အပိုင်း ၆၇၁-၆၇၂
Viewers 37k

Part 671


ရှောင်း၀မ်က စန်း၀မ်၏ ရယ်လိုက်ငိုလိုက်ပုံကိုကြည့်ရင်းဖြင့် ပန်းချီဆွဲနေလေသည်။ 


ဒါပေမယ့် သွားမယ်ဆိုရင် မားမားကိုလည်း တွေ့ရမှာမဟုတ်ဘူး ၊ တစ်ပူးပူးတစ်တွဲတွဲ ရှောင်၀မ်လည်း မရှိသလို သူ့ကိုဆူမယ့် အစ်ကိုကြီးလည်းရှိမည် မဟုတ်ချေ ။ မိုင်ဆွေ့နှင့် အား၀မ်လည်းမရှိသောကြောင့် သူနေနိုင်ပါ့မလား ။ တွေးကြည့်ရုံဖြင့်ပင် ၀မ်းနည်းမိသည် ။ တန်ရောတန်ပါ့မလား ။ 


ငါက အခုမှ ဆယ်နှစ်ပဲရှိသေးတာ ၊ အနားယူဖို့ဆိုရင် ....စန်း၀မ် လန့်သွားမိသည် ။ နှစ်နှစ်ဆယ်လောက် လိုသေးတယ်လေ ၊ သေစမ်း ။


စန်း၀မ်၏ မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေသည့်ပုံကိုကြည့်၍ ရှောင်း၀မ်က မျက်လုံးကို ကြီးကြီးပြောင်းဆွဲလိုက်လေသည်။ 


လင်းလန် : " ကလေးတွေရေ ထမင်စားကြမယ်ဟေ့ " 


ရှောင်၀မ် စန်း၀မ်အား ပုခုံးပုတ်၍ ခေါ်လိုက်သည်။ " စန်း၀မ် ထမင်းစားကြမယ်တဲ့ "


စန်း၀မ် : " ရှောင်၀မ် မင်းငါ့ကိုလွမ်းနေမှာလား "


ရှောင်၀မ်က ပြုံးပြကာ " ဒါပေါ့ လွမ်းနေမှာပေါ့ "


" ဒါဆို မင်း ၀မ်းမနည်းဘူးလား "


" သားက ကြိုးစားနေရမှာလေ ၀မ်းနည်းနေလို့ ဘယ်ဖြစ်မှာလဲ ပြီးတော့ သားက မားမားတို့ကို ထားသွားမှာလည်း မဟုတ်ဘူးလေ " 


ရှောင်၀မ်က တ၀မ်လုပ်ပေးထားသည့် ပန်းချီပြားကို ဆွဲကိုင်ကာ ထရပ်လိုက်သည်။ 


စန်း၀မ် ထိုသည်က တကယ်၀မ်းနည်းဖို့ကောင်းသည်ဟုတွေးမိသွားပြီး လင်းလန်ထံသို့ သွား၍ " မားမား သားကိုလွမ်းနေမှာလား " ဟုမေးပြန်လေသည်။ 


လင်းလန် : " ဒါပေါ့ ဒါပေမယ့် မားမားက မင်းတို့အားလုံး ကိုယ်သဘောကျတဲ့အရာကို ကိုယ်လုပ်နိုင်ဖို့လည်း မျှော်လင့်တယ် အိမ်ကအမြဲ ဒီနေရာမှာပဲ ရှိနေမှာမို့ ပြန်လာချင်တဲ့အချိန်တိုင်း ပြန်လာလို့ရတယ်လေ ဟုတ်ပြီလား "


စန်း၀မ်က အိမ်နှင့်မခွဲဖူးသဖြင့် အိမ်ကိုလွမ်းနေမည့်အပြင် ကြောက်ရွံ့နေမည်ကိုလည်း လင်းလန် စိုးရိမ်နေမိသည်။ 


ဟန်ချင်စုန့် : " ခရိုင်စုက ဒီနေရာနဲ့ သိပ်မဝေးဘူး ဒါကြောင့် ဘာမှ ကြောက်မနေနဲ့ "


စန်း၀မ်လည်း တွေးကြည့်ပြီးနောက် သွားကြည့်ချင်လာမိသည်။


ဤသို့ဖြင့် စန်း၀မ်သည် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဖြစ်နေလေသည်။ အိပ်ပျော်သွားပြန်သည့်အခါတွင်လည်း အိပ်မက်မက်ပြန်ကာ အိပ်မက်ထဲ၌ အိမ်ကိုရှာမတွေ့တော့ဘဲ မိဘများနှင့် ညီအစ်မများကိုပါ မတွေ့ရတော့သဖြင့် အိပ်မက်ယောင်ကာ အပြင်၌ ရှိုက်ငိုနေလေ၏။ 


ငိုနေရင်းဖြင့် အနွေးဓာတ်ရှိရာသို့ တိုးသွားကာ တ၀မ်၏ ရင်ခွင်ထဲသို့ ၀င်တိုး၍ မားမားဟုအော်ကာ ငိုနေလေသည်။ 


လင်းလန်က ကလေးများအပေါ်  ကြင်နာသော်ငြား ရှောင်၀မ်တစ်ယောက်တည်းကိုသာ ဖက်အိပ်တာဖြစ်သည်။ စန်း၀မ်ကိုမူ နေမကောင်းဖြစ်သည့်အခါမျိုးတွင်သာ အတူအိပ်ပေး၍ ချော့မော့ပေးတာဖြစ်သဖြင့် စန်း၀မ်သည် အမေဖြစ်သူနှင့် အတူအိပ်ချင်တာမျိုးဖြစ်ပါက တ၀မ်ကိုသာ ဖက်အိပ်ခဲ့ရတာဖြစ်သည်။ 


စန်း၀မ်က လာဖက်နေသောကြောင့် တ၀မ်က ရှက်သွားသော်လည်း ယခင်လို  တွန်းထုတ်ခြင်းမပြုဘဲ ပြန်ဖက်၍ ကျောလေးကို ပုတ်ပေးကာ ချော့သိပ်ပေးလေသည်။ 


လင်းလန်လည်း အိပ်မပျော်ဖြစ်နေသဖြင့် စန်း၀မ် ငိုနေသံကို ကြားသောအခါ ထသွားကြည့်မည်လုပ်လိုက်သော်လည်း ဟန်ချင်စုန့်က လက်ကောက်၀တ်မှဆွဲကာ တားလေသည်။ 


" ထားလိုက်ပါ " ဟန်ချင်စုန့်က ပြောသည်။ " ယောက်ျားလေးတွေပဲ တစ်နေ့ကြရင်လည်း ကြီးလာမှာပဲဟာ "


လင်းလန် ဟန်ချင်စုန့်၏ ရင်ခွင်ထဲသို့ လှဲချလိုက်သည်။ စန်း၀မ်အား သူမလည်း ဘယ်လိုနှစ်သိမ့်ပေးရမည်ကို မသိပါ ။ ယခင်ဘ၀တုန်းက လင်းလန်၏ မိသားစုသည် ရှေးရိုးစွဲမိသားစုဖြစ်သဖြင့် သူမ၏မောင်လေးကိုသာ ပို၍ဂရုစိုက်ချစ်ခင်ပေးကြသဖြင့် လင်းလန်သည် ထင်သလောက် အချစ်မခံခဲ့ရပေ ။ ထို့ကြောင့် အိမ်မှထွက်ကာ တစ်ယောက်တည်းနေသည့်အခါ သိပ်၍ တွယ်တာနေခြင်းမရှိပေ ။ ဟန်ချင်စုန့်လည်း သူမကဲ့သို့ပင် ဖြစ်လောက်ပေသည်။ 


" ချင်စုန့် ရှင်ရော နောင်ကြရင် ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ "


ဟန်ချင်စုန့် : " မင်းသဘောပဲလေ " သူ အလုပ်ကြိုးစားနေခြင်းသည် မိသားစုကို ထောက်ပံ့ပေးနိုင်ရန်သာဖြစ်ပြီး လင်းလန်သာ သူနှင့်ရှိနေပါက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါ ။ လင်းလန် သွားမည့်နေရာတိုင်းကို သူလိုက်သွားမှာပဲ ဖြစ်သည်။ 


" ကလေးတွေ ကြီးလာရင် မြို့မှာသွားနေကြရအောင် " လင်းလန်က ပြောလေသည်။


 " မဟုတ်ရင် ခရိုင်နဲ့ ရွာနဲ့က အရမ်းဝေးတော့ ကလေးတွေ အိမ်ပြန်လာချင်ရင် တစ်ခါတည်းပြန်လာလို့မရဘဲ ညလုံးပေါက် ရထားစီးနေကြရလိမ့်မယ် "


ဟန်ချင်စုန့် : " ရတယ်လေ နောက်နှစ်နည်းနည်းကြာရင် ကိုယ် ခရိုင်ကို ပြန်လျှောက်လိုက်မယ် အိမ်ကိုလည်း အဲ့မှာပဲ စီစဥ်တာပေါ့ "


" ဒီနှစ်ရက်အတွင်း အိမ်ကို စောစောပြန်လာခဲ့နော် "


" အင်း "


သုံးရက်အချိန်ပေးမည်ဟုဆိုသော်လည်း ချူယွင်ဖုန်းသည် သည်းမခံနိုင်ဘဲ နောက်နေ့ နေ့လယ်တွင် လင်းလန်တို့ထံသို့ ၀ိုင်နှင့် မုန့်များ ၊ သစ်သီးများကို ယူပြီးရောက်လာလေသည်။ 


ဟန်ချင်စုန့်က မနက်ခင်းတွင် အလုပ်သွားကာ နေ့လယ်တွင် နေ့လယ်စာပြန်စားပြီးနောက် အလုပ်ကိုပြန်မသွားပေ ။ 


ချူယွင်ဖုန်းနှင့် ဟန်ချင်စုန့်က လက်ဆွဲ၍ နှုတ်ဆက်လိုက်ကြကာ မိတ်ဆက်ကြပြီးနောက်တွင် ထိုင်၍ စကားပြောနေကြလေသည်။ 


" ညွှန်မှုးဟန် ခေါင်းဆောင်လင်းလန် စန်း၀မ်က တကယ်တော်တဲ့ကလေးပါ သေချာသာ ပျိုးထောင်ပေးမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်လာမှာ အသေအချာပါပဲဗျာ "


မနေ့ညနေက သူ အခြားမိသားစုထံ သွားကြည့်ခဲ့သော်လည်း ထိုကလေးသည် စန်း၀မ်ထက် အတော်လေး ညံ့လေသည်။ ရေကူးတာ မညံ့သော်ငြား သူ့ကို အထင်ကြီးစေလောက်သည်အထိ မဖြစ်ခဲ့ပါ ။ 


ဟန်ချင်စုန့် : " သူသာ ဆန္ဒရှိရင် ကျွန်တော်တို့က အားပေးမှာပါ "


စကားပြောပြီးနောက်တွင် ချူယွင်ဖုန်းသည် လင်းလန်နှင့် ဟန်ချင်စုန့်က မကန့်ကွက်ကြကြောင်းကို သဘောပေါက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အခွင့်အရေးကောင်းပဲ မဟုတ်ပါလား ။ သို့သော်လည်း စန်း၀မ် မည်သို့ရွေးချယ်မည်ကို မသိရသေးပေ ။ 


ကလေးတစ်ယောက်က ထိုမျှတွေဝေနေသည်ကိုမူ ချူယွင်ဖုန်း သိပ်သဘောမကျပေ ။ ကလေးတွေက တကယ်တမ်းတွင် ဘာကကောင်းတယ် မကောင်းဘူးဆိုသည်အား သေချာမသိကြသဖြင့် အခုလိုတွေးနေတာက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား ။


ကလေးများ ကျောင်းမှပြန်လာသည့်အခါတွင် ရှန်ယွီလည်း ပါလာလေ၏။ 


စန်း၀မ်အား အားပေးနိုင်အောင် အား၀မ်က ရှန်ယွီကို ခေါ်လာခဲ့ခြင်းဖြစ်သည် ။ 


စန်း၀မ်က ရှန်ယွီအား မေးခွန်းထုတ်နေလေ၏။ " အစ်ကိုကြီးရှန်ယွီရော အိမ်ကိုလွမ်းလား "


ရှန်ယွီ : " လွမ်းတာပေါ့ ဒါပေမယ့်လည်း လုပ်ကိုလုပ်ရမယ့် ကိစ္စတွေရှိသေးတာပဲမလား "


 ပညာတတ်လူငယ်တစ်ယောက်က အိမ်မှထွက်လာပြီဆိုပါက အိမ်ကိုလွမ်းလို့ဆိုပြီး အိမ်သို့ပြန်သွား၍ ဖြစ်မှမဖြစ်တာ ။ 


စန်း၀မ်က ရှန်ယွီကို သနားသွားသဖြင့် ရှန်ယွီက ရယ်နေလေ၏။ 


" အိမ်ကိုလွမ်းပေမယ့်လည်း ငါက ၀မ်းမနည်းနေဘူးလေ ရွာကိုလာလို့ မင်းတို့နဲ့ တွေ့ရတာမဟုတ်ဘူးလား အိမ်မှာပဲနေရင် မင်းတို့ကို ဘယ်တွေ့ရပါ့မလဲ လူတိုင်းက အိမ်နဲ့ခွဲပြီး အပြင်လောကကိုထွက်ကြရမှာပဲလေ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်တွေ ရှာကြရမှာပဲ မဟုတ်ဘူးလား "


Xxxxxxx

Part 672


စန်း၀မ်က သဘောပေါက်သွားလေသည်။ ဖန်းရှောင်ရော ရှန်ယွီရောက အိမ်နဲ့ခွဲပြီး သူတို့ရွာကိုလာခဲ့တာလေ ၊ ဒါဆို သူ မြို့ကိုသွားတာက ပညာတတ်လူငယ်တွေ ရွာကိုလာတာနဲ့ တူတူပဲမလား ။ 


အဲ့လိုတွေးလိုက်တော့လည်း ၀မ်းနည်းဖို့ မကောင်းတော့သလိုပဲ ။ 


စန်း၀မ် အိမ်ထဲသို့ ပြေး၀င်သွားသည့်အခါ ချူယွင်ဖုန်းနှင့် သူ့မိဘများစကားပြောနေကြသည်ကို တွေ့လိုက်ရသဖြင့် လင်းလန်၏ဘေးသို့သွား၍ ၀င်ထိုင်လိုက်သည်။ 


ချူယွင်ဖုန်းက ပြုံးပြကာ မေးသည်။ " စဥ်းစားပြီးပြီလား "


လင်းလန်ကလည်း စန်း၀မ်ကို ပြောလေသည်။


 " စန်း၀မ် ဖြစ်မလာသေးတာတွေကို တွေးပူမနေနဲ့ မားမားတို့က ငယ်သေးတယ် ပြီးတော့ တစ်ခြားမောင်နှမတွေကိုပါ ထည့်စဥ်းစားမနေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်စဥ်းစားနော် ရေကူးဖို့ကို သား သွားချင်လားဆိုတာကိုပဲ တွေးကြည့်"


စန်း၀မ်က ခေါင်းညိတ်ပြသည်။ " သွားချင်တယ် "


" ဒါဆိုရပြီလေ သားရဲ့ ဘာတွေတွေးပူနေတာလဲ " ဟုဆိုကာ လင်းလန်က ရယ်သည်။ 


စန်း၀မ်က သွားချင်တယ်ဟုဆိုမှသာ ချူယွင်ဖုန်းက သက်ပြင်းချပြီး ပြုံးသွားလေသည်။


 " သွားပြီးရင်လည်း အိမ်ပြန်လာလို့မရတာ မဟုတ်ဘူးလေ သိလား စိတ်ပူမနေနဲ့နော် "


ထို့နောက် ဟန်ချင်စုန့်နှင့် လင်းလန်အား " ဒီလိုဆိုရင် ကျွန်တော် တပ်မဟာကိုသွားပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ပါ့မယ် မနက်ဖြန်ကြရင် ကွန်မြူနတီကို သွားကြတာပေါ့ မြန်မြန်လုပ်ပြီးရင် မြန်မြန်ပြန်ပြီး ကျောင်းတက်ခိုင်းလို့ရတာပေါ့ " 


လင်းလန် : " ချူလောင်ရှီး ကျွန်မ တောင်းဆိုချင်တာလေးရှိပါတယ် "


ချူယွင်ဖုန်းက သားဖြစ်သူအတွက် ဂရုစိုက်ပေးဖို့ ပြောမည်ဟုပဲထင်ကာ တာ၀န်ခံကြောင်း ပြန်ပြောလေသည်။ " ခေါင်းဆောင်လင်းလန် စိတ်မပူပါနဲ့ ကျွန်တော်တို့က ခဲရာခဲဆစ်ရှာထားရတဲ့ မျိုးစေ့ကောင်းလေးတွေကို သေချာဂရုစိုက်ပေးမှာပါ ဘာမှမဖြစ်စေရပါဘူး "


လင်းလန် : " ချူလောင်ရှီး ရှင်က ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရှိလဲကို ကျွန်မ မသိဘူး ဒါပေမယ့် ကျွန်မ တစ်ခုတော့ သေချာပြောထားပါ့မယ် ကျွန်မသားကို ကျောင်းက ဘာဆေးကိုမှ လက်လွတ်စပယ် တိုက်လို့မဖြစ်ပါဘူး "


ချုယွင်ဖုန်းက တစ်ခဏ အံ့သြသွားသော်လည်း ရယ်လိုက်ကာ ပြန်ဖြေလေသည်။ 


" ခေါင်းဆောင်လင်းလန် ဘာတွေပြောနေတာလဲဗျာ နေမကောင်းဖြစ်တာကလွဲရင် ဘယ်ဆေးကိုမှ မပေးပါဘူး စိတ်ချပါ "


ချူယွင်ဖုန်းက တကယ် ဘာမှမသိတာဖြစ်ရမည်ဟု ထင်၍ လင်းလန် ထပ်ပြောလိုက်သည်။ " ချူလောင်ရှီး ကလေးက တော်တယ်ဆိုရင် လေ့ကျင့်ပေးရုံနဲ့ ရမှာပါ မဟုတ်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရမှာမဟုတ်ပါဘူး ကလေးက အဆင်မပြေဘူးဆိုရင် ကျွန်မတို့ မိဘတွေဆီကိုပဲ ပြန်ပို့ပေးပါ "


ချူယွင်ဖုန်း : " စိတ်ချပါ ကလေးတွေအတွက် ကျွန်တော် တာ၀န်ယူပါတယ် ကျွန်တော့်ဘ၀နဲ့ရင်းပြီး အာမခံပါတယ် " 


ထို့ကြောင့် လင်းလန် ဘာမှထပ်မပြောဖြစ်ချေ ။


ဟန်ချင်စုန့်နှင့် ချူယွင်ဖုန်းတို့နှစ်ဦးက စန်း၀မ်ရွှေ့ပြောင်းနိုင်ရန် တပ်မဟာသို့ သွားလိုက်ကြသည်။ သာမန်လူများအတွက် ကြန့်ကြာနိုင်သော်ငြား ဟန်ချင်စုန့်တို့အတွက်မူ လွယ်ကူလေ၏။


ကိစ္စများ ဖြေရှင်းပြီးသွားသည့်အခါ ချူယွင်ဖုန်းက စိတ်ပူနေခြင်းမရှိတော့ပေ ။ " ရက်နည်းနည်းလောက် အချိန်ရသေးလို့ စန်း၀မ်ကို အိမ်မှာ အနားယူခိုင်းထားလိုက်ပါ နောက်သုံးရက်နေရင် ကျွန်တော် လာခေါ်ပါ့မယ် "


ချူယွင်ဖုန်း ပြန်သွားပြီးနောက်တွင် လင်းလန် ကလေးများကို ပြောလိုက်သည်။ " ဒီကိစ္စက ပျော်စရာကိစ္စနော် စန်း၀မ်က ငယ်ငယ်လေးနဲ့ အားကစားကျောင်းကို တက်နိုင်တာဆိုတော့ ဂုဏ်ပြုရမယ့် ကိစ္စပဲ "


လင်းလန် အများကြီးမပြောဖြစ်သော်လည်း အားကစားတက္ကသိုလ်မှ ရွေးချယ်ခံရခြင်းသည် တကယ်ကိုပင် ဂုဏ်ယူရမည့် ကိစ္စကြီးဖြစ်သည်။ ရှောင်၀မ်ရမည့် အခွင့်အရေးများကလည်း အလွန်ကောင်းလေသည်။ 


အဖွဲ့၀င်များသည်လည်း သေချာမသိသော်ငြား စန်း၀မ်က မြို့သို့သွားကာ ကျောင်းတက်ရမည်ဟု သိသည့်အခါ တစ်ယောက်ပြီးတစ်ယောက် လာ၍ဂုဏ်ပြုကြလေ၏။ 


အကြောင်းကြားစာရသည့် ဆွေမျိုးများသည်လည်း အလျှိုလျှိုရောက်လာကြသည်။ လင်းမိန်က ချောင်ချောင်နှင့် ဟောင်နန်ကိုခေါ်၍ ရောက်လာပြီး ရှန်ယွီ ၊ ဟော်ဟုန်ကျန်းနှင့် ကျောက်မင်ကျဲတို့လည်း လာသွားကြသည်။ 


အားလုံးသည် စားစရာများလည်း ယူလာကြပြီး ကလေးများကလည်း လိပ်ရုပ်လေးများကို ယူလာကြလေသည်။ လင်းမိန်က လင်းလန်ကို ကူညီ၍ တစ်၀ိုင်းအပြည့် ဟင်းပွဲများ ကူချက်ပေးလေ၏။ လင်းလန်လည်း လူကြီးများကဲ့သို့ ခွက်ချင်းတိုက်နိုင်ရန် ကလေးများအတွက် အချိုရည်ဖျော်ပေးလိုက်သည်။ 


ဟောင်နန် : " ဟုတ်သားပဲ စန်း၀မ် နေ့ဘက်ကြရင် အပြင်မှာစားပြီး ညဘက်ကြရင် အိပ်မက်ထဲမှာ ငါတ်ို့နဲ့လာစားလေ အဲ့တာဆို အသားတွေ ပိုစားရမှာပေါ့ "


ရှောင်၀မ်က သူ့အအေးခွက်လေးကို ကိုင်ထားရင်း ပြောလေသည်။


 " စန်း၀မ် ကြိုးစားနော် ပထမဆုရပြီး သတင်းစာထဲနဲ့ ရေဒီယိုထဲကနေ ကြေညာခံရအောင် လုပ်နော် "


ချူယွင်ဖုန်းက ပြိုင်ပွဲရှိပါက သတင်းစာနှင့် ရေဒီယိုထဲ၌ ထည့်ကြေညာပေးသည်ဟု ပြောပြသွားဖူး၍ ကလေးများလည်း သိထားကြလေသည်။ 


စန်း၀မ်က ဂုဏ်ယူနေသည့်ဟန်ဖြင့် ပြန်ဖြေသည်


 " စောင့်ကြည့်နေလိုက် မင်းတို့ကို လုံး၀အရှက်မရစေရဘူး " 


မသွားခင်ည၌ လင်းလန်က စန်း၀မ်၏ အထုပ်အပိုးများကို ထုတ်ပိုးပေးဖို့ လုပ်လိုက်သော်လည်း တကယ်တမ်းတွင် ထုပ်ပိုးစရာက ဘာမှမရှိချေ ။ 


အိပ်ရာခင်းများ ၊ အ၀တ်အစားများ ၊ ဖိနပ်များနှင့် ရေကူး၀တ်စုံများကို ကျောင်းမှပေးမည်ဖြစ်ကြောင်း ချူယွင်ဖုန်းက ပြောခဲ့လေသည်။ ရေကူးခြင်းအပြင် ကျောင်းမှပုံမှန် သင်ရိုးများကိုလည်း သင်ပေးမည်ဟုဆိုသောကြောင့် လွယ်အိတ်နှင့်စာရေးကိရိယာများကိုပါ ထည့်ပေး၍ရသော်လည်း မယူမဖြစ်မဟုတ်ပေ ။ နေ့လယ်စာဘူးနှင့် ရေနွေးဘူးများကိုလည်း ပေးမည်ဖြစ်သဖြင့် တကယ်တမ်းတွင် စန်း၀မ် ယူသွားစရာ ဘာမှ မလိုအပ်ချေ ။ 


၄င်းကျောင်းက တကယ်ကိုပင် ကုန်ကျစရိတ် ဘာမှမရှိတာပင် ။ 


စန်း၀မ်က အလွန် ဂုဏ်ယူနေပေသည်။ 


ရွှယ်မင်လျန်က ခရိုင်တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ဤမျှကောင်းသည့် အခွင့်အရေးကို ရတာဟု ပြောလေသည်။ သူ ဟန်၀မ်မင်တစ်ယောက်တည်းပဲတဲ့ ။ 


မိုင်ဆွေ့က စန်း၀မ်၏ နာမည်ထိုးထားသည့် လက်ကိုင်ပု၀ါလေးကို ပေးသည်။


 " အိမ်မှာလိုပဲ စားပြီးရင် လက်နဲ့မသုတ်နဲ့နော် လူတွေ ရယ်ကြလိမ့်မယ် ကြားလား ပါးစပ်သုတ်ရင် လက်ကိုင်ပု၀ါကိုသုံးနော် "


စန်း၀မ် : " မမနာမည်ကိုရော မထိုးပေးဘူးလား "


မိုင်ဆွေ့ : " ဘာလဲ နင်ပါးစပ်သုတ်ပစ်ဖို့လား "


စန်း၀မ်က ရယ်လေ၏။ 


ရှောင်၀မ်က စန်း၀မ်၏ပုံတူကိုပေးလေသည်။ ဆွဲထားသည်မှာ မျက်လုံးပြူးပြူးဖြင့် စန်း၀မ်ဖြစ်ကာ သာမန်ကာလျှံကာ ဆွဲထားခြင်းဖြစ်ပေသည် ။ ပြောရရင် ရှောင်၀မ် ဆွဲတတ်သည်က အကန့်အသတ်ရှိသေးသည်ကိုး။ 


စန်း၀မ် တ၀မ်နှင့် အား၀မ်ကိုကြည့်ကာ မေးလိုက်သည်


 " အစ်ကိုကြီးတို့ကရော မပေးဘူးလား " 


အား၀မ်က စာရွက်တစ်ထပ်ကြီးကို ထုတ်ပေးလေသည်။ " စန်း၀မ် အိမ်ကို ခဏခဏ စာပြန်ရေးဖို့ မမေ့နဲ့နော် "


Xxxxxxx