အပိုင်း ၆၆၉-၆၇၀
Viewers 36k

Part 669


လင်းလန်က အမှန်တကယ်တွင် ဂရုမစိုက်ပါ ၊ သွားသွား မသွားသွား သူမအတွက်က ပျော်စရာပင်ဖြစ်လေသည် ။ စန်း၀မ်က အားကစား၌တော်သူဖြစ်၍ ဘယ်လိုမျိုးပဲဖြစ်ဖြစ် အောင်မြင်မည်ကို လင်းလန်သိသည်။ တစ်ခုပဲရှိသည်က စန်း၀မ်က ရေကူးခြင်းကို ကြိုက်နှစ်သက်သဖြင့် ငယ်စဥ်တုန်းမှာ မရွေးချယ်ခဲ့မိဘဲ နောင်တွင် နောင်တရနေမည့်အဖြစ်မျိုး ဖြစ်လာမည်ကိုသာ စိုးရိမ်တာဖြစ်သည်။ အစ်ကိုအစ်မများက အလျှိုလျှို စိတ်ပါ၀င်စားသည်များကို လုပ်ချိန်တွင် သူက နောင်တများဖြင့် ရှင်သန်နေရမည်ကို မဖြစ်စေလိုပါ ။ 


သဘောတူညီမှုယူပြီးနောက်တွင် ချူယွင်ဖုန်းနှင့် ရွှယ်မင်လျန်တို့က ပြန်သွားကြလေသည်။ 


ချူယွင်ဖုန်းက မျှော်လင့်နေဟန်ဖြင့် ဤသို့ဆိုသည်။ 


" ဒီကလေးက မျိုးစေ့ကောင်းလေးပဲ သေချာသာ ပျိုးထောင်ပေးမယ်ဆိုရင် အတော်လေး ဖြစ်ထွန်းလာမှာပဲ "


ရွှယ်မင်လျန် : " အဲ့လိုတွေးနေပြီးတော့ ရက်ကိုကြ သုံးရက်ပဲ အချိန်ပေးလိုက်တာလားဗျာ "


ချူယွင်ဖုန်း : " တစ်ခြားကလေးတွေကိုလည်း အခြေအနေ သွားကြည့်ရဦးမယ်လေ သူတို့အားလုံးက ငါ့ကို ကလေးတွေကို တတ်နိုင်သမျှ မြန်မြန်ခေါ်သွားစေချင်နေကြတာ " 


လခရမည်ကိုသိသွားကြသောအခါ အလွန်ပျော်နေကြတာဖြစ်ပေသည်။ 


ချူယွင်ဖုန်းတို့နှင့် အခြားသူများပြန်သွားကြချိန်တွင် ကလေးများကျောင်းဆင်းချိန်လည်း ရောက်နေပြီဖြစ်သည်။ လင်းလန်၏ကလေးများက အိမ်သို့ပြန်ရောက်လာသည့်အခါ လေထုအနေအထားက မူမမှန်သည်ကို သတိထားမိသွားကြလေသည်။ 


လင်းလန် ၊ တ၀မ်နှင့် စန်း၀မ်တို့သုံးယောက်သည် ဧည့်ခန်းထဲရှိ စားပွဲ၌၀ိုင်းထိုင်နေကြလေသည်။လင်းလန်သည် မျက်လုံးများရဲနေပြီး ပြုံးနေကာ တ၀မ်ကမူ ပုံမှန်အတိုင်းပဲရှိနေသော်ငြား စန်း၀မ်က ငိုနေလေသည်။ 


မိုင်ဆွေ့တို့သုံးဦး ထိတ်လန့်သွားကြမိသည်။ 


ရှောင်၀မ်က ပြေး၀င်သွားကာ " ဘာဖြစ်လို့လဲ စန်း၀မ် " ဟု စိုးရိမ်တကြီး မေးလေသည်။ 


စန်း၀မ်က ရှောင်၀မ်ကိုဖက်လိုက်ကာ " ရှောင်၀မ် ငါမင်းနဲ့ မခွဲချင်ဘူး " ဟုပြန်ပြောသည် ။


ရှောင်၀မ်က ကျောကိုပြန်ပုတ်ပေး၍ " စန်း၀မ်က ဘယ်သွားမှာမို့လို့လဲ " ဟူ၍ ပြန်မေးလေ၏။ 


မိုင်ဆွေ့နှင့် အား၀မ်ကလည်း ထိုမေးခွန်းကိုသာ ထပ်မေးကြလေသည်။ 


လင်းလန်လည်း အကြောင်းစုံအား ရှင်းပြလိုက်သည်။ 


မိုင်ဆွေ့ : " ကောင်းတာပေါ့ ဘာပဲဖြစ်ဖြစ် စန်း၀မ်က အငယ်တန်းရေကူးသမားဖြစ်လာမှာမလား အဲ့ဒါက နင်အမြဲဖြစ်ချင်နေတာ မဟုတ်ဘူးလား "


" ဒါပေမယ့် သားက အိမ်ကထွက်မသွားချင်ဘူးလေ မမတို့နဲ့လည်း မခွဲချင်ဘူး မားမားကိုလည်း မထားခဲ့ချင်ဘူး " ဟုဆိုကာ စန်း၀မ်က ငိုနေပြန်၏။ 


အား၀မ် : " သွားပြီးရင် ပြန်လာလို့မရလို့လား "


စန်း၀မ်က ခေါင်းညိတ်ပြသည်။ " ပြိုင်ပွဲနဲ့ လေ့ကျင့်ရေးတွေရှိရင် ပြန်လာလို့မရဘူးတဲ့ ၀ူး၀ူး သား မသွားချင်ဘူး "


လင်းလန် စန်း၀မ်ကို ခေါင်းလေးပုတ်ပေးလိုက်သည် ။ " ကောင်းပြီလေ သွားလည်းရတယ် မသွားလည်းရတယ် နောက်ကြမှ သူများတွေလို ရေကူးကန်မှာ ရေကူးချင်တယ်လို့ဆိုပြီး ရေကူးသမားတွေကို အားကျမနေနဲ့နော် အဲ့လိုဆို မသွားလည်းရတယ် "


စန်း၀မ် : " မကျဘူး "


ရှောင်၀မ် : " မကျဘူးတဲ့ "


မိုင်ဆွေ့ : " ဒါဆိုလည်း နောက်ကြမှ နောင်တရမနေနဲ့နော် "


စန်း၀မ် : " နောင်တလည်း မရဘူး "


အား၀မ် : " အစ်မဖန်းပြောတာကို ကြားဖူးတာတော့ မြို့မှာရှိတဲ့ ရေကူးကန်တွေက ပိုကြိီးတယ်တဲ့ ဪ ငါတို့က မရောက်ဖူးသေးလို့ပါ ငါလည်း ခရိုင်စာမေးပွဲအောင်ရင် မြို့ကိုသွားလည်ကြည့်ချင်နေတာ "


မိုင်ဆွေ့ : " ဒါဆို ကောလိပ်တက်လို့ရအောင် စာပိုကြိုးစားရတော့မှာပေါ့နော် "


အား၀မ် : " သူတို့က မြို့တော်အထိသွားပြီး ရေကူးပြိုင်ပွဲတွေလည်း ၀င်ပြိုင်ရတာတဲ့ "


မိုင်ဆွေ့ : " ဪ စန်း၀မ်သာသွားမယ်ဆိုရင် ငါတို့ထဲမှာ မြို့ကိုအရင်ဆုံးသွားရတဲ့သူဖြစ်လာမှာနော် အဲ့လိုဆို မားမားတို့ကိုလည်း အလည်ခေါ်လို့ရသွားမှာနော် " ထို့နောက် လင်းလန်ထံလှည့်၍ " မားမားရော သွားကြည့်ချင်လား "ဟု မေးလေသည်။ 


လင်းလန်လည်း ပူးပေါင်းပေးလိုက်သည်။ " ဘယ်သူက မြို့ကိုမသွားချင်မှာပဲ နေမှာလဲ ပညာတတ်လူငယ်တွေကိုပဲ ကြည့်ပါလား ဘယ်သူက ရွာကိုလာချင်လို့လဲ "


ရှောင်၀မ် : " ဟုတ်တယ် "


စန်း၀မ် : " ဒါပေမယ့် သားလည်းသွား အစ်ကိုကြီးတို့လည်းသွားဆိုရင် မိဘတွေက သနားစရာကြီးလေ... " စန်း၀မ်က အော်ငိုပြန်သည်။ " မားမား သား မားမားကို မထားခဲ့ချင်ဘူး "


ကျန်လူများ : " ....... "


တ၀မ်က နှာခေါင်းရှုံ့ပြသည်။ အဲ့ဒါကြောင့်မို့လို့လည်း ငတုံးလို့အခေါ်ခံရတာ ။ 


မိုင်ဆွေ့  : " ဘယ်ကိုသွားတာမို့လို့လဲ ငါတို့ ကောလိပ်တက်ဖို့မသွားခင် နှစ်လေးနည်းနည်းပဲ မဟုတ်ဘူးလား "


အား၀မ် : " ငါတို့ ကောလိပ်တက်ဖို့သွားရင်တောင် အိမ်ပြန်လာပြီးပဲ အလုပ်လုပ်မှာလေ ထောက်ခံချက်နဲ့ တက္ကသိုလ်တက်တဲ့သူတွေဆိုရင်လည်း ကိုယ့်နေရပ်ကိုပဲ ပြန်ပြီးအလုပ်လုပ်ကြရတာပဲဟာ မင်းမတွေ့ဘူးလား အလုပ်လုပ်ရင်လည်း ငါတို့က ကိုယ့်ရွာကိုပဲ ကိုယ်ပြန်လျှောက်ကြမှာလေ ငါတို့က မားမားတို့ကို သူတို့ဘာသာ လယ်စိုက်ခိုင်းပြိိး ပစ်ထားမှာမှ မဟုတ်တဲ့ဟာ "


ရှောင်၀မ် : " သားက အငယ်ဆုံးလေ အဲ့ဒါက သားအကြီးဆုံးလိုပဲ မဟုတ်ဘူးလား ဒါကြောင့် မားမားတို့နဲ့ သားက အကြာကြီး အတူနေပေးဦးမှာလေ " 


တ၀မ်က နှာခေါင်းရှုံ့သွားပြန်လေ၏။ သားအကြီးဆုံးက ဘာလဲဆိုတာကိုရော သိရဲ့လား ။ 


မိုင်ဆွေ့ : " ငါ့ကိုလည်း မမေ့နဲ့လေ သမီးမိန်းကလေးတွေက အနွေးထည်လေးတွေလိုပဲဆို ငါလည်း သေချာပေါက် မားမားတို့ဆီပဲ ပြန်လာပြီး အလုပ်လုပ်မှာပေါ့ "


" ဒါပေမယ့် သားက မခွဲချင်ဘူးလေ မားမားတို့ကို ထားမသွားချင်ဘူး သားက အမြဲတမ်း တူတူနေချင်တာ " 


စန်း၀မ်က မိဘမောင်နှမများနှင့် မတွေ့ရတော့မည်ကိုတွေး၍ မသွားချင်ဖြစ်နေဆဲပင် ။ 


လင်းလန် : " ဟုတ်ပြီ ဒါဆို မားမားပြောပြမယ် "


ကလေးများက အကုန်တိတ်သွားကြကာ လင်းလန်ကိုသာ ကြည့်နေကြလေသည်။ 


လင်းလန် : " မင်းတို့အားလုံး အသက်က ဘယ်လောက်ရှိကြသေးလို့လဲ ပူစရာမလိုတာကို ပူမနေကြနဲ့လေ မားမားက စိတ်ပူနေရလောက်တဲ့အထိ မအိုသေးပါဘူး "


ကလေးများ ရယ်ကုန်ကြလေ၏။ 


လင်းလန် : " ပြီးတော့ မင်းတို့အရွယ်ရောက်လာရင်တောင် မင်းတို့အဖေနဲ့ မားမားတို့က မအိုသေးပါဘူး ခရီးတွေသွားပြီး ရှုခင်းတွေလည်း လှည့်ပတ်ကြည့်ဦးမှာ အဲ့ဒါကို ဘာလို့ မလှုပ်နိုင်မရှားနိုင်နဲ့ ကျန်ခဲ့မယ်သူတွေလို စဥ်းစားနေကြတာတုန်း "


အိမ်၌ အမြဲတစေ ရယ်ရယ်မောမောဖြင့် ရှိနေခဲ့သဖြင့် ယခုလို အငွေ့အသက်များရှ်ိနေသည့်အခါ ထူးဆန်းနေလေသည် ။ ယခုခေတ်သည် သွားရေးလာရေး မလွယ်ကူသေးသောကြောင့် ၀မ်းနည်းနေတာက ဖြစ်သင့်သော်ငြား ကိုယ်လုပ်ချင်တာကို လုပ်မည်ဆိုပါက လင်းလန်က သေချာပေါက် အားပေးထောက်ခံမှာဖြစ်သည်။ 


စန်း၀မ်က ခေါင်းကုတ်ကာ " ဒါပေမယ်လည်း သား အိမ်နဲ့မခွဲချင်သေးဘူး " 


အား၀မ် : " မားမားတို့ကို စောင့်ရှောက်မယ်ဆိုတာကို ထည့်စဥ်းစားမနေနဲ့ ကြီးကြီးငယ်ငယ် မင်း ပူစရာမလိုသေးဘူးလေ "


မိုင်ဆွေ့ : " ပြီးတော့ ရေကူးတယ်ဆိုတာလည်း အားကစားပဲလေ ဘယ်အရွယ်အထိ ကူးနိုင်မှာမို့လို့လဲ နှစ်ဆယ်ကျော်ရုံလောက်ထိပဲ မဟုတ်ဘူးလား သုံးဆယ်ကျော်မှ အိမ်ပြန်လာပြီး မားမားတို့ကို စောင့်ရှောက်ပေးရင်လည်း ရတာပဲလေ မဟုတ်ဘူးလား "


" ဘယ်လို ...." ထိုသို့ကြားသည့်အခါ စန်း၀မ်က အံ့သြတကြီးဖြစ်သွားလေသည်။ 


" မမမိုင်ဆွေ့ပြောတာ ဟုတ်တယ် သားသုံးဆယ်အရွယ်ရောက်ရင် မားမားက ..." ဟုပြောရင်းဖြင့် လင်းလန်ထံလှည့်ကာ " အသက်ဘယ်လောက်ဖြစ်နေမှာလဲ " 


လင်းလန် ထရပ်လိုက်ကာ ပြောလိုက်သည်


 " နေ့လယ်စာချက်ဖို့ အချိန်ရောက်နေပြိိ " ဒီငတုံးကောင်လေးကတော့လေ ။


Xxxxxxxx

Part 670


စန်း၀မ်က အနာဂတ်ကို မတွေးတတ်သေးပေ ။ သူများတွေပြောနေကြသည့် နှစ်ဆယ်၊ သုံးဆယ် ၊ ငါးဆယ်အရွယ်များသည် သူ့အတွက်တော့ နောင်တစ်ချိန်မှသာ ဖြစ်ကာ လက်ရှိအခြေနေဖြစ်သည့် ညီအစ်ကိုမောင်နှမများနှင့် ခွဲရမည်ကိုသာတွေးနေပြီး စိတ်မကောင်းဖြစ်နေလေသည်။ 


နေ့လယ်စာစားပြီးနောက်တွင် လင်းလန် စန်း၀မ်အား " အိမ်မှာပဲ စဥ်းစားနေမလား " ဟုမေးလိုက်သည်။ 


စန်း၀မ် : ကျောင်းသွားဖို့မလိုဘူးလား ၊ အဲ့လိုဆို မဆိုးဘူးနော် ၊ ရေကူးသင်ဖို့သွားမယ်ဆိုရင် ကျောင်းမတက်ရတော့ဘူးမလား ။ 


တ၀မ်ကမူ စန်း၀မ်အား ဂုတ်မှဆွဲကာ အိမ်ပြင်သို့ဆွဲထုတ်သွား၍ အခြားသူများနည်းတူ ကျောင်းတက်ခိုင်းလေသည်။ 


စန်း၀မ်က သုံးလှမ်းလောက်လှမ်းလိုက် ပြန်လှည့်ကြည့်လိုက်ဖြင့် မျက်ရည်လေးများ၀ဲကာ " မားမား သားသွားပြီနော် " 


လင်းလန်လည်း ရယ်နေရပြန်သည်။


 " ကျောင်း မြန်မြန်သွားတော့ အတန်းထဲက သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ဦးနော် အားလုံးက အားကျနေကြမှာ "  


အခြားကလေးများထံမှ အားကျခံရပါက စိတ်ပြောင်းလျှင် ပြောင်းသွားလောက်ပေသည်။ 


ကလေးများ ကျောင်းသို့ပြန်သွားကြသည့်အခါတွင် လင်းလန် ခြံထဲ၌ စွပ်ကျယ်အင်္ကျီဖြင့် ထိုင်နေသော တ၀မ်ကို ခေါ်လိုက်သည်။ " သားကြီးရေ လာခဲ့ဦး မားမား မင်းကို အင်္ကျီချုပ်ပေးမလို့ ကိုယ်တိုင်းယူချင်လို့ "


တ၀မ် ခွဲလက်စထင်းများကို ထားခဲ့လိုက်ပြီး ချွေးများကို တဘက်ဖြင့်သုတ်၍ လျှောက်သွားလိုက်သည်။ 


လင်းလန် ကိုယ်တိုင်းယူနေရင်းဖြင့် ပြောလိုက်သည်။


 " မင်းက ထွားလာဦးမှာဆိုတော့ ကျောင်းတက်တဲ့အချိန်ရောက်ရင် မတော်တော့ဘဲနေမှာစိုးလို့ ပွပွပဲ ချုပ်ထားလိုက်မယ်နော် "


တ၀မ် လင်းလန်ကို ငုံ့ကြည့်လိုက်မိသည်။ သူ့အမေက လုံး၀အသက်ကြီးမလာသလိုပင် ။ ကျူးဇီ၏အမေဆိုပါက အဘွားကြီးတစ်ယောက်လိုဖြစ်နေသော်လည်း သူ့အမေကတော့ သူနှင့်အတူသွားကာပါက သူ့အစ်မဟုပင် ထင်ရလောက်သည်အထိ နုဖတ်နေလေသည်။ 


တ၀မ်သည် သူလည်း မိဘများအား ထားခဲ့ကာ နှစ်ကိုယ်တည်း ပင်ပင်ပန်းပန်းလုပ်၍ နေခိုင်းမည်မဟုတ်ကြောင်း ပြောချင်သော်လည်း ခံစားချက်များကို ထုတ်မပြတတ်သူဖြစ်သဖြင့် ပြောမထွက်ပေ ။ 


လင်းလန် တိုင်းပြီးသွားသည့်အခါ ပုခုံးကိုပုတ်ပေး၍ " သားကြိီး မင်းက ဘာပဲဖြစ်ဖြစ် ကြိုစားပြီးလုပ်တတ်တဲ့သူမို့လို့ အနာဂတ်မှာ ဘာပဲလုပ်လုပ် မားမားတို့ကို ပူပန်စေမှာ မဟုတ်ဘူးမလား ဟုတ်တယ်မလား " 


တ၀မ် လင်းလန်အား ဖက်လိုက်သည်။ 


လင်းလန် အံ့အားသင့်သွားမိ၏။ တ၀မ်က သူမအား ယခုကဲ့သို့ တစ်ရင်းတစ်နှီးပြုမူခြင်းက ပထမဆုံးဖြစ်သဖြင့် ပျော်သွားမိပြီး ပြန်ဖက်လိုက်သည်။


 " စိတ်မပူပါနဲ့ မင်းသာ ကောင်းကောင်းရှိနေမယ်ဆိုရင် မားမားတို့က ပျော်နေမှာပါ "


တ၀မ်က ခဏအကြာတွင် လင်းလန်အား ပြန်လွှတ်ပေးကာ ဘာတစ်ခွန်းမှမဆိုဘဲ ထင်းသွားပြန်ခုတ်နေလေ၏။ 


သူမ၏ ကလေးအားလုံးသည် သိတက်လိမ္မာကြသူများအဖြစ် ကြီးပြင်းလာသဖြင့် လင်းလန် ပျော်နေမိသည်။ 


ညနေခင်းတွင် ကလေးများသည် ကျောင်းမှ အိမ်သို့တန်းပြန်လာကြလေသည်။ စန်း၀မ်သည်ပင် မြစ်သို့သွားဆော့နေခြင်းမရှိဘဲ တစ်ခဏမျှ ပျော်နေလိုက် နောက်ခဏနေပါက စိုးရိမ်နေလိုက်ဖြင့် ရှိနေလေသည် ။ ကျောင်းမှ အတန်းဖော်များက သူ့ကိုအားကျနေကြပြီး " ပေါက်စီရောအသားပါစားရမှာလေ ငါသာဆိုလို့ကတော့ ချက်ချင်းလိုက်သွားပစ်မှာ " ဟုပြောကြလေသည်။ 


" အသားစားရတာများ ဘာကောင်းလို့လဲ " 


စန်း၀မ် ထိုကလေးများကို စိတ်ဆ်ိုးမိသည်။ ပေါက်စီနဲ့ အသားက မိဘတွေထက် ပိုကောင်းလို့လား ။ 


" အမေနဲ့အဖေက အိမ်ကထွက်ပြေးမှာမှ မဟုတ်တာ ပြန်လာတွေ့ချင်ရင် တွေ့လို့ရတယ်လေ "


" ဟုတ်တယ် မိဘတွေအတွက် ပြန်ယူလာပေးလို့တောင် ရသေးတဲ့ဟာကို "


 ကလေးများအတွက် အစားအသောက်များက ပိုက်ဆံထက် ပိုအဖိုးတန်လေသည်။ မသုံးစွဲတတ်သေးသဖြင့် ပိုက်ဆံ၏ တန်ဖိုးကို မသိကြပေ ။ 


" နောက်ကြရင်လည်း မိဘတွေကို မြို့ကိုခေါ်သွားပေးလို့ ရတယ်လေ "


လင်းလန် စန်း၀မ်အား သူ့ဘာသာစဥ်းစားနိုင်ရန် အချိန်ပေးထားကာ မနှောင့်ယှက်ကြဖို့ မှာထားလိုက်သည်။ 


ရှောင်၀မ်က ယခင်ကလိုပင် ပုံဆွဲလိုက် သီချင်းရေးလိုက်ဖြင့်ရှိနေပြီး မိဘတွေကို ခွဲသွားရမှာ သူ မဟုတ်သဖြင့် ဤကိစ္စက သူစိတ်ပူရမည့်ကိစ္စမဟုတ်ဟု တွေးနေလေသည်။ စန်း၀မ်နှင့် မခွဲချင်သော်ငြား အစ်ကိုကြီး ၊ အား၀မ်နှင့် မိုင်ဆွေ့တို့သည်လည်း ပညာသင်ရန် ထွက်သွားကြမှာပဲဖြစ်သည့်အတွက် တားဖို့ စိတ်ကူးမရှိချေ ။ 


ထိုအစား စန်း၀မ်အတွက် သီချင်းတစ်ပုဒ် ရေးပေးမည်ဟုသာ ရှောင်၀မ်က စဥ်းစားထားလေသည်။ 


အား၀မ်ကလည်း ဆပ်ပြာစက်ရုံသို့မသွားဘဲ မိုင်ဆွေ့နှင့်အတူ ချက်ပြုတ်ရာ၌ ကူညီပေးနေလေသည်။ 


ညစာပြင်ဆင်ပြီးသွားချိန်တွင် ဟန်ချင်စုန့်သည် စက်ဘိီးစီး၍ ပြန်ရောက်လာကာ ခြံထဲ၀င်လိုက်သည်နှင့် သလဲသီးပင်အောက်၍ အသက်မရှိသလို ထိုင်နေသော စန်း၀မ်ကို တွေ့လိုက်ရလေ၏။ 


ဟန်ချင်စုန့် : " ..... " 


လင်းလန် အပြုံးလေးဖြင့် ယောက်ျားဖြစ်သူအား ကြိုဆိုလိုက်သည်။


 " ယောက်ျားရေ ဒီနေ့ အားကစားကျောင်းကဆရာက ကျွန်မတို့ရဲ့ စန်း၀မ်ကို လာတွေ့သွားသေးတယ်သိလား "


ဟန်ချင်စုန့် : " ရေကူးတာနဲ့ ပတ်သက်နေတာလား "


လင်းလန် ခေါင်းညိတ်ပြပြိိီး ရှင်းပြလိုက်သည်။ 


ဟန်ချင်စုန့် : " ကောင်းတဲ့ကိစ္စပဲ "


လင်းလန် စန်း၀မ်၏ စိတ်အခြေအနေကို တိုးတိုးလေးကပ်ပြောပြလိုက်သည်။ 


" အိမ်နဲ့ မခွဲချင်လို့တဲ့ "


ဟန်ချင်စုန့် လင်းလန်၏လက်ကို ကိုင်လိုက်ကာ ပြောလိုက်သည်


 " သူ့ဘာသာပဲ ဆုံးဖြတ်ပါစေ " 


" ကျွန်မလည်း အဲ့လိုပဲထင်တယ် " 


ထို့နောက် ဟန်ချင်စုန့်အား ခြေလက်ဆေးရအောင် ထားခဲ့လိုက်ပြီး ကလေးများနှင့်အတူ ညစာပြင်ဆင်ပေးရန် မီးဖိုခန်းထဲသို့ ထွက်သွားလိုက်သည် ။


စန်း၀မ် အ​​ဖေဖြစ်သူပြန်ရောက်လာပြီး အမေဖြစ်သူကလည်း အလုပ်များနေကာ မောင်နှမများကလည်း ပျော်ပျော်ရွှင်ရွှင်ရှိနေကြသည်ကိုကြည့်၍ သူမရှိလည်း အဆင်ပြေမှာပါဟု တွေးမိသွားသည်။ သူနဲ့ မတွေ့ရတာပဲ ရှိမှာပါ ။ 


မိဘတွေနဲ့ မိသားစုကိုလွမ်းလာရင် အစ်ကိုတွေ၊ အစ်မနဲ့ ညီငယ်လေးကို လွမ်းလာရင်ရော ဘယ်လိုလုပ်မလဲ ။ 


ဒါပေမယ့်လည်း စန်း၀မ် ...တကယ် ရေကူးသင်ချင်မိသည်။ ရေကူးကန်လည်းရှိပြီး ပြိုင်ပွဲများကို၀င်ပြိုင်ကာ ဆုတံဆိပ်များရနိုင်သည့်အပြင် လစာရော အစားအသောက်ကောင်းတွေပါရှိနေသဖြင့် လင်းလန်တို့ထံ ပြန်ပေးနိုင်ဦးမည်ဖြစ်လေသည်။ ပြိုင်ပွဲမှာ အနိုင်ရခဲ့လျှင်လည်း သတင်းစာမှာ ထည့်ပြီးကြော်ငြာပေးဦးမှာတဲ့လေ ။ 


မားမာက သတင်းစာဖတ်ရတာ ကြိုက်တဲ့သူဆိုတော့ အဲ့ဒါကိုသာ မြင်မယ်ဆိုရင် အရမ်းဂုဏ်ယူသွားမှာပဲမလား ။ 


ရဲဘော်ဟန်ချင်စုန့်နှင့် ဇနီးလင်းလန်တို့၏ တတိယသားစန်း၀မ်က ပြိုင်ပွဲတွင် ဒုတိယရခဲ့ပါတယ်လို့ရေးထားမှာ...နေဦး ပထမဖြစ်ရမှာပေါ့ ။ မဟုတ်ရင် မိဘတွေနဲ့ခွဲသွားရတာက ဘာအကျိုးရှိတော့မှာလဲ ။ ပထမပဲဖြစ်ရမှာပေါ့ ။ 


၄င်းအပြင် ရေဒီယိုမှ အားကစားလိုင်းများတွင်လည်း ထည့်သွင်းဖော်ပြပေးဦးမည်ဖြစ်လေသည်။ 


အဲ့လ်ိုသာဆို စန်း၀မ် ၊ ရဲဘော်ဟန်ချင်စုန့်နှင့် လင်းလန်တို့၏ တတိယမြောက်သားသည် ရေကူးပြိုင်ပွဲမှာ ပထမရခဲ့ပါတယ်ဆိုပြီး ကြေညာပေးမှာမဟုတ်ဘူးလား ။ 


ထိုသည်ကိုတွေးရင် စန်း၀မ် သဘောတကျဖြင့် ရယ်လိုက်မိသည်။ 


Xxxxxxxx