Part 701
ထိုအချိန်တွင် ကျန်ကလေးများက နောက်တစ်ကျော့ပြန်ကူးနေကြပြီဖြစ်ပြီး ပန်း၀င်ဖို့သိပ်မလိုကြတော့ပေ ။
အားလုံးသည် အော်ဟစ်၍သာ အားပေးနေကြပြီး အနိုင်အရှုံးကိုလည်း ဂရုမစိုက်ကြတော့ပေ ။ စန်း၀မ်၏ အလျှော့မပေးသည့်ပုံကိုသာ အားပေးနေကြလေ၏။
ဤသို့ဖြင့် အော်ဟစ်အားပေးနေသံများက ခန်းမထဲတွင် ဟိန်းလို့နေပြန်လေသည်။
ဒေါသထွက်နေသော ငါးတစ်ကောင်ပမာ စန်း၀မ်သည် ကန်ဘောင်အား နာမနေသော ဘယ်ခြေဖြင့်ကန်လိုက်ကာ တစ်ကျော့ပြန်လှည့်လိုက်လေသည်။
မြစ်ထဲတွင် ရေကူးနေသော ငန်းကြီးတစ်ကောင်နှယ် လက်များကို ဖြန့်ထုတ်ထားကာ ရေပေါ်တွင် ပေါလောပေါ်နေစေရန် တောင့်ထားလေသည် ။
ဤသို့ဖြင့် စန်း၀မ်သည် ကျန်ပြိုင်ပွဲ၀င်များကို ပြန်မီသွားရုံတင်မကဘဲ ပြန်၍ကျော်တက်သွားနိုင်လေသည်။
လက်များကိုသာ အားပြုကာ ငါးတစ်ကာင်က ရေယက်ကိုသုံးကာ ကူးခတ်နေသည့်ပမာ ကူးလို့နေလေ၏။
လင်းလန်နှင့်အခြားလူများလည်း မတ်တပ်ရပ်ကာ ကြည့်နေရင်း အသက်များအောင့်ထားမ်ိကာ ရေကူးနေကြသူများအား မျက်တောင်တစ်ချက်မခတ်ရဲဘဲ ကြည့်နေကြသည်။
ရှေ့ဆုံးမှ ဦးဆောင်နေသော ၀မ်ဟုန်ထူသည် ပန်း၀င်ခါနီးနေပြီဖြစ်သည်။
ဒိုင်လူကြီးများ၏ နံပါတ်ရေသံကိုပင် ကြားနိုင်နေလေပြီ : ငါး လေး သုံး ...
" ငါက ငါးတစ်ကောင်ပဲ ခြေထောက်နာနေလည်း ကိစ္စမရှိဘူး ရှေ့ကိုပဲကူး ရှေ့ကိုပဲ ... "
စန်း၀မ်သည် ရှောင်၀မ်၏ ပြောစကားများကို ပြန်ကြားယောင်မိကာ သီချင်းပင် ညည်းမိတော့မလိုဖြစ်သွားသေးသည် ။ သို့သော်လည်း သူ မသိလိုက်ခင်မှာပဲ ပန်း၀င်သွားခဲ့ပြိိဖြစ်သည်။
စန်း၀မ် နည်းနည်းကြောင်သွားမိသည် ။ ဘာလို့ ရေကူးလမ်းကြောင်းက တိုနေရတာလဲ ။
စတောင်မစရသေးတာကို ပြီးသွားပြီလား ။
စန်း၀မ်က အတွေးပေါင်းစုံတွေးနေသော်လည်း တကယ်တမ်းတွင် အချိန်က သိပ်မကြာလိုက်ပေ ။
ဘောင်ပေါ်ရှိ ဒိုင်လူကြီးက ကြေညာသည်။ " ပြိုင်ပွဲ၀င် နံပါတ်ငါးနဲ့ နံပါတ်သုံးဆယ့်သုံးက ပူးတွဲပန်း၀င်သွားပါတယ် "
ပရိသတ်များက သောင်းသောင်းဖြဖြ လက်ခုပ်တိီးလိုက်ကြသည် ။
စစချင်းတွင် စန်း၀မ်က ဘာအကြောင်းကြောင့်နောက်ကျခဲ့သည်ကို မသိကြသော်လည်း အဆုံးတွင် အံ့သြစရာကောင်းသည့် လုပ်ရပ်ကိုလုပ်ပြသွားခဲ့သဖြင့် အားလုံးက သဘောကျနေကြလေသည်။
ကြေညာသူကလည်း စိတ်လှုပ်ရှားစွာ ပြောနေဆဲဖြစ်သည်။
" မမျှော်လင့်ထားစရာ အပြောင်းအလဲပါပဲဗျာ ပြိုင်ပွဲ၀င် ၃၃ က နဂါးအကြေးခွံလဲသလိုကို လုပ်ပြသွားတာပါပဲ တကယ်အံ့သြဖ်ို့ ကောင်းလွန်းပါတယ်ဗျာ "
လင်းလန်တို့လည်း မစောင့်နိုင်တော့သဖြင့် ပွဲကြည့်စင်မှဆင်းပြေးကာ စန်း၀မ်တို့ရှိရာသို့ သွားလိုက်ကြသည်။
သွားနေရင်းတွင်လည်း စန်း၀မ်ကိုတွဲပေးရန် ဟန်ချင်စုန့်အား လင်းလန်က မှာနေလေသည်။
စန်း၀မ်က ပြိုင်ပွဲပြီးသွားပြီဖြစ်သော်လည်း ထုံနေသော ဘယ်ဘက်ခြေထောက်ကြောင့် ကမ်းပေါ်မတက်နိုင်ဖြစ်နေ၍ ဒိုင်လူကြီးနှစ်ယောက်က ဆွဲတင်ပေးနေရသည်။
ချူယွင်ဖုန်း ၊ ဖူကျန်းယွမ်နှင့် ၀မ်ဖုပြောင်တို့ကလည်း အလျင်အမြန် လာပြေးတွဲကြသည်။
" ဟန်၀မ်မင် တော်တယ်ကွာ "
စန်း၀မ်က ပျောနေသဖြင့် သွားဖုံးများပေါ်သည်အထိ ပြုံးလို့နေ၏။
" မားမား ဖေဖေနဲ့ အားလုံးရောက်နေတယ် ... သူတို့... သူတို့ကို ရှာရမယ် "
ထော့နဲ့ထော့နဲ့ဖြင့် စန်း၀မ်က မိဘများနှင့် မောင်နှမများကို ရှာနေလေသည်။
ဘေးတွင်မူ ၀မ်ဟုန်ထူက မကျေမချမ်းကြည့်နေကာ မျက်လုံးများနီသည်အထိ ဒေါသများထွက်နေလေသည်။ ထိုကောင်လေးက ဤမျှထိ အသက်ပြင်းမည်ဟု သူ ထင်မထားခဲ့ပေ ။ ပဒူကောင်အကိုက်ခံရပြီးသည်ကိုတောင် သူနှင့်တန်းတူ ပူးတွဲပထမရအောင် ကူးနိုင်လိုက်သေးသည်။
ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ပါက သူ မေ့ဆေးကိုသာ သုံးခဲ့မ်ိလောက်သည် ။
သူအမှားလုပ်မိသွားသည်ဟု မထင်ပါ ၊ ထိုအစား သူ ညှာပေးလိုက်မိသည်ဟုသာ ထင်သည်။
ထို့ကြောင့် စန်း၀မ်၏ရှေ့မှ ပိတ်ရပ်လိုက်မိသည် ။
သူ့မိသားစုနှင့်သွားတွေ့မည်ကို လာတားနေသော မနာလိုနေသည့်မျက်နှာဖြင့်ကောင်ကြောင့် စန်း၀မ် ချက်ချင်းရှေ့တိုးကာ လက်သီးတစ်ချက်ကျွေးလိုက်မိသည် ။
၀မ်ဟုန်ထူကလည်း စန်း၀မ်အား ပြန်ထိုးမည်လုပ်လိုက်သော်ငြား ချူလောင်ရှီးနှင့် ဖူကျန်းယွမ်က တားလိုက်လေသည်။
" ရန်မဖြစ်ကြနဲ့ "
" ဘာဖြစ်နေကြတာလဲ " ဒိုင်လူကြီးများလည်း ရောက်လာသည်။
စန်း၀မ် ၀မ်ဟုန်ထူကို ညွှန်ပြရင်း ဘယ်ဘက်ခြေထောက်က်ိုပါ ပြလိုက်သည်။ " ခုနက မပြိုင်ခင်တုန်းက သူက လူရှုပ်နေတာကို အခွင့်ကောင်းယူပြီး ကျွန်တော့်ကို အကောင်နဲ့တိုက်သွားတယ် "
၀မ်ဟုန်ထူက အထိုးခံလိုက်ရ၍ မျက်နှာမှာ ရောင်နေလေပြီ ။ " မင်း မဟုတ်တာတွေ မပြောနဲ့ "
သက်သေမရှိသဖြင့် သူဘာပြောပြော ဘာကိစ္စမှ ဖြစ်လာစရာ အကြောင်းမရှိပေ ။
လင်းလန်တို့မိသားစုလည်း ရောက်လာကြတော့သည်။ " စန်း၀မ် ခြေထောက်က ဘာဖြစ်တာလဲ " ဟုမေးကာ စန်း၀မ်၏ ခြေထောက်ကို လာကြည့်ကြသည်။
ဟန်ချင်စုန့်က ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး စန်း၀မ်၏ဘောင်းဘီစအား ခေါက်တင်လိုက်ပြီး အရေးပေါ်အနေဖြင့် ရောင်နေသောနေရာမှ အဆိပ်များကို ညှစ်ထုတ်လိုက်လေသည်။ စန်း၀မ်က ကံကောင်းသဖြင့် ဓာတ်မတည့်သော လက္ခဏာများတော့မပြဘဲ အကိုက်ခံရ၍ ရောင်နေခြင်းသာ ရှိလေသည် ။
လုကျင်းရှို့ လှည့်ကာ အော်လိုက်မိသည် ။
" ဆေးအကူသမားတွေက ဘယ်မှာလဲ ဘာလို့ အသင့်ရှိမနေကြတာလဲ "
၀မ်ဟုန်ထူက လှည့်ထွက်သွားမည်လုပ်သည်ကို တ၀မ်က ဒူးခေါက်ကွေးကိုကန်လိုက်ပြီး ဒူးထောက်ကျသွားအောင် လုပ်လိုက်လေသည်။
စန်း၀မ်က အဆင်ပြေနေပြီဖြစ်သည်။ စိတ်ဆိုးနေရမည့်အစား မိသားစုများကို တွေ့လိုက်ရသဖြင့် မိုးထိတော့မတက် ပျော်နေလေသည်။
" မားမား " ဟုအော်ကာ စန်း၀မ်က လင်းလန်ကို ဖက်လိုက်သည်။
" ဘယ်လိုဖြစ်တာလဲ သားက မားမားတို့အသံကို ရေဒီယိုက ကြားနေရတယ်ထင်တာ "
သူတကယ် အံ့သြသွားပြီး ပျော်နေခဲ့တာဖြစ်သည်။
လင်းလန်လည်း ပြန်ဖက်ကာ စန်း၀မ်၏နဖူးကို နမ်းလိုက်မိသည် ။ စကားပြောချင်သော်လည်း လည်ပင်းထဲတွင် တစ်ဆို့ကြီးဖြစ်နေသဖြင့် ပိုပြီးသာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည် ။
မိုင်ဆွေ့နှင့် ရှောင်၀မ်ကလည်း လာဖက်ကြသည်။
" စန်း၀မ်က တကယ်တော်တာပဲ ငါတို့မိသားစုရဲ့ သူရဲကောင်းကြီးပဲ "
အား၀မ်ကလည်း စန်း၀မ်အား နဖူးကိုပုတ်ပေးကာ " တော်တယ် " ဟုဆိုသည်။
ချူယွင်ဖုန်းက ဆေး၀န်ထမ်းများကို ခေါ်ပေးသည်။ ဟန်ချင်စုန့်က အဆိပ်များကို ညှစ်ထုတ်ပေးပြီးပြီဖြစ်ပြီး ဓာတ်မတည့်ခြင်းလည်း မရှိသဖြင့် လိမ်းဆေးနှင့် အယားအယံပြေစေများကိုသာ ထပ်လိမ်းပေးကြလေသည်။
အခြေအနေကို ဖြေရှင်းရန် ၀န်ထမ်းများလည်း ရောက်လာကြသည်။
အခြားပြိုင်ပွဲ၀င်များ၏ ပြိုင်ပွဲကို မထိခိုက်စေရန် ယခုပြဿနာအားဖြေရှင်းဖို့အတွက် နားနေခန်းကိုသာ ခေါ်သွားပေးသည် ။
နားနေခန်းသို့ရောက်သောအခါ ၀မ်ဟုန်ထူ၏ဆရာများက ချူယွင်ဖုန်းကို၀ိုင်းကာ ဖြေရှင်းချက်တောင်းကြသည်။ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၏ ညွှန်မှူးကလည်း စန်း၀မ်အား သက်သေမရှိဘဲ ဇွတ်လုပ်သည်ဟုဆ်ိုကာ အပြစ်တင်သည်။ ထိုသည်ကို ချူယွင်ဖုန်းက စန်း၀မ်က လိမ်မည့်ကလေးမဟုတ်ဟုဆိုကာ ခုခံနေသဖြင့် ငြင်းခုန်သံများဖြင့် ပြည့်နေလေ၏။
Xxxxxxxx
Part 702
ညွှန်မှူးက ဆိုသည်။ " စိတ်အေးအေးထားကြ စိတ်အေးအေးထားကြ တစ်ယောက်ချင်းစီပြောကြ ဟုတ်ပြီလား ဘာတွေဖြစ်နေကြတာလဲ "
လင်းလန် ၀မ်ဟုန်ထူကို ကြည့်လိုက်သည့်အခါတွင် ထိုကောင်လေးက အပြစ်ရှိသလို ခံစားနေရသည့်ပုံပေါ်မနေ၍ ဒေါသထွက်သွားမိသည်။
" ကောင်စုတ်လေး မင်းမိဘတွေနဲ့ ဆရာတွေက မင်းကို သင်ပေးမထားဘူးလား "
၀မ်ဟုန်ထူက လင်းလန်အား မဖက်မလုပ်သလို မျက်နှာလွှဲသွားလေသည်။
သူများကို ဒုက္ခပေးပြီးတာတောင် ဒီလိုပဲ လုပ်နေတုန်းလား ။ လင်းလန် လက်မြှောက်ကာ ထိုကောင်လေးအား ရိုက်လိုက်မိသည်။
"မင်းက ငါ့သားကို ဒုက္ခပေးရအောင် ဘယ်သူတွေက သင်ပေးထားတာလဲ ခွေးတွေကလား "
၀မ်ဟုန်ထူသည် ငယ်စဥ်ကတည်းက ဤသို့အရိုက်မခံရဖူးသဖြင့် မခံနိုင်ဖြစ်သွားပြီး လင်းလန်အား တွန်းထုတ်ရန် ပြင်လိုက်လေသည်။
" ဖယ်စမ်းပါ "
သို့သော်လည်း မတွန်းနိုင်ခင်မှာပဲ တ၀မ်က တွန်းထုတ်လိုက်သဖြင့် နံရံနှင့် တိုက်မိသွားလေသည်။
" မင်းတို့က အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေကြတာပဲ "
၀မ်ဟုန်ထူက မျက်လုံးများရဲသည်အထိ ဒေါသထွက်နေလေ၏။
လင်းလန် : " မကောင်းတာလုပ်တာက မင်းလေ တ၀မ် အား၀မ် သူ့ကို ရိုက်ကြစမ်း "
ထိုနှစ်ယောက်က ရိုက်ချင်နေသည်မှာ ကြာလှပြီဖြစ်သည်။ လင်းလန်၏ စကားများကို ကြားသည်နှင့် ချက်ချင်းကို အကောင်အထည်ဖော်လိုက်ကြလေသည် ။ ရှောင်၀မ်ကလည်း ၀င်ကာ ကန်နေလေ၏။
ညှိနှိုင်းနေကြသည့် ၀မ်ဟုန်ထူ၏ ဆရာများက တွေ့သွားကြ၍ " ဘာလုပ်နေကြတာလဲ အခုထိ ဘာကိုမှသက်သေမပြနိုင်သေးဘူးလေ " ဟုအော်သည်။
သို့သော်လည်း ၀မ်ဟုန်ထူ၏ သူငယ်ချင်းများက ဘေးတွင်သာ ရပ်နေကြလေသည် ။
ဆရာများက ပြောသည်။ " ဘာမှမသေချာသေးဘဲနဲ့ ဘာလို့ရိုက်နေတာလဲ လူလိုနားမလည်ကြဘူးလား "
လင်းလန် : " ကိုယ့်ကျောင်းသားကို ကိုယ့်ဘာသာတောင် နားလည်ကြရဲ့လား အရှုံးမခံနိုင်တာနဲ့ သူများကို ဒုက္ခပေးလိုက်တာလား ရှုံးမှာကြောက်ရင် ၀င်မပြိုင်နဲ့လေ ကိုယ့်ကိုယ်ကို အတော်ဆုံးလို့ထင်နေတာလား လောကကြိိီးက အကျယ်ကြီးပဲ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တော်လာမှာပဲလေ "
၀မ်ဟုန်ထူ၏ ဆရာကလည်း အလျှော့မပေး ၊ ပြည်သူ့လုံခြုံရေးဗျူရိုက်ို တိုင်မည်ဟုဆိုသည်။
လင်းလန် : " ပါးစပ်ပိတ်ထားစမ်းပါ ဆရာဖြစ်ပြီး ကိုယ့်တပည့်ကို ကိုယ်တာ၀န်မယူနိုင်ဘဲနဲ့များ " တစ်ဦးချင်းစီ သင်နေရတာဖြစ်၍ မိဘများထက်ပင် ဆရာများက ကိုယ့်တပည့်အကြောင်းကို ပိုသိတက်ကြလေသည်။
ထိုဆရာက အလွန်အမင်း ဒေါသထွက်သွားလေသည်။ " ဒီကောင်မစုတ်ကတော့ .... ဘာလို့ အဓိပ္ပာယ်မရှိတာတွေကို ... "
" ပါးစပ်ပိတ်ထားစမ်း"
" ခင်ဗျားပါးစပ်ကို ပိတ်လိုက်တော့ "
ဟန်ချင်စုန့်နှင့် လုကျင်းရှို့က ပြိုင်တူ ထအော်သည်။
ဟန်ချင်စုန့်၏ ရေခဲရိုက်မျက်နှာဖြင့် အေးစက်စက်မျက်၀န်းများအား လူအများက ရှိန်တတ်ကြသဖြင့် ထိုဆရာသည်လည်း ကြောက်သွားလေသည် ။
စန်း၀မ်က ၀မ်ဟုန်ထူလုပ်တာဟု ပြောနေမှတော့ အမှန်ပဲဖြစ်ရပေမည်။ မပြိုင်ခင်တွင်လည်း စန်း၀မ်ကိုသာ သေချာလိုက်ကြည့်နေခဲ့တာဖြစ်ပြီး သူတို့၀င်အတိုက်တွင် လူများဖြင့်ကွယ်သွားခဲ့သဖြင့် ထိုကလေးက သံသယ၀င်စရာအကောင်းဆုံးဖြစ်နေပေသည်။ အပြစ်ရှိတာသာမှန်ပါက သက်သေရှာရန် မခဲယဥ်းပါ ။
ဟန်ချင်စုန့် ၀မ်ဟုန်ထူအား မေးခွန်းများမေးလိုက်သော်လည်း ထိုကလေးက မဖြေဘဲ ကလန်ကဆန်လုပ်ကာ ဖြေပြန်ရင်လည်း မရေမရာများသာဖြစ်ပေသည်။
ဟန်ချင်စုန့်က သက်သေမရှာနိုင်ဟု အသေအချာ ယုံနေသည့်ပုံပင် ။
၀မ်ဟုန်ထူအား မေးနေစဥ်တွင် ဟန်ချင်စုန့်သည် အဖြေမရသော်လည်း အမူအရာများကို အလွတ်မပေးဘဲ လိုက်ကြည့်နေခဲ့လေသည် ။ ထို့နောက်တွင် ထိုကောင်လေး၏ဆရာများနှင့် သူငယ်ချင်းများကိုလည်း မေးခွန်းများ မေးနေလေသည်။
၀မ်ဟုန်ထူ၏ ပစ္စည်းများထဲမှ အညိုရောင်ဆေးပုလင်းလေးကို တွေ့လိုက်ရ၍ ဖွင့်ကြည့်လိုက်သည့်အခါတွင် အထဲ၌ သဲလွန်စများကို တွေ့လိုက်ရသည်။ အထဲ၌ အမွှေးများ တောင်ပံများနှင့် အမှုန်လေးများ အစရှိသည်တို့ကို တွေ့လိုက်ရလေသည်။
ဟန်ချင်စုန့် ဆေးဘူးအား စားပွဲပေါ်သို့တင်လိုက်သည်။ " ငြင်းချင်သေးလား "
ဆေးဘူးထဲ၌ သက်သေများရှိနေလေသည် ။
၀မ်ဟုန်ထူက အံကြိတ်ကာ ပြန်ဖြေသည်။
" လာမစွပ်စွဲနဲ့ ဆေးဘူးလေးတစ်ဘူးကိုပြပြီး ကျွန်တော့်ကို အပြစ်ပုံချနေတာလား "
ဟန်ချင်စုန့်၏ မျက်၀န်းအကြည့်များက အေးစက်နေပြီး ၀မ်ဟုန်ထူ၏ သူငယ်ချင်းများကို လှည့်မေးလေသည် ။ " မင်းတို့ထဲက ဘယ်သူ့ဟာလဲ "
တစ်ယောက်က ပြန်ဖြေသည် ။ " ၀မ်ဟုန်ထူရဲ့ဟာပါ သူက သွားကိုက်လို့ဆိုပြီး အကိုက်အခဲပျောက်ဆေး သောက်နေတာ "
" မဟုတ်တာတွေ မပြောနဲ့ ငါ့ဟာမဟုတ်ဘူး "
" မင်းအဒေါ်က ဆရာ၀န်လေ မင်းအတွက် အဲ့လိုဆေးဘူးတွေရဖို့ လွယ်တယ်လေ ပြီးတော့ အဲ့နေ့က မင်းပဲ မင်းအဒေါ်ဆီက အကိုက်အခဲပျောက်ဆေးတောင်းဦးမယ်ဆိုပြီး ပြောနေတာလေ "
ဟန်ချင်စုန့် ဆေးဘူးကို ညွှန်ပြကာ ပြောလိုက်သည်
" ရဲခေါ်လိုက် သက်သေရပြီ "
လုကျင်းရှို့ကလည်း မျက်နှာကိုတည်ထားပြီး အေးစက်စက်ပြုံးပြလာသည် ။ သဘောကောင်းသူဟုထင်ရသော်လည်း အလုပ်နှင့် ပတ်သက်လာပါက လုကျင်းရှို့သည် အခြားလူတစ်ယောက်လို ပြောင်းလဲသွားလေသည် ။
၀မ်ဟုန်ထူက ကြောက်လန့်ကာ ချွေးများပြန်လာတော့သည် ။ ထိုကလေးက ဆရာများနှင့် သူငယ်ချင်းများအား အရူးလုပ်နိုင်ခဲ့သော်ငြား ဟန်ချင်စုန့်နှင့် လုကျင်းရှို့ကမူ သူ့ပြိုင်ဘက်လုံး၀မဟုတ်ပေ ။
မျက်၀န်းအကြည့်များကြောင့် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုများတိုးလာကာ အချိန်မရွေး လဲကျသွားတော့မည်ဟု ခံစားနေရလေသည်။
၀မ်ဟုန်ထူက မတ်မတ်ပင် မရပ်နိုင်တော့ဘဲ နံရံကိုကျောမှီလိုက်လေ၏။
" မဟုတ်ဘူး ... ကျွန်တော်မဟုတ်ဘူး ... ကျွန်တော် မရည်ရွယ် ... မဟုတ်ဘူ ... သူ့ကိုနှေးသွားအောင်လေးဘဲ လုပ်ချင်တာ "
လုကျင်းရှို့ ချက်ချင်းပင် ထိုကောင်လေးအား ဂုတ်မှကိုင်ကာ ကြမ်းပေါ်သို့ ဖိချထားလိုက်သည် ။
" ကောင်းကလေး မင်းက ဦးနှောက်တော့ သုံးတတ်သားပဲ "
ဉာဏ်ကောင်းကာ အရည်အချင်းရှိသော်လည်း မလေ့ကျင့် မကြိုးစားဘဲ စန်း၀မ်အား ယှဥ်ချင်နေတာတဲ့လား။
ယခုကဲ့သို့ မကြိုးမစားဘဲ ဖြတ်လမ်းမှလိုက်ချင်သူများကို သူ အမုန်းဆုံးဖြစ်သည်။ ကိုယ်နိုင်ဖို့အတွက် သူများကို ဒုက္ခပေးမှ ဖြစ်မှာမို့လား ။
လုကျင်းရှို့က မျက်လုံးများရဲနေပြီး လက်မှသွေးကြောများကလည်း ထင်းနေကာ ချက်ချင်းပင် ၀မ်ဟုန်ထူအား ဆွဲဖြဲလိုက်တော့မယောင် ဖြစ်နေလေသည်။
လုကျင်းရှို့၏ စိတ်ဓာတ်ကိုသိနေသဖြင့် ဟန်ချင်စုန့်လည်း လုကျင်းရှို့၏ လက်ကောက်၀တ်မှကိုင်ကာ ၀မ်ဟုန်ထူအား လွှတ်ပေးလိုက်ရန် ပြောလိုက်ရသည် ။
လုကျင်းရှို့က လွှတ်ပေးလိုက်သည်နှင့် ၀မ်ဟုန်ထူသည် ချက်ချင်းပင် အရိုးမပါသော အ၀တ်စုတ်တစ်ခုနှယ် ပြုတ်ကျသွားတော့သည် ။
ဟန်ချင်စုန့် လုကျင်းရှို့အား ပုခုံးပုတ်ပေး၍ စိတ်လျှော့ခိုင်းနေရသည် ။
လုကျင်းရှို့လည်း သူ စိတ်လွတ်သွားသည်ကို သိသဖြင့် မျက်နှာကို လက်ဖြင့်ပွတ်သပ်ကာ စိတ်ပြန်စုလိုက်ရသည်။
" မရီးကိုတော့ ဟာသတွေ မြင်စေမိပြီဗျာ "
လင်းလန်လည်း စန်း၀မ်ကိုဖက်ထားရင်းဖြင့် လုကျင်းရှို့ကို ပြန်ပြုံးပြလိုက်သည်။
" ဘာက်ိုဟာသလဲ တကယ်ပဲ မိုက်လွန်းတာပါ "
ချူယွင်ဖုန်းက လာတောင်းပန်သည်။ " တောင်းပန်ပါတယ် ကျွန်တော့်အမှားပါ ကလေးကို သေချာဂရုမစိုက်နိုင်လိုက်ဘူး "
စန်းစမ် : " လောင်ရှိီးရဲ့ အမှားမဟုတ်ပါဘူး ကျွန်တော်က တမင်မပြောတာပါ "
ချုယွင်ဖုန်း : " စန်း၀မ် မှတ်ထားနော် ခန္ဓာကိုယ်က အရေးအကြီးဆုံးပဲ ဆုရတာမရတာကို ပူမနေနဲ့ ဒီတစ်ခေါက်တော့ ကံကောင်းပြီး ပထမရသွားပေမယ့် ဒုတိယတစ်ခေါက်တော့ ရှိမလာစေချင်ဘူး ပြီးတော့ တစ်ယောက်ယောက်က အကောက်ကြံရင်တောင် ဆရာတို့ကို ပြောပြရမယ်လေ ဒါမှ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီကို ပြောပြပြီး အခြေအနေကို ဖြေရှင်းခိုင်းလို့ရမှာလေ ဟုတ်ပြီလား ပြိုင်ပွဲကိုလည်း ပြန်လုပ်ခိုင်းလို့ရသေးတယ် နည်းလမ်းတွေအများကြီးရှိတယ် သိရဲ့လား "
စန်း၀မ်က ခေါင်းညိတ်ပြကာ ရှက်၀ဲ၀ဲဖြင့် ခေါင်းကုတ်နေသည်။
" လောင်ရှီး ကျွန်တော်မှားသွားပါတယ် အခုကစပြီး သေချာမှတ်ထားပါ့မယ် "
Xxxxxxx