အပိုင်း (၇၄)
Viewers 12k

Part 74


ကျီယွဲ့နှင့် ကုကျန်းအန်း အခန်းထဲ ဝင်လာပြီးနောက် ထန်ထန် သူတို့နောက်ကို လိုက်လာသည့်အချိန် ကျီယွဲ့မေးလိုက်သည်ကို ကြားလိုက်ရသည်။ 


"ထန်ထန် ဘယ်မှာလဲ... ဝင်လာတုန်းက သူမကို မမြင်မိဘူး..." 


ထန်ထန် "......." 


သူတို့ ယခုလေးတင် သူမကို မတွေ့ခဲ့ဘူးလား။ သူတို့က မည်သည့်အတွက် တစ်စက္ကန့်အတွင်း မေ့သွားရသနည်း။ 


ထန်ထန်က ကျီယွဲ့၏ ကျောကို ပုတ်လိုက်သည်။ 


"ကျွန်မ ဒီမှာလေ.... ကျွန်မကို အခုလေးတင် တွေ့ခဲ့တာ မဟုတ်ဘူးလား... ဘာလို့ လျစ်လျူရှုရတာလဲ..."  


"ထန်ထန်... တံခါးမှာတုန်းက နင် ဖြစ်နေတာလား...." 


ကျီယွဲ့က ကြက်သေသေသွားလေသည်။ သူမက တံခါးတွင် တစ်စုံတစ်ယောက်ကို မြင်တွေ့ခဲ့သော်လည်း ထန်ထန်ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ သူမသည် သူစိမ်းတစ်ယောက် ဖြစ်မည်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ 


ကျီယွဲ့က မယုံကြည်နိုင်ခြင်းတို့ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက ထန်ထန် မျက်နှာကို လက်နှင့် ညှစ်ကာ မေးလိုက်သည်။ 


"အိုး.. ဘုရားရေ... ထန်ထန်... နင် မျက်နှာခွဲစိတ်ပြုပြင်ထားတာလား... ငါ ဘာလို့ နင့်ကို မမှတ်မိနိုင်တော့တာလဲ..." 


"မခွဲစိတ်ထားပါဘူး... အမြဲ ဆေးရုံမှာပဲ နေနေရတာကို..." 


"ဒါဆို ဘာလို့ ဒီလောက်တောင် ဝိတ်တက်လာရတာလဲ... တခြားတစ်ယောက် ဖြစ်သွားသလိုပဲ.. ဘုရားရေ... အခုတလော ဝက်ပေါက်လို စားသောက်နေတာလား.."  


".... ဝက်လိုမစားပါဘူး..." 


ထန်ထန်က ရှက်ရွံ့စွာနှင့် ကျိယန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ကျီယွဲ့အား တိုင်တောလိုက်သည်။ 


"ကျွန်မကို ဝက်လိုကျွေးမွေးနေတာ ကျိယန်ပဲ... သူက ကျွန်မကို နေ့တိုင်း အဆက်မပြတ် အစားအသောက်ပဲ ကျွေးနေတာ... ဒဏ်ရာရတာ သူဖြစ်နေတာတောင် အစားအသောက်ကို သူ့ထက်ပိုပြီး စားသောက်နေရတယ်... အားရှိစေတဲ့ အစားအစာတွေအကုန် ကျွန်မ ဗိုက်ထဲပဲ ဝင်ကုန်တာလေ... ဒီလောက်စားနေရတာ နှစ်လအတွင်း ဝမလာဘဲ ဘယ်နေပါတော့မလဲ..." 


ကျီယွဲ့က အခု နားလည်သွားပြီ ဖြစ်ကာ သူမက ကျိယန်ဘက် လှည့်ကာ ချီးကျူးလိုက်သည်။ 


"အဲဒါ ကောင်းတယ်... ကျိယန် အရင်ကတည်းက နင့်ကို အဲဒီလို ကျွေးမွေးသင့်တာ... ကိုယ့်ကိုယ်ကိုယ် ကြည့်ပါဦး.. အခု ဘယ်လောက် လှလာလဲဆိုတာ...." 


"တကယ်လား..." သူမက ဝက်တစ်ကောင်လို ကျွေးမွေးခံနေရသည်ဟု အပြောခံလိုက်ရပေမယ့် ထန်ထန်က ချီးမွမ်းခံရပြီးနောက် စိတ်ပျော်သွားတော့သည်။ သူမက ပါးစပ်လေးကို ကာ၍ ထပ်မေးလိုက်သည်။ 


"ရှင် နောက်နေတာမဟုတ်ဘူးမလား.. ကျွန်မ တကယ်ပဲ လှလာတာလား.." 


"ဒါပေါ့.. ငါ့ အမြင်ကို နင် မယုံဘူးလား..." 


ကျီယွဲ့က ထန်ထန်ကို စုန်ချည်ဆန်ချည်ကြည့်ရင်း ပြောလိုက်သည်။ 


"အရာအားလုံး အဆင်ပြေပေမယ့် စတိုင်လ်က သိပ်မဟုတ်သေးဘူး.. အဲဒါက နင့် အလှကို တန်ဖိုးချနေသလိုပဲ..." 


ထန်ထန်က သူမကိုယ်သူမ ကြည့်ကာ အဆင်ပြေသည်ဟု တွေးလိုက်မိသည်။ သူမ စတိုင်လ်က ကျီယွဲ့ ပြောသလောက်တော့ မဆိုးပေ။ သူမက ထန်ထန်၏ မယုံကြည်သော အကြည့်တို့ကို မြင်သည့်အခါ ထန်ထန့်လက်ကို ဆွဲခေါ်ကာ ကျိယန်ဘက်လှည့်၍ ပြောလိုက်သည်။ 


"ကျိယန်.. နင့်မိန်းမ ငါ့ကို ခဏငှားလိုက်... သူမ ပြန်လာတဲ့အခါ အလှဆုံးမိန်းကလေးတစ်ယောက် ဖြစ်လာလိမ့်မယ်..." 


ကုကျန်းအန်းက သူ့မိန်းမ၏ ရွှတ်နောက်နောက် အကျင့်ကို သိထားလေရာ သူက ကျိယန်အား တောင်းပန်သည့် အကြည့်တစ်ချက်သာ ပေးလိုက်နိုင်သည်။ 


ကျိယန်က ပြုံးကာ ကုကျန်းအန်းကို ထိုင်ရန် ညွှန်ပြလိုက်သည်။ 


"သူတို့ သွားကြပါစေ... ထန်ထန်က ဒီနှစ်လအတွင်း ဆေးရုံကနေ မခွာရဘူး... ငါ့နားမှာပဲ ရှိနေခဲ့တာ... ကျီယွဲ့ သူမကို ခေါ်ထုတ်သွားတာလည်း ကောင်းတာပါပဲ..." 


ကုကျန်းအန်းက အတော်လေး စိတ်မကောင်းဖြစ်သွားသည်။ 


"သူတို့ရဲ့ စရိုက်တွေက လုံးဝ ဆန့်ကျင်ဘက်ပဲ... ငါ့ ကျီယွဲ့က တက်ကြွပေမယ့် ထန်ထန်က တည်ငြိမ်လွန်းတယ်... တခါတလေကျ ကျီယွဲ့ရဲ့ နောက်တောက်တောက် အပြုအမူတွေကြောင့် 

ငါတောင် ခေါင်းကိုက်ရတယ်... သူတို့ မကြာခဏ အတူတူရှိရင် ကျီယွဲ့ ပိုပြီး တည်ငြိမ်လာအောင် ထန်ထန် လုပ်နိုင်မလားတော့ မသိဘူးပေါ့လေ..." 


ကျိယန်က ရယ်စရာကောင်းသည်ဟု ထင်လိုက်တာကြောင့် ကုကျန်းအန်း၏ ရင်ဘတ်ကို ရိုက်လိုက်သည်။ 


"ငါကတော့ ကျီယွဲ့က ထန်ထန် ပိုပြီး တက်ကြွလာအောင် လွှမ်းမိုးနိုင်ဖို့ မျှော်လင့်တယ်... သူမက ငယ်သေးတယ်... ဘာလို့ ဒီလောက် တည်ငြိမ်နိုင်ရတာလဲ.... မိန်းကလေးတွေ အားလုံးက အပြင်ထွက်လည်ရတာ သဘောကျကြတာ မဟုတ်ဘူးလား... ငါ့ ထန်ထန်လေးက တစ်ခါမှ ရှော့ပင်းလည်း မထွက်ဖူးဘူး... ပိုက်ဆံရှိရင်တောင် လျှောက်သုံးပစ်တာမျိုး မလုပ်ဘူး..." 


"ဒါဆို မင်းမှာ ပိုက်ဆံရှာဖို့ ဖိအား မရှိဘူးပေါ့..." 


ကုကျန်းအန်းက သူ့ပိုက်ဆံအိတ်အား ထိရန် လှုပ်ရှားလိုက်သည်။ 


"ငါကတော့ မိန်းမကို မထောက်ပံ့နိုင်မှာစိုးလို့ ပိုက်ဆံရှာဖို့ နေ့တိုင်း ကြိုးစားနေရတာ... သူမက ပိုက်ဆံ သုံးတာ အရမ်းကြမ်းတယ်လေ... ငါ တကယ် စိတ်ပူပန်မိတယ်...." 


ယောက်ျားနှစ်ယောက်က အတူ ရယ်မောလိုက်ကြသည်။ 


ဘေးကုတင်တွင် လှဲနေသော တစ်ကိုယ်တည်းသမားလေး စွန်းရီက တိတ်ဆိတ်စွာပင် မျက်လုံးလှိမ့်လိုက်မိသည်။ သူက သူတို့ ဇနီးများချီးမွမ်းခန်းဖွင့်နေသော ထိုယောက်ျားနှစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံနေရပေသည်။ စွန်းရီက စောင်ကို တင်းတင်းဆုပ်ရင်း ဆေးရုံမှဆင်းသည်နှင့် အိမ်ထောင်ဘက်သွားတွေ့တော့မည်ဟု စိတ်ထဲ တေးထားလိုက်တော့သည်။ 


ကျီယွဲ့က မြေအောက်ထပ်မှာ ရပ်ထားသည့် သူမ ကားဆီ ထန်ထန့်ကို ခေါ်ဆောင်သွားခဲ့သည်။ သူမ၏ ကားပေါ်တွင် ပရော်ဖက်ရှင်နယ် မိတ်ကပ်ပစ္စည်းများ အစုံလိုက်ရှိသည်။ သူမက ထန်ထန်ကို မိတ်ကပ်ပြင်ပေးရန် စီစဉ်ထားသည်။ 


ထန်ထန်သည် ကျီယွဲ့က သူမကို မည်သည့်အတွက် ဆွဲခေါ်လာခဲ့သလဲ နောက်ဆုံး၌ နားလည်သွားပြီ ဖြစ်သည်။ သူမက ငြင်းဆန်ရန် လက်ကို အလျင်အမြန် ယမ်းလိုက်သည်။ 


"မိတ်ကပ်မလိမ်းချင်ဘူး... ကျွန်မ ကျိယန်ကို ဆေးရုံမှာ ဂရုစိုက်ပေးဖို့ လိုသေးတယ်.... မိတ်ကပ်လိမ်းပြီး ဘာအသုံးဝင်မှာလဲ.... သက်သောင့်သက်သာ မရှိဘဲနေမယ်..." 


ကျီယွဲ့က သူမ၏ မျက်လုံးများကို လှိမ့်လိုက်သည်။ 


"မလှုပ်နဲ့... မိတ်ကပ်လိမ်းတာနဲ့ ကျိယန်ကို စောင့်ရှောက်တာကြားမှာ ဝေခွဲမရဖြစ်နေတာလား... မိန်းကလေးတွေက အချိန်တိုင်း လှဖို့လိုတယ် သိရဲ့လား... အမြဲ မျက်နှာပြောင်နဲ့ နေနေရင် ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ..." 


ထန်ထန်သည် သူမက မိတ်ကပ်မလိမ်းဘဲ အလွန် ပိန်ချုံးနေစဉ်ကပင် ကျိယန်၏ အာရုံကို ဆွဲဆောင်ထားနိုင်သည်ဟု တွေးလိုက်သည်။ သူက ညတိုင်း သူမကို ဖက်ထားပြီး ခိုးခိုး၍ ထိတတ်သည်။ သူက သူမ၏ တစ်ကိုယ်လုံးအစိတ်အပိုင်းတိုင်းကို ပိုင်ဆိုင်လိုစိတ် ထက်သန်နေသကဲ့သို့ပင် ဖြစ်၏။ သူမက ဆွဲဆောင်မှုမရှိလျှင် သူက ထိုသို့ ဖြစ်လိမ့်ပါမည်လား။ 


ညက ကျိယန်၏ အထိအတွေ့များအကြောင်း တွေးမိသည့်အခါ ထန်ထန့်မျက်နှာက နီလာတော့သည်။ ကံကောင်းစွာနှင့် ကျီယွဲ့က သူမကို မိတ်ကပ်လိမ်းပေးရန် ပြင်ဆင်ရင်း အလုပ်များနေသည့်အတွက် သတိမထားမိလိုက်ပေ။ 


"ငါ နင့်ကို ပြောပြမယ်... မိန်းမတစ်ယောက်ရဲ့ အလှအပတစ်ဝက်က သဘာဝအလှပေါ် မူတည်ပြီး နောက်တစ်ဝက်မှ မိတ်ကပ်ပေါ်မှာပဲ.... နင့်ရဲ့ သဘာဝအလှကတင် အတော်လေး အဆင်ပြေနေပြီ.. အခု မိတ်ကပ်လေး နည်းနည်း ထပ်လိမ်းဖို့ အားထုတ်သင့်တယ်... ပြီးသွားရင် မိတ်ကပ် လိမ်းတာနဲ့ မလိမ်းတာရဲ့ ကြားမှာ ဘာကွာခြားလဲဆိုတာ ငါ ပြမယ်...." 


ကျီယွဲ့က ပြောပြီးသွားသည့်နှင့် ထန်ထန်ကို မိတ်ကပ်လိမ်းပေးရန် စတင်လိုက်သည်။ ရွေးချယ်စရာ မရှိဘဲ ထန်ထန်က ငြိမ်ငြိမ်လေးထိုင်ကာ ကျီယွဲ့ကို စိတ်ကျေနပ်သလို လုပ်ခွင့်ပေးထားလိုက်သည်။ 


ကျီယွဲ့က မိတ်ကပ်ပြင်ပေးနေစဉ် အံ့အားသင့်စွာ ပြောလိုက်သည်။ 


"နင် ဝိတ်တက်လာတာ မျက်နှာခွဲစိတ်လိုက်တာထက်တောင် အံ့သြဖို့ကောင်းသေးတယ်.... ရိုးရိုးသားသားပြောရရင် နင့်ရဲ့ မျက်နှာသွင်ပြင်က တော်တော်ကြီး ပြောင်းလဲသွားတာ... အရင်ကတည်းက နင် ရုပ်မဆိုးဘူးဆိုတာ သိပေမယ့် အခု ပိုပြီး သေချာသွားတယ်.... နင်က အရမ်းလှတာပဲ... ကျိရှောင်ကျိုး ဒီလောက် ချောနေတာ အံ့သြစရာမရှိတော့ပါဘူး... သူ့ရုပ်ရည်ကို နင့်ဆီက အမွေရထားတာပဲနေမှာ.... သတိထားမိလား.. ကျိရှောင်ကျိုးရဲ့ မျက်နှာက နင်နဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို တူတာ..." 


"တကယ်လား..." ထန်ထန်က ထိုအကြောင်းကို အမှန်တကယ် သတိမပြုမိခဲ့ပေ။ ကျိယန်နှင့် အဘိုးကျိကလည်း သတိမထားမိကြ။ ဖြစ်နိုင်သည်မှာ သူတို့က နေ့စဉ်နှင့်အမျှ မြင်တွေ့နေကြရသည့်အတွက် ပြောင်းလဲမှုကို သတိမမူမိကြခြင်း ဖြစ်ပေလိမ့်မည်။ 


ကျီယွဲ့က အခိုင်အမာ ဆိုလိုက်၏။ 


"ငါ အမှန်အတိုင်း ပြောနေတာ... မယုံဘူးဆိုရင် နောက်ကျ ကျိရှောင်ကျိုးနဲ့အတူတူ မှန်ရှေ့မှာ ရပ်ပြီး ယှဉ်ကြည့်လေ..." 


ထန်ထန်က သူမ မျက်နှာကို ထိကြည့်လိုက်ပြီး သူက သူမနှင့်တူမတူ ယှဉ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 


ကျီယွဲ့က ရေဓာတ်ဖြည့်တင်းသည့် အဆင့်ကို လုပ်ဆောင်ပြီးသွားသည့်အခါ သူမသည် ထန်ထန့် အသားအရေက အလွန်ကောင်းသည်ကို သိလိုက်ရပေသည်။ ထိုသည်မှာ ယခင်ကနှင့် ယှဉ်လျှင် လွန်စွာ ခြားနားနေသည်။ ထို့ကြောင့် ကျီယွဲ့က သိချင်စိတ်နှင့် မေးလိုက်၏။ 


"နင့်ရဲ့ အသားအရေက ဒီအတောအတွင်း ဘယ်လိုလုပ် ဒီလောက်ကောင်းလာရတာလဲ... အရင်က အတော်လေး ကြမ်းပြီး မည်းနေတာ... အခုတော့ ချောမွေ့နူးညံ့ပြီး အသားလည်း ဖြူလာတယ်..."


ထိုအဖြေကို ထန်ထန် သိသဖြင့် ပြန်ဖြေလိုက်သည်။ 


"ကျွန်မက နေ့တိုင်း ဆေးရုံမှာပဲ နေနေရတာလေ... အဲဒီတော့ အသားဖြူလာတာ ပုံမှန်ပါပဲ.... ပြီးတော့ ခန္ဓာကိုယ်ကျန်းမာအောင် ဆေးဖက်ဝင်စွပ်ပြုတ်လည်း သောက်တယ်... အဲဒါက အမျိုးသမီးတွေကို အာဟာရဖြစ်စေပြီး အသားအရေအတွက် ကောင်းတယ်... အဲဒါကို ဆက်တိုက်သောက်လာတာ  ခြောက်လလောက် ရှိပြီ.... အဲဒါကို အခုမှ အာနိသင်ပြတာဆိုတော့ တော်တော်နှေးတယ်ပြောရမယ်..." 


မူလထန်ထန်၏ ခန္ဓာကိုယ်သာ ထိုမျှ အများကြီး ထိခိုက်ထားခြင်း မရှိလျှင် ဆေးဖက်ဝင်စွပ်ပြုတ် အာနိသင်က အစောကတည်းက ပြပြီး ဖြစ်ပေလိမ့်မည်။ သို့သော် မူလပိုင်ရှင်က အမြဲ အရက်သောက်၊ ဆေးလိပ်သောက်ပြီး ညနက်မှ အိပ်တတ်သည်။ ထန်ထန်က ထိုအကျင့်ဆိုးများကို အားလုံး ပြုပြုင်ခဲ့၏။ သူမက ကောင်းကောင်းအိပ်ပြီး ပုံမှန်ထသည်။ ထို့ကြောင့် သူမ ခန္ဓာကိုယ်အခြေအနေက တိုးတက်ပြောင်းလဲလာမည်မှာ ပုံမှန်ပင် ဖြစ်သည်။ 


ကျီယွဲ့က ချက်ချင်း စိတ်ဝင်စားသွားတော့၏။ 


"အဲဒီလို စွပ်ပြုတ်မျိုး ရှိတယ်လား... ငါရော သောက်လို့ရလား.. ငါလည်း ငါ့ခန္ဓာကိုယ်ကို အားဖြည့်ချင်တယ်.." 


"ရတာပေါ့... နောက်ကျရင် အဲဒီနည်းလမ်းကို ရေးပေးလိုက်မယ်... ကိုယ်တိုင် ပြုတ်သောက်လို့ရတာပေါ့... 

ရှင့် လက်ရှိအခြေအနေနဲ့ဆို တစ်လအတွင်း အာနိသင်ပြလိမ့်မယ်..." 


ကျီယွဲ့က စိတ်လှုပ်ရှားမှုကြောင့် သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အနမ်းတစ်ပွင့် မှုတ်ထုတ်ကာ ကျေးဇူးတင်မှုကို ပြသလိုက်သည်။ ထန်ထန်က သူမ၏ ရယ်ရသော အပြုအမူကြောင့် ရွှင်မြူးလာပြီး သူမအား အလျင်အမြန် ပုတ်လိုက်သည်။ 


"တော်ပြီ... ရယ်ရအောင် မလုပ်ပါနဲ့တော့... အရမ်းရယ်နေရင် မိတ်ကပ်တွေ လိမ်းတာ ပျက်စီးသွားလိမ့်မယ်နော်..." 


"အိုခေ.. အိုခေ... အိုခေ... ရပ်တော့မယ်... အခု စပြီးလိမ်းတော့မယ်... ခဏစောင့်..." 


ကျီယွဲ့၏ မိတ်ကပ်လိမ်းခြယ်မှုက အလွန် တော်တာကြောင့် သူမက ယုံကြည်ချက်ရှိစွာဖြင့် ထန်ထန်ကို နောက်ထပ် မျက်နှာခွဲစိတ်ပြုပြင်မှုကဲ့သို့ ဖြစ်သွားစေရန် ကူညီဖို့ ပြင်လိုက်သည်။ သို့ပေမယ့် သူမ စလိမ်းလိုက်သည်နှင့် တစ်ခုခုက မမှန်ကန်ကြောင်း သတိပြုမိကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 


ထန်ထန်က ဇဝေဇဝါနှင့် မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ..." 


ကျီယွဲ့က ထန်ထန့်မျက်နှာကို အသေးစိတ် ထပ်လေ့လာလိုက်သည်။ သူမ ကြည့်လေ အံ့သြလာလေပင် ဖြစ်၏။  


"ထန်ထန်... နင်က အမြဲ မျက်နှာပြောင်နဲ့ နေတာကြောင့် ငါ မပြောနိုင်ခဲ့ပေမယ့် အခု မိတ်ကပ်တင်ကြည့်လိုက်တာနဲ့ တော်တော်လေး သိသာလာတယ်... နင့် ရုပ်ရည်သွင်ပြင်နဲ့ ပင်ကိုစရိုက်က အတော်လေး မလိုက်ဖက်ဘူးပဲ..." 


"ဟမ်... ဘာကို ဆိုလိုတာလဲ..." 


ကျီယွဲ့က သဘာဝအသွင် မိတ်ကပ်အပြင်အဆင်မျိုး ရစေရန် လိမ်းပေးခဲ့သည့် ထန်ထန့် မျက်ဝန်းထောင့်စွန်းကို ထိကာ သက်ပြင်းချလိုက်သည်။ 


"နင့် စရိုက်က ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့ပေမယ့် နင့် အသွင်အပြင်ကတော့ အတော် ထူးကဲတယ်.... အမ်း... နင့် ပုံစံက ကလူမြှူဆွယ်တတ်တဲ့ ဒဏ္ဍာရီအလှတစ်ပါးလိုမျိုးပဲ..." 


ထန်ထန် "...."


သူမ တကယ် ကျီယွဲ့အား ရိုက်နှက်ပစ်လိုက်ချင်ပေသည်။ 


"ဟင်း....." ကျီယွဲ့က ထန်ထန်၏ ဆက်စီကျသောနှုတ်ခမ်းလေးအား မနာလိုစွာ ထိလိုက်သည်။


"ငါက နင့်လို ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်မျိုးကို ကြိုက်တာ... အဲဒါကမှ မိန်းမဆန်တာလေ.. ပြောရရင် အဲဒီလို အသွင်အပြင်ကမှ နတ်ဘုရားတွေကို ရှုံးနိမ့်စေမယ့် အကောင်းဆုံး လက်နက်ပဲ.. ဒါပေမယ့်လည်း ငါ့မှာ သန့်စင်ပြီး နာခံတတ်တဲ့ မိန်းကလေးအသွင်မျိုး ရှိနေတယ်... ပြောကြည့်.. အဲဒါက ဒေါသထွက်စရာ မကောင်းဘူးလား...." 


"...." ထန်ထန်က မရေမရာဖြင့် သူမ မျက်နှာကိုသူမ ထိကာ မေးလိုက်သည်။ 


"ကျွန်မမှာ တကယ် အဲဒီလို အသွင်အပြင်ရှိတာလား..." 


"အဲဒီလိုဆိုတာ ဘာကို ပြောတာလဲ... ဒါက ထူးကဲတဲ့ အဓိပ္ပါယ်ပဲလေ... ဒီလိုအသွင်အပြင်က ယောက်ျားတွေကို ဆွဲဆောင်နိုင်တယ် သိရဲ့လား...."


ကျီယွဲ့က မိတ်ကပ် ဆက်လိမ်းပေးနေသည်။ 


"ကျိယန်က ကံကောင်းတာပဲ... ဆွဲဆောင်နိုင်တဲ့ အသွင်အပြင်ရှိပေမယ့် နူးညံ့သိမ်မွေ့ပြီး ဖြူစင်တဲ့ မိန်းမမျိုး ရထားလို့လေ... ဒါက ယောက်ျားအများစုရဲ့ အိပ်မက်ဆိုပေမယ့် သူက ငယ်ငယ်ရွယ်ရွယ်လေး တစ်ယောက် ရှာတွေ့ထားတယ်လေ... ဒါက လူတွေကို မနာလိုဖြစ်အောင် လုပ်နေတာပဲ... သူ အခုချိန် ဒဏ်ရာနေတာ ကံကောင်းတယ်... မဟုတ်ရင် နင် ဒီည အိပ်ရာထဲကတောင် မထွက်နိုင်မှာ စိုးရတယ်..." 


ထန်ထန့်မျက်နှာက နီစွေးသွားလေသည်။ သူမက ကျီယွဲ့ ပါးစပ်ကိုသာ ပိတ်ထားလိုက်ချင်သည်။ ကျီယွဲ့က အဲဒီလိုစကားကို ဘယ်လိုလုပ် မရှက်ဘဲ ပြောချင်သလို ပြောရဲရတာလဲ။ 


ထန်ထန့် မျက်နှာနီနီကို ပုတ်ရင်း ကျီယွဲ့က ပြောလိုက်၏။ 


"ဘာလို့ ဒီလောက် လွယ်လွယ် ရှက်တတ်ရတာလဲ.... စိတ်လှုပ်ရှားစရာအချစ်ကိစ္စတွေဆိုတာက ဘာမှမဟုတ်တဲ့ သာမန်ပဲလေ... နင့် ယောက်ျားက နင့်ကို စိတ်ဝင်စားတယ်ဆိုတာ ဂုဏ်တောင် ယူရဦးမှာ..." 


ထန်ထန်က ဘာပြောရမလဲ မသိတော့တာကြောင့် ကျီယွဲ့ကို လျစ်လျူရှုရန်သာ ရွေးချယ်လိုက်သည်။ 


ကျီယွဲ့ကလည်း စနောက်နေခြင်းကို ရပ်တန့်လိုက်ကာ ထန်ထန့်အား မိတ်ကပ်လိမ်းပေးခြင်းမှာသာ အာရုံစိုက်လိုက်သည်။ နာရီဝက်လောက်ကြာပြီးတော့ လိမ်းခြယ်ခြင်း ပြီးဆုံးသွား၏။ သူမက စိတ်ကျေနပ်စွာ ခေါင်းညိတ်ရင်း ထန်ထန့်ဆံပင်ကို ဖြည်ချလိုက်ပြီးနောက် ဆံပင်အခြောက်ခံစက်နှင့် ဘီးကို အသုံးပြုကာ ဆံပင်ကို အနည်းငယ် လိမ်လိုက်တော့သည်။  


"အိုခေ... အခု ပြီးသွားပြီ..." 


ကျီယွဲ့က ထန်ထန့်ရှေ့၌ မှန်ကြီးတစ်ချပ် ထားကာ ပြလိုက်သည်။ 


"ကြည့်ပါဦး အလှလေးရေ... ငါ့မှာသာ လောင်ကု ရှိမနေရင် ငါ ကျိန်းသေ နင့်ကို ချစ်မိသွားမှာ... နင် အရမ်း လှတာပဲ.." 


"အပိုတွေ ပြောမနေပါနဲ့..." 


ကျီယွဲ့ရဲ့ စနောက်မှုကြောင့် ထန်ထန်က ပြုံးလိုက်သည်။ ထို့နောက် သူမက မှန်ကို ကြည့်လိုက်လျှင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။ 


မှန်ထဲမှ အမျိုးသမီးက မည်သူနည်း။ 


ထန်ထန် ကြောင်အနေသည်ကို ကြည့်ရင်း ကျီယွဲ့က အလွန် ကျေနပ်နေသည်။ 


"ဘယ်လိုထင်လဲ.... အခု ငါ့ကို ယုံပြီလား.... နင့် ရုပ်ရည်က မိတ်ကပ်နည်းနည်းလိမ်းလိုက်တာနဲ့ ယောက်ျားတွေကို အနိုင်ယူနိုင်တယ်ဆိုတာကိုလေ.... ဒါပေမယ့် အဲဒါကလည်း နင် စကားမပြောမှပါ...မဟုတ်ရင် နင်က ရိုးသားတဲ့ မိန်းကလေးဆိုတဲ့ ခံစားချက်ကိုပဲ ပေးလိမ့်မယ်..."


"ဒါက.. ကျွန်မလား..." 


ထန်ထန်က မှန်ထဲ၌ အခြားတစ်ယောက် ရောက်နေသည်ဟုပင် ထင်လိုက်မိသည်။ 


"ကျွန်မ ဘယ်တုန်းက ဒီလောက် လှသွားတာလဲ..." 


"နင်က အစကတည်းက ရုပ်မဆိုးပါဘူး... နင့်သားက ဒီလောက်ချောတာ နင်က ဘယ်လိုရုပ်ဆိုးမှာလဲ... ပြီးတော့လည်း ငါ့ရဲ့ ထူးချွန်လှတဲ့ အရည်အချင်းနဲ့ဆို နင် မလှချင်ရင်တောင် လှလာမှာပဲ... မိန်းကလေးတစ်ယောက်က မိတ်ကပ်လိမ်းဖို့လည်း လိုတယ်ဆိုတာ အခု သိလာပြီမလား..." 


ကျီယွဲ့က ထန်ထန်ကို ကားထဲမှ ဆွဲထုတ်ကာ ပြောလိုက်သည်။ 


"မြန်မြန်လာ.. ကျိယန်ကို သွားပြကြမယ်... သူ အကြည့်ကို လွှဲနိုင်မှာမဟုတ်ဘူးလို့ ငါ ပြောရဲတယ်..." 


ထန်ထန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။  သူမက  စိတ်ထဲမှ အနည်းငယ် တွေးနေမိပြီ ဖြစ်သည်။ ကျိယန်က သူမ၏ ယခု အသွင်အပြင်ကို ကြိုက်မကြိုက် မသိပေ။ သူ ကြိုက်ခဲ့ရင် သူမက မိတ်ကပ်လိမ်း သင်ကာ သူ့အတွက် နေ့တိုင်း လိမ်းတော့မည် ဖြစ်သည်။ 


ကျီယွဲ့က ထန်ထန့်ကို သူမ နောက်မှာ ဝှက်ကာ ဆေးရုံခန်းထဲသို့ ဝင်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ 


"အားလုံးပဲ.. မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပြီး ငါတို့ရဲ့ အလှလေး ထန်ထန်ကို ကြိုဆိုလိုက်ရအောင်..." 


ထန်ထန်က ကျီယွဲ့၏ ကြေညာချက်ကြောင့် ရှက်ရွံ့သလို ခံစားလိုက်ရပြီး ပြန်ပြေးသွားချင်သော်လည်း ကျီယွဲ့က သူမ လက်မောင်းကို ဆွဲလိုက်သည်။ ထန်ထန်က သတိအနေအထား ဖြစ်သွားပြီး ထွက်လာကာ လူတိုင်းရှေ့၌ ရပ်လိုက်သည်။ အားလုံး၏ အကြည့်များအောက်တွင် ထန်ထန် မျက်နှာက နီရဲလာသည်။ သူမ၏ နီစွေးနေသော မျက်နှာက ပို၍ ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနေ၏။ 


ထန်ထန့်ကို ကြည့်ရင်း လူတိုင်း ရပ်တန့်သွားသည်။ အားလုံးက တိတ်ဆိတ်သွားလေသည်။ သူတို့သည် သူတို့ရှေ့မှ မိန်းမလှလေးက နေ့တိုင်း ဆေးရုံ၌ နေကာ ယောက်ျားနှင့် ကလေးများအား စောင့်ရှောက်ပေးနေသော ထန်ထန် ဖြစ်ကြောင်း ယုံကြည်ရန် ခက်နေပေသည်။ 


ကျိရှောင်ကျိုးနှင့် နောင်နောင်တို့သည်လည်း အံ့သြသွားကာ ထန်ထန့်ကို မလှုပ်မယှက် စိုက်ကြည့်နေကြသည်။ 


ထိုမြင်ကွင်းက ထန်ထန့်ကို ပို၍ ရှက်ရွံ့စေသည်။ ထန်ထန်က ကျိယန်၏ အကူအညီ ရလိုရငြား ကြည့်လိုက်သော်လည်း သူ့အကြည့်များက သူမကို ကြက်သီးထအောင် လုပ်နေသည်။ 


သူ့မျက်လုံးများက ဘာကြောင့် တောက်ပနေသည်ဟု ခံစားနေရသနည်း။ 


"ယောက်ျား.." 


ထန်ထန်က သူ့ကို နူးညံ့စွာ ခေါ်လိုက်သည်။ သူမ၏ ခေါ်သံက ကျိယန်ကို မျက်တောင်ခတ်သွားစေပြီး သူ့အမူအရာက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ သူ၏ ရီဝေနေသော အကြည့်များက ထင်ယောင်ထင်မှား ဖြစ်ခဲ့သလိုပင်။ နောက်တစ်စက္ကန့်၌ သူက သူမကို ခေါ်လိုက်သည်။ 


"ဒီကိုလာ..." 


လျင်မြန်စွာပင် ထန်ထန်က သူ့လက်ကို ကိုင်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမက ရှက်ရွံ့စွာနှင့် အသံတိုးတိုး မေးလိုက်သည်။ 


"ယောက်ျား... ကျွန်မ ဒီလိုမျိုး ကြည့်ကောင်းရဲ့လား..." 


ကျိယန် အကြည့်များက နက်ရှိုင်းနေသော်လည်း သိပ်မသိသာပေ။ သူက အနည်းငယ် ရှတနေသော အသံနှင့် ပြောလိုက်သည်။ 


"အင်း... ကြည့်ကောင်းတယ်..." 


ချက်ချင်းပင် ဆရာက ချီးကျူးခံလိုက်ရသည့်ကလေးလို ထန်ထန်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ 


ထိုအပြုအမူကို ကြည့်ရင်း လူတိုင်းက ထန်ထန် ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သူမ၏ အသွင်အပြင်က ပြောင်းလဲသွားလျှင်ပင် သူမ စရိုက်က အတူတူပင် ဖြစ်သည်။ 


ကျီယွဲ့က ကျိယန်ကို ကြည့်လိုက်ရင်း သူမကိုယ်သူမ ကျေနပ်နေသည်။ 


"ဘယ်လိုထင်လဲ.. ကျိယန်... ငါ နင့်မိန်းမကို ပိုကြည့်ကောင်းအောင် လုပ်ပေးလိုက်တယ်မလား.... ပြောစမ်းပါ... သူမသာ ပိုကြည့်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်လိုက်ရင် နောက်တစ်ဆင့်ကိုတောင် ရောက်သွားလိမ့်မယ်...." 


ကျိယန်က သူမကို စနောက်လိုက်သည်။ 


"ကျွန်တော့် မိန်းမကို လှလာအောင် သိပ်မလုပ်ပေးပါနဲ့.. တော်ကြာ သူများတွေ လာလုမှာကို ကြောက်နေရမယ်..." 


ရှက်နေဆဲဖြစ်သည့် ထန်ထန်မှလွဲလျှင် အကုန်လုံးက ရယ်မောလိုက်ကြ၏။ သူမက ခေါင်းကိုငုံ့ကာ မော့မကြည့်ရဲကြပေ။ 


ကျီယွဲ့က အရယ်ဆုံးပင် ဖြစ်သည်။ 


"ကျိယန် အဲဒီလို လုပ်လို့မရဘူးလေ... သူမ အဝတ်တွေက သူမရဲ့ လှပတဲ့ အသွင်အပြင်နဲ့ မလိုက်ဘူး... ငါ နောက်ကျမှ ထန်ထန့်ကို ရှော့ပင်းထွက်ဖို့ ခေါ်သွားမယ်... နင် မကန့်ကွက်ဘူးမလား.." 


ကျိယန်က ထန်ထန်လက်ကို ခပ်ဖွဖွ ပုတ်နေရင်း မေးလိုက်သည်။ 


"မင်း သွားချင်လား... သွားချင်ရင် သွားလို့ရတယ်... ဒီနေရာမှာပဲ ကိုယ့်ကို စောင့်ရှောက်ပြီး နေရစ်ဖို့ မလိုဘူးနော်..." 


အနည်းငယ် တွေဝေနေပြီးနောက်မှ သူမက ခေါင်းညိတ်လိုက်သည်။ သူမက ကလေးများအတွက် အဝတ်အစား ဝယ်ပေးချင်သည်။ သူတို့က ထွားလာပြီဖြစ်ရာ အဝတ်အစားများက အနည်းငယ် သေးလာပြီ ဖြစ်သည်။ 


"အိုခေ... ဒါဆို သွားလေ..." 


ကျိယန်က ပြောလိုက်ပြီး အံဆွဲထဲမှ ပိုက်ဆံအိတ်ကို ယူကာ ကတ်တစ်ကတ် လှမ်းပေးလိုက်သည်။ 


"ပစ္စည်းတွေ ဝယ်ဖို့ ဒါကို သုံး... ချွေတာဖို့ မလိုဘူးနော်... မင်း ဝယ်ချင်တာသာ ဝယ်လိုက်..." 


"အိုခေ..." ထန်ထန်က ကတ်ကို ယူကာ သူမ ပိုက်ဆံအိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူမက စိတ်ပူစွာ ညွှန်ကြားတော့၏။ 


"ရှင် ဗိုက်ဆာရင် အဲဒီစားသောက်ဆိုင်ကို ဖုန်းခေါ်လိုက်... ကောင်းကောင်းစားနော်... ကျွန်မ ပြန်ရောက်လာရင် ရှင်တို့အားလုံးအတွက် ညစာချက်ပေးမယ်..." 


ကျီယွဲ့က ထန်ထန်ကို အမြန်ဆွဲထုတ်သွားသည်။ 


"တော်လောက်ပြီ... တစ်နပ်တစ်လေလေးကို သူတို့က နင်မရှိရင် ငတ်သေသွားမယ် ထင်လို့လား.. အရမ်းစိတ်ပူမနေနဲ့... ငါတို့ မိန်းကလေးတွေလည်း ကိုယ့်အတွက်ကိုယ် ရှင်သန်ဖို့ လိုသေးတယ်လေ..." 


ကျီယွဲ့က သူမကို အလျင်အမြန် ဆွဲထုတ်သွားတော့သည်။ သူမတို့က ကြီးမားသော ရှော့ပင်းစင်တာတစ်ခုသို့ ဦးတည်သွားလိုက်ကြ၏။ ထန်ထန်က အများကြီး မဝယ်လျှင်ပင် အမျိုးသမီးဗီဇအရ စျေးဝယ်ထွက်ခြင်းကို ဝါသနာပါပေသည်။ ဆယ်မိနစ်အတွင်းမှာပင် သူမက ကျီယွဲ့နောက်မှ လိုက်ကာ ပစ္စည်းများ ပျော်ရွှင်စွာ ရွေးချယ်နေပြီ ဖြစ်သည်။ 


ယခု ထန်ထန်က ဝိတ်တက်လာပြီး သူမအသွင်အပြင်က ပိုကြည့်ကောင်းလာပြီ ဖြစ်သည်။ သူမ၏ ရင်သားများက ကျီယွဲ့ကဲ့သို့ မကြီးသော်လည်း အခြားနေရာများက အကုန် အဆင်ပြေ၏။ ထို့ပြင် သူမ၏ အရပ်က ၁၆၈ စင်တီမီတာ (ငါးပေခြောက်လက်မခန့်) ရှိလေရာ နတ်ဘုရားမတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ 


သူမနှင့် ကြည့်ကောင်းသည့် အဝတ်အစားများ ဝတ်လိုက်သောအခါ 

သူမက အလွယ်တကူ ငွေသုံးတတ်သော လက်ဖွာသည့် အမျိုးသမီးလေး ဖြစ်လာတော့သည်။ ထန်ထန်က ခြိုးခြံချွေတာတတ်လျှင်ပင် မလွတ်မြောက်နိုင်ပေ။ သူမက နောက်ဆုံး၌ အဝတ်အစားသုံးလေးစုံနှင့် ဖိနပ်အရံအနည်းငယ် ဝယ်လိုက်သည်။ သူမ လက်ထဲမှ အထုပ်ကြီးအထုပ်ငယ်တွေကို ကြည့်ရင်း အနည်းငယ် နာကျင်လာသလို ခံစားလိုက်ရပေသည်။ 


ကျီယွဲ့က ထန်ထန်၏ နာကျင်နေသော အကြည့်ကြောင့် ရွှင်မြူးလာပေသည်။ 

ကျီယွဲ့က ထန်ထန့်လက်ကို ဆွဲလိုက်ပြီး ရှော့ပင်း ဆက်ထွက်တော့သည်။ 


"အရမ်း နာကျင်မနေပါနဲ့... ကျိယန်မှာ နင်သုံးဖို့အတွက် ပိုက်ဆံအများကြီး မရှိဘဲ မနေပါဘူး... နင် နေ့တိုင်း လျှောက်သုံးနေရင်တောင် သူက ပေးနိုင်ပါတယ်..." 


နေ့တိုင်း ထိုကဲ့သို့ သုံးပစ်နေပါက ဖြုန်းတီးရာ ကျပေသည်။ နေ့တိုင်း သုံးဖြုန်းနေမည့် ဇနီးတစ်ယောက်ကို လက်ထပ်ရခြင်းက ကောင်းပါ့မလား။ ထန်ထန်က ထိုသို့ ဖြုန်းတီးမနေချင်ပေ။ တစ်ခါလောက် သုံးဖြုန်းလိုက်ခြင်းကပင် သူမကို ရက်များစွာ နာကျင်နေအောင် လုပ်နိုင်စွမ်း ရှိပေသည်။ ယခု ကျီယွဲ့က သူမကို မည်သို့ဆွဲဆောင်ပါစေ သူမကိုယ်တိုင်အတွက် တစ်ပြားမှ ထပ်သုံးဖြုန်းတော့မည် မဟုတ်ပေ။ သူမက ကလေးအဝတ်အစားရောင်းသည့်ဘက်သို့ ကျီယွဲ့ကို ဆွဲခေါ်သွားခဲ့ပြီး ကလေးများအတွက် ဖိနပ်တစ်စုံစီနှင့် ကုတ်အရှည်လေး ဝယ်လိုက်သည်။ အမျိုးသားအသုံးအဆောင်ဘက်တန်းကို ရောက်သွားသည့်အခါ အနွေးထိန်းအတွင်းဝတ် နှင့် ဆောင်းတွင်းကုတ်အင်္ကျီတစ်ထည် ဝယ်လိုက်သည်။ ထို့နောက် သူမက အဘိုးကျိအတွက် ချည်ထည်အချို့ ဝယ်လိုက်သည်။ ထို့နောက် သူမက ထပ်မသယ်နိုင်တော့သည့်အတွက် ထွက်လာခဲ့ကြသည်။ 


ကျီယွဲ့၏ ကားက ရှော့ပင်းစင်တာ မျက်နှာချင်းဆိုင်၌ ရပ်ထားခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က အိတ်ကြီးအိတ်ငယ်များကို မနိုင်မနင်းသယ်ရင်း လမ်းကူးကာ ကားဆီ လျှောက်လာကြသည်။ သူတို့ လမ်းကူးရင်း အလယ်သို့ ရောက်သည့်အခါ နားကွဲလုမတတ် ကားဘရိတ်အုပ်သံတစ်ခုကို ကြားလိုက်ရ၏။ ကျီယွဲ့နှင့် ထန်ထန် နှစ်ယောက်လုံး ထိတ်လန့်တကြား ဖြစ်သွားသည်။ သူတို့ လှည့်ကြည့်လိုက်သည့်အခါ အရှိန်မထိန်းနိုင်ဘဲ သူတို့ထံ တိုးဝင်လာနေသည့် ကားတစ်စီးကို မြင်လိုက်ရသည်။ သူတို့က အလျင်အမြန် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း ကားက အလွန် နီးကပ်လာနေပြီ ဖြစ်သည်။ 


ကျီယွဲ့က လမ်းပေါ် လွင့်ထွက်သွားပြီး ထန်ထန်က ခေါင်းကို တိုက်မိကာ ပြုတ်ကျ၍ သတိလစ်သွားတော့သည်။ 


ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ဖြတ်သွားသူများမှာ ထိတ်လန့်သွားကြတော့၏။ အချို့က ရဲခေါ်ကြသလို အချို့က ဆေးရုံတင်ကား ခေါ်ကြသည်။ ဆေးရုံကားက အလျင်အမြန် ရောက်ရှိလာပြီး ကျီယွဲ့နှင့် ထန်ထန်အပြင် သတိလစ်နေသော ကားသမားကိုပါ ဆေးရုံခေါ်သွားတော့သည်။ 


ကျီယွဲ့က သတိရှိနေဆဲ ဖြစ်သည်။ သူမက အားတင်းကာ ကုကျန်းအန်းထံ ဖုန်းခေါ်လိုက်၏။ ယောက်ျားနှစ်ယောက်က အလွန် စိုးရိမ်ပူပန်စွာဖြင့် အမျိုးသမီးနှစ်ယောက် အပို့ခံလိုက်ရသော ဆေးရုံသို့ အလျင်အမြန် ရောက်ရှိလာကြပေသည်။