အပိုင်း ၅၈၁-၅၈၂
Viewers 37k

Part 581


ဇူလိုင်လနှောင်းပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်ရထားသူ ဟောင်ယွမ်သည် ရှန်ရွေ့ကျေးရွာ၏ ကောင်းချီးမင်္ဂလာကိုခံယူကာ   ပြည်နယ်မြို့တော်သို့ သွားရောက်ပညာသင်ကြားခဲ့ပြီး  ပညာတတ်လူငယ်အဖွဲ့အသစ်တစ်ဖွဲ့သည်လည်း ကျေးလက်ဆင်းရန် ရှန်ရွေ့ရွာသို့ ရောက်လာခဲ့သည်။


ယနေ့တွင် လင်းလန် သူတို့၏ တပ်မဟာ ရက်ကန်းရုံကို ကြည့်ရန် လင်းမိန်၏ အိမ်ကို စက်ဘီးဖြင့် သွားခဲ့သည်။ ယန်ယန်က ထိုနေရာတွင် ကောင်းစွာလုပ်ဆောင်ခဲ့ပြီး လင်းမိန်၏အိမ်တွင် နေ့စဉ်ပုံမှန်နေထိုင်ကာ ချောင်ချောင်နှင့် တည့်တည့်ရှုရှုရှိခဲ့သည်။ချောင်ချောင်နှင့်ဟောင်နန် တို့ကလည်း ကျောင်းတက်ကြပြီး ချောင်ချောင်က ကျောင်းတက်နေစဉ်တွင်ပင် ရက်ကန်းယက်ခဲ့ကာ ကျန်းယောင်ကျူးပင်လျှင် ရိုးရှင်းသော ဂျက်ကတ်ပုံစံများကို ဒီဇိုင်းများဖန်တီးရန် ကြိုးစားအားထုတ်ခဲ့သည်။ ယက်လုပ်သည့်အထည်များသည် ရိုးရှင်းပြီး လှပကြသဖြင့် ကွန်မြူနတီထဲတွင် အလွန်ရေပန်းစားသည်။ 


ယခုအခါ ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမများသည် ၎င်းတို့၏အထည်များကို ရောင်းချရန် ကြိုးပမ်းလာကြပြီး ခရိုင်အတွင်းရှိ အထည်အလိပ်စက်ရုံများသည်လည်း ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်လာကြသည်။


တစ်ခုတည်းသောပြဿနာမှာ ထုတ်လုပ်မှုကန့်သတ်ချက်ဖြစ်သည်။တကယ်တမ်းတွင် ကုန်ကြမ်း၊ လုပ်အားနှင့်မူဝါဒများအပေါ် ကန့်သတ်ချက်များရှိသော်လည်း ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးသည်အထိ ကောင်းမွန်မည်ဟု လင်းလန် ယူဆသည်။


သူမအိမ်ပြန်ပြီး တပ်မဟာကိုဖြတ်သွာသည့်အခါ တစ်စုံတစ်ယောက်ကခေါ်လာ၏။

 "ကပ္ပတိန်လင်း ဒီကိုလာပါဦး..."


အုပ်ချုပ်ရေးမှူးဖြစ်မှန်း တွေ့သောအခါ  လင်းလန်က စက်ဘီးကိုလှည့်ပြီး စက်ဘီးပေါ်ကဆင်းလိုက်သည်။


 "အုပ်ချုပ်ရေးမှူး ဘာဖြစ်လို့လဲ”


အုပ်ချုပ်ရေးမှူး : "ငါတို့ရွာကို ပညာတတ်လူငယ်တွေ ရောက်လာပြီ ...ဒီတခေါက်တော့ ပိုများတယ်... စုစုပေါင်း ရှစ်ယောက်ကိုးယောက်လောက် ရှိတယ်" 


လင်းလန် အံ့အားသင့်သွားခဲ့သည်။

 " အများကြီးပဲ" 

 

အရင်နှစ်တွေတုန်းက  နှစ်ယောက် သုံးယောက်ပဲ ရှိပြီး အများဆုံး သုံးလေးယောက်ပဲ ရှိ၏။ဒီနှစ် ဘာဖြစ်နေတာလဲ...


လင်းလန် ဟောင်ယွမ်၏ဝမ်းကွဲ ဟောင်ဟုန်ကျန်းကို တွေးမိသောကြောင့် သူမထံ သွားရောက်လည်ပတ်ချင်ခဲ့သည်။


သူမ တပ်မဟာသို့သွားသောအခါ တစ်ဖက်တွင် လူတစ်ဒါဇင်ခန့် ဖရိုဖရဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ချို့က စကာပြောနေကြသည်၊ တစ်ချို့က ပေါ့ပေါ့ပါးပါးနှင့် ရယ်မောကြသည်၊ တစ်ချို့က တိတ်တိတ်လေး  ငိုကြပြီး တချို့က ချစ်ခြင်းမေတ္တာကင်းမဲ့သည့် အကြည့်တွေနှင့် မျက်နှာမဲ့နေကြ၏။ဤအရာတွေအားလုံးကို သူမနားလည်နိုင်သည်။ သင်က ကျေးလက်ဆင်းရန် အဆင်သင့်ဖြစ်နေလျှင် သင်သိသည့်လူတွေကို တွေ့ရပါက သဘာဝအတိုင်းပျော်ရွှင်နေပါလိမ့်မည်။အဆင်သင့်မဖြစ်သေးလျှင် သို့မဟုတ် ကျေးလက်ကိုဆင်းရလျှင် သဘာဝအတိုင်း မတရားခံရသလို ခံစားရပြီး ဆန္ဒမရှိဖြစ်နေပေလိမ့်မည်။ အကြိမ်အနည်းငယ် ငိုသည်က အဆင်ပြေပေသည်။ စင်စစ်အားဖြင့်  သူတို့က ဆယ့်ခြောက်နှစ် ဆယ်ခုနှစ်နှစ်အရွယ် လူငယ်တွေမဟုတ်ပါလော။


ထောင့်စွန်းတွင် အဖြူရောင်အဝတ်အစားနှင့် အနက်ရောင်ဘောင်းဘီရှည် ၀တ်ထားသော လူငယ်တစ်ဦးရှိသည်။သူ့တွင် ချောမောသောအသွင်အပြင်၊နွေးထွေးသောအမူအရာနှင့် စာပေမြတ်နိုးသောပုံစံရှိ၏။


လင်းလန် မနေနိုင်ဘဲ နှစ်ခါပြန်ကြည့်မိလိုက်သည်။သူမ ဟောင်ဟုန်ကျန်းက ဘယ်သူလဲဟုမေးတော့မည်အချိန်တွင် တုန်ဟွိုင်ဟွက 

 သူမကို ဆွဲခေါ်သွားသည်။


တုန်ဟွိုင်ဟွ  နှင့် အုပ်ချုပ်ရေးမှူးက  ပညာတတ်လူငယ်များကို လက်ခံရန်နှင့် ၎င်းတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးရန် တာဝန်ရှိသည်။ရှန်ရွေ့ရွာတွင် ပညာတတ်လူငယ်များအတွက် နေရာမရှိသည့်အတွက် ပညာတတ်လူငယ်အားလုံး တန်းစီစောင့်ဆိုင်းကာ ရွာသူရွာသားများ၏အိမ်များတွင် နေထိုင်ကြရသည်။ ဒေသခံတပ်မဟာများက ပညာတတ်လူငယ်များကို ထိုသို့လက်ခံကြ၏။ပညာတတ်လူငယ်များနေစရာမရှိသည့်တပ်မဟာများတွင် အကုန်လုံး ရွာသူရွာသားများအိမ်များတွင်ပင် စီစဥ်ပေးကြသည်။


ကွန်မြူနတီအဖွဲ့ဝင်၏အိမ်တွင်နေထိုင်ပါက တစ်လလျှင် ယွမ်တစ်ယွမ်ကို ငှားရမ်းခအဖြစ် သတ်မှတ်သည်။


အမှန်တကယ်တွင် အဖွဲ့ဝင်တော်တော်များများက မနာလိုဖြစ်ကြ၏။မည်သို့ပင်ဖြစ်စေ အိမ်မှာ ပညာတတ်လူငယ်တစ်ယောက်နေထိုင်လျှင် အိမ်ယာထောက်ပံ့ကြေး တစ်လကို တစ်ယွမ်ရနိုင်သည်။ အကယ်၍ ပညာတတ်လူငယ်များသည် အိမ်၌ စားသောက်မည်ဆိုပါက ထောက်ပံ့ကြေးအဖြစ် တစ်ရက်လျှင် ရှစ်ဆင့်စာ အစားအသောက်လက်မှတ်များ ပေးရမည်ဖြစ်သည်။ ထို့အပြင် ပညာတတ်လူငယ်များသည် အသိပညာဗဟုသုတရှိပြီး မြို့နှင့် အဆက်အသွယ်ရှိသောကြောင့် ကျေးလက်တွင်မရရှိနိုင်သော လက်မှတ်များစွာကို ရရှိနိုင်သည်။မဂ်လာပွဲအတွက် သို့မဟုတ် တခြားတစ်ခုအတွက် တစ်ခုခုဝယ်ခိုင်းရန် အဆင်ပြေသည်။


ယခုတစ်ကြိမ်တွင် တစ်စုံတစ်ဦး၏မိသားစုသည် ပညာတတ်လူငယ် ရှစ်ဦး သို့မဟုတ် ကိုးဦးကို ဧည့်ခံပေးနိုင်ပါက တည်းခိုခန်းစရိတ်ချည်းကို တစ်နှစ်လျှင် ယွမ် ၁၀၀ ကျော် ရမည်ဖြစ်သည်။


 သူတို့မှာ ဤအရည်အချင်းမရှိသည်က သနားစရာပါပင်။  သူတို့အိမ်တွင် အခန်းနှစ်ခန်းသာရှိပြီး လူကြီးနှင့်ကလေးများ အတူတကွအိပ်ရန်ကို  နေရာမရှိသလောက်ဖြစ်ပြီး ပြင်ပလူများအတွက် အခန်းလည်းမရှိပေ။


ထို့အပြင် ယခင်လူတွေဆီကလည်းသိခဲ့ရ၏။အဖွဲ့ဝင်တချို့၏အိမ်တွေက ညစ်ပတ်နံစော်နေပြီး တစ်မိသားစုလုံးက အနွေးကုတင် တစ်ခုတည်းမှာ  ပြုံတိုးအိပ်ကြကာ ပညာတတ်လူငယ်တွေ သွားသည့်အခါ သီးခြားအခန်းမရှိပေ။


 အကယ်၍ ကွန်မြူနတီအဖွဲ့ဝင်များ နေရာလွတ်မပေးနိုင်ပါက ကေဒါများက ခေါ်ယူရန် စီစဉ်ပေးသည်။ယခုအချိန်တွင် ကေဒါအများစုသည်လုပ်နိုင်စွမ်းမြင့်မားပြီး အခက်အခဲများ ကြုံတွေ့ရသောအခါတွင် ဦးဆောင်ရမည်ဖြစ်ပေသည်။


ထို့ကြောင့် ဌာနခွဲအတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူး၊တုန်ဟွိုင်ဟွ စသည်တို့နှင့် တခြား မိသားစုများအားလုံးသည် နေထိုင်မည့် ပညာတ်လူငယ်များအကုန်ရှိကြပြီး ၎င်းတို့အားလုံး ပြည့်ကျပ်နေသည်။


လင်းလန်: “ဒါဆို ပညာတတ်လူငယ်တွေ တစ်နှစ်ပြီးတစ်နှစ် လာနေတယ်ဆိုရင် ပညာတတ်လူငယ်နေရာတစ်ခု ဆောက်သင့်လား”


အမှန်တွင် ပညာတတ်လူငယ်များကို ကျေးလက်ကို စေလွှတ်ရန် ထောက်ပံ့ကြေးများ ရှိ၏။  ပညာတတ်လူငယ်နေရာတစ်ခု တည်ဆောက်ရန် ငွေအနည်းငယ်ပေးသည်။ သူတို့ရွာက ပညာတတ်လူငယ်တွေအတွက် ထောက်ပံ့ကြေးက နည်းနေသဖြင့်  တပ်မဟာက မကာမိဘဲ အဖွဲ့ဝင်တွေကို ပိုက်ဆံပေးလိုက်ကာ ခွဲဝေတာဝန်ယူခိုင်းခြင်းဖြစ်သည်။သိုပေမဲ့ အခုနောက်ပိုင်း ပညာတတ်လူငယ်တွေ ပိုများလာသောကြောင့် အိမ်နှစ်လုံးဆောက်ရန် ပိုက်ဆံစုနိုင်ပါသေး၏။


 တုန်ဟွိုင်ဟွ: "ဌာနခွဲအတွင်းရေးမှူးနဲ့ အုပ်ချုပ်ရေးမှူးတို့လည်း ဆွေးနွေးခဲ့ကြတယ်...သူတို့က ပိုက်ဆံနဲ့ ပစ္စည်းတွေကို စိတ်ပူနေကြတာ"


ဟန်ချင်စုန့်၏သက်ရောက်မှုကြောင့် လူငယ် အများအပြားသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ၎င်းတို့၏ မိသားစုများ ခွဲထွက်သွားခဲ့ကြပြီး အများအပြားမှာ အိမ်ဆောက်ရန် လျှောက်ထားခဲ့ကြသည်။ထုတ်လုပ်ရေး အဖွဲ့တစ်ခုစီ၏ တစ်ခုပြီးတစ်ခု စီတန်းထားသော သစ်သား၊ ကောက်ရိုးနှင့် အခြားပစ္စည်းများမှာ  တင်းကျပ်လွန်းလှသည်။ ထို့အပြင် ဟန်ရုံဖန်က မည်သည့်အခါမျှ တပ်မဟာ၏ အစားအစာများကို အရမ်းမဲ့ထိန်ချန်မထားဘဲ အမြဲတစေ  တိရစ္ဆာန်များနှင့် အရေးပေါ် အစားအစာများ ကျွေးမွေးရန် လုံလောက်ပြီး ကျန်အားလုံးကို ရပ်ကွက်အဖွဲ့ဝင်များထံ ဝေငှပေးသည်။ ထို့ကြောင့် တပ်မဟာတွင် အပိုငွေမရှိပေ။အခြေခံအားဖြင့် မုန်လာဥဖြစ်စေ၊အခွံဖြစ်စေ အကုန်လုံးက အသုံးဝင်သည်။


ဆောက်မယ်ဆိုရင်လျှင်ပင် နောက်နှစ်မှာ အပြီးလုပ်ရမှာ ဖြစ်ပြီး အဖွဲ့ဝင်များ၏အိမ်မှာ အရင်ငှားနေရဦးမည်ဖြစ်၏။


တုန်ဟွိုင်ဟွက  စီစဉ်မှုအချို့ပြုလုပ်ခဲ့သည်။ပထမချွေးမဟန်၏မိသားစုက ပညာတတ်လူငယ်နှစ်ဦးကိုခေါ်ယူခဲ့သည် 


 သူမ(တုန်ဟွိုင်ဟွ)၏မိသားစုနှင့် အုပ်ချုပ်ရေးမှူး၏မိသားစုက တစ်ဦးစီ ခေါ်ယူခဲ့ရာ အခြားစီစဉ်စရာနေရာမရှိသော လူငါးဦးရှိနေသေးသောကြောင့် သူမက လင်းလန်ကို မေးလိုက်သည်။     


အုပ်ချုပ်ရေးမှူးက  လင်းလန်က ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောလာ၏။


Xxxxxxxx

Part 582


"ကပ္ပတိန်လင်း...မင်းတိုမိသားစုက ကျယ်ကျယ်ဝန်းဝန်းရှိတာပဲ...ဘာလို့ ပညာတတ်လူငယ်တွေကို အရင်မခေါ်ထားတာလဲ" 


မိန်းကလေးအနည်းငယ်နှင့် ယောက်ျားလေးနှစ်ယောက်ကို ခေါ်ဆောင်ရန်မှာ ပြဿနာမဟုတ်ဟု သူခံစားရသည်။


 "အများဆုံး နှစ်ဝက်လောက်ပါပဲ... နောက်နှစ်မှာ ပညာတတ်လူငယ်စခန်းတစ်ခု ဆောက်မယ်"     

 

လင်းလန် အနည်းငယ် အကျပ်အတည်း ကြုံနေရသည်။ ရိုးရိုးသားသား ပြောရလျှင် သူမသည် အပြင်လူများကို သူမအိမ်တွင် လုံးဝ မနေထိုင်စေချင်ပေ။ယင်းက တစ်စုံတစ်ဦးနှင့် အိမ်ငှားနေရသည်နှင့်တူ၏။သူမနှင့် တွေ့ဆုံသော အခန်းဖော်များက ကံကြမ္မာအပေါ်တွင် မူတည်နေသည်။     


သို့ပေမဲ့လည်း အုပ်ချုပ်ရေးမှူးနှင့်တုန်ဟွိုင်ဟွတို့မှာ  ဒီနေရာမှာ သူမကို  မေးရန်ကလွဲပြီး ရွေးချယ်စရာ မရှိသည်ကို သူမသိသဖြင့်  သဘာဝအတိုင်း ကူညီချင်ခဲ့၏။ အဓိကအချက်မှာ သူမသည် ပါတီဝင်ခွင့် လျှောက်လွှာတင်ရန် ဟန်ချင်စုန့်ထံမှ အတင်းအကြပ် ခိုင်းစေခံခဲ့ရပြီး သူမ၏ အသိစိတ်ဖြင့် လိုက်နာနေရမည် ဖြစ်သည်။


လင်းလန်က ပတ်ပတ်လည်ကို ကြည့်လိုက်၏။ "တပ်မဟာမှာ အခန်းနှစ်ခန်း မရှိဘူးလား" ဆောင်းတွင်းမှာ ကွန်မြူနတီအဖွဲ့ဝင်တွေ စုဝေးနေကြဆဲဖြစ်သည့် အနွေးကုတင်လည်း ရှိသည်။    


အုပ်ချုပ်ရေးမှူး  အနည်းငယ်ရှက်ရွံ့သွားပြီးဆို၏။

 "ပြုပြင်ဖို ဟောင်းလွန်းနေပြီ" 

      

ပြီးခဲ့သည့် ဆောင်းရာသီတွင် နှင်းများထူထပ်စွာကျဆင်းခဲ့ပြီး ယခုနှစ်နွေရာသီတွင် မိုးသည်းထန်စွာရွာသွန်းခဲ့လေရာ အခန်းနှစ်ခန်းပြိုကျခဲ့သည်။  အသုံးပြုခဲပေမဲ့ လူတွေက မနေဝံ့ကြပါချေ။ အိပ်နေတုန်း  ပြိုကျမကျ ဘယ်သူသိမှာလဲ...


ပညာတတ်လူငယ်များသည် အဖိုးတန်အရာများဖြစ်ပြီး တစ်စုံတစ်ယောက်က သူတို့ကိုထိခိုက် နာကျင်စေပါက ရှင်းပြရန်ခက်သည်။


ရွာသားတွေအမြင်အရ လူတိုင်းမှာ လူကြီးတွေအတွက် အနွေးကုတင် တစ်လုံးနှင့် ကလေးတွေတွက် တစ်လုံးရှိကြသည်။လင်းလန်တို့ ဇနီးမောင်နှံက သားသမီးတွေကို ခေါ်အိပ်မည်ဆိုပါက အနည်းဆုံး အနွေးကုတင်တစ်လုံးလွတ်သွားနိုင်ပြီး  ပညာတတ်လူငယ်တွေ အားလုံးနီးပါး  တည်းခိုနိုင်သည်။


လင်းလန်က ချက်ချင်းသဘောမတူဘဲ ကလေးတွေကိုမေးရန် ကျောင်းကိုသွားလိုက်သည်။။ တဝမ်က  ယောင်္ကျားလေး နည်းနည်းဆိုလျှင် ကိစ္စမရှိပါဘူးဟုဆို၏။ မိဘတွေက သဘောတူလျှင် သူတို့မှာ ငြင်းပယ်စရာမရှိပေ။သူတို့ အတူတူကစား၍ရသည့်အတွက် ကြိုပင်ကြိုဆိုလိုက်ဦးမည်။


မိုင်စွေ့က အနွေးကုတင်က သူမအိပ်ရန် လုံလောက်သောကြောင့် ကိစ္စမရှိပေ။ 


လင်းလန် ဟန်ရုံဖန်ကို မိန်းကလေးငါးယောက် စီစဉ်ပေးနိုင်သည်ဟု အကြောင်းပြန်ခဲ့ပေမဲ့ နောက်ဆုံးမှာမိန်းကလေး သုံးယောက်နှင့် ယောက်ျားလေးနှစ်ယောက်ကို စီစဉ်ပေးခဲ့၏။ အကြောင်းရင်းမှာ ပညာတတ်လူငယ်တွေကြား ပဋိပက္ခတွေဖြစ်နေသောကြောင့် အတူနေလို့မရပါချေ။


ဒါနဲ့ပဲ...


အုပ်ချုပ်ရေးမှူးက  စာရင်းကို လင်းလန်ဆီလွှဲပေးပြီးဆို၏။


 "ရှန်ယွီ ၊ ချီဖုန်းရှို့၊ဟောင်ဟုန်ကျန်း၊ကောင်းလု၊ဖန်းရှောင် မင်းတို့သွားကြ ... "


လင်းလန်က သူမခေါင်းထဲမှာ တဝီဝီဖြစ်သွားပြီး အုပ်ချုပ်ရေးမှူးကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

 "ရှန်ယွီ..."


အုပ်ချုပ်ရေးမှူးက  အဖြူရောင်အဝတ်အစားနှင့် ဘောင်းဘီအနက်ဝတ်ထားသည့် ကောင်လေးကို ချက်ချင်းလက်ညိုးထိုးပြ၏။

 "သူ ခပ်ချောချော လူငယ်လေး... မင်းရဲ့အားဝမ်ထက်နှစ်နည်းနည်းပဲကြီးပုံရတယ် " 

 

လင်းလန်က တန်းပြီး  မျက်မှောင်ကြုတ်လိုက်သည်။


 အုပ်ချုပ်ရေးမှူးက တီးတိုးမေး၏။

 "ဘာဖြစ်လို့လဲ"


လင်းလန်က စိတ်ဆင်းရဲနေပုံရပြီး ရှန်ယွီကို လူလဲဖို့ အကြောင်းပြချက်ရှာရန် ကြိုးစားနေ သည်။ အမှန်တွင်  သူက မူရင်းဇာတ်လိုက်ဖြစ်ပြီး မူရင်းဇာတ်လိုက်မယန်ယန်နှင့် ကံကြမ္မာစုံတွဲဖြစ်သင့်သည်။ ဇာတ်ကွက်အရ သူက ဦးလေးယန်ယန်၏အိမ်တွင် နေထိုင်ရမှာဖြစ်ပြီး သူတို့ကြားတွင် တဖြည်းဖြည်း ခံစားချက်များ ဖြစ်ပေါ်လာသည်။


လင်းလန်၏ ပထမဆုံး တုံ့ပြန်မှုသည် မူရင်း ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ ချစ်ခြင်းမေတ္တာအတွက် မဟုတ်ဘဲ သူမသမီးအတွက်သာ ဖြစ်သည်။ မူလဇာတ်ကွက်တွင် မိုင်စွေ့အား ရှန်ယွီကို ထပ်မံချစ်မိစေမည့် အကြောင်းရင်းများ ရှိမည်ကို စိုးရိမ်နေခဲ့သည်။ 


ဒါက တော်တော်ဒုက္ခပေးတယ်...


အကောင်းဆုံးနည်းလမ်းမှာ ရှန်ယွီကို မိုင်စွေ့နှင့် ခပ်ဝေးဝေးနေခိုင်းရန်ဖြစ်သည်။


သူမက ရှန်ယွီ၏ နာမည်ကို လက်ညှိုးထိုးပြပြီး အုပ်ချုပ်ရေးမှူးကိုပြောလိုက်၏။

 "ဒီလူကို အစားထိုးလိုက်ပါ"


 အုပ်ချုပ်ရေးမှူး: "ဘာလို့လဲ"


 လင်းလန်? "မကြိုက်လို့..."


အုပ်ချုပ်ရေးမှူး : "... " 

မင်းအရင်က ဒီလောက် ပေါ့ပေါ့တန်တန် နိုင်တာကို ငါ ဘာလို့ သတိမထားမိပါလိမ့်...


ထိုအချိန်တွင် ရှန်ယွီက လမ်းလျှောက်လာပြီးပြီ ဖြစ်ပြီး လင်းလန်၏ဘေးတွင် ရပ်နေသည်။သူက အရပ်ရှည်ပြီး သူ့မျက်လုံး ငုံ့ကြည့်လိုက်သောအခါ လင်းလန်က သူ့နာမည်ကို လက်ညှိုးထိုးပြပြီး မကြိုက်ကြောင်းပြောကာ လူစားထိုးခိုင်းသည်ကို တွေ့လိုက်ရသည်။သူ့မျက်နှာပေါ်ရှိ အပြုံးက ရုတ်ချည်း အေးခဲသွား၏။သူက အခုမှ ကျေးလက်သို့ဆင်းခါးဖြစ်သည်  ရွာထဲသို့ဝင်စဉ်ကပင် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ အလွန်ဂုဏ်ကျက်သရေရှိသော ကပ္ပတိန်လင်းကို မည်ကဲ့သို့ စော်ကားမိသည်ကို သူနားမလည်နိုင်ခဲ့ပေ။


    ...


အုပ်ချုပ်ရေးမှူးက  ရှက်ရွံ့ကာ ချောင်းဟန့်ပြီး လင်းလန်ကို မျက်တောင်ခတ်ပြသည်။


လင်းလန် သူ့ဘေးမှာ ရပ်နေတဲ့ အရိပ်အဖြူကို ကြည့်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။စင်စစ်အားဖြင့် သူမက အကြောင်းပြချက်မရှိဘဲ ဒုက္ခပေးတတ်သည့်လူကား မဟုတ်ပါချေ။ ဤသည်က ပထမဆုံးအကြိမ် ဖြစ်လေသည်။ သူမ စာရင်းကို အမြန်ဖယ်ထုတ်လိုက်ပြီး အထွေထွေစာရင်းထဲက တစ်ယောက်ကို ကျပန်းကြည့်လိုက်၏။


 "ကျောက်မင်ကျယ်"


ကြားလိုက်သည်နှင့် ကျောက်မင်ကျယ်က ချက်ချင်း ပြေးလာပြီး လင်းလန်ကို ဦးညွှတ်ကာဆိုသည်။


 "ကပ္ပတိန်လင်း"


 လင်းလန်ကြည့်လိုက်ရာ  ကောင်လေးတစ်ယောက်သည် ကလေးမျက်နှာလေးနှင့် နာခံမှုရှိသော ကလေးတစ်ယောက်ကဲ့သို့ ရွှင်လန်းစွာပြုံးနေသည်ကို တွေ့လိုက်သည်။  ပထမဆုံးအမြင် ကောင်းမွန်သောကြောင့် သူ့ကိုရွေးလိုက်၏။


 ရှန်ယွီက စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် ရပ်နေကာ သူ၏ ခရီးဆောင်အိတ်ကို တိတ်ဆိတ်စွာ  ယူကာ ကျောက်မင်ကျယ်နှင့် နေရာလဲလိုက်သည်။ လင်းလန်က လူအနည်းငယ်ကို  ခေါ်ထွက်သွားသောအခါမှ သူမကို မျက်လွှာပင့်ကြည့်လိုက်သည်။


သူ နားမလည်နိုင်ဘူး...အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို ဘယ်လိုလုပ် စော်ကားနိုင်မှာလဲ...သူမက သူ့ကို ပထမဆုံးအမြင်မှာ သဘောမကျတာလား ဒါမှမဟုတ် ဘာလဲ...


ထိုအချိန်တွင် ချိုက်ဟွားက ဟောဟဲလိုက်ရင်း  ပြေးလာကာ အုပ်ချုပ်ရေးမှူးကို အော်ပြောလေ၏။

 

"အုပ်ချုပ်ရေးမှူး... ကျွန်မအဖေက ကျွန်မတို့မိသားစုထဲကို တစ်ယောက်ယောက် ထပ်ထည့်လို့ရတယ်... အဘိုးနဲ့ တစ်ခန်းတည်းနေလို့ရတယ်လို့ပြောတယ် " 

 

သူမအဘိုးက ဟဲလောင်စန်းဖြစ်သည်။


    

အုပ်ချုပ်ရေးမှူး ဟဲလောင်စန်းကို ပညာတတ်လူငယ်များက သင်္ဂြိုဟ်ပစ်မည်ကို စိုးမိသည်။နကယ်တမ်းတွင် သူက သေးငယ်သော အနွေးကုတင်ငယ်တစ်ခုပေါ်တွင် တစ်ယောက်တည်း အိပ်သော မုဆိုးဖိုကြီးဖြစ်သည် ညစ်ပတ်သည့်စကားများပြောတတ်ပြီး သန့်ရှင်းမှုလည်း မရှိလှပေ။


ချိုက်ဟွားက  ပြုံးပြီး ရှန်ယွီကို လက်ဝှေ့ယမ်းကာပြော၏။

 "ရှင်က ရှန်ယွီ လား... သွားရအောင်"


ရှန်ယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ဘာလို့ ကပ္ပတိန်လင်းက  သူ့ကို စက်ဆုပ်ပြီး ဒီကလေးမလေးကကျ သူ့ကို ဒီလောက်စိတ်အားထက်သန်ရတာလဲ...


ဒါတွေက အဓိပ္ပာယ်မရှိဘူး...


အုပ်ချုပ်ရေးမှူးလည်း စိတ်ပျက်လက်ပျက်ဖြစ်ကာ ဘာမှမဖြစ်ရန် ဆုတောင်းရင်း ပြောလိုက်၏။


  "ပညာတတ်လူငယ်ရှန်... ဒါဆို မင်းသွားလို့ရပြီ"


ရှန်ယွီက ချိုက်ဟွားနောက်ကို ခရီးဆောင်အိတ်နှင့် လိုက်သွားခဲ့သည်။


Xxxxxxx