အပိုင်း ၆၅၅-၆၅၆
Viewers 36k

Part 655


အကြောင်းမှာ လက်ကိုင်ပု၀ါလေးသည် တစ်ပေပတ်လည်အရွယ်အစားရှိပြီး တစ်ဖက်တွင် မြောက်ပိုင်း၏ ရှုခင်းပုံကို ထိုးထားလေသည်။ ဂျုံခင်းများဘေးတွင် လမ်းသွယ်လေးရှိပြီး ခြံစည်းရိုးလေးများလည်းပါကာ ခွေးလေးများလည်းပါပြီး ဇီသီးပင်တစ်ပင်ကိုပါ ထိုးထားလေသည်။ ယင်းတို့အပြင် အနီရောင်၀တ်မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ယောက်ကိုပါ ချည်ထိုးထားလေသည်။ နောက်တစ်ဖက်တွင်ကား တောင်ပိုင်းမှ မြစ်နှင့် တံတားလေးပါရှိပြီး ချယ်ရီပင်များက မြစ်ကမ်းဘေးတွင် ပေါက်နေသည့်ပုံလေးဖြစ်ကာ အဖြူ၀တ်လူငယ်လေးတစ်ယောက် ကမ်းစပ်တွင် ရပ်နေသည့်ပုံကို ထိုးထားလေ၏။ 


ပိုးချည်ကိုသုံးကာ အဖြူနောက်ခံပေါ်တွင် အနုစိတ်ထိုးထားတာဖြစ်ပြီး သက်၀င်လှုပ်ရှားနေသော ခံစားချက်ကို ပေးနေလေသည်။ 


ထိုသည်က နာမည်ကျော် နှစ်ဖက်လှချည်ထိုးခြင်းအတတ်ပညာ ဖြစ်သည်ကို လင်းလန် သိလိုက်သည် ။ ချည်ထိုးရသည်မှာ အတော်လေး လက်၀င်ပြီး သာမန်လူ မထိုးနိုင်သည့် လက်ရာဖြစ်ပေသည်။ 


" အမေတို့ လက်မခံသင့်ဘူး ၊ တန်ဖိုးကြီးလွန်းတယ် "


မိုင်ဆွေ့က သေချာမသိသော်လည်း လက်ကိုင်ပု၀ါလေးက ကြည့်ရုံဖြင့် သာမန်မဟုတ်တာကို သိနေသဖြင့် ခေါင်းညိတ်ပြသည်။


 " ဒါဆိုလည်း သမီး အစ်မဖန်းကို ပြန်ပေးလိုက်မယ် "


လင်းလန် : " မားမား ယုန်သားနဲ့ နေ့လယ်စာထုတ်ပေးလိုက်မယ် ၊ ယူသွားပေးလိုက် "


ဖန်းရှောင်က သူမတို့ထံမှ ၀ယ်မစားတော့သော်ငြား မိုင်ဆွေ့က ဖန်းရှောင်အား အရသာရှိသည်များကို ခွဲဝေပေးနေဆဲဖြစ်သည်ကို လင်းလန်သိထားသော်လည်း မသိချင်ယောင်ဆောင်နေတာဖြစ်သည်။ ကလေးတွေအချင်းချင်းကြားက ခင်မင်မှုပဲ ဖြစ်ပေသည်ကိုး ။


မိုင်ဆွေ့ : " မားမား အစ်မဖန်းနဲ့ အစ်ကိုကြီးရှန်ယွီကို အိမ်မှာ ညစာစားဖို့ ဖိတ်ရင်ရောဟင် "


ဖန်းရှောင်ကိုသာပေးမည်ဆိုပါက သူမက ထိုသည်ကို ခိုး၀ှက်ကာ စားရတော့မည်ဖြစ်သည်။ ဖန်းရှောင်က လင်းလန်တို့မိသားစုမှ ပေးသည့်အစားအသောက်များကို အခြားသူများနှင့် ဝေမစားပေ ။ ဖန်းရှောင်ကိုပဲ ပေးမည်ဆိုပါက ရှန်ယွီအတွက် မကောင်းဘူးဟုထင်သည်။ ဟော်ဟုန်ကျန်းက ယခုဆို ဟန်ချင်းဖျင် ၊ ဟော်ယွမ်တို့နှင့် အတူစားနေတာဖြစ်သဖြင့် သူ့ကို ခေါ်ဖို့မလိုချေ ။


လင်းလန် : " ရတယ်လေ "


မိုင်ဆွေ့ ဆုံနေကြနေရာသို့သွားကာ ဖန်းရှောင်အား ရှောင်၀မ်ကို ပုံဆွဲသင်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် ဖိတ်ခေါ်လိုက်သည်။ ရှန်ယွီကိုမူ ဆပ်ပြာအကြောင်း ဆွေးနွေးရန်ဟူသော ခေါင်းစဥ်အောက်မှ ဖိတ်လိုက်သည်။ 


ဖန်းရှောင်က ညစာစားရန် အဖိတ်ခံရသည်ကို သိသည်နှင့် အလွန်ပျော်သွားကာ ခုန်ပေါက်ချင်နေလေ၏။ 


ရှန်ယွီကလည်း ညစာအတွက် ဖိတ်တာမှန်းသ်ိသော်လည်း လင်းလန်တို့မိသားစု၌ ကလေးများစွာရှိသဖြင့် သူရော သွားမည်ဆိုပါက အဆင်မပြေဖြစ်မည်စိုးသောကြောင့် မသွားချင်ပေ ။ ထို့အပြင် သူက ဒု-အဖွဲ့ခေါင်းဆောင်ဖြစ်သဖြင့် လင်းလန်တို့အိမ်သို့ ညစာသွားစားပါက အများအမြင်စောင်းကာ လင်းလန်ကိုလည်း ထိခိုက်သွားနိုင်လေသည်။ 


ထို့ကြောင့် ရှန်ယွီက ပြုံးပြ၍ ငြင်းလိုက်သည်။


 " ကျွန်တော်လည်း ခေါင်းဆောင်လင်းကို မေးစရာရှိနေတာ ၊ ညစာစားပြီးရင် လာခဲ့ပါ့မယ် "


မိုင်ဆွေ့ကလည်း ပြန်ပြုံးပြလိုက်ပြီး ဘာမှထပ်မပြောချေ ။ 


ဖန်းရှောင် : " ရှန်ယွီ ငါ့ဖို့လည်း ချန်ထားနော် ငါပြန်လာရင် စားဖို့မရှိဘဲ ဖြစ်နေလိမ့်မယ် "


ဟွန့် မစားရင် အခြားသူတွေအတွက် ပိုကောင်းသွားမှာပေါ့ ။ 


အပြန်လမ်းတွင် မိုင်ဆွေ့ ဖန်းရှောင်အား လက်ကိုင်ပု၀ါက်ို ပြန်ပေးလိုက်သည်။


 " ၀ယ်ပြီးပေးတာဆိုရင် သမီး လက်ခံမယ်လေ ဒါကိုတော့ လက်မခံနိုင်ဘူး "


ဖန်းရှောင် : " ဘာလို့လဲ "


မိုင်ဆွေ့ : " စျေးကြီးတယ်လေ "


" စျေးကြိိီးတယ် ....ဘယ်နားကလဲ "


မိုင်ဆွေ့ : " မားမားပြောတာလေ ဒါက နှစ်ဖက်လှချည်ထိုးတဲ့ဟာမို့ အဖိုးတန်တယ်တဲ့ "


ဖန်းရှောင် : " ဒါက ခေါင်းဆောင်လင်း သိုးမွေးထိုးနေတာနဲ့ တူတူပါပဲ ဒါကလည်း ကိုယ်တိုင်လုပ်ထားတဲ့ဟာပဲလေ စျေးမကြီးပါဘူး ပူမနေပါနဲ့ "


" ဒါပေမယ့်လည်း နှစ်ဖက်လှလေ "


" ဟုတ်တယ် ဒါပေမယ့် ဒါက ကိုယ်တိုင်ထိုးထားတာပါဆိုနေ အစ်မ ပြောပြမယ် အစ်မမှာ ချည်ထိုးရတာကြိုက်တဲ့ အဒေါ်တစ်ယောက်ရှိတာ သူမက ချည်ထိုးထားတာတွေက သေတ္တာတွေနဲ့ကို ရှိတာ ဒါလေးက မိုင်ဆွေ့နဲ့ လိုက်မယ်ထင်လို့ ယူလာပေးတာ " ဟုဆိုကာ ဖန်းရှောင်က ရယ်ရင်း ဆက်ပြောလေသည်။ 


" ဒီဟာက တကယ် မိုင်ဆွေ့နဲ့ လိုက်တယ် တကယ်က ပန်းချီဆွဲဖို့ ပစ္စည်းစုံစုံလင်လင်သာရှိရင် အစ်မက ပန်းချီလေးဆွဲပေးမလို့ကို ဒါပေမယ့် ဒါလေးလည်း မဆိုးပါဘူးဆိုပြီး ပေးလိုက်တာ"


ဖန်းရှောင်က မိုင်ဆွေ့ကိုကြည့်ကာ ထပ်ပြောပြန်၏။ " ကောင်းပြီလေ လူကြီးတွေပြောတာကိုပဲ အမြဲနားထောင်မနေနဲ့ လူကြီးတွေကတော့ စျေးကြိိးတယ်ဘာညာ ပြောမှာပဲလေ ဒါပေမယ့် တကယ်တန်ဖိုးရှိတာက အစ်မတို့ရဲ့ ရင်းနှီးမှုမဟုတ်ဘူးလား ဒါလေးက ရင်းနှီးတာထက်ပိုပြီး တန်ဖို့ရှိမှာမို့လို့လား တကယ်ဆို အစ်မက အခုတစ်ရာလောက်ပေးရင်တောင် မလုံလောက်သေးဘူးလို့ ထင်နေတာကို အစ်မကိုယ်တိုင်သာထိုးတက်လို့ကတော့ ကိုယ်တိုင်တောင် ချည်ထိုးပေးလိုက်ဦးမှာ ဆိုးတာက အစ်မက အပ်ချည်နဲ့အပ်ဆို လုံး၀ မကိုင်တတ်တာပဲ "


ထိုအခါ မိုင်ဆွေ့ ရယ်လိုက်မိသည်။ 


" ဒါဆို ညီမ တစ်ခုပြန်ထ်ိုးပေးမယ်လေ " 


ဖန်းရှောင်က ခေါင်းခါပြသည်။ " ထားလိုက်ပါ "


မိုင်ဆွေ့ : " ဘာလို့လဲ ညီမ ချည်ထိုးပေးမှာကို သဘောမကျလို့လား "


ဖန်းရှောင်က ရယ်သွားလေသည်။


 " အစ်မက ဘာလို့ မကြိုက်ရမှာလဲ ပင်ပန်းမယ် ထင်လို့ပါ ဆွယ်တာထိုးပေးတာက ရိုးပါတယ် ပန်းချီဆွဲပြီး ပေးတာပဲဖြစ်ဖြစ် စကတ်တစ်ထည်လောက် ချုပ်ပေးတာပဲဖြစ်ဖြစ် လုပ်လေ "


မိုင်ဆွေ့ : " သိပ်မကြာခင်တုန်းက စကတ်လိုချင်တယ်လို့ ပြောဖူးသေးတယ်မလား ကောင်းပြီလေ "


ဖန်းရှောင်က မိုင်ဆွေ့ ထပ်ငြင်းနေဦးမည်စိုး၍ လက်ကိုဆွဲကာ " သွားကြစို့ အစ်မဗိုက်ဆာနေပြီ " ဟုဆိုသည်။ 


ယုန်သားစားရမည်ဟု သိသောအခါ ဖန်းရှောင်၏ မျက်၀န်းများက အရောင်တောက်သွားလေသည်။ မီးလုံးများလို တောက်ပနေသောကြောင့် ညဘက်လမ်းလျှောက်ထွက်လျှင်တောင် မီးလိုတော့မည် မဟုတ်ချေ ။ 


ထိုအချိန်မှာပဲ ဟန်ချင်စုန့်ကလည်း မြစ်အနောက်ဘက်မှ ပြန်လာလေသည်။ 


ဟန်ချင်စုန့်အား မြင်သည့်အခါ ဖန်းရှောင်က တောင့်တင်းသွားကာ မတ်မတ်ရပ်လိုက်ပြီး မူလတန်းကလေးများနှယ် အကျယ်ကြိိးအော်၍ နှုတ်ဆက်လေ၏။ 


မိုင်ဆွေ့က ဖန်းရှောင်၏ အပြုအမူကို နားမလည်ဖြစ်သွားလေသည်။ " အစ်မဖန်း အဲ့လိုအထိ လုပ်ဖို့မလိုဘူးလေ "


ဖန်းရှောင်က " နည်းနည်းကြောက်လို့ပါ " ဟုဆိုပြီး သက်သာလိုသက်သာငြား မိုင်ဆွေ၏ လက်ကိုကိုင်လိုက်လေသည်။ 


နံရံအနားသို့ရောက်သောအခါ ပုန်းနေသော စန်း၀မ်က ခုန်ထွက်လာပြီး " ၀ါး " ခနဲ ခြောက်လေသည်။ 


ကလေးများက ပုန်း၍ခြောက်လှန့်ရသည်ကို သဘောကျကြလေသည်။ တစ်ဖက်လူက ကြောက်ပြလေ ပျော်သွားကာလှောင်ရယ်တက်ကြလေဖြစ်ပေသည် ။ 


မိုင်ဆွေက ကျင့်သားရနေပြီဖြစ်သဖြင့် မလန့်သွားချေ ။


ဖန်းရှောင်ကမူ လန့်သွားကာ ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ပြန်ပြောလေသည်။ 


" အမယ်လေး မားမားရေ ...စန်း၀မ် နင် ဒီလိုထပ်လုပ်ရင် ငါတော့ လိပ်ပြာလွင့်သွားတော့မှာပဲ "


ရှောင်၀မ်က ရယ်၍ ပြန်ဖြေသည်။ " သားအဒေါ်က လိပ်ပြာပြန်ခေါ်ပေးနိုင်တယ် သားရေထဲကျသွားတုန်းကလည်း သူပဲ ပြန်ခေါ်ပေးတာ " ထိုသည်က ရှို့ယွင်အမေ၏ ယုံတမ်းစကားဖြစ်လေသည်။ 


ဖန်းရှောင်က စိတ်၀င်စားသွားလေ၏။ " တကယ်လား တကယ်ပြန်ခေါ်ပေးတာလား "


စန်း၀မ် : " မယုံရင် စမ်းကြည့်လိုက်လေ "


ဖန်းရှောင် : " ...... " တော်ပါပြီ ၊ ကျေးဇူးပါပဲ ၊ ငါမသေချင်သေးဘူး ။ 


လင်းလန်က ဖန်းရှောင်အား လှမ်းပြောသည်။ " ဖန်းရှောင် သူပြောတာတွေ လျှောက်ယုံမနေနဲ့ "


Xxxxx

Part 656


ဖန်းရှောင် အိမ်ထဲသို့၀င်သွားကာ တ၀မ်နှင့် အား၀မ်ကို နှုတ်ဆက်လိုက်သည်။ တ၀မ်က ငရုပ်သီးအနီတောင့်များကို စားနေလေ၏။ ထိုမြင်ကွင်းကိုကြည့်ကာ ဖန်းရှောင် သူမဗိုက်ထဲ၌ ပူလာသလို ခံစားလိုက်ရသည်။ 


တ၀မ်ကမူ မျက်နှာတစ်ချက်မပျက်ဘဲ ငရုပ်သီးများကိုစားနေရင်း ဖန်းရှောင်ကို ပြန်နှုတ်ဆက်သည်။ 


နေရာယူကြသည့်အခါတွင် ဖန်းရှောင်က ရှောင်၀မ်နှင့် တိုင်ပင်ကာ လင်းလန်နှင့်အတူ ၀င်ထိုင်လေသည်။ 


စန်း၀မ်က စပ်စု၍ ပြန်မေးသည်။ " အစ်မဖန်း ဘာလို့ မားမားနဲ့ ထိုင်ချင်တာလဲ "


ဖန်းရှောင်က နင့်အဖေနဲ့ မျက်နှာချင်းဆိုင်ထိုင်ရမှာကို ကြောက်လို့လို့ ပြန်ဖြေနိုင်မည်တဲ့လား ၊ သေချာပေါက် မဖြေနိုင်ဘူးပေါ့ ။ သို့ဖြစ်၍ ပြုံးပြကာ " စန်း၀မ်နဲ့ ခေါင်းဆောင်လင်းတို့နဲ့ အတူထိုင်ချင်လို့လေ "ဟုပြန်ဖြေလိုက်သည်။ 


စန်း၀မ်က ခေါင်းညိတ်ပြသည်။ " ဒါဆိုလည်း ထိုင်လေ လိပ်ပြာလွင့်သွားရင် သားပြန်ခေါ်ပေးလို့ ရတာပေါ့ "


ဖန်းရှောင် : " ....... " ရပါတယ် ၊ ကျေးဇူးပဲ ၊ ပြန်ခေါ်ပေးဖို့မလိုဘူး ၊ ငါ့ဘာသာပဲ ခေါ်ထားပါ့မယ်။ 


လင်းလန် : " စန်း၀မ် တော်ပြီ နေ့တိုင်း ပေါက်ကရတွေချည်း ပြောနေတာပဲ "


စန်း၀မ် : " မားမား သားပေါက်ကရပြောနေတာမဟုတ်ဘူး အတည်ပြောနေတာ  "


ရှောင်၀မ် : " သလဲသီးပင်ကလေ သလဲသီးလေးတွေ စားဖို့ပေးတော့မှာလား "


စန်း၀မ် : " ... နောက်နှစ်မှ ပေးမယ်ထင်တယ် "


ဖန်းရှောင်က နားမလည်သဖြင့် ဘာတွေပြောနေကြတာလဲဟု ၀င်မေးလေ၏။


စန်း၀မ် : " မိန်းကလေးတွေကို ပြောပြလို့မရဘူး "


ဖန်းရှောင် : " ........ "


လင်းလန် : " တော်ပြီ စားကြရအောင် သူပြောနေတဲ့စကားတွေ နားထောင်မနေနဲ့တော့ "


ထို့နောက် စတင်ကာ စားသောက်ကြလေသည်။ စန်း၀မ်က လင်းလန်ချက်ထားသည့် ယုန်သားအစပ်ကြော်ကို ယူစားလေသည်။ ယုန်သားသည် အရိုးနည်းကာ အသားလေးက အိပြီးချိုနေလေ၏။ ကြော်ပြီးနောက်တွင် အပြင်ကကြွပ်နေကာ အထဲတွင်မွမွလေးဖြစ်လို့နေပြီး ဟင်းခတ်အမွှေးကြိုင်များလည်း ထည့်ထားသဖြင့် အလွန်မွှေးကာ အရသာရှိလှလေသည်။ ထို့ကြောင့် စားမိသည်နှင့် လက်ကမချချင်အောင် ဖြစ်သွားတက်လေသည်။ 


စန်း၀မ်က အသားအပြင် ငရုပ်သီးများကိုပါ စားနေသောကြောင့် ချွေးများထွက်လာကာ နှာခေါင်းထိပ်လေးလည်း ရဲလာလေသည်။ 


လင်းလန်ကမူ အားလူး ၊ ပဲနှင့် အသားရောနှပ်ထားသည့် ဟင်းကိုပိုကြိုက်လေသည်။ 


ဖန်းရှောင်က စားကြည့်ပြီးနောက်တွင် " အရမ်း အရသာရှိတာပဲ "ဟုဆိုသည်။ 


ရှောင်၀မ်က ယုန်သားတစ်တုံးကိုယူကာ ဖန်းရှောင်၏ ပန်းကန်ထဲသို့ ထည့်ပေးလေသည်။ " စားလို့ကောင်းရင် ထပ်စားလေ "


စန်း၀မ်ကမူ ငရုပ်သီးအကြီးတစ်တောင့်ကို အားကျမခံ လိုက်ထည့်ပေးသည်။ " အစ်မဖန်း ဒါက ပိုအရသာရှိတယ် "


မိုင်ဆွေ့ : " စန်း၀မ် စားမှာဆိုစားလေ စကားများမနေနဲ့ "


စန်း၀မ်က ဆီပေနေသည့် ပါးစပ်ဖြင့် ပြုံးပြသည်။ " စားရင်း စကားပြောနိုင်တာလည်း အရည်အချင်းပဲလေ "


အား၀မ် : " ဒီနေ့ ကျွန်တော်ကြားခဲ့တာ ယုန်ခြေထောက်နဲ့ ပဲနီလေးရောချက်တာကလည်း စားကောင်းတယ်ဆို "


တကယ်က ကွန်မြူနတီမှ အဖွဲ့၀င်များက အခွံခွာထားသည့် ပဲနီလေးကို ယုန်ခြေထောက်နဲ့တူတယ်ဟု ပြောကြတာဖြစ်လေသည်။ 


ဖန်းရှောင် : " အရှေ့မြောက်ဘက်မှာလည်း ပဲတစ်မျိုးကို ယုန်မျက်လုံးပဲလို့ခေါ်တာကို ကြားဖူးတယ် ဟားဟား ယုန်ခြေထောက်လို့ခေါ်တာနဲ့ အတူတူပဲလားမသိဘူး "


ကလေးများသည် ယုန်မျက်လုံးပဲက ဘယ်လိုမျိုးလဲဆိုသည်ကို စိတ်၀င်စားသွားကြလေသည်။ 


ဖန်းရှောင်က ခေါင်းခါကာ ပြောပြလေသည်။ " ငါလည်း မမြင်ဖူးဘူး ကြားပဲကြားဖူးတာ ၀က်သုံးထပ်သားနဲ့ ယုန်မျက်လုံးပဲကိုရောချက်ရင် စားလို့ကောင်းတယ်တဲ့ ဒီလိုပဲ ပဲနီလေးနဲ့ ယုန်ခြေထောက်ရောချက်တာနဲ့ တူတူပဲနေမှာပေါ့ "


ခဏအကြာတွင် လင်းလန်က ဗိုက်၀သွားကာ ဖန်းရှောင်ကလည်း တူများကိုချ၍ လက်စသတ်လိုက်လေ၏။ 


စန်း၀မ် : " အစ်မဖန်း စားဦးလေ "


ဖန်းရှောင် : " ကျေးဇူးပဲ စန်း၀မ်ရေ ဒါပေမယ့်တော်ပြီ ဗိုက်ပြည့်နေပြီ တကယ်ပြောတာ ဒီလောက်အရသာရှိတဲ့ ယုန်သားဟင်းကို တစ်ခါမှ မစားဖူးဘူး "


ဖန်းရှောင်၏ စားသောက်မှုပုံစံက အတော်လေးအဆင်ပြေသည်ဟုဆိုရပေမည် ။ စားရတာကိုကြိုက်သော်လည်း စန်း၀မ်ကဲ့သို့ အလွန်အကြူးစားတတ်သည့်အကျင့်ရှိပုံမရချေ ။ 


ထို့နောက် လင်းလန် ဟောသွန်းဂျယ်လီနှင့် ဖျော်ရည်ကို အချိုတည်းနိုင်အောင် ချကျွေးလိုက်သည်။ ဖျော်ရည်က အချိုမကြိုက်ကြသည့် ဟန်ချင်စုန့်နှင့် တ၀မ်အတွက် ဖြစ်သည်။ 


စားသောက်ပြီးနောက်တွင် ဧည့်ခန်းထဲ၍ ရေဒီယိုနားထောင်ရင်း စကားပြောနေကြပြီး ရှန်ယွီလာမည်ကို စောင့်နေလိုက်ကြသည်။ 


လင်းလန်က ညစာစားရန်ဖိတ်သော်လည်း ရှန်ယွီက စားပြီးပြီဟုဆိုကာ ငြင်းဆိုပြီး မှတ်စုစာအုပ်က်ိုသာ ထုတ်ပြလေသည် ။ " ကျွန်တော် စမ်းသပ်မှုလုပ်ဖို့ အဆင့်တွေချရေးထားပြီးပြိိ ခေါင်းဆောင် စစ်ကြည့်လိုက်ပါ ဘာပြဿနာမှမရှိဘူးဆိုရင် မနက်ဖြန်မနက်ကို စမ်းလုပ်ကြည့်လို့ရပါပြီ"


ဤသို့ဖြင့် လင်းလန် ၊ မိုင်ဆွေ့ ၊ အား၀မ်နှင့် ရှန်ယွီတို့သည် စားပွဲ၌၀ိုင်းထိုင်လိုက်ကြပြီး ဆွေးနွေးကြလေ၏။ 


ဟန်ချင်စုန့်က ရေဖြည့်နေကာ တ၀မ်က အိမ်စာလုပ်နေလေသည်။ 


ရှောင်၀မ်က ဖန်းရှောင်နှင့် စန်း၀မ်အား သူဆွဲထားသည့် ပုံကြမ်းများကို ပြနေလေသည်။ 


ရှောင်၀မ်၏ ယခင်က ပုံဆွဲစာရွက်များသည် ချောလွန်းသဖြင့် လင်းလန်က အနည်းငယ်ကြမ်းသည့် စာရွက်များနှင့် လဲပေးထားလိုက်သောကြောင့် အခုဆို ကောင်းကောင်းဆွဲလို့ရနေပြီဖြစ်သည်။ 


ဖန်းရှောင်က ရှောင်၀မ်ကို အခြေခံကျသည့် ရှုထောင့် ၊ အလင်းအမှောင် နှင့် အရိပ်များကို သင်ပေးထားပြီးပြီဖြစ်သည်။ ရှောင်၀မ်ကလည်း ပန်းချီဆွဲနည်းသင်ရသည်ကို သဘောကျလေသည်။ ဖန်းရှောင်က ဥပုံများ ၊ ပန်းသီး ၊ ဟောသွန်းသီး ၊ ပုလဲနှင့် ကန်စွန်းဥများကို ဆွဲခိုင်းသည့်အခါတွင်လည်း စိတ်ရှည်လက်ရှည်ဖြင့် တစ်ပုံချင်းဆွဲနေလေသည် ။


စန်း၀မ်က တစ်ခုခုဆွဲခိုင်းလျှင်လည်း ရှောင်၀မ်က ဆွဲပေးတတ်ကာ ပန်းချီဆွဲလိုက်သည်နှင့် အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတဲ့အထိ စိတ်ပါသွားတတ်လေသည်။ 


ထို့ကြောင့် စန်း၀မ်သည် ရှောင်း၀မ်က သူနှင့်အတူ မကစားတော့မည်ကို စိုးရိမ်နေလေသည်။ 


ငယ်စဥ်ကလည်း အစ်ကိုကြီးဖြစ်သူနောက်ကိုလိုက်ကာ ဆော့နေခဲ့ရပြီး နောက်မှသာ ရှောင်၀မ်နှင့် ဆော့ရတာဖြစ်လေသည်။ အား၀မ်နှင့် မိုင်ဆွေ့ကမူ အိမ်မှာပဲ လင်းလန်ကိုကူ၍ ချက်ပြုတ်ပေးနေခဲ့တာဖြစ်သည်။ ထိုသည်ကို စန်း၀မ် လက်ခံနိုင်ခဲ့သော်လည်း ယခုအခါ အား၀မ်နှင့် မိုင်ဆွေ့က ရှန်ယွီနှင့် ပိုရင်းနှီးနေသောကြောင့် စန်း၀မ် အထီးကျန်သလို ခံစားနေရသည်။ 


ယခုအခါ ရှောင်၀မ်ကလည်း ယခင်နှင့်မတူတော့ဘူးဟု ခံစားနေရလေသည်။ 


ဘာဂျာမှုတ်ကာ သီချင်းဆိုတာမျိုးဆိုပါက စန်း၀မ်လည်း အတူဆော့ပေးလို့ရကာ နှစ်ယောက်တွဲ တီးမှုတ်လို့ရသေးလေသည်။ 


သို့သော်လည်း ရှောင်၀မ်က ပန်းချီဆွဲခြင်း၌ စျာန်၀င်နေသည့်အခါတွင်ကား စန်း၀မ်အတွက် မတူတော့ချေ ။ သူသာ ဆွဲပါက မညီမညာလိုင်းများဖြစ်နေတတ်သော်ငြား ရှောင်၀မ်ကမူ လူအများသဘောကျအောင် ဆွဲပြနိုင်လေသည်။ 


ရှောင်၀မ်က မျဥ်းကြောင်းများမှနေ ဥပုံများ ၊ ကန်းစွန်းဥပုံများအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။ 


တကယ် တော်တာဖြစ်ပေသည်။ 


ထိုသို့တွေးကာ စန်း၀မ် စိတ်မကောင်းဖြစ်နေမိသည်။ 


ကြီးလာလို့များ အတွေးတွေ များလာတာလားဟုတွေးမိကာ  စန်း၀မ် နားမလည်နိုင်ချေ ။ သူ့စိတ်က ထိရှလွယ်ကာ အထိခိုက်မခံဖြစ်နေလေသည်။ 


Xxxxxxxx