အပိုင်း (၇၁-၁)
Viewers 12k

Part-71


အဖိုးကျိသာမက ကျိယန်ကိုယ်တိုင်လဲ ‌နောင်နောင်၏ပါရမီကြောင့်အံ့အားသင့်သွားမိသည်။ကျိယန်ကနောင်နောင်တွင်ပါရမီပါသည်ကိုသိထားခဲ့သော်လဲ ရှုပ်ထွေးပြီးမရင်းနှီးလှသောအစိတ်အပိုင်းများစွာကို မိနစ်ပိုင်းအတွင်းတပ်ဆင်နိုင်လိမ့်မည်ဟုတော့မမျှော်လင့်ထားခဲ့ပေ။အထူးတပ်ဖွဲ့မှစစ်သားများပင်လျှင်သေနတ်ကိုမည်သို့တပ်ဆင်ရမည်ဆိုသည်ကိုသင်ရခဲ့သေးသည်။

သူမကနှစ်တချို့လေ့ကျင့်ထားသည့်စစ်သားတချို့ထက်တောင်မြန်ဆန်နေပေသေးသည်။နောင်နောင်၏ပါရမီစွမ်းရည်ကတကယ့်ကိုကြောက်စရာကောင်းလှသည်ထိုမြင်ကွင်းကိုမြင်လိုက်ရသော စွန်းရီလဲအံ့အားတသင့်ဖြင့်ကျိယန်ကိုကြည့်လိုက်သေးသည်။


"မင်းတို့မိသားစုရဲ့ကလေးမလေး သူက..."


ထိုခဏ၌စွန်းရီနောင်နောင့်ကိုဖော်ပြရန် သင့်တော်သည့်စကားလုံးပင်ရှာမတွေ့တော့ပေ။ သူ့၏မျက်လုံးနှင့်ကိုယ်တိုင်မြင်တွေ့ရခြင်းမဟုတ်လျှင် ထိုကဲ့သို့သောကလေးတယောက်ရှိနေသည်ကိုသူယုံမိမှာမဟုတ်တော့ပေ။၎င်းကတီဗွီဒရာမာကားထဲမှထူးချွန်သည့်သူများနှင့်တောင်တူနေသည်။


ကျိယန်၏နှုတ်ခမ်းဒေါင့်စွန်းလေးများတွန့်ခွေသွားသည် 


အဖိုးကျိကစကားတခွန်းမှမဆိုသော်လဲ နောင်နောင့်ကိုကြည့်သည့်အကြည့်များထဲတွင်ရှုပ်ထွေးမှုများပါနေသည် ခဏအကြာ၌သူနောင်နောင့်လက်ထဲမှသေနတ်ကိုပြန်ယူလိုက်သည်။ထို့နောက်နောက်ထပ်သေနတ်တလက်ကိုသူယူလိုက်ပြီး သူကိုယ်တိုင်ယူလိုက်ပြီးနောက်ထပ်တစစီဖြုတ်လိုက်သည်ပြီးနောက်ထိုပစ္စည်းအပိုင်းများကိုနောင်နောင့်ဆီသို့တွန်းပို့ပြီးပြောလိုက်သည်။


"ဒါကိုပြန်တပ်ကြည့်..."


နောင်နောင်စိတ်ရှုပ်ထွေးစွာဖြင့်မျက်တောင်ခတ်လိုက်မိသည်။ သို့သော်လဲသူမနာခံမှုအပြည့်ဖြင့် ထိုအစိတ်အပိုင်းများကိုယူ၍စစ်ဆေးကြည့်လိုက်၏။စက္ကန့်ပိုင်းမျှအကြာ၌သူမစတင်၍တပ်ဆင်လိုက်သည်။ အားလုံး၏အကြည့်များအောက်မှာပင်သူမ၏လက်များကတည်ငြိမ်နေပေသည်။သူမကအစိတ်အပိုင်းများကိုတခုပြီးတခုကောက်ယူတပ်ဆင်နေပြီးမှားသွားခြင်းတုံ့နှေးသွားခြင်းလုံးဝမရှိပေ။

သူမအရင်ကတခါမှမမြင်ဖူးသောသေနတ်တလက်ကိုမိနစ်ပိုင်းအတွင်းမှာပင်တပ်ဆင်ပြီးသွားလေသည်။


အခန်းထဲတွင်အပ်ကျသံပင်ကြားရလောက်‌အောင်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။အားလုံးကသစ်သားခုံတန်းပေါ်တွင်ထိုင်နေသောချစ်စဖွယ်မိန်းကလေးကိုစိုက်ကြည့်နေကြသည်။ ယခုအချိန်၌သူမကို‌ဖော်ပြရန်စကားပင်ရှာမတွေ့ပေ။


အားလုံး၏စိုက်ကြည့်ခြင်းကိုခံနေရသောကြောင့်နောင်နောင်အနဲငယ်နေရခက်လာသည်။

ဘာဖြစ်နေမှန်းလဲမသိတာကြောင့် သူမကျိရှောင်ကျိုး၏အက်ျီလက်ကလေးကိုအသာလေးကိုင်ဆွဲလိုက်သည်။


ကျိရှောင်ကျိုးကတုံ့ပြန်သည့်အနေဖြင့် သူမ၏လက်ကလေးကိုခပ်ဖွဖွပုတ်လိုက်ပြီးအားလုံးကိုဝေ့ဝဲကြည့်၍မေးခွန်းထုတ်လိုက်သည်။


"ဘာလို့အားလုံးကနောင်နောင့်ကိုအဲ့လိုကြည့်နေကြတာလဲ...တခုခုများမှားသွားလို့လား..."


အဖိုးကျိကပြုံး၍ပြန်ပြောလိုက်သည်။


"ဘာမှမဟုတ်ပါဘူး...ဒါက အရင်တုန်းကနောင်နောင့်လိုမျိုးတော်တဲ့ကလေးမျိုးကို မမြင်ဖူးလို့ပါ..."


ထိုစကားကြောင့်ကျိရှောင်ကျိုး၏နှုတ်ခမ်းများဆူထော်သွားပြီး သူ့ကိုသူလက်ညိုးသွှန်၍ပြောလိုက်သည် 


"အရင်ကတယောက်မှမမြင်ဖူးဘူးဆိုတာဘာအဓိပ္ပာယ်လဲ...သားကရော..."


အားလုံးကကျိရှောင်ကျိုး၏ထောင်လွှားသောပုံစံလေးကြောင့်ရီမောမိသွားလေသည်။


 အဖိုးကျိကလေး၏ခေါင်းကိုခပ်ဖွဖွပုတ်၍ရေရွတ်လိုက်သည်။


"တယောက်ယောက်ကတော့ ကိုယ့်ကိုကိုယ်နှိမ့်ချဖို့လိုနေပါပြီ..."


ထို့နောက်ဖိုးဖိုးကျိက နောင်နောင်ဘက်သို့ပြန်လှည့်လိုက်ပြီးနောက် ပို၍ပင်ညင်သာနူးညံ့သည့် အသံဖြင့်မေးလိုက်သည်။


"နောင်နောင် သမီးကတခြားသေနတ်တွေနဲ့ရောကစားချင်သေးလား...ဖိုးဖိုးရဲ့အိမ်မှာအများကြီးပဲရှိတယ်..."


‌နောင်နောင်၏မျက်ဝန်းလေးများ‌တောက်ပသွားသည် သူမစိတ်အားထက်သန်စွာဖြင့်ခေါင်းညိမ့်လိုက်ပြီးနောက်ရှက်ရွံ့စွာနှုတ်ခမ်းလေးကိုကိုက်ထားမိသည်။


"ကစားချင်တယ်..."


အဖိုးကျိကသူ့၏အစောင့်ဘက်သို့လှည့်၍ပြောလိုက်သည်။


"ငါ့ရဲ့စာကြည့်ခန်းထဲကိုသွားပြီးတော့ နောင်နောင်ကစားရအောင်လို့ယူလာခဲ့လိုက်..."

အစောင့်ကလေးစားမှုအပြည့်ဖြင့်အလေးပြုလိုက်ပြီးနောက် တုံ့ဆိုင်းမှုမရှိထွက်ခွာသွားလေသည် အရိုးသားဆုံး‌ပြောရလျှင်ထိုကလေးမလေးမည်မျှဆန်းကျယ်မှုများပြုလုပ်နိုင်ဦးမည်ကိုသိချင်နေမိသည်။


နောင်နောင်ကဖိုးဖိုးကျိ၏စကားကြောင့်သူမပို၍ကစားစရာများရှိလာလိမ့်မည်ဖြစ်ကြောင်းနားလည်လိုက်သည် ထို့ကြောင့်သူမဖိုးဖိုးကျိကိုလေးစားသောမျက်ဝန်းလေးများဖြင့်ကြည့်လိုက်သည်။


ဒီဘိုးဘိုးကအရမ်းကိုကောင်းတာပဲ...သူမအဲ့လိုမျိုးကစားတာကိုမဆူတဲ့အပြင်ကို ကစားစရာတွေတောင်ပိုပြီးယူပေးနေသေးတယ်...သူမရဲ့အဖိုးသာဖြစ်ရင်တော့ကောင်းမှာပဲ...


သူမ ကျိရှောင်ကျိုးသင်ပေးထားသောတခြားသူများကိုကျေးဇူးတင်ရမည့်နည်းလမ်းကိုအမှတ်ရသွားသည် ထို့ကြောင့်ဘိုးဘိုးကျိ၏အက်ျီစကိုဆွဲလိုက်၏ ဘိုးဘိုးကျိငုံ့ကိုင်းလာသည်နှင့် ပါးပြင်ကိုနမ်းလိုက်ပြီးကျေးဇူးတင်စကားပြောလိုက်သည်။


"ဘိုးဘိုးကျေးဇူးတင်ပါတယ်..."


သူမ၏ချိုသာသောအသံလေးကိုကြားလိုက်ရသည့်သူများနှလုံးသားနူးညံ့ပျော်ဝင်သွားသလိုခံစားလိုက်ရသကဲ့သို့ပင် စစ်တပ်ထဲတွင်ကြာရှည်စွာနေထိုင်ခဲ့သော ဘိုးဘိုးကျိပင်လျှင် သူမချိုသာသောအသံလေးကြောင့်နှလုံးသားနစ်မြုပ်သွားလေသည်။ဘိုးဘိုးကျိကလေးလေးကိုကောက်မလိုက်ပြီး...


"ဘိုးဘိုးကိုကျေးဇူးတင်စရာမလိုပါဘူး...ရှောင်ကျိုးလိုပဲနေ ဘိုးဘိုးအပေါ်ကိုအရမ်းယဉ်ကျေးနေစရာမလိုဘူး..."


ကျိရှောင်ကျိုးကလဲ သ‌ဘောတူပုံမျိုးဖြင့်ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်...ဘိုးဘိုးကိုအရမ်းယဉ်ကျေးနေစရာမလိုဘူး...ဘိုးဘိုးကနင်ရဲ့ဒယ်ဒီနဲ့မိထွေးလိုမျိုးမဟုတ်ဘူး...ဒါကြောင့်မို့နင်ဆော့တဲ့အခါကျလို့ရှိရင်စိုးရိမ်နေစရာမလိုဘူး...ဘာပဲကျိုးပဲ့ပျက်စီးပျက်စီးအကြောင်းမဟုတ်ဘူး..."


"မှန်တယ်...ရှောင်ကျိုးလေးပြောတာမှန်တယ်...ဒါကြောင့်မို့အခုကစပြီးတော့ ဘာနဲ့ပဲကစားချင်ကစားချင်ဘိုးဘိုးကိုသာပြောလိုက် ကျိုးသွားခဲ့တယ်ဆိုရင်တောင်အသစ်တခုထပ်ဝယ်ပေးမယ်...ဟုတ်ပြီလား..."


နောင်နောင်ကသူမ၏မျက်နှာလေးကိုဘိုးဘိုးကျိ၏ပုခုံးပေါ်အပ်လိုက်ပြီးပြုံးလိုက်သည် သူမအလွန်ပင်ကံကောင်းသည်ဟုခံစားမိသည် အကယ်၍အန်တီနှင့်အန်ကယ်တို့၏သမီးလေးသာဖြစ်ရင်ပို၍ကောင်းပေလိမ့်မည်။ဘိုးဘိုးကျိ၏စကားကြောင့်သူမ၏စိတ်ထဲမှကြောက်ရွံ့မှုများပျောက်ကွယ်သွားသည်။


ထိုကြောင့်လက်နက်များသွားယူသောအစောင့် ပြန်‌ရောက်လာချိန်၌သူမအနဲငယ်မျှပင်တွန့်ဆုတ်မနေတော့ပဲ စတင်၍တပ်ဆင်လိုက်သည်။ချက်ချင်းဆိုသလိုပင် သူမက သူမ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲသို့ဝင်ရောက်သွားသလိုမျိုးစိတ်အားထက်သန်တက်ကြွစွာဖြင့်အလွန်ပျော်ရွှင်နေလေသည်။

ဘိုးဘိုးကျိကလက်နှစ်ဖက်ကိုနောက်ပစ်ရင်း ပရော်ဖက်ရှင်နယ်လူများထက်ပင်ပို၍မြန်ဆန်စွာတပ်ဆင်နေသောကလေးမလေးကိုကြည့်၍ မျက်ဝန်းများတောက်ပလာလေသည်။သူတို့၏ပြည်မတိုင်းပြည်အတွက်မျှော်လင့်ချက်များပင်ဖြစ်ထွန်းလာခဲ့မိသည်။ ထက်မြက်သောမျိုးဆက်သစ်များကပို၍ကောင်းမွန်သောအနာဂတ်ကိုဆောင်ယူလာနိုင်ပေလိမ့်မည်။


နောင်နောင်အစိတ်အပိုင်းလေးများကိုတပ်ဆင်ပြီးသည်နှင့်အဘိုးကျိကစကားတခွန်းမှမဆိုလာသေးပဲ ထန်ထန်နှင့်အစောင့်ကိုအပြင်ထွက်၍စားစရာသွားဝယ်ခိုင်းလိုက်သည်။


စွန်းရီကလဲအဘိုးကျိ၌ပြောစရာရှိနေသည်ကိုသဘောပေါက်လိုက်ပြီး နေပူဆာလှုံမည်ဟူသောအကြောင်းပြချက်နှင့်အခန်းထဲမှထွက်လာလိုက်သည်။


အခန်းထဲတွင် ကျိယန်နှင့်အဘိုးကျိသာကျန်ခဲ့လေသည်။အဘိုးကျိက ကျိယန်ကိုလေးနက်စွာကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။


"ကျိယန်ဒီကလေးမလေးရဲ့ပါရမီကသာမာန်မဟုတ်ဘူး မြင်ဖူးသမျှတွေထဲမှာအထက်မြက်ဆုံးပဲ..."


အဘိုးကျိ၏မျက်ဝန်းထဲ၌တစုံတရာအလင်းတချက်ဖြာသွားပြီးနောက် သူဆက်လက်ထပ်ပြောလာသည်။


"ငါတို့တိုင်းပြည်ရဲ့စစ်တပ်မှာက ဒီလိုအရည်ချင်းရှိတဲ့လူတွေလျော့နည်းနေတာ...တကယ်လို့နောင်နောင်သာအနာဂတ်ကိုချိုး‌ဖောက်နိုင်မယ်ဆိုရင်တော့..."


 အဘိုးကျိ၏စကားကအဆုံးမသတ်သော်လဲကျိယန်ကသဘောပေါက်ပေသည် သူခေါင်းအသာခါယမ်းရင်းပြောလိုက်သည်။


"အဲ့တာက ကျွန်တော်တို့ရဲ့စိတ်ကူးလေ...သူမရဲ့စိတ်ကူးကပိုပြီးတော့အရေးပါပါတယ်...သူမပျော်နေသရွေ့တော့ဘာမှပြဿနာမရှိဘူး...ဒါပေမဲ့သူမရဲ့ပါရမီကြောင့်အနာဂတ်အတွက်အသုံးချစရာလက်နက်တခုတော့ဖြစ်မလာသင့်ဘူးလေ..."


ထိုစကားများကြောင့် အဘိုးကျိခါးသီးစွာပြုံးလိုက်သည်။


"မင်းပြောတာမှန်တယ်...ငါနဲနဲအတွေးများသွားတယ်...ဒါတွေကကလေးရဲ့ဆန္ဒအပေါ်ပဲမူတည်သင့်တယ် ဘယ်သူမှသူမရဲ့ဘဝကိုဝင်ဆုံးဖြတ်ပေးစရာမလိုဘူး...ငါတို့ကိုလူကြီးတွေကသူတိုလိုအပ်တဲ့အချိန်တွေမှာသာထောက်ပံ့ပေးဖို့ပဲ..."


ကျိယန်၏နှုတ်ခမ်းဒေါင့်စွန်းက‌လေးများတွန့်ကွေးသွားသည်။


"ဒါကအဘိုးကျွန်တော့ကို ပျိုးထောင်ခဲ့သလိုပဲလေ...အဘိုးကဘယ်တော့မှကျွန်တော့ရဲ့ဘဝကိုမထိန်းချုပ်ခဲ့ဘူး...ကျွန်တော်ကြိုက်နှစ်သက်သ၍အမြဲတမ်းထောက်ပံ့အားပေးခဲ့တာ..."


အဘိုးကျိကထိုကဲ့သို့ ဝန်ခံပြောဆိုမှုလေးကြောင့်အနဲငယ်စိတ်ထဲထိသွားပြီး မနေတတ်သလိုပင်ခံစားလိုက်ရသည် သူ့မျက်နှာကအနဲငယ်တောင့်တင်းသွားပြီးနောက်ချောင်းတချက်ဟန့်ကာအကြောင်းအရာလွှဲလိုက်သည်။


"နောင်နောင်ရဲ့ပြဿနာဘယ်လိုဖြေရှင်းမယ်ဆိုတာမင်းမပြောရသေးဘူးနော် ...ဒီကိစ္စကိုလွှတ်ထားလို့မရဘူးမြန်မြန်ဖြေရှင်းရမယ်...ကလေးကအရမ်းငယ်သေးတယ်လေ...ဒီလိုမျိုးနားမကြားအောင်လုပ်လိုက်တဲ့ကိစ္စမျိုးကိုလွယ်လွယ်နဲ့လွှတ်ပေးလိုက်လို့မရဘူး..."


"ကျွန်တော်...နောင်နောင်ရဲ့အမေအရင်းကိုရှာဖို့တယောက်ယောက်ကိုခိုင်းထားပါတယ်...သူမရဲ့အမေကအခုဝမ်ကျန်းရီရဲ့လက်ရှိဇနီးလျိုဇီရွှမ်ရဲ့ဖိအားပေးနှင်ထုတ်ခြင်းကိုခံလိုက်ရတာလေ...တကယ်တမ်းမှာလဲ သူတို့မကွာရှင်းခင်ထဲကလျိုဇီရွှမ်နဲ့ဖောက်ပြန်နေခဲ့တာလေ...

အဲ့ဒီ့သက်သေတွေကိုနောင်နောင့်အမေကိုပေးလိုက်မယ်...ဘယ်လိုသက်သေမျိုးပဲဖြစ်ဖြစ်ဝမ်ကျန်းရီနဲ့လျိုမိသားစုအတွက်ကောင်းမှာမဟုတ်ဘူး..."


"ဒါတကယ်ကိုကောင်းတယ်..."


အဘိုးကျိ၏မျက်ဝန်းများကတောက်ပသွားသည်။


"ကလေးရဲ့အမေအရင်းကိုအသုံးပြုပြီးတော့က‌လေးမလေးအတွက်တရားမျှတမှုရှာမယ်...ဒီအကြံကမဆိုးဘူး...လျို မိသားစု ကလဲအဲ့လိုအကြောင်းအရာတွေပေါက်ကြားသွားမှာကိုကြောက်ရွံ့နေမှာပဲ...သူတို့အဲ့ဒာကိုဖုံးကွယ်ထားတဲ့အတွက်အခုခြိမ်းခြောက်မှုကိလက်ခံရတော့မယ်...ဒါပေမဲ့နောင်နောင်အမေကရောဘယ်တော့လာမှာလဲ...ငါကြားထားတာတော့သူမတခါမှပြန်မလာခဲ့ဘူးဆို..."


"နောင်နောင်ရဲ့အမေက သာမာန်မူကြိုဆရာလေးတယောက်နဲ့အိမ်ထောင်ကျနေပြီ...သူတို့ကဒီနေရာနဲ့အရမ်းဝေးတဲ့နေရာမှာနေကြတာ...ဘာလို့လဲဆိုတော့လျိုမိသားစုရဲ့အင်အားကိုကြောက်တဲ့အတွက်ကြောင့်သူမလဲရွေးချယ်စရာမရှိပဲနဲ့အဝေးကိုသွားဖို့ပဲတတ်နိုင်ခဲ့တယ်လေ...

ပြီးတော့ သူမမှာမိသားစုအသစ်နဲ့ ကလေး‌တွေလဲရှိနေပြီဆိုတော့...သဘာဝကျကျပဲ‌နောင်နောင့်အကြောင်းကိုတွေးမနေမိတော့ဘူးပေါ့...ပြောရမယ်ဆိုရင်တော့သူမဝမ်ကျန်းရီနဲ့လျိုမိသားစုကိုမုန်းတီးပေမဲ့လဲ သူတို့ကိုကြောက်လို့ဘာမှမလုပ်ပဲတိတ်တိတ်လေးနေခဲ့တာ...

ဒါပေမဲ့အခုလက်ရှိမှာတော့ သူမရဲကလေးကဖျားနာနေပြီးတော့ အရေးပေါ်ငွေလိုနေတယ်..."


အဘိုးကျိကမျက်မှောင်ကြုတ်လိုက်ပြီးဒေါသထွက်စွာဖြင့်ပြောလိုက်သည်။


"အဲ့ဒီ့တော့ သူ့အမေကလာမယ်ဆိုတာကငွေအတွက်ကြောင့်ပေါ့လေ ..."


ကျိယန်တိတ်ဆိတ်ငြိမ်သက်နေလေသည်။


အဘိုးကျိက စိတ်တိုစွာဖြင့်သူ့၏တုတ်ကောက်ကိုဆောင့်ချလိုက်သည်။


"အခုလက်ရှိကလေးကနောင်နောင်ထက်ပိုပြီးအရေးကြီးတယ်ပေါ့‌လေ...သူကဒီလောက်နှစ်တွေအကြာကြီးဘာလို့တစ်ခေါက်လေးတောင်ပြန်လာမကြည့်ခဲ့ရတာလဲ...အခုပိုက်ဆံလိုတော့မှပြန်လာတယ်ပေါ့..."


ကျိယန်ထင်မိတာတော့ ၎င်းကနောင်နောင့်အဖေကြောင့်ပင်ဖြစ်ပေလိမ့်မည်။ထိုလူနှင့်ပတ်သတ်သည့် နာကျင်စရာများကိုမေ့ချင်သောကြောင့် တခါတရံတွင် ထိုလူနှင့်ပတ်သတ်သည့်လူများကိုပါမေ့လိုက်မိလေသည်။ထို‌ကြောင့်နောင်နောင်ကလဲ သူမမေ့ပစ်ချင်သည့်လူတယောက်ဖြစ်သွားခြင်းဖြစ်ပေမည်။


သဘာဝကျစွာဖြင့်အဘိုးကျိကလဲ ထိုအေကြာင်းပြချက်ကိုသတိပြုမိလေသည်။သူဒေါသထွက်စွာပြောပြီးသည်နှင့်ထပ်မံပြောလိုက်သည်။


"အဲ့ဒီ့အမျိုးသမီးလာတဲ့အခါကျရင်ရောနောင်နောင်ကလက်ခံနိုင်ပါ့မလား...သူမကစကားပြောရတာမကြိုက်ပေမဲ့လဲ ပတ်ဝန်းကျင်မှာဖြစ်ပျက်သမျှအားလုံးကိုနားလည်နေတယ်ဆိုတာကို ငါသတိပြုမိတယ်အဲ့ဒီ့ကလေးကလေအရမ်းကိုလိမ္မာပါးနပ်လွန်းတယ်..."


ကျိယန်ကလဲ ထိုအချက်ကိုစိုးရိမ်ပူပန်နေမိသည် ကိစ္စရပ်များကနောင်နောင့်၏စိတ်အခြေအနေကိုသက်‌ရောက်သွားမှာမျိုးသူမလိုလားပေ။ သို့သော်လဲမည်ကဲ့သို့ဖြေရှင်းရမည်ကိုလဲမသိသေးပေ။လက်ရှိအနေဖြင့်တခုတည်းသောမျှော်လင့်ချက်ကကျိရှောင်ကျိုးတယောက်သာဖြစ်သည်။

 

နောင်နောင်ကထိုကလေး၏စကားကိုနား‌ထောင်သောကြောင့် သူနှစ်သိမ့်ပေးနိုင်ဖို့သာမျှော်လင့်ရလေသည်။


အဘိုးကျိကလဲ ထိုအချက်ကရီစရာကောင်းသည်ဟုခံစားမိလေသည် မသိနိုင်သောအကြောင်းပြချက်များကြောင့် နောင်နောင်သည်ကျိရှောင်ကျိုးဘာပြောပြောလက်ခံပေသည်။


ကံကောင်းထောက်မစွာဖြင့်ကျိရှောင်ကျိုးကလဲနောင်နောင့်ကိုကောင်းကောင်းဆက်ံဆံလေသည်။ထိုသို့မှမဟုတ်လျှင်ကျိရှောင်ကျိုးသူမကိုရောင်းစားလိုက်လျှင်တောင်မှ သူမကစောဒကတက်မည်မဟုတ်ပေ။ကြည့်ရသည်မှာအနာဂတ်တွင် သူကျိရှောင်ကျိုးကိုပို၍ဂရုတစိုက်ကြည့်ရပေမည်။ 

ထိုကောင်ဆိုးလေးနောင်နောင့်အား အနိုင်ကျင့်မည်ကိုခွင့်ပြုမပေးနိုင်ပေ။


........


နောင်နောင်ကလိမ္မာသည့်ကလေးတယောက်ဖြစ်သည် သူမကအမြဲတမ်းထန်ထန့်ကိုကူညီလုပ်ကိုင်ပေးချင်နေလေသည်။တခုတခုလုပ်စရာရှိသည့်အချိန်၌ထန့်ထန့်၏လက်ကလေးကိုဆွဲ၍လိုက်ပါလာလေ့ရှိသည်။


ထန်ထန်အနေဖြင့်လဲ နောင်နောင်ထိုကဲ့သို့စိုးရိမ်တကြီးပြုမူနေပုံလေးကပို၍ပင်ချစ်မြတ်နိုးလာစေသည်ဟုခံစားမိလေသည်။ထန်ထန်ရေခပ်မလို့ပြင်လိုက်ချိန်၌နောင်နောင်ကသတိပြုမိသွားပြီး ကျိရှောင်ကျိုးကိုလျစ်လျူရှုကာအလျင်အမြန်ပြေးသွားလိုက်သည်။


ထန်ထန့်ကိုကူညီပြီးရေခရားလေးကိုယူလိုက်သည် ရေမရှိ၍ပေါ့နေသောကြောင့်လက်တဖက်ထဲဖြင့်ကိုင်ထားလိုက်ပြီး လက်တဖက်ဖြင့်ထန်ထန်၏လက်ကိုဆွဲကာအပြင်သို့ထွက်သွားလိုက်ကြသည်။


ပစ်ပယ်ခံလိုက်ရသောကြောင့်ကျိရှောင်ကျိုးတ‌ယောက်မကျေမနပ်ဖြင့်ငြီးငြူလိုက်ပြီးနှုတ်ခမ်းဆူလိုက်သည်။

ထို့နောက်သူတို့နောက်မှလိုက်သွားရန်ပြင်လိုက်သော်လဲ ကျိယန်၏တားဆီးခြင်းကိုခံလိုက်ရသည်။


"ဒီကိုလာ...ဒယ်ဒီ့မှာမင်းအတွက်မစ်ရှင်ရှိတယ်..."


မစ်ရှင်ဆိုသောအကြံကိုကြားသည်နှုင့်ကျိရှောင်ကျိုးတယောက်ချက်ချင်းပင် ရပ်တန့်လိုက်ပြီးကုတင်ဆီသို့ပြေးသွားလိုက်သည်။ထို့နောက်သူကစစ်သားတယောက်လိုမျိုးပင် တည့်တည့်မတ်မတ်ရပ်လိုက်ပြီး အလေးပြုလိုက်ကာ


"ရက်ဆားစ်..."


သူ၏ပုံစံလေးကြောင့်ကျိယန် ကျေနပ်စွာဖြင့်အနားနားသို့ဆွဲယူလိုက်ပြီးနောက်တိုးတိုးလေးကပ်ကာပြောလိုက်သည်။


ကျိရှောင်ကျိုးနှစ်မိနစ်မျှနားထောင်ပြီးနောက် သူ့၏မျက်ဝန်းများထဲ၌မပျော်ရွှင်မှုများပြည့်နှက်သွားလေသည်။ သို့သော်လဲ‌နောင်နောင့်အတွက်သူခေါင်းညိမ့်သဘောတူမိဆဲပင်ဖြစ်သည်။


ထန်ထန်တို့အခန်းထဲပြန်ဝင်လာသည်နှင့် ကျိရှောင်ကျိုးကနောင်နောင့်၏လက်ကလေးကိုလျင်မြန်စွာပင်ဆွဲယူလိုက်ပြီး အခန်းထဲမှပျောက်သွားလေသည်။


ထန်ထန်တယောက်ရုတ်တရက်ကြောင်အသွားသည် သူမခေါင်းကိုပွတ်သပ်ရင်းမေးလိုက်၏။


"ပေါင်ပေါင် ဘာဖြစ်လို့လဲ... နောင်နောင့်ကိုဘယ်ခေါ်သွားမလို့လဲ..."


ကျိယန်ကပြန်မဖြေပဲ သူမကိုနီးကပ်အောင်ဆွဲလိုက်ပြီး ခေါင်းကိုအသာပွတ်သပ်ပေးလိုက်သည်။


"ဘာဖြစ်လို့လဲ မင်းခေါင်းကိုဘာဖြစ်လို့ပွတ်နေတာလဲ...တခုခုနှင့်တိုက်မိခဲ့တာလား..."


"ခုဏကျွန်မရေသွားခပ်တုန်းကလေ...သူနာပြုတယောက်နဲ့တိုက်မိခဲ့တာ...ဆံပင်နဲ့အက်ျီချိတ်နဲ့ငြိမိနေတာလေ...အဲ့တာကိုအတင်းပဲဆွဲလိုက်သလိုဖြစ်သွားပြီးတော့ကျွန်မရဲ့ဦးရေပြားတွေနာနေတာ..."


ကျိယန် မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့ခေါင်းကိုငုံ့ခိုင်းလိုက်သည် ဆံပင်များကိုဖြဲ၍ကြည့်လိုက်သည့်အချိန်၌ဦးရေပြားထဲ၌နီရဲနေသည်ကိုတွေ့လိုက်ရသည်။

 ၎င်းကအားဖြင့်ဆွဲလိုက်သည့်ပုံပေါ်နေသည်။ခေါင်းကိုအသာပွတ်ပေးလိုက်ပြီး ညင်သာစွာပြောလိုက်သည်။


"နောက်ခါဆိုရင်ပိုပြီးဂရုစိုက်နော် ...ဟုတ်ပြီလား အလျင်စလို လုပ်စရာမလိုပါဘူး..."


ထန်ထန်ကမသဲမကွဲဖြင့် (အင်း...) ဟုသာပြန်ပြောလိုက်သည်။


အမှန်တိုင်းပြောရမည်ဆိုလျှင်သူမအလျင်စလိုမလုပ်ပေ ထိုသူနာပြုကဘယ်နေရာကမှန်းမသိရုတ်တရက်ပေါ်လာပြီးသူမကိုဝင်တိုက်ခဲ့မိခြင်းဖြစ်သည်။ သူမကအလျင်လိုနေခြင်းဖြစ်ပေလိမ့်မည်။


ထိုအချိန်တွင်...

ထန်ထန်၏ဆံပင်အနည်းငယ်ကမသိသောနေရာတခု၌စစ်ဆေးမှုကိုခံနေရလေသည်။


ထန်ထန်က ကျိရှောင်ကျိုးတ‌ယောက်နောင်နောင်ကို့ခေါ်သွားသည့်အ‌ကြောင်းအရင်းကိုမေးလိုက်သည်ကျိယန်ကလဲ သူမကိုဖုံးကွယ်မထားပဲသူ့၏အစီအစဉ်ကိုပြောပြလိုက်၏။ထန်ထန်အကြာကြီးငြိမ်သက်သွားပြီးနောက် မေးလိုက်သည်။


"နောင်နောင်ရဲ့အမေက‌ နောင်နောင့်ကိုခေါ်သွားမှာလား..."


ကျိယန်သူမ၏ပါးကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီးပြောလိုက်သည်။


"သူမခေါ်သွားမှာမဟုတ်ပါဘူး...သူ့မှာကမိသားစုအသစ်ရှိနေပြီလေ...သူတို့ကနောင်နောင့်ကိုလက်ခံကြမှာမဟုတ်ဘူး...ပြီးတော့ဝမ်ကျန်းရီကလဲ နောင်နောင့်ရဲ့အုပ်ထိန်းခွင့်ကိုလွှဲပြောင်းပေးမှာမဟုတ်ဘူး..."


ထန်ထန်၏စိတ်အခြေအနေကချက်ချင်းပင်ကျဆင်းသွားလေသည်။ ထို့နောက်သူမမသဲမကွဲဖြင့်ရေရွတ်လိုက်သည်။


"ကျွန်မရဲ့သမီးလေးသာအဲ့လိုမျိုး ဒုက္ခရောက်နေမယ်ဆိုရင်ကျွန်မသူ့ကိုချက်ချင်းပဲခေါ်သွားမိမှာပဲ...ကျွန်မရဲ့ခင်ပွန်းအသစ်နဲ့ဘယ်လိုပဲရင်ဆိုင်ရ ရင်ဆိုင်ရထားခဲ့မှာမဟုတ်ဘူး သူမဘယ်လိုလုပ်များနှလုံးသားမဲ့ရတာလဲ..."


လူတိုင်းက သူမလိုအတွေးမျိုးရှိကြမည်မဟုတ်ပေ ၎င်းကိုကျိယန်ပြောပြလျှင်တောင်မှသူမနားလည်မည်မဟုတ်မှန်းသိပေမဲ့ သူခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီးညင်သာစွာပြောလိုက်သေးသည်။


"ကိစ္စမရှိပါဘူး...အခုကနေစပြီးတော့ကိုယ်တို့နောင်နောင့်ကိုကြည့်ရှုစောင့်ရှောက်ပေးမယ်...သူမကိုထောက်ပံ့ပေးမယ်လေဘယ်သူကမှသူမကိုအနိုင်ကျင့်ရဲမှာမဟုတ်တော့ဘူး..."


ထန်ထန်ကလဲစိတ်အားထက်သန်စွာခေါင်းညိမ့်လိုက်ပြီး...


"အခုကနေစပြီးကျွန်မနောင်နောင့်အတွက် စားစရာတွေချက်ပေးမယ်...သူမအတွက်အဝတ်အစားတွေလဲဝယ်ပေးမယ် သူမကကစားဖို့အရုပ်တွေလဲဝယ်ပေးမယ်...သူမကအဖော်မဲ့အထီးကျန်တဲ့ကလေးလေးဘယ်တော့မှဖြစ်တော့မှာမဟုတ်ဘူး...အခုကျွန်မမှာကိုယ်ပိုင်လုပ်ငန်းတွေလဲရှိနေပြီ...

ဒါကပိုက်ဆံအများကြီးမရဘူးဆိုပေမဲ့နောင်နောင့်လိုက‌လေးလေးတယောက်ကိုတော့ပြုစုပျိုးထောင်နိုင်ပါတယ်..."


ကျိယန်နှလုံးသားထဲမှနွေးထွေးမှုကိုခံစားလိုက်ရပြီးပြုံးလိုက်မိသည်။ သူထန်ထန်၏ရိုးသားကြင်နာမှုများကိုအလွန်နှစ်ခြိုက်လာပေသည် သူမနှင့်တွေ့ရခြင်းကအခက်အခဲဒုက္ခအားလုံးကိုပြေပျောက်သွားစေသည်။အချိန်အကြာကြီးရုန်းကန်ခဲ့ရမှုများ ပြီးနောက်နောက်ဆုံးတွင်ပျော်ရွှင်မှုကိုလက်ခံရရှိခဲ့ပေပြီ။