန် လွယ်ကူသည်ဟု ပြောခြင်းမှာ အံ့သြစရာမရှိတော့ပေ။ 

  

ကျိယန်သည် ထိုအကြောင်းကို သိထားသော်လည်း တစ်ခွန်းမှ မဟခဲ့ပေ။ သူက မည်သို့ လုပ်ရဲရသနည်း။ 


သူ့လို လူအိုကြီးက စိတ်တွက်သင်္ချာကို ဘယ်လိုသိမှာလဲ... သူက ဘယ်လိုလုပ် ကလေးတွေကို သင်ပေးနိုင်မှာလဲ... 


ကလေးများရှေ့၌ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အဘိုးကျိသည် အရေထူထူနှင့် ကျိရှောင်ကျိုးကို ပြောလိုက်သည်။ 


"မင်း ဒယ်ဒီသင်ပေးတာကိုပဲ စောင့်လိုက်ပါတော့... အဘိုးက နောင်နောင်ကို သင်ပေးဖို့ လိုသေးတယ်လေ... အဘိုးက မင်းကို ခက်တာတွေ သင်ပေးရင် နောင်နောင်နားမလည်ဘဲ နေလိမ့်မယ်...."

 

"နောင်နောင် နားမလည်ဘူးလို့ ဘယ်သူပြောလဲ..." 


ကျိရှောင်ကျိုးက စကားပြောပြီးသွားသည့်အခါ ချက်ချင်းပင် တွက်ချက်နေသည့် နောင်နောင့် လက်များကို ဖယ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူက သူမလေး၏ နဖူးအား ခပ်ဖွဖွ ထိလိုက်၏။


 "အရူးမလေး နောင်နောင်.. ဘာလို့ လက်ချောင်းတွေကို သုံးပြီး ဒီလောက် လေးလေးနက်နက် တွက်နေရသေးတာလဲ..."

 

နောင်နောင်က သူ့ကို မျက်တောင်ခတ်ကာ ကြည့်လိုက်ပြီး ပြုံးပြလာသည်။ သူမက ချစ်စရာကောင်းပြီး နှစ်သက်စဖွယ်လေး ဖြစ်သည်။


တုံ့ပြန်သည့်အနေနှင့် အဘိုးကျိက ဗလာဖြစ်စွာ မေးလိုက်၏။ 


"နောင်နောင်လည်း သိတာလား... သူမလည်း အရင်တုန်းက သင်ဖူးတယ်လား..."


"ဒါပေါ့.. သား သင်ပေးထားတာလေ..နောင်နောင်က အမြှောက်အစားလည်း ရတယ်.... သူမက သားလောက်မတော်ပေမယ့် အတော်လေး တော်နေဆဲပါပဲ..."


အဘိုးကျိက နောင်နောင်ကို ကြည့်ကာ အတည်ပြုလိုက်သည်။ 


"ကလေးမလေး.. တကယ်သိတာလား..." 


နောင်နောင်က ခေါင်းညိတ်လိုက်သည်။ အစ်ကိုရှောင်ကျိုးက သူမကို သင်ပေးခဲ့ခြင်း ဖြစ်သည်။


အဘိုးကျိက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ကျိရှောင်ကျိုးက ကျိယန်၏ ဉာဏ်ကောင်းမှုကို ဆက်ခံသည်ဆိုလျှင် နောင်နောင်က မည်သူ့ထံမှ ဆက်ခံထားသနည်း။ သူမ၏ သွေးရင်းအဖေက သာမန်လူတစ်ယောက် မဟုတ်သည်လား။ 


မယုံကြည်နိုင်စွာနှင့် အဘိုးကျိက မေးခွန်းထုတ်လိုက်သည်။ 


"၁၄၁ နဲ့ ၅၉ မြှောက်ရင် ဘယ်လောက်ရလဲ..." 


အဘိုးက နောင်နောင်ကို စမ်းသပ်ချင်နေသည်အား သိသည့်အတွက် ကျိရှောင်ကျိုးက ဘေးတွင် တိတ်တဆိတ်နေလိုက်သည်။


နောင်နောင်က မျက်တောင်ခတ်လိုက်၏။ သူမက သူမဘေးမှ ခဲတံအား ကောက်ယူကာ အဖြေကို စာရွက်ပေါ် ရေးချလိုက်သည်။ '၈၃၁၉'

 

ဂဏန်းတွက်စက်ယူပြီး အဘိုးကျိက အကြိမ်ရေအနည်းငယ် နှိပ်လိုက်ပြီးနောက် အဖြေက အမှန်တကယ်ပင် ၈၃၁၉ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူက ထပ်ပြီး သံသယမဖြစ်တော့ပေ။ ကလေးမလေးသည်လည်း အလွန် ဉာဏ်ကောင်းလှပေသည်။

 

ချက်ချင်းပင် အဘိုးကျိက ခံစားချက် မကောင်းတော့ပေ။ ကလေးနှစ်ယောက်က ပုံမှန်မဟုတ်ကြဘူးလား။ မည်သည့် မိသားစုမှ သုံးနှစ်အရွယ်ကလေးက ဂဏန်းသင်္ချာအား စိတ်တွက် တွက်နိုင်ပါမည်နည်း။ 


ဟုတ်သားပဲ.. သူ အရင်က အဲဒီလိုကလေးမျိုး တစ်ခါ မြင်ဖူးသေးတယ်... 


ထိုသည်မှာ ကျိယန် ငယ်စဉ်က ဖြစ်လေသည်။ ထိုကလေးက အသက်ငယ်ငယ်လေးမှာပင် ဂဏန်းကြီးများထိ စိတ်တွက်တွက်နိုင်ပေသည်။ ထိုသည်မှာ အဖိုးတစ်ယောက်အနေနှင့် တစ်တန်းကလေးကို စာမသင်ပေးနိုင်ဘဲ ရှုံးနိမ့်ခဲ့ရသော အချိန် ဖြစ်ပေသည်။


သူသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤကလေးနှစ်ယောက်ကြောင့် ထိုခံစားချက်ကို တဖန် ပြန်ခံစားရလိမ့်မည်ဟု ထင်မထားမိပေ။ 


အခုချိန်၌ အဘိုးကျိထံတွင် ဂုဏ်ယူခြင်း၊ ရှုံးနိမ့်ခြင်း၊ မျှော်လင့်ခြင်းစသည့် ခံစားချက်များစွာ ရောပြွမ်းနေသည်။ ထန်ထန်သည် ထိုအဖြစ်က အဖိုးအပေါ် အလွန် သက်ရောက်မှု ရှိသွားမည်ကို စိုးရိမ်မိသည်။ သူမသည်လည်း အစပိုင်းတွင် ထိုသို့ဖြစ်ခဲ့ရာ သူမကို လွန်စွာ သက်ရောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် သုံးလေးနှစ်အရွယ် ကလေးများကိုပင် မယှဉ်နိုင်သည့် ငတုံးတစ်ယောက်ဟု ထင်မှတ်သွားမိတော့သည်။ အဆုံးမှာတော့ သူမက တုံးအနေခြင်း မဟုတ်ဘဲ ကလေးနှစ်ယောက်က အလွန် ထက်မြက်နေခြင်း ဖြစ်ကြောင်း နားလည်သွားလေသည်။ 

  

အဘိုးကျိ၏ နှလုံးသားနှင့် မျက်နှာကို ကယ်ဆယ်ရန် ထန်ထန်သည် အဘိုးကျိ စွန့်ပစ်လိုက်သော ဖတ်စာအုပ်ကို လျင်မြန်စွာ အဝေးသို့ ပို့လိုက်ပြီး ပြောလာသည်။ 


"အဖိုး.. ကျွန်မ ထင်တာတော့ ဂဏန်းသင်္ချာက အရမ်း ပျင်းဖို့ကောင်းတယ်... တခြားတစ်ခုခု သင်ပေးရင်ရော ဘယ်လိုလဲ... အဖိုး ကျွမ်းကျင်တဲ့ တစ်ခုခုကို သင်ပေးရင်ရော.. ကလေးတွေ သဘောကျမှာ သေချာတယ်.. ဟုတ်တယ်မလား...." 


သူတို့ကို မေးလိုက်သည့်အခါ ကလေးများက ပူးပေါင်းပါဝင်ကာ ခေါင်းညိတ်ပြလာသည်။ သူတို့က အခြားအရာတစ်ခုခုကိုသာ သင်ယူချင်ပြီး ရိုးရှင်းသော ပုစ္ဆာများကို မသင်ယူချင်ပေ။ 

 

အဘိုးကျိက ထန်ထန် ဖွင့်ပေးသည့် လမ်းကို လက်ခံလိုက်သည်။ သူက ဂဏန်းသင်္ချာပြဿနာကို ရပ်တန့်လိုက်ပြီး ကလေးများကို မေးလိုက်သည်။ 


"မင်းတို့ ဘာသင်ချင်ကြလဲ.. အဘိုး မင်းတို့ကို အထူးတပ်ဖွဲ့တွေအကြောင်း နည်းနည်းပြောပြနိုင်တယ်..." 


ကလေးနှစ်ယောက်က အထူးတပ်ဖွဲ့များအကြောင်း မသင်ရသေးသည်မှာ သေချာပေသည်။ 


နောင်နောင်က မျက်တောင်ခတ်လိုက်သော်လည်း သူမ မည်သည်ကို သင်ယူသင့်ကြောင်း မသိတာကြောင့် စကားမပြောပေ။ ထို့အစား ကျိရှောင်ကျိုးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ 


"အဘိုး... သေနတ်ရှိလား... သေနတ်အကြောင်း ပြောပြပါလား..." 

 

ကျိရှောင်ကျိုးက သေနတ်များအကြောင်း အလွန် သိချင်မိသော်လည်း သူ စိတ်ရှိတိုင်း ဆော့ကစားနိုင်သော အရာ မဟုတ်တာကြောင့် တောင်းဆိုမှု ပြုလုပ်လိုက်သည်။ 


အဘိုးကျိက ရှောင်ကျိုး သေနတ်များကို စိတ်ဝင်စားမည်ဟု ထင်မထားပေ။ သို့သော် သေနတ်အကြောင်းက သူ ကျွမ်းကျင်သည့် အပိုင်း ဖြစ်လေသည်။ သေနတ်များက အလွယ်တကူ မကိုင်သင့်သလို မဆင်မခြင် ဆော့ကစား၍ မရသော်လည်း သူ့အတွက် ပြဿနာမရှိပေ။ ကလေးများ၏ တောင်းဆိုမှုက ကျေနပ်စေရန် လွယ်ကူပေသည်။ သူက သက်တော်စောင့်ကို ခေါ်ကာ သေနတ်ယူလာရန် ခိုင်းလိုက်သည်။

 

ကလေးနှစ်ယောက်လုံး၏ မျက်လုံးများက တောက်ပသွားလေသည်။ ၎င်းတို့က ကြယ်များကဲ့သို့ပင် တောက်ပလင်းလက်နေသည်။ 

 

ထန်ထန်နှင့် ကျိယန်က အချင်းချင်း ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ ဆေးရုံခန်းမှ သင်ခန်းစာအကြောင်း သူတို့ သတိထားသင့်ပြီ ထင်သည်။


သက်တော်စောင့်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူက မကြာခင်မှာပင် အနက်ရောင်သေတ္တာလေးတစ်လုံး ယူဆောင်လာသည်။ ထိုအထဲတွင် အဘိုးကျိ၏ သေနတ်နှစ်လက်ပါသော်လည်း ကျည်ဆံများက ထုတ်ထားပြီး ဖြစ်သည်။


အဘိုးကျိက ကလေးနှစ်ယောက်ရှေ့၌ သေနတ်များ ထားလိုက်သည်။ 


"ကြည့်... ဒါက သေနတ်ပဲ.. မင်းတို့မေးချင်တာရှိရင် အဘိုးကို မေးလို့ရတယ်..." 

 

"ဝါး.. အံ့သြစရာပဲ.." 


ကျိရှောင်ကျိုးက တောက်ပနေသော မျက်လုံးများနှင့် သေနတ်ကို ချက်ချင်း ကောက်ယူလိုက်သည်။ နှစ်သက်ပျော်ရွှင်နေသည့် အကြည့်များက ကျိရှောင်ကျိုး၏ မျက်လုံးများ၌ ပေါ်လွင်နေသည်။ ကြည့်ရသည်မှာ အခြားယောက်ျားလေးများကဲ့သို့ပင် ကျိရှောင်ကျိုးက ထိုသို့သော အရာများ နှစ်သက်ပုံရလေသည်။

 

နောင်နောင်က နောက် သေနတ်တစ်လက်ကို ကောက်ယူကာ ဂရုတစိုက် ကြည့်နေသည်။ သူမ၏ အမူအရာတွင် မည်သည့် စိတ်လှုပ်ရှားမှုမှ မပြသော်လည်း သူမကို ကြည့်ရသည်မှာ အရေးကြီးဘာသာရပ်ကို သင်ယူနေသကဲ့သို့ပင်။ 

 

ကျိရှောင်ကျိုးက စိတ်တိုင်းကျ ကစားပြီးသည့်အခါ သူက ရုတ်တရက် မေးလိုက်သည်။ 


"အဘိုး.. သေနတ်ကို ဖြုတ်ပြီး ပြန်တပ်လို့ ရလား..." 

 

"ဒါပေါ့... လက်နက်ခဲယမ်းတပ်ဆင်ဖို့က ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမယ့် အရာပဲ.. ဒီကို ကြည့်..." 


အဘိုးကျိက ပြောပြီးသွားသည်နှင့် ကျိရှောင်ကျိုးထံမှ သေနတ်ကို ယူကာ ဖြုတ်လိုက်သည်။ ထို့နောက် သူက ကျိရှောင်ကျိုးရှေ့၌ ပင် ပြန်တပ်ပြလိုက်၏။ 


"ဒါက ဘယ်လို တပ်ဆင်ရမလဲ ဆိုတာပဲ... ထူးချွန်တဲ့ စစ်သားတစ်ယောက် အထူးသဖြင့် လက်ဖြောင့်တပ်သားတစ်ယောက်က ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရုံနဲ့ မရဘူး.. လက်နက် ဖြုတ်တာ တပ်တာကို သိဖို့လည်း အရေးကြီးတယ်..." 

 

"သား လုပ်ကြည့်လို့ရလား အဘိုး..." 


မျှော်လင့်ချက်တို့နှင့် တောက်ပနေသော ကျိရှောင်ကျိုးက မေးလိုက်သည်။ သိသိသာသာပင် သူက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေသည်။

 

အဘိုးကျိသည် ထိုသို့သော တာဝန်က သုံးနှစ်အရွယ် ကလေးတစ်ယောက်အနေနှင့် လုပ်နိုင်စွမ်း မရှိလောက်ဟု တွေးမိပေသည်။ အသေးလေးက ဉာဏ်ကောင်းလျှင်ပင် မဖြစ်နိုင်နေဆဲ ဖြစ်သည်။ သို့သော် သူ့ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုသည့်အတွက် အဘိုးကျိက ကျိရှောင်ကျိုးကို လွှဲမပေးခင် နှေးနှေးလေး ပြန်တပ်ပြလိုက်သည်။

 

ကျိရှောင်ကျိုးက အဘိုးကျိကို အတုယူကာ စိတ်အားထက်သန်စွာနှင့် သေနတ်ကို ဖြုတ်၍ ပြန်တပ်တော့သည်။ သို့သော် သူက အမှန်တကယ် တပ်ရန် ကြိုစားသောအခါ အလွန် ခက်သည်ကို သိလိုက်ရ၏။ အတွင်းမှ အစိတ်အပိုင်းများက အလွန် ရှုပ်ထွေးလှသည်။ အစိတ်အပိုင်းများက တစ်ဆင့်ချင်းစီ လုပ်ဆောင်ရန် လိုပြီး မည်သည့်အမှားမှ ဖြစ်၍ မရပေ။ မဟုတ်လျှင် တပ်ဆင်ခြင်းက အောင်မြင်လိမ့်မည် မဟုတ်ဆပ။ ကျိရှောင်ကျိုး၏ မှတ်ဉာဏ်က ကောင်းသော်လည်း အဘိုးကျိ လုပ်သွားသောအဆင့်အတိုင်း ပြန်လုပ်ရန် ကြိုးစားသောအခါ အားလုံးကို မမှတ်မိပေ။ သူက တစ်ပိုင်းလောက်သာလျှင် တပ်ဆင်နိုင်ပေသည်။ 

 

အချိန်အကြာကြီး ကြိုးစားကြည့်ပြီးနောက် ကျိရှောင်ကျိုးက အရှုံးနှင့် လက်လျှော့လိုက်သည်။ သူက တစ်ဖန်ပြန်ဖြုတ်လိုက်ပြီး နောင်နောင်ဆီသို့ ထိုအစိတ်အပိုင်းများ တွန်းပို့လိုက်သည်။


"မင်း ပြန်တပ်လိုက်တာ အကောင်းဆုံးနေမယ်.. ကြည့်ရတာတော့ ငါက ဖြုတ်တာနဲ့ပဲ သင့်တော်တာ ထင်ပါတယ်..." 

 

နောင်နောင်က သူ့ကို နှစ်သိမ့်ရန် အနမ်းတစ်ပွင့်ပေးလိုက်သည်။ အစ်ကိုရှောင်ကျိုးက ဉာဏ်ကောင်းတယ်..... 


ကျိရှောင်ကျိုးက အနည်းငယ် စိတ်သက်သာသွားသည်။ သူက အမှန်တရားကို လက်ခံကာ သူမလေး၏ နဖူးကို တို့လိုက်သည်။ 

 

"မင်း တပ်လိုက်ပါ..."


အဘိုးကျိက ပြုံးရင်း ခေါင်းယမ်းလိုက်သည်။ ကျိရှောင်ကျိုးကဲ့သို့ ငဆိုးလေးပင် တပ်၍ မရနိုင်လေရာ မိန်းမငယ်လေးက ပို၍ပင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ကလေးနှစ်ယောက် ကစားနေသည်နှင့် ပို တူနေပေလိမ့်မည်။ 

 

သို့သော် တစ်မိနစ်အကြာတွင် အဘိုးကျိက မှင်တက်သွားလေသည်။ 


တစ်ဖက်မှ စောင့်ကြည့်နေသော စွန်းရီလည်း ဆွံ့အသွားသည်။


သေနတ်လာပို့သော သက်တော်စောင့်သည်လည်း ကြက်သေသေသွားတော့၏။


အသက်လေးနှစ်ပင် မရှိသေးသော မိန်းမငယ်လေး နောင်နောင်က တစ်မိနစ်အတွင်း မည်သည့်အမှားအယွင်းမှ မရှိဘဲ သေနတ်ကို မူလအခြေအနေရောက်အောင် တပ်ဆင်နိုင်ပေသည်။ 


ထိုသည်မှာ အစစ်အမှန် မဖြစ်နိုင်ပေ။