အပိုင်း ၇၀၅-၇၀၆
Viewers 37k

Part 705


မိသားစုအဆက်အသွယ်ရှိခဲ့လျှင်တောင် အနာဂတ်တွင် ရေကူးခြင်းလမ်းကြောင်း၌ လွယ်လွယ်ကူကူ ရှိနေနိုင်တော့မည် မဟုတ်ပေ ။


၄င်းအပြင် ကျောင်းမှလည်း ၀မ်ဟုန်ထူအား ထုတ်ပယ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။ သို့ဖြစ်၍ ယခုတွင် ဘယ်လိုပဲဖြစ်နေပါစေ နောက်ဆက်တွဲအကျိုးဆက်များက မနည်းပေ ။


တင်းတင်းကြပ်ကြပ် မလုပ်၍လည်း မရပေ ။ ဟန်၀မ်မင်၏ မိဘများ ၊ ဆရာများအပြင် ပရိသတ်ကလည်း လက်မခံသလို တပ်ထဲမှ လုကျင်းရှို့လည်း ရှိနေသဖြင့် အပြစ်ဒဏ်က ကြီးသွားရသည် ။


၀မ်ဟုန်ထူအတွက် တစ်သက်မမေ့နိုင်သော သင်ခန်းစာ ဖြစ်သွားပေလိမ့်မည် ။


၀မ်ဟုန်ထူအတွက် အရေးအကြီးဆုံးက ပြိုင်ပွဲဖြစ်ခဲ့သော်လည်း ယခုအခါတွင် ကျောင်းထုတ်ခံရကာ ပြိုင်ပွဲ၀င်ပြိုင်ခွင့်လည်း အပိတ်ခံလိုက်ရလေသည်။ ရေကူးခြင်းအတွက် အကောင်းဆုံးအချိန်များအား အသုံးမပြုနိုင်တော့ပေ ။ 


လုပ်ခဲ့သည့်အမှားအတွက် ပြန်ပေးဆပ်ရသည်က ကြီးလွန်းပေသည်။ 


မိသားစုအဆက်အသွယ်ကြောင့် ရေကူးခြင်းလမ်းကြောင်းပေါ်သို့ ပြန်ရောက်လာခဲ့လျှင်တောင် မကောင်းသတင်းက ကြီးနေသဖြင့် မလွယ်ကူနိုင်ပေ။


အပြစ်ဒဏ်က ကြီးမားသည်ဟု ပြောနိုင်သော်လည်း လုကျင်းရှို့က မကျေနပ်သေးပေ ။ ၀မ်ဟုန်ထူအား လူငယ်ပြုပြင်ရေးစခန်းသို့ နှစ်နှစ်မျှ ပို့ချင်နေသေးလေသည်။


ပဒူကောင်ကိုသုံးကာ ဒုက္ခပေးခြင်းက အပြင်တွင် စနောက်မှုဟုသာ ပြောနိုင်ပြီး ပြစ်မှုမမြောက်သော်လည်း ယခုအခါသည် ပြိုင်ပွဲအတွင်းတွင် ဖြစ်နေလေသည်။ အခြားအခြေအနေမျိုး၌ လက်နက်သုံးကာ ဒုက္ခပေးခြင်းမျိုး ရှိမလာနိုင်ဘူးလို့ ဘယ်သူကမှ မပြောနိုင်ပေ ။ မတော်လို့ စန်း၀မ်က အသက်အန္တရယ်စိုးရိမ်ရသည်အထိ ဖြစ်သွားခဲ့လျှင်ရော ဘယ်လိုလုပ်မလဲ ။


ဟန်ချင်စုန့်နှင့် လင်းလန်အား အရင်ပြန်ခိုင်းလိုက်သည်။ ထိုကလေးက မိသားစုနှင့် အချိန်ဖြုန်းချင်လောက်သေးပေသည်။


ယခုအချိန်တွင် စစ်တပ်အုပ်ချုပ်ရေး အောက်တွင်သာ ရှိနေသဖြင့် သူ့စကားများအောက်တွင် မဖြစ်နိုင်သည့်အရာ မရှိပေ ။


ဟန်ချင်စုန့် လင်းလန်အား စိတ်အေးအေးထားကာ လုကျင်းရှို့နှင့် လွှဲထားလိုက်ရန်သာ ပြောလိုက်သည်။ ဟန်ချင်စုန့်ထံ၌ ကြီးနိုင်ငယ်ညှင်းလုပ်လိုသည့်ဆန္ဒ မရှိပါ ။


လုကျင်းရှို့က သူတို့အား နေ့လယ်စာ၀ယ်ကျွေးချင်လေသည်။ သို့သော်လည်း ဟန်ချင်စုန့်က လက်မခံ ။


နေ့လယ်ခင်းတွင် ချူယွင်ဖုန်းက လင်းလန်တို့အား အားကစားတက္ကသိုလ်၏ ကန်တင်းတွင် နေ့လယ်စာ လိုက်ကျွေးသည်။ 


နေ့လယ်စာစားနေစဥ်တွင် ၀မ်ဟုန်ထူတို့ကျောင်းမှ ညွှန်မှုးချန်သည် တောင်းပန်ကြောင်း ထပ်မံ၍ လာပြောသည် ။ စန်း၀မ်ကိုလည်း သူတို့ကျောင်းတွင် လာတက်စေချင်လိုကြောင်း အရိပ်အမြွက်ပြောသေးလေသည်။


စန်း၀မ်အား ချီးကျူးရာတွင် နည်းနည်းလေးပင် တွန့်တိုနေခြင်းလည်း မရှိပေ ။ 


တစ်ယောက်က နောက်ပြောသည်။


 " ဟန်၀မ်မင်က တော်လွန်းလို့ ခရိုင်အတွက် ဂုဏ်ဆောင်ပေးနိုင်တော့ သေချာပေါက် အားကစားတက္ကသိုလ်ကို တက်နိုင်မှာပဲလေဗျာ "


ကျေးရွာ ၊ ခရိုင် ၊ ခရိုင်စုမှ ကျောင်းသားများအတွက် မြို့တော်အထိ ကျောင်းသွားတက်ရန် မလွယ်ကူပေ ။ ထောက်ခံချက်မရှိပါက ၀င်ခွင့်ရရန် ခဲယဥ်းလေသည်။


မြို့တော်မှ ကျောင်းကိုတက်နိုင်ပါက လက်ရွေးစင်အသင်းကိုပင် ၀င်ခွင့်ရနိုင်ပေသည်။


သိုသော်လည်း စန်း၀မ်က တွေဝေနေခြင်းပင်မရှိဘဲ ငြင်းသည် ။


 " မဖြစ်နိုင်ဘူး ကျွန်တော်က ချူလောင်ရှီးနောက်ကိုပဲလိုက်မှာ "


ချူယွင်ဖုန်းက တပည့်ဖြစ်သူ၏စကားကြောင့် ပီတိဖြာသွားလေသည်။ 


မြို့တော်မှ အားကစားကျောင်းက ညွှန်မှုးက ရယ်လေသည်။


 " ဒါဆိုလည်း မင်းဆရာနဲ့ အတူလာခဲ့ပေါ့ကွာ ငါတို့ကျောင်းကလည်း ထက်မြက်တဲ့ဆရာတွေကို လိုနေတာပဲလေ " 


ဤသို့ဖြင့် ချူယွင်ဖုန်း၏ ရာထူးမှာ အဆင့်မြင့်သွားလေသည်။ 


ယခုအချိန်တွင် ဆရာလုပ်ရန်အတွက် လိုအပ်သည့်စံနှုန်းများက မြင့်လွန်းလေသည်။ ခရိုင်မှဆရာများအတွက် မြို့တော်သို့ပြောင်းရွှေ့ခွင့်ကျဖို့သည် အလွန်ခက်ခဲလွန်းပေသည်။ 


ထမင်းစားပြီးနောက်တွင် ချူယွင်ဖုန်းက စန်း၀မ်နှင့် တိုင်ပင်ပြီးနောက် ခရိုင်စုကျောင်းတွင် နောက်ထပ်သုံးနှစ်မျှ ပညာသင်ပြီးမှ မြို့တော်သို့ကျောင်းသွားတက်မည်ဟု ဆုံးဖြတ်လိုက်လေသည်။


သို့သော်လည်း ပြိုင်ပွဲ၀င်ရာတွင် နှစ်ကျောင်းလုံးကို ကိုယ်စားပြုကာ ပြိုင်ပေးမည်ဖြစ်ကြောင်း သဘောတူလိုက်ကြသည်။ 


လူကြီးများကလည်း ထိုသည်ကို သဘောကျကြလေသည်။


စားသောက်ပြီးနောက်တွင် အချိန်တွေကျန်သေးသဖြင့် လင်းလန်တို့က စန်း၀မ်အား အဆောင်သို့ ပြန်လိုက်ပို့ပေးကြသည်။


လင်းလန် : " သား ခြေထောက်နာနေသေးလား နေ့လယ်ကြရင် ပြိုင်နိုင်ပါ့မလား "


စန်း၀မ်က ပြိုင်ပွဲက မထွက်ချင်ပေ ။ သူ့မိသားစုက သူ့ကိုအားပေးရန် လာခဲ့ကြသဖြင့် အကောင်းဆုံးလုပ်ပြချင်နေလေ၏။ 


" မားမား စိတ်မပူပါနဲ့ သားပြိုင်ပွဲကြရင် နည်းလမ်းအသစ်ကို ထုတ်သုံးပြဦးမယ် "


ညနေခင်းပြိုင်ပွဲတွင်လည်း အားပေးသံများက ညံနေလေသည်  ။ 


မီတာ ၁၀၀ ပြိုင်ပွဲမစခင်တွင် ပရိသတ်များက တစ်ခဲနက် အော်ဟစ်နေကြလေသည်။ အချို့ကလည်း ဘဲနက် ဘဲနက် ဟုအော်နေကြသည်။ 


မနက်ခင်းပြိုင်ပွဲတွင် စန်း၀မ်က အစွမ်းများကို အပြတ်အသတ် ထုတ်ပြထားသဖြင့် ပရိသတ်များက သူ့ကိုသာ မျက်လုံးထဲစွဲနေကြလေသည် ။ ခြေထောက်သာ မထိခိုက်ပါက လေထဲတွင် ပျံနေသလိုပင် လုပ်ပြနိုင်မလားဟု တွေးနေကြသည် ။


ပရိသတ်များက စန်း၀မ် ပြိုင်ပွဲ၀င်သည်ကို ကြည့်ရန်ပင် မစောင့်ချင်ကြတော့ပေ ။


ကြေညာသူကလည်း စန်း၀မ်အား နာမည်အသစ်ပေးလိုက်ပြီဖြစ်သည်။ ` ငါးပျံကြီး ´ ဟူ၍ ဖြစ်သည်။ 


ဘဲနက်ထက်စာပါက ငါးပျံကြီးဆိုသည်က ပို၍နားထောင်ကောင်းလေသည်။ 


သို့သော်လည်း စန်း၀မ်က သူ့ကိုယ်သူ ငန်းနက်ကြီးဟုသာ တစ်သွင်သွင်ပြောနေလေသည်။ အကြောင်းမှာ သူက ရေကူးခြင်းအား ငန်းများထံမှ တစ်စိတ်တစ်ပိုင်း သင်ထားတာဖြစ်သဖြင့်ဟု ဆိုသည်။ 


ငန်းတစ်အုပ်သည် အတောင်များကိုဖြန့်ကာ ရေထဲတွင် ကိုယ်ဖော့ထားပြီး သူ့နောက်က တစ်ကောက်ကောက် လိုက်ဆိတ်ခဲ့သည်ကို စန်း၀မ် လုံး၀ မမေ့နိုင်ပါ ။ ပြန်တွေးကြည့်ရုံဖြင့်ပင် သူ ကြောက်လာမိသည် ။ တော်သေးသည်က ထိုကိစ္စမှ အရည်အချင်းတစ်ခုကို သင်ယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။


မီတာ ၁၀၀ ပြိုင်ပွဲတွင်လည်း စန်း၀မ်က အားလုံးကို မျက်လုံးပြူးသွားအောင် လုပ်ပြနိုင်လိုက်ပြန်သည်။ အသက်ပင်ဆုံးအောင် မရှူရသေးခင်မှာပဲ ပန်း၀င်သွားခဲ့လေသည်။


ပရိသတ်များက အံ့အားသင့်နေကြလေသည်။ စန်း၀မ်က ပြိုင်ပွဲ၀င်နေတာမဟုတ်ဘဲ သူ ပျော်ရွှင်သည့်အရာကို လုပ်နေရသဖြင့်ပျော်နေသည်ကို သူတို့လည်း ကြည့်ရတာ အလွန်၀မ်းသာနေမိသည်ဟု ဆိုနေကြသည်။


ဤသို့ဖြင့် ရှစ်ယောက်ပြိုင်နေတာဖြစ်သော်လည်း အားလုံး၏ မျက်လုံးမျက စန်း၀မ်ထံတွင်သာ ရှိနေခဲ့လေသည်။


ထိုကလေးက အသက်ဘယ်လောက်ထိ အောင့်နိုင်မလဲကို သိချင်နေကြသည့် ပရိသတ်များလည်း ရှိပေသည်။ 


ရေထဲသို့ရောက်သည်နှင့် ငါးတစ်ကောင်လိုဖြစ်သွားပြီး လေထဲတွင်ပျံနေသလို စွမ်းဆောင်ပြသွားသဖြင့် အံ့အားသင့်နေကြသည်။ 


သို့ဖြစ်၍ ပရိသတ်များက စန်း၀မ်အား အလွန်အထင်ကြီးနေကြလေသည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်းတွင် စန်း၀မ်သည် သူ့စံချိန်များကို သူ့ဘာသာ ပြန်ချိုးနေခဲ့တာဖြစ်သည်။ 


ဆုပေးပွဲတွင် စန်း၀မ်သည် ပထမဆုနှစ်ဆုကို တက်ယူခဲ့ရလေသည်။ မီတာ ၅၀နှင့် မီတာ ၁၀၀ ပြိုင်ပွဲများ နှစ်ခုလုံးတွင် ဗိုလ်စွဲခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ 


စန်း၀မ်က ရွှေတံဆိပ်ဆုကို ကိုင်ထားရင်း မိသားစု၀င်များကို ပြုံးပြနေလေသည်။ မျက်လုံးလေးများကလည်း ကြယ်လေးများနှယ် တစ်လက်လက်တောက်လို့နေသည်။ 


[ ဤသည်က ရေကူးခြင်း၌ ငါးပျံလေးလိုပဲဟူသည့်စကား တွင်ကျယ်လာခြင်း၏ မူလအစပင် ဖြစ်ပေသည်။ ]


Xxxxxx

Part 706


ပြိုင်ပွဲပြီးသွားသည့်နောက်တွင် ချူယွင်ဖုန်းက လင်းလန် ၊ ဟန်ချင်စုန့်တို့နှင့်အတူ စန်း၀မ်၏ ရှေ့ရေးအကြောင်းကို အတော်ကြာသည်အထိ ဆွေးနွေးနေကြလေသည် ။ 


စန်း၀မ်က သူဖြစ်ချင်တာကို သေချာသိသော ကလေးတစ်ယောက်ဖြစ်၍ ခရိုင်စုမှ အားကစားကျောင်းတွင်သာ နှစ်နှစ်မျှ ဆက်တက်စေပြီးမှ မြို့တော်ရှိ အားကစားကျောင်းသို့ ပြောင်းတက်ခိုင်းမည်ဟု ဆုံးဖြတ်လိုက်ကြလေသည် ။


ပြိုင်ပွဲများကိုလည်း အလျင်မလိုစေဘဲ အချိန်ယူကာ ပြင်ဆင်စေပြီးမှ ၀င်ပြိုင်ခိုင်းမည်ဖြစ်သည်။ 


စန်း၀မ်အတွက် အမှန်တကယ် ဂရုတစိုက်ရှိသည်ကို တွေ့လိုက်ရ၍ လင်းလန်လည်း စိတ်ချသွားနိုင်ပြီး ချူယွင်ဖုန်းနှင့်သာ အားလုံးကို လွှဲထားလိုက်တော့သည် ။


လင်းလန် : " ချူလောင်ရှီး အမှန်အတိုင်းပြောရရင် ကျွန်မတို့က စန်း၀မ်ကို ရေကူးပြိုင်ခွင့်ပေးထားတယ်ဆိုတာ သူ သဘောကျနေလို့ပါ နိုင်တာတွေ ဂုဏ်တက်တယ်ဆိုတာတွေက အရေးမကြီးပါဘူး ဒါပေမယ့် နောင်တစ်ချိန်မှာ သူ စိတ်ပြောင်းသွားခဲ့ရင် လောင်ရှီးတို့ အတင်းအကြပ်မလုပ်ဖို့ မျှော်လင့်မိပါတယ် " 


ကျောင်းသားများ၏ ပြောင်းလဲမှုများကို ဆရာများက ဦးစွာမြင်နိုင်မှာ ဖြစ်ပေသည်။


လင်းလန်က စန်း၀မ်အား သူ သဘောကျသည့်အရာကိုသာ လုပ်စေချင်တာဖြစ်ပြီး ရွှေတံဆိပ်တွေ ဂုဏ်သိက္ခာတွေအတွက် အတင်းအကြပ် လုပ်ယူနေရခြင်းမျိုး ဖြစ်မသွားစေချင်ပေ ။


အားကစားလုပ်ခြင်းက စိတ်၀င်စားကာ စိတ်ပါ၀င်စားမှုရှိမှသာ ကောင်းမွန်တာဖြစ်သည် ။ စိတ်၀င်စားမှုမရှိဘဲ အတင်းအကြပ် လုပ်နေရပါက ကလေးများ၏ စိတ်ထဲတွင် ပုန်ကန်လိုစိတ်များ ကိန်းအောင်းလာကာ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားစေနိုင်လေသည် ။


အားကစားကို ချစ်မြတ်နိုးစိတ်ရှိမှသာ ပင်ပန်းခြင်းကို ကြံ့ကြံ့ခံနိုင်မှာလည်း ဖြစ်ပေ၏။


ချူယွင်ဖုန်းက ယခုလက်ရှိတွင်ရော အနာဂတ်တွင်ပါ ထိုသို့ဖြစ်လာခြင်းမျိုး မရှိစေရပါဘူးဟု အာမခံသည် ။ 


အဆုံးတွင် ချူယွင်ဖုန်းသည် ကျောင်းမှ အားကစားအသင်းခေါင်းဆောင်ဆရာနှင့် တိုင်ပင်လိုက်ပြီး ကျောင်းသားများအား ခွင့်နှစ်ရက်ပေးကာ မြို့တော်သို့ ခေါ်သွားပေးမည်ဟု ဆုံးဖြတ်လိုက်ကြလေသည် ။


စန်း၀မ်ကမူ မိသားစု ရောက်လာသဖြင့် ကျောင်းမှ ဆရာများနှင့် သူငယ်ချင်းများကို နှုတ်ဆက်ပြီး လင်းလန်တို့နှင့်အတူ တပ်ထဲမှ ဧည့်သည်ဆောင်သို့သာ လိုက်လာလေသည် ။


လုကျင်းရှို့နှင့် ဟန်ချင်စုန့်က လင်းလန်နှင့် ကလေးများအား အရင်ပြန်ပို့ပေးကာ အနားယူခိုင်းပြီးနောက် လုပ်စရာရှိသည်များ လုပ်ကြရန် ထွက်သွားကြပြီး ညစာစားချိန်ကြမှ ပြန်လာမည်ဟုဆိုသည် ။


အခန်းထဲတွင် အား၀မ်နှင့် မိုင်ဆွေ့က ရေဖြည့်နေပြီး ကျန်ကလေးများအား သွားချင်သည့်နေရာသို့ သွားကြည့်ကြရန်ပြောကာ ဝေးဝေးမသွားရန်နှင့် စန်း၀မ်အား ခြေထောက်ကို ဂရုစိုက်ရန် မှာလိုက်သည် ။ 


စန်း၀မ်၏ ခြေထောက်က မနာတော့ဘဲ ယားနေလေသည် ။ အဖုထနေသဖြင့် မနေနိုင်ဘဲ စန်း၀မ်က ကုတ်နေလေ၏။ 


ရှောင်၀မ်က လှမ်းတားသည် ။ " စန်း၀မ်ကော မကုတ်နဲ့လေ ရောင်လာလိမ့်မယ် "


စန်း၀မ် : " ယားနေလို့ " စစချင်းတုန်းတွင် ပူပြီးနာနေသော်လည်း ယခုတွင်မူ ယားနေလေသည် ။


ရှောင်၀မ်" ဟူးဟူး မှုတ်ပေးမယ် " 


စန်း၀မ် : " သကြားလုံးပဲ ၀ယ်ကျွေး "


ရှောင်၀မ် : " ခဏစောင့် " ထို့နောက် ကျောပိုးအိတ်ထဲမှ ဆယ်ပြားစေ့ကို သွားယူလာလေသည် ။


 " ဧည့်ဆောင်မှာပဲ မုန့်ဆိုင်တွေ့ခဲ့တယ် "


ဧည့်ဆောင်တွင်းရှိ မုန့်ဆိုင်တွင် စီးကရက်များ ၊ မုန့်များ အစရှိသည်တို့ကို ရောင်းချလေသည် ။ မုန့်များအတွက် ကူပွန်များမလိုသော်လည်း သကြားလုံးအတွက်တော့ မရပေ ။ တပ်ထဲ၌နေကြသူများ ဖြစ်သဖြင့် အတွင်းသိအဆင်းသိများ ဖြစ်နေသဖြင့် အရမ်းကြီး တင်းကြပ်နေခြင်းမရှိပေ ။ သို့သော်လည်း အကန့်အသတ်တော့ ထားထားပေးလေသည် ။


ရှောင်၀မ်က စန်း၀မ်ကို လက်ဆွဲခေါ်ကာ မုန့်ဆိုင်သို့ ခေါ်သွားပေးသည် ။


"မမ သကြားလုံးငါးလုံး ပေးပါ " ရှောင်၀မ်က အကြွေ​စေ့များက်ို ကောင်တာပေါ်သို့ တင်ပေးလိုက်သည် ။


အရောင်း၀န်ထမ်းလေးမှာ နှစ်ဆယ်ကျော်အရွယ်ရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်ပေသည် ။ ညီအစ်ကိုနှစ်ယောက်ကို တွေ့သောအခါ ချစ်ဖို့ကောင်းသဖြင့် ရယ်သွားလေသည် ။ 


" ဘယ်လိုသကြားလုံးမျိုးကို လိုချင်တာလဲ " 


ဤနေရာတွင် ရနိုင်သော သကြားလုံးများသည် ကျေးရွာများတွင် ရနိုင်သည်များထက် အမျိုးအစား ပိုစုံလေသည် ။


စျေးနှုန်းများကတော့ မတူညီပေ ။ စျေးပေါသည့် သကြားလုံးများက တစ်လုံးလျှင် နှစ်ပြားကျပြီး စျေးကြီးသည့် သကြားလုံးများကမူ တစ်လုံးလျှင် လေးပြား ၊ ငါးပြား ၊ ဆယ်ပြား အစရှိသည်ဖြင့် အမျိုးမျိူး ရှိလေသည် ။


ထိုအခါ ညီအစ်ကိုနှစ်ယောက်သည် ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေကြလေ၏။ ထိုမြင်ကွင်းက ချစ်ဖို့ကောင်းလွန်းသဖြင့် အရောင်း၀န်ထမ်းမလေးကလည်း လောနေခြင်းမရှိပေ ။ 


ထိုအချိန်တွင် ကျီထင်းရှန်တို့တစ်စုကလည်း အပြင်မှ ပြန်လာကြလေသည် ။ ညီအစ်ကိုနှစ်ယောက်ကို တွေ့သောအခါ ရှောင်၀မ်ကို မှတ်မိသွားကြ၍ ထိုနေရာသို့ လျှောက်သွားကြလေသည် ။


" မင်းတို့နှစ်ယောက်က ... " ကျီထင်းရှန် အသားညိုညိုကောင်လေးအား ကြည့်လိုက်မိသည် ။ " မင်းက သူ့အစ်ကိုလား " ဟုမေးရင်း ရှောင်၀မ်ကို လက်ညှိုးထိုးပြလိုက်သည် ။ 


စန်း၀မ်က သူ့ကိုပြန်မဖြေဘဲ ရှောင်၀မ်ကိုသာ လှည့်မေးနေလေ၏။ 


" သူ့ကို သိလား "


ရှောင်၀မ်က ကျီထင်းရှန်တို့တစ်စုအား မိဘများကို ဒုက္ခပေးသော လူရမ်းကားတစ်စုဟုသာ ထင်နေတုန်းဖြစ်ပေသည် ။ 


ရှောင်၀မ်က ခေါင်းညိတ်ပြသည် ။ 


ကျီထင်းရှန် ရယ်လိုက်မိသည် ။ 


သို့သော်လည်း ရှောင်၀မ်က မထင်ထားသည့်စကားကို ဆက်ပြောလာလေသည် ။


 " စန်း၀မ်ကော သူတို့က လူဆိုးတွေ "


အရောင်း၀န်ထမ်းမလေးသည် ပြားစေ့များကို ယူလိုက်ပြီးနောက်တွင် အရသာစုံသကြားလုံးများက်ို ထုတ်ပေးလိုက်ပြီး အပြင်တွင်ရှိနေသည့် ကောင်လေးများကို ကြည့်လိုက်မိသည် ။ တစ်ယောက်တစ်မျိုးစီ ချောကြတာပဲ ။ 


ရှောင်၀မ်က စန်း၀မ်၏ အိတ်ကပ်ထဲသို့ သကြားလုံးများကို ထိုးထည့်နေလေ၏။ 


" စန်း၀မ်ကော စားကြည့်လေ "


စန်း၀မ် ပထမဆုံးအနေဖြင့် ပုစွန်အရသာ သကြားလုံးကို ဖောက်လိုက်ပြီး ညီဖြစ်သူအား ခွံ့ကျွေးလိုက်သည်။


 " မင်း အရင် စားကြည့်ပါလား စားလို့ကောင်းလား ကောင်းရင် ပိုက်ဆံထပ်သွားယူပြီး ပြန်၀ယ်ကြမယ်လေ "

ရှောင်၀မ်က တစ်၀က်ကိုကိုက်လိုက်ပြီး " တစ်ယောက်တစ်၀က် စားကြမယ် " 


စန်း၀မ်လည်း ယူလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်သည် ။ " ကောင်းသားပဲ "


ကျီထင်ရှန်းတို့တစ်စုက စန်း၀မ်ကိုကြည့်ကာ ကတုံးပြောင်ပြောင်ဖြစ်နေသည်ကို အံ့သြတကြီး ဖြစ်နေကြသည် ။ သူတို့သုံးဦးမှာ ငွေကြေးကျပ်တည်းနေသဖြင့် ယခုလောလောဆယ်တွင် သကြားလုံး၀ယ်စားဖို့ရာအတွက်ပင် ပိုက်ဆံမရှိကြချေ ။


စန်း၀မ် ထိုသုံးယောက်၏ အကြည့်များကို မြင်လိုက်ရ၍ သတိပေးလိုက်သည် ။


 " ကျွန်တော်တို့မှာ ပိုက်ဆံနည်းနည်းပဲ ပါလာတာ သူများကို ပေးဖို့အထိ မရှိဘူး "


ရှောင်၀မ်က မတူညီသော နောက်ထပ်သကြားလုံးတစ်လုံးကို ဖောက်လိုက်လေသည် ။


 " ဒါကိုလည်း စားကြည့်ဦး "


ကျိုးရှုကွမ်း ပြုံးလိုက်မိကာ ကျီထင်းရှန်နှင့် လွမ်ယောင်ဟွေ့တို့အား အခန်းပြန်ရန် ပြောလိုက်သည် ။ 

" ပြန်ကြရအောင် နည်းလမ်းလေး ဘာလေး စဥ်းစားကြတာပေါ့ တစ်ပြားမှမရှိဘဲ နေနေလို့တော့ မဖြစ်သေးဘူးလေ "


ကလေးများ ၀ယ်စားနိုင်သော သကြားလုံးကိုပင် ၀ယ်မစားနိုင်သည့် ဘ၀များဖြစ်နေလေသည် ။ 


Xxxxx