အပိုင်း ၆၉၇-၆၉၈
Viewers 37k

Part 697


လုကျင်းရှို့က ကိုယ်တိုင်ကားမောင်းနေတာဖြစ်ပေသည်။


 " ကျောင်းအဆောင်တွေက သိပ်မကောင်းဘူး တကယ်က မရီးတို့မိန်းကလေးတွေအတွက် စဥ်းစားရရင် တည်းခိုဆောင်မှာ နေသင့်တာ "


ဟန်ချင်စုန့် : " စည်းမျဥ်းနဲ့ မညီဘူးမလား "


" မဖြစ်ပါဘူး ဒါက ယဥ်ကျေးဖော်ရွေတာပဲဟာ "


 လုကျင်းရှို့က စကားပြောခြင်း၌ သိမ်မွေ့သော်ငြား ကားမောင်းရာတွင်မူ ယိုင်ထိုးနေကာ မြန်လွန်းနေလေ၏။ 


ဟန်ချင်စုန့် စတီယာရင်ကို လှမ်းဆွဲလိုက်သည်။


 " မင်း သောက်ထားပြန်တာလား "  


လုကျင်းရှို့ : " ...... "


ဟန်ချင်စုန့် လက်ပြန်ဖယ်သွားသည့်အခါတွင် လုကျင်းရှို့က အမြန်မမောင်းရဲတော့ပေ ။


နောက်ကားရှိ ဒရိုင်ဘာသည် ချွေးပြန်နေပြီဖြစ်သည်။ ခေါင်းဆောင်ကျိုးထက်တောင် ဆိုးသေးတာပဲ ။ မောင်းနေတာက လုံး၀ကိုငြိမ်မနေဘူး။


ယခုအချိန်ရှိ မြို့တော်သည် အကျယ်ကြီးမဟုတ်သေးပေ ။ ၆၀ စတုရန်းကီလိုမီတာလောက်သာကျယ်ပြီး ညအချိန်ဖြစ်၍ လမ်းများ၌ လူရှင်းနေသောကြောင့် သိပ်မကြာလိုက်ခင်မှာပဲ ဧည့်ဆောင်သို့ ရောက်သွားလေသည်။


ကားပေါ်မှ ဆင်းပြီးနောက်တွင် လုကျင်းရှို့က လုပ်ရိုးလုပ်စဥ်များကို အရင်လုပ်လိုက်သည်။ လူကျင်းရှို့ကိုမြင်သောအခါ တပ်သားလေးက လာနှုတ်ဆက်သည်။


လုကျင်းရှို့က အခန်းနှစ်ခန်း တောင်းပေးသည်။ 


ဟန်ချင်စုန့်က ပါလာသောစာတမ်းများကို ထုတ်ပေးလိုက်ကာ " ခုတင်အပိုပါတဲ့ အခန်းတစ်ခန်းပဲပေးပါ " ဟုဆိုလိုက်သည်။


လုကျင်းရှို့က လင်းလန်အားကြည့်ကာ " မရီး အ၀တ်အစားတွေရော လောက်အောင်ယူခဲ့ရဲ့လား " ဟုမေးသေးလေသည်။ 


ထို့နောက် သူ့ခွင့်ပြုကတ်ကို ကမ်းပေးသေးသည်။


ဟန်ချင်စုန့်က စကားပြောမည်အလုပ်တွင် လုကျင်းရှို့က ဆက်ပြောပြန်သည်။


 " ကျွန်တော့်မှာသာ အိမ်ရှိရင် ဒီလိုတည်းဖို့လိုမှာ မဟုတ်ဘူးဗျာ"


အခန်းသော့များရပြီးသည့်အခါတွင် လင်းလန်က ကလေးများကိုခေါ်၍ အရင်ထွက်သွားလေသည်။ လုကျင်းရှို့က ထိုကောင်လေးသုံးဦးအကြောင်းကို ဟန်ချင်စုန့်အား ပြောပြနေသည်။ 


ဟန်ချင်စုန့်က မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ ။ 


" ခေါင်းဆောင်ဟောင်းရဲ့ ဆွေမျိုးတွေလား "


လုကျင်းရှို့က ဟန်ချင်စုန့် စိတ်ခုသွားမည်ကို စိုးရိမ်နေလေသည်။ 


" ကျိုးရှောက်တုန်းနဲ့ ဆွေမျိုးတော်တယ်ထင်တယ် အတွေ့အကြုံရအောင် လွှတ်လိုက်တာလို့ ပြောတာပဲ "


ဟန်ချင်စုန့် : " ငါ့ကို ဂရုစိုက်မနေနဲ့ ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါ "


ထို့နောက်တွင် ဟန်ချင်စုန့်က လင်းလန်တို့နောက်သို့ လိုက်သွားလိုက်၏။ 


လုကျင်းရှို့ ထိုဆယ်ကျော်သက်လေး သုံးယောက်က်ို ခေါ်လိုက်သည်။ " ထောက်ခံစာတွေရော "


ကျိုးရှုကွမ်းက လွယ်အိတ်ထဲမှ စာရွက်တစ်ထပ်ကြီးကို ထုတ်လိုက်လေသည်။ 


လုကျင်းရှို့ ယူဖတ်ကြည့်ပြီးနောက်တွင် ကျီထင်းရှန်ကို ကြည့်လိုက်သည်။ 


" မင်းတို့ တပ်ထဲ၀င်ချင်တာ သေချာရဲ့လား "


ကျိုးရှုကွမ်း : " ဦးလေးလု ကျွန်တော်တို့ကို လက်ခံပေးပါ မဟုတ်ရင်တော့ ကျွန်တော်တို့ လမ်းဘေးရောက်သွားလိမ့်မယ် လူအိုကြီးက ကျွန်တော်တို့ကို သုံးနှစ်တိတိ အိမ်ပြန်လာခွင့် မပြုဘူးလို့ ပြောလိုက်တယ် "


လုကျင်းရှို့ မျက်ခုံးတစ်ဖက်ပင့်၍ မေးလိုက်သည်။


 " အဲ့လိုသာဆို ငါ ပြောချင်တာက မင်းတို့ နေရာမှားလာတယ်ဆိုတာကိုပဲ "


သုံးယောက်လုံး မျက်နှာလွှဲလိုက်မိကြသည်။ 


လုကျင်းရှို့ ထောက်ခံစာကို ချလိုက်ပြီး အခန်းတစ်ခန်းပေးရန် ပြောလိုက်သည်။ 


ကျီထင်းရှန် : " ကျွန်တော်တို့ လိုချင်တာက..." သီးသန့်ခန်းဟု ဆက်ပြောလိုက်ချင်သော်လည်း ကျိုးရှုကွမ်းက တားလေသည်။ 


အခန်းသော့ရလာပြီးနောက်တွင် လုကျင်းရှို့က ဆက်ပြောပြန်သည်။


 " မင်းတို့ ဒီမှာပဲ ညစာစားရမယ် နောက်နှစ်ရက်နေလို့ ခေါင်းဆောင်ပြန်ရောက်လာရင် မင်းတို့ကို နေရာချပေးလိမ့်မယ် "


ထိုသုံးယောက်အား အခြားတစ်ယောက်နှင့် လွှဲထားခဲ့လိုက်ပြီး ဟန်ချင်စုန့်ကိုရှာရန် ထွက်လာလိုက်သည်။ 


ဟန်ချင်စုန့်နှင့် လင်းလန်အား သူ ဆက်သွယ်ထားသည့် ဆေးရုံအကြောင်းကို ပြောချင်၍ ဖြစ်သည်။ အထွေထွေရောဂါကု စစ်ဆေးရုံဖြစ်ပြီး ထောက်ပို့ဌာန၏ လက်အောက်တွင် ရှိတာဖြစ်၍ ခုတင်ရရန် ခက်ခဲခြင်းမရှိပေ ။


" ဆေးရုံက ဒီနဲ့ သိပ်မဝေးဘူး နှစ်ရက်လောက် နားနေလိုက်ကြဦး ကျွန်တော့်တူက ခွဲစိတ်ဖို့ကို နောက်ရက်ကြရင် ပြင်ဆင်ပေးထားလိမ့်မယ် "


မနက်ဖြန်ပြိုင်ပွဲက်ို သွားကြည့်ချင်ကြောင်း လုကျင်းရှို့အား လင်းလန် ပြောလိုက်သည်။ 


လုကျင်းရှို့က အံ့သြသွားသည်။ " ဪ ခေါင်းဆောင်ဟန်က မိုက်တယ်ဗျာ "


လုကျင်းရှို့က စနောက်ရသည်ကိုကြိုက်သူဖြစ်၍ ဟန်ချင်စုန့်က ကျင့်သားရနေပြီဖြစ်သည်။ 


ဟန်ချင်စုန့် : " မင်း မအားရင်လည်း ရပါတယ် "


လုကျင်းရှို့ : " ကျွန်တော့်မှာ တကယ်အလုပ်မရှိတာပါဆိုနေ အားနေတာပါဆိုဗျာ "


ပြိုင်ပွဲကျင်းပမည့် အချိန်နှင့် နေရာကိုမေးပြီးသည့်အခါတွင် " မနက်ဖြန် လိုက်ပို့ပေးပါ့မယ် ဒါနဲ့ စားဖို့ပြင်ခိုင်းလိုက်ဦးမယ် " 


လင်းလန် : " ရပါတယ် ရထားပေါ်မှာစားခဲ့ပြီးပြီ မဆာတော့ဘူး "


လုကျင်းရှို့က မကျေနပ်သေး ။ " မရီးရေ ကလေးကို အရင်ဆေးကုပေးပြီးမှပဲ စကားသေချာပြောကြတာပေါ့ဗျာ "


ဟန်ချင်စုန့်လည်း လုကျင်းရှို့အား ပြန်လိုက်ပို့ပေးရန် ပြင်လိုက်သည်။ 


လုကျင်းရှို့က ပြန်ထွက်လာရာတွင် ကောင်လေးသုံးယောက်အား ဒီကနေထွက်မပြေးရန် ဘာညာကို မှာနေသေးလေသည်။ 


တံခါးကိုရောက်မှသာ မ၀ံ့မရဲဖြင့် ဟန်ချင်စုန့်အား စကားပြောလာသည်။ 


ဟန်ချင်စုန့် : " ပြန်တော့လေ "


လုကျင်းရှို့ : " အခွင့်အရေးရှိတယ်ဆို ပြန်လာဦးမှာလား "


ဟန်ချင်စုန့် : " ဟင့်အင်း ငါ့အကျင့်နဲ့ မကိုက်ဘူးဆိုတာကို မင်းသိတာပဲလေ "


" ဘာလို့လဲ " လူကျင်းရှို့က ဆက်ပြောသည်။ 


" မင်း ပြန်လာမယ်ဆိုရင် ငါတို့သုံးယောက် ကူညီပေးမယ်လေ "


ဟန်ချင်စုန့် : " ငါ ပြန်လာရင် မင်းတို့ပဲ ၀န်ပိုသွားလိမ့်မယ် ဒီအတိုင်းလေးပဲ ကောင်းပါတယ် "


လုကျင်းရှို့က တိုးတိုးလေးပြောသည်။ 


" တပ်ထဲမှာ အခွင့်အရေး အသစ်တွေရှိတယ် မင်းပြန်လာမယ်ဆိုရင် အဆင်သင့်ပဲ "


ဟန်ချင်စုန့် လုကျင်းရှို့အား ပုခုံးပုတ်ပေးလိုက်သည်။ " မင်းပဲ ကောင်းအောင် လုပ်လိုက်ပါ "


လုကျင်းရှို့ : " ကောင်းပြီ ဒါဆိုလည်း ငါ့ကိုဆေးတွေ ဘာတွေ လှမ်းမှာမနေနဲ့နော် "


ဟန်ချင်စုန့် : " ငါ့သားကို ခွဲစိတ်ပေးပြီးမှ မင်းတို့ကောင်တွေနဲ့ တစ်ပွဲလောက် နွှဲဦးမယ် ငါ လေ့ကျင့်ခန်း လုပ်သေးလား မလုပ်တော့ဘူးလားဆိုတာ သိချင်နေတယ်မလား "


လုကျင်းရှို့က ချက်ချင်း မျက်နှာပြောင်းသွားလေ၏။


 " ချမ်းသာပေးပါ အဖေရယ် အကြောဖြေချင်ရင် ကျိုးရှောက်တုန်းကိုပဲ ဆက်သွယ်လိုက်ပါကွာ မနက်ဖြန်မနက်ကြမှ လာခေါ်တော့မယ် " 


ပြောပြီးနောက်တွင် ကားပေါ်သို့ ချက်ချင်းတက်သွားလေသည်။


ထို့နောက်မှ ကားပေါ်မှ အထုပ်တစ်ထုပ်ကို ပစ်ပေးလေသည်။ " ဟားဟား သွားပြိီနော် "


ချက်ချင်းပင် နောက်မှကျားလိုက်လာနေသည့်အလား မောင်းထွက်သွားတော့သည်။


ဟန်ချင်စုန့်လည်း အ၀တ်ထုပ်ကိုယူ၍ ပြန်လာလိုက်သည်။ 


လင်းလန်က ကလေးများနှင့် ဆေးကြောသန့်စင်ပြီးသွားပြီဖြစ်သည်။ ကလေးများက ဘေစင်များ ၊ ရေပန်းများ ၊ ကြွေပြားများနှင့် မှန်အကြီးကြီးများကို စပ်စုနေကြသည်။ ဆိုဖာများနှင့် နှစ်ယောက်အိပ်ခုတင်ကြီးများကိုပါ စိတ်၀င်စားနေ​ကြသည်။ 


ရွာမှာကြ ကြိမ်ခုံလေးတစ်ခုံတောင် မရှိဘူး ။


မိုင်ဆွေ့ : " သူတို့တွေ မြို့မှာပဲ နေချင်ကြတာ မထူးဆန်းတော့ဘူး ကောင်းကောင်းစားရတဲ့အပြင် ကောင်းကောင်းလည်း နေနေရတာကို " 


အား၀မ် : " ယှဥ်ကြည့်ရင် ရွာနဲ့ မြို့နဲ့က အနှစ်နှစ်ဆယ်လောက် ကွာနေသလိုပဲနော် "


နှစ်သုံးဆယ်လောက်လို့ ပြောရင်တောင် ရလောက်မလားပဲ ။


လင်းလန် : " ကလေးတွေ စောစောအိပ်ကြနော် မနက်ဖြန်ကြရင် စောစောထရမှာ "


လင်းလန်နှင့် ဟန်ချင်စုန့်က အတွင်းခန်းထဲ၌ ရှောင်၀မ်ကို ခေါ်၍အိပ်သည်။ အပြင်တွင် ခုတင်နှစ်လုံးရှိပြီး သစ်သားပြားနှင့်ခြားထားသဖြင့် မိုင်ဆွေ့က တစ်ခုတင်အိပ်ပြီး အား၀မ်နှင့်တ၀မ်က တစ်ခုတင် အိပ်ကြလေသည်။


မွေ့ယာက အိစက်နေကာ စောင်များကလည်း အသစ်စက်စက်လိုပင်ဖြစ်သည်။ 


ခြင်ဆေးခွေလည်း ထွန်းထားသဖြင့် ခြင်လည်းမကိုက်သောကြောင့် ညအိပ်ရာတွင် ကောင်းကောင်းအိပ်လို့ရကြလေသည်။


Xxxxx 

Part 698


အားကစားတက္ကသိုလ်ရှိ အဆောင်တွင်မူ ညစာစားပြီးချိန်၌ ချူယွင်ဖုန်း အပါအ၀င်ဆရာများသည် နောက်နေ့ပြိုင်ပွဲအတွက် ဆောင်ရန် ရှောင်ရန် ပြင်ဆင်ရန်များကို မှာကြားနေလေသည်။


သို့သော်လည်း စန်း၀မ်က လင်းလန် ရေဒီယိုနားထောင်လောက်လားဟုဆိုကာ အတွေးများနေလေ၏ ။ သူတို့က နှစ်ရက်ပြိုင်ရတာဆိုတာကိုရော သိရဲ့လား ၊ စာလည်း ပို့လို့မရသေးတော့ သိပါ့မလား ။


ဖူကျန်းယွမ်နှင့် အခြားလူများအား ကြည့်လိုက်မိသည်။ ပြိုင်နေတုန်းက်ို စာကူရေးခိုင်းရင်လည်း မကောင်းလောက်ပေ ၊ သူ သည်းခံရုံသာရှိပေသည်။


ဒီနေ့ ပြိုင်ပွဲအကြောင်းကို မားမားကို ပြန်ပြောပြချင်နေပြီဖြစ်သည်။


စိတ်တ်ိုဖို့ကောင်းတယ် တကယ်စိတ်တိုဖို့ကောင်းတယ် ။


ဘယ်လိုများ ဘဲနက်လို့ခေါ်ရဲကြတာလဲ ။ ဘာကြီးလဲ ဘဲနက်က ... ဘဲပဲမဟုတ်ဘူးလား ။


ဘဲတွေက ငတုံးတွေလေ ၊ နှုတ်သီးပြားပြားနဲ့ ငတုံးကောင်တွေလို့ ...


ဘာကို ရေနတ်ဘုရားရဲ့ သားတော်လဲ ၊ သူက သူ့မိဘတွေရဲ့ သားမှန်း အသိသာကြီးကို ၊ ရေထဲက ဘိီးတွေ ဘာတွေလည်း မသိဘူး  ၊ သူ့ကို ဘဲနက်လို့ခေါ်တာကို သည်းမခံနိုင်ဘူး ။


ချူယွင်ဖုန်း : " စန်း၀မ် ဒီနေ့ အရမ်းတော်တယ် မနက်ဖြန်ကြရင်လည်း ဒီအတိုင်းပဲဆိုလို့ကတော့ ဒိုင်းဆုက မင်းအတွက်ပဲ "


ပြိုင်ပွဲအား အသက်အလိုက်ခွဲထားတာဖြစ်သည်။ အသက်ကွာခြားချက်ကြီးလွန်းသဖြင့် နှစ်စုခွဲထားလေသည်။ ၁၀နှစ်မှ ၁၃နှစ်ထိတစ်စု ၊ ၁၄နှစ်မှ ၁၇နှစ်အထိ တစ်စုဖြစ်ပေသည်။


အဆင့်ဆင့်ပြိုင်ပြီးနောက်မှ တတိယနေရာ ၊ ဒုတိယနေရာနှင့် အနိုင်ရသူကို ဆုံးဖြတ်ပေးမှာဖြစ်သည်။


မနက်ဖြန် မနက်တွင် နောက်ဆုံးအကြိုဗိုလ်လုပွဲကို ပြိုင်ပြီးပါက ဗိုလ်လုပွဲသို့ ပြိုင်နိုင်မည် မပြိုင်နိုင်မည်ကို သိရပေမည်။


စန်း၀မ် ချူယွင်ဖုန်းအား မေးချင်မိသည်။ သူ့ကို ဘဲနက်လို့မခေါ်ကြဖို့ ပြောပေးလို့မရဘူးလားဟု မေးချင်နေတာဖြစ်သည်။


ဖူကျန်းယွမ် : " ဆရာ မနက်ဖြန်ကြရင် ကျွန်တော် မီတာတစ်ရာကူးတာကို လွှတ်လိုက်ပြီး မီတာနှစ်ရာ အလွတ်ကူးပြိုင်တာနဲ့ နောက်ပြန်ကူးတာကိုပဲ အာရုံစိုက်ချင်တယ် "


ချူယွင်ဖုန်းက ခေါင်းညိတ်ပြသည် ။ " ရတယ်လေ "


မီတာ ငါးဆယ်နှင့် မီတာ တစ်ရာပြိုင်ပွဲများ၌ ဘဲနက်ရှိနေမည်ဖြစ်၍ ဘယ်လောက်ပင်တော်နေပါစေ အနိုင်ရဖို့ အခွင့်အရေးမရှိပေ ။


ထိုကောင်လေးက ရေထဲရောက်တာနဲ့ လိပ်ကိုရေထဲလွှတ်လိုက်သလို ဖြစ်သွားတာဖြစ်ပြီး လူကြီးများသည်ပင် မီတာ၅၀ပြိုင်ပွဲ၌ ယှဥ်ကူးနိုင်ကြမည် မဟုတ်ပေ ။ နှစ်၀က်လောက်သာ လေ့ကျင့်ရေးဆင်းပြီးပါက မီတာ ၁၀၀ ပြိုင်ပွဲတွင်လည်း ထိုနည်း၄င်းပင် ဖြစ်လာလောက်ပေသည်။ 


စန်း၀မ်ကို လှည့်ကြည့်လိုက်မိကာ အတန်းသစ်များ ထည့်ပေးရန် စဥ်းစားနေမိသည်။ 


တာဝေးကူးခြင်းနှင့် နည်းလမ်းများကိုလည်း ထည့်စဥ်းစားပေးဖို့ လိုပေမည် ။ မီတာ ၅၀နှင့် မီတာ ၁၀၀ များတွင် အရှိန်က အဓိကဖြစ်၍ ကျန်အရာများက မလိုအပ်သေးပေ ။ 


ထိုကလေးသာ ပုံမှန်အတိုင်း ကူးပြနိုင်ပါက အနိုင်သည် သူ့အတွက်ပဲ ဖြစ်လာပေလိမ်မည် ။


စန်း၀မ် မနေနိုင်တော့ပေ ။ " ဆရာ ... ဟိုလေ "


ချုယွင်ဖုန်းက စန်း၀မ် ရှက်နေတာဟု ထင်သွားလေသည်။


 " စန်း၀မ် ပြောလေ ပြောချင်တာက်ို ပြောလိုက် ဘာအခက်အခဲရှိလို့လဲ ရှက်နေဖို့ မလိုဘူး "


စန်း၀မ် : " ဆရာ သူတို့ကို ကျွန်တော့်ကို ဘဲနက်လို့ မခေါ်ဖို့ ပြောပေးလို့ရမလား  "


ချူယွင်ဖုန်း ရယ်လိုက်မိသည် ။ " ဘာလို့လဲ "


စန်း၀မ် : " မလှဘူးလေ  ရေဒီယိုမှာ အဲ့လိုပါသွားရင် ရှက်စရာကြီးလေ "


မားမားနဲ့ အဖေတို့ ကြားသွားရင် ရှက်စရာကြီး ။


ချူယွင်ဖုန်း အကျယ်ကြီး အော်ရယ်လိုက်မိသည်။ " ဟုတ်ပြီ ပြောကြည့်ပေးမယ်နော် " 


အလုပ်ဖြစ်မည်လို့တော့ သူ မထင်မိ ။


• • • 


ဒုတိယနေ့တွင် လင်းလန်တို့တစ်စုသည် လုကျင်းရှို့နှင့် မနက်စာစားပြီးနောက်တွင် ပြိုင်ပွဲကျင်းပမည့်နေရာသို့ ထွက်လာလိုက်ကြသည်။ လက်မှတ်များကို လုကျင်းရှို့၏ အဆက်အသွယ်ဖြင့် ရလာတာဖြစ်သည်။


ယဥ်ကျေးမှုတော်လှန်ရေးကာလတွင် အားကစားပွဲများစွာ မရှိသဖြင့် ရှိသည့်ပွဲများ၌ လူပြည့်နေတက်သည်။ 


မြို့တော်၌လည်း အားကစားပွဲကျင်းပရန်ဟူ၍ သီးသန့်နေရာမရှိသေးပေ ။ ပြည်သူ့ခန်းမ၌သာ ရေကူးကန်များ ရှိတာဖြစ်သည်။ 


ပြိုင်ပွဲများကို အခါအခါခွဲ၍ ကျင်းပရတာဖြစ်၍ အချိန်ကြာတတ်ပေသည်။


ယခုခေတ်တွင် ပြိုင်ပွဲစကြောင်းကို သေနတ်ပစ်ဖောက်၍ ကြေညာပေးတာဖြစ်သည်။ ဒိုင်လူကြီးနှစ်ဦးက ရေကူးကန်၏ တစ်ဖက်တစ်ချက်စီတွင် အချိန်မှတ်စက်ကိုကိုင်၍ စောင့်နေကြသည်။


ဟန်ချင်စုန့်က လူကြားထဲထင်းနေမည်စိုး၍ ယူနီဖောင်းကို ၀တ်မလာခိုင်းခဲ့ပေ ။ သာမန်အ၀တ်အစားများကိုသာ၀တ်၍ ပြိုင်ပွဲသို့ လာခဲ့တာဖြစ်သည်။ သူတို့ကိုတွေ့၍ စန်း၀မ်က အပျော်လွန်ကာ ပြိုင်ပွဲ၌ ထိခိုက်သွားမည်ကိုလည်း စိုးရိမ်မိ၍ဖြစ်သည်။ ပြိုင်ပွဲပြီးသည်အထိ တိတ်တိတ်လေးကြည့်နေပြီး ပြီးသွားသည့်အခါမှသာ ပွေ့ဖက်ပေး၍ အံ့သြသွားအောင် လုပ်ပေးရန် တွေးထားတာဖြစ်သည်။ 


ထို့ကြောင့် သူမတို့အားလုံးသည် လူကြားထဲထင်းမနေစေရန် ဂရုစိုက်ထားကြသည်။ 


အကြိုဗိုလ်လုပွဲ၌ စန်း၀မ်က အပြတ်အသတ်ဦးဆောင်ထားတာဖြစ်၍ ဘာပြဿနာမှ ပေါ်မလာခဲ့ပါက သူသာ ပထမရရန် သေချာလေသည်။


အုပ်စုများနှင့် ပြိုင်ပွဲ၀င်များ၏ နာမည်ကို ကြေညာပေးနေလေသည်။ အော်ဟစ်အားပေးသံများကြားမှနေ တွေ့ချင်နေခဲ့သော ကောင်ငယ်လေးအား လင်းလန် ကြည့်နေမိသည်။


စိတ်လှုပ်ရှားလွန်းလို့ တုန်တောင်တုန်လာသလိုပင် ။


ပြိုင်ပွဲ၀င်များ၏ နာမည်ကိုကြေညာပြီးနောက်တွင် ပရိသတ်များက အော်၍အားပေးကြသည်။ " ဘဲနက် ဘဲနက် ဘဲနက် "


အသံများက ကျယ်လွန်းသဖြင့် နားကွဲသွားတော့မည်ဟုပင် လင်းလန် ထင်မိသည်။


ဘဲနက် ... ထို နာမည်အား စန်း၀မ်က ကြိုက်သည့်ပုံမပေါ်ပေ ။


စန်း၀မ်က နှုတ်ခမ်းဆူနေကာ မျက်မှောင်ကြုံ့နေပြီး မပျော်နေသည့်ပုံရှိနေသည်။


" ပြိုင်ပွဲ၀င် နံပါတ် ၃၃က ဆယ်နှစ်ပဲရှိသေးပေမယ့် တကယ်ကို ရေနတ်ဘုရားရဲ့ သားတော်ကြနေတာပဲ ရေထဲရောက်သွားတာနဲ့ ငါးလေးလိုပဲ ကူးသွားတာ မျက်စိမှိတ်လိုက်တာနဲ့ အနိုင်မျဥ်းကိုရောက်သွားတော့တာပဲ မျက်လုံးမမှိတ်လိုက်နဲ့နော် အဲ့လိုဆိုရင် ချက်ချင်း အဆုံးမှတ်ကို ရောက်သွားလိမ့်မယ် "


 " ဘဲနက် ဘဲနက် ကြိုးစားထား ဘဲနက် "


ပရိသတ်များက အော်ဟစ်ကာ အားပေးနေလေသည်။ စိတ်ပါ၀င်စားစွာ အော်ဟစ်၍ အားပေးနေတာဖြစ်၍ ခန်းမထဲ၌ အားပေးသံများက ဟိန်းနေလေသည်။


စန်း၀မ် မဲ့လိုက်မိသည် ၊ ဆိုးလိုက်တဲ့ နာမည် ။ ငန်းနက်ကြီးလို့ ခေါ်ရမှာလေ ၊ ဆရာက သတင်းသမားတွေကို မပြောပေးထားဘူးလား ။


သတင်းစာထဲမှာသာ ဘဲနက်လို့ အရေးခံလိုက်ရရင် ရေဒီယိုက ကြေညာတာထက် ဆိုးသွားတော့မှာပဲ ။


ရှက်ဖို့ ကောင်းတယ်လို့ ။


စိတ်ထဲ၌ အတွေးပေါင်းစုံဖြစ်နေသော်လည်း စန်း၀မ်က အပြင်တွင် မျက်မှောင်ကြုံ့ထားတာသာ ရှိလေသည် ။ စိတ်လှုပ်ရှားနေခြင်းမျိုး မရှိပေ ။


စန်း၀မ်က လှမ်းကြည့်နေသည်ကို မြင်သောအခါ ရှောင်၀မ်က လက်လှမ်းပြမလို လုပ်မိသွားလေသည်။


 " မားမား စန်း၀မ်ကော သားကို မြင်သွားလောက်လား "


လင်းလန် : " မမြင်ဘူး သူက ဒီအတိုင်း လျှောက်ကြည့်နေတာ" 


လင်းလန် စန်း၀မ် အသင့်ပြင်နေသည်ကို ကြည့်နေလိုက်သည်။ ပြိုင်ပွဲ၀င်များက ရေထဲသို့ဆင်းသွားသည်လိိုက်သည်နှင့် ငါးလေးများနှယ် ကူးခတ်နေလေသည်။ 


Xxxxxx