အပိုင်း (၇၃)
Viewers 12k

Part 73

.

ထန်မိသားစု၏ ကိစ္စကရှုပ်ထွေးပြီး ပြဇာတ်ဆန်လှသည်။ သာမန်လူများ ကြုံဖူးကြလိမ့်မည်မဟုတ်ပေ။


ထန်ထန်က ထန်မိသားစု၏ တစ်ဦးတည်းသော သမီးအရင်းဖြစ်ပြီး ထန်မိကတော့ သမီးအရင်းမဟုတ်ပေ။ ထန်မိက အမေထန်နှင့် အဖေထန်တို့နှင့် လုံးဝသွေးမတော် သားမစပ်ပေ။


လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က ထန်အမေက ကိုယ်ဝန်ကြီးဖြင့် ယွမ်စီရင်စုထံ သွားလည်ချင်ခဲ့သည်။ အဖေထန်က ရွေးချယ်ခွင့်မရှိဘဲ သူမကို လိုက်ပို့ပေးခဲ့ရပြီး မထင်မှတ်ထားသည်များဖြစ်ပေါ်လာသည်။ အမေထန်က ရုတ်တရက်ရေမြွှာပေါက်လာပြီး နီးစပ်ရာဆေးရုံကို အမြန်ဆုံးပြေးခဲ့ရသည်။ ထိုနေရာတွင် ထန်မိ၏ အမေအရင်းကလည်း မီးဖွားနေခဲ့သည်။ တိုက်ဆိုင်စွာဖြင့် ကလေးမလေးနှစ်ယောက်က တစ်ချိန်တည်း တစ်နေရာတည်းတွင် မွေးဖွားခဲ့ကြသည်။


ထန်မိ၏ အမေအရင်းက အဖေထန်နှင့် အမေထန်တို့ ချမ်းသာသည်ကိုတွေ့၍ သူမ၏သမီးချမ်းသာသည့် မိသားစုတွင် သက်တောင့်သက်သာနေခွင့်ရစေရန် ကလေးချင်းလဲပစ်ခဲ့ပြီး ထန်မိသားစု၏ သမီးအရင်းကို သူမ၏ ဆင်းရဲသော မိသားစုသို့ ပြန်ခေါ်လာခဲ့သည်။


ဤသို့ဖြင့် သူဌေးသမီးအစစ်က ဆင်းရဲတွင်းထဲတွင် နာကျင်ခံစားနေရချိန်၌ ထိုဆင်းရဲတွင်း၌ နေထိုင်ရမည့်သူက မင်းသမီးတစ်ပါးနှယ် နေနေရလေသည်။


သို့သော် ဆယ့်ရှစ်နှစ်အကြာတွင် ထန်ထန်က ထန်မိသားစုတည်ရှိရာ မြို့တော်တွင် တက္ကသိုလ်ကောင်းတစ်ခုကို တက်ခွင့်ရခဲ့လေသည်။ ၎င်းက ထန်မိ၏ မိဘအရင်းများကို ထိတ်လန့်သွားစေသည်။ ထန်ထန် သူတို့သမီးအရင်းလေး၏ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်ခဲ့ကြလေသည်။ သူတို့ ထန်ထန်ကို တက္ကသိုသ်သို့ မလွှတ်ရန်အစီအစဉ်ဆွဲနေကြချိန်တွင် တိုက်ဆိုင်စွာဖြင့် အိမ်သာသွားရန် ထလာသော ထန်ထန်က ကြားသွားခဲ့သည်။ ထိတ်လန့်သွားပြီးနောက်တွင် သူမ ဒေါသမီးတို့ တောက်လောင်လာခဲ့ကာ နောက်တစ်နေ့တွင် အိမ်မှထွက်ပြေးကာ သူမ၏ မိဘအရင်းများကိုရှာရန် ခရီးထွက်ခဲ့သည်။


ဤသို့ဖြင့် ကလေးလဲခြင်းခံထားရသော အမှန်တရားက ထွက်ပေါ်လာခဲ့သည်။


သို့သော် ကိစ္စများက မလွယ်ကူခဲ့ပေ။ ထန်မိက ထန်မိဘများထံမှ နှစ်နှစ်ဆယ်ကျော် ပျိုးထောင်ခြင်း ခံခဲ့ရသူဖြစ်သည်။ သူတို့က သူမကို ပုလဲလုံးလေးသဖွယ် ဆက်ဆံခဲ့က့သည်။ သူတို့၏ ဆက်နွယ်မှုကို ရုတ်တရက်ပေါ်လာခဲ့သော ထန်ထန်က မယှဉ်နိုင်ခဲ့ပေ။ ထန်ထန်က သူတို့သမီးအရင်းမှန်း သိကြသော်လည်း ထန်ထန်အပေါ် ချစ်ခင်စိတ်မရှိဘဲ ယဉ်ကျေးသမှုဖြင့်သာ ဆက်ဆံကြသည်။


ထန်မိကို ပြန်လွှတ်ပြီး ဆင်းရဲဒုက္ခများ မခံစားစေချင်၍ ထန်မိဘများက နှစ်ယောက်စလုံးကို ပျိုးထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ထန်မိ လှောင်ပြောင်ခံရမည်စိုး၍ ထန်ထန်ကိုသာ မွေးစားသမီးအဖြစ် ကြေငြာခဲ့ကြသည်။


၎င်းက ထန်ထန်အတွက် လုံးဝမတရားပေ။ အသက်ပြည့်ပြီးကာစတွင် သူ၏မိဘများကို လာရှာသော ကလေးတစ်ယောက်အတွက် နောက်ဆုံးတွင် သူမိဘများ၏ သူစိမ်းသာသာဆက်ဆံခံရမှုများက မခံမရပ်နိုင်အောင်ဖြစ်သွားစေခဲ့သည်။ နေ့တိုင်း သူမထံမှ အရာအားလုံးကို လုယူသွားခဲ့သော ကောင်မလေးက သူမ၏ မိဘအရင်းများထံမှ ချစ်ခင်အလိုလိုက်ခြင်း ခံနေရသည်ကိုကြည့်ခဲ့ရသည်။ ထိုကောင်မလေး နေ့တိုင်းအချစ်ခံရပြီး မင်းသမီးလေးတစ်ပါးနှယ် ပျော်ရွှင်စွာ နေနေရသည်ကို ကြည့်ပြီး ထန်ထန်၏ နှလုံးသားလေး နာကျင်နေရပြီး သူမ ပိုမိုတိတ်ဆိတ်လာတော့သည်။ ထို့အပြင် သူမကအပြုအမူကောင်းများကို သင်ကြားခဲ့ခြင်းမရှိသဖြင့် သူမ၏ အပြောအဆိုအနေအထိုင်များက ရိုင်းစိုင်းလှ၍အဖေထန်နှင့် အမေထန်တို့က သူမကို မနှစ်သက်ကြပေ။


သို့သော်၎င်းက အဆုံးသတ်မဟုတ်ပေ။ ပိုဤ ဒရာမာဆန်သည့်အရာမှာ ကောင်မလေးနှစ်ယောက်လုံးက ကောင်လေးတစ်ယောက်တည်းကို ပြိုင်တူ သဘောကျမိသွားခြင်းဖြစ်ပြီး ထိုကောင်လေးက ထန်မိကိုသာ သဘောကျနေခြင်းဖြစ်သည်။ သူက ထန်ထန်ကို ရွှံရှာစက်ဆုပ်ပြီး အထင်သေးလေသည်။ ၎င်းက ကုလားအုတ်တစ်ကောင်၏ နောက်ကျောကို ကျိုးသွားစေသော နောက်ဆုံးသော ဝန်ပိုတစ်ခု ဖြစ်သွားခဲ့သည်။ နဂိုကတည်းက မတည်ငြိမ်ပါသော စိတ်အခြေအနေရှိသည့် ထန်ထန်က လုံးဝ ပေါက်ကွဲသွားတော့သည်။ ထိုအချိန်က သူမက သူတို့၏ဆက်ဆံရေးကို အကြိမ်ပေါင်းများစွာ ခွာပြဲစေရန် လုပ်ခဲ့သည်။ သို့သော် သူမက အသေအချာလျှို့ဝှက်၍ မလုပ်မိခဲ့သဖြင့် စုံစမ်းခံရပြီးနောက် အရာတိုင်းက ပေါ်ထွက်လာခဲ့သည်။ အဖေထန်နှင့် အမေထန်တို့က သူမကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သော်လည်း အသုံးမဝင်ခဲ့သဖြင့် ဒေါသအလွန်ထွက်သွားကြသည်။


ထန်မိက ထိုအမျိုးသားနှင့် စေ့စပ်လိုက်သည့်နေ့တွင် ထန်ထန်က စိတ်လွတ်သွားပြီး သူ့ကို ဆေးခတ်လိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် တစ်စုံတစ်ခု ဖြစ်ခါနီးသွားသော်လည်း ထန်မိကလာရောက် တားဆီးခဲ့သည်။ ၎င်းကို တားဆီးလိုက်နိုင်သော်လည်း ထန်မိက အလွန်အမင်းနာကျင်သွားရပြီး ထန်မိသားစုက ထွက်သွားချင်ခဲ့သည်။ ၎င်းက အမေထန်နှင့် အဖေထန်တို့ကို ထန်ထန်အပေါ် လုံးဝမုန်းတီးသွားစေခဲ့သည်။ သူတို့ သူမကို ထန်မိသားစုမှ ကန်ထုတ်လိုက်ပြီး ထန်မိသားစုနှင့် သူမ လုံးဝမပတ်သတ်တော့ကြောင်း တရားဝင် ကြေငြာလိုက်သည်။


ဤသို့ဖြင့် ထန်ထန်က ထန်မိသားစုထံမှ တရားဝင်ထုတ်ပယ် ခံလိုက်ရသည်။


သူမ ဇာတ်လမ်းတစ်ခုလုံး နားထောင်ပြီးသွားသောအခါ ထန်ထန် ခဏမျှ ပြောစရာစကား ပျောက်ရှသွားရသည်။ သူမ နှဖူးပေါ်ရှိ ချွေးအေးများကိုသုတ်ရင်း ပြောလိုက်သည်။


"ဒါက ကျွန်မ TV မှာကြည့်ဖူးတဲ့ ဒရာမာတွေနဲ့ တူတာပဲ... ဒီလိုကိစ္စတွေ အပြင်မှာရှိနိုင်မယ်လို့ ဘယ်သူထင်မှာလဲ..."


ကျိယန် ပြုံးလိုက်ပြီး သူမနှဖူးလေးကို နမ်းလိုက်သည်။

.

"ဟုတ်ပါ့... အဲ့တာ ဒရာမာတစ်ခုလိုပဲ... အရမ်းကို ပြဇာတ်ဆန်ပေမဲ့ အပြင်မှာတကယ်ဖြစ်ခဲ့တာ..."


ထန်ထန် ထိုယောက်ျား၏ နာမည်ကို မှတ်မိသွားပြီး မေးလိုက်သည်။


"ရှင်ပြောတာ အဲ့ယောက်ျားနာမည်က ကျိရှစ်ယွဲ့လို့ ခေါ်တယ်ဆို... ကျွန်မ အဲ့နာမည်ကို အတော်လေး ကြားဖူးနေသလိုပဲ...."


ကျိယန် "အမ်း"ဟူသော လေသံလေးဖြင့် ပြန်ဖြေလိုက်သည်။


"ကျိရှစ်ယွဲ့ဆိုတာ ကိုယ့်ရဲ့ ဖအေတူမအေကွဲညီလေ... "


ကျိယန်ထိုလူများကို မကြိုက်ကြောင်း ထန်ထန်သိလေသည်။ ယနေ့လာခဲ့သော လူသုံးယောက်က သူ့မကို မပျော်ရွှင်စရာတစ်ခု အမှတ်ရသွားစေသည့်ပုံပင်။


သူမ သူမပျော်မရွှင်ဖြစ်သည်ကို မကြိုက်၍ စိတ်လှုပ်တရှား ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခု မည်သူမှ မရှိသည်ကို တွေ့လိုက်ရ၍ သူ၏ပါးပြင်ကို လှစ်ကနဲ အနမ်းပေးလိုက်သည်။ ထို့နောက် သူမမျက်နှာကို ရှက်ရွံ့တကြီး အုပ်ကိုင်ကာ သူ့ကို ရှက်ဝဲဝဲလေး နှစ်သိမ့်လိုက်သည်။


"ယောက်ျား စိတ်မကောင်းမဖြစ်နဲ့တော့နော်... အခုကစပြီး ရှောင်ကျိုးနဲ့ ကျွန်မက. ရှင့်ဘေးနားမှာ ရှိနေပေးမှာပါ...ကျန်တဲ့ ဘယ်သူမဆို အရေးမကြီးပါဘူး... ဟုတ်တယ်မလား..."


ကျိယန် သူမ၏ အနမ်းကြောင့် ပြုံးလိုက်မိသည်။ ယခု သူ့အတွက် အမှန်တကယ် အရေးအကြီးဆုံးသော လူများ ရှိနေပြီဖြစ်၍ အတိတ်ကဖြစ်ရပ်များက အရေးမကြီးတော့ပေ။ ယခု သူအခြားလူများ ဘာလုပ်နေနေ ဂရုမစိုက်တော့ချေ။


သူတို့ အတိတ်ကအကြောင်းများပြောနေ၍ ကျိယန်က သူ၏ အတိတ်အကြောင်းကိုပါ တစ်လက်စတည်း ရှင်းပြလိုက်သည်။


"ကိုယ်နဲ့ အဘိုးကြား ဘာတွေဖြစ်ခဲ့လဲရော မသိချင်ဘူးလား... အမှန်အတိုင်းပြောရရင် ကျိရှစ်ယွဲ့နဲ့ သူ့အမေလင်းလန်ကြောင့်လို့ ပြောရမှာပဲ... ကိုယ့်အမေက အဖိုးရဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရဲ့ သမီးလေ... အဲ့ဒီ့ရဲဘော်ရဲဘက်က သူမသေခင် အဖိုးအသက်ကို ကာကွယ်ခဲ့လို့ ကိုယ့်အဖိုးက အမေ့ကို စောင့်ရှောက်ပေးခဲ့တာ... သူက ကိုယ့်အဖေ ကျိဝေ့ဖန်းကို ကိုယ့်အမေနဲ့လက်ထပ်ပေးပြီး သူမကိုတစ်ဘဝလုံးစောင့်ရှောင့်ပေးခိုင်းဖို့ အစီအစဉ်ဆွဲခဲ့တာ... ဒါပေမဲ့ ကျိဝေ့ဖန်းက ကျိရှစ်ယွဲ့ရဲ့ အမေ လင်းလန်ကို သဘောကျနေခဲ့တာလေ... သူတို့နှစ်ယောက် ခိုးဝှက်ပြီးတွဲခဲ့ကြပေမဲ့ အဖိုးက သူတို့ဆက်ဆံရေးကို အသိအမှတ်မပြုခဲ့ဘူး... သူက ကျိဝေ့ဖန်းက သူတို့ရဲ့ အဖေနဲ့သား ဆက်ဆံရေးကို ဖြတ်တောက်ပစ်မှာလို့ ချိန်းခြောက်ပြီး ကိုယ့်အမေနဲ့ အတင်းလက်ထပ်ခိုင်းခဲ့တယ်... ကျိဝေ့ဖန်းက မလွန်ဆန်နိုင်တော့ ကိုယ့်အမေကို လက်ထပ်ခဲ့ရတာပေါ့..."


"ကိုယ့်အမေက ကျိဝေ့ဖန်းကိုပဲ သဘောကျနေခဲ့ပြီး သူ့က အခြားတစ်ယောက်ကို ချစ်နေကြောင်းလည်း မသိခဲ့ဘူး... ဒီတော့ သူ့ကို ပျော်ပျော်ရွှင်ရွှင်လက်ထပ်ခဲ့တယ်လေ..."


ကျိရန် ရပ်သွားပြီး အဝးတစ်နေရာသို့ငေးမော၍ ဆက်ပြောလိုက်သည်။


"သူတို့လက်ထပ်ပြီးတော့ ကျိဝေ့ဖန်းက သူမကိုချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်ကြောင်း သိသွားခဲ့တယ်....ကျိဝေ့ဖန်းက သူမကို အေးစက်စက်ဆက်ဆံပြီး သူမကို စိတ်မကောင်းဖြစ်သွား စေခဲ့တယ်.... ဒါပေမဲ့ သူမက ကျိဝေ့ဖန်းနဲ့ လင်းလန်တို့ ခိုးပြီး တွဲခုတ်နေကြသေးတဲ့အကြောင်းကို မတော်တဆသိသွားခဲပြီး မခံစားနိုင်အောင် ဖြစ်သွားခဲ့တယ်... ကိုယ့်အမေက သူ့ကိုမေးတော့ သူကလည်း သူကိုယ့်အမေကို လက်ထပ်ခဲ့ရတာ အဖိုးဖိအားပေးလို့ ဖြစ်တဲ့အကြောင်းပြောလိုက်ပြီး သူ့စိတ်ထဲရှိတဲ့လူက လင်းလန်တစ်ယောက်တည်းပါလို့ ဝန်ခံလိုက်တယ်လေ... ဒါပေမဲ့ ကိုယ့်အမေက အဲ့ကိစ္စကြောင့် စိတ်ဓာတ်ကျလွန်းပြီးသတ်သေသွားတော့မှပဲ ကျိဝေ့ဖန်းက သူမစိတ်ကျရောဂါခံစားနေရကြောင်း သတိထားမိတော့တယ်တဲ့လေ မရယ်ရဘူးလား..."


ထန်ထန် သူမ၏ နှလုံးသားကို တင်းတင်းကြပ်ကြပ်ဖျစ်ညှစ် ဆုပ်ကိုင်ခံလိုက်ရသလို ခံစားလိုက်ရငည်။ သို့သော် သူမ သူ့ကိုဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပေ။ သူမ သူ့ကို အနွေးဓာတ်ခံစားမိစေရန် တင်းတင်းကြပ်ကြပ်သာ ဖက်ထားပေးလိုက်သည်။


ကျိယန် သူမနှဖူးလေးကို နမ်းလိုက်သည်။ ဤသည်က သူ ဤကိစ္စအကြောင်း ထုတ်ပြောဖူးသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူ မနာကျင်ရသလို ဒေါသလည်း မထွက်မိဘဲ ပုံမှန်အတိုင်းသာဖြစ်နေသည်။


"အဲ့ဒီ့အချိန်တုန်းက ကိုယ်က အတော်လေးငယ်သေးတော့ ဘာမှမသိခဲ့ဘူးလေ... အဲ့ဒီ့နောက်မှာ အဖိုးက ကိုယ့်ကို သူ့ဘေးနား ခေါ်ထားလိုက်တော့တယ်... ကိုယ်နဲ့ အဖိုးရဲ့ဆက်ဆံရေးက အရမ်းကို ကောင်းခဲ့တာပေါ့..."


"ဒါဆို အဲ့ဒီ့နောက်ပိုင်း ဘာဖြစ်သွားတာလဲ..."


"အဲ့ဒီ့နောက်ပိုင်း ကိုယ်ဆယ့်ငါးနှစ်ပြည့်တဲ့ အချိန်မှာ လင်းလန်ပေါ်လာခဲ့တယ်... သူမနဲ့ ကျိဝေ့ဖန်းက ကျိမိသားစု အိမ်တော်အပြင်ဘက်မှာ ဘာမှမစားမသောက်ပဲ ဒူးထောက်တောင်းဆိုခဲ့တယ်... သူတို့ ကျိရှစ်ယွဲ့က အသက်ဆယ့်လေးနှစ် ပြည့်ပြီဆိုပေမဲ့ အိမ်ထောင်စုစာရင်းထဲ မသွင်းရသေးတာကြောင့် အဖိုးကို တောင်းဆိုခဲ့ကြတာ... သူတို့ အချိန်ဆက်မဆွဲနိုင်ကြတော့ဘူးလေ... သူတို့လက်ထပ်လိုက်မှပဲ ကျိရှစ်ယွဲ့ကို အသိုင်းအဝိုင်းကလက်ခံပေးပြီး တရားမဝင်ကလေးတစ်ယောက်ကို အပြောမခံရတော့မှာလေ..."


ကျိယန် ထိုအပိုင်းကိုပြောပြီးနောက် ရယ်မောလိုက်သည်။


"ကိုယ်က အဲ့ဒီ့အချိန်မှပဲ ကိုယ့်ရဲ့ တွေ့ရမြင်ရခဲတဲ့ အဖေမှာ နောက်ထပ်ချစ်ရသူနဲ့ရတဲ့ ကိုယ့်ထက် တစ်နှစ်ပဲငယ်တဲ့ တရားမဝင် ညီလေးရှိကြောင်း သိလိုက်ရတော့တယ်... ကိုယ် အဲ့အချိန်မှာပဲ ကိုယ့်အမေကိစ္စရဲ့ အမှန်တရားကို သိလိုက်ရတယ်..."


ထန်ထန် သူ၏မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။ သူမ သူ့အတွက် နှလုံးသားများပင် နာကျင်သွားရသည်။


"ယောက်ျား... အဲ့ဒီ့အချိန်တွေတုန်းက ရှင် ဝမ်းနည်းပြီး ဒေါသတွေထွက်ခဲ့ရမှာပဲနော်..."


"အင်း..."


ကျိယန် ခပ်တိုးတိုးပြောလိုက်သည်။


"အဲ့ဒီ့အချိန်တုန်းက ကိုယ်အရမ်းကိုဒေါသတွေထွက်ခဲ့တာ... ကိုယ် ကျိဝေ့ဖန်းနဲ့ လင်းလန်တို့ သေသွားပါစေလို့ ဆုတောင်းခဲ့တာ... ကိုယ့်ကို စောင့်ရှောက်ပေးခဲ့တဲ့ အဖိုးကြောင့်သာ မဟုတ်ရင်... ကိုယ် သူတို့ တကယ်သေသွားတာကို မြင်ချင်ခဲ့တာ..."


ကျိယန်က ထိုအကြောင်းကို အမှုမထားသလို ပေါ့ပေါ့ပါးပါးပြောနေသော်လည်း ထိုအချိန်က ငယ်ရွယ်နေဆဲဖြစ်သော ကျိယန်လေး မည်မျှဝမ်းနည်းပြီး ဒေါသထွက်ခဲ့ရကြောင်း စိတ်ကူးယဉ်ကြည့်၍ ရပေသည်။


"အစက အဖိုးက သူတို့ကို အတူရှိခွင့်ပေးမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ... အဆုံးမှာတော့ အဖိုးကျိက အဲ့မိန်းမကို ကျိမိသားစုထဲလက်ထပ်ပြီး ဝင်ရောက်ခိုင်းပြီး ကျိရှီယွဲ့ကိုလည်း ကျိမိသားစုရဲ့ ဒုတိယသခင်လေးအဖြစ် လက်ခံပေးခဲ့တယ်လေ..."


"ကိုယ် အဲ့တာကို လက်မခံနိုင်ခဲ့ဘူး... အဲ့တာနဲ့ ကိုယ် ကျိမိသားစုအပါအဝင် အဘိုးနဲ့ ဆက်ဆံရေးကိုပါ ဖြတ်တောက်လိုက်တယ်... ကိုယ် ကျိမိသားစုထဲက တစ်ယောက်တည်း ထွက်လာခဲ့တယ်.. ကိုယ် စာသင်ရင်း အလုပ်လုပ်ပြီး ကိုယ်ကိုကိုယ်ထောက်ပံ့ရင်းနဲ့နေပြီး အဖိုးကိုထပ် မဆက်သွယ်တော့ဘူး... အဲ့ကတည်းဆို ဆယ့်ရှစ်နှစ်လောက် ရှိပြီပဲ ပြာပါတော့..."


"အဲ့ဒီ့အချိန်တုန်းက ရှင်အရမ်းကို ခက်ခဲခဲ့မှာပဲနော်..."


ထန်ထန် မျက်ရည်များ စီးကျလုနီးနီးဖြစ်နေသည်။ သူမ သူ့အတွက် အမှန်တကယ် နာကျင်သွားရသည်။ ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်က အိမ်မှတစ်ယောက်တည်းထွက်လာပြီး ခက်ခဲကြမ်းတမ်းသော ဘဝကိုလျှောက်လှမ်းနေခဲ့ရသည်ကို မမြင်ယောင်နိုင်တော့ပေ။

တစ်ယောက်တည်း တစ်ကိုယ်တည်းနဲ့ အရာရာတိုင်းကို ရင်ဆိုင်ရတာ ဘယ်လောက် ခက်ခဲလိုက်မလဲ....


သူ ဗိုက်ပြည့်အောင်မစားရသလို နွေးထွေးအောင်လည်း မဝတ်ရဘဲ ကျူရှင်ခတွေအတွက်လည်း စိတ်ပူခဲ့ရပေမည်။ သူ အခြားလူများထံမှလည်း လှောင်ပြောင်သရော်ခြင်း ခံခဲ့ရပေလိမ့်မည်။


သူမ၏ မျက်ရည်ဝဲနေသော မျက်လုံးများကိုကြည့်ပြီး ကျိယန် ရယ်ချင်သွားခဲ့ပြီး သူမကို နမ်းလိုက်သည်။ 


"မငိုပါနဲ့... ကိုယ်က မင်းထင်သလောက် သနားစရာမကောင်းပါဘူး... မင်း အစ်ကိုကျိုးကျီနဲ့ အခြားလူတွေကိုမေ့ထားတာလား... သူတို့ရှိနေမှတော့ ကိုယ် သနားစရာကောင်းအောင် အသက်ရှင်မနေခဲ့ရပါဘူး... အချိန်တိုင်း သူတို့က ကိုယ့်ကို ဈေးကြီးတာတွေ ဝယ်ကျွေးခဲ့တယ်... ကိုယ်အတင်းအကြပ် ဖုန်းကွယ်ထားတာမျိုး မဟုတ်မဲ့သူတို့က ကိုယ်ဖုန်းကွယ်ထားတဲ့အရာတွေကို သိနေသလိုပဲ..."


ထန်ထန် ချက်ချင်းပင် မျက်ရည်များ ခြောက်သွေ့သွားခဲ့သည်။ သူမ သူ့ကို အရမ်းကြီး သနားစရာကောင်းတယ်လို့ တွေးမိလိုက်တာပဲ။


ကျိယန် သူ၏ ချစ်စဖွယ် ဇနီးလေးကိုဖက်ပြီး သူမခေါင်းလေးကို ပွတ်ကာ ပြောလိုက်သည်။


"အဲ့ဒီ့အချိန်တုန်းက ကိုယ်အဖိုးကို လုံးဝမခံမရပ်နိုင်ဖြစ်နေခဲ့တာ... သူကိုယ်ကို အိမ်ပြန်ခေါ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ကိုယ်က လုံးဝလက်မခံခဲ့ဘူးလေ.. သူရှင်းပြတာတွေကို နားမထောင်ပေးတဲ့အပြင် သူ့ကို နာကျင်အောင် တမင်ပြောလိုက်သေးတာ... ကိုယ်က သူ့နှလုံးသားကို နာကျင်သွားစေတဲ့အထိ ကိုယ်တို့ဆက်ဆံရေးကို ဖြတ်တောက်ချင်ခဲ့တာလေ..."


"ဒီလိုနဲ့ ကိုယ်တဖြေးဖြေးအရွယ်ရောက်လာတော့... အဖိုးက အဲ့ဒီ့အချိန်တုန်းက အတော်လေးခက်ခဲတဲ့ အခြေအနေရောက်ခဲ့တဲ့အကြောင်း နားလည်သွားခဲ့တယ်..ဘာပဲဖြစ်ဖြစ် ကျိရှစ်ယွဲ့က အပြစ်ကင်းတယ်လေ... အဖိုးကျိက လူကြီးတွေကြားမှာ ဘာမှမသိနားမလည်တဲ့ ကလေးကို တရားမဝင်ကလေးဆိုပြီး မြေစာပင် မဖြစ်စေချင်ခဲ့ဘူး... အဲ့ဒီ့အပြင် သူသာ အိမ်ထောင်စုစာရင်းထဲ အထည့်မခံရရင် ပိုကောင်းတဲ့ ပညာသင်ခွင့်တွေ ရလာမှာမဟုတ်ဘူးလေ... အဲ့တာကြောင့်ပဲ အဖိုးကျိက သဘောတူပေးခဲ့တာ..."


ထန်ထန် ခေါင်းငြိမ့်လိုက်ကာ အဖိုး ထိုအကြောင်း သေချာတွေးမိခဲ့ကြောင်း သိလိုက်ရသည်။


"အဲ့တာဆို... ရှင်ဘာလို့ အဖိုးနဲ့ ပြန်သင့်မြတ်ဖို့ မလုပ်ခဲ့တာလဲ..."


ကျိယန် ခါးသီးနေဟန်ပြုံးလိုက်သည်။


"ခေါင်းမာခဲ့လို့ဖြစ်မှာပေါ့... အကြောင်းပြချက်ကို ကိုယ့်ရင်ထဲမှာ သိပေမဲ့လည်း ကိုယ်လက်မခံနိုင်တာကြောင့် အဖိုးကို တစ်ခါမှ သွားမတွေ့ခဲ့မိတာ... အခုအကြိမ် ကိုယ် သေခြင်းနဲ့ ရှင်ခြင်းကြား ရောက်သွားတဲ့အချိန်မှပဲ... အဖိုးကို မမြင်ရဘဲ နောင်တတကြီးနဲ့ ထွက်သွားရမှာ ကြောက်မိသွားခဲ့တာ.. အဲ့လိုနဲ့ အဖိုးက မ္ဘာကြီးပေါ်မှာ ရှိနေတုန်း ပြန်မသင့်မြတ်ခဲ့ဘဲ နောင်တနဲ့ မသေချင်ဘူးဆိုတဲ့ အတွေးကို တွေးမိသွားခဲ့တယ်..."


သူမ မျက်နှာကို ကျိယန် ရင်ဘတ်ထဲ မြှုပ်နှံရင်း သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။


"ယောက်ျား.... ရှင်အခု အဖိုးနဲ့ အဆင်ပြေသွားခဲ့ပြီ.. ကျွန်မတို့ အခုကစပြီး သူ့ကို ကောင်းကောင်းဆက်ဆံပေးကြမယ်.... ရှင်ကလည်း အမြဲတမ်း ဂရုထားရမယ်... နည်းနည်းလေးတောင် ထိခိုက်လို့မရဘူး.... ကျွန်မနဲ့ ရှောင်ကျိုးနဲ့က ရှင့်အပေါ်ပဲ မှီခိုနေကြရတာ...ရှင်မရှိရင် ကျွန်မတို့ကို တခြားလူတွေက အနိုင်ကျင့်ကြလိမ့်မယ်...."


"ဟုတ်ပါပြီကွာ... အခုကစပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ့မယ်... ကျန်းကျန်းမာမာနဲ့ မင်းအနားမှာ နေပါ့မယ်..."


အတိတ်တုန်းက သူ သေခြင်း၊ ရှင်ခြင်းဟူသည်ကို ဂရုပင်မစိုက်ခဲ့ပေ။ သူနောက်တွင် မည်သည့်အရာမှ ကျန်ခဲ့မည်မဟုတ်၍ အချိန်တိုင်းတွင် သေရန် အဆင်သင့်ပြင်ထားခဲ့သည်။ အဘိုးကသာ သူစိတ်ပူရပြီး နောက်ဆံတင်းရသည့် တစ်ဦးတည်းသောသူဖြစ်သည်။  ယခုတွင် အခြေအနေများက မတူညီတော့ပေ။ သူ၏ မိန်းမနှင့် သူ၏သားငယ်လေးက သူ့ကို လိုအပ်နေပေသည်။ 

ဘယ်လိုလုပ် သူတို့ကို စွန့်ပစ်ပြီး ဒီကမ္ဘာလောကကြီးထဲက ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်ပါ့မလဲ... သူသာမရှိရင် သူတို့ ဘယ်လိုလုပ်ကြမလဲ....


ထန်ထန် မရှင်းမလင်းဖြစ်နေသည့် ကိစ္စကယခုတွင် ဖြေရှင်းသွားပြီဖြစ်ပြီး သူမနားလည်သွားခဲ့ပြီဖြစ်သည်။ သူ ထန်မိကို ငြင်းဆိုရန် လုံးဝအားမနာတော့ပေ။ အမှန်အတိုင်းပြောရလျှင် အပြင်လူအနေဖြင့် ကြည့်လျှင် မူလပိုင်ရှင်က အလွန်သနားစဖွယ်ကောင်းပေသည်။သူမ၏ လုပ်ရပ်များက မှားယွင်းနေသည်ဆိုသော်လည်း သူမကရည်ရွယ်ချက်ရှိရှိ လူလဲခံရပြီး ဆယ့်ရှစ်နှစ်လုံး ဆင်းရဲဒုက္ခခံစားခဲ့ရသည်။ ထိုအချိန်တွင် သူမကို နာကျင်စေသော သူများ၏ သမီးက မင်းသမီးလေးတစ်ပါးနှယ် နေထိုင်နေရသည်။ အမှန်တရား ထွက်ပေါ်လာသော်လည်း ထန်အဖေနှင့် အမေတို့ ပြဿနာကို ကိုင်တွယ်သည့်နည်းလမ်းမှား ခါးသီးကာစိတ်မကျေနပ်စရာဖြစ်နေသည်။ မမျှမတ ခံစားခဲ့ရပါက မည်သူမှ လက်ခံနိုင်ကြမည် မဟုတ်ပါချေ။ ပြန်လည် လက်တုံ့ပြန်ခြင်းမလုပ်သည်ကမှ ထူးဆန်းပေလိမ့်မည်။


အဖေထန်နှင့် အမေထန်တို့က မူလကပိုင်ရှင်ကို မိဘမေတ္တာတစ်ခါမှ မပေးခဲ့ဖူးပေ။ အဆုံးတွင် သူတို့၏ သမီးအရင်းကို သူစိမ်းများ၏ သမီးတစ်ယောက်အတွက် မိသားစုထဲမှပင် ကန်ထုတ်ခဲ့သေးသည်။ ယခု သူတို့ ကျောက်ကပ်အစားထိုးရန် လိုလာသောအခါမှ သူမကို ရှာရန် သတိရကြသည်။ အမှန်အတိုင်းပြောရလျှင် သူတို့က လုံးလုံးအရှက်မရှိသော လူများဖြစ်ကြပေသည်။


သူမ အမှန်တရားကို မသိချိန်က အားနာလျှင် အားနာပေလိမ့်မည်။ သို့သော် ယခုတွင် သူမ ပြင်းပြင်းထန်ထန်ငြင်းရန်သာ ဆုံးဖြတ်လိုက်သည်။ ကျောက်ကပ်တစ်ခြမ်းပေးလိုက်၍ သူမ မသေသော်လည်း သူမ လုံးလုံးလျားလျားကျန်းမာသော သူတစ်ယောက်ဖြစ်လာမည်မဟုတ်တော့ပေ။ သူမသည်လည်း တစ်ကိုယ်ကောင်းဆန်သော သူဖြစ်သည်။ သူစိမ်းတစ်ယောက်အတွက် သူမ၏ ကျန်းမာရေးကို မစွန့်စားလိုပေ။ သူမ ယောက်ျားနှင့် သားဖြစ်သူတို့နှင့် အသက်အရှည်ကြီး နေချင်သေးသည်။ ဤကမ္ဘာကြီးထဲတွင် သူတို့က သူမအတွက် အရေးအကြီးဆုံးလူများဖြစ်ကြသည်။ သူတို့ကသာ သူမ၏ကျန်းမာရေးသာမက အသက်ပင်စွန့်၍ စောင့်ရှောင့်ပေးသင့်သော သူများဖြစ်လေသည်။


ထို့ကြောင့် ထန်မိနောက်တစ်ကြိမ်ရောက်လာချိန်တွင် ထန်ထန်က လုံးဝပင် မတုံ့ဆိုင်းတော့ပဲ ငြင်းပစ်လိုက်သည်။ သူတို့ စကားထပ်ပြောရန် အကြောင်းပင် မရှိတော့ချေ။


ထန်ထန်၏ ငြင်းဆိုခြင်းက ပြင်းထန်သွားသည်လား သူတို့ဘယ်လိုတောင်းဆိုပါစေ ဘာမှမပြောင်းလဲမည်ကို သိ၍လားမသိ ထန်မိနောက်တစ်ကြိမ်ထပ်မလာတော့ပေ။


ထန်မိသူတို့ကို လာမနှောင့်ယှက်တော့၍ သူတို့ ဘဝကထပ်မံ ငြိမ်းချမ်းသွားပြန်သည်။ ထန်ထန်က သူမကိုယ်သူမဝလာစေရန်နှင့် အခြားလူများကို ကျွေးမွေးရန် အရသာရှိသော ဟင်းပွဲများကို ချက်ရန်သာ တွေးရန်လိုအပ်ပေသည်။ 


ကျိယန်က ထန်ထန်စားသောက်နေသည်ကို မြှောက်ပင့်ပေးလေသည်။ သူမနေ့တိုင်း ငါး၊အသား နှင့် စွပ်ပြုတ်များသောက်နေသည်ကို သူက ပြုံးပြုံးကြီး ကြည့်နေလေ့ရှိသည်။ သူမ၏ နေ့စဉ်စားဖွယ်စုံများ စားပြီးနောက်တွင် ထန်ထန်က ညလယ်စာမုန့်များအပါအဝင် အာဟာရဖြည့်စွပ်ပြုတ်များကိုပါသောက်ပြီး သူမ၏ အသွင်အပြင်တိုးတက်စေရန် ကြိုးစားနေသည်။ ထို့အပြင် ကျိယန်က သူမတစ်ခုခုစားမနေသည်ကို တွေ့သည်နှင့် သူမကို မုန့်များကျွေးလေသည်။ ယခုတင် ချောကလက်ကျွေးလိုက်ပါက ခဏနေလျှင် ငှက်ပျောသီး ကျွေးပေလိမ့်မည်။ အခြေခံအားဖြင့် သူမတစ်နေ့လုံး ဟမ်းစတားလေးတစ်ကောင်နှယ် အဆင်မပြတ် တတိတိဝါးစားနေလေသည်။


ကျိယန်အတွက် အခြားလူများ ယူလာခဲ့သော အစားအသောက်များနှင့် စွပ်ပြုတ်များက ထန်ထန်နှင့် ကလေးများ၏ ပါးစပ်ထဲတွင် အဆုံးသတ်သွားရပေသည်။ အဓိကအားဖြင့် ထန်ထန်ပါးစပ်ထဲတွင်သာ အဆုံးသတ်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများကလည်း ထန်ထန်ကို ပိန်လွန်း၍ ဝိတ်တက်ရန်လိုသည်ဟု ထင်ကြ၍ဖြစ်သည်။ သူတို့ အစားအသောက်တိုင်းကို ထန်ထန်ကို ကျွေးမွေးနေသဖြင့် ထန်ထန် ငိုရခက်ရယ်ရခက်ဖြစ်နေရသည်။


ထန်ထန်က ကျိယန်အစား သူမကသာ ဆေးရုံတက်နေရသည်ဟုပင် ထင်နေမိသည်။


ကျိယန်က သူမကို ဝက်တစ်ကောင်နှယ် ပျိုးထောင်နေပေသည်။


သို့သော် သူမ သိသိသာသာဝိတ်တက်လာခြင်းက ထိုသို့မပြတ်စားခြင်းက အသုံးဝင်ကြောင်း သက်သေပြလိုက်သလိုဖြစ်နေသည်။ ကျိယနိ ကုတင်ပေါ်ကထနိုင်ကာ သူ့အားသူကိုး၍ လှုပ်ရှားလာနိုင်ချိန်တွင် ထန်ထန်က ၇ကီလိုဂရမ် (၁၅ပေါင်)မျှ ဝိတ်တက်လာပြီဖြစ်သည်။ သူမကိုယ်တွင် အသားတို့ကို မြင်ရလာကာ ပိုမိုကြည့်ကောင်းလာသည်။ သူမ၏ အသွင်အပြင်က အတော်လေး ပြောင်းလဲသွားပြီး မည်သူမှသူမကို ရုပ်ဆိုးသည်ဟု မပြောနိုင်တော့ပေ။


အဖိုးပင် ခေါင်းတငြိမ့်ငြိမ့်ဖြင့် အသိအမှတ်ပြုလာသည်။


"အခုမှ အဆင်ပြေတယ်လို့ ပြောလို့ရတော့တယ်... မင်းရဲ့ တုတ်ချောင်းလိုခန္ဓာကိုယ်က မျက်စိထဲ ကိုးလိုးကန့်လန့်ကြီး..."


ထန်ထန် "..."


အဖိုးပြောပုံကြီး ဘာလို့ အရမ်းနာကျင်စရာ ကောင်းနေရပါလိမ့်နော်....


ကျိယန် ပြုံးကာ သူမ မျက်နှာကို ဆွဲညှစ်လိုက်သည်။ သူစိတ်ကျေနပ်နေဟန်ရှိနေသည်။


"အခု မင်းကိုထိရတာ ပိုပြီး သက်တောင့်သက်သာ ရှိသွားပြီ.. ဒါပေမဲ့ ဝိတ်ထပ်တက်ဖို့တော့ လိုနေသေးတာပဲ...."


"ကျွန်မ ဝိတ်တက်ဖို့လိုသေးတယ်လား... ကျွန်မ ၄၅ကီလိုဂရမ်(၉၉ပေါင်)တောင်ဖြစ်လုနီးနီးပဲလေ..."


ထန်ထန် သူမ၏ ဝိတ်တက်နှုန်းကကို စိတ်ပူနေမိသည်။


"ဒီအတိုင်းသာ ဆက်သွားရင်.... ကျွန်မ အဝလွန်လာတော့မှာ မဟုတ်ဘူးလား..."


"မင်းက အဝလွန်ဖို့ အဝေးကြီးလိုပါသေးတယ်.... မင်းရဲ့အရပ်နဲ့ဆိုရင် ကျန်းမာနေတဲ့လူတစ်ယောင်အနေနဲ့ ၅၅ကီလိုဂရမ်(၁၂၀ပေါင်)လောက်မှကွက်တိပဲ... အခုထိ ၁၀ကီလိုဂရမ် (၂၂ပေါင်)လောက် လိုသေးတယ်...."


ကျိယန် အရပ်နှင့်ကိုယ်အလေးချိန် ဇယားကို ဖုန်းတွင်ရှာလိုက်ပြီး ထန်ထန်ကို ပြလိုက်သည်။


အဘိုးကျိက ကျိယန်ကို ပျော်ပျော်ကြီး ထောက်ခံလေသည်။


"အမှန်ပဲ... မင်းအနည်းဆုံး ၁၀ကီလိုဂရမ်လောက် ဝိတ်တက်ဖို့လိုသေးတယ်... မိန်းကလေးတွေဆိုတာက ပြည့်ပြည့်ဖြိုးဖြိုးလေးမှ ကြည့်ကောင်းတာ... ငါတော့အခုခေတ်မိန်းကလေးတွေ အလကားနေရင်း ဝိတ်ချနေလဲ မသိတော့ပါဘူး.. သူတို့က ရူးနေလို့ ပြဿနာရှာနေကြတာနေမှာ..."


မိသားစုထဲရှိ တတိယမြောက်အမျိုးသား ကျောင်းသားလေး ကျိရှောင်ကျိုးလည်း သူ၏ ပြည့်ဖောင်းဖောင်းတင်ပါးလေးကို လက်ဖြင့်ထိပြီး ထောက်ခံလာသည်။


"ဟုတ်တယ်.... ပြည့်ပြည့်ဖောင်းဖောင်းကမှ ပိုကြည့်ကောင်းတာ... သားကိုကြည့်ပါလား... သားက ပြည့်ပြည့်ဖောင်းဖောင်းလေးဆိုတော့ အရမ်းကိုချောနေတာလေ..."


နောင်နောင် ကျိရှောင်ကျိုးနောက်မှ ခေါင်းငြိမ့်၍ ထောက်ခံနေသည်။


အကုန်လုံး တိုက်တွန်းနေ၍ ထန်ထန် သူမ၏ ဝိတ်တက်ရေး ခရီးစဉ်ကြီးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ နေ့တိုင်း သူမ နိုးလာသည်နှင့် ဝက်တစ်ကောင်ကို ကျွေးမွေးနေဟန်ဖြင့် သူမကိုယ်သူမ ဝိတ်တက်အောင် လုပ်လေသည်။


လူတစ်ယောက် diet တစ်ခါလုပ်ပြီးသည်နှင့် ပလက်စတစ်ဆာဂျူရီလုပ်သလို ပြောင်းလဲသွားတတ်သည်ဟု ပြောစမှတ်ရှိကြသည်။ ထန်ထန်အတွက်မူ ဝိတ်တက်လာခြင်းကသာ ပလက်စတစ်ဆာဂျူရီလုပ်သည်နှင့် တူသွားစေသည်။ ဆေးရုံတွင်နေရင်း ထန်ထန် ၅၀ကီလိုဂရမ်(၁၁၀ပေါင်)အထိ ရောက်သွားခဲ့သည်။သူမကို မြင်နေကြလူများက သိပ်မသိသာသော်လည်း မြင်နေကြမဟုတ်သောသူများက မှတ်ပင် မမှတ်မိတော့ပေ။ 


ကျီယွဲ့ ကုကျန်းအန်းနှင့်အတူ ဆေးရုံသို့လာ၍  ကျိယန်ကို လာတွေ့သောအခါ ထန်ထန်က ကော်ရစ်ဒါတွင် ရေးသွားဖြည့်ချိန်နှင့် တိုက်ဆိုင်သွားသည်။ ထန်ထန်က သူမတို့ကို လက်ပြနှုတ်ဆတ်သောအခါ ကျီယွဲ့က အကြည့်လွှဲ၍ အခန်းထဲ ဝင်သွားခဲ့သည်။ ထန်ထန် လေထဲတွင် တိုးလိုးတန်းလန်း ဖြစ်နေသော သူမလက်ကိုကြည့်ပြီး ရှက်ရွံ့သွားပြီး ကျီယွဲ့တို့ သူမကို အဘယ့်ကြောင့် လျစ်လျှူရှုသွားကြသလဲ နားမလည်တော့ချေ။