အပိုင်း ၆၉၅-၆၉၆
Viewers 37k

Part 695


ကျိုးရှုကွမ်း ခေါင်းခါလိုက်မိသည်။ လွမ်ယောင်ဟွေ့က ထိုကိစ္စများကို နားလည်မည်မဟုတ်ပေ ။


လွမ်ယောင်ဟွေ့ : " မင်းပြောသလိုသာဆို တပ်ထဲသွားကြမှာလား "


ကျီထင်ရှန်းက မျက်မှောင်ကြုံ့သွားလေသည်။


 " ဒါဆို ဘယ်လိုလုပ်ကြမှာလဲ လက်မှတ်လည်းမရှိတော့ဘူး ပိုက်ဆံလည်း တစ်ပြားမှမကျန်တော့ဘူးဆိုတော့ အဲ့လိုမလုပ်ရင် အငတ်ခံပြီးသေမှာလား "


စားစရာမရှိလို့ဆိုပြီး တောင်းစားနေကြမှာလား ။ 


သုံးယောက်လုံး ငြိမ်ကျသွားမိသည်။ 


" ဟေး ငါတို့ပေါင်းပြီး ကလေးတွေ ပြန်ပေးဆွဲကြမလား ... ဟားဟား " ကျီထင်းရှန်က နောက်သည်။ 


ကျိူးရှုကွမ်း : " ငါ့မှာ မိဘတွေ ရှိသေးတယ် "


" ဒါဆိုလည်း အဲ့ဒီ့လူချောလေးကိုပဲ ဖမ်းကြမလား " ကျီထင်းရှန်က ပြုံးနေလေ၏။ 


" တောမှာလည်း အဲ့လို စိတ်၀င်စား ကောင်မလေးတွေ ရှိတာပဲလား "


လွမ်ယောင်ဟွေ့ : " ငတုံးကောင် ဘာအဓိပ္ပာယ်နဲ့လဲ အရိုက်ခံရတာကို မမှတ်သေးဘူးလား မင်းနိုင်မှာမို့လို့လား မိန်းမယူမှာဆိုရင် တပ်ထဲလည်း ၀င်မနေနဲ့တော့ "


ကျီထင်းရှန် : " ရူးနေလား ငါက အခုမှ ဆယ့်ခြောက်နှစ်ပဲရှိသေးတာ ယူစရာလားကွ "


ကျီထင်းရှန်၏အကြည့်များကို တစ်နေရာမှ ဖမ်းစားသွားလေသည်။ ဆူးနှင်းဆီလေးက တံခါးနားတွင် ထိုင်နေတာဖြစ်သည်။ ထိုကောင်မလေးသည် အခြားသူများနှင့် ရယ်ရယ်မောမောရှိနေပြီး ကျီထင်းရှန် ထိုသည်ကို ပွင့်လန်းလာသော ပန်းလေးတစ်ပွင့်နှယ် မြင်နေမိသည်။ 


ထိုကောင်မလေးသည် ကလေးမျက်နှာလေးနှင့် ရှိနေဆဲဖြစ်ပြီး သူမ၏ မိသားစုများကြားတွင် ကလေးလေးတစ်ယောက်လိုပဲ ပြုမူနေပြီး မျက်လုံးလေးများကလည်း သိမ်သိမ်မွေ့မွေ့လေးဖြစ်ပေသည်။


သူကြည့်နေသည်ကို ခံစားမိသွား၍လားမသိ ရုတ်တရက်လှည့်ကာ မျက်စောင်းထိုးလာလေသည် ။


ကျီထင်းရှန် အံ့သြသွားမိကာ အကြည့်လွှဲလိုက်မိသည်။ ၀ါး... တကယ်ပဲ မခေပါလား ။


မိုင်ဆွေ့ ကျီထင်းရှန်အား ပြန်ကြည့်ပေးပြီးနောက်တွင် ထိုင်နေသည့်ဟန်ကို ပြင်လိုက်သည်။ 


အား၀မ် : " ဘာဖြစ်လို့လဲ "


မိုင်ဆွေ့ : " အဲ့ဒီ့ ပန့်ခ်သုံးယောက်က ဘယ်ကရောက်လာတာလဲမသိဘူး "


အား၀မ်က လှမ်းကြည့်ပြီးနောက် ရယ်လိုက်လေသည်။ " ပန့်ခ်တွေမဟုတ်ပါဘူး "


တစ်ချိန်တည်းမှာပဲ ရထားသည် ဘူတာတစ်ခု၌ ရပ်လိုက်သဖြင့် ခရီးသည်များက အတင်းတိုးကြိတ်ကာ တက်နေကြပြန်လေ၏။ 


အား၀မ် မိုင်ဆွေ့ကို လက်ကဆွဲ၍ ခေါ်လိုက်သည်။ " သွားကြည့်ပြီး ပြန်လာရအောင် "


မိုင်ဆွေ့လည်း လိုက်သွားလိုက်သည်။


ကျီထင်းရှန် ထိုသည်ကိုကြည့်၍ မဲ့လိုက်မိသည်။


 " ငယ်ငယ်လေးပဲ ရှိသေးတာကိုကွာ "


ကျိုးရှုကွမ်း : " ဘာတွေဖြစ်နေတာလဲ ဒီအတိုင်းရင်းနှီးကြတာနေမှာပါ  "


ကျီထင်းရှန် : " ငါ့မှာညိိီမမှမရှိတာ ဘယ်သိမှာလဲကွ "


မိုင်ဆွေ့နှင့်အား၀မ်ပြန်လာသည်အထိ လင်းလန်က အိပ်နေဆဲပင်ဖြစ်သည်။


လူများ ထပ်တက်လာကြသဖြင့် အတွဲငါး၌ အနံ့အသက်များက ပိုပြင်းလာလေသည်။


ရထား၀န်ထမ်းများက တွန်းလှည်းများတွန်းကာ နေကြာစေ့များ ၊ မုန့်များနှင့် အအေးများကို လိုက်ရောင်းနေလေ၏။ စျေးကြီးလွန်းသဖြင့် ချမ်းသာသူများမှလွဲလျှင် ၀ယ်မစားနိုင်ကြသည့်အရာများ ဖြစ်ပေသည်။ 


အတွဲငါးသ်ို့ရောက်လာကာ အော်ရောင်းနေသဖြင့် လင်းလန် နိုးသွားလေသည် ။ 


ရထား၀န်ထမ်းသည် ရောင်းနေရင်းဖြင့် ရထားအတက်အဆင်းလုပ်ရာတွင် ပြုတ်ကျမည်စိုး၍ အလျင်မလိုကြရန် ပြောနေသေးသည်။


လင်းလန် အပြင်ကိုကြည့်လိုက်မိသည့်အခါ နေအလင်းရောင် ရှိနေဆဲပင်ဖြစ်သည်ကို တွေ့လိုက်ရသည်။ မြို့သို့ရောက်ရန် သုံးပုံနှစ်ပုံလောက် လိုသေးပေသည်။ ယခုခေတ်၌ တစ်နာရီလျှင် ကီလို၉၀အလျင်ဖြင့်သာ သွားနိုင်တာဖြစ်သဖြင့် ခရီးသိပ်မတွင်ပေ ။


လမ်းတစ်လျှောက်တွင် ဆောင်းရာသီရိတ်သိမ်းချိန်ကြောင့် လယ်ကွင်းများထဲ၌ အလုပ်လုပ်နေကြသည်များကို မြင်နိုင်ပေသည်။


လင်းလန် နာရီကိုကြည့်၍ ကလေးများကို သတိပေးလိုက်သည်။ 


" ရေဒီယို နားထောင်ကြရအောင် " 


နေ့လယ်ခင်းနှင့် ညနေခင်းများတွင် အားကစားသတင်းများ လွှင့်တက်ပေသည်။


မိုင်ဆွေ့က ချက်ချင်းပင် ရေဒီယိုကိုထုတ်၍ စားပွဲပေါ်သို့တင်လိုက်လေသည်။ ဘေးမှ ခရီးသည်များကလည်း စိတ်၀င်တစား နားထောင်နေကြသည်။


ပထမလွှင့်နေသည်များက သတင်းများနှင့် သီချင်းများဖြစ်လေသည်။ ခဏအကြာမှသာ အမျိုးသမီးတင်ဆက်သူ၏ အသံက်ိုကြားလိုက်ကြရသည်။


 " ယခုကျင်းပနေခဲ့တာကတော့ ၇၃ကြိမ်မြောက် ခရိုင်စုအဆင့် ဆောင်းရာသီရေကူးပြိုင်ပွဲပါ ပြိုင်ပွဲကိုတော့ မြို့တော်က ပြည်သူ့ခန်းမဆောင်မှာ ကျင်းပတာဖြစ်ပါတယ် ဒီ​နေ့ပြိုင်ပွဲကတော့ အကြိုဗိုလ်လုပွဲပါ ၊ ရေကူးသမားငယ်လေးတစ်ယောက်ကတော့ အစွမ်းတွေ ထုတ်ပြသွားခဲ့ပါသေးတယ်ရှင် ၊ ရေကူးတာက မြန်လွန်းလို့ ရေထဲမှာ ဘီးလေးလည်နေသလိုပဲလို့ ပြောကြပြီး သူကတော့ သူကိုယ့်သူ ဘဲနက်တစ်​ကာင်လို့ ဆိုပါတယ်  ၊ ဆယ်နှစ်ပဲရှိသေးပေမယ့် တစ်အုပ်စုထဲက ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ကလေးတွေကို ကျော်သွားခဲ့တာပါ .... "


ရထားပေါ်တွင်ဖြစ်၍ လိုင်းကမငြိမ်ပေ။ 


ရှောင်၀မ်က စိတ်မထိန်းနိုင်တော့၍ ရေဒီယိုကို ကောက်ကိုင်လိုက်လေသည်။ 


" မြန်မြန်ပြောလေ စန်း၀မ်ကောဟုတ်တယ်မလား "


မိုင်ဆွေ့ : " သူပဲနေမှာ ... ရေဒီယိုမှာ ဘဲနက်အကြောင်းပါ ပါလာပြီပဲ ဟားဟားဟား "


အား၀မ် : " စန်း၀မ်တော့ ဒေါသထွက်နေတော့မှာပဲ သူပြောနေကြက ငန်းနက်ကြီးလို့ပြောနေကြလေ  "


(ဘဲတွေက လမ်းလျှောက်ရင် ကွတကွတနဲ့ ပြီးတော့ ရေကူးတာလည်း မမြန်ဘူးလေ ၊ ဘာလို့ ဘဲနက်ဖြစ်ရမှာလဲ ။ 


သေချာပေါက် ငန်းနက်ကြီးပဲပေါ့ ... )


စန်း၀မ်က ထိုသို့ပြောနေကြဖြစ်ပေသည်။ 


ထိုအချိန်တွင် အမျိုးသားတစ်ယောက်၏ ကြေညာသံက်ို ပြန်၍ကြားလိုက်ကြရသည်။


 " ဒီလူငယ်လေးက အရမ်းတော်လွန်းပါတယ်ဗျာ ငါးတစ်ကောင်လိုပဲ ကူးနေတာက မသိရင် ရေနတ်ဘုရားရဲ့ သားတော်ကြနေတာပဲဗျို့ ..."


" ... မနက်ဖြန်ကြရင်တော့ စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲ ... " 


လိုင်းပျောက်သွားပြန်လေ၏။ 


ရှောင်၀မ်က တစ်ခစ်ခစ် ရယ်နေလေ၏။ " အရှေ့ကနေ အနောက်ကိုကူးတယ်ကွယ် ငါးလေးတစ်ကောင်နှယ် ~ " 


ရေဒီယိုမှ တစ်စွန်တစ်ဖျားကိုသာ ကြားလိုက်ရသော်လည်း လင်းလန်တို့ ပျော်နေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မြို့တော်သို့သွားခဲ့ပြီး မကြာခင်မှာပဲ စန်း၀မ်က ရေဒီယိုထဲ၌ ပါလာလေသည်။ 


ရှောင်၀မ်က စန်း၀မ်လိုပင် အတုယူပြီး ရေကူးဟန်လုပ်ပြနေသည်။ 


" စန်း၀မ်က ဒီလိုကူးတာမလား မားမား ဒါကိုဘယ်လိုခေါ်တာလဲ "


လင်းလန် : " မားမားလည်း မသိဘူးလေ အလွတ်တန်းကူးတာလား ဒါမှမဟုတ် လိပ်ပြာကူးလား စန်းကောရော သိလား " 


လင်းလန် ဟန်ချင်စုန့်ကို စလိုက်သည်။


ဟန်ချင်စုန့်တ်ို့သည် ပရော်ဖက်ရှင်နယ် ရေကူးသမားများမဟုတ်၍ အားကုန်သက်သာကာ အလွယ်ဆုံးဖြစ်သည့် အလွတ်တမ်းကူးနည်းကိုသာ ကူးကြတာဖြစ်သည်။ 


" တိုက်ရိုက်လွှင့်တာမရှိတော့ နှမြောစရာပဲ " 


လင်းလန် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ ပြန်ကြည့်လို့ရမည့် ဗွီဒီယိုလည်း မရှိလောက်ပေ ။


ခဏအကြာတွင် ညစာစားချိန်သို့ ရောက်လာလေသည်။ 


နွေရာသီ၌ အစားအသောက်များသည် သိုးလွယ်သဖြင့် လင်းလန် အိမ်မှ ပြင်မလာခဲ့ပေ ။ ယခုဆို ပေါက်စီနှစ်လုံးသာ ကျန်လေတော့သည်။ ထို့ကြောင့် ကလေးများအား ရထားပေါ်မှ ညစာကို၀ယ်ကျွေးမည်ဟု တွေးထားသည်။ မြို့ကိုပထမဆုံးအနေဖြင့်သွားတာဖြစ်၍ ရထားပေါ်မှ အစားအစာကိုလည်း ပထမဆုံးစားဖူးစေချင်မိသည်။ 


သို့ဖြစ်၍ ဟန်ချင်စုန့်နှင့်အတူ ကလေးများကိုခေါ်၍ စျေးကြီးသော်လည်း အရည်အသွေးမကောင်းသော ညစာကို၀ယ်ရန် ထွက်လာလိုက်တော့သည်။ 


Xxxxxxx

Part 696


ဟင်းနှစ်ပွဲ ၊ အချဥ်တစ်ခွက်နှင့် ခေါက်ဆွဲနှစ်ပွဲ ၊ ပြောင်းဆန်ပြုတ်နှင့် ပေါက်စိီများကို ၀ယ်လိုက်သည်။ 


လူတစ်ယောက်သည် ရထားပေါ်မှ အစားအစာများက စျေးကြီးသော်လည်း အရသာမရှိကြောင်း ညည်းညူနေလေ၏။ 


" မားမား သမီးလည်း ရထားပေါ်က အစားအသောက်တွေကို နောက်ထပ်မစားချင်တော့ဘူး " မိုင်ဆွေ့ကလည်း အတူတူပင် ပြောလာလေသည်။


လင်းလန် ရယ်လိုက်မိသည်။ 


" တစ်ခါမှမစားဖူးရင် ဘယ်လောက်ဆိုးတယ်ဆိုတာကို ဘယ်သိမှာလဲ မဟုတ်ဘူးလား ဒါကို ပိုက်ဆံပေးပြီး ဗဟုသုတ၀ယ်တယ်လို့ ပြောလို့ရတယ် ဘာပဲဖြစ်ဖြစ် ဗိုက်တော့၀သွားတာပဲလေ "


ကလေးများသည် မသိခင်က ရထားပေါ်က အစားအစာများက အလွန်အရသာရှိမည်ဟု ထင်နေခဲ့ကြတာဖြစ်သည်။ ပုံမှန်စားနေကြအရာများလောက်မကောင်းသော်လည်း ဗိုက်၀အောင် စားလိုက်ကြရလေသည်။ ထို့နောက်တွင် ရယ်ကာမောကာဖြင့်ပင် ပြန်ထိုင်နေကြလေ၏။ 


ရှောင်၀မ်က တစ်၀ါး၀ါး သမ်းနေပြီးနောက်တွင် တ၀မ်၏လက်မောင်းကြားတွင် အိပ်ပျော်သွားလေသည်။ 


မှောင်ရိပ်သန်းကာ ခုနစ်ရာရီအချိန်တွင် ရထားသည် မြိုသို့ ရောက်ခါနီးနေပြီဖြစ်သည် ။ ဤခေတ်၌ ရထားများသည် နောက်ကျတတ်ဆဲဖြစ်၍ ဘူတာကြီးသို့ ညရှစ်နာရီခွဲအချိန်မှသာ ဆိုက်လေသည်။ 


သို့ဖြစ်၍ လုံး၀မှောင်နေပြီဖြစ်သည်။ 


ဟန်ချင်စုန့်က ရှောင်၀မ်ကို ချီလိုက်ပြီး တ၀မ်နှင့်အား၀မ်က အထုပ်များကိုဆွဲကာ မိုင်ဆွေ့နှင့်လင်းလန်က ကျောပိုးအိတ်များကို သယ်လိုက်ကြသည်။ 


မြို့သို့ရောက်သောအခါ ရထားပေါ်မှ ခရီးသည်သုံးပုံနှစ်ပုံသည် ဆင်းကြသဖြင့် တံခါးပေါက်သို့ ဒီရေအလားတိုးနေကြလေ၏။ 


" မတိုးကြနဲ့ မတိုးကြနဲ့ ငါ့ဖိနပ်ရော ဖိနပ်ကျွတ်သွားပြီ "


လင်းလန် : " ဒီလိုဘူတာကြီးမှာဆို အကြာကြီးရပ်ပေးလိမ့်မယ် စိတ်မပူနဲ့ တိုးဖို့မလိုဘူး " 


တ၀မ်နှင့်အား၀မ်က ရှေ့မှဦးဆောင်ကာ အလယ်တွင် မိုင်ဆွေ့နှင့် လင်းလန်ရှိပြီး နောက်ဆုံးတွင် ဟန်ချင်စုန့်က ရှောင်၀မ်ကို ချီထားလေသည်။ လင်းလန် ရှောင်၀မ်၏ ခြေထောက်ကို လှည့်ကြည့်လိုက်မိသည်။ အိပ်ပျော်နေသဖြင့် ဖိနပ်ကျွတ်ကျကာ ကျန်နေခဲ့မည်စိုး၍ ဖြစ်ပေသည်။ 


ဟန်ချင်စုန့်က ရှောင်၀မ်အား လက်တစ်ဖက်ဖြင့်ချီလိုက်ကာ သူ့ပုခုံးပေါ်တွင် ခေါင်းတင်စေလိုက်ပြီး ကျန်လက်တစ်ဖက်က လင်းလန်ကို ကာထားပေးလေသည်။ 


" မြန်မြန်သွားကြလေ " ကျီထင်းရှန်တို့သုံးဦးက အတွဲခြောက်မှ အတွဲငါးသို့ကူးလာကာ ဟန်ချင်စုန့်တို့နောက်သို့ ရောက်လာလေသည်။ 


အသံကြား၍ ဟန်ချင်စုန့် လှည့်ကြည့်လိုက်မိသည်။ 


ကျိုးရှုကွမ်းက ခေါင်းလေးငုံ့ကာ " မင်္ဂလာပါ ဦးလေးဟန် " ဟုနှုတ်ဆက်သည် ။


ဟန်ချင်စုန့်က မျက်နှာသေဖြင့် ခေါင်းသာပြန်ညိတ်ပြပြီး စကားမပြန်ပေ ။


ကျီထင်းရှန် : " ဟန်၀မ်ကော ဘယ်သွားမလို့လဲ " 


အား၀မ် : " အစ်ကိုကြီး မေးနေတယ်လေ "


တ၀မ် : " ငါ့ကို လာမ​ခေါ်နဲ့ "


အစ်ကိုကြီးက ဘယ်သူ့ကိုပြောနေသည်ကိုသိချင်၍ လှည့်ကြည့်မိသည့်အခါတွင် သူမအား မျက်စိမှိတ်ပြနေသော ကျီထင်းရှန်ကို တွေ့လိုက်ရ၍ မိုင်ဆွေ့နှုတ်ခမ်းဆူ ကာ ပြန်လှည့်လိုက်မိသည် ။


ရထားပေါ်မှဆင်းပြီးနောက်တွင် လူအုပ်ကြီးနောက်မှလိုက်ကာ ဘူတာအပြင်သို့ ထွက်လာလိုက်ကြသည်။ 


ဟန်ချင်စုန့် : " ကျင်းရှို့ စာထဲမှာရေးထားတာတော့ ကြိုဖို့ လူလွှတ်လိုက်မယ်တဲ့ "


လက်မှတ်စစ်ဆေးသူက ရထားလက်မှတ်များကို အပေါက်ဖောက်ပေးပြီးမှ ထွက်သွားခွင့်ပြုသည်။ 


" ခေါင်းဆောင်ဟန် ... " ၇၁ စတိုင်စစ်စိမ်းရောင် ၀တ်စုံက်ု၀တ်ထားသော စစ်သားတစ်ယောက်က ပြုံးပြကာ ပြေးလာပြီး ဟန်ချင်စုန့်တို့သုံးဦးကို လာဖက်လေသည်။ 


ဟန်ချင်စုန့် လင်းလန်ကိုဖက်ထားသော လုကျင်းရှို့၏လက်အား ချက်ချင်းပင် ဆွဲဖယ်ပစ်လိုက်သည်။ 


လုကျင်းရှို့က စပ်ဖြဲဖြဲနှင့် ရယ်နေလေ၏။ 


" ခေါင်းဆောင်ဟန်ကလည်းဗျာ အခုမှပြန်တွေ့တာကို နည်းနည်းလောက် မျက်နှာသာပေးပါဦးဗျာ "


ဟန်ချင်စုန့်လည်း လွှတ်ပေးလိုက်တော့သည်။ 


လုကျင်းရှို့က လက်၀ါးချင်းရိုက်လိုက်လေသည်။


 " ကျိုးရှောက်တုန်းသာမရှိရင် ခေါင်းဆောင်ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး " 


ထို့နောက်လင်းလန်အား ပြုံးပြလာသည်။ " မရီးကို တွေ့ချင်နေတာ ကြာပြီဗျာ "


လင်းလန် မျက်နှာရဲသွားမိသည် ၊ မှောင်နေလို့သာ တော်သေးပေသည်။ လုကျင်းရှို့အား လက်ချင်းဆွဲ၍ ပြန်နှုတ်ဆက်လိုက်သည်။ 


" ထောက်ပံ့ရေးအရာရှိလုကို အလုပ်ရှုပ်အောင် လုပ်မိသွားပါတယ်ရှင် "


" ဘာကို ထောက်ပံ့ရေးအရာရှိလုတွေ ဘာတွေခေါ်နေရတာလဲ မရီးရာ "


ဟန်ချင်စုန့် လင်းလန်၏ လက်အားပြန်ဆွဲယူလိုက်သည်။ " လုကျင်းရှို့တဲ့ ကျင်းရှို့လို့ပဲခေါ်လို့ရတယ် "


လုကျင်းရှို့ : " ခေါင်းဆောင်ရေ ကျွန်တော့်နာမည်ကို လုကျဲဖန်လို့ ပြောင်းထားတယ်လို့ ပြောထားတယ်မလား ... ကျွန်တော့်နာမည်က ... ထားလိုက်ပါတော့ ကျင်းရှို့လို့ပဲ ခေါ်ပါတော့ "


ဟန်ချင်စုန့် ကလေးသုံးယောက်ကိုခေါ်၍ နှုတ်ဆက်ခိုင်းလိုက်သည်။


" ဦးလေးလု မင်္ဂလာပါ "


လုကျင်းရှို့ ကလေးသုံးယောက်ကို ကြည့်လိုက်မိသည်။ တ၀မ်ကိုမြင်သောအခါ ပုခုံးကို နှစ်ချက်မျှ ပုတ်ပေးလိုက်မိသည်။


တ၀မ်က မျက်နှာသေဖြင့်ပင် ရှိနေလေ၏။ 


" ကြည့်ကောင်းသားပဲကွ "  လုကျင်းရှို့က ဟန်ချင်စုန့်ထံ လှည့်မေးသည်။ " ဒီကို ပို့ပေးမှာလား "


ဟန်ချင်စုန့် : "  မင်း ပြောကြည့်လေ "


လုကျင်းရှို့ : " အသေအချာပဲ "


ဟန်ချင်စုန့် : " စည်းကမ်းဖောက်သလို ဖြစ်နေလိမ့်မယ် "


ဟန်ချင်စုန့်က ယခင်လိုပင် မပြောင်းလဲသေးသည်ကို သိသဖြင့် လုကျင်းရှို့ လင်းလန်ထံသို့သာ အာရုံပြောင်းလိုက်မိသည်။ လင်းလန်နှင့် မိုင်ဆွေ့အား လှပကြောင်း ချီးမွမ်းကာ ကောင်လေးနှစ်ယောက်ကို ရုပ်ချောကြောင်း ပြောပေးလိုက်သည်။ 


" မရီး " လူကျင်းရှို့က ခေါ်သည်။ 


ထိုခေါ်သံ၏ နောက်ကွယ်တွင် စနောက်နေချင်စိတ်များပါနေသည်ဟု လင်းလန် ထင်နေမိသည်။ 


" နည်းနည်းလောက် ကြာကြာနေကြပေါ့ဗျာ အိမ်ရှင်အနေနဲ့ ကျွန်တော်လည်း အလည်အပတ်လိုက်ပို့ပေးပါဦးမယ် "


လင်းလန် ပြုံးပြလိုက်သည်။ " ရပါတယ်ရှင် အလုပ်အားမှ အဲ့လိုလုပ်ပါရှင် "


လုကျင်းရှို့ ဟန်ချင်စုန့်တို့မိသားစုအား ကားဆီသို့ခေါ်သွားလိုက်သည်။ ရပ်ထားသော ဂျစ်ကားနှစ်စိိီးကိုမြင်မှ သတိရသွားပြီး နဖူးလက်ပြန်ရိုက်လိုက်မိသည်။ 


" ခေါင်းဆောင်ဟန်ကိုတွေ့လို့ အပျော်လွန်ပြီး မေ့သွားတယ်ဗျာ ကောင်လေးသုံးယောက်က်ိုလည်း ကြိုရဦးမှာ "


ဟန်ချင်စုန့်တို့အား စောင့်ခိုင်းထားခဲ့ပြီး ပြန်သွားမည်အလုပ်တွင် ကောင်လေးသုံးယောက်က သူတို့ရှိရာသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။


ကျိုးရှာကွမ်းက ရှေ့ထွက်လာကာ မေးသည်။ 


" တစ်ဆိတ်လောက်ဗျ ဦးလေးက ဦးလေးကျိူးရဲ့ ရဲဘော်ဆိုတဲ့သူလားဗျ "


လုကျင်းရှို့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားလေသည်။


 " မင်းတို့သုံးယောက်က တပ်ထဲ၀င်မယ်ဆိုတဲ့ သူတွေလား "


ထိုသုံးယောက်သည် ရထားပေါ်ကလို မပြုမူရဲတော့ဘဲ အမြှီးကုပ်နေကြလေ၏။ " မင်္ဂလာပါ အရာရှိလု "


တစ်ယောက်ချင်းစီက လုကျင်းရှို့အား မိတ်ဆက်ကြလေသည်။


လုကျင်းရှို့က လက်ဆွဲကာ နှုတ်ဆက်ခြင်းလည်း မပြုဘဲ ကားပေါ်သို့သာ တက်ခိုင်းလိုက်လေ၏။ 


ဟန်ချင်စုန့်က ရှောင်၀မ်ကိုချီကာ လုကျင်းရှို့၏ ဘေးခုံတွင် ၀င်ထိုင်လေသည်။ အနောက်တွင် လေးယောက်ထိုင်ခြင်းက ကြပ်နေသဖြင့် တ၀မ်က ကျီထင်းရှန်တို့နှင့် အတူသွားစီးသည်။


Xxxxxxx