Part 595
မူလက ပညာတတ်လူငယ်များအနေဖြင့် ရှောင်ဝမ်က ဘာဂျာနှင့်ကစားနေခြင်းသာဖြစ်ပြီး ၎င်းကို မည်သို့မှုတ်ရမည်ကို လုံးဝမသိဟုထင်ခဲ့ကြဓ။သူက ၎င်းကို သဘာဝကျကျ ချောချောမွေ့မွေ့ဖြင့် မှုတ်နိုင်ကာ စိတ်ခံစားချက်နှင့် ရိုးသားမှုအပြည့်ရှိပြီး ထွက်ပေါ်လာသောအသံကလည်း အင်မတန်သာယာလှပလိမ့်မည်ဟု မည်သို့သိပါမည်နည်း။
ဟောင်ဟုန်ကျန်းက ကျောင်းတီးဝိုင်းတွင် စန္ဒယားတီးခဲ့သည်။ ပရော်ဖက်ရှင်နယ်အမြင်အရ ရှောင်ဝမ် ၏ အသံထွက်သည် လုံလောက်မှုမရှိသော်လည်း ရသဆိုင်ရာ ပြည့်ဝမှုအရ သူက လူများစွာထက် သာလွန်ပေသည်။
သီချင်းအဆုံးတွင် လူတိုင်းက "အစ်ကိုရှောင်ဝမ်က တော်လိုက်တာ"ဟုဆိုကာ လက်ခုပ်တီးကြ၏။
သူတို့က လင်းလန်တို့မိသားစုခေါ်သည့်အတိုင်း အတုယူလိုက်ကာ ရှောင်ဝမ်ကော ဟုခေါ်ကြသည်။
ဖန်းရှောင်လည်း စိတ်ဝင်စားလာပြီးဆိုလိုက်၏။
"ငါ ဂစ်တာတစ်လက် ယူလာခဲ့တယ်"
သူမက မိုင်စွေ့ကို သူမနှင့်အတူလိုက်ယူရန်ခေါ်လိုက်သည်။
သူမရွာသို့ရောက်သည့်အချိန်က သေတ္တာပေါင်းများစွာကို ရှုပ်ပွထအောင်မွှေကာ ဂစ်တာကို ဒေါသတကြီးသေတ္တာထဲသို့ တိုက်ရိုက်ပစ်ချခဲ့လိုက်သည်။
ဒီတော့ အဲ့ထဲမှာပဲရှိသင့်တယ်...
ကောင်းလုက ဟောင်ဟုန်ကျန်းကို ချက်ချင်း တွန်းလိုက်သည်။
"နင်က ဂီတ ကျောင်းသား မဟုတ်ဘူးလား... ဂီတ တူရိယာ တစ်ခု ရှိမှာပေါ့"
ဟောင်ဟုန်ကျန်း : "ငါက စန္ဒယားတီးတာဆိုတော့ မယူလာနိုင်ဘူး"
ရှောင်ဝမ် : "မမ...ကျွန်တော့်မှာ ပုလွေရှိတယ်"
ဟောင်ဟုန်ကျန်းက ပြုံးပြီးပြော၏။
"ဒါဆို အစ်မ မင်းနဲ့ မှုတ်လို့ရပြီ"
ရှောင်ဝမ်က မိုင်စွေ့ကို ယူလာပေးရန် တောင်းဆိုလိုက်သည်။
ဟောင်ဟုန်ကျန်းက ရှောင်ဝမ်ကို သူမဘေးမှာ ထိုင်ခိုင်းပြီး ဘာဂျာမှုတ်မှုစွမ်းရည်ကို ပြုပြင်ပေးခဲ့၏။
တူရိယာများကို ယူဆောင်လာသောအခါ လေထုသည် ပို၍တက်ကြွပူနွေးလာသည်။မှန်သည်ပင်၊ တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်ချင်သည့် ဆန္ဒတစ်ခုလည်းရှိနေသော်ငြား ယင်းက အုပ်စုဖွဲ့စုစည်းခြင်း၏ဖိနှိပ်ခြင်းခံလိုက်ရပြီး ပြင်းထန်မလာခဲ့ပေ။
လင်းလန် သဘာဝအတိုင်း မြင်နိုင်သော်လည်း သူမထောက်ပြ ခဲ့ခြင်းမရှိပေ။ဤပညာတတ်လူငယ်များသည် ယခင်နှစ်များထက် ပညာရေးအဆင့်မြင့်မားသည်ကို သူမခံစားမိသည်။ကြီးကျယ်ခမ်းနားသည့် အရပ်က လာသူတွေက အများကြီး မြင်ဖူးတွေ့ဖူးပြီး အများကြီး သင်ယူကြ၏။ သူမသားသမီးတွေက သူတို့နှင့်ထိတွေ့ပြီးလျှင် သဘာဝအတိုင်း အများကြီး သင်ယူနိုင်မည်ပင်။
ရှောင်ဝမ်က ဟိုဟာနားထောင် သည်ဟာနားထောင်နှင့် သဘောကျနေပြီဖြစ်သည်။
ဖန်းရှောင်၏ဂီတက အလွန်သာမန်ဆန်ပြီး သူမ၏ဝါသနာက ပရော်ဖက်ရှင်နယ်မဟုတ်သလို သူမကလည်း စိတ်မရှည်ကာ အလေးအနက်ထားလေ့လာလိုစိတ်မရှိပေ။ သီချင်းများစွာက ဟောင်ဟုန်ကျန်း၏ တည်ငြိမ်မှုနှင့်မတူဘဲ အစပိုင်း သို့မဟုတ် အထွတ်အထိပ်နေရာ(climax) ကိုသာ တီးခတ်၏။
သို့သော် ရှန်ယွီက အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။သူက ဂစ်တာတီးကာ အသံကောင်းကောင်းဖြင့် သီဆိုနိုင်ခဲ့သည်။ခေတ်ရေစီးကြောင်းကြောင့် ဖြစ်ပေါ်လာသော အဆိုးအကောင်းများနှင့် ရောထွေးနေသည့် လူငယ်တစ်ယောက်၏ ထူးခြားသော စိတ်နေစိတ်ထားမှာ အလွန် ဆွဲဆောင်မှုရှိသည်။
လင်းလန်က မိုင်စွေ့ကို တိတ်တဆိတ် ကြည့်လိုက်သောအခါ ရှန်ယွီကို သိပ်ဂရုမစိုက်ဘဲ ဖန်းရှောင်နှင့် စကားပြောရသည်ကို ပိုနှစ်သက်နေပြီး အားဝမ်နှင့်ရှန်ယွီက အတော်လေး သဟဇာတဖြစ်နေကြောင်းတွေ့ရ၏။
ထိုအချိန်တွင် ရှန်ယွီက လင်းလန်ကို မော့ကြည့်ကာ ပြုံး၍ ဆိုသည်။
"ဦးလေးဟန်က စစ်တပ်ထဲ နေဖူးတယ်ဆိုတော့... ဘာလို့ ဦးလေးဟန်ကို စစ်သီချင်းမဆိုခိုင်းတာလဲ"
စန်းဝမ်က ၎င်းကို ကြားလိုက်သောအခါ ချက်ချင်းပင် စိတ်ဝင်စားလာသည်။
"အဖေ တစ်ခါလောက်လုပ်ပါ"
ဟန်ချင်စုန့်: "မလုပ်ဘူး...မင်းဆို"
လူတိုင်းက စတင်ညာသံပေးကြ၏။
"ညွှန်မှူးဟန်...တစ်ခါလောက်... "
ဟန်ချင်စုန့်: "..."
နပန်းပွဲလားဟ...
သူက တည်ကြည်ပြီး ဘာကိုမှစိတ်မဝင်စားဟန်ရှိသော်လည်း ယခုအချိန်တွင် မီးပုံး၏ မှိန်ပြပြ အလင်းရောင်က လင်းလန်၏ဘေးတွင် ထိုင်နေလျက် မျက်နှာပေါ်တွင် နူးညံ့သောအမူအရာဖြင့် ကလေးကို သူ့ရင်ခွင်ထဲတွင်ထည့်ထားသောသူ့ကို တင်းမာသောပုံစံထက် ပိုတည်ငြိမ်ပြီး ချောမောနေဟန်ရှိစေသည်။
ထို့အပြင် လူငယ် အမျိုးသား အမျိုးသမီးတွေက စိတ်အားထက်သန်နေကာ တိုက်တွန်းနေကြပြီး အားလုံးက အားပေးအားမြှောက်ပြုနေကြ၏။
လင်းလန်က သူ့ကို သူမပခုံးနှင့် တိုက်လိုက်ပြီး ပြုံးပြုံးလေး ဆိုလိုက်သည်။
"စန်းကော... တစ်ခါလောက်ဆိုလေနော်"
ဟန်ချင်စုန့်၏ အသံက ကျယ်လောင်ခြင်းမရှိပေမဲ့ မူးယစ်ရီဝေစေကာ သံလိုက်ဓာတ်များပါနေ၏။ သူက သီချင်းဆို အလွန်ကောင်းပေမဲ့ လူသစ်စုဆောင်းခြင်းအဆင့်ကထွက်လာကတည်းက သီချင်းဆိုသည်ကရှား၏။
ရှောင်ဝမ်: "အဖေ...အဖေ့ကို အစပျိုးပေးမယ်။"
သူက အတန်းထဲက တခြားကျောင်းသားတွေကို အားပေးသလိုမျိုး မတ်တတ်ထရပ်ပြီး သူ့လက်ကလေးနှင့် အမူအရာပြုကာ သံစဥ်တစ်ခုကိုဖန်တီးလိုက်သည်။
"ရှေ့...ရှေ့...ရှေ့ကို ချီ...တို့တပ်မတော် နေမင်းကြီးဆီချီ ... ထလော့..."
ရှောင်ဝမ်က ခေါင်းမော့ပြီး လင်းလန်က သူမလက်ကို မြှောက်လိုက်ကာ အားဝမ်နှင့်မိုင်စွေ့တို့ကလည်း အတူတူ သီဆိုခဲ့ကြ၏။
ဤသီချင်းတွေကို လင်းလန်က ကလေးတွေကို သင်ကြားပေးခဲ့ပြီး ဆရာ့ဆီကနေလည်း သင်ယူခဲ့သဖြင့် လူတိုင်း သီဆိုနိုင်ကြသည်။
ဟန်ချင်စုန့်ကို လင်းလန်က ဦးဆောင်သီဆိုပေးခဲ့ပြီး ပညာတတ်လူငယ်အချို့ကလည်း လိုက်ပါသီဆိုခဲ့ကြပါသည်။ခဏအကြာတွင် ခြံဝင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အားမာန်အပြည့် စစ်သီချင်းများဖြင့် တဟုန်ထိုး တုန်လှုပ်သွားခဲ့သည်။
သူများတွေကို စိတ်အနှောက်အယှက်ဖြစ်စေသည်ဟုထင်သည့်လူများလည်း အနည်းငယ်ရှိသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ပြီး ကိုယ့်အကြောင်းကို ပြောနေကြသလို သူတို့ကိုလည်း ဘယ်သူကမှ ဂရုမစိုက်ပါချေ။
ဖန်းရှောင်က ရှန်ယွီ၏လက်မှ ဂစ်တာကိုပြန်ယူ၍ တီးခတ်လိုက်သည် ရုတ်တရက် စိတ်အားထက်သန်လာပြီး နိုင်ငံခြားသီချင်းတစ်ပုဒ်ကို စတင်တီးခတ်လိုက်သည်။
ရှန်ယွီနှင့် ဟောင်ဟုန်ကျန်းတို့က "မော်စကိုမြို့ဆင်ခြေဖုံးကည" ကို ချက်ချင်းမှတ်မိပြီး သူတို့၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။ လင်းလန်လည်း ကောင်းစွာကြားဖူးသော်လည်း သူမသည် အလွန်မျှော်လင့်ထားခြင်းမရှိပေ။
ချီမင်က နှာခေါင်းပဲရှုံပြီး ဘာမှမပြောဘဲ ကောင်းလုနှင့် လှည့်စကားပြောနေ၏။
လေထုအခြေအနေက မြင့်တက်လာသာအခါ သိက္ခာစောင့်ထိန်းမှုများစွာကို မေ့သွားခဲ့သည်။ ဖန်းရှောင်က အတော်လေးဂရုတစိုက်တီးခတ်ခဲ့ပေမဲ့ ဟန်ချင်စုန့် သူမကို လက်ခုပ်တီးပြီး အနှောင့်အယှက်ပေးလိုက်၏။
ဖန်းရှောင်က ချက်ချင်းရပ်လိုက်ပြီး
“ဦးလေးဟန်...”
ဟန်ချင်စုန့် : “ဒီအပိုင်းက လက်ရှိအတွက် မသင့်တော်ဘူး”
သူကအဆင်ပြေသည်ဟု ထင်ပေမဲ့ သူ့အနေဖြင့် မူဝါဒကို လိုက်နာရမှာဖြစ်ပြီး ယင်းက မသင့်တော်လျှင်ဒုက္ခမဖြစ်စေရန်အတွက် သူတီးခတ်လိမ့်မည်မဟုတ်ပေ။
လင်းလန်လည်း ဤသီချင်းက နာမည်ကျော် ဆိုဗီယက်ပြန်လည်ပြင်ဆင်ရေးသီချင်းမဟုတ်ကြောင်း သဘောပေါက်သည်။ ဆိုဗီယက်ယူနီယံမပြိုကွဲမီတွင် တရုတ်လူမျိုးများက ၎င်းကို အလွန်စိတ်ဝင်စားပြီး သီဆိုခဲ့ကြသည်။ သို့သော် ယခုအခါ ပြန်လည်ပြင်ဆင်ရေးဆန့်ကျင်ရေးလှုပ်ရှားမှုသည် အားကောင်းလာသောကြောင့် ယင်းက အလွန်မသင့်မလျော်ဖြစ်နေ၏။
သူမက ပြုံးပြီးပြောလိုက်သည်။
"ငါတို့နဲ့ရင်းနှီးတဲ့ တစ်ခုခုကို တီးရအောင်လေ... ဒီနိုင်ငံခြားသီချင်းတွေကို ငါတို့ နားမလည်ဘူး"
ဖန်းရှောင်လည်း အသိပြန်ဝင်လာပြီး လင်းလန်ကို ကျေးဇူးတင်သည့်အကြည့်နှင့် "ကောင်းပြီ"ဟုပြောလိုက်၏။ သူမက လူကြိုက်များသည့် နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်သော 'ဟွားအာ'ကိုပြောင်းလိုက်သည်။
Xxxxxxx
Part 596
ရှောင်ဝမ် သာမက မိုင်စွေ့နှင့်အားဝမ်တို့လည်း ၎င်းကို နှစ်ခြိုက်ခဲ့ကြသည်။ယခင်က သူတို့အနေဖြင့် ရေဒီယိုတွင်သာ ကြားနေရသော်လည်း ယခုအခါ တကယ့်လူတစ်ဦး၏ ဖျော်ဖြေမှုကို ကြည့်ရှုနိုင်ပြီဖြစ်သည်။
ဖန်းရှောင်က သူတို့ကြိုက်မှန်းတွေ့သောအခါ ပြောလိုက်၏။.
"ငါအပြီး ပြန်သွားနိုင်ရင် နင်တို့တီးဖို့ ဒီဂစ်တာပေးမယ်"
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
"မလိုပါဘူး.. ဒီလိုမျိုး အမှတ်တရပစ္စည်းကို ပညာတတ်လူငယ်ပဲ ယူသွားပါ... အခွင့်အရေးရရင် အပြန်မှာ အသစ်တစ်ခုကူဝယ်ပေးပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်”
အခြေအနေကောင်းလျှင် ပညာတတ်လူငယ်တွေက တရုတ်နှစ်သစ်ကူးမှာ အိမ်ပြန်နိုင်ကြ၏။
ဖန်းရှောင်က ပရော်ဖက်ရှင်နယ်မဟုတ်သော်လည်း သူမကမိုင်စွေ့နှင့်အားဝမ်တို့ကို မည်သို့စတင်ရမည်ဆိုသည်အား သင်ကြားပေးရန် လုံလောက်လေသည်။
"အခုကနေစပြီး အစ်မဂစ်တာကိုသုံးပြီး သင်လို့ရတယ်နော်... သင်ပြီးရင်း တီးလို့ရတယ်"
ရှောင်ဝမ်က ဂစ်တာကိုကြည့်ပြီး အံ့ဩစရာကောင်းသည်ဟုတွေးမိ၏။
"မမဟောင်... စန္ဒယား ၊ပုလွေ၊ဆဲလ်လို၊ တယောနဲ့ တခြား ဂီတတူရိယာတွေ အများကြီးရှိတယ်လို ဆရာ့ဆီကကြားဖူးတယ်...ဟုတ်လားဟင်"
ဟောင်ဟုန်ကျန်း ခေါင်းညိတ်ပြပြီး အမျိုးမျိုးသော ဂီတတူရိယာများ၏ ပုံပန်းသဏ္ဍာန်ကို အသံတိုးတိုးဖြင့် ပြောပြသည်။စန္ဒယားနှင့် တယောအကြောင်း ကြားရသောအခါ ရှောင်ဝမ်၏ မျက်လုံးများ တောက်ပလာသည်။
ကိုးနာရီထိုးခါနီးသောအခါ အားလုံးပြန်ထွက်သွားပြီး အနားယူကြ၏။
လင်းလန်က တဝမ်အား ယောကျာ်းလေး ပညာတတ်လူငယ်တွေကို မြစ်ထဲရေချိုးဖို့ခေါ်သွားရန် ခိုင်းလိုက်သည်။ ညဘက်အေးပေမဲ့ မြစ်ရေကအဆင်ပြေ၏။ မိုင်စွေ့က မိန်းကလေး ပညာတတ်လူငယ် သုံးဦးကို ရေချိုးခန်းနှင့် ရင်းနှီးစေရန် ခေါ်သွားကာ ရိုးရိုးရေချိုးနည်းကို သင်ကြားပေးခဲ့သည်။မွန်းတည့်နေချိန်က ပူနွေးသောရေသည် ယခုအချိန်တွင် အနည်းငယ်အေးနေသော်လည်း မအေးလွန်းပေ။
သို့သော် ဖန်းရှောင်က အေးနေဆဲဖြစ်ပြီး အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေသည်။
ကောင်လေးတွေ ရေချိုးပြီး ပြန်မလာခင် အရှေ့ဘက်အခန်းကို အမြန်ပြန်သွားကြ၏။
ဖန်းရှောင်က ဆံပင်တွေကို ရေချိုးအစွပ်နှင့် ထုပ်ပြီး သူမကိုယ်ပိုင်ခရင်မ်ကို အသုံးပြု၍ လိမ်းကျံလိုက်သည်။ ကောင်းလုက ဆက်တိုက်ဆိုသလို မျက်လုံးပဲလှန်နေ၏။ ဆောင်းရာသီတောင်မရောက်သေးတာကို ဘာတွေဖြစ်နေ...
သို့သော်လည်း ဖန်းရှောင်၏ အင်္ကျီက သူမနှင့် မတူသည်ကို မိုင်စွေ့က သတိပြုမိပြီး သူမ အနည်းငယ် သိချင်မိသောကြောင့် ၎င်းကို မည်သို့ပြုလုပ်ရသည်ကို မေးလိုက်သည်။
ဖန်းရှောင်က ဤသည်ကို ဘရာစီယာဟု ခေါ်ပြီး အိကျတာကနေ ကာကွယ်ပေးကြောင်း မိုင်စွေ့ ကို တိတ်တိတ်လေး ပြောပြလိုက်၏။
မိုင်စွေ့က ခဏလောက်စဉ်းစားပြီး
"ဘယ်လိုလုပ်ရတာလဲ...မားမားအတွက် တစ်ခုလုပ်ပေးချင်လို့လေ"
ဖန်းရှောင်က မိုင်စွေ့လေ့လာရန် တစ်ခုထုတ်ပေးလိုက်သည်။
"ဘယ်လိုလုပ်ရမလဲ အစ်မလည်းမသိဘူး...ကလေးပဲစဥ်းစားကြည့်"
ကောင်းလုက ဖန်းရှောင်၏အပြုအမူကို သည့်မခံနိုင်ဖြစ်နေပြီး ဟောင်ဟုန်ကျန်းကို နှုတ်ခမ်းမဲ့ပြနေသည်။ အစပိုင်းတုန်းက ဟိုဟာမကြိုက်သည်ဟာမကြိုက်နှင့် ယခု သူမက ကပ္ပတိန်လင်း၏ မိသားစုကို အလွန်အမင်း ဖားယားနေ၏။
ဟောင်ဟုန်ကျန်းက ဘာမှ မပြောပေ။
မိုင်စွေ့က ဘရာစီယာ နည်းစနစ်ကို အလေးအနက် လေ့လာခဲ့ပြီး သူမမားမားအတွက် ဒီဇိုင်းထုတ်နိုင်မည်ဟု သူမထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရင်သားပိုကြီးလေ၊ အိကျ(တွဲကျ) လွယ်လေဖြစ်ကြောင်း ဖန်းရှောင်ကပြောသောကြောင့်ပင်။
မကြာခင် ကောင်လေးတွေလည်း ပြန်ရောက်လာကြ၏။
ကျောင်မင်ကျယ်က စန်းဝမ် အနီးတွင် အိပ်ချင်နေသေးသော်လည်း တဝမ်ဆီမှ နှင်ထုတ်ခံရပြီး နောက်ဆုံးတွင် သူနှင့် ချီဖုန်းရှို့ကို ထားခဲ့သည်။
အားဝမ်က ပြုံးပြီးပြော၏။
"ကျွန်တော့် အစ်ကိုကြီးက အစ်ကို့အကျိုးအတွက် လုပ်နေတာပါ"
စန်းဝမ်: "ဒုတိယအစ်ကို...မင်း ငါ့ရဲ့အပြစ်ကင်းမှုကို အရောင်ဆိုးလို့မရဘူး"
"လုပ်စမ်းပါ"
စန်းဝမ် : "ကျွန်တော့်အစ်ကိုရဲ့မဟုတ်မဟတ်စကားကို နားမထောင်နဲ့...ကျွန်တော်က အိပ်ရေးကောင်းတယ်"
ရှောင်ဝမ်က ပါးလေးဖောင်းကာနေရင်း ထရယ်တော့သည်။
"ဟားဟားဟား"
အိပ်သည့်အခါ ပညာတတ်လူငယ်တွေ တော်တော်ကို အခြေကျနေပြီဖြစ်သည်။သူတို့ ဒီကိုမလာခင်မှာ အလွန် စိတ်လှုပ်ရှားခဲ့ပြီး တခြားသူတွေပြောသလို မီးတွင်းထဲ ပြုတ်ကျမှာကို အကြောက်ကြီး ကြောက်ခဲ့၏။ ကျေးလက်မှာ နွားချေးနှင့်မြင်းချေးတွေ ပြည့်နေသည်၊ လမ်းတွေက လမ်းမလျှောက်နိုင်လောက်အောင် ညစ်ပတ်နေပြီး အဖွဲ့ဝင်တွေ၏ အိမ်တွေကလည်း ဝက်ခြံလို ညစ်ပတ် နံစော်နေကြာကာ အဖွဲ့ဝင်တွေကလည်း ကြမ်းတမ်းပြီး ရိုင်းစိုင်းကြသည်ဟု ဆိုကြသည်...သို့ပေမဲ့
ကပ္ပိတိန်လင်းတို့အိမ်က အလွန်သန့်ရှင်းပြီး အနံ့လည်းကောင်းသည်။ သူတို့မိသားစုက ယဉ်ကျေးပြီး စမတ်ကျကျနှင့် ပေါင်းသင်းရလွယ်၏။ဤနေရာမှာ နေရသည်က တခြားသူတွေ၏အိမ်မှာနေရသည့်ပညာတတ်လူငယ်တွေထက် ပိုပျော်စရာကောင်းသည်။
အထူးသဖြင့် ဖန်းရှောင်သည် မိုင်စွေ့က အလွန်တစ်ကိုယ်ရေသန့်ရှင်းမှုရှိကြောင်း တွေ့ရှိခဲ့ပြီး သူမ၏မူလဇီဇာကြောင်မှုနှင့် ဒေါသကြီးမှုကို တစ်ဝက်လောက်သက်သာပျောက်ကင်းစေခဲ့သည်။ ကောင်းလုသာမရှိလျှင် ပိုကောင်းမည်ဖြစ်သည်။ ကောင်းလုကလည်း ဖန်းရှောင်မရှိလျှင် သူတို့ ပိုအဆင်ပြေမည်ဟု ခံစားရ၏။
သူတို့သည် တောရွာသို့ သွားရမည်ဟု သိလိုက်ကတည်းက စိတ်တွေ တုန်လှုပ်နေခဲ့ကြသည်။ နှစ်ရက်သုံးရက်လောက် ပင်ပန်းနွမ်းနယ်ပြီးနောက် နောက်ဆုံးတွင် အေးချမ်းစွာ အိပ်စက်နိုင်ခဲ့ကြပြီး နေရာထိုင်ခင်း ရွေးချယ်ရာတွင် မည်သူမျှ အမှားအယွင်းမရှိခဲ့ပေ။
သို့ပေမဲ့ တခြားကွန်မြူနတီ အဖွဲ့ဝင်တွေ၏ နေအိမ်တွေမှာ အိပ်ပျော်နေသည့် ပညာတတ်လူငယ်လေးများက တလှုပ်လှုပ်လှုပ်လှုပ်နှင့် နာကျင်ကိုက်ခဲနေကြသည်။ ကျောခင်းလိုက်ချင်းချင်းမှာ အနွေးကုတင်ထဲ ညှော်နံ့နှင့်ထူးဆန်းသည့် အနံ့အသက်ဆိုးတွေ ရလာခဲ့၏။ အချိန်အကြာကြီး လဲလျောင်းနေပြီးနောက်မှာ တစ်စုံတစ်ခုက သူတို့ကိုယ်ပေါ် တွားသွားနေ သလို ခံစားလိုက်ရပါသည်။ သန်းဖြစ်လောက်မည်ဟု တွေးမိပြီး လူတွေကို တကိုယ်လုံး ထုံကျင်သွားစေ၏။ ပင်ပန်းလွန်း၍ ကိုယ့်ဘာကိုယ် ကြိတ်မှိတ်ပြီးအိပ်မည်ဟုကြံလိုက်သော်လည်း ဘယ်သူဆီကမှန်းမသိ ဟောက်သံအကျယ်ကြီးထွက်လာပြီး လိပ်ပြာလွင့်မတတ်လန့်သွားရသည်။
......
ညဘက်တွင် ကလေးများက မီးမှုတ်ရန် အနွေးကုတင်ပေါ်တက်ကြပြီးနောက် လင်းလန်သည်လည်း အနွေးကုတင်ပေါ်တက်ကာ ဟန်ချင်စုန့်ကို တိုးတိုးလေး ပြောလိုက်သည်။ ဟန်ချင်စုန့်က ယနေ့ညတွင် အနည်းငယ်တိတ်ဆိတ်နေသည်ဟု သူမခံစားရသည်။သူက အများအားဖြင့် တိတ်ဆိတ်နေတတ်သော်လည်း သူမ တစ်ခုခုကို ထူးခြားနေသည်ဟု ခံစားရဆဲဖြစ်သည်။
သူမ သူ့ရင်ဘတ်ပေါ်မှီပြီးတိုးတိုးလေးပြောလိုက်၏။
"စန်းကော... ဒီပညာတတ်လူငယ်တွေအားလုံးက မြို့ကြီးပြကြီးတွေကချည်း... သူတို့ရဲ့ ယဉ်ကျေးမှုနဲ့စာတတ်မြောက်မှုက အရင်ကထက် ပိုမြင့်တယ်... ကလေးတွေက သူတို့နဲ့ ပေါင်းသင်းဆက်ဆံပြီးတော့ တစ်ခုခုကို သင်ယူနိုင်တယ်"
ဟန်ချင်စုန့်အနေဖြင့် ပညာတတ်လူငယ်များနှင့် ယဉ်ကျေးမှု၊စာပေ တတ်မြောက်မှုဆိုင်ရာ ကိစ္စရပ်ကို မပြောချင်ပါဘဲ သူနှင့်အကျွမ်းတဝင်ရှိသော အိပ်ရာဖော်ကိုသာလိုချင်ခဲ့သည်၊ သူမ၏ လက်ဖဝါးပေါ်မှာ သူ့တံတောင်ဆစ်ကို တင်ကာ သူမကို နမ်းလိုက်ပြီး ကျန်လက်ကြီးတစ်ဖက်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့သွားလေသည် ။
လင်းလန့် ရုတ်တရက် လန့်သွားပြီး မသိစိတ်ဖြင့် နောက်ပြန် ဆုတ်ကာ တိုးတိုးလေးပြောလိုက်၏။
"စန်းကော ..."
သူမ၏ ပါးပြင်များက နီရဲနေကာ အသံတိတ် တောင်းပန်နေသကဲ့သို့ စိုစွတ်နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေလေသည်။
မရဘူးနော်...
သူမ သူ့ကိုအကြည့်များဖြင့်တောင်းပန်လိုက်၏။
အပြင်လူတွေရှိရင် ကြားသွားလိမ့်မယ်...
Xxxxxxx