Part 603
သူမသားကြီးက နှစ်ကြိမ် ပြင်းပြင်းထန်ထန် ဖိလိုက်ရာ မုန့်ညက်သည် လှေငယ်ကဲ့သို့ ရှည်လျားသော မုန့်ညက်အပိုင်းအစတစ်ခု ဖြစ်လာပြီး ဘောင်ကွက်တွင် ကပ်နေလေသည်။
လူတိုင်း:"..."
စန်းဝမ်: "ဟားဟား...အစ်ကိုကြီး ငါ့ကိုကြည့်"
သူက လိမ့်တုံးကို ဆွဲယူလိုက်ပြီး အားဝမ် ကို အတုခိုးလိုက်၏။
"အစ်ကိုကြီး... ဒီလိုလုပ်ရတယ်.. ဒီလောက်အပိုင်းကို လက်တစ်ဖက်နဲ့ ကိုင်လှည့်ပြီး တစ်ဖက်က လှိမ့်"
အပြောကဟုတ်ပေမဲ့ သူ့လက်ကို စဖိလိုက်သောအခါ လက်နှစ်ဖက်က ပူးပေါင်းရာမှာ အမှားလုပ်မိပြီး မုန့်ညက်က စုတ်ပြဲသွားသည်။
စန်းဝမ် : "!!!"
မင်းကမျက်နှာသာ မပေးဘူးပဲ...
"ဟားဟား"
ရှောင်ဝမ်က က စားပွဲကို လက်ဖြင့်ရိုက်ကာ ရယ်လိုက်ရင်း သူ့ဘဲတစ်ကောင်ကို လှမ်းယူလေ၏။ "ဂတ်...ဂတ်...ဘရူးဘူးလူး...လှိမ့်လိုက်~~ ဟားဟ"
စန်းဝမ်: "မင်းလုပ်နိုင်တယ်"
သူက လှိမ့်တုံးကို ရှောင်ဝမ်ကို ပေးလိုက်သည်။
ရှောင်ဝမ်က ၎င်းကိုယူကာ ဘဲကလေးအား ချိန်ရွယ်ရင်း စွန့်စားရန် ဝန်လေးသဖြင့် နောက်ထပ်မုန့်ညက်တစ်ပိုင်းယူကာ အားဝမ်၏နည်းလမ်းကို ဖြည်းညှင်းစွာ တုပကာ ဖက်ထုပ်ရွက်ကို စတင်လိမ့်ခဲ့သည်။
နှေးကွေးသော်လည်း လက်ခံနိုင်လောက်သောပုံပေါက်ပြီး နောက်ဆုံးတွင် ဖက်ထုပ်ဝိုင်းအပြားလေး ထွက်လာသည်။ အနည်းငယ်ထူပြီး မညီညာသော်လည်း ဖက်ထုပ်ရွက်တစ်ခုဖြစ်သည်။
လင်းလန် ချက်ချင်းချီးကျူးလိုက်၏။
"အစ်ကိုရှောင်ဝမ်က တော်တယ်... ဖက်ထုပ်ရွက်ကို ပထမဆုံးအကြိမ်နဲ့လှိမ့်ပေးနိုင်တယ်... ဟုတ်တယ်ဟုတ်"
ရှောင်ဝမ်က ချက်ချင်းပဲ သူ့မျက်နှာကိုတိုးကာ သူ့မားမားကို နမ်းလိုက်လေသည်။
စန်းဝမ်က သူ့ဟာကိုကြည့်၊ သူ့အစ်ကိုကြီးဟာကို ကြည့်၊၎င်းနောက် သူ့အစ်ကိုကြီးမျက်နှာကိုကြည့်ပြီး ရယ်၏။
တဝမ်က သူ့ကို စိုက်ကြည့်ကာ လှိမ့်တုံးကို ပြန်ဆွဲယူလိုက်သည်။
သူ မလုပ်နိင်ဘူးလို့ မယုံဘူး...
သူက ဖက်ထုပ်ရွက် ဆက်လှိမ့်၏။
သူဒေါသမထွက်စေရန်အတွက် အားဝမ် မုန့်ညက်များကို ထပ်မံဆုပ်နယ်လိုက်ရပြီး အမြန်သူ့ကို ညွှန်ကြားချက်များပေးလိုက်သည်။
“အစ်ကိုကြီ... ဖက်ထုပ်ကိုင်ထားတဲ့ မင်းလက်ချောင်းတွေက အားမထည့်ရဘူး မချေရဘူး... လှိမ့်တုံးကို မဖိဘဲ တွန်းရတယ်...ဖိတာမဟုတ်ဘဲ လှိမ့်တာ”
သူက တဝမ်ဘေးကို ကိုင်းပြီး လက်ချင်းထပ်သင်ပေးလေ၏။
တဝမ်က ဖက်ထုပ်ရွက်ကို သူ့ဘာသာသူ စလှိမ့်လိုက်ပြီး တစ်ခုက ပုံမှန်မဟုတ်တဲ့ ဗဟုဂံပုံသဏ္ဍာန် ဖြစ်သွားသည်၊ တစ်ခုက အလယ်က ပါးလွန်းနေသဖြင့် ပြဲနေပြီး နောက်တစ်ခုက လှိမ့်တုံးမှာ ကပ်နေ၏...
တဝမ်:"..."
လှိမ့်တုံးကို ကိုင်ထားသည့် သူ့လက်က သွေးပြန်ကြောများပင် ပေါ်လာတော့သည်။သူ့အားက လိမ့်တုံးကို ချိုးတော့မည်ပုံရသည်။
လင်းလန် သူ့ကို အမြန်နှစ်သိမ့်လိုက်ရ၏။
“စိတ်မပူနဲ့ သားကြီး...မင်းအချိန်ယူလိုက်... တကယ်တော့ ဖက်ထုပ်လုပ်တာက မင်းပါးစပ်အတွက်ပါ...မင်းနောင်မှာ ဖက်ထုပ်မစားချင်ဘူးဆိုရင် မသင်လည်း ကိစ္စမရှိပါဘူး"
တဝမ် : "..."
ငါစားချင်တယ် ဒါပေမဲ့ ဖက်ထုပ်လောက် အရသာရှိမှာမဟုတ်ဘူး...
လင်းလန်က ဆက်ပြောသည်။
"ဒါမှမဟုတ် မင်း ဆယ့်ခုနှစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်ထိစောင့်... သားကို ဖက်ထုပ်လုပ်နိုင်တဲ့ မိန်းမ မားမားရှာပေးမယ်"
တဝမ်၏ မျက်နှာ ချက်ချင်းနီရဲသွားပြီး သူ့သွားများကြားကနေ စကားအနည်းငယ်ကို ညှစ်ထုတ်လိုက်၏။
(အံကြိတ်ပြီးပြောတာပါ😆)
"မဟုတ်ဘူး...ကျွန်တော် လုပ်နိုင်တယ်"
လင်းလန် ရယ်ရလွန်း၍ သေလုမတတ်ဖြစ်သွားပြီး သူ့ကို အပြင်းအထန်နိုးဆွပေးလိုက်ရသည်။ တဝမ်၏ လက်များ စတင်လှုပ်ရှားလာသည်ကို ကြည့်လိုက်ရာ ဖက်ထုပ်ရွက်များကို တကယ်လှိမ့်လိုက်နိုင်သွားသည်။
ပထမဆုံး အသုံးပြုနိုင်သော ဖက်ထုပ်ရွက်ထွက်လာပြီးနောက် လင်းလန်က ပြုံးကာပြောလိုက်၏။ "အိုး မလွယ်ပါဘူး... ဒီဖက်ထုပ်ရွက်က အထိမ်းအမှတ်ပြုသင့်တယ်"
သူမက သကြားအိုးကို သွားယူကာ "အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုဖို့ သကြားလုံးထုပ်မယ်" ဟုပြောလိုက်သည်။
သူမက တူတွေကိုလည်းယူလာကာ ဘေးနှစ်ဖက်ကို တွန့်ဖို့ လေးထောင့်စွန်းကိုသုံးကာပြုံးပြီးပြောလိုက်၏။
"ဖက်ထုပ်ရွက်တွေချည်းပဲ... မင်းကအတော်လေးပါးတယ် ...မားမားမင်းအတွက် တံဆိပ်ထုပေးမယ်"
ကလေးတွေ: "..."
စန်းဝမ် အကျယ်ကြီး အော်ရယ်ရင်းပြောလေသည်။
"မားမား....မှားနေတယ်... ဖက်ထုပ်ရွက်တွေက မားမားဟာတွေ လောက်မပါးဘူး"
လင်းလန်: "ကျေးဇူးတင်ပါတယ် စန်းတိ...ဒါက မားမားက မင်းလောက်နုတယ်ဆိုတာကို ပြနေတာ"
ဤတစ်ခါတွင် တဝမ်က ဖက်ထုပ်ရွက်လှိမ့်နည်းသင်ယူခဲ့ပြီ လင်းလန် သူ့ကို နောက်တစ်ခါကျ ဖက်ထုပ်လုပ်နည်းသင်ဟု ခိုင်းလိုက်၏။
စန်းဝမ်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။
"မားမား ...ကျွန်တော်က ငယ်သေးတယ်... ဇနီးတစ်ယောက်နဲ့ လက်ထပ်ဖို့ စောလွန်းနေတော့ သင်ဖို့ အလျင်မလိုနဲ့နော် "
ဟားဟားး... ဟင်းချက်တတ်အောင် မသင်ခင် နှစ်အနည်းငယ်လောက် အချိန်ယူရတာ မဆိုးပါဘူး...
ဟန်ချင်စုန့် ပြန်ရောက်သောအခါ တစ်မိသားစုလုံး ဖက်ထုပ်လုပ်ရင်း ကစားနေကြဟန်ရှိသည်။
လင်းလန်ကလည်း သူ့ကိုလှမ်းခေါ်လိုက်၏။
"စန်းကော... ကျွန်မတို့သားကြီး ဖက်ထုပ်ရွက်လှိမ့်တာကို လာကြည့်လှည့်...အရမ်းမိုက်တယ်"
ဟန်ချင်စုန့်က သူ့လက်ကိုဆေးပြီး ဝင်လာကာ သူ့ကိုကြည့်လျက်ဆိုလိုက်သည်။
"မဆိုးပါဘူး"
ဒီထက်ပိုပြောရန်က မဖြစ်နိုင်ပါလေ။
သို့သော် တဝမ်၏နှလုံးသားထဲတွင် ချိုမြိန်နေဆဲဖြစ်သည်။
မိုင်စွေ့က ရေဆူအောင်တည်ပြီး သူတို့ ဖက်ထုပ် စားကြ၏။
ရှောင်ဝမ်: "မားမား...မမတွေမြည်းဖို့နည်းနည်းလောက်ချန်ထားရအောင်... သူတို့ တကယ် ဗိုက်ဆာနေကြတာ"
လင်းလန်က ပြုံးရင်းဆိုလိုက်သည်။
"ဟုတ်ပြီ... တစ်ယောက် ခြောက်ယောက်ခုစီ ထားလိုက်ရအောင်"
သူတို့ကို မြည်းခိုင်းပြီး လှုံ့ဆော်လိုက်ကြစို့..
ထိုသို့ဆို သူတို့လည်း သူတို့ဘာသူတို့ ဖက်ထုပ်လုပ်နည်းကို သင်ယူနိုင်ကြပေမည်။
ပညာတတ်လူငယ်များက သင်ယူတတ်မြောက်လွယ်သော လူငယ်များဖြစ်ကြပြီး နောင်တွင် ရျံုနှင့် အသီးအရွက်များရလျှင် အခြားသူများကို စောင့်ဆိုင်းမည့်အစား ၎င်းတို့ကိုယ်တိုင် ဖက်ထုပ်လုပ်နိုင်သည်။
ကြက်သွန်မြိတ်နှင့် ကြက်ဥ ဖက်ထုပ်က အလွန်အရသာရှိသဖြင့် ကလေးတွေက ဗိုက်ပြည့်နေအောင်စားကြ၏။
ညစာစားပြီးသောအခါ ကလေးများ အပြင်ထွက်၍ ကစားကြသည်။ ပုစဉ်းရင်ကွဲများ၏ အထွတ်အထိပ်ရာသီကို ကျော်လွန်သွားပြီဖြစ်ရာ ယခု သူတို့က ပညာတတ်လူငယ်တွေနှင့် သွားကစားကြသည်။ပညာတတ်လူငယ်အသစ် ကျိရှောင်ကလည်း အလွန် တက်ကြွသဖြင့် သူတို့နှင့်အတူတူ ကစားနိုင်၏။
လင်းလန်ကလည်း မည်သို့ပင်ဖြစ်စေ အိမ်စာမရှိသလို ရှေရှည် အသိပညာလည်း အခြားအရာများထက် သာလွန်သောကြောင် သူတို့ကို မတားခဲ့ပေ။
ဟန်ချင်စုန့်: "ဒီနေ့ စိုက်ခင်းကိုသွားပြီးတော့ ညွှန်မှူးစုန့်ဆီက မြှာတိုင်နဲ့ ကောက်ရိုးတချို့ဝယ်ပြီး မနက်ဖြန် လာပို့ခိုင်းလိုက်တယ်"
လင်းလန် အံဩတကြီးပြောလိုက်သည်။
"စန်းကော...ရှင်က အံ့သြစရာပဲ"
ဟန်ချင်စုန့်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီးသူမလက်ချောင်းထိပ်ဖျားတွေကို ညင်သာစွာ ညှစ်လိုက်ကာ သူမလက်သည်းတွေနှင့်အသာအယာ ခြစ်လိုက်၏။
လင်းလန် သူ့ကြောင့်ယားသွားပြီး တိုက်တွန်းလိုက်သည်။
“စန်းကော... အတွင်းရေးမှူးပျော်အောင်လို့ သွားပြောချေပါ”
"အလျင်လိုစရာမလိုပါဘူး"
သူက သူမကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး လေးလေးနက်နက် ကြည့်လိုက်၏။
လင်းလန်က အံ့သြသွားပြီး ကြည့်ကာမေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"မင်းကိုကြည့်နေတာ"
လင်းလန်က ပြုံးပြီးဆို၏။
"ကျွန်မကိုကြည့်နေတာလား...ရှင်ကျွန်မကိုမမှတ်မိဘူးလား"
သူမက ငြိမ်ငြိမ်လေးထိုင်ပြီး သူ့ကိုကြည့်ခွင့်ပေးလိုက်သည်။
Xxxxxxxx
Part 604
ဟန်ချင်စုန့်က သူမခေါင်းကို အနည်းငယ်မော့ထားခြင်းဖြင့် သူ ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန် သူမ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ပင့်လိုက်၏။
သူမ၏ မျက်ခုံးမွှေးများက နူးညံ့ပြီး ရှည်လျား သပ်ရပ်ပြီး ရှုတ်ထွေးမနေပေ။ သူမ၏ မျက်တောင်မွှေးထူထူများကလည်း ကလေးလေးတစ်ယောက်၏ မျက်တောင်ကလေးများကဲ့သို့ ချစ်စရာကောင်းသည်။ သူမ၏ နှာတံလေးက သိမ်မွေ့ပြီး ဖြောင့်စင်း၏။သူမ၏နှုတ်ခမ်းလေးကလည်း မသေးလွန်းမကြီးလွန်းဘဲ သူမ၏ နှုတ်ခမ်းလွှာများက နီရဲပြည့်ဖောင်းနေပြီး နှုတ်ခမ်းထောင့်စွန်းများက သဘာဝကျသော အပြုံးတစ်ပွင့်ကိုချိတ်ဆွဲရန် သူမ၏ နှုတ်ခမ်းများကို အနည်းငယ် ကွေးထားသည်။
အလှပဆုံးအရာမှာ စကားပြောနိုင်သည့် မျက်လုံးများဖြစ်ပြီး သူမက သူမ၏ အတွေးအမြင်များကို သူမမျက်လုံးများဖြင့် ပြောပြနိုင်သည်။ ဤမျက်လုံးများမှတစ်ဆင့် သူမ၏စိတ်ဝိညာဉ်၊ အယူအစွဲမရှိမှု၊ အကောင်းမြင်စိတ်၊ အပြုသဘောဆောင်ပြီး ကြင်နာ တတ်သောစိတ်ဝိညာဉ်တို့အား ဖြတ်မြင်နေရသကဲ့သို့ပင်။
သူ့နှလုံးသားက ပူနွေးပြီး ပျော့ပျောင်းလာကာ သူမ၏မျက်ခုံးများအလယ်မှာ အနမ်းတစ်ပွင့် ခတ်နှိပ်လိုက်သည်။
လင်းလန် : "စန်းကော..."
သူ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးတက်သွားပြီး သူ့မျက်ဝန်းနက်နက်ထဲမှာ အပြုံးတစ်ခုပေါ်လာ၏။
"ဘာမှမဟုတ်ပါဘူး...ဒီအတိုင်း ကြည့်တာပါ"
လင်းလန် သူဘယ်လောက်ထိ နူးညံ့သိမ်မွေ့နေမှန်း မြင်လိုက်ရာတွင် သူ့လက်ကို လှမ်းကိုင်လိုက်ပြီး မြစ်ကမ်းစပ်ဆီ လမ်းလျှောက်ထွက်ခဲ့သည်။ တစ်နေ့တာ၏ ညနေခင်းမှာ ရေပေါ်ကနေလာသည့် အေးမြသည့်လေနုအေးကတိုက်ခတ်နေပြီး ပူလောင်လောင်မြိုက်သည့် အပူလောက် မနွေးသလို ဆောင်းရာသီလို အေးစက်နေတာမျိုး လည်းမဟုတ်ဘဲ ဤအချိန်မှာ နူးညံ့နေခဲ့သည်။
ခဏလောက် လမ်းလျှောက်ပြီးနောက် မြစ်ကမ်းနားမှာ ချီမင်ကို တွေ့လိုက်ရ၏။ သူမက အဝတ်ဇလုံတစ်ခုကို သယ်လာပြီး သူတို့ကို တွေ့သောအခါ ရှေ့တက် နှုတ်ဆက်လေသည်။
ဟန်ချင်စုန့် က ခေါင်းညိတ်လိုက်ပြီး လင်းလန်ကို ပြောလိုက်၏။
"ကိုယ်ဌာနခွဲအတွင်းရေးမှူး အိမ်ကို သွားတော့မယ်"
လင်းလန်က သူ့ကို တာ့တာ့လုပ်ပြီး ချီမင်ကို နှုတ်ဆက်လိုက်သည်။
"အဝတ်လျှော်နေတာလား"
ချီမင်က ခေါင်းညိတ်ပြီးဆို၏။
"ကပ္ပတိန်လင်း...ကျွန်မ...ရှင်နဲ့ စကားပြောလို့ရမလား"
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
“ကောင်းပြီ”
သူတို့ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်ကာ စကားပြောကြသည်။ ဦးစွာ စကားအနည်းငယ်ဖလှယ်ပြီးနောက် လက်ရှိ လယ်ယာလုပ်ငန်း၊ အလုပ်မှတ်များနှင့် ပညာတတ်လူငယ်များ၏ ကူကယ်ရာမဲ့မှုများအကြောင်း ပြောကြသည်။
ချီမင်က သက်ပြင်းချရင်းဆို၏။
"ကျွန်မက ကိုယ့်ကိုကိုယ် အရမ်းတော်တယ်လို့ အမြဲ ထင်ခဲ့ပေမဲ့... ကျေးလက်ကို ရောက်တဲ့အခါမှာကျ ဘာမှမသိဘူးလို့ ခံစားရတယ်...ကျွန်မက တကယ်ကို အရည်အချင်းမရှိတာပဲ"
လင်းလန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲ...လူတိုင်းမှာ အားသာချက်ကိုယ်စီရှိကြတယ်...မင်းဆို အရေးအဖတ်တော်တယ်... စိုက်ပျိုးရေးမလုပ်မတတ်ဘူး "
"ဒါပေမဲ့ ကျွန်မတို့ ကောင်းကောင်းတတ်တာက အသုံးမဝင်ဘူး... လူ့အဖွဲ့အစည်းမှာ လုပ်အားခွဲဝေမှု ရှိတယ်လို့ ပြောကြတယ်...အခု... ကျွန်မတို့ကို မလိုအပ်တော့ဘူး"
နာကျင်ဟန်အမူအရာက သူမမျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
ငယ်ငယ်ကတည်းက စာကြိုးစားရန် ပင်ပင်ပန်းပန်းလုပ်ခဲ့ပြီး နောင်မှာ တက္ကသိုလ်တက်မည်ဟုတွေးခဲ့သည် ။တက္ကသိုလ်မတက်နိုင်လျှင်ပင် အလုပ်ကောင်းကောင်းရှာနိုင်သေး၏။ သို့ပေမဲ့ ရုတ်တရက် တက္ကသိုလ်တက်ခွင့်မရ၊ စက်ရုံထဲဝင်ခွင့်မရဖြစ်သွားပြီး မြို့ထဲမှာပင်နေခွင့် မရတော့ပေ။ သူတို့အားလုံးက ကျယ်ပြောလှသောကမ္ဘာကြီးတွင် လေ့ကျင့်ရေးလုပ်ရန်အတွက် ဘဲများကဲ့သို့ ကျေးလက်ဒေသသို့ ပြေးကြရသည်။
ဘာကိုလေ့ကျင့်ရေး လုပ်တာလဲ...
သူမမှာ ခွန်အားမရှိသလို လယ်ယာအလုပ်လည်း မလုပ်နိုင်သဖြင့် အလုပ်အမှတ်လည်း မရနိုင်ပါချေ။ အလုပ်ကြိုးစားရန် ရည်မှန်းထားပါက အဘယ်ကြောင့် အရင်ဆုံးကျောင်းတက်နေသေးသနည်း။
လေ့ကျင့်ရေးလုပ်ချင်သူတွေ လာလုပ်ပြီး သူတို့က လေ့ကျင့်ရေး မလုပ်ချင်ပါဘဲ ဘာကြောင့် လာခိုင်းရသနည်း။
ကျောင်းတွင် ဆရာများ စည်းရုံးခြင်း၊ အိမ်တွင် စည်းရုံးခြင်းနှင့် လမ်းပေါ်ထွက် စည်းရုံးခြင်း သည် ပိုမိုကျယ်ပြန့်သော ကျေးလက်ဒေသတွင် ကမ္ဘာသစ်တစ်ခု တည်ဆောက်ရန် ကျေးလက်သို့ တက်ကြွစွာ သွားခိုင်းခြင်း ဖြစ်သည်။
ဒါပေမဲ့ ကျေးလက်က ဘယ်လိုလုပ် လိုအပ်မှာလဲ...
သူတို့က ယဉ်ကျေးမှု အသိပညာ ပြန့်ပွားရေအတွက် ဆရာတွေ လာလုပ်လျှင် ခက်ခဲလိမ့်မည်ဖြစ်သည်။ သို့ပေမဲ့ သူတို့က တတ်မြောက်မှု အားအနည်းဆုံးဖြစ်သည့် အလုပ်ပင်ပင်ပန်းပန်းလုပ်ရန် ဤနေရာသို့ရောက်လာခြင်းဖြစ်ပြီး ကျေးလက်ကူလူတွေကလည်း ထိုဟာကို မုန်းတီးလာကြသည်။
သူမက ခွန်အားအပြည့်ဖြင့် ပန်းတိုင်တစ်ခုဆီသို့ ပြေးလာစဥ်ခိုက်တွင် ရုတ်တရက် လုံးဝ ငြင်းပယ်ခံလိုက်ရပြီး ဘဝ၏ ခံယူချက်နှင့် အမြင်များက လုံးလုံးလျားလျား ပြိုလဲသွားကာ ဘယ်ကိုသွားရမည်ကို သူမ မသိတော့ပေ။
သူတို့သည် ကျောင်း၊ မိသားစု၊ မြို့၊ ကျေးလက်နှင့် လူတိုင်းက မနှစ်သက်သော စွန့်ပစ်ခံ လူတစ်စုဖြစ်သည်။
သူမ၏ရင်ထဲရှိ စိတ်ဓာတ်ကျမှူကို မည်သူမျှနားမလည်နိုင်ကြပေ။ ပညာတတ်လူငယ်များက အချင်းချင်း ပြိုင်ဆိုင်ကြပြီး မိသားစုကသာ သူမကို အနစ်နာခံကြမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကပ္ပတိန်လင်းက အများကြီးသိပြီး သနားကြင်နာတတ်သည့် သဘာဝစွမ်းအားရှိပုံရ၏။သူမက သူတို့၏အတွင်းစိတ်ဝေဒနာနှင့် အကူအညီမဲ့ခြင်းတွေကို နားလည်နိုင်ပြီး သူတို့၏ဒေါသနှင့်ရုန်းကန်မှုတွေကို သည်းခံနိုင်လေသည်။
သူမ လင်းလန်ကို သစ်ခေါင်းပေါက်တစ်ခု(သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ အကြံပေးတစ်ဦးအဖြစ် မှတ်ယူကာ လင်းလန်ကို စကားများစွာပြောခဲ့သည်။
အဆုံးတွင် သူမက ရှက်ရွံ့စွာပြောလိုက်၏။
"ကပ္ပတိန်လင်း... ကျွန်မ ရှင့်ကို ရယ်အောင်လုပ်မိပါပြီ... ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ"
ပန်းချီကားတစ်ချပ်ကဲ့သို့ ထိုင်နေသည့် လှပသော မိန်းကလေးက ညှိုးငယ်နေသည့် မျက်နှာဖြင့်ရှိနေသည်မှာ ပြောစရာပင်မလိုပါချေ။
လင်းလန်က သူမကို အားပေးလိုက်သည်။ "စိတ်ဓာတ်မကျပါနဲ့...မျှော်လင့်ချက်က ရောင်နီသန်းနေပါပြီ"
ချီမင်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီးဆို၏။
"ဒါပေမဲ့ ... ဘယ်အချိန်လဲဆိုတာ ဘယ်သူ သိမှာလဲ...ကပ္ပတိန်လင်း...ရှင် ကျွန်မတို့ရဲ့ နာကျင်မှုကို နားလည်နိုင်တယ်မလားဟင်"
လင်းလန်က ခေါင်းညိတ်ပြလိုက်သည်။
"ကိုယ်ချင်းစာစိတ်ကလွဲလို့ ဘာမှလုပ်ပေးလို့မရဘူး... စိတ်မကောင်းပါဘူး"
ဤသည်က လူမှုခေတ်၏ ပြဿနာဖြစ်ပြီး ဘယ်သူမှ မဖြေရှင်းနိုင်ပါချေ။
ချီမင်က သူမမျက်ရည်တွေကို သုတ်လိုက်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။
"ကပ္ပတိန်လင်း...ကျွန်မနဲ့ရှင်နဲ့ ဝါဒဖြန့်ကြရင်ရော ဘယ်လိုလဲ...ကျွန်မရှင်ဘာပြောပြောလုပ်နိုင်ပါတယ်... တတ်နိုင်သမျှ သီဆိုမှာ ကမှာပါ"
လင်းလန် နူးနယ်သည့်အသားအရည်နှင့် မြေကြီးထဲဆင်းရသည့် ဤမိန်းကလေးတွေက သူမ ပထမဆုံးကူးပြောင်းလာတုန်းကလိုမျိူး အလုပ်ကြမ်းကို ရှောင်ရန်ကြိုးစားနေသည်ကို သနားပေမဲ့ သူမက တကယ်ကို ခွန်အားမဲ့နေ၏။
"ပညာတတ်လူငယ်ချီ စိတ်မကောင်းပါဘူး... ဝါဒဖြန့်ရေးအဖွဲ့ကလည်း ဖြစ်ကဆန်းအဖွဲ့ဖြစ်တော့ လူနည်းနည်းနဲ့ပဲရပြီး ထပ်ထည့်မရတော့ဘူး"
သူမက တောင်းပန်စကားဆိုလိုက်သည်။
သူမသည် နမူနာပြပြီး ကြံရာ ကျပန်းလူများကို စုဆောင်းနေ၍မရပေ။ ဤဟာကို စလုပ်လိုက်သည်နှင့် အခြားလူများက အထူးတလည် ဂရုစိုက်မှုလိုချင်ကြမည်မှာ သေချာလေသည်။ ထိုသို့ဆိုလျှင် သူမ လုံးဝမကိုင်တွယ်နိုင်တော့ပေ။ အစားအသောက်မဧည့်ခံသလိုမျိုး ဒုက္ခမဖြစ်အောင် အစပိုင်းကတည်းက လက်မခံခြင်းဖြစ်၏။
ဤကဲ့သို့ တွေးတောသူက သူမတစ်ဦးတည်း မဟုတ်ဘဲ ဦးနှောက်ရှိသည့် တပ်မဟာမှူးကလည်း စာရေးစာချီအလုပ်များ ဖြစ်သည့် စာရင်းကိုင် နှင့် အမှတ်စာရင်းထိန်းများ ကဲ့သို့သော စာရေးလုပ်ငန်းများကို ပညာတတ် လူငယ် များထံ လွှဲပြောင်း ပေးအပ်မည် မဟုတ်ပေ။
Xxxxxx