Part 685
ဘေးဘက်ရှ်ိ ဖူကျန်းယွမ်က သူ့ကိုကြည့်နေသဖြင့် စန်း၀မ် ပြုံးပြလိုက်သည်။ " ကျွန်တော့်အစ်မက အပြင်ထွက်ရင် ပြဿနာမရှာနဲ့လို့ပြောလိုက်ပေမယ့် ကျွန်တော် မေးချင်သေးတယ် ဒါက ..." ဟုဆိုကာ မီးလုံးကို ညွှန်ပြရင်း " ဘာလို့လဲ မပိတ်ကြဘူးလား အပေါ်ထပ်မှာအိပ်တော့ အလင်းက စူးလွန်းနေတယ် "
ဖူကျန်းယွမ်က ခလုတ်ကိုပိတ်ပေးလိုက်သောအခါ တစ်ခန်းလုံးအမှောင်ကျသွားလေ၏။
ထိုအခါမှ စန်း၀မ်က သက်ပြင်းချသွားလေသည်။ " အိမ်မှာဆိုရင် ကျွန်တော့်ညီလေးက သီချင်းဆိုပေးနေကြ ၊ ဒုတိယအစ်ကိုဆိုရင် .... "
" ပါးစပ်ပိတ်ထားစမ်းပါ "
အောက်ထပ်ရှိ ၀မ်ဖူပြောင်က သည်းမခံနိုင်တော့ပေ ။ မင်းအစ်ကိုတွေ အစ်မတွေအကြောင်းကို ဘယ်သူက သိချင်နေလို့လဲ ။
စန်း၀မ်က ၀မ်ဖူပြောင်ကို ပြန်ကြည့်လိုက်သော်လည်း မှောင်နေ၍ သေချာမမြင်ရပေ ။
" အစ်ကိုကြီးရဲ့အဖေက ယဥ်ကျေးရမယ်လို့ မသင်ထားဘူးလား မကျေနပ်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောလေ သတ္တိမရှိဘဲ ငကြောက်လိုလုပ်မနေနဲ့ "
အိပ်နေရင်းဖြင့်လည်း စန်း၀မ်က ပုံတူလေးများကိုထုတ်၍ တိုးတိုး တိုးတိုးပြောနေပြန်လေသည်။
စန်း၀မ်က သူ တိုးတိုးလေးပြောနေတာဟု ထင်သော်လည်း ဘေးစင်ရှိ ဖူကျန်းယွမ်က ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။
ဖူကျန်းယွမ် : ဆိုတော့ မိသားစုက ဘယ်နှစ်ယောက်တောင် ရှိတာလဲ ။
စန်း၀မ်က ညလယ်အထိ အိပ်မောကျနေပြီး အိပ်မက်များကလည်း အတော်လေး စိတ်၀င်စားစရာများ ဖြစ်လေသည်။ ရေကူးလိုက် ၊ ပုစဥ်းရင်ကွဲဖမ်းလိုက် ၊ နံရံတွေတက်လိုက် ၊ အိမ်တွေပေါ် ခုန်တက်လိုက်ဖြင့် အတော်လေး တက်တက်ကြွကြွဖြစ်နေလေသည်။
(" ငန်းကင်ကြီး ထွက်မပြေးနဲ့လေ " စန်း၀မ် အိပ်မက်ထဲ၌ မြစ်ကမ်းနံဘေးတွင် ငန်းဖြူကြီးကိုတွေ့၍ ဖမ်းပြီးကင်နေခဲ့တာဖြစ်သည်။
ငန်းကြီးအား အဆီများတစ်၀င်း၀င်းပြန်နေအောင် ကင်ထားပြီး အနံ့လေးလည်း မွှေးလာသည့်အခါကြမှ စားမည်ဟုပြင်နေစဥ်တွင် ငန်းကြီးက ထွက်ပြေးသွားလေ၏။
" အစ်ကိုကြီး အား၀မ် တံခါးပိတ်လိုက်ကြ ရှောင်၀မ်နဲ့ မမက ပြတင်းပေါက်တွေကိုပိတ်လိုက်ဦး မားမား ဓားကို မြန်မြန်ယူခဲ့ "
" အား မပြေးနဲ့လေ "
ဟန်ချင်စုန့် ပြန်လာချိန်နှင့်တိုက်ဆိုင်သွားပြီး တံခါးကိုဖွင့်လိုက်သည့်အချိန်ဖြစ်သွား၍ ငန်းကြီးသည် ပျံထွက်သွားတော့မည်ဖြစ်သဖြင့် စန်း၀မ် ခုန်ဖမ်းလိုက်သည်။
" အား " ငန်းကြီး၏ ခြေထောက်ကိုပဲ ဖမ်းမိလိုက်သဖြင့် လေထဲ၌ တန်းလန်းကြီးဖြစ်သွားကာ စန်း၀မ် ခြေထောက်နှစ်ချောင်းကို ယက်ကန်ယက်ကန် လုပ်နေမိသည်။) *အိပ်မက်မက်နေတာနော် *
" မင်း ဘာလုပ်တာလဲ အား ... "
အိပ်စင်အောက်ထပ်ရှ်ိ ၀မ်ဖူပြောင်မှာ လန့်နိုးသွားလေ၏။ ထထိုင်လိုက်သည့်အခါတွင် စန်း၀မ်က သူ့အိပ်မက်ထဲကအတိုင်း တန်းလန်းကြီးဖြစ်နေသည်ကို မြင်လိုက်ရလေသည်။ အပြင်တွင်မူ အိပ်စင်၏ တန်းကိုကိုင်ထားပြီး ခြေထောက်နှစ်ချောင်းက ကန်နေတာဖြစ်ပေသည်။
ထို့ကြောင့် ၀မ်ဖူပြောင်ကို ကန်မိနေလေ၏။
" မင်းမေပဲ ဘာလုပ်နေတာလဲ " ၀မ်ဖူပြောင်က အလွန်စိတ်ဆ်ိုးသွားသည်။
စန်း၀မ်က ကန်ပြန်လေ၏။ ၀မ်ဖူပြောင်အား နံရံကိုကန်နေသကဲ့သို့ကို အားရပါးရကန်နေတာ ဖြစ်ပေသည်။
ကျန်သုံးယောက်သည်လည်း နိုးလာကြပြီး ဘာတွေဖြစ်နေတာလဲဟု မေးကြလေသည်။
ဖူကျန်းယွမ် မီးခလုတ်ကိုပြန်ဖွင့်လိုက်သည့်အခါတွင် အားလုံး အံ့အားသင့်သွားကြလေသည်။
စန်း၀မ်က အပေါ်ထပ်တွင် လက်တစ်ဖက်ပေါ်၌ခေါင်းကိုလှဲထားကာ ကျန်တစ်ဖက်က တန်းကိုကိုင်ထားပြီး တန်းလန်းကြီးဖြစ်နေလေသည်။ ဘယ်ဘက်ခြေထောက်က အိပ်စင်၏တိုင်ကိုထိနေပြီး ကျန်ခြေထောက်ကို လွှဲနေလေသည်။
သို့သော်လည်း လူက အိပ်နေဆဲပင်ဖြစ်သည်။
ဘယ်လ်ိုအရည်အချင်းကြီးလဲဟ ။
" ကောင်စုတ်လေး " ၀မ်ဖူပြောင်က ခေါင်းကိုပါ အကန်ခံလိုက်ရ၍ အတော်လေး ဒေါသထွက်နေလေ၏။
ဖူကျန်းယွမ် : " အိပ်ရာတွေအများကြီးပဲလေ တစ်ခုလောက် ကိုယ့်ဘာသာသန့်ရှင်းရေးလုပ်ပြီး သွားအိပ်လိုက်ပါလား "
ကျန်နှစ်ယောက်သည် ယောင်ကွမ်းဟုန်နှင့် လီ၀မ်တုန်းဟုခေါ်ကြပြီး ဖူကျန်းယွမ်နှင့် တစ်ချိန်တည်းရောက်လာကြသူများ ဖြစ်လေသည်။ ဖူကျန်းယွမ်က တည်တည်ငြိမ်ငြိမ်ရှိသဖြင့် ထိုနှစ်ယောက်သည် ဖူကျန်းယွမ်အား ခေါင်းဆောင်တစ်ယောက်လို သဘောထားကြတာဖြစ်သည်။
လူငယ်များက နောက်ခံရှိပြီး အင်အားကြီးသူများကိုသာ ပို၍မှီခိုတတ်ကြတာ ထုံးစံပဲ မဟုတ်ပါလား။
ထိုနှစ်ယောက်ကလည်း ၀င်ပြောလေသည်။
" ဟုတ်သားပဲ နောက်မှလာပြီး နေရာလုနေတာ မဟုတ်သေးဘူးလေ "
အများနှင့် တစ်ယောက်ဖြစ်နေ၍ ၀မ်ဖူပြောင်က ပြန်မပြောရဲဘဲ စန်း၀မ်ကလည်း ဆက်ကန်နေမည်စိုး၍ နေရာပြောင်းသွားလေသည်။
၄င်းအပြင် အောက်ထပ်ရှိ အိပ်ရာခင်းများက ပေါက်ပြဲနေသဖြင့် မနက်ဖြန်မှသာ ထိုကိစ္စကို ပြောနိုင်မည်ဖြစ်သည်။
ဖူကျန်းယွမ် စန်း၀မ်ကိုကြည့်၍ ဒီကလေးက တော်သားပဲဟု တွေးနေလေသည်။ သူက စန်း၀မ်က နိုးနေပြီး တမင်လုပ်နေတာဟု ထင်နေတာဖြစ်ပေသည်။
တကယ်တမ်းတွင်မူ စန်း၀မ်က လုံး၀နိုးမနေပေ ။ အိပ်မက်ထဲတွင်ရှိနေဆဲဖြစ်ပြီး ငန်းကိုဖမ်း၍ မိသားစုနှင့်အတူ ပျော်ပျော်ကြီးစားနေတာဖြစ်လေ၏။
(" စန်း၀မ်က တော်လိုက်တာ စွန်လိုပျံနေတဲ့ ငန်းကိုတောင် ဖမ်းလာနိုင်တယ် "
စန်း၀မ်က ဆီများပေပွနေသောနှုတ်ခမ်းဖြင့်ပင် ပြုံးပြလိုက်လေသည်။ အပြင်တွင်မူ စန်း၀မ်က " မွှေးလိုက်တာ " ဟုယောင်လိုက်ပြီး အိပ်ရာထက်သို့ ပြန်တက်သွားလေသည်။)
ကျန်လေးယောက်သည် အိပ်မက်ယောင်ရင်း အိပ်ရာထက်သို့ အလွယ်လေးပြန်တက်သွားသော စန်း၀မ်ကိုကြည့်ပြီး အံ့သြနေကြလေသည်။
ကျန်လူများ : " ! "
၀မ်ဖူပြောင် : .... ဒီကောင်စုတ်လေးကတော့ ၊ ငါ့ကို တမင်လုပ်နေတာပဲနေမှာ ။
•••
လင်းလန်က သုံးရက်လည်းစောင့်မနေဘဲ စန်း၀မ်မှ အိမ်ကိုလွမ်းနေမည်စိုး၍ နောက်နေ့တွင် ချက်ချင်း ဟန်ချင်စုန့်အား စာသွားပို့ခိုင်းလေသည်။
စာပို့ခြင်းက အကုန်အကျမနည်းသော်လည်း တစ်နယ်တည်းဖြစ်နေသဖြင့် သိပ်၍မကျလိုက်ပေ ။ ယခုတွင် ဟန်မိသားစုသည် ဆပ်ပြာ၀ယ်ရန် ပိုက်ဆံစုရမည့်အစား တံဆိပ်ခေါင်း၀ယ်ရန်ကိုသာ ပိုက်ဆံစုနေကြလေသည်။
သုံးရက်ကြာပြီးနောက်တွင် ဒုတိယစာကိုပို့လိုက်ကြပြန်လေသည်။
ဟန်ချင်စုန့်က စစ်ဆေးရာတွင် တစ်၀က်တစ်ပြတ် ဘယ်သောအခါမှ မထားခဲ့ပေ ။ ထို့ကြောင့် နှစ်ရက်ကြာပြီးသည့်အခါတွင် ဖန်းပိရှန်း၏အပြစ်များကို အရေးယူနိုင်သွားလေသည်။ ဖန်းပိရှန်းသည် ညွှန်မှုးယန်၏မိန်းမမိသားစုဘက်မှ မွေးစားသားတစ်ယောက်ဖြစ်လေသည်။ သူမတို့ မိသားစု၌ သားမရှိသောကြောင့် ရုပ်ဆိုးလျှင်တောင် ဖြေသာပါသည်ဟုဆိုကာ မွေးစားထားခြင်း ဖြစ်သည်
ထို့ကြောင့် အလိုလိုက်ခံရကာ ကြီးပြင်းလာတာဖြစ်၍ ယခုကဲ့သို့လူမျိုး ဖြစ်လာတာပင် ဖြစ်ချေ၏။
သာမန်ကလေးတစ်ယောက်သာဆိုပါက ရွာနံဘေး၌ ပုရစ်ဖမ်းလိုက် ငှက်ပစ်လိုက်ဖြင့် ပျော်ပါးနေခဲ့မည်ဖြစ်သော်လည်း ငွေကြေးအာဏာများပါလာသည့်အခါတွင် လုံး၀အခြားလူတစ်ယောက်နှယ် ပြောင်းလဲသွားတက်လေသည်။ အပြစ်လုပ်ခြင်းလည်း ပိုများလာတက်ပြီး အပြစ်ပေးခံရခြင်းကလည်း ပို၍များပြားလာတတ်ပေသည်။
ဖန်းပိရှန်းက ရာထူးမှထုတ်ခံလိုက်ရပြိိး မိသားစုအကြောင်းများပါပေါ်လာသည့်အပြင် ယခင်က ပြစ်မှုများကိုပါ သိသွားကြ၍ ကဲ့ရဲ့အပြစ်တင်ခံနေရလေ၏။
ဘယ်တပ်မဟာတွေကို ခြိမ်းခြောက်ခဲ့သည် ၊ ဘယ်ရွာက မိန်းမပျိုလေးများကို ရမ်းကားခဲ့သည် ၊ ဘယ်လောက်လာဘ်စားခဲ့သည် ၊ ဘယ်လို အနောက်တံခါးက၀င်ခဲ့သည် အစရှိသဖြင့် ပြော၍ပင် မကုန်နိုင်ပေ ။
သို့သော်လည်း စန်း၀မ်ထံသို့ ရေးသည့်စာတွင် ထိုမျှထိ အသေးစိတ်ရေးမပေးလိုက်ပေ ။ ရုပ်ဆိုးကောင်တွေ အပြစ်ပေးခံလိုက်ရပြီဟုပဲ ရေးထားကာ ကျန်သည်ကမူ သူမတို့မိသားစုအကြောင်းသာ ဖြစ်လေသည်။
ဖန်းပိရှန်း အလုပ်ပြုတ်သွားသည့်အခါတွင် ရှန်ရွေ့ရွာမှအဖွဲ့သည် ပျော်ရွှင်နေကြလေသည်။ သို့ဖြစ်၍ ညွှန်မှုးယန်က ကြံရာမရဖြစ်နေပြီး အကပ်ကောင်းကောင်းကို လိုက်ရှာနေလေ၏။
အဆုံးတွင် တော်လှန်ရေးကော်မတီသည် ညွှန်မှုးယန်အား လက်ထောက်ညွှန်မှုးအဖြစ် ရာထူးချလိုက်၍ ရှန်ရွေ့ရွာရှိ ညွှန်မှုးရာထူးသည် ခေတ္တလွတ်နေလေ၏။
Xxxxx
Part 686
လင်းလန်တို့ စာသုံးစောင်ပို့ပြီး လ၀က်အကြာတွင် စန်း၀မ်ထံမှ ပထမဆုံးစာကို ပြန်ရလိုက်ကြသည်။
စာကို ပြည်သူ့လုံခြုံရေးဗျုရိုထံသို့ ပို့လိုက်တာဖြစ်၍ ဟန်ချင်စုန့်က အလုပ်ပြန်သည့်အခါတွင် တစ်ခါတည်းယူလာလေသည်။ စာပို့သမားပို့ပေးမည်ကိုစောင့်ပါက နောက်နေ့မှရမှာဖြစ်သည်။
စာတွေ တစ်ထပ်ကြီးပဲ ။
စာရသည့်အခါတွင် လင်းလန်က ပျော်သွားလေသည်။
" တွေ့လား စန်း၀မ်က မားမားတို့ကို လွမ်းနေတာနေမှာ စာတွေရေးလိုက်တာက တစ်ထပ်ကြီးပဲ သူလည်း ရေးနိုင်သလောက် ရေးလိုက်မှတော့ မားမားတို့လည်း နောက်ကြရင် အများကြီး ပြန်ရေးပေးရမယ် "
ဟန်ချင်စုန့်နှင့် တ၀မ်သည်ပင် ပျော်နေကြလေ၏။ " မားမား မြန်မြန်ဖွင့်လိုက်လေ ဖတ်ကြည့်ရအောင် "
ညစာစားပွဲ၌ ၀ိုင်းထိုင်လိုက်ကြပြီး လင်းလန် စာအိတ်ကိုဖွင့်၍ စာများကို ထုတ်လိုက်သည်။ စာရွက်တစ်ထပ်ကြီး ထွက်လာလေသည်။
စာထဲတွင် ရေးထားသည်က ဤသို့ဖြစ်ပေသည် : အဖေ ၊ မားမား ၊ အစ်ကိုကြီး ၊ အား၀မ် ၊ မိုင်ဆွေ့ ၊ ရှောင်၀မ် ၊ ၀မ်၀မ် ၊ ရှောင်ပိုင် နေကောင်းကြလား ၊ သား အကုန်လုံးကို လွမ်းနေတာ ၊ အဖေ့ကို ချစ်တယ် ၊ မားမားကိုချစ်တယ် ....
မှအစချီလိုက်ပြီး အယောက်စေ့ကို ချစ်တယ်ဟု ရေးထားလေသည်။ စာလုံးများက အလွန်ကြီးသဖြင့် စာရွက်များတစ်ထပ်ကြီးဖြစ်နေခြင်း ဖြစ်ပေသည်။
ထို့နောက်တွင် အဆောင်၏ပုံကို ဆွဲထားသော စာရွက်ပါလေသည်။ လေးထောင့်လေး လေးခုပါပြီး အထဲ၌ အသေးစားလေးထောင့်လေး ရှစ်ခုထပ်ပါလေသည်။ ပြီးနောက် ကျောင်းပုံဖြစ်ကာ လေးထောင့်ကြီး၊ လေးထောင့်သေးသေးလေး ၊ စက်၀ိုင်းကြီး ၊ စက်၀ိုင်းသေး အစရှိသဖြင့် အများကြီး၌ပဲ ဆွဲထားလေသည်။
လင်းလန် : ကြည့်ရုံနဲ့ မူးလာပြိိ ။
နောက်ဆုံးတွင်မူ စန်း၀မ်ရေးထားသော စာများပါလာလေသည် : အား၀မ် ဘာတွေမေးထားတာလဲ ။ အဖေနဲ့ အစ်ကိုကြီးကရော သားဆီ ဘာလို့စာမရေးတာလဲ ။
နိဂုံးချုပ် : သား စာအရှည်ကြီးဖတ်လိုက်ရပေမယ့် မားမားတို့ ဘာတွေစားကြလဲဆိုတာကြတော့ မပါဘူး ။
လင်းလန် : အစားပုတ်ကောင်လေး ။ ငါတို့ကတော့ ဖြစ်ပျက်နေသမျှကို ရေးပေးလိုက်ရတာ ။ သူ ဘယ်လိုတွေစားပြီး ဘယ်လိုနေနေရတယ် ၊ ဘယ်လိုအိပ်နေရတယ် ဆိုတာလည်း တစ်လုံးမှမပါဘူး ။ လေ့ကျင့်ရေးဆင်းရတာက ဘယ်လိုဖြစ်တယ် ၊ အတန်းတွေက ဘယ်လိုရှိတယ်ဆိုတာတွေလည်း မပါဘူး ။ နေဦး ၊ မဟုတ်သေးဘူး ။ သူ့အကြောင်းဆို ဘာမှကို မရေးထားတာပဲ ။
ဒီကောင်စုတ်လေးကတော့ ။
တကယ် ရိုက်ပစ်ချင်နေပြီ ။
သားဖြစ်သူထံသို့စာရေးခြင်းအပြင် လင်းလန် ချူယွင်ဖုန်းထံသို့ပါ စာရေးဖြစ်သည်။ အများအားဖြင့် စန်း၀မ်၏ အခြေအနေနှင့် ပြဿနာရှာလား လိမ်လိမ်မာမာနေရဲ့လား အစရှိသည်များကို မေးမြန်းတာ ဖြစ်ပေသည်။
ချူယွင်ဖုန်းက လျင်လျင်မြန်မြန်ပဲ စာပြန်ကာ စန်း၀မ်၏ အချိန်ဇယားနှင့် လေ့ကျင့်ရေးဆင်းချိန်များကို ပြောပြလေသည်။ မနက်ခင်း၌ လေ့ကျင့်ရေးဆင်းကြရပြီး နေ့လယ်ခင်းတွင်မူ ကျောင်းသင်ခန်းစာများကို သင်နေရပြီး အတော်လေး လိမ်လိမ်မာမာရှိသည်ဟုဆိုသည်။ ညနေခင်းတွင် အတန်းသားများရင်းနှီးစေရန် လှုပ်ရှားမှုလုပ်ရခြင်းများလည်း ရှိသည်ဟု ဆိုသည်။
စာထဲ၌ ချူယွင်ဖုန်းသည် ချီးမွမ်းစကားများကို ဖောဖောသီသီရေးထားသဖြင့် လင်းလန် ဖတ်ရင်း မျက်နှာပူလာမိသည်။ မသိရင် သူ့သားလို့ ထင်ကုန်ကြတော့မှာပဲ ။
မည်သို့ပင်ဆိုစေ အားလုံးအဆင်ပြေသည်ဟု သိလိုက်ရသဖြင့် လင်းလန် စိတ်အေးသွားမိသည်။
စန်း၀မ်အား စာရေးရာတွင် အတန်းဖော်များအကြောင်း ၊ ကျောင်းတက်ရခြင်းနှင့် လေ့ကျင့်ရေးများအကြောင်းကိုသာမက အပြင်ထွက်လည်ခြင်း ရှိမရှိများကိုပါ လင်းလန်က ထည့်ရေးခိုင်းလိုက်တာဖြစ်ပေသည်။
ထိုသည်က အခြေခံအကျဆုံး အကြောင်းအရာများဖြစ်သော်လည်း ထိုကလေးကမူ ယင်းအကြောင်းအရာများအားလုံးမှလွဲ၍ အကုန်ရေးပေးလေသည်။
လင်းလန်က စာသေချာလိုက်မလုပ်မည်စိုး၍ အိမ်သို့ စာရေးခိုင်းခြင်းကနေ စာနည်းနည်းလောက် ပိုကြည့်ဖြစ်သွားမလားလို့ ကြံစည်လိုက်တာဖြစ်သည်။
စန်း၀မ်က သူမတို့၏ စာများကိုလည်း တောင်းဆိုချက်များဖြင့် စာပြန်ရေးလိုက်လေသည်။ စာရေးရာ၌ ဘာတွေစားကာ ဘာတွေသောက်သည်နှင့် ဘာတွေလုပ်နေကြသည်များကို ထည့်ရေးခိုင်းလေ၏။
" ဗဟုသုတ " ရအောင်ဟုဆို၍ ထိုစကားလုံးအား အခြားသူများထံမှ သင်ထားတာဖြစ်ရမည်ဟု လင်းလန် သိလိုက်သည်။
စန်း၀မ်က မိသားစုထံ စာများကို မကြာခဏပို့ပေးလေသည်။ ပထမဆုံးစာကို လ၀က်အကြာတွင် ရခဲ့ပြီး ဒုတိယစာအား နှစ်ရက်သုံးရက်အကြာတွင် ထပ်ရလိုက်သည်။ မိသားစု၀င်များ ဘာတွေတွေ့ကြုံခဲ့သည်ကို မေးထားတာဖြစ်ပေသည်။
တတိယစာသည်လည်း ဘယ်နှစ်ရက်မှ မကြာဘဲ ရောက်လာပြန်လေသည်။ သို့ဖြစ်၍ ထိုကလေးက သူ့ပုံသဏ္ဍန်အမှန်များကို ထုတ်ပြလာတော့သည်။
စာ၏အရှေ့၌ ယခင်လိုပင် မိသားစု၀င်များနှင့် ရှန်ယွီအား နှုတ်ဆက်ထားပြီး ချစ်တယ်ဟု တွင်တွင်ရေးထားလေသည်။ ထို့နောက်ပိုင်းတွင်တော့ တောင်းဆိုချက်များ ဖြစ်ပေသည််။
တတိယစာ၌ ချစ်ကြောင်းရေးပြီးနောက်တွင် လက်ရေးလက်သားကလည်း ပြောင်းသွားလေ၏။
စာလုံးများက ကောင်းကောင်းမွန်မွန် ဖြစ်နေပြီး သူ့ရဲ့တစ်နေ့တာ လုပ်ငန်းစဥ်များကို ရေးထားလေသည်။
" လေ့ကျင့်တာက လေ့ကျင့်တာပါပဲ ၊ ဘာမှ ပြောစရာသိပ်မရှိပါဘူး အပြေးလေ့ကျင့်ရတယ် ၊ ဖျာပေါ်မှာလှဲပြိိး ယက်ကန်ယက်ကန်လည်း လုပ်နေရသေးတယ် ။
ဂျုံဖြူပေါက်စီကလည်း စားလို့ကောင်းတယ် သား တစ်ခါတည်းနဲ့ သုံးလုံးတောင် စားပစ်လိုက်တာ ၊ ပထမနှစ်ခေါက်တုန်းက သိမ်းထားပြီး အိမ်ပြန်ယူလာဦးမလို့ပဲ ဒါပေမယ့် သိုးသွားလိမ့်မယ်လို့ ပြောတာနဲ့ ညဘက်ထပြီး စားပစ်လိုက်ရတယ် အိပ်လို့မပျော်ရင်တော့ လေ့ကျင့်ခန်းလုပ်နေဖြစ်တယ် ။
အကြော်ဟင်းတွေကလည်း အသားတွေအများကြီးနဲ့ ဆီတွေလည်း ရွှဲနေတာပဲ ... မကောင်းတာက အဆီမပါတဲ့ အသားတွေချည်းဖြစ်နေတာပဲ ...အဲ့တော့ စားရတာ သိပ်တော့မကောင်းဘူး ။
အိပ်တာလား ။ ဘာမှထွေထွေထူးထူး မရှိပါဘူး ။ ဪ ဒါနဲ့ အဆောင်မှာ တစ်ယောက်ရဲ့ ခြေထောက်ကထွက်တဲ့အနံ့တွေကြောင့် မူးနေတာပဲ ။ ဒါကြောင့် သားတို့သူ့ကို အတင်းအကြပ် ခြေထောက်ဆေးခိုင်းရတော့တာပဲ။ သူ့ကို ခြေထောက်မဆေးရင် မအိပ်ရဘူးလို့ ပြောထားတယ် ။
အတန်းတွေလား ။ အတန်းကလည်း ဒီလိုပါပဲ ။ သား သေချာ လိုက်နားထောင်နေတယ် ။
အပြင်ထွက်လည်တာလား ။ မလည်ဖြစ်သေးဘူး ၊ သားမှာ အချိန်မရသေးလို့ ။ ဆရာတွေဆီက ခွင့်ပြုချက်ယူပြီးမှ သွားလို့ရတာ ။ မဟုတ်ရင် လျှောက်သွားနေမှာစိုးလို့ ခွင့်မပြုဘူး ။
အတန်းဖော်ကလား ။ ငါးယောက်ရှိတယ် ၊ ဒါပေမယ့် သားက အချောဆုံးပဲ ။ "
လက်ရေးလက်သားက စန်း၀မ်နှင့် မတူသော်လည်း လေသံကတော့ သူ့လေသံပင်ဖြစ်လေသည်။ ကြည့်ရတာ စာရေးပေးမယ့်သူ ရှိနေပြိိ ထင်သည်။
စန်း၀မ်က စောင့်ကြည့်မည့်သူမရှိ၍ ကျောင်းသင်ခန်းစာများကို သေချာလိုက်နားထောင်မည်မဟုတ်သည်ကို လင်းလန် သိသည်။ သူမ စာရေးခိုင်းရခြင်း ရည်ရွယ်ချက်မှာ အလေ့အကျင့်ရှိစေရန် ဖြစ်သော်လည်း ထိုကောင်လေးက အခြားတစ်ယောက်ကို ရေးခိုင်းသည်တဲ့လေ။
အတန်းဖော်တွေကလည်း ကြင်ကြင်နာနာနဲ့ သူ့ကို ကူရေးပေးနေတယ်တဲ့...
Xxxxxxx