အပိုင်း ၆၉၉-၇၀၀
Viewers 36k

Part 699


အလွတ်တမ်းပြိုင်တာဖြစ်၍ ပို၍သက်သောင့်သက်သာရှိပြိး အားကုန်လည်းသက်သာသဖြင့် ပြိုင်ပွဲ၀င်များက အလျင်အမြန်ပဲ ကူးနေကြလေ၏။


ထိုထဲတွင် အသားညိုညို ကောင်လေးတစ်ယောက်က ထင်းထွက်လို့နေသည်။ 


" ကြည့် တွေ့လား ဘဲနက်က တကယ် မြန်တာ "


" သူ ပြန်ကူးလာပြီ ဒုတ်ိယအကျော့တောင် ရောက်နေပြီ မယုံနိုင်စရာပဲ "


" သူ့စံချိန်ကို ထပ်ချိုးတော့မှာထင်တယ် "


အမှားအယွင်းမရှိဘဲ မီတာ၅၀နှင့် မီတာ၁၀၀ ပြိုင်ပွဲများကို စန်း၀မ်က ပထမနေရာမှ ဦးဆောင်နေလေသည်။


အနားယူနေစဥ်တွင် စန်း၀မ်က စိတ်ညစ်နေလေသည်။


ဖူကျန်းယွမ်က မေးသည်။ " ဘာတွေ တွေးနေတာလဲ "


စန်း၀မ် : " မတွေးပါဘူး "


၀မ်ဖုပြောင် : " ဟန်၀မ်မင် ပထမရတာကိုတောင် မပျော်ရင်လည်း ဘာလ်ို့ ငါ့ကိုပဲ မပေးလိုက်လဲ "


စန်း၀မ် : " ငါတ်ို့ နာမည်တွေ ရေဒီယိုမှာ ပါလာလောက်လား "


ဖူကျန်းယွမ် : " ငါ့အမေ ပြောတာတော့ ပါတယ်တဲ့ "


စန်း၀မ် : " ဒါဆို ... ဒါဆို မားမားတို့လည်း ကြားလောက်မှာပေါ့နော် မားမား အဖေ ရှောင်၀မ် မိုင်ဆွေ့ အား၀မ် တ၀မ်နဲ့ အစ်ကိုကြီးရှန်ယွီတို့အားလုံး ကြားကြမှာပေါ့နော် အတန်းထဲကလူတွေလည်း အကုန်ကြားကြမှာပဲပေါ့ သွားပါပြိိ "


စန်း၀မ်က ပျော်လည်းပျော်သလ်ို ရှက်လည်းရှက်နေမိသည် ။ သူ့အား ဘဲနက်လို့ ခေါ်နေကြသည်ကို တကယ် မကြိုက်ပါ ။


စန်း၀မ် ဘာတွေးနေသည်ကို ဘယ်သူကမှ မသိကြပေ ။


ထိုအချိန်တွင် ဒုတ်ိယနေရာရသွားသည့် ပြိုင်ပွဲ၀င်က စန်း၀မ်ဆီသို့လာကာ ရန်စသည်။


 " ဘဲနက်တဲ့ တော်တော်တော့ မည်းသားပဲ ခေါင်းမွှေးမပါတဲ့ ဘဲနက်လေ ရှက်စရာကြိိး "


ထိုတစ်ယောက်က ၁၄နှစ်အရွယ် ၀မ်ဟုန်ထူဖြစ်ပြီး ရေကူးရာ၌ အလွန်တော်လေသည်။ သို့သော်လည်း ထိုသည်က စန်း၀မ်ရောက်မလာခင်အထိသာ ဖြစ်ပေသည်။ 


ယခုတွင် သူ့ဘ၀၌ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည့် ဘဲနက်ဆိုတဲ့ကောင်နဲ့ တွေ့နေရလေသည်။ 


စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ။


ဖူကျန်းယွမ် : " မနာလိုဖြစ်နေလဲ မထူးဘူး ဟန်၀မ်မင်က မင်းထက် အများကြီးငယ်တယ် မင်းလည်း အခုဆို မီတာ ၁၀၀ပြိုင်ပွဲက်ိုပဲ ၀င်ပြိုင်မနေသင့်တော့ဘူး "


" ဘယ်သူက ဘဲနက်ဆိုပြီး နာမည်တွင်ချင်နေလို့လဲ "


စန်း၀မ်က ထိုနာမည်အား အတော်သဘောကျသည်ဟု ထင်နေပြီး ၀မ်ဟုန်ထူက မကျေမချမ်းဖြစ်နေလေသည်။


ဖူကျန်းယွမ်က စန်း၀မ်ကို နှစ်သိမ့်သည်။


 " သူပြောတာကို နားထောင်မနေနဲ့ ပြောရရင် ငါတို့တောင် မင်းကို အားကျနေကြတာ နောင်ကြရင် မင်းနဲ့ မပြိုင်ရဖို့ မျှော်လင့်တယ်ကွာ  "


စန်း၀မ် ရယ်လိုက်မိသည်။ 


ယခုတစ်ကျော့ပြီးသွားပါက ဆယ်နာရီခွဲတွင် အုပ်စုငယ်များ၏ ဗိုလ်လုပွဲက်ို ကျင်းပတော့မည်ဖြစ်သည်။


ပြိုင်ပွဲ၀င်များက အကြိုဗိုလ်လုပွဲမှ အမှတ်များအလိုက် ရပ်နေကြတာဖြစ်၍ စန်း၀မ်နှင့် ၀မ်ဟုန်ထူက ဘေးချင်းကပ်ဖြစ်ပေသည်။ ဒိုင်လူကြီးများကလည်း အချိန်မှတ်စက်များကိုကိုင်၍ ရပ်နေကြသဖြင့် အနည်းငယ် လူအုံနေသည်။


ပေါင်က စူးသွားသလို စန်း၀မ် ခံစားလိုက်ရ၍ စန်း၀မ် ငုံ့ကြည့်လိုက်သည့်အခါတွင် ပဒူကောင်ကို တွေ့လိုက်ရ၍ ဆွဲထုတ်လိုက်သော်လည်း ခြေထောက်များက ရောင်လာနေသည်ကို တွေ့လိုက်ရပေသည်။


သူ့အား ၀င်တိုက်သွားသော ၀မ်ဟုန်ထူအား စန်း၀မ်ကြည့်လိုက်မိသည်။


ထိုသည်ကို ဒိုင်လူကြီးတစ်ယောက်က သတိထားမိသွားလေသည်။ 


" ပြိုင်ပွဲ၀င် ၃၃ တစ်ခုခုဖြစ်လို့လား အဆင်မပြေရင် ပြိုင်ပွဲက ထွက်လိုက်လို့ရတယ်နော် "


အတွေ့အကြုံရှိသည့် ပြိုင်ပွဲ၀င်သာဆိုပါက ဒဏ်ရာရှိနေလျှင် ပြိုင်ပွဲက်ို ဆိုင်းငံ့ခိုင်းလို့ရသည်ကို သိလောက်ပေသည် ။


သို့သော်လည်း စန်း၀မ်က ဘာမှမသိသည့် ဆယ်နှစ်အရွယ် ကလေးတစ်ယောက်သာဖြစ်ပြီး သူ့အတွက် ပြိုင်ပွဲသည် အရေးကြီးလေသည်။ မိသားစုကလည်း သူ့အပေါ် မျှော်လင့်ထားသဖြင့် သူ မပြိုင်လိုက်ပါက မိသားစုများ စိတ်ပျက်သွားမည်ကို စိုးရိမ်နေလေ၏။ 


ထို့အပြင် ဆရာများနှင့် သူငယ်ချင်းများကလည်း ဤပြိုင်ပွဲအား အလွန်မျှော်လင့်ထားကြသည်။ သူသာ ပထမရမည်ဆိုပါက ချူလောင်ရှီးလည်း ပျော်သွားပေလိမ့်မည် ။ ထိုသည်ကို သူလည်း မျှော်လင့်ထားခဲ့တာဖြစ်သည်။ 


ကျောင်းအုပ်ကြီးကတောင် သူ့အား ကိုယ်တိုင် အားပေးထားသဖြင့် သူအနိုင်ရမည်ဆိုပါက ကျောင်းကို ဂုဏ်တက်အောင်လည်း လုပ်ပေးနိုင်ပေလိမ့်မည် ။ ထိုသို့ဆိုပါက ကျောင်းလာတက်သူများလည်း များလာပေလိမ့်မည် ။ ကျောင်းအုပ်ကြီးက သူ ပထမရပါက လက်မှတ်များနှင့် အစားအသောက်များကို ပိုပေးမည်ဟုလည်း ပြောထားသေးသည်။


သို့ဖြစ်၍ အရင်ပြိုင်လိုက်ရုံသာ ရှိပေသည်။ နောက်မှပဲ နောက်ဟာကို ပြောကြတာပေါ့ ။


ခြေထောက်က နာနေသော်လည်း စန်း၀မ် အံကြိတ်ကာ ဒိုင်လူကြီးအား ခေါင်းခါပြလိုက်သည်။ 


ထိုအခါ ဒိုင်လူကြီးက နေရာပြန်ယူခိုင်းပြီး ပစ္စတိုကိုကိုင်၍ ပစ်ရန် အသင့်ပြင်လိုက်လေသည်။


စန်း၀မ် ခါးကုန်း၍ အသင့်အနေအထားသို့ပြင်လိုက်ကာ ၀မ်ဟုန်ထူအား စူးစူး၀ါး၀ါးကြည့်ပေးလိုက်သည်။


၀မ်ဟုန်ထူက နှုတ်ခမ်းတစ်ဖက်ပင့်ကာ ပြန်ပြုံးပြသည်။ ပဒူကောင်ကိုက်လို့ မသေတတ်ပေမယ့် ခြေထောက်ကတော့ ရောင်လာပေလိ့မ်မည်ကို သူ သိသည်။


သူ ပထမရမှဖြစ်မယ် ၊ ရှုံးလို့မဖြစ်ဘူး


၀မ်ဟုန်ထူသည် ငယ်စဥ်ကတည်းက ရေကူးခြင်းကို နှစ်သက်ခဲ့တာဖြစ်ပြီး သူနှင့်ရွယ်တူများကြားတွင် အတော်ဆုံးဖြစ်ခဲ့လေသည်။ ကျောင်းများမှ ရွာများသို့လာကာ ကျောင်းသားများရွေးခဲ့စဥ်တွင်လည်း ဆွေမျိုးများနှင့် သူငယ်ချင်းများကြားတွင် သူသာအရွေးခံခဲ့ရကာ ၁၁နှစ်အရွယ်တွင် အားကစားကျောင်းသို့ ၀င်ခွင့်ရခဲ့တာဖြစ်သည်။ သို့ဖြစ်၍ မိသားစုအတွက် ဂုဏ်ယူရသူဖြစ်ခဲ့ပေသည်။


သူက ခေါင်းမာတတ်သူဖြစ်ပြီး ပုစဥ်းရင်ကွဲဖမ်းခြင်း စာကလေးပစ်ခြင်းနှင့် ပဒူအုံနှိုက်ခြင်းများ၌လည်း တော်သည် ။ ပဒူကောင်၏ ဆူးသည်အလွန်နာသော်လည်း မသေနိုင်သည်ကို ရှစ်နှစ်အရွယ်ကတည်းက သိခဲ့တာဖြစ်သည်။ ထို့ကြောင့် သူကျွမ်းကျင်သည်ကို အသုံးချ၍ မတည့်သည့် အတန်းဖော်များကို ကိုင်တွယ်ခဲ့တာဖြစ်သည်။ နောက်ပိုင်းတွင် သူနှင့်မတည့်သည့် မည်သူကိုမဆို ဆွေမျိုးဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ် ထိုနည်းလမ်းဖြင့်သာ ပညာပေးခဲ့လေသည်။ ထိုနည်းလမ်းအား အသုံးပြုနိုင်ခြင်းကို သူ ဂုဏ်ယူမိသည် ။ 


ကျောင်းထဲ၌ ပဒူအုံရှိသည်ကို သူ မကြာသေးခင်ကမှ တွေ့ခဲ့တာဖြစ်ပြီး သူ စိတ်မကြည်ပါက ထိုအုံအား တုတ်ဖြင့်သွားထိုးနေခဲ့တာဖြစ်သည်။ 


ယခုဆောင်းဦးရာသီပြိုင်ပွဲ၏ အငယ်တန်းပြိုင်ပွဲတွင် သူသာ အနိုင်ရမည်ဟု ထင်ထားခဲ့တာဖြစ်သော်လည်း ဘဲနက်ဆိုသည့်ကောင်ကြောင့် မမျှော်လင့်ထားတာတွေကို ကြုံတွေ့လိုက်ရလေသည်။ ထိုကောင်လေးသည် ၁၀နှစ်သာရှိသေးသော်လည်း သူ့ထက်တော်လွန်းပေသည်။ ထိုသည်က ရေကူးခြင်းကို သဘောကျလွန်းသဖြင့် အပတ်တကုပ်ကြိုးစားခဲ့သည့် သူငယ်ငယ်ကအတိုင်းပင် ဖြစ်သည်။


စန်း၀မ်သာ သူနှင့်တစ်အုပ်စုတည်း မကျပါက မိတ်ဖွဲ့ဖြစ်လောက်ပေသည်။


သို့သော်လည်း စန်း၀မ်က မီတာ၅၀နှင့် မိီတာ၁၀၀ ပြိုင်ပွဲများကို ၀င်ပြိုင်ခဲ့လေသည်။


ဆရာ၀န်အဒေါ်ထံမှ မေ့ဆေးအပ်များဖြင့် စန်း၀မ်အား ကိုင်တွယ်ရန် စိတ်ကူးခဲ့မိသော်လည်း အပ်ရာကျန်ခဲ့ပါက ပြဿနာဖြစ်မည်စိုး၍ အားလပ်ချိန်တွင် ပဒူ​ကောင်ကိုသွားဖမ်းခဲ့ကာ ဆေးဘူးထဲထည့်ထားခဲ့တာ ဖြစ်သည်။


စန်း၀မ်အား သိသိသာသာထိခိုက်စေကာ အခြားသူများ သတ်ိထားမိအောင် မလုပ်မိရန်လည်း ပြင်ဆင်ထားခဲ့သည်။ စန်း၀မ်က မေ့လဲသွားတာမျိုးဖြစ်သွားပါက ပြိုင်ပွဲသည် ဆိုင်းငံ့ခြင်းခံလိုက်ရမည်ကို စိုးရိမ်၍ ဖြစ်ပေသည်။


သူ ပထမရပြီး စန်း၀မ်က ဒုတိယရသွားရင် ရပေပြီ၊


Xxxxx

Part 700


 


သူ ပထမရပြီး စန်း၀မ်က ဒုတိယရသွားရင် ရပေပြီ


သို့ဖြစ်၍ သူသုံးနေကြ နည်းလမ်းကို စန်း၀မ်ထံ၌ သုံးခဲ့တာ ဖြစ်ပေသည်။ စန်း၀မ်အား အဆိပ်တက်ကာ အရှိန်နှေးသွားစေဖို့ကိုသာ ကြံရွယ်ထားခဲ့တာဖြစ်သည်။


အကောင်ကိုက်ခံရသည်က ပေါ်သွားလည်း ကိစ္စမရှိပါ ၊ ပဒူကောင်အကိုက်ခံရပါက စန်း၀မ်က အရှိန်နှေးသွားရုံလောက်ပဲ ဖြစ်လောက်ကာ အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်သွားမည် မဟုတ်ချေ ။


ပြိုင်ပွဲမစခင်တုန်းက သူနှင့်အတူ ပဒူကောင်တစ်ကောင်ကိုပဲ ယူလာခဲ့ကာ ကျန်အကောင်များကို အနီးအနားတွင် လွှတ်ထားခဲ့သေးသည်။ နဂိုတည်းက ရှိနေတာဖြစ်ကြောင်းကို ပြချင်၍ဖြစ်သည်။ ပြိုင်ပွဲမစခင်တွင် လက်ကိုတိတ်ဖြင့်ကပ်ထားပြီး ထိုတစ်ကောင်ကို ညှစ်၍ကိုင်ထားခဲ့တာဖြစ်သည်။ ပြီးမှ လူရှုပ်နေသည့်အချိန်ကို အခွင့်ကောင်းယူမည်ဟု တွေးထားခဲ့တာဖြစ်၏။ 


ထိုကောင်လေး စန်း၀မ်က လမ်းလျှောက်ပါက ဘယ်သောအခါမှ ခေါင်းငုံ့ကာ မလျှောက်တတ်ပေ ။ 


သူညှစ်ထားသည့် ပဒူကောင်ကလည်း နှိပ်စက်ခံထားရ၍ လွှတ်ပေးလိုက်သည်နှင့် ဆူးထုတ်ကာ စန်း၀မ်အား တုပ်လိုက်လေသည်။ 


၀မ်ဟူထုန် သူ့အကြံကိုသူ စိတ်ထဲမှကြိတ်ကာ လက်ခုပ်တီးလိုက်မိသည် ။


ပွဲကြည့်စင်၌ လင်းလန်တို့မိသားစုသည် စန်း၀မ်အား အကြည့်မလွှဲဘဲ လိုက်ကြည့်နေကြတာဖြစ်သည်။ ဒိုင်လူကြီးက စန်း၀မ်အား စကားပြောနေသည်ကို တွေ့သောအခါ ဘာတွေဖြစ်နေသည်ကိုမသိ၍ သေချာလိုက်ကြည့်နေကြလေသည်။ 


သို့သော်လည်း စန်း၀မ်နှင့် ၀မ်ဟုန်ထူတို့ ၀င်တိုက်သွားသည့်အခါတွင် လူကွယ်သွား၍ မမြင်လိုက်ကြပေ ။ စန်း၀မ်က ရေထဲသို့ခုန်ချရန် အသင့်အနေအထား ပြင်လိုက်မှသာ လင်းလန်က အနည်းငယ် စိတ်အေးသွားသည်။ 


သူမ၏ဘေးတွင် ဟန်ချင်စုန့်ထိုင်နေပြီး သူ့ဘေးတွင်ကား သာမန်လို၀တ်စားထားသော လုကျင်းရှို့ရှိနေလေသည်။ 


လုကျင်းရှို့ : " မရီးကတော့ အံ့သြစရာပဲဗျာ "


လင်းလန် ပြုံးပြလိုက်မိသည် ။ " မနောက်ပါနဲ့ "


လုကျင်းရှို့ : " မရီးရာ ကျွန်တော် လိမ်ပြောနေတာလို့ထင်ရင် ကျွန်တော့်ကို ပါးသာရိုက်လိုက် တကယ်ပြောနေတာ မရီးတို့ကလေးတွေက အကုန်တော်ကြတာပဲ "


အကြီးကောင်လေးက တည်တည်ငြိမ်ငြိမ်ရှိပြီး အသိဉာဏ်လည်းရှိသဖြင့် တပ်ထဲ၀င်ပါက တကယ်အောင်မြင်လောက်ပေသည်။ 


အမွှာနှစ်ယောက်ကကြ ပညာရေးတွင်တော်ကြသဖြင့် ကောလိပ်ထိ တက်နိုင်ကြလောက်ပေသည်။ 


အငယ်လေးကလည်း သိမ်သိမ်မွေ့မွေ့ရှိပြီး ဘာဂျာလည်းမှုတ်တတ်သလို ပန်းချီဆွဲရာ၌လည်း တော်လေသည်။ သူ့သားသာဆိုပါက တစ်တပ်လုံးကို ပတ်ကြွားပြီးလောက်ပြီ ။ 


အလတ်ကောင်လေးက ပညာရေးဘက်၌ မထူးချွန်သော်ငြား ​ရေကူးခြင်း၌ အလွန်တော်လေသည် ။ အကြိုဗိုလ်လုပွဲကိုကြည့်ပြီးနောက်တွင် လုကျင်းရှို့သည်ပင် အံ့အားသင့်နေရသည်။


ထိုကလေးများထဲကတစ်ယောက်သာ သူ့ကလေးအဖြစ်ရွေးရမည်ဆိုပါက သူ ရွေးတတ်မည်ကို မဟုတ်ပေ ။


ပတ်၀န်းကျင်အခြေအနေက ပေကျင်းနှင့် ချင်းဟွာတက္ကသိုလ်ကို တက်နိုင်ကြရန် ဆုံးဖြတ်ပေးလိမ့်မည်ဟု သူထင်ထားခဲ့သည်က မှားနေခဲ့ခြင်းဖြစ်လောက်ပေသည်။


သေနတ်သံပစ်ဖောက်လိုက်သည်နှင့် ပွဲကြည့်စင်နှစ်ဘက်လုံးမှ ပရိသတ်များ၏ အားပေးသံများ ဆူညံသွားသည်။ " ဘဲနက် ဘဲနက် ... "


ကြားရပါများလို့လားမသိ လင်းလန်ပင် နားယဥ်သွားပြီဖြစ်သည်။


စန်း၀မ်က ရေထဲသို့ခုန်ချသွားသော်လည်း ရေကူးရာ၌ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်ကို လှမ်းမြင်လိုက်ရသည် ။ အခြားသူများက မသ်ိကြလောက်သော်လည်း မိသားစု၀င်များဖြစ်သည့် လင်းလန်တို့က သိကြလေသည်။ စန်း၀မ်၏ဟန်ကိုကြည့်ကာ တစ်ခုခုမှားနေသည်ကို သိသွားကြသည်။


လင်းလန် : " ချင်စုန့် စန်း၀မ်က ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်နေသလိုပဲ "


ဟန်ချင်စုန့် : " ကိုယ်လည်း မပြောတတ်သေးဘူး "


ယခင်ကဆိုလျှင် စန်း၀မ်သည် ရေထဲရောက်သည်နှင့် ငါးလေးတစ်ကောင် ရေယက်ခက်ကာ ကူးနေသလိုပင် ဖြစ်နေတက်သော်လည်း ယခုတွင်မူ အားပါသော ခြေထောက်လှုပ်ရှားမှုများကို မလုပ်နိုင်နေသည်ကို တွေ့လိုက်ကြရသည်။


ရေထဲရောက်နေပြီဖြစ်သော်ငြား ခြေထောက်လှုပ်ရှားမှုက အားပါမနေပေ ။ ကိုယ်ဖော့ရန်ပင် ခက်ခဲနေဟန်ရှိပြီး ရေနစ်သွားတော့မလို ဖြစ်လို့နေသည်။ 


ပရိသတ်များကလည်း သတိထားမိလာကြကာ တိတ်ဆိတ်သွားကြလေသည်။ ကလေးက ဘာများဖြစ်နေတာလဲဟု စိုးရိမ်လာကြလေ၏။ 


ထို့ကြောင့် ၀မ်ဟုန်ထူက ကျော်တက်သွားနိုင်ရုံတင်မကပါဘဲ ကျန်ပြိုင်ပွဲ၀င်များကပါ တစ်ယောက်ပြီတစ်ယောက် စန်း၀မ်အား ကျော်တက်သွားကြသည်။ 


ဘာဖြစ်နေတာလဲ ... 


တစ်ခုခုဖြစ်နေသည်ထင်၍ စိုးရိမ်နေကြသူများလည်း ရှိသကဲ့သ်ို့ စိတ်ပျက်သွားကြသူများလည်း ရှိနေလေသည်။ 


ဒီလောက်ထိ အားပေးနေခဲ့တာကို ဗိုလ်လုပွဲကြမှ အားပျက်သွားရသလား ။ 


ကြိတ်မနိုင်ခဲမရဖြစ်ကာ အော်ဟစ်သံများ ထွက်လာတော့သည်။ 


" ငတုံးကောင် ကူးလေ ဘာလုပ်နေတာလဲ ကျော်တက်ကုန်ပြီလေ ... "


တစ်ယောက်ကစလိုက်သည်နှင့် အပြစ်တင်သံများက ဆက်တိုက်ထွက်လာလေသည်။ 


စန်း၀မ်က ကြားနေရသည်များကို အာရုံမစိုက်နိုင်ပေ ။ ခြေထောက်မှ ထုံကာနာကျင်နေသော ခံစားမှုအပြင် အတွေးတစ်ခုသာ ခေါင်းထဲ၌ ရှိနေလေသည်။ ရေဒိီယိုထဲ ပါမှဖြစ်မယ် ... ရေဒီယိုထဲ ပါမှဖြစ်မယ် ... ခြေထောက်များက အားမရှိတော့သလို ခံစားနေရကာ ရေနစ်တော့မလိုဖြစ်နေ၍ စန်း၀မ် ငိုချင်လာမိသည်။ 


သို့ပေမယ့်လည်း သူ တတ်နိုင်သမျှ ခြေထောက်ကို ခတ်နေမိသည် ။ ဘယ်တော့မှ မရှုံးစေရဘူး ...


၂၅မီတာလောက်ပဲလိုတော့တာ ခဏလေးပဲ ကူးရတော့မှာပါ ... 


•••


ရုတ်တရက် ကျယ်လောင်ကာ ပြတ်သားသောအသံကို စန်း၀မ် ကြားလိုက်ရသည် ။ 


" စန်း၀မ် ငန်းနက်ကြီးရေ ကူးထားကွ "


" စန်း၀မ်ကော ကြိုးစားထား " 


ရှောင်၀မ်၏ အသံနဲ့တူသလိုပဲ ။ 


" သားရေ မားမားတို့ အားပေးနေတယ်နော် " မားမားရဲ့ အသံလား ။ 


" အားတင်းထား အဆင့်က အရေးမကြီးဘူးနော် " ထိုအသံက သူ့အဖေနှင့် အစ်ကိုကြီး၏ အသံနှင့် တူလွန်းပေသည် ။


ထိုအသံများက တစ်ချိန်တည်းမှာ ထွက်လာတာဖြစ်သော်လည်း သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ 


ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ...


အိပ်မက်မက်နေသည်ဟု စန်း၀မ် ထင်လိုက်မိသည် ၊ တကယ်ပဲ သူ့မိသားစုရဲ့ အသံတွေလား ။ ရေဒီယိုက အဲ့လောက်တောင် စွမ်းတာလား ၊ သူ့မိသားစုရဲ့ အသံတွေကို ကြားရအောင်တောင် လုပ်ပေးနိုင်တာလား ။


" စန်း၀မ် ကြိုးစားထား " အသံများက ရောနေသော်လည်း လင်းလန်တို့မိသားစုသည် လက်ခုပ်တီးကာ အစွမ်းကုန် အော်နေကြသဖြင့် စန်း၀မ်က အကုန်ကြားနေရသည် ။


 " မားမား " စန်း၀မ် ပွဲကြည့်စင်ထက်ရှိ သူ့မိသားစု၀င်များကို တွေ့လိုက်ရသည် ။


လူများရာချီရှိနေသော်လည်း သူ့အမေကို စန်း၀မ် တစ်ချက်မြင်ရုံဖြင့် မှတ်မိသည် ။ 


မားမား ရောက်နေတယ် ... 


အဖေလည်း ရောက်နေတယ် ... 


သူ့အစ်ကိုတွေ အစ်မနဲ့ ညီလေးလည်း ရောက်နေတယ် ...


ရုတ်တရက် အားအင်အသစ်များကို ရလာသလို ခံစားလိုက်ရကာ စန်း၀မ် ရေမွန်းခါနီးအခြေအနေမှ အမြန်ရုန်းထွက်လိုက်သည်။ 


ခြေထောက်တွေကို သုံးလို့မရရင် လက်နဲ့ကိုယ်ကို သုံးလို့ရသေးတာပဲ မဟုတ်ဘူးလား ။


အလွတ်ကူးတာက ခြေထောက်ကို လှုပ်ရှားဖို့မှ သိပ်မလိုတာ ...


ခြေခတ်တာကို လျှော့လိုက်ပြီး လက်မောင်းများတွင်သာ အားထည့်ထားလိုက်သည်။


ပွဲကြည့်နေကြသူများလည်း အံ့အားသင့်သွားကြသည် ။ ဒီကလေးက .... တကယ် မယုံနိုင်စရာပဲ ။


ခြေထောက်က ကောင်းကောင်းမခတ်နိုင်သည်ကို တွေ့လိုက်ရသော်လည်း ထိုကလေးသည် ခြေထောက်အစား လက်မောင်းကိုသာ အားပြု၍ကူးနေလေသည်။ သို့သော်လည်း အံ့သြစရာကောင်းလောက်အောင်ကိုပင် ယခင်ကထက်ပင် ပိုမြန်သွားလေသည်။


" ကြိုးစားထား "


" စန်း၀မ် ကြိုးစားထား "


Xxxxxx