Part 683
အိမ်ပြန်လမ်းတွင် လင်းလန်က စိတ်အခြေအနေပိုကောင်းနေပြီး တ၀မ်ကို ပြောလေသည်။
" သားကြီး မားမားတို့ စန်း၀မ်ကို စာရေးကြမလား တစ်ရက်တစ်စောင်ဆို များနေမလား ဒီနေ့ရေးပြီး ဒီနေ့ပို့ရင်တောင် နောက်နေ့တော့ မရောက်လောက်ဘူးနော် "
စာတိုက်က စာများကို နေ့စဥ်လက်ခံသော်လည်း စာပို့ချိန်က တစ်ရက်ကြာတတ်ပြီး တစ်ခါတစ်ရံဆိုပါက နှစ်ရက်သုံးရက်ထိပင် ကြာတတ်လေသည်။ စန်း၀မ်ထံသို့ဆိုပါက အနည်းဆုံး တစ်ပတ်လောက် ကြာလောက်ပေမည် ။
တ၀မ် : " သုံးရက်နေမှ တစ်စောင်ဆိုရင်ရော "
လင်းလန် ပြုံးလိုက်မိသည်။ " ကောင်းသားပဲ စာကို ဒီလိုရေးကြတာပေါ့ တစ်ခါတစ်လေ အားလုံးစုရေးကြပြီး တစ်ခါတစ်လေကြရင် တစ်ယောက်တည်းကပဲ ရေးကြတာပေါ့ ပထမဆုံးစာကိုတော့ သားကြီးပဲရေးလိုက် " ဟုဆို၍ လင်းလန် စာအိတ်ကိုထုတ်၍ တ၀မ်၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
တ၀မ် : " ....... " စာရေးရတာကို အမုန်းဆုံးပဲလို့ ။
သို့သော်လည်း လင်းလန်ကိုမူ ပြန်မငြင်းချေ ။
သူတို့သားအမိနှစ်ယောက်က ရှန်ယွီ စိတ်ပူမနေစေရန် ဆပ်ပြာစက်ရုံသို့ အရင်ပြန်လိုက်ကြသည်။
ဆပ်ပြာစက်ရုံ၌ ခဏနေပြီးနောက် နေ့လယ်ခင်းတွင် လင်းလန်နှင့် တ၀မ် စောင်လျှော်ရန် ဆပ်ပြာအနည်းငယ်ယူပြီး အိမ်ပြန်လာလိုက်ကြသည်။
လင်းလန် ဆပ်ပြာသုံးရမည်ကို မနှမြောတော့ချေ ။ သူမ အလိုရှိပါက နမူနာများကို စိတ်ကြိုက်သုံးလို့ ရနေလေပြီ။
နွေရာသီ၌ နေ့တာရှည်သဖြင့် စောင်လျှော်ပြီးနောက်တွင်တောင် နေ့အလင်းရောင်ရှိနေဆဲဖြစ်လေသည်။ လင်းလန် တ၀မ်ကိုခေါ်၍ ချက်ပြုတ်လိုက်သည်။
" မားမား သားတို့ပြန်လာပြီ "
ကလေးများ ပြန်လာချိန်တွင် လင်းလန်က သခွားသီးများကို သစ်သားပြားဖြင့် ရိုက်နေတာဖြစ်သည်။ ကလေးများက စန်း၀မ်ရှိစဥ်ကလို အော်ဟစ်၍ ပြန်လာကြသည်။
ယခင်က စန်း၀မ်နှင့် ရှောင်၀မ်ကသာ အော်တတ်ကြတာဖြစ်ပြီး အား၀မ်နှင့် မိုင်ဆွေ့ကမူ ရှက်၍မအော်ကြပေ ။ ယခုတွင် သုံးယောက်လုံးအော်လိုက်တာဖြစ်၍ ယခင်ကထက်ပင် အသံပိုကျယ်နေလေသည်။
လင်းလန် ပြုံးပြ၍ ကလေးများကို ကြိုဆိုလိုက်ပြီး ယခင်လိုပင် ရှောင်၀မ်ကို ဖက်ပေးလိုက်သည်။ " နေ့လယ်တုန်းက ရှန်ယွီက ဘာလုပ်ပေးခဲ့လဲ ကြိုက်ကြရဲ့လား "
ရှောင်၀မ် : " ခရမ်းသီးဟင်း ... တည်သီး နဲ့ သခွားသီးသုပ်ရောပဲ "
မိုင်ဆွေ့ : " အစ်ကိုကြီးရှန်ယွီ ချက်တာက တော်တော်လေး အရသာရှိနေပြီ "
အား၀မ် : " သခွားသီးသုပ်ကတော့ နည်းနည်းလိုသေးတယ် "
ရှန်ယွီ၏ သခွားသီးသုပ်ဆိုသည်မှာ ဓားပြားဖြင့်ရိုက်ထားတာဖြစ်၍ သတ္တုအရသာပါနေတတ်ပြီး လင်းလန်ကမူ သစ်သားပြားဖြင့်ရိုက်ကာ ဂျုံမှုန့်ထည့်၍ ရေဆေးသဖြင့် ထိုအရသာမျိုး ရှိမနေတတ်ပေ ။
အနှစ်ကိုစပ်ရာတွင်လည်း တစ်ယောက်နှင့်တစ်ယောက် မတူကြသဖြင့် အရသာကွဲကြမည်မှာ အသေအချာပင် ။
ကလေးများက လင်းလန်နှင့် တ၀မ်အား ရုပ်ဆိုးကောင်များအကြောင်းကို မေးလေသည်။
လင်းလန်လည်း အကြမ်းဖျင်းရှင်းပြလိုက်သည်။
ရှောင်၀မ်က မကျေနပ်သေး။
" မားမား သူတို့ကို ဘာလို့ရိုက်တာလဲ ပြောပြဥ်ိီးလေ အစ်ကိုကြီးရောပဲ "
ရှောင်၀မ်က မီးတုတ်ကိုပြေးယူရင်း လင်းလန်ကို မေးသည်။ ထိုသည်ကို ယခင်က စန်း၀မ်လုပ်ခဲ့တာ ဖြစ်ပေသည်။
လင်းလန်လည်း လက်ဟန်ခြေဟန်ဖြင့် ပြန်သရုပ်ပြရင်း ကလေးများ ကျေနပ်သွားအောင် ပြောပြလိုက်သည်။
ရှောင်၀မ် : " သား ဒီအကြောင်းကို စန်း၀မ်ကို ပြောပြလိုက်ရင် အတော် သဘောကျမှာပဲနော် "
အားလုံးသည် တစ်ခဏငြိမ်ကျသွားပြီးမှ ယခင်လို ပြန်ဖြစ်သွားကြလေသည်။
မိုင်ဆွေ့ : " ပုံပါဆွဲပေးလိုက်ရင် ကောင်းမယ်နော် "
ရှောင်၀မ် : " သားဆွဲလိုက်မယ် "
တ၀မ်က ၀မ်းသာအားရဖြင့် စာအိတ်ကိုထုတ်ကာ အား၀မ်ကို ပေးလိုက်သည်။
လင်းလန် : " ........ "
.....
ဟန်ချင်စုန့် ပြန်လာသည့်အခါတွင် ညစာစားလိုက်ကြကာ ပြီးနောက်တွင် လမ်းလျှောက်ထွက်ကြပြီး ပုစဥ်းရင်ကွဲများကိုလည်း ဖမ်းလိုက်ကြသေးသည်။ ထို့နောက်တွင် အိမ်ပြန်လာပြီး ရေဒီယိုနားထောင်ရင်းဖြင့် စန်း၀မ်အတွက် စာရေးကြလေသည်။ ရှောင်း၀မ်က ပုံဆွဲရန်ပြင်နေရင်း မိုင်စွေ့ကို လှည့်ကြည့်သည်။
" မမ သားတို့ စန်း၀မ်ဆီကို အစ်မဖန်းကို စာရေးသလိုပဲ ရေးကြမှာလား "
" ဒီအတိုင်းပဲ ရေးလိုက်လေ နေ့စွဲလည်း တပ်ဦး " မိုင်ဆွေ့က ဒိုင်ယာရီစာအုပ်နှင့် ဘောပင်ကို ထုတ်လိုက်လေသည်။ ဒိုင်ယာရီရေးပြီးမှ စန်း၀မ်ထံစာရေးမည်ဟု သူမက တွေးထားတာဖြစ်၏။
မိုင်စွေ့၏ ဒိုင်ယာရီသည် တစ်ခါတစ်ရံ ရိုးရှင်းကာ တစ်ခါတစ်လေတွင်မူ ခံစားရသမျှကို ချရေးတတ်သောကြောင့် နှစ်မျက်နှာသုံးမျက်နှာ ဖြစ်သွားတတ်လေသည်။
မိုင်စွေ့အတွက် စာရေးခြင်းက လွယ်ကူလွန်းသည်။ တစ်ဖက်လူ ဘာလုပ်နေခဲ့သည်ကို မေးမြန်းပြိိီး အခြေအနေဘယ်လိုရှိလဲ မေးမြန်းပြီးမှ သူမ၏ကိစ္စများကို ရေးတာဖြစ်သည်။ လင်းလန်နှင့် တ၀မ်က ဆပ်ပြာစက်ရုံ၌ ရုပ်ဆိုးကောင်များကို ဘယ်လိုရိုက်ခဲ့တာဖြစ်ကြောင်းမှ အစချီ၍ စန်း၀မ်အား ဘယ်လ်ိုလွမ်းနေကြောင်း မိသားစု၀င်များကလည်း သတိရနေကြကြောင်းကို ရေးလိုက်လေသည်။ စာကိုလည်း သေချာလိုက်လုပ်ရန်သတိပေးပြီး အားလပ်ချိန်တွင် အပြင်လျှောက်လည်ထားရန်ပါ မှာလိုက်လေသည်။ ထိုအခါမှသာ သူမတို့လာလည်ပါက စန်း၀မ်က ဦးဆောင်ပြီး လိုက်ပို့ပေးနိုင်မှာဖြစ်ကြောင်းကိုပါ ထည့်ရေးထားသည်။
ရှောင်၀မ်က ပုံကိုပဲ အာရုံစိုက်၍ ဆွဲနေလေသည်။ တုတ်ချောင်းလေးများသာ ဖြစ်သော်လည်း ဘာကိုဆွဲထားသည်ကိုတော့ အသေအချာ သိနိုင်ပေသည်။
အား၀မ်ကမူ စကားထာများကို ချရေးပြီး နောက်စာတွင် အဖြေပြန်ထည့်ရေးပေးဟု ဆိုထားသည်။
တ၀မ်သည်ကား ထုံးစံအတိုင်းပင် သူ့နာမည်နှင့် နေ့စွဲကိုသာ ရေးလိုက်ပြီးမှ ကောင်းကောင်းအိပ်ဟူ၍ ထပ်ဖြည့်ရေးလိုက်လေသည်။
ကလေးများ အသီးသီးရေးပြီးသွားမှ လင်းလန် ဆက်ရေးလိုက်သည်။
(စန်း၀မ် အိမ်ကိုလွမ်းတာကို ရှက်နေဖို့ မလိုဘူးနော် အိမ်ကိုလွမ်းရင် ကောင်းကင်ကို မော့ကြည့်လိုက် ဘယ်နေရာမှာပဲ ရှိနေပါစေ နေ လ နဲ့ ကြယ်တွေက အိမ်ကနေ တွေ့နေရတာနဲ့ အတူတူပဲမို့လို့ မားမားကလည်း ကြည့်နေမှာမို့လို့လေ )
လင်းလန် သားဖြစ်သူအား အိမ်ကိုအရမ်းမလွမ်းနေဖို့နှင့် ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး ပိုက်ဆံကိုလည်း စုထားဖို့မလိုကြောင်းကို အဓိကထား၍ ရေးလိုက်သည်။ သူမတို့လည်း အချိန်ရပါက လာလည်မည်ဖြစ်၍ ပြဿနာမရှာဘဲ ဆရာဆရာမများ၏ စကားကိုနားထောင်၍ အတန်းဖော်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေပြီး သေချာကြိုးစားလေ့ကျင့်ရန် မှာလိုက်သေးသည်။
မိခင်တစ်ယောက်အနေနှင့် အဝေးရောက်နေသော သားဖြစ်သူကို ပြဿနာရှာမည်စိုးနေရပေသည်။
လင်းလန် ရေးပြီးသွားသည့်အခါတွင် ဟန်ချင်စုန့်အား ဆက်ရေးခိုင်းလိုက်သည်။
ဟန်ချင်စုန့် : " ...... " သူ ဒီလိုစာတွေကို မရေးတာကြာပြီလေ ။ သူက ပြောစရာရှိရင်တောင် အပိုစကားထည့်မပြောတတ်တဲ့သူလေ ။
လင်းလန် ရေးထားသည်ကို ဖတ်ကြည့်လိုက်ပြီးနောက် အဆုံးတွင် တစ်ကြောင်းထပ်ဖြည့်ပေးလိုက်သည်။
" မင်းအမေ ပြောတဲ့အတိုင်းပဲ "
လင်းလန် : " ...... " မှားတော့လည်း မမှားပါဘူး ။
" စန်း၀မ် ညဘက်တွေ ဘယ်လိုအိပ်မလဲ မသိဘူး "
နေ့ဘက်တွင်မူ ဆရာဆရာမများနှင့် အတန်းဖော်များရှိနေ၍ အဆင်ပြေလောက်သော်လည်း ပထမဆုံးည၌ အဆင်ပြေပါ့မလားမသိချေ ။ အိမ်ကိုလွမ်းလို့ဆိုပြီး ငိုနေလောက်လား။ အဆောင်က အခြားကလေးတွေနဲ့ရော အဆင်ပြေပါ့မလား ။ ခုတင်နဲ့ရော အိပ်ရပါ့မလား ။ ခုတင်က ကျယ်ကျယ်၀န်း၀န်းရော ရှိပါ့မလား ။ မတော်လို့ အတူအိပ်တဲ့ကလေးကို ကန်နေမိရင်ရော ဘယ်လိုလုပ်မလဲ ။
လင်းလန် တွေးမိလေ ပူပန်မိလေ ဖြစ်လို့လာသည်။
ဟန်ချင်စုန့် ပုခုံးထက်ဖြာကျနေသော လင်းလန်၏ ဆံပင်များကို သပ်ပေးလိုက်သည်။
" စိတ်ပူမနေနဲ့တော့ "
" ဒီအတိုင်းဆိုရင် မပူပါဘူး ချူလောင်ရှီးနဲ့ ရွှယ်မင်လျန်လည်း ရှိတာပဲလေ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်မို့ ကျောင်းသွားတက်တာဆို ဒီလောက်ပူနေမှာ မဟုတ်ဘူး စန်း၀မ်က ငယ်သေးလို့ပါ "
ဟန်ချင်စုန့် လင်းလန်အား ပုခုံးကို ခပ်ဖွဖွပုတ်ပေး၍ အသံတိတ် နှစ်သိမ့်ပေးနေလိုက်သည်။
Xxxxx
Part 684
ညကိုးနာရီလောက်အချိန်တွင် တစ်နေ့လုံး ရထားစီးလာခဲ့ရသော စန်း၀မ်သည် မိုင်နှစ်ရာအကွာရှိ အားကစားတက္ကသိုလ်၏ ပထမနှစ်ကလေးများ အဆောင်သို့ ရောက်သွားလေသည်။
အဆောင်၌ သုံးယောက်ရှိနှင့်ပြီးဖြစ်ကာ အသစ်လေးယောက် ရောက်လာတာဖြစ်သည် ။ နောက်ကျနေပြီဖြစ်သောကြောင့် အချင်းချင်းကို အလွယ်သာ မိတ်ဆက်ပေးလေသည်။
ထိုသုံးယောက်သည် မြို့မှကလေးများဖြစ်၍ တောမှလာကြသော ကလေးလေးယောက်က်ို စူးစမ်းနေကြလေသည်။
သူတို့က တောမှကလေးများသည် ညစ်ပတ်ကြလိမ့်မည်ဟု ထင်ထားကြသော်လည်း စန်း၀မ်က မညစ်ပတ်သည့်အပြင် အိပ်ရာမ၀င်ခင် ရေချိုးပြီး ခြေထောက်ကိုလည်း သေချာဆေးလိုက်သေးလေသည်။
သွားကိုပါ တိုက်သေးသဖြင့် အလွန်ထူးခြားနေလေသည်။
ထို့နောက် စန်း၀မ်က သူ့အိပ်ရာသို့သွား၍ တစ်ယောက်တည်း စကားပြောနေသည်ကိုလည်း လိုက်ကြည့်နေကြလေသည်။ စန်း၀မ်က လွယ်အိတ်ထဲမှ လေးခွ ၊ လက်ကိုင်ပု၀ါ ၊ အင်္ကျီများနှင့် စာအုပ်များ အစရှိသည်များကို ထုတ်လိုက်ပြီး ခေါင်းအုံးဘေးတွင် ချလိုက်ပြီးနောက် သူ့ဘာသာ တစ်ယောက်တည်း ရေရွတ်နေပြန်လေ၏။
စန်း၀မ်က သူဘာပြောနေလဲဆိုသည်ကို အခြားကလေးများအား ကြားခွင့်မပေးပါ ။ သူက လင်းလန်ပေးလိုက်သော ပုံတူပန်းချီဆိုသည်လေးများကိုကြည့်၍ သူကြုံတွေ့ခဲ့ရသည်များကို ပြောပြနေတာ ဖြစ်ပေသည်။
သူတို့ကြားနိုင်သည်ဟု ယူဆက ပြောပြနေတာ ဖြစ်၏။
ဒီနေ့ သူ ပထမဆုံးအကြိမ် ရထားစီးခဲ့ဖူးပြီ ၊ ၀ူး ၀ူး ၀ူး ~ လေတိုးတာက ဖုန်တွေပါ ပါလာတာ ဟားဟား ။ ဘတ်စ်ကားလည်း ပထမဆုံးအနေနဲ့ စီးဖူးသွားပြီ ။ လက်မှတ်ရောင်းနေတဲ့သူတွေလည်း ရှိသေးတယ် ။ မြို့ထဲက လမ်းပေါ်မှာက စက်ဘီးစီးတဲ့သူတွေနဲ့ ပြည့်နေတာပဲ ။ သူတို့ကျောင်းမှာ လျှပ်စစ်မီးလည်းရှိတယ် ၊ ရေဒီယိုအကြီးကြီးတွေလည်း ရှိတယ် ။
မမြင်ဖူးတာတွေချည်းပဲမို့ ကြည့်ဖို့ မျက်လုံးနှစ်လုံးဖြင့်တောင် မလောက်ဟု စန်း၀မ် ထင်သည်။ တစ်ကိုယ်လုံး မျက်လုံးတွေ ရှိနေသင့်တာ ။
သို့သော်လည်း စန်း၀မ် အား၀မ် မှာလိုက်သည်ကို မှတ်မိပါသည်။ အိမ်ကထွက်လာလို့ မြို့ကိုရောက်ရင် မသိတာဆို ချူလောင်ရှီးကိုပဲမေးပြီး လျှောက်အော်မနေရဘူးဟု မှာလိုက်တာဖြစ်သည်။ မဟုတ်ပါက ရူးနေတယ်လို့ အထင်ခံရပြီး အရှက်ကွဲလိမ့်မယ်ဟု အား၀မ်က ဆိုသည်။ နားမလည်တာရှိရင် အော်ကြီးဟစ်ကျယ်လုပ်မနေဘဲ သေချာနားထောင်ပြီး နားလည်ချင်ယောင်ဆောင်လိုက်ဟုလည်း မှာလိုက်လေသည်။
သို့သော်လည်း စန်း၀မ်က ထိုအရာမျိုးအား နှစ်ရက်လောက်သာ မှတ်မိနေမည့်သူ ဖြစ်ပေသည်။ ပထမဆုံးအကြိမ်ဖြစ်၍ စိတ်လှုပ်ရှားနေသေး၍သာ ယခုကဲ့သို့ ပြုမူနေတာဖြစ်ပြီး နေသားကျရင်းနှီးသွားပါက ယခင်က စန်း၀မ်ပင် ပြန်ဖြစ်သွားဦးမှာပင် ။
စန်း၀မ် ပုံလေးများကို နမ်းလိုက်ပြီး ကောင်းသောညပါဟု နှုတ်ဆက်လိုက်ကာ ခေါင်းအုံးထက်၌ လှဲလိုက်တော့သည်။
မိသားစု၀င်များ၏ ပုံတူကြောင့်ပဲလား ရင်းနှီးနေသည့် အနံ့များကြောင့်ပဲလားမသိ စန်း၀မ် ၀မ်းနည်းနေခြင်းမရှိဘဲ အိပ်ပျော်သွားသည်။ ရေကူးပြိုင်ပွဲတွင် အနိုင်ရပြီး မွှေးနေသည့် ပေါက်စီအကြိိးကြီးကို ဆုအဖြစ်ရသောကြောင့် အိမ်ပြန်ကာ မောင်နှမများနှင့် ခွဲဝေစားသည်ဟုလည်း အိပ်မက်မက်သေးသည်။
(ရှောင်၀မ်က ပါးစပ်ကို ပေပွနေအောင် စားနေလေသည်။ " စန်း၀မ် အရမ်း အရသာရှိတာပဲ "
စန်း၀မ် ဘ၀င်မြင့်သွားမိသည်။ " နောက်တစ်ခေါက်ကြရင် သိုးသားကင်ပါ ရအောင်လုပ်ပေးမယ် ")
" ဟိတ်ကောင် ထဦး ငါအောက်ထပ်မှာ အိပ်ချင်တယ် "
စန်း၀မ်က အလုတ်ကြီးကြီး တစ်လုတ်ကိုက်မည်အလုပ်တွင် အခြားတစ်ယောက်ထံမှ နှိုးခြင်းခံလိုက်ရလေသည်။ အိပ်ချင်မူးတူးဖြင့် " ဘာလဲ ငါစားနေတာကို လာမနှောင့်ယှက်နဲ့ " ဟု စန်း၀မ် ပြန်ပြောလိုက်မိသည်။
" ထလို့ဆိုနေ ရူးနေတာလား " ဟု စိတ်မရှည်သံဖြင့် ပြန်ပြောလေသည်။
" ထစမ်း ငါအောက်ထပ်မှာ အိပ်ချင်တယ် "
စန်း၀မ် အိပ်မက်မက်နေခြင်းမှ နှောင့်ယှက်ခံလိုက်ရ၍ ဒေါသထွက်သွားကာ အစ်ကိုကြီးဟု ပြန်အော်လိုက်မည်အပြုတွင် အိပ်စင်ထက်မှ မီးသီးကို သတိထားမိသွားသည်။ သူ့ကို လာနှိုးသူမှာ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး အရပ်ရှည်ကာ ထွားထွားကြိုင်းကြိုင်းရှိလေသည်။
စန်း၀မ် ဘေးရှိခုတင်ကို ညွှန်ပြ၍ " အဲ့မှာလည်း အောက်ထပ်နေရာရှိသေးတယ်လေ " ဟုဆိုလိုက်သည်။
အဆောင်ထဲ၌ နှစ်ထပ်အိပ်ခုတင် ရှစ်လုံးရှိလေသည်။ သူတို့ရောက်လာချိန်တွင် လွတ်နေသောနေရာ လေးခုရှိပြီး စန်း၀မ်က ငယ်သေးသောကြောင့် ချူယွင်ဖုန်းက သူ့ကိုအောက်ထပ်တွင် နေရာပေးခဲ့တာဖြစ်သည်။
ဘေးတွင် လွတ်နေသောနေရာ သုံးနေရာရှိနေသည်ကို ဒီလူက ကန်းနေတာလား ။ သနားစရာပဲ ။
စကားပြောသံများကြောင့် ကျန်လူများပါ နိုးလာကြပြီး စကားများနေသူနှစ်ဦးကို ကြည့်နေကြလေ၏။
ရပ်နေသည့်ကောင်လေးက ထွားထွားကြိုင်းကြိုင်းရှိပြီး အိပ်ရာထက်မှကောင်လေးသည် ပိန်ပိန်ပါးပါးရှိသည့်အပြင် အသက်အရွယ်လည်း ကွာကြသဖြင့် စန်း၀မ်က နိုင်လိမ့်မည်ဟု မထင်ထားကြပေ ။
အခြားအိပ်စင်၏ အပေါ်ထပ်ရှိ ကောင်လေးက သတိလှမ်းပေးသည်။ " ရန်မဖြစ်ကြနဲ့ ရန်ဖြစ်ရင် ကျောင်းထုတ်ခံရလိမ့်မယ် "
အခြားသော အောက်ထပ်နှစ်နေရာမှ ကလေးများကလည်း ထောက်ခံသည်။ " ဟုတ်တယ် ကျောင်းက ရန်လုံး၀မဖြစ်ရဘူးလို့ စည်းကမ်းထုတ်ထားတယ် ရန်ဖြစ်ရင် ကျောင်းထုတ်လိမ့်မယ် "
ရန်ဖြစ်ကြပါက ဘယ်သူပဲဖြစ်နေပါစေ ကျောင်းထုတ်မည်ဟု စည်းကမ်းထုတ်ထားတာဖြစ်သည်။ ကျောင်းကပေးသော အခွင့်အလမ်းများက အလွန်ကောင်းသဖြင့် ကျောင်းထုတ်ခံရမည်စိုး၍ တော်တော်များများသည် သည်းခံကြသဖြင့် ကျောင်းတွင် ရန်ပွဲဖြစ်ခဲလေသည်။
စန်း၀မ် : " ကျွန်တော် ရန်ဖြစ်နေတာ မဟုတ်ဘူး ကျွန်တော်က အိပ်နေတာ "
" တစ်ခြားအိပ်ရာတွေက သန့်ရှင်းရေးမလုပ်ရသေးဘူး ဒါကြောင့် ငါမအိပ်နိုင်ဘူး " ထိုကောင်လေးက စန်း၀မ်ကို အလွတ်မပေးချေ ။
စန်း၀မ်လည်း အိပ်ချင်နေသဖြင့် ဆက်မငြင်းဘဲ အပေါ်ထပ်ရှိအိပ်ရာကို လှမ်းကြည့်လိုက်သည်။ သန့်သန့်ရှင်းရှင်းရှိသဖြင့် သူ့ပစ္စည်းများကိုသာ ယူလိုက်တော့သည်။
သို့သော်လည်း အပေါ်တက်ရန် လှေကားမှမရှိတာ ၊ ဘယ်လိုတက်ရမှာလဲ ။
ဘေးအိပ်စင်အပေါ်ထပ်ရှိ ဖူကျန်းယွမ်က အိပ်ရာဘေးဘက်ရှိ သံချောင်းနှစ်ချောင်းကနေတက်ဖို့ ပြောမည်အလုပ်တွင် စန်း၀မ်သည် အိပ်စင်အပေါ်တန်းကို လက်နှစ်ဖက်ဖြင့် ခိုလိုက်ပြီး ကျွမ်းလှိမ့်ကာ အပေါ်သို့ခုန်တက်လိုက်လေသည်။
ကျန်သုံးယောက် : " ....... " ဒ်ီကလေးက ပိန်ပေမယ့် တော်တော် သန်တာပဲ ။
စန်း၀မ်က အပေါ်သို့ရောက်သွားမှသာ အောက်ရှိ ၀မ်ဖူပြောင်အား ငုံ့၍ပြုံးပြလေသည် ။
" အောက်က အစ်ကိုကြီး ကျွန်တော့်အမေက ပြောလိုက်တယ် ပထမဆုံးနေ့မှာ တစ်ခြားလူတွေက်ို ကောင်းကောင်းဆက်ဆံပေးတဲ့ ဒါကြောင့် ဒီနေ့တော့ ကောင်းကောင်းလွှတ်ပေးလိုက်မယ် ဒါပေမယ့် နောက်ဆိုရင် ကျွန်တော့်ကို အော်ဖို့တောင် စိတ်မကူးနဲ့ ကျွန်တော်က ငယ်သေးပါတယ်ဆိုပြီး အနိုင်ကျင့်မယ်လို့ စဥ်းတောင်မစဥ်းစားနဲ့ အနိုင်ကျင့်တာကို ငြိမ်ခံနေမယ့် အရွယ်မဟုတ်တော့တာ ကြာလှပြီ "
၀မ်ဖူပြောင်က အောက်မှနေ လက်သီးဆုပ်၍ ထိုးမှာနော်ဟူသော ပုံစံဖြင့် ခြိမ်းခြောက်သည်။
စန်း၀မ်က မကြောက်ပေ။ " ဟေး ဒါနဲ့လေ ကျွန်တော့်အစ်ကိုကြီးပြောတာတော့ ကျွန်တော်က အအိပ်ကြမ်းတယ်တဲ့ မှန်လားမမှန်လားတော့မသိပေမယ့် အစ်ကိုကြီးက လိမ်မှာမဟုတ်တာ သေချာတယ် "
ပြောပြီးနောက်တွင် စန်း၀မ်က အိပ်ရန်လှဲလိုက်လေသည်။
ဘေးဘက်ရှ်ိ ဖူကျန်းယွမ်က သူ့ကိုကြည့်နေသဖြင့် စန်း၀မ် ပြုံးပြလိုက်သည်။
" ကျွန်တော့်အစ်မက အပြင်ထွက်ရင် ပြဿနာမရှာနဲ့လို့ပြောလိုက်ပေမယ့် ကျွန်တော် မေးချင်သေးတယ် ဒါက ..." ဟုဆိုကာ မီးလုံးကို ညွှန်ပြရင်း " ဘာလို့လဲ မပိတ်ကြဘူးလား အပေါ်ထပ်မှာအိပ်တော့ အလင်းက စူးလွန်းနေတယ် "
ဖူကျန်းယွမ်က ခလုတ်ကိုပိတ်ပေးလိုက်သောအခါ တစ်ခန်းလုံးအမှောင်ကျသွားလေ၏။
Xxxxxxx