Part 731
မိုင်စွေ့နှင့်အားဝမ်တို့က မတတ်နိုင်ဘဲ သူတို့အစ်ကိုကြီး၏ ရဲစွမ်းသတ္တိရှိသော အပြုအမူအကြောင်း လင်းလန်ကိုပြောပြလိုက်၏။
“ သမီးသူတို့အတွက်တော့ စိတ်မကောင်းပါဘူး။မားမား အနာဂတ်ကျရင် ယန်ကျီချန်းက အတန်းဖော်တွေကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး”
လင်းလန်လည်း အလွန်ပျော်ရွှင်သွား၏။
“ မင်းတို့တွေ ကိုယ့်ကိုကိုယ် လုံခြုံအောင်လုပ်နိုင်သရွေ့ အဆင်ပြေတယ်။တကယ်လို့ လုပ်သင့်ရင် တစ်ချို့လူဆိုးတွေကို ရှင်းလင်းပစ်ရမှာဘဲ”
သူမ၏လုံခြုံရေးကိုတော့ သေချာအောင်လုပ်ရပေမည်။သူမက သူမ၏ကလေးများကို အရိုက်မခံစေချင်ပေ။
ပြီးခဲ့သည့်နှစ်ကဆိုလျှင် တဝမ်စစ်တပ်ထဲမှပြန်ရောက်လာသောအခါတိုင်း ဒဏ်ရာဒဏ်ချက်များနှင့်ဖြစ်သည်။လင်းလန်က သူမမျက်လုံးထဲတွင် ဘာမှမပြောနေသော်လည်း အလွန်စိတ်သောကရောက်နေခဲ့တာဖြစ်သည်။သူမက ညတိုင်းဟန်ချင်စုန့်အား ပြောလေ့ရှိ၏။
“ စန်းကော ကျွန်မတို့သားကြီးကို နှစ်နှစ်ကြာပြီးရင် သွားခွင့်ပြုမယ်လို့ ရှင်တွေးထားတာလား သူကငယ်ငယ်လေးရှိသေးတယ် ”
ဟန်ချင်စုန့် :“ မငယ်တော့ပါဘူး ”
“ ကြည့်လေ ရှင်ဆိုရင် အသက်17နှစ် ထိတိုင်အောင် စစ်တပ်ထဲဝင်ခဲ့တာမဟုတ်ဘူး ”
“ အစိမ်းရောင်က အပြာရောင်ထက်ပိုကောင်းပါတယ် * ”
သူစစ်တန်းလျားသို့ ဝင်သွားပြီးနောက်တွင် သူတွေးမိသည်မှာ အကယ်၍တစ်ယောက်ယောက်ကများ သူ့ကို နှစ်နှစ်မတိုင်ခင် လေ့ကျင့်ပေးထားခဲ့ပါက ဒီမှာဒီလောက်ခက်ခဲနေမှာ မဟုတ်ဘူးဟူ၍ဖြစ်သည်။
(Tn :* တရုတ်စကားပုံတစ်ခုပါ အရောင်တွေမှာ အစိမ်းရောင်က အပြာရောင်ကနေ ဆင်းသက်လာပေမယ့် အပြာရောင်ရဲ့အထက်မှာရှိတယ်)
လင်းလန်ကလည်း သူပြောချင်တာကို နားလည်ပေသည်။သို့သော် သူမက အနည်းငယ်တွေဝေနေမိကာ သက်ပြင်းချလိုက်၏။
“ ဟုတ်ပါပြီး သားကြီးက နာနာခံခံလေ့လာရတဲ့ ရုပ်ဝတ္ထုကြီးမဟုတ်ပါဘူး။ တကယ်လို့သူ့သာ အရည်ချင်းတစ်ချို့ရှိနေရင် အခွင့်မသာတာမျိုးဖြစ်မှာ မဟုတ်ဘူး ”
နောက်ပိုင်းတွင် လင်းလန်ဘာမှမပြောတော့သော်လည်း တဝမ်ပြန်လာသောအခါတိုင်းတွင် အစပ်အစားအစာကို ချက်ပေးကာ သူ့ကိုယ်ကိုလည်းဆေးဖက်ရည်ဝိုင်ဖြင့် ဂရုတစိုက်သုတ်ပေးလေ့ရှိ၏။ကံကောင်းစွာဖြင့် လူငယ်များက အစာခြေဖျက်မှုမြန်ဆန်ကာ တဝမ်၏ပြန်လည်ကုသနိုင်စွမ်းက သာမာန်သူများထက်ကောင်းနေပြီး ဒဏ်ရာများနှင့်အခြားအရာများက လျင်မြန်စွာပျောက်သွားပေသည်။
သူတို့အိမ်ပြန်ရောက်လာသောအခါ ဟန်ချင်စုန့်က အခုလေးတင်ရေခပ်ပြီးတာဖြစ်ပြီး သူက ကလေးများကို တစ်ချက်ကြည့်လိုက်သည်။
လင်းလန်က လျင်မြန်စွာ ပြောလိုက်၏။
“ ကိစ္စသေးသေးလေးပါ ကျွန်မတို့သားကြီးက ဖြေရှင်းခဲ့ပြီးပြီ ”
သူမက ဟန်ချင်စုန့် ကလေးအားအပြစ်တင်မှာဆိုးတာကြောင့် အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ဟန်ချင်စုန့်က ဘာမှမပြောလာပေ။
“ စားရအောင် ”
တဝမ်ကို ဟန်ချင်စုန့်ကိုယ်တိုင် လေ့ကျင့်ပေးထားတာဖြစ်သည်။သူက စဉ်းစားတတ်ကာ ချင့်ချိန်တိုင်းတာတတ်တာကြောင့် သဘာဝကျစွာပင် ဟန်ချင်စုန့်အနေဖြင့် စိတ်ပူစရာမရှိပေ။ အဆင်မပြေဖြစ်စေသောအရာမှာ အကယ်၍ သူတို့အိမ်မပြန်လာခဲ့ပါက သူ့ဇနီးကစိတ်ပူကာ သူတို့ကိုကြိုရန် သူမက လမ်းဆုံသို့ အမြန်သွားလေ့ရှိတာပင်ဖြစ်၏။
ညစာစားပြီးနောက်တွင် လင်းလန်က အနာဂတ်တွင် သူမကကွန်မြူနတီသို့ အလုပ်လုပ်ရန်သွားရပြီး မနက်ဖြန်ကျ မျိုးစုံသော လုပ်ရိုးလုပ်စဉ်များကို ကျော်ဖြတ်ရမှာဖြစ်သည်ဟု သူတို့ကို ပြောပြလိုက်၏။အနာဂတ်၌ သူမကလည်း လုပ်အားလစာနှင့် အစားအစာတံဆိပ်ခေါင်းများ ရရှိသောသူများထဲမှတစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။
ရှောင်ဝမ်က မနာလိုသည့်ပုံ ပေါက်နေလေသည်။
“ မားမား မိသားစုထဲမှာ ပိုက်ဆံမရှာနိုင်တာဆိုလို့ သားဘဲရှိတော့တယ် ”
လေထုက ခနလောက်တိတ်ဆိတ်သွားလေ၏။
လူတိုင်းက ရှောင်ဝမ်ကိုကြည့်လိုက်ကာ သူ့အမေကလည်း စိတ်ရှုပ်ထွေးသွား၏။
လင်းလန် သူမကိုယ်သူမ ပြန်စမ်းစစ်ကြည့်လိုက်သည်။ ပုံမှန်ဆိုရင် သူမက ပိုက်ဆံကိုအရူးအမူးဖြစ်နေတာလား။အမြဲတမ်း ပိုက်ဆံနှင့် လက်မှတ်တွေအကြောင်းပြောပြီး ကလေးတွေကို လမ်းလွဲအောင် လုပ်လိုက်မိတာလား။
အားဝမ် “ အဆင်ပြေပါတယ် ဒီတကြိမ်မှာ ငါတို့က မင်းအတွက် ပိုက်ဆံတစ်ပြားတောင်မရှာနိုင်ခဲ့ဘူးလေ ”
မိုင်စွေ့က ရယ်တာမရပ်နိုင်တော့ဘဲ ရှောင်ဝမ်မျက်နှာလေးကို ပွတ်လိုက်၏။
“ ငါတို့မိသားစုကို ထောက်ပံ့ဖို့အတွက်မောင်လေးတစ်ယောက်ရှိနေတာပဲ ”
ရှောင်ဝမ်က ထိုအရာအား သေချာအလေးအနက်စဉ်းစားနေပေသည်။
“ သားကအသက်ရှစ်နှစ်ရှိပြီ၊ အရမ်းမငယ်တော့ဘူး သားအလုပ်မှတ်တွေစုဖို့ အလုပ်ကြိုးစားမှ ရတော့မယ် ”
လင်းလန် :“ ကလေးတွေမှာလည်း အလုပ်မှတ်ရှိတယ် မားမားတို့ ဝါဒဖြန့်ချီရေးအသင်းက သားရဲ့အကူအညီကို လိုအပ်တယ် သားက သူတို့ရဲ့တေးဂီတညွှန်မှူးလေ ”
ရှောင်ဝမ်၏ မျက်လုံးများက တောက်ပသွား၏။
“ တကယ်လား ”
သူက ချက်ချင်းပင် သူ့၏ဘာဂျာနှင့်ပုလွေကို ပြေးယူလိုက်သည်။
“ ဒါဆိုသားလေ့ကျင်မှဖြစ်မယ် ”
......
လင်းလန်က ဝါဒဖြန့်ချီရေးအသင်းဆီ သွားလိုက်သည်။
မိုင်စွေ့က စန်းဝမ်ဆီစာရေးလိုက်ကာ အခုဆို သူတို့က စာအနည်းလောက်အပြန်အလှန်ရေးပြီးသွားကြပြီဖြစ်သည်။သူတို့က မိသားစု၏ရှာကျွေးသူကြီးဖြစ်သော ဖခင်ကြီးစန်းဝမ်အား မိသားစုထဲရှိ ကိစ္စကြီးကြီး၊သေးသေး အကုန်ပြောပြရန် တာဝန်ရှိပေသည်။ထို့နောက် တစ်ယောက်စီက စာတကြောင်းရေးကာ သူတို့နာမည်ကို လက်မှတ်ထိုးလိုက်ကြ၏။ဒါပေါ့အကယ်၍ တစ်ယောက်ယောက်က အထူးတလည်ပြောစရာရှိနေပါက သူတို့အနေဖြင့် သီးခြားစာတစ်စောင် ရေးနိုင်ပေသည်။ဖခင်ကြီးစန်းဝမ်က အလွန်ဝမ်းမြှောက်ဝမ်းသာဖြင့် လက်ခံမှာဖြစ်သည်။
အားဝမ်က သူ့အိမ်စာလုပ်ပြီးသောအခါ ရှန်ယွီဆီသို့ သူတို့၏စီမံကိန်းကိုဆက်လေ့လာရန် သွားလိုက်သည်။
ယခုကာလတွင် ဆပ်ပြာများအပြင် ဆပ်ပြာနှင့် အသားလိမ်းခရင်မ်များလည်း ရှိလာပေသည်။ရှန်ယွီကလည်း အကေးရှား(ထနောင်းမျိုး) ရှန်ပူထုတ်လုပ်ရန် နည်းပညာရှင်များကို ဦးဆောင်နေ၏။ဆပ်ပြာစက်ရုံကိုလည်း နေ့စဉ်ဓာတုဗေဒဆိုင်ရာစက်ရုံဟု အမည်ပြောင်းလိုက်လေသည်။လူတိုင်းလယ်လုပ်ရင်းအလုပ်များကြသော ကာလမဟုတ်သရွေ့ ရွာထဲမှ လုံ့လရှိကာရိုးသားသော အလုပ်သမားတို့သည် အခြေခံအားဖြင့် စက်ရုံတွင် အလုပ်တစ်ခုရှာနိုင်ကာ အလုပ်မှတ်မြင့်မြင့်ကို ရနိုင်ကြ၏။
တဝမ်နှင့် ဟန်ချင်စုန့်က လေ့ကျင့်ရန် မြစ်ကမ်းဘေးသို့ သွားခဲ့ကြပြီး လမ်းတစ်လျှောက်တွင် ဒီနေ့ဖြစ်သမျှအဖြစ်အပျက်များကို အစီရင်ခံလာခဲ့၏။သူတို့က ဟန်ချင်စုန့် အကြံဉာဏ်တချို့ ပေးနိုင်ရန်အတွက် ဒီနေ့ဖြစ်ခဲ့သောအခြေအနေကို ပြန်လေ့ကျင့်ကြည့်မှာဖြစ်သည်။
ဟန်ချင်စုန့်က သူပြောတာကိုနားထောင်ပြီးသွားသောအခါ ပြောလာ၏။
“ မင်းအနေနဲ့ စကားနှစ်ခွန်းကို မှတ်မိဖို့လိုတယ် ”
တဝမ်က သူ့ကို အာရုံစူးစိုက်စွာ ကြည့်လိုက်သည်။
“ ပထမတခု အားတစ်ခုက ဆယ်ကြိမ်လျော့ကျတယ် ”
ကြီးမားသော ခွန်အားဖြင့် သူက မသေမသပ်ဖြစ်တာကို ကြောက်စရာမလိုဘဲ ရန်သူကို ဘယ်လိုပုံစံမျိုးဖြင့်မဆို ထိခိုက်အောင် လုပ်နိုင်ပေသည်။တူညီစွာပင် အကယ်၍ ရန်သူကလည်း
အထူးသဖြင့်သန်မာနေပါက မင်းအနေဖြင့် အလွန်ဂရုစိုက်ဖို့လို၏။
“ ဒုတိယတစ်ခု လျင်မြန်မှုကို အားနည်းမှုအတွက် လုပ်နိုင်တယ် ”
အကယ်၍ ခွန်အားနည်းနေပါက လျင်မြန်ကာ ရန်သူ၏အားနည်းချက်ကို တိုက်ခိုက်ဖို့ အရေးကြီးပေသည်။ထိုအခါ ရန်သူ၏ခွန်အားက ဘယ်လောက်ဘဲသန်မာနေပါစေ နောက်ကျကျန်နေခဲ့မှာဖြစ်သည်။ ထိုအရာကို လောကကြီးတွင် ကိုယ်ခံပညာဟုခေါ်ကာ လျင်မြန်မှုကသာ ချိုးဖျက်မရနိုင်တာဖြစ်သည်။
သူက ဝမ်တပန်အဖြစ် ဟန်ဆောင်လိုက်ကာ တဝမ်နှင့် ပြန်တိုက်ခိုက်ကြည့်လိုက်သည်။
တဝမ် သူ့ခြေကျင်းဝတ်ကိုကန်လာသောအခါ ဟန်ချင်စုန့်က သူ့ခြေထောက်ကိုလိမ်လိုက်ပြီး ကန်ချက်ကိုရှောင်လိုက်ကာ တဝမ်ခြေထောက်ကို ခြေကလိမ်ချိတ်ထားလိုက်သည်။တစ်ချိန်တည်းမှာဘဲ သူ့ညာပုခုံးကို ရှေ့တိုးကာ တဝမ်၏တိုက်ခိုက်မှုကို ချိုးဖောက်ပြီး တစ်ဆက်တည်းတွင် သူ့ကိုဖိနှိပ်လိုက်၏။
Xxxxxx
Part 732
နောက်ထပ်လှုပ်ရှားမှုတွင် သူက တဝမ်ခြေထောက်ကိုဆွဲလိုက်ပြီး တဝမ်ကန်ဖို့အားထုတ်နေတာကို မစောင့်ဘဲ သူလက်ဦးမှုယူကာ တဝမ်ကို ကိုင်ပေါက်ပြီးလွင့်ပစ်လိုက်ပြီဖြစ်သည်။
တဝမ်က မြေကြီးကို သူ့လက်ဖြင့်ထောက်ထားလိုက်ကာ ပေါ့"ပါး"ခြေချလိုက်ပြီး သူ့အရှူံးကိုမဝန်ခံဘဲ ထပ်တိုက်လိုက်သည်။
နောက်လှုပ်ရှားတွင် ဟန်ချင်စုန့် တဝမ်ခြေထောက်ကို ဆွဲထားလိုက်ကာ သူကန်ဖို့ကိုအားထုတ်တာကို ပြီးစေလိုက်သည်။တဝမ်က ဗြုန်းစားကန်ချလိုက်သည်မှာ မြန်ဆန်ပြီးသန်မာ၏။ဟန်ချင်စုန့်က သူ့ခေါင်းကိုမဝှက်လိုက်ဘဲ တံတောင်ဆစ်ကို အပြင်ဘက်သို့ကွေးထုတ်ကာ တဝမ်၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
သားအဖနှစ်ယောက်သား ခနလောက် အတိုက်အခိုက်လေ့ကျင့်လိုက်ကြကာ တဝမ်က၎င်းကို ကိုင်တွယ်နိုင်သွား၏။
စဉ်းစားကြည့်လိုက်သောအခါ သူကတိုက်ခိုက်တာကို သင်ကြားခြင်းအဖြစ်ပြောင်းသွားပြီး သူလည်းအများအပြားနားလည်သွားပေသည်။
တချိန်တည်းမှာဘဲ ဟန်ချင်စုန့်က ပြောလာ၏။
“ နောက်တစ်ခါ မင်းစစ်တပ်ထဲသွားလို့ရှိရင် မင်းဓားကိုထိလို့ရပြီ ”
လူသားများ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များမှာ အကန့်အသတ်ရှိပေသည်။ခွန်အားနှင့် လျင်မြန်မှုတို့က အမြဲတမ်းအကန့်အသတ်ရှိ၏။လူတစ်ယောက်က ဘယ်လောက်ဘဲ လျင်မြန်နေပါစေ ကျည်ဆံထက်ပိုမြန်ရန် မဖြစ်နိုင်ပေ။လူတစ်ယောက်က ဘယ်လောက်ဘဲသန်မာပြီး အားကြီးနေပါစေ ဘလိတ်ဓားတစ်ချောင်းကြောင့် ဒဏ်ရာရနိုင်တုန်းပင်ဖြစ်သည်။ထို့အပြင် လက်နက်ဘယ်လိုသုံးရမည်ကို လေ့လာခြင်းသည် မင်းကိုယ်တိုင်သုံးဖို့သာမက လက်နက်များအပေါ်နားလည်လာဖို့လဲဖြစ်သည်။ရန်သူက ဒီလက်နက်များကို အသုံးပြုနေပါက မထိခိုက်အောင်ဘယ်လိုရှောင်ရမလဲ၊ ရန်သူကို ဘယ်လိုမြန်မြန်ရှူံးအောင်လုပ်ရမလဲ အစသဖြင့် ဖြစ်သည်။
တဝမ်က အနည်းငယ်စိတ်လှုပ်ရှားသွားသော်လည်း မထုတ်ပြလာဘဲ သူက ခေါင်းညိတ်ပြလိုက်သည်။
ဟန်ချင်စုန့်က သူ့ကိုလျစ်လျူရှုလိုက်ကာ ရေချိုးရန် အိမ်ပြန်သွားလိုက်၏။
ဒီအချိန်တွင် ကောင်းကင်ကြီးက လုံးဝကိုမှောင်မဲနေပြီဖြစ်သည်။
တဝမ်က မြစ်ကမ်းဘေးတွင် အချိန်အကြာကြီးလေ့ကျင့်လိုက်ကာ နောက်ဆုံးတွင် စိတ်ကျေနပ်သွား၏။သူအိမ်ပြန်ပြီးအိပ်သင့်နေပြီဖြစ်သည်။ထို့ကြောင့် သူကအဝတ်များကိုချွတ်ကာ မြစ်ထဲကိုခုန်ဆင်းလိုက်ပြီး တပတ်လောက်ရေပတ်ကူးကာ ဆေးကြောလိုက်၏။ထို့နောက် သူ့အဝတ်များအခြောက်ခံရန် ကမ်းပေါ်သို့သွားလိုက်ကာ အိမ်ပြန်သွားလေသည်။
...
နောက်တစ်နေ့ မနက်ခင်းတွင် ဟန်ချင်စုန့်က ကလေးများကိုလေ့ကျင့်ဖို့ခေါ်သွားပြီး သူမကချက်ပြုတ်လိုက်သည်။မနက်စာစားပြီးနောက်တွင် ကလေးများက ကျောင်းသွားရန် ရှောင်ဝမ်အားလာရှာကြလေသည်။ထို့နောက် ဟန်ချင်စုန့်က သူမကိုအလုပ်သို့ခေါ်သွားပြီး ကလေးသုံးယောက်ကမူ တည်ငြိမ်ပြီး သက်တောင့်သက်သာပင် ကျောင်းကိုလမ်းလျှောက်သွားလိုက်ကြ၏။
လင်းလန်က ကွန်မြူနတီတွင် အလုပ်လာလုပ်ရသောအခါ ဟန်ချင်စုန့်က အပျော်ဆုံးပင်ဖြစ်သည်။သူကအများကြီးမထုတ်ပြသော်ငြား စွန်းကျောက်ဝမ်နှင့် အခြားသူများက နက်နက်ရှိုင်းရှိုင်းပင် ခံစားမိလိုက်ကြ၏။
ဥပမာအားဖြင့် ဟန်ချင်စုန့်အလုပ်လုပ်နေသောအခါ သူကလေးနက်သည့်အမူအရာနှင့်ထိုင်လေ့ရှိသော်လည်း အခုတွင်မူ သူက ဝါဒဖြန့်ချီရေးဌာနမှ အလုပ်ကိစ္စဆွေးနွေးနေသည့် လင်းလန်အသံကို အပြင်မှကြားလိုက်ရပါက သူ့မျက်နှာကပိုပြီးနူးညံ့လာမည်ဖြစ်သည်။မရည်ရွယ်ပါဘဲ သူ့ခေါင်းကိုမော့ကာ လှမ်းကြည့်လာလိမ့်မည်။အကယ်၍ သူသာလင်းလန်၏ပုံရိပ်ကို မြင်နေရပါက ပိုလို့တောင်ပျော်လာမှာဖြစ်သည်။
စွန်းကျောက်ဝမ်က ခေါင်းဆောင်ဟန်၏ စကားလုံးများနှင့် အပြုအမူများကို လေ့လာစောင့်ကြည့်ရာတွင် အတော်ဆုံးဖြစ်ကာ အလျင်အမြန်ဘဲ ဒုက္ခများသော ဖိုင်တွဲများအား ဟန်ချင်စုန့်ကို ပေးလိုက်၏။အခြေခံအားဖြင့် ဘာပြသနာမှ ရှိလာမည်မဟုတ်ပေ။
ဟွမ်ဝေကျုံးက စွန်းကျောက်ဝမ်တစ်ယောက် ဘာလို့ညွှန်မှူးဟန်၏သွေးခုန်နှုန်းကို(စိတ်အခြေနေ) စမ်းမိကာ အခက်ခဲဆုံးသော ပြသနာများကို ဖြေရှင်းနိုင်သည်ကို သိချင်နေမိ၏။
နေ့လယ်ခင်းတွင် ဟန်ချင်စုန့်က အချိန်မှန်မှန် အလုပ်နားလိုက်ကာ နေ့လည်စာဘူးအား ဝါဒဖြန့်ချီရေးဌာနသို့ယူသွားပြီး နေ့လယ်စာစားရန် လင်းလန်ကိုသွားရှာလိုက်သည်။
ဝါဒဖြန့်ချီရေးဌာန၏နေရာမှာ တခြားတစ်ဖက်ခြမ်းတွင်ဖြစ်သည်။ထိုနေရာတွင် မှန်ပြတင်းပေါက်မရှိကာ သို့မဟုတ် မှန်ကူကွက်ပါသော သစ်သားပြတင်းပေါက်များနှင့် ပျက်စီးယိုယွင်းနေသော အခန်းတချို့ရှိကာ အခန်းထဲရှိအလင်းရောင်က မတောက်ပပေ။
ကွန်မြူနတီတွင် လျှပ်စစ်ဓာတ်အားမရှိသေးဘဲ ဒီဇယ်မီးအားပေးစက်သာရှိ၏။ ထိုစက်ကို စာတိုက်ရုံးမှ ဖုန်းခေါ်ဆိုမှုများပြုလုပ်ရန်၊ ကြေးနန်းစာပို့ရန်၊ အဖွဲ့ဝင်များအစည်းအဝေးထိုင်ရန်နှင့် သတင်းကြေညာရန်၊ တယ်လီဖုန်းခေါ်ဆိုမှုများ လုပ်ရန်အသုံးပြုကြသည်။ညွှန်ကြားရေးမှူး၊ ပြည်သူ့လုံခြုံရေးဗျူရိုနှင့် အစည်းအအဝေးခန်းရှိ ဌာနအနည်းငယ်အတွက်သာ မီးအားပေးထားပြီး အခြားဘာမှမရှိပေ။
ဝန်ကြီးကျွမ်းက ထောက်ပံ့ပို့ဆောင်ရေးဌာနကို လျှပ်စစ်ဓာတ်အားပေးရန် အကြိမ်အနည်း လျှောက်ထားသော်လည်း သူကထောက်ခံမှုမရခဲ့ပေ။ သူက ဟန်ချင်စုန့်ကို အကူအညီတောင်းလာ၏။ ဟန်ချင်စုန့်က သဘောတူလိုက်သော်လည်း ညွှန်မှူးယန်က ဖိအားအောက်တွင် ထိန်းချုပ်ထားပေသည်။
လင်းလန်က ပထမဆုံးအလုပ်လုပ်သည့်နေ့တွင် တစ်မနက်လုံးအလုပ်များနေပေသည်။အခန်းထဲရှိအလင်းရောင် မှေးမှိန်နေကာ သူမမျက်လုံးများက နာပြီးရင်းနာကျင်လာလေသည်။
အလင်းရောင်မရှိပါက အဆင်ပြေမည်မဟုတ်ပေ။
သူမမျက်လုံးများကို ပွတ်လိုက်ကာ ရင်ထဲလှုပ်ရှားသွားပြီး မရည်ရွယ်ပါဘဲ
ပြတင်းပေါက်ကိုလှည့်ကြည့်လိုက်မိသည်။သူမက အပြင်ဘက်တွင်စောင့်နေသော ဟန်ချင်စုန့်ကို မြင်လိုက်ရလေသည်။ထို့ကြောင့် သူမအလုပ်နားလိုက်ကာ သူ့ဆီသွားလိုက်သည်။
ဟန်ချင်စုန့်က သူမမျက်လုံးများနည်းနည်းနီနေသည်ကို မြင်လိုက်ရသောအခါ သစ်သားပြတင်းပေါက်ကို ထိုးပြလိုက်သည်။
“ နောက်ကျရင် မင်းအတွက် မှန်ပြတင်းပေါက်နဲ့ လဲပေးဖို့ ထောက်ပံ့ပို့ဆောင်ရေးကို ပြောလိုက်လေ ”
လင်းလန် ကပြုံးလိုက်၏။ :“ ဒါဆိုရင် သူဒေါသထွက်သွားမှာဘဲ ”
သူမရောက်လာပြီးချင်းချင်းမှာပင် မှန်ပြတင်းပေါက်များလဲချင်ခဲ့ပေသည်။ညွှန်မှူးယန်ကမူ ထင်မြင်ချက်တစ်ခုရှိပုံရ၏။
ဟန်ချင်စုန့် :“ သူ့ကိုဂရုစိုက်မနေနဲ့ ”
သူတို့နှစ်ယောက်က နေ့လယ်စာစားရန် ကန်တင်းသွားဖို့ အလျင်မလိုကြပေ။ခြံဝန်းထဲတွင် လမ်းပတ်လျှောက်လိုက်ကာ သူတို့မျက်နှာများကို မျက်နှာသစ်ကန်တွင် ဆေးကြောလိုက်ကြ၏။
ကွန်မြူနတီ၏ခြံဝန်းက နေရာအကျယ်ကြီးရှိ၏။မြေရှစ်ဧကကျော်ကျယ်ကာ အထဲတွင် ဟင်းရွက်ခြံတစ်ခုလည်းရှိ၏။ခြံထဲတွင် ကိုယ်ပိုင်ကြက်ခြံနှင့် ဝက်ခြံများရှိကာ ကြက်များကဒါဇင်ထက်ပိုပြီး ဝက်သုံးကောင်ကို မွေးမြူထားပေသည်။ထုတ်လုပ်မှုများကိုမူ ကန်တင်းသို့ အထောက်အပံ့အဖြစ်ပို့ဆောင်သည်။ခြံဝန်းက ကောင်းကောင်းစိမ်းစိုနေကာ နံရံများကို အစိမ်းရောင်သစ်ပင်များက အနားကွပ်ထားပြီး သီးနှံပင်တချို့၊ ဂျပန်ဘုရားပင်နှင့် ထနောင်ပင်တချို့က လမ်းမဘေးတွင် ရှိနေ၏။
သစ်ပင်အောက်တွင် ကျောက်တုံးကြီးတစ်တုံးရှိကာ လင်းလန်က ခနလောက်ထိုင်ချင်သော်လည်း ဟန်ချင်စုန့်က သူမကိုပေးမထိုင်ပေ။အကြောင်းမှာ သစ်ပင်များကအမြဲတမ်းအေးနေကာ ကျောက်တုံးများက စိုထိုင်းနေတတ်သောကြောင့်ဖြစ်သည်။
“ သွားစားရအောင် ”
သူက သူမကိုကန်တင်းသို့ခေါ်သွားလိုက်သည်။
အခြားတစ်ဖက်မှ ပတ်သွားကြည့်သောအခါ ကွန်မြူနတီခြံဝန်း၏ ပျက်စီးယိုယွင်းနေသော အပိုင်းများကို တွေ့လိုက်ရ၏။ပျက်စီးနေသောနံရံများ၊ ယိုယွင်းနေသော အိမ်များပင်ဖြစ်သည်။
Xxxxxx