အခန်း - (၃.၁)
အစိမ်းရောင်အမြစ်များကို တစ်ခုနှင့်တစ်ခုကပ်လျှက် ထားလိုက်သည်။ ထိုအမြစ်တစ်ခုချင်းစီသည် မြေကြီးများဖြင့် ဖုံးလွှမ်းခံထားရသဖြင့် ကြည့်ရဆိုးနေခဲ့သည်။
ညစာစားပြီးနောက် ပိုင်ဝူသည် အစိမ်းရောင်အမြစ်များကို မြစ်ဆီသို့ ယူဆောင်သွားပြီး မြက်ရိုးများဖြင့် ပွတ်တိုက်ဆေးကြောလိုက်သည်။
ဆေးကြောပြီးသည်နှင့် သူတို့သည် ကျောက်ဓားများကိုအသုံးပြု၍ အစိမ်းရောင်အမြစ်များ၏ပျက်စီးနေသောအစိတ်အပိုင်းများကို ဖြတ်ထုတ်ကာ ပိုလျှံနေသောအမြစ်မွှေးများကို နုတ်ပစ်လိုက်သည်။ ထို့နောက် တစ်ခုလုံးကို ကျောက်ဆုံထဲသို့ထည့်၍ ထောင်းလိုက်သည်။
ညသည် တဖြည်းဖြည်း မှောင်လာခဲ့လေသည်။
တောင်စောင်းမှ တောင်ခြေအထိ ကြီးမားသောငှက်အသိုက်ရာပေါင်းများစွာ၏ရှေ့ရှိ မီးကျင်းများတွင် မီးများဖိုထားကြ၏။
တောင်ပေါ်မှကြည့်လျှင် မီးပုံများသည် တုန်ယင်နေသောပိုးနီချည်များကဲ့သို့ဖြစ်နေလေသည်။
ပင်ပန်းနွမ်းနယ်သောနေ့တစ်နေ့ကုန်ဆုံးပြီးနောက် သားရဲလူသားများနှင့် သားရဲငယ်များသည် မီးပုံရှေ့တွင်ထိုင်နေကြပြီး စကားပြောသူများကပြောနေကြ၍ ဂိမ်းကစားသူများက ကစားနေကြသည်။ တစ်ခါတစ်ရံ ကလေးများ၏ရယ်မောသံကိုလည်း ကြားရသည်။ ပိုင်ဝူ၏မိသားစုသည်ကား အစိမ်းရောင်အမြစ်များ ထောင်းနေကြသည်။ ထိုအသံများမှလွဲ၍ မျိုးနွယ်စုတစ်ခုလုံးသည် အထူးတိတ်ဆိတ်ငြိမ်းချမ်းနေလေသည်။
တဖြည်းဖြည်းနှင့် ပိုင်ဝူအိမ်မှ မီးပုံကြီးသည် လူများစွာကို ဆွဲဆောင်လာနိုင်ခဲ့သည်။
သားရဲလူသားများနှင့်သားရဲငယ်များသည် လည်ပင်းများဆန့်တန်းကာ ကျောက်ဆုံပတ်လည်တွင်စုဝေးနေကြသည်။ သူတို့သည် ပိုင်ဝူ၏မိသားစုအနေဖြင့် မည်သည့်အစားအစာအား ထုတ်လုပ်နေကြသည်ကို ကြည့်ရှုနေခဲ့ကြသည်။
ဆေးကြောပြီး၍ အကုန်ထောင်းပြီးချိန်တွင် ရွှံ့ပြုတ်ရည်ကဲ့သို့ မီးခိုးပြာရောင်ရေတစ်ကန်ကြီးကို ထုတ်လုပ်လိုက်သည်။
သို့သော် ရွှံ့ပြုတ်ရည်များသည် အစိမ်းရောင်အမြစ်များ၏ထူးခြားသော ဖန်ခါးနံ့ကို ထုတ်လွှတ်ပေးနေခဲ့သည်။
အနံ့က တော်တော့်ကို ဆိုးရွားသည်။ လူအုပ်ကြီးသည်လည်း ခေတ္တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ထိုစဉ် မရေရာသောအသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ "ဒါ...မင်း လုပ်ထားတဲ့အစားအစာက စားလို့ရရဲ့လား"
"ဟုတ်တယ်၊ ဒါက စားလို့ရပါ့မလား၊ မင်း ဘာတွေ လုပ်နေတာလဲ"
"နွေဦးရာသီမှာ အစိမ်းရောင်အမြစ်တွေကို ဘယ်လိုများစားနိုင်မှာလဲ၊ ငါ့မိသားစုက ဒီနေ့အနီရောင်ဘယ်ရီသီးတွေ ခူးလာခဲ့တယ်၊ ငါ မင်းကို နည်းနည်းယူလာပေးမယ်"
"ဝူရဲ့အိပ်မက်ထဲက ဟာတွေကို ဘယ်လိုများယုံလို့ရမှာလဲ၊ ဒါက သိပ် အရသာရှိပုံလဲမပေါ်ဘူး၊ ဒီအတိုင်း မေ့ထားလိုက်တာ ပိုကောင်းမလား"
ထိုအချိန်တွင် ပိုင်ဝူသည်ကား အစိမ်းရောင်အမြစ်ရည်ကို ဘေးသို့ရွှေ့ရန် ရုန်းကန်နေရလေသည်။
"အစိမ်းရောင်အမြစ်က တော်တော်လေး အရသာရှိပါတယ်၊ ချက်ပြီးတာနဲ့ လူတိုင်း သိလိမ့်မယ်"
လူတိုင်းက ထင်ရှားစွာပင် မယုံကြည်ကြပေ။
ခီရှစ်ကလည်း ဝင်ပြောလိုက်သည်။ "ခုနက အသားနံ့က အရမ်းကောင်းတယ်၊ လူတိုင်းလဲ အနံ့ရလိုက်တယ်မှတ်လား"
"ရလိုက်တယ်၊ ဘုန်းတော်ကြီးပေးတဲ့ပန်းသားရဲအသားမဟုတ်လား၊ တကယ် ကောင်းတဲ့အနံ့ပဲ"
ထိုအဖြေစကားရသည်နှင့် ခီရှစ်သည် သူ၏မေးစေ့ကို အနည်းငယ်မြှင့်ထားလိုက်သည်။ "အဲ့ဒါကို ဝူ ချက်ထားတာ"
"သူ ပန်းသားရဲအသားကို ချက်တတ်ပေမဲ့ အစိမ်းရောင်အမြစ်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာတော့ မသိနိုင်ဘူး၊ ချွမ်၊ မော့၊ မင်းတို့ သားတွေကို အရမ်းအလိုမလိုက်သင့်ဘူး"
ဖေဖေချွမ်က ပြုံးလိုက်သည်။ "သူ လုပ်တတ်ပါတယ်၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒါက အစိမ်းရောင်အမြစ်ပဲလေ၊ စားလိုက်ရလို့ ဆိုးကျိုးတော့ မဖြစ်နိုင်ပါဘူး၊ ဝူ က သူဘာလုပ်နေတယ်ဆိုတာ သိတဲ့ကလေးပါ၊ အားလုံးပဲ စိတ်မပူပါနဲ့"
ပိုင်ဝူသည် ထိုစကားများကို လုံးဝစိတ်ထဲမထားဘဲ သူ့မိသားစုကို ပြောလိုက်သည်။ "ဒီအစိမ်းရောင်အမြစ်ရဲ့အဖတ်တွေကို အခြောက်ခံဖို့ ယူသွားလိုက်မယ်"
ဤအစိမ်းရောင်အမြစ်၏အဖတ်များသည် အခြောက်ခံပြီးနောက် ငါးမျှားသည့်နေရာတွင် ကောင်းမွန်သောငါးစာများဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့် ငါးမျှားသည့်အခါ ငါးစာချရန်အတွက် အလွန်ကောင်းမွန်ပေသည်။
ခီရှစ်သည် မျိုးနွယ်စုဝင်များကြောင့် စိတ်ရှုပ်လာသဖြင့် ထရပ်လိုက်ပြီး ပိုင်ဝူ၏နောက်သို့ လိုက်သွားခဲ့သည်။ "ငါလဲ လိုက်ခဲ့မယ်"
မျိုးနွယ်စုဝင်များသည်ကား ခေါင်းတယမ်းယမ်းလုပ်လိုက်ကြပြီး ပိုင်ဝူတို့မိသားစုဝင်များ အနားယူရန် အသင့်ဖြစ်နေသည်ကိုမြင်သောအခါ သူတို့လည်း ဖြည်းဖြည်းချင်း လူစုကွဲသွားကြတော့သည်။
အဖေမော့နှင့် ဖေဖေချွမ်သည် သူတို့၏ပစ္စည်းပစ္စယများကို ရိုးရှင်းစွာ ထုပ်ပိုးလိုက်ကြပြီး သားနှစ်ယောက်နောက်သို့လိုက်သွားကာ တောင်စောင်းအလယ်ရှိ သူတို့၏အသိုက်ဆီသို့ ပြန်၍အနားယူကြရန် တိုက်တွန်းကြသည်။
ခီရှစ်သည် စိတ်ပါလက်ပါဖြင့် ပိုင်ဝူဘေးတွင်ထိုင်ချလိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်းရဲ့အစိမ်းရောင်အမြစ်အနှစ်က ဘယ်တော့လောက် အဆင်သင့်ဖြစ်မှာလဲ၊ အဲ့ဒီအခါကျရင် အသားလိုမျိုး မွှေးနေမှာလား"
ပိုင်ဝူသည် မီးခိုးပြာရောင်ရှိသည့်အစိမ်းရောင်အမြစ်ရည်စည်ကြီးကို စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်မူ မြေအိုးဆန်ခေါက်ဆွဲ၊ ဝက်အူချောင်း ဆန်ခေါက်ဆွဲနှင့် အခြားဆန်ခေါက်ဆွဲအမျိုးအစားများ၏အရသာကို မှတ်မိနေလေရာ ခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "အသားလိုပဲ အရသာရှိတယ်"
ခီရှစ်သည် သူ့ဒူးများကို ရိုက်လိုက်သည်။ "ဒါဆို အဲ့ဒီနေ့ကျရင် များများချက်မယ်၊ အကြာကြီးလဲ ချက်ရမယ်"
'အဲ့လူတွေကို အသားကုန် ဗိုက်ဆာခိုင်းမယ်'
ခီရှစ်သည် ချိုမြိန်သောအိပ်မက်များဖြင့် အိပ်ပျော်သွားခဲ့သည်။
နောက်နေ့မနက် အိပ်ရာထကြချိန်တွင် စည်ပိုင်းကြီးထဲရှိ အစိမ်းရောင်အမြစ်ရည်သည် ကြည်လင်နေပြီဖြစ်သည်။
ပိုင်ဝူသည် ခီရှစ်ကို သူ့နှင့်အတူ ပူးပေါင်းရန်တောင်းဆိုပြီး သစ်သားစည်ပိုင်းထဲမှ ရေအကြည်များကို ညင်သာစွာ သွန်ပစ်လိုက်သည်။ အောက်ဘက်တွင်မူ မီးခိုးပြာရောင်ရှိသောအစိမ်းရောင်အမြစ်အမှုန့်လွှာတစ်ခု ရှိလေသည်။ သူသည် ဇွန်းဖြင့် အနည်းငယ်ခပ်ယူပြီး ညင်သာစွာ ဖိကြည့်လိုက်ရာ နူးညံ့ပြီး စိုစွတ်နေခဲ့သည်။
ခီရှစ်သည် သေချာခံစားကြည့်ပြီး မယုံကြည်နိုင်မှုကြောင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။ "ဒါက အစိမ်းရောင်အမြစ်တွေရဲ့အတွင်းထဲက အမှုန့်လား?"
"မင်း ငါ မနေ့ကလုပ်နေတာကို မကြည့်ဘူးလား" ပိုင်ဝူသည် သစ်သားစည်ပိုင်းကို ချထားလိုက်ပြီးနောက် ထရပ်ကာ မီးဖိုဘေးတွင်ရှိသောသစ်သားဇွန်းကို သွားယူလိုက်သည်။ "ဒီကို သစ်သားလင်ဗန်းနှစ်ခု ယူလာခဲ့"
"လင်ဗန်းတွေထဲထည့်ပြီးရင် စားလို့ရပြီလား"
"အရင်အခြောက်ခံဖို့ လိုတယ်"
"ဘာလို့လဲ"
ညီအစ်ကိုနှစ်ယောက်၏မျက်လုံးများသည် လေထဲတွင် ဆုံသွားကြပြီးနောက် ပိုင်ဝူသည် စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ သူသည် ချက်ချင်း ထိန်းချုပ်ထားလိုက်ပြီး "အကြောင်းပြချက်မရှိဘူး၊ အိပ်မက်ထဲမှာ ဒီလိုပဲ ဖြစ်ခဲ့တာ" ဟု ပြောလိုက်သည်။
သူ့ယခင်ဘဝတွင် အခြားလူများအနေဖြင့် ထိုအမှုန့်များအား အခြောက်ခံသည်ကို သူ မြင်ဖူးခဲ့သည်။ အဘယ်ကြောင့် ထိုသို့ပြုလုပ်ရသည်ကို သူ မည်သို့သိရှိနိုင်မည်နည်း။
ခီရှစ်သည် "အိုး...." ဟု အသံပြုလိုက်ပြီးနောက်ထပ်မံ၍မဖိအားပေးတော့ပေ။
ညီအစ်ကိုနှစ်ယောက်သည် အစိမ်းရောင်အမြစ်အမှုန့်များကို သစ်သားလင်ဗန်းများထဲသို့ ခပ်ထည့်ပြီး ဘေးသို့ယူဆောင်သွား၍ အခြောက်ခံထားလိုက်သည်။
ပိုင်ဝူသည် အောက်ရှိ အိမ်နီးနားချင်း၏အသိုက်အစွန်းသို့ တမင်တကာ ပြေးသွားပြီး မိုးရွာပါက အစိမ်းရောင်အမြစ်မှုန့်များကို ကူညီ၍ကောက်သိမ်းပေးထားပါဟု အိမ်နီးနားချင်းများကို တောင်းဆိုလိုက်သည်။
ထို့နောက် သူတို့သည် ထပ်မံစုဆောင်းရန်အတွက် သွားခဲ့ကြသည်။
ပိုင်ဝူနှင့်အခြားသူများသည် အချိန်အကြာကြီးအလုပ်များခဲ့ကြပြီးနောက် မှိုနှင့်တောဟင်းသီးဟင်းရွက်အမြောက်အမြားကို သူတို့၏ခြင်းတောင်းများထဲသို့ ခူးဆွတ်သိမ်းဆည်းခဲ့ကြသည်။
ခီရှစ်သည် ထိုနေရာတွင် အထူးအရသာရှိသောမှိုတစ်မျိုးရှိကြောင်း ပြောသည်။ ထိုမှိုသည် လတ်ဆတ်သည်၊ မွှေးသည်၊ နူးညံ့သည်ဟူသောအင်္ဂါ သုံးပါးနှင့် ကိုက်ညီလေသည်။
ငါးရက်ဟူသောအချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
အစိမ်းရောင်အမြစ်မှုန့်များသည်လည်း လုံးဝခြောက်သွေ့သွားပြီး သေးငယ်ပြီး မာကျောသောအမှုန့်များအဖြစ် ခဲသွားခဲ့ရာ ကျောက်စရစ်ခဲလေးများကဲ့သို့ ဖြစ်သွားခဲ့သည်။
ခီရှစ်သည် အစိမ်းရောင်အမြစ်မှုန့်များကို လေ့လာနေခဲ့သည်။ အခြောက်ခံပြီးနောက် အမှုန့်သည် တစ်စုံတစ်ဦးကို ရိုက်နိုင်လောက်အောင် မာကျောနေသည်ကို သူ မြင်လိုက်ရသည်။ သူသည် အနည်းငယ်ယူ၍ လျှာဖြင့် လျက်ကြည့်လိုက်ရာ အစိမ်းရောင်အမြစ်အရသာပင် ပျောက်ကွယ်နေပြီဖြစ်သဖြင့် သူ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
သူသည် ဘယ်ပြန်ညာပြန်ကို ကြည့်လိုက်ပြီး "ဒါက တကယ်စားလို့ရလား" ဟု မေးလိုက်သည်။
ပိုင်ဝူသည် သူ့ကိုကြည့်လိုက်ပြီး ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ "အရသာရှိတယ်"
ထိုသို့ပြန်ဖြေပြီးနောက် ပိုင်ဝူသည် သူ့အဖေမော့ကိုရှာပြီး မနက်ဖြန်တွင် သူ့အတွက် ငှက်တစ်ကောင်ဖမ်းပေးရန် အကူအညီတောင်းလိုက်သည်။
သူသည် မှိုနှင့်ငှက်ကိုအသုံးပြု၍ အစိမ်းရောင်အမြစ်မှုန့်များကို ချက်ပြုတ်ရန် စီစဉ်ထားသည်။
သားရဲလူသားများ ပြောင်းလဲနိုင်သောတိရစ္ဆာန်ပုံစံသည် အနည်းငယ်သာ ရှိသည်။ သားရဲများနှင့် ငှက်အများစုသည် ရိုးရှင်းသောတိရစ္ဆာန်များသာ ဖြစ်ပြီး သားရဲလူသားများနှင့် ကွဲပြားလေသည်။
သားရဲလူသားများသည် လေထဲတွင်ရှိနေပါက သဘာဝအားသာချက်များရှိသည့်အပြင် ငှက်များကလည်း သူတို့၏အစားအစာထဲတွင် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။
ပိုင်ဝူသည် သူ၏အတောင်ပံများက မသန်မာသလို သူ၏လက်သည်းများကလည်း မထက်ပေ။ ထို့အပြင် သူသည် လျင်မြန်စွာ မပျံနိုင်သည်အထိ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မလုံလောက်ပေ။ သို့သော် သူသာ သားရဲငယ်မဟုတ်ပါက နေ့တိုင်း အစားအစာများစုဆောင်းနေမည့်အစား အမဲလိုက်ရန်သာ သွားချင်နေမိသည်။
သူတို့သည် မနက်ခင်းတွင် အစာစုဆောင်းရန်အတွက် အပြင်ထွက်ကြသည်။ သူတို့ ထွက်သွားသောအခါ နေသည် တောက်ပစွာ အလင်းရောင်ပေးနေပြီဖြစ်သည်။ သူတို့ ပြန်လာသောအခါ ကောင်းကင်သည် နေဝင်ဆည်းဆာရောင်ခြည်များဖြင့် ပြည့်နေပြီဖြစ်သည်။
သူနှင့်ဖေဖေချွမ်သည် မီးကျင်းဘေးတွင် ထိုင်နေကြရာ နေဝင်ဆည်းဆာ ရောင်ခြည်သည် သူ့အပေါ်တွင် ရွှေရောင်အလွှာတစ်ခုကို ဖြစ်ပေါ်စေသည်။
ပိုင်ဝူသည် သူ့မျက်နှာမှ ချွေးများကို သုတ်လိုက်ပြီး မီးဖိုဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် ဖေဖေချွမ်အား "အဖေ မပြန်သေးဘူးလား" ဟု မေးလိုက်သည်။
"သူ ပြန်လာပြီ၊ မင်းဝမ်းကွဲ သာ့ကို သစ်သားကူသယ်ပေးဖို့ ထပ်သွားတာ"
ထိုစကားကြောင့် ခီရှစ်ကလည်း ဝင်ပြောသည်။ "သူ အသိုက်ဆောက်တော့မလို့လား"
မျိုးနွယ်စုရှိ သားရဲလူသားများသည် အရွယ်ရောက်သောအခါတိုင်း သူတို့၏ကိုယ်ပိုင်အသိုက်များကိုဆောက်ရန် ကျောက်တုံးများ၊ ထင်းများနှင့် သစ်စေးများကို စုဆောင်းကြရသည်။
ယေဘုယျအားဖြင့် သားရဲငယ်များကမူ မလိုအပ်ပေ။
သားရဲငယ်များသည် တစ်ကိုယ်တည်းဖြစ်နေစဉ်အတွင်း သူတို့၏ဖခင်များဆောက်လုပ်ပေးသောအသိုက်တွင် နေထိုင်ကြသည်။ သူတို့ အဖော်ရပါက သူတို့၏အဖော် ဆောက်လုပ်ထားသောအသိုက်ကို ထိုအဖော်နှင့်အတူ အလှဆင်ကြသည်။
ဖေဖေချွမ်က "သူက သူ့အဖော်နဲ့ မိသားစုစတင်တော့မှာမို့လို့ အသိုက် ဆောက်ချင်တာကြာပြီ" ဟု ပြောသည်။
"ဒီနှစ် ငှက်တစ်ရာပွဲတော်မှာ သူတွေ့ခဲ့တဲ့လင်းယုန်အဖော်လား"
"အဲ့ဒီငှက်ငယ်လေးပဲ" ဖေဖေချွမ်သည် ပြုံးပြီး ထပ်ပြောလိုက်သည်။
"တခြားသူတွေအကြောင်း မပြောနဲ့တော့၊ မင်း သိတဲ့လင်းယုန်သားရဲလူသားကကော ဘယ်လိုလဲ၊ ဘာလို့ အဆက်အသွယ်မလုပ်တော့တာလဲ"
ခီရှစ်သည် နှစ်ကြိမ်မျှ ညည်းသံပြုလိုက်ကာ ပြန်မဖြေဘဲ မီးဖိုဘေးတွင် ထိုင်၍ ဦးခေါင်းကိုလက်ဖြင့် ထောက်ထားလိုက်သည်။ သူ၏ပုံစံသည် နေဝင်ချိန်တွင် အနည်းငယ် အထီးကျန်ဆန်နေသလိုဖြစ်နေလေသည်။
ပိုင်ဝူသည် သူ့ကို စူးစမ်းသလို ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မပြောခဲ့ပေ။
ဖေဖေချွမ်သည်လည်း ထပ်မမေးတော့ပေ။ သူသည် ပိုင်ဝူဘက်သို့ လှည့်ကာ "ဝူ၊ မင်းအဖေ မင်းလိုချင်တဲ့ငှက်ကို ဖမ်းလာခဲ့တယ်၊ ငါ မင်းကို အမွေးနှုတ်ဖို့ ကူညီပေးရမလား" ဟု ပြောသည်။
"ကျွန်တော် ကိုယ့်ဘာသာလုပ်လိုက်မယ်" ပိုင်ဝူသည် ထရပ်လိုက်ပြီး "ဘယ်မှာလဲ" ဟု မေးလိုက်သည်။
"ခြင်းတောင်းထဲမှာ၊ မသေမရှင်ဖြစ်နေသေးတယ်"
ပိုင်ဝူသည် ခြင်းတောင်းနားသို့ ချဉ်းကပ်သွားသည်။ သေချာသည်မှာ မီးခိုးရောင်ငှက်တစ်ကောင်ကို ထိုခြင်းတောင်းအောက်တွင် ပိတ်မိနေသည်ကို မြင်လိုက်ရသည်။
ဤငှက်သည် သူ၏ယခင်ဘဝတွင် မြင်ဖူးသောဘဲများထက် ပိုကြီးပြီး အေးစက်သောနှုတ်သီးနှင့် ခြေသည်းများလည်းရှိလေရာ အလွန် ကြမ်းတမ်းပုံရသည်။
ပိုင်ဝူ ချဉ်းကပ်လိုက်သည်နှင့် ငှက်သည် ရုန်းကန်ရန် စတင်အတောင်ပံ ခတ်လာခဲ့သည်။
ပိုင်ဝူသည် ထိုငှက်ကို စိုက်ကြည့်နေသည်။ ခြင်းတောင်းပေါ်တွင် သူ့လက်များကို အချိန်အကြာကြီး ဆန့်ထားသော်လည်း ငှက်ကို မဖမ်းနိုင်ခဲ့ပေ။
ဖေဖေချွမ်သည် သူ့နောက်မှ လျှောက်လာပြီး "မင်း သွားထိုင်နေလိုက်၊ ငါ ဖမ်းပေးမယ်"
"ရပါတယ် ဖေဖေ" ပိုင်ဝူသည် ခြင်းတောင်း၏အဖုံးကို ဖွင့်လိုက်ပြီး ငှက်ကိုဖမ်းရန်အတွက် အတွင်းသို့ လက်လှမ်းလိုက်သည်။
"ဂတ် ဂတ်..."
ငှက်ကလည်း အရူးအမူး ရုန်းကန်နေလေသည်။ သူ၏အားကောင်းသော အတောင်ပံများသည် လျင်မြန်စွာ ရိုက်ခတ်နေပြီး ခြေထောက်နှစ်ချောင်းသည်လည်း ရိုင်းစိုင်းစွာ ဝှေ့ယမ်းနေခဲ့သည်။
ပိုင်ဝူသည် ထိုငှက်၏လည်ပင်းကို အသားကုန်ကြိုးစား၍ ဆွဲထုတ်လိုက်သည်။ ထိုစဉ် သူ၏ဆံပင်များသည် ပြေကျလာပြီး သူ၏အတောင်ပံစကတ်မှ အမွေးအတောင်အချို့သည်လည်း ပျောက်ဆုံးသွားခဲ့သည်။
"သေစမ်း" ပိုင်ဝူသည် မျက်လုံးများကို တစ်ဝက်ပိတ်လိုက်ပြီး ငှက်၏ ခြေထောက်များကိုဖမ်းရန် ကြိုးစားသည်။
ခီရှစ်သည် ဘေးမှ လက်လှမ်း၍ ငှက်ကိုဖိ၍ အတောင်ပံများကိုဆွဲညှစ်ပြီး မြှောက်လိုက်သည်။ "ဒါလေးတောင် အသုံးမကျဘူး"
ပိုင်ဝူ : "..."
ခီရှစ်သည် ငှက်ကို လက်တစ်ဖက်တည်းဖြင့် မ,ယူလိုက်ပြီး ဟိုဟိုသည်သည်ကြည့်၍ ကျောက်ဓားကိုကောက်ယူကာ ငှက်ကိုသတ်ရန် အသင့်ဖြစ်နေခဲ့သည်။
ထိုအခြေအနေကြောင့် ပိုင်ဝူသည် အလျင်အမြန် ပြောလိုက်သည်။ "ခဏလေး၊ သွေးကို ထိန်းထားဖို့ ဆားရည်နည်းနည်း ယူလိုက်ဦးမယ်"
"ဆားရ ဘာလို့လိုတာလဲ"
ပိုင်ဝူသည် ပြန်လည်ရှင်းပြနိုင်ခြင်းမရှိသောကြောင့် ပန်းကန်လုံးတစ်လုံးထဲတွင် ဆားအနည်းငယ်ထည့်ကာ ရေပန်းကန်လုံးတစ်ဝက်နှင့် ရောလိုက်သည်။ "မင်း ငှက်ကိုသတ်တဲ့အခါကျရင် ငှက်ရဲ့သွေးကို ဒီထဲစစ်ထည့်လိုက်"
"သက်သက် ဒုက္ခရှာတာ" ခီရှစ်သည် တီးတိုးပြောလိုက်သည်။ "ဒီကို လာပြီး ငှက်ရဲ့ခြေထောက်တွေကို ကူကိုင်ထားပေးဦး"
ထိုအချိန်တွင် ဖေဖေချွမ်သည် ကူညီရန် ထရပ်လိုက်သည်။ "ဝူ၊ မင်း ဘေးမှာ သွားနားလိုက်ဦး၊ ခီရှစ်နဲ့ ငါ ဒါကိုကိုင်တွယ်လိုက်မယ်"
"မဟုတ်ဘူး၊ ကျွန်တော် လုပ်မယ်" ပိုင်ဝူသည် ငှက်၏ခြေထောက်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့လက်မောင်းကိုမြှောက်လိုက်ပြီး သူ့နဖူးထက်မှ ချွေးများကို သုတ်လိုက်သည်။ "အရင်ဆုံး သူ့လည်ပင်းကို ဖြတ်ပြီး သွေးထွက်အောင် လုပ်လိုက်"
ခီရှစ်သည် အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ မီးခိုးရောင်ငှက်၏ အတောင်ပံရင်းကို လက်တစ်ဖက်ဖြင့်ညှစ်ကိုင်ထားပြီး ကျန်တစ်ဖက်ကို အသုံးပြု၍ သွေးထွက်ရန် လည်ပင်းကိုဖြတ်လိုက်သည်။
ပိုင်ဝူသည် ငှက်၏ခြေထောက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသော်လည်း မီးခိုးရောင်ငှက်၏ခွန်အားသည် သူ ထင်ထားသည်ထက် ပိုများနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ မီးခိုးရောင်ငှက်ကို ဆက်လက်ကိုင်ထားနိုင်ရန်အတွက် သူသည် သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့ရသည်။
ငှက်၏သွေးများစစ်ထုတ်ပြီးနောက် မီးခိုးရောင်ငှက်သည် တဖြည်းဖြည်း ရုန်းကန်ရန် ခွန်အားဆုံးရှုံးသွားခဲ့သည်။
ညီအစ်ကိုနှစ်ယောက်သည် မီးခိုးရောင်ငှက်ကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် မီးခိုးရောင်ငှက်သည်လည်း ခဏလေးအတွင်း သေဆုံးသွားခဲ့သည်။
ဖေဖေချွမ်သည် ကြီးမားသောမြေအိုးထဲတွင် အပူပေးထားသောရေနွေးကို ယူလာကာ "မင်းတို့ နားလိုက်
၊ ငါ အမွေးတွေ နှုတ်လိုက်မယ်" ဟု ပြောလိုက်သည်။
ပိုင်ဝူသည် ဤအရာများအား လုပ်ရသည်ကို တကယ်မကြိုက်သောကြောင့် သူ့ဖေဖေကိုသာ ရှက်ပြုံးလေး ပြုံးပြလိုက်ပြီး အနားယူရန်အတွက် ခီရှစ်ဘေးတွင် သွားထိုင်နေလိုက်သည်။
-----