Part 577
နွေလယ်ညများတွင် ကွန်မြူနတီအဖွဲ့ဝင်များသည် အအေးဓာတ်ခံစားရန် ပြေးထွက်လာကြပြီး ပုစဥ်းရင်ကွဲ ရှာခြင်းနှင့် အဆုံးသတ်ကာ လမ်းတွင် ရင်းနှီးသူများနှင့် စကားစမြည်ပြောကြသည်။ ရွာအနောက်ဘက်ကို နှစ်ယောက်သား ဖြတ်သွားသောအခါ ဟဲလောင်ဆန်းဆဲရေးတိုင်းထွာနေသည်ကို တွေ့လိုက်ရ၏။
"ငါ့အစာကို ဘယ်ကောင် ခိုးတာလဲ...ငါ့အစာက ဘယ်သူနဲ့ဘာဆိုင်လို့လဲကွ"
သူက လင်းလန်နှင့်ဟန်ချင်စုန့် အနား ကပ်လာသည်ကို မြင်လိုက်ရချိန် အလျင်အမြန် လှည်ပြီး ထွက်သွားလေသည်။
၎င်းတို့နှစ်ဦးသည် ရေမြောင်းပြဿနာနှင့် ပတ်သက်၍ ငြင်းခုံမှုများ ကြုံတွေ့ခဲ့ရဖူးသည်။
အိမ်ထောင်စုများစွာသည် တစ်ခုနှင့်တစ်ခု ကပ်လျက်နေထိုင်ကြပြီး အညစ်အကြေးများကိုနှစ်ဖက်စလုံး နံရံ၏အပြင်ဘက်မှ စွန့်ထုတ်နိုင်ကာ အလယ်တွင်ရှိသော အိမ်များကမူ အိမ်တစ်အိမ်စီ၏ ရေမြောင်းများမှတစ်ဆင့်သာ အိမ်ရှေ့မှ စွန့်ထုတ်နိုင်သည်။ သို့သော် ရေမြောင်းရှိရမည့်နေရာတွင် ကောက်ရိုးပုံလုပ်ခြင်းဖြင့်သော်လည်းကောင်း အသောင်းပြောင်းအထွေထွေအရာများစုပုံ၍ သော်လည်းကောင်း ရေမြောင်းများကို မိမိကိုယ်ပိုင်အကျိုးအတွက် သိမ်းပိုက်ထားသူများ အမြဲရှိနေပေသည်။ ရွာကလူတွေကို ရေမြောင်းတွေ တူးရန်အကြိမ်ကြိမ် စီစဉ်ပေးခဲ့သော်လည်း တချို့လူတွေက စုပေါင်းအလုပ်ဟု ထင်ပြီး အလုပ်မှတ်မရသည့်အတွက် ပါဝင်ချင်စိတ် မရှိကြပါချေ။
ဟန်ချင်စုန့် လင်းလန်၊ ကလေးတွေနှင့်အတူ လျှောက်သွားခဲ့သည်။ လမ်းတွင် သူ ဟန်ရုံဖန် နှင့် ခဏတာ စကားစမြည်ပြောဆိုခဲ့သည်။ထိုလူများ ရန်ဖြစ်နေသည်ကို ကြားသောအခါတွင် သူက စိတ်မဆိုးဘဲ ဝမ်းသာသွားသည်။
လင်းလန် အလွန်သိချင်နေပြီးမေးလိုက်၏။ "အတွင်းရေးမှူး ဘာလို့ အရမ်းပျော်နေတာလဲ"
ဟန်ရုံဖန်က အနည်းငယ် ထူးထူးခြားခြား ပြုံးပြီးဆိုသည်။
"မင်းရဲ့ ဒုတိယသားလေးက ဒီတစ်ကိုယ်ကောင်းဆန်တဲ့ အရာတွေကို ရှင်းပစ်ဖို့ အကြံတစ်ခု ပေးခဲ့တယ်"
လင်းလန်လည်း ရယ်လိုက်၏။
သူမတို့မိသားစု၏ အားဝမ် နှင့် ဟန်ရုံဖန်တို့က သူငယ်ချင်းအဖြစ် ဆက်ရှိလာဦးမည်၊ ကိစ္စတွေကို ရံဖန်ရံခါ အတူတူဆွေးနွေးကြမည်ဟု သူမ မမျှော်လင့်ထားခဲပေ။
သူမနှင့် ဟန်ချင်စုန့်တို့ စကားပြောရင်း ကလေးများကို အိမ်ပြန်ခေါ်သွားကြသည်။ညီအကိုမောင်နှမများမရှိလျှင် ရှောင်ရှင်းနှင့်ရှောင်ဝမ်တို့ ပုစဥ်းရင်ကွဲရှာရာတွင် ပျော်စရာမရှိသောကြောင့် အားလုံးအတူတူအိမ်ပြန်ခဲ့ကြသည်။
မိုင်စွေ့နှင့်အားဝမ်တို့က စာစီစာကုံးရေးပြီးသွားခဲ့ပြီး လင်းလန်ကို အကြံဥာဏ်ပေးရန် ကမ်းလှမ်းလာသည်။
လင်းလန်က ၎င်းကို ကြည့်ပြီး ပြုံးပြုံးလေးနှင့် ဆိုလိုက်၏။
"မင်းတို့နှစ်ယောက် စာရေးတာ အရမ်းကောင်းတယ် ...သေချာပေါက် ဆုရလိမ့်မယ်"
ယခုအချိန်တွင် ပညာရေး အရည်အသွေးကို တန်ဖိုးမထားဘဲ အထူးသဖြင့် ကျေးလက်ကလေးများတွင် မူလတန်းကျောင်းမှာ စာစီစာကုံတွေရေးရန်နေနေသာသာ စာရေးတတ်သူပင်မရှိချေ။ မိုင်စွေ့က ချစ်ခြင်းမေတ္တာကို အဓိကထားကြောင်း သူမမြင်ခဲ့ပြီး အားဝမ်က လက်တွေ့ကျသော စီးပွားရေးကဏ္ဍများကို အဓိကထားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ကောင်းကောင်းရေးထားကြသည်။
သူတို့၏ စာစီစာကုံးက လင်းလန်ကို "ငါတို့ရဲ့မွေးရပ်မြေ၊ မျှော်လင့်ချက်လယ်ကွင်းမှာ..." ဆိုသည့်သီချင်းစာသားကို အမှတ်ရသွားစေသည်။
စန်းဝမ်၏ ခဲတံဖင်က ပြတ်တော့မတတ် အကိုက်ထားရပြီး စိုးရိမ်တကြီးနှင့် ခေါင်းကို ကုတ်နေ၏။
တဝမ်က ခေါင်းမကုတ်သော်လည်း သူ့မျက်နှာက လေးနက်နေပြီး မျက်ခုံးမွှေးတွေကစုကျုံ့နေကာ သူတော်တော်လေး စဥ်းစားရကြပ်နေသည်ကို ပြသနေသည်။
ယခင်က သူ စာစီစာကုံး ရေးခဲ့ဖူး၏။ အများစုက ဒိုင်ယာရီနှင့် အပတ်စဉ် မှတ်တမ်းတွေသာဖြစ်ပြီး မိသားစုထဲမှာ စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတွေ သို့မဟုတ် အဖေ၊ အမေ၊ ဆရာ၊ စသဖြင့် သို့မဟုတ် အတိအကျ လူတစ်ယောက်အကြောင်းဖြစ်ပြီး ရေးက လွယ်လေသည်။
သို့ပေမဲ့ ယခု ကျွန်ုပ်၏မွေးရပ်မြေအကြောင်းရေးရန် နည်းနည်းစိုးရိမ်နေမိ၏။ နယ်ပယ်က ကြီးလွန်းတော့ ဘာရေးရမလဲ...
လင်းလန်က ကလေးတွေကို စေတနာဖြင့် အသီးအနှံတွေ လာပေးသည်။
"မက်မွန်သီးနည်းနည်းစား...ခံတွင် ချိုချို၊
နှလုံးသားချိုချိုနဲ့ ခဏနေရင် စာကောင်းကောင်း ရေးနိုင်လိမ့်မယ်"
ရှောင်ဝမ်ကလည်း ပုံဆွဲရန် ခဲတံနှင့် စာရွက်ကို ယူကာ ရှောင်ရှင်းကို သင်ပေးသည်။
ခဲတံကို အနေအထား မှန်အောင်ကိုင်ထားပြီး သူ့ကိုလည်း ဆေးခြယ်ခိုင်းလိုက်၏။
ရှောင်ဝမ်၏ ပန်းချီပုံစံသည် သစ်ပင်ထိပ်များပေါ်မှ လေတိုက်၊ ရေပေါ်တွင် လေတိုက်၊ သစ်ရွက်များက ပျံဝဲ၊ကြက်၊ ဘဲ၊ ငန်း၊ ခွေးများက အော်မြည်နေ၊ ပန်းများပွင့်လာသောအခါ ပျားများ တဖျပ်ဖျပ်ခတ်လျက်၊ မီးခိုးများ တက်လာသောအခါ ငှက်များ ပျံဝဲနေ၊ နှံကောင်တွေ ကခုန်နေ၊ ဘေးမှာ စောင့်နေသည့် ရှိခိုးကောင်းတွေ ရှိသည်... နောက်ဆုံးမှာ သူတို့အိမ်ကိုဆွဲလိုက်ပြီး ခြံကြီးထဲမှာ မိသားစုက စားပွဲဝိုင်းမှာ ဝိုင်းဖွဲ့စားသောက်နေကြသည်။ မတ်မတ်ထိုင်နေသည်က အဖေနှင့်အစ်ကိုကြီး၊ ပြုံးရယ်နေသည့်မျက်နှာက မားမား၊ အလယ်မှာ ပြုံးနေသည့် မျက်နှာက အစ်မနှင့် ဒုတိယအစ်ကို၊ သွားတွေကို မမြင်ရသည့်သူက တတိယအစ်ကို၊မျက်မှန်တပ်ထားသူက သူကိုယ်တိုင်ဖြစ်၏။
ပန်းချီကားသည် လက်တွေ့မကျသော်လည်း ၎င်းက သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းဖြစ်ပြီး ခံစားမှုရသကပါဝင်နေဆဲဖြစ်သည်။
အနှီကလေးက အသံတွေ ဆွဲနေသည်ဟု လူတွေကို ခံစားရစေ၏။
ရှောင်ရှင်းက သူ့ကိုယ်ပိုင်အိမ်ကိုဆွဲသော်လည်း သူမည်ကဲ့သို့ဆွဲရမည်ကိုမသိပေ။၎င်းသည် လူ့ဦးခေါင်းကဲ့သို့ အတွင်းဘက်တွင် စက်ဝိုင်းအနည်းငယ်ပါသည့် စတုရန်းဘောင်တစ်ခုသာဖြစ်လေသည်။ထို့နောက် သူ၏မွေးရပ်ဇာတိဖြစ်သည့် မြစ်များနှင့် သစ်ပင်များကို ရေးဆွဲသည်။
ရှောင်ရှင်းက ရှောင်ဝမ်၏ ပန်းချီကားတွေကို ကြည့်လိုက်၏။ အိမ်ကြီးကြီးတစ်လုံးဆွဲလျှင်ကို စာရွက်တစ်ရွက် အပြည့်ရှိနိုင်ပေမဲ့ ရှောင်ဝမ်က အများကြီးဆွဲထားလေသည်။
သူ ရုတ်တရက် သတိထားမိသွားသည်။
"ရှောင်ဝမ် ဘာလို့ ငါမပါတာလဲ "
ရှောင်ဝမ်က " အဘွားတို့ မိသားစုကို ဆွဲတဲ့အခါ မင်းကို ငါ ထည့်ဆွဲမယ် "
ရှောင်ရှင်းလည်း ထိုအကြောင်းကို တွေးလိုက်၏။
နောက်ဆုံးမှာ တဝမ်နှင့် စန်းဝမ်တို့လည်း ရေးပြီးသွားပြီး အိပ်ရန် အနွေးကုတင်ပေါ်တက်သွားကြသည်။
သူတို့မီးမှုတ်နေစဉ် လင်းလန် သူတို့ရေးထားသည်များကို ကြည့်ရန် တဝမ်နှင့်စန်းဝမ်တို့၏ စာအုပ်များကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
နောက်ဆုံးမြင်လိုက်ရသည့်အခါ သူမ ထရယ်မိလုနီးပါးပါပင်။ သူတို့နှစ်ယောက်က တကယ့်ကို ညီအကိုတွေဖြစ်၏။
စန်းဝမ်က ညစာစားတုန်းမှာ ပြောသည်ကို ကောက်နှုတ်၍ အရေးကြီးဆုံးတွေကို ချရေးလိုက်ကာ စာလုံးရေ 300ဖြစ်အောင်လုပ်ထားပြီး ပိုလည်းမပို လိုလည်းမလို ကွက်တိဖြစ်ချေသည်။
တဝမ်က စီရင်စုတစ်ခုနှင့်ခရိုင်တစ်ခုကဲ့သို့သော ညစာစားတုန်းက စကားလုံးများကို အကျယ်ချဲ့ထွင်ကာ ပို၍အသေးစိတ်ကျအောင်ရေးလိုက်၏။ဥပမာ တောင်တန်းမြစ်များ၊ ရွာတွင် လူမည်မျှ၊ ကေဒါဘယ်နှစ်ယောက်၊ ကျောင်းသားမည်မျှ၊ ရွာကလူတွေ ဘယ်လိုကြီးပွားအောင်လုပ်၊ဘယ်လို စားသောက်ပြီး ပျော်အောင်နေ … နွေ၊ နွေဦး၊ ဆောင်း၊ မိုး၊ နှင်း စသဖြင့်။
နောက်ဆုံးရွှေဝါကျအနှစ်ချုပ်:အိုး ကျွန်ုပ်မွေးရပ်မြေက အလွန်လှ၏။ကျွန်ုပ်မွေးရပ်မြေကို ကျွန်ုပ်ချစ်သည်။
လင်းလန် ဇယားကွက်အတိုင်း ရေတွက်လိုက်သည်၊ အပိုအလိုမရှိ စာလုံးရေ ၆၀၀ ကွက်တိဖြစ်ပြီး စကားလုံးတစ်လုံးမှ မဖြုန်းတီးခဲ့ပေ။
လင်းလန် "..." ဒီ...
ဟန်ချင်စုန့်က အနွေးကုတင်ပေါ်မှာ ခြင်ထောင်ကို ချနေစဥ် သူမ ပုခုံးတွေ လှုပ်အောင်ရယ်နေသည်ကို တွေ့သောအခါ သတိပေးလိုက်၏။
"အိပ်ချိန်ရောက်ပြီ"
လင်းလန်က အနွေးကုတင် ပေါ်တက်ပြီး စာအုပ်ကို သူ့ပြလိုက်သည်။
"စန်းကော ကြည့်ပါဦး... တကယ်ကို ရှင့်သားတွေပဲ"
ရှင့်အတိုင်းပဲ...
ဟန်ချင်စုန့် သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူမလက်ထဲကဟာတွေကို ငုံ့ကြည့်ကာ ဝန်ခံလိုက်ရ၏။
"...ကိုယ်ရေးနိုင်တာထက်စာရင် ပိုကောင်းတယ်"
လင်းလန်က တခစ်ခစ်ရယ်ရင်း ထမင်းစားတုန်းက သူပြောသည့်စကားကို ပြန်ပြောလိုက်မည်ပြုသော်လည်း ဟန်ချင်စုန့်က ခေါင်းငုံ့လာပြီး သူ၏ပူလောင်ပြင်းပြသော အနမ်းများက သူမ၏လည်တိုင်းဘေးသို့ သက်ဆင်းကာ သူမကို တုန်ယင်သွားစေသည်။ သူမဘာမှ ပြန်မပြောနိုင်ဘဲ အခန်းထဲတွင် ညှို့ငင်နိုင်သော အသက်ရှုသံများသာ ထွက်ပေါ်လာသည်။
.........
စာရေးသူမှာ ပြောစရာရှိပါတယ်
ဟန်ချင်စုန့် :အစည်းအဝေးတွေမှာပြောတဲ့ ရှည်လျားတဲ့ မိန့်ခွန်းတွေအားလုံးက ငယ်စဉ်ကတည်းက စာစီစာကုံးရေးရင်း လေ့ကျင့်ခဲ့တာပါ...
တဝမ် : စာစီစာကုံးဆိုတာက ဆရာက ကျောင်းသားတွေအတွက် အခက်အခဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့အရာပါ...
စန်းဝမ်: ဟုတ်တယ်... အပြည့်ရေးရင် စာကြောင်းတစ်ကြောင်းမှာ စကားလုံး ၈၀၀ ရေးရမယ်...
တဝမ် : ကျွန်ုပ်၏မွေးရပ်မြေက ဒီလိုပဲလေ ...ဘာရေးစရာရှိလဲ...
စန်းဝမ်: ဟုတ်တယ်...စာစီစာကုံးရေးနိုင်တဲ့သူတွေက လေအိုးတွေပဲ...
...
လင်းလန် : မင်းတို့က စာစီစာကုံးမရေးတတ်တဲ့သူတွေ...
မိုင်စွေ့ : စာစီစာကုံးမရေးတတ်တဲ့သူတွေ...
အားဝမ်: စာစီစာကုံးမရေးတတ်တဲ့သူတွေ
...
ရှောင်ရှင်း : စာစီစာကုံးမရေးတတ်တဲ့သူတွေ...
ရှောင်ဝမ် : အစ်ကို မင်း အဖွဲ့မှားနေတယ်...
Xxxxxxxxx
Part 578
နောက်နေ့မနက်...
ကလေးများ မနက်လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသောအခါ လင်းလန်က သီချင်းတစ်ပုဒ်ကို ညည်းနေသည်။
"ငါတို့ရဲ့မွေးရပ်မြေ မျှော်လင့်ချက်လယ်ကွင်းမှာ..."
မိုင်စွေ့နှင့်အားဝမ်တို့၏ စာစီစာကုံးများနှင့် ဆက်စပ်ပြီး သီဆိုမိခြင်းပင်။ သူတို့၏ စာစီစာကုံး အားမာန်အပြည့်နှင့် စိတ်အားတက်ကြွစေပြီး သူမ ခံစားကြည့်တိုင်း ၎င်းကို တွေးတောမိစေသည်။
ထိုအသံကို ကြားသောအခါ စန်းဝမ်၏ မျက်လုံးများ တောက်ပလာသည်။
သူတို့ပြန်လာသည်ကိုမြင်ရာတွင် လင်းလန် တဝမ်နှင့်စန်းဝမ်တို့ကို ဉာဏ်အလင်းဖွင့်ပေးရန်အတွက် သင်ခန်းစာလေးတစ်ခုပေးခဲ့ရ၏။
"ဆောင်းပါးတွေရေးတဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုက ရှိစမြဲပဲ... ဆရာက ကျွန်ုပ်မွေးရပ်မြေကို ဖော်ပြဖို့ တောင်းဆိုတယ်... တကယ်တော့ အဲ့ဒါကို ခံစားချက်နဲ့ သူစိမ်းတွေနဲ့ မိတ်ဆက်ပေးစေချင်တာ...မွေးရပ်မြေရဲ့ ယေဘုယျရှုခင်းက ဘယ်နေရာမှာ အလှပဆုံးလဲ... ဘယ်လိုပုံစံလဲ...ကိုယ့် ငမွေးရပ်မြေရဲ့ ဓလေ့ထုံးတမ်းတွေ...ကိုယ့်မွေးရပ်မြေမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုတွေ ဘာတွေရှိလဲ... ဒါတွေကတစ်ဆင့် ချီးမွမ်းဖို့ လိုတယ်…”
ကျောင်းက ခိုင်းသည့်အတွက် မှန်ကန်မှုလည်းရှိရပေမည်။
"လုပ်သားများရဲ့ ရှေ့သို ဦးဆောင်ချီတက်နေသည့် စိတ်ဓာတ်ကို ချီးမွမ်းပေးရမယ်..."
နောက်ပိုင်းတွင် ဦးဆောင်မှုအောက်တွင်ရှိသောလူများအနေဖြင့် ကျွန်ုပ်တို့၏ကြီးမြတ်သောခေါင်းဆောင်များကို မည်သို့မည်ပုံ ကျေးဇူးတင်ကြောင်းနှင့် အစသဖြင့် ဤအကြောင်းအရာများကို ဆရာက ထပ်လောင်းပြောပေလိမ့်မည်။ သူမက ထပ်ပြောလိမ့်မည်မဟုတ်ပေ။
ထိုကဲ့သို့ ရှင်းပြပြီးနောက် တဝမ်နှင့်စန်းဝမ်တို့ အနည်းငယ် ဉာဏ်အလင်းရလာသည်၊ ဆိုလိုသည်မှာ သူတို့အနေဖြင့် ရှုခင်းအကြောင်းရေးပြီး လူများအကြောင်းရေးကာ ၎င်းနောက် သူတို့၏ခံစားချက်များကို ဖော်ပြ၍ တစ်စုံတစ်ရာကို ချီးကျူးပေးရမည်။
သဘောပေါက်ပြီ...
သူတို့က အမှားပြင်ရန် အချိန်ယူ၍ နံနက်ပိုင်း နောက်ဆုံး တရုတ်စာသင်ချိန်၌ စာရေးခြင်း ပြီးဆုံးကာ ပထမအကြိမ်အမှတ်ခြစ်ရန်အတွက် ဆရာ့ထံ လွှဲပြောင်းပေးခဲ့သည်။
မိုင်စွေ့နှင့်အားဝမ်တို့၏ သီကုံးမှုကို ကြည့်ပြီး ဟန်ချင်းဖျင်က ထပ်ခါတလဲလဲ ချီးမွမ်းခဲ့၏။
"အားဝမ်နဲ့မိုင်စွေ့ ရေးတဲ့ စာစီစာကုံးကို ကြည့်လိုက်ရင် စကားလုံးတွေက လှပပြီး ဆန်းသစ်တယ်...ဖော်ပြပုံက ကဗျာဆန်တယ်...ချစ်စရာကောင်းတယ်... ဇာတ်ကောင်တွေက ကွက်ကွက်ကွင်းကွင်းရှိပြီး ခံစားချက်တွေ ပြည့်နှက်နေတယ်...သဘာဝတရားလည်းကျတယ်... အရှိန်အဟုန်က လိုက်လျောညီထွေ ဖြစ်တယ်...မင်းတို့လည်း ကြိုးစားလေ့လာရမယ်”
သူက သူတို့နှစ်ယောက်ကို လူတိုင်း နောက်ကလိုက်နိုင်အောင် သီးခြားစီ ဖတ်ခိုင်း၏။
တခြားကျောင်းသားတွေ၏ စာရွက်နှစ်စောင်ကလုံလောက်ထားပြီး ကျန်သည့် စာရွက်များက အခြေခံအားဖြင့် လျစ်လျူရှုထားခံရသည်။သူ သူတို့ကိုလိုအပ်ချက်အားပြောပြပြီး ပြန်ရေးခိုင်းလိုက်သည်။
တဝမ်ရေးထားသည်ကိုတွေ့သောအခါ ဟန်ချင်းဖျင်က ခေါင်းညိတ်ပြီးဆို၏။
"အင်း... ဒီဟာလည်း ကောင်းတယ်... စိတ်ခံစားမှုဆိုင်ရာ ရှင်းလင်းချက်တွေနဲ့ ပြည့်စုံပြီး အသေးစိတ်တွေက သင့်လျော်တယ်... ရွာရာဇဝင်ကို တည်းဖြတ်ရင် ဖိုင်ထဲမှာ ထည့်လို့ရတယ်... ဒီရှင်းပြချက်တွေကို လျှော့ပြီး မင်းရဲ့မွေးရပ်မြေအကြောင်း ဖော်ပြချက်နည်းနည်းထပ်ထည့် ဒါမှမဟုတ် ဒီနေရာက လူတွေအကြောင်း ထပ်တိုးလိုက်ဖို့ပဲလိုတယ်"
သူ့အစ်ကိုကြီးက ချီးကျူးခံရသည်ကိုမြင်သောအခါ စန်းဝမ်က စိတ်လှုပ်ရှားစွာ သူ့လက်ကိုမြှောက်လိုက်သည်။
"ဆရာ ကျွန်တော်လည်း ရေးထားတယ်"
ဟန်ချင်းဖျင် အတော်လေး ဝမ်းသာသွား၏၊ "ကျောင်းသားစန်းဝမ်က သင်ယူရတာကို အများကြီး ကြိုက်တာပဲ.. ဂုဏ်ယူပါတယ်"
သူက ယူဖတ်လိုက်သောအခါ ပထမစာကြောင်းမှာတင် ချက်ချင်း ချီးမွမ်းတော့သည်။
"ကောင်းလိုက်တဲ့ ဆောင်းပါးပဲ"
စန်းဝမ် ပျော်ရွှင်မှုတွေတလက်လက်ဖြာနေ၏။
ဟန်ချင်းဖျင်က ဖတ်လိုက်သည်။
"ကျွန်ုပ်တို့၏မွေးရပ်မြေ၊မျှော်လင့်ချက်နယ်ပယ်ထဲတွင် ပဲပိစပ်၊ နှံစားပြောင်း ၊ ကောက်နှံတိုင်ကီ၊စပါးကျီများဖြင့် ပြည့်နှက်နေသည်... ကျွန်ုပ်တို့၏ စိတ်ကူးများ ၊မျှော်လင့်ချက်နယ်ပယ်မှာ အတွေး တောင်ပံများဖြင့် အသိပညာ၏ သမုဒ္ဒရာကြီးဖြစ်သည်.... ...ကျွန်ုပ်တို့၏ပါတီက တောက်ပသည့် အရှေ့အရပ်မှာ တောက်ပသည့် မျှော်လင့်ချက်တွေကို ကြဲပြီး ဧရာမသင်္ဘောကြီးကို ဦးဆောင်ခဲ့သည်... ကျွန်ုပ်တို့၏ အမိမြေသည် ကျွန်ုပ်တို့၏ မွေးရပ်မြေ၊ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့် ကျွန်ုပ်တို့၏ စံနမူနာဖြစ်ပေသည် ..."
ဟန်ချင်းဖျင်က ဆက်တိုက် ဟုတ်လိုက်လေ၊မှန်လိုက်လေပြုနေပြီး စန်းဝမ် ကျေနပ်သွားခဲ့သည်။
ဟန်ချင်းဖျင်: "ကျောင်းသားစန်းဝမ်... မင်း ဒီလောက်ကောင်းတဲ့ စကားပြေကို ဘယ်လိုရေးတာလဲ"
စန်းဝမ်: "..."
ငါ ဘာရေးထားမှန်း မသိဘူး...ဘယ်လိုရေးခဲ့မှန်းတောင် မသိဘူး...မားမား သီချင်းဆိုပြပြီး ငါက ခံစားချက်တွေကို လိုက်ရင်း အိပ်မက်တစ်ခုလို ရေးလိုက်တာ...
"ကျောင်းသား စန်းဝမ်..."
စန်းဝမ်က ခဏလောက်စဉ်းစားပြီး ဆရာ့ကိုလှည့်စားရန် သူ့အမေ၏စကားသုံးလိုက်၏။
"ဆရာ ရှုခင်းအကြောင်းရေးပါ၊ ခံစားချက်တွေကိုရေးပါ၊ ချီးကျူးပါ၊ ပါတီနောက်ကိုလိုက်ပါ..."
"အရမ်း ကောင်းတယ်... မင်းက ဆောင်းပါးတစ်ပုဒ်ရေးခြင်းရဲ့ အနှစ်သာရကို ဖမ်းမိတာပဲ”
ဟန်ချင်းဖျင်က စိတ်လှုပ်ရှားစွာဆိုလိုက်သည်။ “ကျောင်းသားတွေအကုန်လုံး နည်းနည်းလောက် သင်ယူကြပါ...စန်းဝမ်ရဲ့ အဆင့်တွေက မထူးချွန်ပေမဲ့... သူက အရမ်းစဉ်းစားတတ်တယ်”
မိုင်စွေ့နှင့်အားဝမ်တို့က အကြည့်ချင်းဖလှယ်ကြပြီး အတော်လေး အကူအညီမဲ့နေကြသည်။ စန်းဝမ်က ဖားတဲ့နေရာမှာ ဒီလောက်တော်မှန်းသူတို့ဘာလို့မသိခဲ့ရတာလဲ...
တဝမ်က သူ့စာသူကြည့်ကာ တိတ်ဆိတ်စွာ စကားအနည်းငယ်ထပ်ထည့်လိုက်ပြီး ယင်းက နောက်ဆုံးတွင် ဤသို့ဖြစ်လာသည်။ –ကျွန်ုပ်၏မွေးရပ်မြေကို ချစ်သည်၊ ကျွန်ုပ်တို့ပါတီကို ချစ်သည်။
(T/N— သူတို့ပြောနေတဲ့ပါတီက မော်စီတုန်းဦးဆောင်တဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီပါ)
မွန်းတည့်ချိန်တွင် လင်းလန်သိသွားသောအခါ ရူးအောင် ရယ်မိမတတ်ဖြစ်သော်လည်း သူမ အလွန်အလေးအနက်ဖြစ်ဟန်ဆောင်ကာပြောလိုက်၏။ "လူတိုင်းမှာ ကိုယ်ပိုင်စာရေးနည်းကိုယ်စီရှိကြတဲ့အတွက် အတူတူဖြစ်ဖို့ အတင်းအကြပ်လုပ်စရာမလိုဘူး... ပုံစံကို ထိန်းသိမ်းရင်း ကိုယ့်ကိုယ်ပိုင် ပင်ကိုယ်စရိုက်အတိုင်း အပြည့်အဝလုပ်ဆောင်ပါ"
နိုင်ငံရေး မှန်ကန်မှုက အမှားမရှိသရွေ့ ကလေးများသည် ၎င်းတို့၏ တစ်ဦးချင်း စရိုက်ကို ထိန်းသိမ်းနိုင်မည်ဟု သူမ မျှော်လင့်နေဆဲ ဖြစ်သည်။
နေ့ခင်းဘက်တွင် ကလေးများ၏စာစီစာကုံးများကို ပြန်လည် ပေးအပ်ခဲ့ပြီး ဟန်ချင်းဖျင် ၎င်းတို့အား ချီးကျူးခြင်းကို မရပ်တန့်နိုင်ပေ။တဝမ်နှင့်စန်းဝမ်၏ အက်ဆေးများကို များစွာ ချီးကျူးခဲ့ပြီး ပြိုင်ပွဲအတွက် မိုင်စွေ့နှင့်အားဝမ်တို့၏ စာစီစာကုံးများနှင့်အတူ တင်သွင်းရမည်ဟုဆိုသည်။
ညနေခင်းတွင် လင်းလန်နှင့်ဟန်ချင်စုန် ကလေးတွေ၏စာစီစာကုံးအကြောင်း အတင်းတုပ်ပြီး ထိန်းမနိုင်သိမ်းမရ ရယ်မောကြသည်။
သူမကိုမြင်တိုင်း ဟန်ချင်စုန့်၏ဘာကိုမှဂရုမစိုက်ဟန်မျက်လုံးတွေက အပိုဆောင်း ပျော့ပျောင်းမှုလေးများရှိလာစမြဲပင်။သို့ရာတွင် ရုတ်တရက် သူကဆိုလာသည်။
"ကိုယ် မင်းရဲ့ထောက်ခံသူဖြစ်ပေးမယ်... မင်း ပါတီထဲကို ဝင်ချင်လား"
လင်းလန် အံ့အားသင့်သွားခဲ့ပြီး အလေးအနက်ပြောလိုက်၏။
"ပါတီထဲဝင်ဖို့ ကောင်းတာပေါ့... ဒါပေမဲ့...ရှင်ပါတီအခွန်အခတွေ ပေးရသေးတယ်လေ... ဘယ်လိုလဲ... နောက်မှပြောကြရင်ရော "
စန်းကော... ရှင် စိတ်ကူပေါက်ရာတွေလုပ်လို့မရဘူးနော်...
သူမအနေဖြင့် ယခုအချိန်တွင် အတည်တကျအလုပ်မရှိ၊ သူမဘာလုပ်နေသည်ကိုလည်း မပြောနိုင်ဘဲ ပါတီထဲဝင်ပြီးပါက ပါတီကြေးပေးဆောင်ရမည်ဖြစ်ပြီး ၎င်းသည် မတန်ပါချေ။ အမှန်တွင် ယခင်ဘဝက လူထုအဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူမက လွတ်လပ်ပြီး စည်းကမ်းမဲ့တဲ့ အကျင့်ကို ကျင့်သားရနေပြီဖြစ်သည်။ ပါတီထဲဝင်ပြီးပါက သူမ လျာရှည်လွန်းသည်ဟု အမြဲခံစားနေရပေလိမ့်မည်။
အတွေးအခေါ် အသိအမြင် မြင့်မားရမည်၊ ကိုယ့်ကိုကိုယ် တင်းတင်းကြပ်ကြပ် ကြပ်မတ်ရန်လိုသည်။
အရေးကြီးဆုံးက နောက်ကျတဲ့အထိ အိပ်လို့မရရင် ဘယ်လိုလုပ်မလဲ...
Xxxxxxxx