အခန်း (၂)
ခီရှစ်သည် မျက်ခုံးပင့်လိုက်ပြီး ပိုင်ဝူ၏သွယ်လျသောခါးနှင့် ကြွက်သားရေးရေးလေးသာရှိသည့်ခန္ဓာကိုယ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
ပိုင်ဝူကလည်း သူ့အား ကြည့်ခွင့်ပြုလိုက်သည်။ "တကယ်ပြောတာ၊ ငါ အရသာရှိတဲ့အစားအစာတွေ အများကြီး ချက်ပေးမယ်"
"ဘယ်တော့ချက်မှာလဲ? အိပ်မက်ထဲမှာလား?"
"ဒါတော့ နည်းနည်းများသွားပြီ"
ယခင်ဘဝက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် အိပ်မက်များနှင့် မတူပေ။ ဟုတ်တယ်မှတ်လား...!
ခီရှစ်က လှောင်ပြောင်သောအသံဖြင့် "မယုံဘူး" ဟု ပြောသည်။
"ပြန်ယူသွားပြီး စမ်းကြည့်လိုက်၊ သိသွားလိမ့်မယ်" ထိုသို့ပြောပြီးနောက် ပိုင်ဝူက ခီရှစ်ကို ရိုးသားစွာကြည့်၍ "အစ်ကို..." ဟု ခေါ်လိုက်သည်။
ခီရှစ်သည် သူ့ကိုတွန်းထုတ်လိုက်ပြီး "ငါ့ကိုမခေါ်နဲ့၊ ခေါ်လဲ အကျိုးမရှိဘူး" ဟု ပြောလိုက်သည်။
"စမ်းကြည့်လိုက်စမ်းပါ၊ မအောင်မြင်ရင်တောင် ဘာမှအရှုံးမရှိဘူးလေ"
"ရှီလင်းက ဝေးလွန်းတယ်၊ ချင်းကန်ကိုကပ်ပြီး ပျံသန်းရမယ်၊ ပြီးတော့ အရမ်းအန္တရာယ်များတယ်" ဟု ခီရှစ်က ပြောလိုက်သည်။ ထို့နောက် သူကပင် ထပ်ပြီး "ဒီမှာတစ်ဝက်လောက် တူးပေးမယ်၊ မင်းကလွဲရင် ဒါတွေကို ဘယ်သူမှမစားဘူး"
"မစားကြဘူးလား?"
ခီရှစ်က စိတ်မပါဘဲ ပြောသည်။ "ဖေဖေက ကျန်းမာရေး မကောင်းဘူး၊ လူတွေကို ဒုက္ခမပေးနဲ့"
ပိုင်ဝူက မျက်လုံးပြူးပြီး ပြန်ပြောသည်။ "လူတွေကို လျှော့မတွက်နဲ့!"
ဤတောထဲမှာ အစားအစာများစွာရှိသဖြင့် သားရဲတစ်ဝက်များသည် တောနက်ထဲသို့ဝင်ရောက်သည်နှင့် တဖြည်းဖြည်း ပြန့်ကြဲသွားကြသည်။ သူတို့သည် ညနေပြန်ရမည့်အချိန်မှသာ ပြန်တွေ့ကြမည်ဖြစ်သည်။
ပိုင်ဝူသည် ကမ်းစပ်တစ်လျှောက် လမ်းလျှောက်၍ အစားအစာရှာဖွေနေခဲ့ရသဖြင့် အားအင်ကုန်ခမ်းနေသည့်အလား ဖြစ်နေခဲ့သည်။
အကယ်၍ ခီရှစ်သည် ရှီလင်းသို့ သူနှင့်အတူမသွား၍ သူတစ်ယောက်တည်းသာသွားရပါက အစိမ်းရောင်အမြစ်များကို များများရနိုင်မည်မဟုတ်ပေ။
ပူပြင်းလှသောနေမင်းကြီးသည် မြန်မြန်ဆန်ဆန်ပင် မွန်းတည့်သို့ ရောက်လာခဲ့သည်။
ခီရှစ်သည် ပိုင်ဝူကို သစ်ပင်ကြီးတစ်ပင်ဆီသို့ ဆွဲခေါ်သွားပြီးနောက် နားနေရန်ရပ်လိုက်ကာ "အစိမ်းရောင်အမြစ်တွေလဲ မတွေ့ဘူး၊ မင်း အဆင်ပြေရဲ့လား?" ဟု မေးလိုက်သည်။
ပိုင်ဝူက ပင်ပန်းလွန်းသဖြင့် မျက်လုံးလှိမ့်လိုက်ပြီး "ငါ ပင်ပန်းနေပြီ" ဟု ပြောလိုက်သည်။
"အားနည်းလွန်းတယ်" ဟုဆိုကာ ခီရှစ်သည် သူ့ကျောပေါ်ရှိခြင်းတောင်းထဲမှအသီးများကိုထုတ်ယူပြီး သူ့အား ကျွေးသည်။
မျိုးနွယ်စုဝင်များသည် တစ်နေ့ကို နှစ်နပ်သာစားကြသည်။ မွန်းတည့်ချိန်တွင်ဗိုက်ဆာလာပါက ခြင်းတောင်းထဲမှ အစားအစာများကိုထုတ်ယူ၍ ဗိုက်ဖြည့်ကြသည်။
ပိုင်ဝူနှင့်အခြားလူများသည် ညနေခင်းနေဝင်ချိန်အထိ အလုပ်များနေခဲ့ကြသော်လည်း သူတို့နှစ်ဦးသည် တောင်ထိပ်နှင့် အနည်းငယ်ဝေးနေသေးသည်။ သို့သော်လည်း သူတို့၏ခြင်းတောင်းများသည်ကား ပြည့်သွားခဲ့သည်။
ထိုအထဲတွင် အစိမ်းရောင်အမြစ်များမှာ တစ်ဝက်ကျော်ခန့်ပါဝင်ပြီး ထိုအမြစ်များထဲမှ အများစုကို ကမ်းစပ်တစ်လျှောက်မှ တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။
ပိုင်ဝူသည် သူ၏ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သဖြင့် အိမ်ပြန်လာချိန်တွင် သီချင်းညည်း၍ ပြန်လာခဲ့သည်။
အစိမ်းရောင်အမြစ်များသည် နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့် အမြစ်များစွာရှိနေသဖြင့် ကျောက်ဓားဖြင့်တူးဖော်ရန်အတွက် အလွန်အဆင်မပြေဖြစ်နေခဲ့သည်။ အဓိကတူးဖော်သူဖြစ်သည့်ခီရှစ်သည် အားမရှိတော့သဖြင့် ပိုင်ဝူနှင့်ပင် စကားပြောနိုင်သည်အထိ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
သူတို့နှစ်ဦးသည် အဖွဲ့နှင့်ပြန်လည်ဆုံဆည်းသည်နှင့် မျိုးနွယ်စုဆီသို့ပျံသန်း၍ အသိုက်များဆီသို့ ပြန်လာခဲ့ကြသည်။
ပိုင်ဝူသည် လေထဲမှတဆင့် အောက်သို့ငုံ့ကြည့်လိုက်စဉ် သူ၏ဖေဖေသည် အသိုက်ရှေ့တွင်ထိုင်ကာ ဟင်းသီးဟင်းရွက်များရွေးနေသည်ကို မြင်လိုက်ရသည်။
သိမ်မွေ့သောနေဝင်ဆည်းဆာအလှသည် သူ့ဖေဖေ၏နုနယ်သောမျက်နှာအား နွေးထွေးသည့်အဝါရောင်အလွှာတစ်ထပ်ကို ဖုံးလွှမ်းပေးထားသည်။ သူ၏အနောက်ဘက်ဆီမှ ငှက်အသိုက်ကြီးနှစ်ခုသည်လည်း အနုပညာဆန်သောအလှတရားများရှိနေခဲ့သည်။
ပိုင်ဝူသည် လူသားအသွင်သို့ပြန်ပြောင်းလိုက်ပြီး သူ၏ငှက်မွေးခါးပတ်ကို ပြန်ပတ်ကာ "ဖေဖေ" ဟု ခေါ်လိုက်သည်။
ဖေဖေချွမ်က မော့ကြည့်ကာ ပျော်ရွှင်သောအပြုံးလေးနှင့်အတူ ခြင်းတောင်းကိုလာယူပြီးနောက် ခြင်းတောင်းထဲသို့ငုံ့ကြည့်ကာ "ဒီနေ့ ဘာလို့ အများကြီးရှာလာတာလဲ" ဟု မေးသည်။
"အစိမ်းရောင်အမြစ်တွေနဲ့ စားစရာတစ်ခုခု လုပ်ချင်လို့ပါ" ပိုင်ဝူက ခြင်းတောင်းကိုချထားလိုက်ပြီး နာကျင်နေသောလက်မောင်းများကို သက်သာအောင်လှုပ်ရှားလိုက်ကာ မီးဖိုရှေ့တွင် ထိုင်လိုက်သည်။ "မနေ့ညက အိပ်မက်ထဲမှာ အစိမ်းရောင်အမြစ်တွေနဲ့ လုပ်ထားတဲ့စားစရာတစ်မျိုးကို မက်ခဲ့တယ်၊ အဲ့ဒီဟာက အရမ်းအရသာရှိတယ်"
ခီရှစ်သည် ခြင်းတောင်းထဲမှ အစိမ်းရောင်အမြစ်များကို ရွေးထုတ်နေရာမှ "သူကလေ မိုက်မဲတယ်လို့ပြောရင်လဲ လက်မခံဘူး၊ အိပ်မက်ထဲက ကိစ္စတွေကို အလေးအနက်ထားစရာလိုလို့လား?" ဟု ပြောသည်။
ပိုင်ဝူက နှာခေါင်းဖြင့် လေကိုမြုတ်ထုတ်လိုက်ပြီး ခြေထောက်များကိုဆန့်ကာ "ဘာပဲဖြစ်ဖြစ်... ငါ စမ်းကြည့်ချင်တယ်" ဟု ပြောလိုက်သည်။
ခီရှစ်က မျက်လုံးလှည့်လိုက်ပြီး ပိုင်ဝူအား လျစ်လျူရှုလိုက်သည်။
ညီအစ်ကိုနှစ်ဦးသည် မီးလင်းဖိုဘေးတွင် အနားယူနေစဉ် ဖေဖေချွမ်က ချက်ပြုတ်နေသည်။
ပိုင်ဝူသည် မီးကိုစိုက်ကြည့်နေလျှက် သူ၏အရင်ဘဝမှ ဖြစ်ရပ်များကို စဉ်းစားနေမိသည်။
သူသည် အရင်ဘဝတွင် အစိုးရဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး အလုပ်ခရီးထွက်နေစဉ်အတွင်း သဘာဝဘေးတစ်ခုကြောင့် သေဆုံးခဲ့ရသည်။ သူနိုးလာသောအခါ ဤကမ္ဘာတွင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူသည် ဤကမ္ဘာသို့ ပြန်လည်မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်က အသိစိတ်မပြည့်ဝခဲ့သဖြင့် ဉာဏ်ရည်အမြဲနိမ့်ကျနေခဲ့သည်။
မိသားစုက သူ့ကို ဂရုတစိုက်ပြုစုစောင့်ရှောက်ခဲ့ကြသော်လည်း သေသွားလိမ့်မည်ဟုထင်ခဲ့ကြကာ အမည်တစ်ခုတောင်မပေးဘဲ ရှောင်ဝူဟုသာ ခေါ်ခဲ့ကြသည်။
သူသည် ဝမ်းကွဲများထဲတွင် ပဉ္စမမြောက်ဖြစ်သည်။
သူ သတိပြန်ရလာပြီးနောက် သူ့ကိုယ်သူ 'ဝူ'ဟု နာမည်ပေးခဲ့သည်။ ဤနာမည်သည် တရုတ်ဘာသာတွင် "ငါး"(၅) နှင့် အသံတူဖြစ်ပြီး "ဝူ" ဟူသောစာလုံး၏မူလအဓိပ္ပါယ်မှာ 'ကောင်းမွန်စွာ ရှင်သန်ကြီးထွားနေသော ပေါင်းပင်'ဖြစ်သည်။ သူသည် ဤကမ္ဘာတွင် အားကောင်းသန်မာစွာအသက်ရှင်နိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ပေးခဲ့ခြင်းဖြစ်သည်။
(T/N : Wu (ဝူ) ဆိုပြီး 荟 (ဟွေ့) လို့ရေးထားတယ်၊ မင်မင်လဲ အဆင်ပြေသွားအောင် ပြောင်းရေးထားပါတယ်)
မိသားစုက ဤအသံအသစ်ကို အလွန်ထူးဆန်းသွားသော်လည်း သူ၏ဇွဲရှိမှုကြောင့် သူ၏အဓိပ္ပါယ်ကို လိုက်နာပေးခဲ့ကြသည်။
ပိုင်ဝူသည် မီးလင်းဖိုဘေးတွင်ထိုင်၍ မေးစေ့ကိုလက်ဖြင့် ထောက်ထားပြီး သတိမေ့လျော့နေခဲ့သည်။
"ဝူ"
"ဟင်" ပိုင်ဝူသည် တစ်စုံတစ်ဦးက သူ့အား ထိလိုက်သည်ကိုခံစားမိပြီး လန့်ဖျန့်သွားကာ ပါးစပ်ကိုပင် သုတ်လိုက်မိသည်။ နောက်ပြန်လှည့်ကြည့်သောအချိန်တွင် သူ၏အရပ်ရှည်သောအဖေသည် အသားတစ်တုံးနှင့် သူ့နောက်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ "အဖေ"
သူ၏အဖေက "ဒီနေ့ အရမ်းပင်ပန်းနေပြီလား" ဟု မေးသည်။
ပိုင်ဝူသည် ကြာမြင့်စွာ ပျံသန်းခဲ့ရသောကြောင့် သူ၏အတောင်ပံများကနာကျင်နေသော်လည်း ဝန်ခံရန် ရှက်နေမိသည်။ "အဆင်ပြေပါတယ်အဖေ၊ သခင်ဘုန်းတော်ကြီးဆီ သွားပြီးပြီလား"
သခင်ဘုန်းတော်ကြီးသည် သူတို့မိသားစု၏တောင်ဘက်တွင်ရှိသောတောင်ပေါ်တွင် နေထိုင်လေသည်။ ဤကမ္ဘာတွင် သူတို့မျိုးနွယ်စုက သခင်ဘုန်းတော်ကြီးကို ကိုးကွယ်ကြသည်။
သူတို့ကသာ "လှူဒါန်းခြင်း" ရသည်ဟု ဆိုသော်လည်း အမှန်တွင် ဘုန်းတော်ကြီးများက နေ့စဉ်နီးပါးပြန်လည်ဆုတောင်းပေးနေလေ့ရှိသည်။
ပိုင်ဝူသည် အရပ်ရှည်ကာ ငယ်ရွယ်ပြီး အေးစက်နေတတ်သောသခင်ဘုန်းတော်ကြီး၏ပုံပန်းသွင်ပြင်ကိုမေ့နေခဲ့သော်လည်း သူ့အတွက် သိပ်မဆိုးလှပေ။
"ငါသွားပြီးပြီ၊ အခုပဲပြန်လာတာ" အဖေမော့က သူ့လက်ထဲရှိအသားကို ပိုင်ဝူဆီသို့ကမ်းပေးလိုက်ပြီး "သခင်ဘုန်းတော်ကြီးက မင်းရဲ့ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင်ပေးလိုက်တယ်"
"ဟမ်" ပိုင်ဝူက သူ့ဖခင်၏လက်ထဲ၌ အသားတုံးကြီးတစ်တုံးအား ကိုင်ထားသည်ကိုသတိထားမိပြီး မျက်လုံးများက တောက်ပလာခဲ့၏။ "ကျွန်တော်တို့အတွက်လား"
သူ အသားသီးသန့်ချက်ပြုတ်စားခဲ့ရချိန်သည် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကင်ထားသောအသား၊ ချက်ထားသောအသား၊ ကြော်ထားသောအသား၊ ဟင်းချိုထဲထည့်ထားသောအသား... အိုး၊ ထိုအကြောင်းတွေးနေစဉ်အတွင်း သူ့ပါးစပ်ထဲ၌ အရည်များပြည့်လာခဲ့သည်။
ပိုင်ဝူက လက်တစ်ဖက်တည်းဖြင့် အသားတုံးကိုယူလိုက်မိရာ နှာခေါင်းရှုံ့သွားရသည်။ ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်၏ဟန်ချက်မှာ ပျက်သွားရပြီး ခြေထောက်များပင် ပျော့ခွေသွားကာ အသားတုံးမှာလည်း ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့၏။
လေးလိုက်တဲ့အသား!
'ဘုန်းတော်ကြီးတွေက အသားပေးတဲ့နေရာမှာ တကယ့်ပိုရိုးသားကြပါလား'
သူသည် လျင်မြန်စွာပင် အခြားလက်တစ်ဖက်ဖြင့် ထပ်ကိုင်လိုက်ပြီးမှသာ အသားတုံးကိုတည်ငြိမ်စွာ ကိုင်နိုင်ခဲ့သည်။ "အဖေ၊ သခင်ဘုန်းတော်ကြီးက ဘာလို့ ငါတို့ကို အသားအများကြီးပေးတာလဲ"
အဖေမော့က "မင်း ပိုစားပြီး ပိုအားရှိလာဖို့ ပေးတာနေမှာပေါ့" ဟု ပြောသည်။
ပိုင်ဝူသည် အနည်းငယ်စိတ်လှုပ်ရှားသွားရသော်လည်း ထူးဆန်းနေသည်ဟုလည်း ခံစားနေရကာ "သခင်ဘုန်းတော်ကြီးက ကျွန်တော့်ကိုမှတ်မိနေတယ်လား" ဟု မေးလိုက်သည်။
သခင်ဘုန်းတော်ကြီးသည် မိမိတို့မျိုးနွယ်စု၏ဘုန်းတော်ကြီးဖြစ်ရုံသာမက အနီးအနားရှိ ငှက်မျိုးနွယ်စု ၉ ခုသည်လည်း ဤသခင်ဘုန်းတော်ကြီး၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။ သို့သော်လည်း ဘုန်းတော်ကြီးသည် သူ့အား ယခုထိတိုင် မှတ်မိနေဆဲဖြစ်သည်။
ခီရှစ်က "သခင်ဘုန်းတော်ကြီးက အရမ်းဉာဏ်ကောင်းတယ်၊ မင်းမှာ ထူးဆန်းတဲ့အရာတွေရှိတယ်ဆိုတာ မှတ်မိနေတယ်၊ ပြီးတော့ မင်းလို ဆယ်စုနှစ်ကျော်ကြာတဲ့အထိ မိုက်မဲနေတဲ့လူဆိုရင်ပေါ့" ဟု ပြောသည်။
"..." ပိုင်ဝူသည် အံ့ကြိတ်လိုက်ပြီး သူ၏အစ်ကိုနှင့် ထပ်မံရန်ဖြစ်လုနီးပါးဖြစ်နေခဲ့သော်လည်း ဖခင်ဖြစ်သူ၏လက်တစ်ဖက်စီဖြင့် တွန်းထုတ်ခြင်းခံခဲ့ရသည်။
ပိုင်ဝူက နှာမှုတ်ပြီး စဉ်းစားလိုက်မိသည်။ မျိုးကွဲသားရဲအသေးစားတစ်ဦးအနေဖြင့် သူ့တွင် အခြားသူများနှင့်ပတ်သက်၍ အကြံအစည်များမရှိပေ။ ဘုန်းတော်ကြီးသည် စေတနာကောင်းသူတစ်ယောက်ဖြစ်နေနိုင်ပေသည်။
ဒုတိယအကြိမ် စဉ်းစားလိုက်ပြီးနောက် ထိုကိစ္စကို နောက်ချန်ထားလိုက်ပြီး သူ့ရှေ့မှ အသားပေါ်တွင်သာ အာရုံစိုက်လိုက်သည်။
ဤအသားပိုင်းသည် နီရဲနေပြီး အဆီများမှာ နှင်းပွင့်အမဲသားနှင့် ဆင်တူသည်။
ပိုင်ဝူသည် လည်ချောင်းတွင်းမှ လျှံတက်လာသည့်သွားရည်များကို မျိုချပစ်လိုက်ရသည်။ ဤအသားပိုင်းအား ချက်ပြုတ်ပြီးသည်နှင့် ရရှိလာမည့်အရသာကို သူ မြင်ယောင်နေမိသည်။
သူသည် ခေါင်းလှည့်လိုက်ပြီး ဖေဖေချွမ်အား အော်မေးလိုက်သည်။ "ဖေဖေ၊ ဒီအသားကို ကျွန်တော် ချက်လို့ရမလား"
ချွမ်သည် သူလုပ်နေသည့်အရာကို ရပ်လိုက်ပြီး "မင်း လုပ်နိုင်လို့လား" ဟု မေးသည်။
"ကြိုးစားကြည့်ရင် သိလိမ့်မယ်"
လတ်လတ်ဆတ်ဆတ် ထုတ်ယူထားသောအသားတုံးကို ရိုးရှင်းစွာ ဆေးကြောပြီး လေသလပ်ခံထားလိုက်သည်။
ပိုင်ဝူသည် ကျောက်ဓားဖြင့် အသားတုံးကို အပိုင်းပိုင်းခွဲလိုက်သည်။ ကြော်ခြင်း၊ ပေါင်းခြင်း၊ နှပ်ခြင်းစသောနည်းလမ်းမျိုးစုံသည် သူ့စိတ်ထဲသို့ လျှပ်တပြက် ဝင်လာခဲ့သည်။ နောက်ဆုံးမှာ "ဖေဖေ၊ ကျွန်တော် အရင်က ဖေဖေ့အတွက်လုပ်ပေးခဲ့တဲ့ဆော့စ်ဘယ်ရောက်သွားလဲ"
ချွမ်က လုပ်လက်စကိုချပြီး "ရှိတယ်၊ ငါယူလာပေးမယ်" ဟုပြောသည်။
ခီရှစ်က ထရပ်လိုက်ပြီး "ကျွန်တော် သွားမယ်!" ဟု ပြောသည်။ ထို့နောက် သူဟည် နောက်လှည့်ပြီး အသိုက်ဆီသို့ ပြေးသွားသည်။ ခဏအကြာတွင် သူသည် အိုးကလေးတစ်လုံးကို ယူလာခဲ့သည်။
အိုးကလေးက ဘောလုံးအရွယ်လောက်သာရှိပြီး အမည်းရောင်ရွှံ့နှင့်ပိတ်ထားသည်။
ပိုင်ဝူက ရွှံ့အဖုံးကိုချွတ်ပြီး အပေါ်က အခြောက်ခံထားသောအရွက်တွေကို ဖယ်လိုက်သည်။
အတွင်းက အညိုရောင်ဆော့စ်သည် ချိုချိုချဉ်ချဉ်အနံ့များ ထွက်နေခဲ့သည်။ ပိုင်ဝူသည် ဗိုက်ထဲက တဂွီးဂွီးမြည်လာခဲ့ပြီး တံတွေးမျိုချမိသွားခဲ့သည်။
ခီရှီက အနီးသို့ ကပ်လာပြီး "မင်းလုပ်တဲ့ဆော့စ်က ဘာအရသာလဲ" ဟု မေးသည်။
ပိုင်ဝူက တူနှင့် နည်းနည်းခပ်ယူပြီး "မြည်းကြည့်မလား" ဟု ပြန်မေးလိုက်သည်။
ခီရှစ်က နည်းနည်းစားကြည့်ပြီး မျက်နှာများရှုံ့မဲ့သွားပြီးနောက် "ချဉ်တယ်"
"တကယ်လား" ပိုင်ဝူလည်း နည်းနည်းယူပြီး မြည်းကြည့်သည်။
ချဉ်ချဉ်ငန်ငန်အရသာလေးက ပါးစပ်ထဲသို့ ပျံ့နှံ့သွားပြီးနောက် ချိုမြိန်သောအရသာက အနည်းငယ်သိသာလာခဲ့သည်။ ပိုင်ဝူ၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး "အရသာရှိတယ်ဟ" ဟု အော်လိုက်သည်။
ပိုင်ဝူက ဆော့စ်အိုးကို ဖခင်နှစ်ယောက်ဆီသို့ လက်ဆင့်ကမ်းလိုက်သည်။
ဖေဖေချွမ်က မြည်းကြည့်ပြီး "တစ်ခါတည်း အများကြီးမစားနိုင်ဘူး" ဟု မှတ်ချက်ပေးသည်။
ပိုင်ဝူက ဂရုတစိုက်နှင့် ရှင်းပြလိုက်သည်။ "ဒါက ထမင်းလိုစားရမှာမဟုတ်ဘူး၊ သူက အချိုပွဲတစ်မျိုးလေ၊ နောက်ဟင်းချက်တဲ့အခါကျရင် ထည့်လိုက်တာနဲ့ အရသာပိုကောင်းသွားလိမ့်မယ်၊ ဒါပေမဲ့ နည်းနည်းပဲထည့်ရမယ်"
ပိုင်ဝူသည် စိတ်အားထက်သန်စွာဖြင့် "ဖေဖေ၊ ဒီညတော့ တခြားဘာမှမလုပ်နဲ့တော့၊ ဒီအသားပဲ ချက်စားကြမယ်" ဟု ထပ်ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒီနေ့ မင်းရဲ့လက်ရာကို စမ်းကြည့်ရအောင်" ဖေဖေချွမ်က ပစ္စည်းတွေကိုသိမ်းလျှက် ထပ်ပြောလိုက်သည်။ "အသားကို ဘယ်လိုလုပ်မှာလဲ၊ ငါ ကူညီပေးမယ်"
"မလိုပါဘူး၊ ဖေဖေ နားလိုက်ပါဦး၊ ကျုပ် လုပ်တာကိုပဲ ကြည့်နေပါဗျာ"
ပိုင်ဝူ၏အတောင်ပံများသည် မနာတော့သလို ခြေလက်များမှာလည်း မနာကျင်တော့သည့်အတွက် အသားကို ချက်ချင်း ချက်ပြုတ်နိုင်ပါပြီဖြစ်သည်။
သူသည် အသားတုံးများကို တုတ်အချွန်ဖြင့် ခပ်စိပ်စိပ်ဖောက်လိုက်ပြီး ယိုနှင့်နယ်ကာ ရွံ့အိုးကိုရှာလိုက်သည်။ ထိုအိုးများသည် ခဏလေးအတွင်း ပူလာတတ်သည်။
ပိုင်ဝူသည် အသားကိုတိုက်ရိုက်မကြော်ရဲဘဲ အိုးထဲသို့ ရေအနည်းငယ်ထည့်ကာ သားရဲဆီကို ထည့်လိုက်သည်။ ပြီးနောက် အရည်ပျော်အောင်လုပ်ပြီး ဆူအောင်တည်ကာ အပူချိန်ကို လျှော့ထားလိုက်သည်။ ထို့နောက် ယိုလူးထားသောအသားတုံးများကို ထည့်ချက်လိုက်သည်။
ဤချက်နည်းသည် သူ့ဖေဖေ၏ဟင်းချိုချက်နည်းနှင့် မတူပေ။ သူသည် အသားချက်နေစဉ်အတွင်း အနားမှာရပ်ပြီး အသားအရောင်ပြောင်းသွားသည်နှင့် တူနှင့်လှန်ပေးလိုက်၏။
အသားတုံးတစ်ခုစီ ကျက်သွားသည်နှင့် ချက်ချင်းပင် ပန်းကန်ထဲသို့ထည့်လိုက်သည်။
ပိုင်ဝူက အသားကိုတူနှင့်ထိုးကြည့်၍ ပျော်ရွှင်စွာ ကြေညာလိုက်သည်။ "ပြီးပြီ!"
ထို့နောက် မိသားစုဝင်အားလုံး၏မျက်လုံးများက အသားတုံးများပေါ်သို့ စုစည်းသွားခဲ့ကြသည်။
ပန်းကန်ထဲက အသားတုံးကြီးသည် အညိုရောင်ဖျော့ဖျော့လေးဖြစ်နေပြီး ထူထဲနေလေသည်။ တူနှင့်ဖိကြည့်လိုက်ချိန်တွင် ပြန်တက်မလာဘဲ အထဲသို့ နစ်ဝင်သွားလေသည်။ ထိုအသားသည် ယခင်အချိန်များက စားဖူးသောအသားများနှင့် လုံးဝမတူပါချေ။
အသားမှာ ယခုအချိန်ထိ အငွေ့တွေထွက်နေပြီး ကြွယ်ဝသောအသား၏မွေးရနံ့က အားလုံး၏လည်ချောင်းကို လှုပ်ရှားသွားစေသည်။
ခီရှစ်က ခေါင်းစောင်းကြည့်ပြီး "ဒါက စားလို့ရပြီလား" ဟု မေးသည်။
ပိုင်ဝူ၏မျက်ခုံးပင့်လိုက်ပြီး မေးစေ့ကိုအနည်းငယ်ပင့်မော့ကာ "စားကြည့်လေ" ဟု ပြောလိုက်သည်။
ဖေဖေချွမ်က ပြုံး၍ ပန်းကန်လုံးတစ်လုံးယူလာပြီး အသားတုံးတစ်တုံးကို ထည့်ပေးလိုက်သည်။
ခီရှစ်ကလည်း မဆိုင်းမတွဘဲ တူနှင့်အသားကိုယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူသည် ဤတူနှစ်ချောင်းကိုသိပ်မသုံးတတ်သေးသော်လည်း ယနေ့၏အသားသည် အလွန်ပူနေသောကြောင့် မသုံးမဖြစ်သုံးလိုက်ရသည်။
အသားကို ပါးစပ်ထဲထည့်ပြီး အနည်းငယ်ကိုက်လိုက်ချိန်တွင် နူးအိပြီး ပူနွေးသောအရည်တွေက ပါးစပ်ထဲ၌ ပြည့်သွားခဲ့သည်။ အသားကိုမမြိုချမိခင်မှာပင် အသားနှင့်ဆော့စ်၏အရသာများက နူးအိနေသောအသားထဲမှတဆင့် တဟုန်ထိုးထွက်လာခဲ့သည်။
အရမ်းပူတယ်! ဒါပေမဲ့ အရမ်းမွှေးတယ်!
ငါ ဒီလိုနူးညံ့တဲ့အသားမျိုးကို ဘယ်တုန်းကမှ မစားခဲ့ဖူးဘူး!
ဒီလိုအရသာပြည့်ဝတဲ့အသားမျိုးကို ဘယ်တုန်းကမှ မစားဖူးဘူး!
ဤအသားသည် နူးအိပြီး အရည်ရွှမ်းနေသည်ကိုလည်း သိလိုက်ရသည်။
ခီရှစ်က မျက်လုံးများပြူးကျယ်သွားပြီးနောက် နှစ်ကိုက်ထပ်စားလိုက်သည်။
ပုံမှန်အားဖြင့် သိပ်မထင်ရှားသောအချဉ်သီးလေးများကို ယိုလုပ်လိုက်သည့်အခါတွင် ပြောမပြနိုင်သောအရသာကို ရရှိလာခဲ့သည်။ ထိုယိုအား အသားထဲသို့ထည့်လိုက်ချိန်တွင် အသား၏အဆီနံ့နှင့်ညှီနံ့ဆိုးတွေကို ပျောက်စေပြီး အရသာကို အထူးကောင်းမွန်စေခဲ့သည်။ ခီရှစ်ကိုယ်တိုင်လည်း မည်သို့ဖြစ်နေမှန်းပင် မသိတော့ပေ။ သူသည် အသားကြီးတစ်တုံးလုံးကို သုံးလုတ်တည်းနှင့် ကုန်သွားစေခဲ့သည်။
သူက တူအလွတ်ကိုကြည့်ပြီး ဗိုက်ကိုပွတ်သပ်ကာ အခြားသူများကို လှမ်းကြည့်လိုက်ရာ ဖေဖေချွမ်၏မျက်လုံးများနှင့်ဆုံသွားလေသည်။ ဖေဖေချွမ်ကလည်း ပြုံးသွားပြီး ပန်းကန်ထဲက ကျန်နေသေးသောအသားများကို သူ့အားပေးလာ၏။
ခီရှစ်က အလျင်အမြန် လက်ကာလိုက်ပြီး "ဖေဖေ၊ ဖေဖေပဲ စားပါ" ဟု ပြောလိုက်သည်။ ဤကဲ့သို့ပြောဆိုနေရာမှ ပိုင်ဝူကို လှည့်ကြည့်ပြီး "ပိုင်ဝူ၊ အသားထပ်ချက်ပေးမလား" ဟု မေးလိုက်သည်။
သူတို့တွင် ဘေးနားမှာ ချိတ်ဆွဲထားသောအသားတစ်ဝက်လောက် ကျန်နေသေးသည်။
ပိုင်ဝူသည် သူ့ပန်းကန်ထဲက အသားကိုကိုက်လိုက်ပြီး မျက်ခုံးပင့်ကာ ဂုဏ်ယူစွာဖြင့် "မင်းက ငါလုပ်နိုင်ပါ့မလားလို့ သံသယဝင်နေခဲ့တာမဟုတ်ဘူးလား" ဟု ပြန်မေးလိုက်သည်။
"မင်းမလုပ်နိုင်ရင် ဘယ်သူလုပ်မှာလဲ" ခီရှစ်က ပိုင်ဝူ၏ပခုံးကိုဆွဲပြီး မီးဖိုဘက်သို့တွန်းလိုက်ကာ "ဒီလိုကောင်းတဲ့အသားကပျက်စီးသွားရင် သိပ်နှမျောစရာကောင်းတယ်၊ လာလာ၊ မင်းချက်၊ ငါမီးထိုးပေးမယ်"
ပိုင်ဝူက မီးဖိုနားသို့ အတွန်းခံလိုက်ရပြီးနောက် "ငါချက်တဲ့အသားစားပြီးရင် အစိမ်းရောင်အမြစ်ကို အမှုန့်ကြိတ်ပေးဖို့ မမေ့နဲ့နော်" ဟု အော်ပြောလိုက်သည်။
ခီရှစ်က ရင်ဘတ်ကိုပုတ်လိုက်ပြီး "ငါ့ကိုသာ လွှဲထားလိုက်၊ မင်းပြောတဲ့အတိုင်း လုပ်ပေးမယ်!" ဟု ရဲရဲကြီးအာမခံလိုက်သည်။
ပိုင်ဝူသည် ပန်းကန်ထဲရှိအသားကို ဂရုတစိုက်စားလိုက်ပြီး အိုးထဲကျန်နေသောအသားတွေကို ဆက်ချက်လိုက်သည်။
လတ်ဆတ်သောအသားကို ချဉ်ချဉ်ငန်ငန်ဆော့စ်နှင့် တွဲစပ်လိုက်သောကြောင့် လျှာထဲမှာ အကောင်းဆုံးအရသာကို ခံစားလိုက်ကြရသည်။
ဤကဲ့သို့သောအသားတုံးကြီးတစ်တုံးကို နှစ်နပ်သုံးနပ်လောက် စားရလိမ့်မည်ဟုထင်ထားခဲ့သော်လည်း တစ်နပ်တည်းနှင့် ကုန်သွားခဲ့လေသည်။
ပိုင်ဝူက ပြည့်တင်းနေသောဗိုက်ကိုပွတ်သပ်လျှက် အိပ်ငိုက်လာကာ မျက်လုံးများသည်ပင် မှိတ်ကျလုနီးပါးဖြစ်လာခဲ့သည်။
ဖေဖေချွမ်က သူ့နဖူးကိုထိလိုက်ပြီး နူးညံ့သောအပြုံးဖြင့် "အစိမ်းရောင်အမြစ်တွေကိုကော ဘယ်လိုလုပ်မှာလဲ၊ မင်းအဖေကို ကူခိုင်းလိုက်လေ"
"ဆေးကြောပြီး အပိုင်းပိုင်းထုချေလိုက်ရုံပဲ" ပိုင်ဝူသည် မိမိကိုယ်ကို အားတင်းပြီး ပြောလိုက်သည်။ "သစ်သားဇလုံကြီးနှစ်လုံးနဲ့ စစ်ထုတ်ဖို့အတွက် ဇကာတစ်ခုလည်း လိုအပ်တယ်"
------