အပိုင်း (၇၆)
Viewers 12k

Part 76 


ထန်ထန် ပြန်ရောက်လာသည်ကို ကြားသောအခါ တပ်ရင်းမှူးဇနီးက အလျင်အမြန် ရောက်လာခဲ့သည်။ သူမ ထန်ထန့်အား ပြောပြချင်သောစကား အများအပြားရှိလေသည်။ နောက်ဆုံး၌ ထန်ထန် ပြန်ရောက်လာပြီ ဖြစ်သည်။ 


သို့သော် တပ်ရင်းမှူးဇနီးက တံခါးဖွင့်ပေးလာသည့် ထန်ထန်ကို မြင်သောအခါ သူမ၏ စကားများကို ရုတ်တရက် မြိုချလိုက်တော့သည်။ သူမက ထန်ထန့်ကို ကြောင်အစွာ စိုက်ကြည့်နေခဲ့၏။ 


ထန်ထန်က သူမ လက်ကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။ 


"အစ်မ... ဘာဖြစ်လို့လဲ... မြန်မြန် ဝင်လာလေ..." 


"ထန်ထန်လား..." တပ်ရင်းမှူးဇနီးက မသေချာ မရေရာနှင့် မေးလိုက်သည်။ 


နောက်တစ်ယောက်လာပြန်ပြီ... ထန်ထန်က သက်ပြင်းချလိုက်သည်။ သူမက တပ်ရင်းမှူးဇနီး၏ လက်ကို ဆွဲကာ ရည်ရွယ်ချက်ရှိရှိ စနောက်လိုက်၏။ 


"ဘာဖြစ်လို့လဲ အစ်မ.. ကျွန်မ သွားတာ နှစ်လပဲ ကြာသေးတာပါ... ကျွန်မကို မမှတ်မိတော့ဘူးလား..." 


သူမကို ဆွဲလာသည့် သူက ထန်ထန်ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးတော့ တပ်ရင်းမှူးဇနီးက  လေအေးများကို ရှူသွင်းလိုက်၏။ သူမက ထန်ထန့်မျက်နှာကို သေချာကြည့်လိုက်ပြီးနောက် သူမ၏ ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။ 


"အိုက်ယား... ဘုရားရေ... ညီမက တကယ် ထန်ထန်ပဲ.. နှစ်လလောက်ပဲ သွားလိုက်တာပါ.. ဘာလို့ မျက်နှာခွဲစိတ်ပြုပြင်ထားသလိုမျိုး ပြောင်းလဲသွားရတာလဲ..." 


ထန်ထန်က ပြုံးလိုက်သည်။ နောက်တစ်ယောက်က သူမအား မျက်နှာခွဲစိတ်ထားသည်ဟု ပြောနေပြန်ပြီ ဖြစ်သည်။ သူမက အမှန်တကယ် ထိုမျှ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်လား။ 


"အစ်မ ကျွန်မက ဝိတ်နည်းနည်းတက်လာရုံပါပဲ... ဘာလို့ အားလုံးက ကျွန်မကို မမှတ်မိရတာလဲ..." 


"ဘယ်လိုမှတ်မိနိုင်မှာလဲ..." 


တပ်ရင်းမှူးဇနီးက ထန်ထန့် လက်မောင်းနှင့် မျက်နှာကို ညှစ်လိုက်သည်။ 


"ညီမက ဝိတ်နည်းနည်း မဟုတ်ဘူး အများကြီး တက်လာတာ... ညီမ ဆေးရုံမှာ ကျိယန်ကို စောင့်ရှောက်ဖို့ သွားတာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်တောင် ဝိတ်တက်လာရတာလဲ... အရင်တုန်းကတော့ အစ်မ ညီမကို ဝိတ်ပိုကျသွားမှာ စိုးရိမ်နေတာ.... ဒါပေမယ့် လေမှုတ်ထည့်လိုက်သလိုမျိုး ဝိတ်တက်လာမယ်လို့ ထင်မထားမိဘူး..." 


ထိုသို့ ပြောလာသည့်အခါ ထန်ထန်က အနည်းငယ် ရှက်သွေးဖြာသွားတော့သည်။ ပုံမှန်အားဖြင့် လူနာအား စောင့်ရှောက်ပေးနေရသည့်သူများက ပင်ပန်းသဖြင့် ဝိတ်ကျသွားတတ်ကြသော်လည်း သူမက ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမက ဝိတ်မကျသွားရုံမျှမက 10 kg ပင် ပိုပြီး ဝိတ်တက်လာသေးသည်။ ထိုသည်မှာ ခန့်မှန်း၍ မရနိုင်အောင်ပင် ဖြစ်လေသည်။ 


ထန်ထန်က ရှက်ရွံ့စွာ ရှင်းပြလိုက်၏။ 


"ကျိယန်က ကျွန်မကို အရမ်းပိန်လို့တဲ့... အစားအသောက်ကို နေ့တိုင်း ဂရုစိုက်ပြီး ကျွေးတယ်... ကျွန်မ ဆေးရုံမှာ စားတာကလွဲရင် တခြားလုပ်စရာ သိပ်မရှိဘူး... တစ်နေ့ကို သုံးလေးနပ်စားရတဲ့အပြင် အားဆေးနဲ့ သရေစာတွေလည်း စားရသေးတယ်... ဘယ်လိုလုပ် ဝိတ်မတက်ဘဲ နေပါ့မလဲ..." 


တပ်ရင်းမှူးဇနီးက ရယ်မောရင်း ပြောလိုက်သည်။ 


"ကျိယန်က ညီမကို ဝက်တစ်ကောင်လို ကျွေးမွေးနေတာပဲ... ဟဟ" 


ထန်ထန်က ရှက်ရွံ့စွာနှင့် ခေါင်းကုတ်လိုက်သည်။ သေချာတာပေါ့... ဒါက ဝက်တစ်ကောင်လို ကျွေးမွေးနေတာလေ.. မဟုတ်ရင် သူမက ဘာလို့ ဒီလောက် မြန်မြန် ဝိတ်တက်လာမှာလဲ...


"ဒါပေမယ့် ဒါက အကျိုးရှိတယ်... ကြည့်... ညီမ အခု လှလာတယ်လေ.. အစ်မတောင် နင့်ကို မမှတ်မိတော့ဘဲနေမလို့... တကယ်ကြီး မျက်နှာခွဲစိတ်လိုက်တာနဲ့ တူနေတယ်... ညီမ ဝိတ်တက်လာပြီးတော့ ဒီလောက် လှလာမယ်လို့ အစ်မ ထင်မထားမိဘူး..." 


တပ်ရင်းမှူးဇနီးက ထန်ထန့်အတွက် အမှန်တကယ် ဝမ်းသာနေသည်။ သူမသည် ယခင်က ထန်ထန်အတွက် စိတ်ပူနေခဲ့ရသည်။ ထန်ထန့်ထံ၌ တောင့်တင်းသော နောက်ခံမရှိသလို ရုပ်ရည်ချို့တဲ့၍ အလုပ်လည်း မရှိပေ။ ထို အကြောင်းရင်းများကြောင့် နောက်ပိုင်းတွင် ကျိယန်က ထန်ထန်ကို မကြိုက်တော့မည်အား သူမ စိုးရိမ်ခဲ့မိ၏။ သို့သော် ယခု ထန်ထန် လှလာသည်အား မြင်သည့်အခါ တပ်ရင်းမှူးဇနီးသည် သူမ စီးပွားရေးလုပ်၍ ပိုက်ဆံရှာနိုင်သည်ထက်ပင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ 


ထပ်ပြီး ချီးမွမ်းခံရသောအခါ ထန်ထန်က ရှက်သွားသော်လည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမက တပ်ရင်းမှူးဇနီးကို ဆွဲခေါ်လာကာ ဆိုဖာပေါ် ထိုင်စေလိုက်ပြီး စီးပွားရေးအကြောင်း မပြောခင် အဘိုးကျိနှင့် မိတ်ဆက်ပေးလိုက်သည်။ 


"အစ်မ ကျွန်မ မရှိတုန်း စီးပွားရေးအခြေအနေက ဘယ်လိုလဲ..." 


"အစ်မ ဒီနေ့ လာခဲ့တာ အဲဒီအကြောင်း ပြောမလို့..." 


တပ်ရင်းမှူးဇနီးက သူမနှင့်အတူ ယူလာသော စာရွက်ကို ထန်ထန့်ဆီ ပေးလိုက်၏။ 


"ဒီအတောအတွင်း အော်ဒါတွေ တက်လာတယ်... ညီမ မသွားခင်တုန်းက အော်ဒါမှာခဲ့တဲ့ နှစ်ယောက်က နင် ချုပ်တဲ့ အဝတ်တွေကို ကြိုက်သွားလို့ review ကောင်းကောင်း ပေးခဲ့တယ်လေ.... သူတို့က review နဲ့အတူ ဓာတ်ပုံတွေပါ တင်ခဲ့ပြီးတော့ အဲဒီပုံတွေကလည်း အရည်အသွေးကောင်းတယ်... အဲဒါကြောင့် ဖြစ်မယ်.. အစ်မတို့ဆိုင်ကို အော်ဒါတွေ လာမှာကြပေမယ့် အစ်မတို့ဘက်က အခြေအနေတွေကို ရှင်းပြပြီး ပစ္စည်းတွေ ပို့ဖို့က နှောင့်နှေးကြန့်ကြာမှုရှိမယ်လို့ ပြောလိုက်တယ်... အဲဒါပြီးတော့ လူအနည်းငယ်က အော်ဒါ cancel သွားပေမယ့် တချို့ကတော့ သူတို့ စောင့်နိုင်တယ်လို့ ပြောခဲ့တယ်..." 


ထန်ထန်က အရေအတွက်ကို ကြည့်လိုက်ပြီး သူမက အံ့အားသင့်သွားသည်။ 


"အော်ဒါမှာထားတာ သုံးယောက်ရှိနေတုန်းလား..." 


"ဟုတ်တယ်.. သူတို့က အလျင်မလိုဘူးတဲ့... ညီမ အချိန်ယူလို့ရတယ်..." 


"အဲဒါ ကောင်းတယ်..." 


ထန်ထန်က စိတ်ထဲမှ ပျော်ရွှင်သွားသည်။ သူမသည် ဝယ်သူသုံးယောက်က အော်ဒါကို စောင့်ဆိုင်းပေးရန် ဆန္ဒရှိမည်ဟု ထင်မထားခဲ့ပေ။ ဆိုလိုသည်မှာ သူတို့က သူမ ချုပ်လုပ်သော အဝတ်များကို နှစ်သက်ကြသည်ဟုပင်။ သူတို့၏ ထောက်ပံ့ပေးမှုကို ကျေးဇူးတင်သည့်အနေနှင့် သူမက သူတို့ အဝတ်အစားများကို ဂရုတစိုက် လုပ်ပေးရပေလိမ့်မည်။ 


"အစ်မ.. အခု ကျွန်မ ပြန်လာပြီ.. ဒီရက်တွေအတွင်း ဘာမှလုပ်စရာ သိပ်မရှိဘူး... ဒါကြောင့် အော်ဒါသုံးခုကို မကြာခင် အပြီးသတ်နိုင်လိမ့်မယ်... အော်ဒါတစ်ခုစီကို သုံးရက်အတွင်း ပြီးနိုင်တယ်.... အစ်မ ဝယ်သူတွေကို အကြောင်းပြန်လိုက်ပါ... မကြာခင် ပစ္စည်းတွေ ပို့ပေးနိုင်တော့မယ်လို့...." 


"အိုခေ... ပြဿနာမရှိဘူး..." 


တပ်ရင်းမှူးဇနီးက ပျော်ရွှင်စွာ ပြောလိုက်သည်။ ယခင်က သူမသည် ဝယ်သူသုံးယောက်က အော်ဒါများအား ဖျက်သိမ်းသွားမည်ကို စိုးရိမ်နေခဲ့သည်။ ကံကောင်းစွာနှင့် ထန်ထန်က အချိန်မီ ပြန်ရောက်လာပြီး သူတို့ စီးပွားရေးကို ဆက်လုပ်နိုင်ခဲ့သည်။ 


ထန်ထန် ပြန်မလာခင် သူမသည် စီးပွားရေးအား ဆက်လက်လည်ပတ်နိုင်ရန် စီစဉ်ပြီး ကုန်ကြမ်းပစ္စည်းအမြောက်အမြားကို အွန်လိုင်းမှ ဝယ်ယူခဲ့သည်။ သူမသည် ယခင်က အဝတ်အစားနှစ်မျိုးသာ တင်ရန် စီစဉ်ထားခဲ့သော်လည်း ယခု အော်ဒါသုံးခုကို အပြီးသတ်ပြီးနောက်တွင် ဝယ်သူများကို ဆွဲဆောင်ဖို့ရာ နောက်နှစ်မျိုး ထပ်တင်ရန် ဆုံးဖြတ်လိုက်သည်။ 


"မင်း ဘာတွေ လုပ်နေတာလဲ..." 


ဘေးမှ သူတို့ စကားပြောနေသည်အား နားထောင်နေသော အဖိုးကျိက မေးလိုက်သည်။ အကြီးအကဲက အွန်လိုင်းမှ စျေးမဝယ်ဖူးသည့်အတွက် သူမတို့ ပြောနေသည့် အကြောင်းကို နားမလည်ပေ။ 


ထန်ထန်က ရှင်းပြလိုက်သည်။ 


"ဒါက ဒီလိုပါ.. ကျွန်မက အလုပ်မရှိဘဲ တစ်နေကုန် အိမ်မှာချည်းနေရတော့ ပျင်းတယ်လေ... အစ်မကလည်း ပျင်းနေကြောင့် အွန်လိုင်းရှော့ပ် ထောင်ဖို့ စိတ်ကူးရလာတာ... အဲဒါက ရိုးရာအင်္ကျီတွေကို အထူးချုပ်ပေးတာပါ..." 


"အွန်လိုင်းရှော့ပ်. ရိုးရာအင်္ကျီ..." 


အွန်လိုင်းမှ ပစ္စည်းမဝယ်သည့် အဖိုးကျိသည်ပင် အွန်လိုင်းရှော့ပ် ဟူသည်ကို သိရှိပေသည်။ သူက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်သည်။ 


"ဟုတ်တယ် အဖိုး... အိမ်မှုကိစ္စနဲ့ အချုပ်အလုပ်ကလွဲရင် တခြားဘာမှလည်း လုပ်စရာ မရှိဘူးလေ... ဒီဆိုင်ဖွင့်ထားလည်း ပုံမှန်အတိုင်းပဲ အလုပ်အတွက်ရော ကိုယ့်အတွက်ကိုယ်ရော ချုပ်လို့ရတယ်.. ပြီးတော့ ကျိယန်နဲ့ ကျိရှောင်ကျိုးကို စောင့်ရှောက်ဖို့လည်း မထိခိုက်ဘူး... ဒါကြောင့် ဒီအလုပ် စလုပ်ဖို့ ဆုံးဖြတ်လိုက်တာ... အစ်မက ဝယ်သူတွေကို ကိုင်တွယ်တယ်... အခု ကျွန်မတို့ နှစ်ယောက်လုံး အလုပ်လက်မဲ့ မဟုတ်တော့ဘူးလေ..." 


စကားပြောနေသည့် ထန်ထန့် မျက်လုံးများက အရောင်လက်နေပြီး သူမက အလွန် စိတ်လှုပ်ရှားနေသည်။ 


အဖိုးကျိ သည် သူမ အလွန် ပျော်နေကြောင်း ပြောနိုင်ပေသည်။ သူမက သူမ ဆိုင်အကြောင်း ပြောနေစဉ် အလွန် သက်ဝင်လှုပ်ရှားနေရာ အဘိုးကျိကလည်း သူမအတွက် ပျော်ရွှင်နေသည်။ မိန်းကလေးများက အလုပ်မရှိလည်း အဆင်ပြေပေမယ့် သူတို့ ဘဝက ပျင်းစရာကောင်းနေ၍တော့ မဖြစ်ပေ။ ဘဝတွင် အဓိပ္ပါယ်တစ်ခုခုတော့ ရှိရပေမည်။ ထိုဆိုင်ဖွင့်ခြင်းက အဓိပ္ပါယ်ရှိသည်ထက် သူမကို ပျော်ရွှင်စေလေရာ အဘိုးကျိက ခေါင်းညိတ်၍ သူမအား ထောက်ခံကြောင်း ပြသလိုက်သည်။ 


"မဆိုးဘူး... ဒါပေမယ့် မင်းတစ်ခုခု လုပ်မယ်ဆိုရင် သေချာလုပ်ဖို့လိုတယ်... လမ်းတစ်ဝက်မှာ လက်လျှော့လို့မရဘူး... ပိုက်ဆံလိုရင် အဖိုးကို ပြော...." 


အဖိုး၏ ထောက်ခံမှုအား ကြားလိုက်ရသောအခါ ထန်ထန်က ပျော်ရွှင်သွားသည်။ 


"အဖိုး.. ကျွန်မ သေချာလုပ်မှာပါ... ဒါပေမယ့် ပိုက်ဆံက မလိုပါဘူး..." 


အဖိုးကျိက ခေါင်းညိတ်လိုက်သည်။ ထန်ထန်တို့နှင့် ပို၍ အချိန်ကုန်လာလေ သူ၏ ထန်ထန့်အပေါ် မနှစ်သက်မှုများက တဖြေးဖြေး ပျောက်လာလေပင် ဖြစ်သည်။ ယခု သူမကို အလွန် နှစ်သက်လာပြီ ဖြစ်ကြောင်း သူ၏ နှလုံးသား အောက်ခြေမှ ကောင်းကောင်း သိရှိပေသည်။ 


သူ၏ မြေးက ခါးသီးသော အစပြုမှုရှိသော်လည်း ယခု တဖြေးဖြေး ပျော်ရွှင်လာရပြီ ဖြစ်သည်။ ကံကောင်းစွာနှင့် သူတို့နှစ်ယောက် မကွာရှင်းခဲ့ကြရသေးပေ။ ထိုသည်မှာ ကံတရားဖြစ်နိုင်သည်။ 


တပ်ရင်းမှူးဇနီးက ထန်ထန်နှင့် ဆိုင်အကြောင်း ဆွေးနွေးပြီးနောက် သူမက ဆင်ခြေတချို့သုံးကာ ထန်ထန်ကို အခန်းထဲ ဆွဲခေါ်သွားသည်။ သူမက မည်သူမှ မကြားနိုင်သည်ကို အတည်ပြုပြီးနောက် တွေဝေစွာနှင့် ခပ်တိုးတိုး ပြောလိုက်သည်။ 


"ထန်ထန် တကယ်တော့ အစ်မ လာတာ ဆိုင်အကြောင်း ပြောဖို့တင် မဟုတ်ဘူး... တခြားအရေးကြီးကိစ္စရှိသေးတယ်... အဲဒါကို သေချာတွေးကြည့်ပြီးမှ ညီမကို ပြောပြသင့်တယ်လို့ ဆုံးဖြတ်လိုက်တာ..." 


ထိုသို့ပြောပြီးနောက် တပ်ရင်းမှူးဇနီးက ခေတ္တ ရပ်သွားပြီး ပို၍ တိုးသက်သော အသံနှင့် ပြောလိုက်သည်။ 


"အစ်မကြားတာတော့ တပ်ရင်းမှူးက သူ ပြန်လာရင် ပြောမယ်တဲ့.. သူတို့က ရာထူးတိုးဖို့အတွက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ် ပြောတယ်... ညီမ ကြားပြီးပြီလား..." 


ထိုသတင်းကို ကြားသည့်အခါ ထန်ထန်က အနည်းငယ် စိုးရိမ်ပူပန်သွားသည်။ သူမက ခေါင်းကို ယမ်းရင်း ပြောလိုက်၏။


"အစ်မ.. ကျွန်မတို့က အခုမှ အိမ်ပြန်ရောက်တာလေ.. ဘာသတင်းမှ မကြားသေးဘူး... ဆုံးဖြတ်ချက်က ချပြီးပြီတဲ့လား..." 


တပ်ရင်းမှူးဇနီးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။


"တပ်ရင်းမှူးက ဒီကိစ္စနဲ့ ပတ်သတ်ပြီး လိုက်မေးကြည့်တယ်.. တရားဝင်စာရွက်စာတမ်းတွေက ကျမလာသေးပေမယ့် နောက်နှစ်ရက်လောက်ဆို ကျလာနိုင်တယ်... ဒီတစ်ခေါက် ရာထူးတိုးထဲမှာ ဝမ်ကျန်းရီ ပါလာပြီး သူ့ အဆင့်က တက်သွားပြီတဲ့...." 


ထန်ထန့် နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာသည်။ သူမက စိုးရိမ်ပူပန်စွာဖြင့် နှုတ်ခမ်းကိုက်လိုက်မိ၏။ သူမသည် ဤဆုံးဖြတ်ချက်က မူလကတည်းကလား ဤဖြစ်ရပ်နောက်ကွယ်၌ တစ်စုံတစ်ယောက် ရှိနေလား မသိသော်လည်း သူမအမြင်တွင် ကျိယန်က ဝမ်ကျန်းရီထက် ပိုထူးချွန်သည့်အတွက် အကြောင်းတစ်ခုခု ရှိရမည်ဟု သူမ မသိစိတ်က ပြောနေခဲ့သည်။ 


သူမသည် ယခင်က လျှိုမိသားစု၏ ခြိမ်းခြောက်မှုကို တွေးမိသည့်အခါ စိတ်ပူလာတော့သည်။ သူတို့သည် ယခင်တစ်ခေါက်က လျှိုမိသားစုအား ထိုသို့ဆုံးရှုံးမှု ဖြစ်သွားအောင် လုပ်မိခဲ့သည်။ လျှိုမိသားစုက ပေါ်တင်မလှုပ်ရှားလျှင်ပင် သူတို့က ရန်ငြိုးဖွဲ့သွားခြင်း ဖြစ်နိုင်ပေသည်။ ထိုဆုံးဖြတ်ချက်က လျှိုမိသားစုနှင့် သက်ဆိုင်နေသလား သူမ မသိပေ။ သို့သော် ဇကာတင်ရွေးချယ်ပြီးဖြစ်ရာ နောက်ဆုံး၌ ထိုသည်က ဖြစ်ကိုဖြစ်လာမည့်အရာ ဖြစ်သည်။ ဖြစ်စဉ်ကို ဘယ်သူက ရှင်းရှင်းလင်းလင်း သိတယ် ပြောနိုင်မှာလဲ... တစ်ခုခု အနံ့ရနေလျှင်ပင် မည်သူကမှ ဝန်ခံလိမ့်မည် မဟုတ်ပေ။ 


ထန်ထန်၏ လက်သည်းများက လက်ဝါးသို့ စိုက်ဝင်နေသော်လည်း သူမက နာကျင်မှုကို မခံစားရပေ။ 


"အစ်မ အဲဒီနောက်ကွယ်မှာ အနံ့တစ်ခုခု မရဘူးလား..." 


တပ်ရင်းမှူးဇနီးက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ 


"အစ်မ မသိဘူး... ဆုံးဖြတ်ချက်ကို အထက်က ချတာတဲ့... ဒါကြောင့် အသေးစိတ်ကို မသိရဘူး.. ရိုးရိုးသားသား ပြောရရင် နင့်ရဲ့ တပ်ရင်းမှူးက ဒါကို အောင်မြင်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်ပြီး ရွေးချယ်တာလို့ ပြောတယ်... အမှန်ဆို ကျိယန်က သေချာပေါက် ဝမ်ကျန်းရီထက် သာတယ်.. ပြီးတော့...." 


တပ်ရင်းမှူးကတော်က ထိုအချက်ကို ပြောသောအခါ ချီတုံချတုံ ဖြစ်နေခဲ့သည်။ ခဏကြာပြီးမှ သူမက ထန်ထန့် နားအနားကို ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ 


"လတ်တလော ကျိယန်တို့ ထမ်းဆောင်ခဲ့ရတဲ့ တာဝန်က အရမ်းအရေးကြီးတယ်... သူတို့ထဲက တစ်ယောက် ပေါက်ကြားလုနီးပါး ဖြစ်သွားတာကြောင့် ကျိယန် ဒဏ်ရာရခဲ့တာ... ကျိယန်က သူ့အစား ကျည်ဆန်ကို ထိခံပေးလိုက်ရတာတဲ့လေ... သူက အသံတစ်စက်မထွက်ဘဲ အဆုံးထိ တောင့်ခံထားခဲ့တာကြောင့် တာဝန်က အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တာ... မဟုတ်လို့ကတော့ အကျိုးဆက်က မခန့်မှန်းနိုင်စရာပဲ... အရင် တာဝန်တွေကို မဆိုထားနဲ့.. ဒီတာဝန်တစ်ခုတည်းနဲ့တင် အသိအမှတ်ပြုခံရသင့်နေပြီ... ဒါပေမယ့်....." 


ထန်ထန်သည် သူက ထိုအဖြစ်ကြောင့် ဒဏ်ရာရခဲ့ကြောင်း မသိပေ။ သူကလည်း သူမကို မပြောပြခဲ့။ အကယ်၍ ဤသည်က အဖြစ်မှန်ဆိုလျှင် ဆုံးဖြတ်ချက်က မမျှတကြောင်း ပေါ်လွင်နေပြီ ဖြစ်၏။ 


*****************


ထန်ထန်က ထိုအကြောင်းကိုသာ ထပ်ကာတလဲလဲ တွေးနေခဲ့သည်။ နောက်ပိုင်း သူမ ဘာလုပ်လုပ် စိတ်က ဗလာကျင်းနေ၏။ သူမ အပ်ချုပ်နေချိန်၌ပင် လက်ကို အပ်နှင့် ခဏခဏ ထိုးမိခဲ့သည်။ ယခင်က ထိုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။ 


ကျိရှောင်ကျိုး နှင့် နောင်နောင်ပင်လျှင် တစ်ခုခု မှားနေကြောင်း သတိထားမိခဲ့သည်။ ကျိရှောင်ကျိုးက အပြစ်ရှိသလို ခံစားနေရ၏။ သူက သူ့မာမီ ထိုသို့ဖြစ်နေခြင်းမှာ သူ့ကြောင့်ဟု ထင်နေခြင်း ဖြစ်သည်။ သူက ညီမလေးတစ်ယောက် လိုချင်ခဲ့ခြင်းကြောင့် သူ့မာမီ ဖိအားများသွားခြင်း ဖြစ်ရပေမည်။ သူက ထန်ထန့် လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်သည်။ 


"မာမီ စိတ်မပူပါနဲ့... သားက ညီမလေး လိုချင်ရင်တောင် အလျင်မလိုပါဘူး... ညီမလေးက မာမီဗိုက်ထဲကို လွယ်လွယ်လေး ရောက်မလာနိုင်တာ သားသိပါတယ်... သား စိတ်ရှည်ရှည်နဲ့ စောင့်မှာပါ.. သား အသက်ကြီးလာပြီး အလုပ်မလုပ်ခင် ညီမလေး ရလာရင် အဆင်ပြေပါပြီ... ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအား မပေးပါနဲ့နော်..." 


ထန်ထန့် နှုတ်ခမ်းတွေက တွန့်သွားခဲ့သည်။ သူမက တိတ်ဆိတ်စွာနှင့် ကျိယန်ကို ကြည့်လိုက်၏။ သူ အသေးလေးကို ဘာပြောလိုက်ပြန်ပြီလဲ.... 


တုံ့ပြန်သည့်အနေနှင့် ကျိယန်က ကိုယ့်ကိုယ်ကိုယ် ဖိအားပေးကာ ကျိရှောင်ကျိုးအား ရှင်းပြလိုက်သည်။ 


"မာမီက အဆင်ပြေပါတယ်... သား မာမီက ကောင်းကောင်း မအိပ်ထားလို့ ပင်ပန်းနေရုံပဲ... အဲဒါက သား ညီမလေး လိုချင်တာကြောင့် မဟုတ်ဘူး... စိတ်မပူနဲ့ ဟုတ်ပြီလား... ရှောင်ကျိုး သားအဘိုး လမ်းလျှောက်ထွက်သွားတာ အတော်လေး ကြာနေပြီ... သူက ဒီပတ်ဝန်းကျင်နဲ့ မရင်းနှီးဘူး... သား နောင်နောင်ကို ခေါ်သွား... အဘိုးကို မြန်မြန်သွားရှာပြီး အိမ်ပြန်ခေါ်လာခဲ့လေ... အဘိုးကို အအေးမမိစေနဲ့..." 


အဘိုးကျိက တနေကုန် အိမ်ထဲမှာပဲ ကုပ်မနေနိုင်ပေ။ ထို့ကြောင့် သူက စားသောက်ပြီးနောက် တရေးမအိပ်ခင် လမ်းလျှောက်ထွက်သွားခြင်း ဖြစ်သည်။ သူက ဤပတ်ဝန်းကျင်နှင့် မရင်းနှီးသော်လည်း ယခင်က ကင်းထောက်လုပ်ခဲ့ဖူးသောကြောင့် လမ်းမပျောက်နိုင်ပေ။ ကျိယန်က ကလေးနှစ်ယောက်ကို ပထုတ်ချင်သည့်အတွက် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ ကျိရှောင်ကျိုးပင် ထန်ထန် တစ်ခုခု ဖြစ်နေကြောင်း သိလေရာ ကျိယန်လည်း သတိထားမိသည်ပင်။


ကျိရှောင်ကျိုးက သူ့ အဘိုး အအေးမိမည်ကို စိုးရိမ်သည့်အတွက် ချက်ချင်းပင် အာရုံပြောင်းသွားကာ နောင်နောင်အား ခေါ်၍ ထွက်သွားတော့သည်။ 


ကလေးများ ထွက်သွားပြီးနောက် ကျိယန်က ထန်ထန့်လက်ထဲမှ အပ်ချုပ်ပစ္စည်းများကို ဖယ်လိုက်ကာ သူမကို ဖက်လိုက်သည်။ သူက ညင်သာစွာ မေးလိုက်၏။ 


"ဘာဖြစ်လို့လဲ... ဘာမဆို ကိုယ့်ကို ပြောပြလို့ရပါတယ်..." 


ထန်ထန်က ဘယ်တုန်းကမှ သူ့ကို ဖုံးကွယ်ထားဖို့ စဉ်းစားမထားပေ။ သူမက ကျိယန် လည်ပင်းများအား သိုင်းဖက်လိုက်ပြီး သူ့ ရင်ဘတ်တွင် မျက်နှာအပ်ကာ ပြောလိုက်သည်။


"အစ်မက ဒီနေ့ ကျွန်မကို သတင်းတချို့ ပြောပြတယ်.... သူမက ဒီတစ်ခေါက် ရာထူးတိုးမှာ ဝမ်ကျန်းရီလို့ ပြောတယ်... ယောက်ျား..." 


ထန်ထန်က စကားပြောလိုက်သည်နှင့် ငိုချင်လာပေသည်။ 


ကျိယန်က ရယ်မောရင်း သူမ နဖူးလေးကို နမ်းလိုက်သည်။ 


"ဒါလေးပဲလား.. ကိုယ်က စိုးရိမ်စရာ တစ်ခုခုများ ဖြစ်နေတာလားလို့..." 


ဟမ်... ထန်ထန်က သူ့အား ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ 


"ရှင် သိပြီးသားလား..." 


ကျိယန်က 'အင်း' ဟု အသံပြုလိုက်သည်။ သူ မနက်ကတည်းက ထိုကိစ္စကို သိပြီးသား ဖြစ်၏။ သူ့ကို တပ်ရင်းမှူးက ပြောပြခဲ့ခြင်း ဖြစ်သည်။ အစက သူသည် သူမနှင့် အဘိုး စိတ်မပူအောင် လျှို့ဝှက်ထားချင်ခဲ့သည်။ မမျှော်လင့်ဘဲ တပ်ရင်းမှူးဇနီးက သူမအား ပြောပြပြီး ဖြစ်လေသည်။ 


ထန်ထန်က စိတ်ဆိုးစွာနှင့် နှုတ်ခမ်းစူလိုက်သည်။ 


"ရှင် သိပြီးသားဆိုလည်း ဘာလို့ မပြောတာလဲ... ကျွန်မ အရမ်း စိတ်ပူနေတာ... အရင်တုန်းက နောင်နောင်ကို ကူညီခဲ့တာကြောင့် လျှိုမိသားစု တစ်ခုခု လုပ်လိုက်တာ မဟုတ်ဘူးလားလို့လေ...." 


သူမ၏ နှုတ်ခမ်းလေးပေါ် လက်ညှိုးတင်လိုက်ပြီး ကျိယန်က သူမ စကားများအား ရပ်တန့်စေလိုက်၏။ 


"အခုချိန်မှာ တစ်ယောက်ယောက်က တစ်ခုခု လုပ်ထားလား ဘယ်သူမှ မပြောနိုင်ဘူး... ဝမ်ကျန်းရီက အရင်ကတည်းက ရွေးခံထားရတာလည်း ဖြစ်နိုင်တယ်လေ..." 


ထန်ထန်က ထိုသို့တွေးမိသော်ငြား မယုံကြည်နိုင်သလို ငါစွဲမရှိပေမယ့်လည်း လက်မခံနိုင် ဖြစ်နေသည်။ ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်လျှင်ပင် ဝမ်ကျန်းရီက ကျိယန်လောက် မကောင်းပေ။ သူ့တာဝန်က ကျိယန်လောက်လည်း မကြီးချေ။ မစ်ရှင်ကို အကဲဖြတ်လျှင် တာဝန်ရှိသူကိုသာ ရာထူးတိုးပေးသင့်တာ မဟုတ်ပါလား။ 

ထို့ကြောင့် သူမက မနေနိုင်ဘဲ ပြောလိုက်သည်။ 


"ယောက်ျား.. ရှင်က ပိုထူးချွန်တာ သိသာတယ်.. ရှင် ဝမ်ကျန်းရီကို ရှုံးမယ်လို့ ကျွန်မ မယုံဘူး... ကျွန်မတို့ အဖိုးကို မပြောပြသင့်ဘူးလား... အဖိုးက စုံစမ်းကြည့်ဖို့ နည်းလမ်းရှာလိမ့်မယ်... နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေလား စုံစမ်းကြည့်ရအောင်လေနော်... အရင်ကတည်းက ဆုံးဖြတ်ချက် ဖြစ်နေရင် ကျွန်မတို့ ထပ်အစမဖော်တော့ဘူးလေ..." 


သူ့ဇနီးက သူ့ စွမ်းရည်အပေါ် ယုံကြည်ချက်ရှိလေရာ ကျိယန်က အလွန် ကျေနပ်နေသည်။ သူက သူ့ဇနီးလေးကို ပွေ့ဖက်ကာ နမ်းရှိုက်လိုက်သည်။ အချိန်ကောင်းသာ ဖြစ်နေခဲ့လျှင် သူက ဇနီးလေးအား အခန်းထဲ ခေါ်သွားပြီး သူ့အချစ်တွေကို ဖော်ပြမိလိမ့်မည်။ 


ထန်ထန်က စိတ်တိုနေ၏။ သူက ဘာလို့ ဒီလိုအချိန်တိုင်း ထိုသို့ဖြစ်နေရသနည်း။ သူမ ဒေါသထွက်သည်မှာ ရှားပါးအခြေအနေ ဖြစ်သည်။ သူမက စိတ်ကောက်သွားကာ သူ့အား ထုရိုက်လိုက်သည်။ သို့သော် သူမ ခွန်အားက နည်းလေရာ သူ့အား နှိပ်ပေးနေသကဲ့သို့သာ ခံစားရပေသည်။


သူက သူ့ဇနီးလေး အမှန်တကယ် ဒေါသထွက်လာအောင် မလုပ်ရဲပေ။ သူက သူမ လက်သီးဆုပ်လေးများကို ဖမ်းကာ နမ်းလိုက်ပြီးမှ ပြောလိုက်၏။ 


"ဟုတ်ပါပြီ.. ကိုယ် မှားပါတယ်... ဇာမချဲ့ပါနဲ့ကွာ.. အလုပ်ကိစ္စပဲ ပြောရအောင်... ကိုယ် ဒီကိစ္စကို ဖြေရှင်းနိုင်တာမို့ အဖိုးကို မပြောပြချင်ဘူး... အဖိုးက အသက်ကြီးပြီလေ.. ဒါကြောင့် သူ့ကို စိတ်မပူစေချင်ဘူး... ပြီးတော့ ကိုယ်က အခု အသက်သုံးဆယ်တောင် ရှိနေပြီ.. ဒီလို ကိစ္စသေးသေးလေးအတွက် အဖိုးကို ဘယ်လို အကူအညီတောင်းရပါ့မလဲ..." 


စဉ်းစားကြည့်ပြီးနောက် ထန်ထန်က သဘောတူလိုက်သည်။ အဘိုးကျိက ဒေါသထွက်ပါလျှင် ခန္ဓာကိုယ်အတွက် မကောင်းပေ။ သူမက ခေါင်းညိတ်လိုက်၏။ 


"ကောင်းပြီ.. ဒါဆို ကိုယ့်ဘာသာ စုံစမ်းဖို့ပဲ နည်းလမ်းစဉ်းစားတာပေါ့..." 


သူတို့နှစ်ယောက်က ဤကိစ္စနှင့် ပတ်သတ်ပြီး အဘိုးကျိကို မပြောရန် ဆုံးဖြတ်ခဲ့သော်လည်း သူတို့က အဘိုးကျိ ရင်ထဲမှ ကျိယန်နေရာကို လျှော့တွက်ခဲ့မိသည်။ အရင်တစ်ခေါက်က လျှိုမိသားစု၏ ခြိမ်းခြောက်မှုကို ထန်ထန် ပြောပြပြီးကတည်းက အဘိုးကျိသည် ထိုအကြောင်းအား မေ့မပစ်ခဲ့ဘဲ စောင့်ကြည့်ရန် တစ်စုံတစ်ယောက်အား စေခိုင်းထား၏။ သူက လက်တစ်ချောင်းမှ မ,မ လျှင်ပင် ရလဒ်က သူ့ရှေ့မှောက် ချက်ချင်းရောက်လာပေလိမ့်မည်။ 


***************


အဘိုးကျိ လမ်းလျှောက်ထွက်နေစဉ် သူက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရခဲ့ပြီး ထိုကိစ္စအား သိရှိခဲ့ပေသည်။ သူက ဒေါသထွက်လွန်းသဖြင့် တုတ်ကောက်နှင့် မြေပြင်ကို အပေါက်ဖြစ်အောင် ထိုးမိတော့မလို့ပင်။ သူက ခိုင်မာစွာ ပြောလိုက်သည်။ 


"ဒီကိစ္စကို ကျိန်းသေစုံစမ်းရမယ်.. ဝမ်ကျန်းရီရဲ့ စွမ်းရည်က ကျိယန်နဲ့ တခြားလူတွေထက် ဘက်စုံကောင်းနေရင်တော့ ငါ့မှာ ဘာမှပြောစရာမရှိဘူး.. ဒါပေမယ့် တစ်ယောက်ယောက်က ကလိမ်ကကျစ် ကျထားတာဆိုရင်တော့ ငါ သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး... လူတွေအတွက် အမှိုက်တွေကို တပ်ထဲက ရှင်းထုတ်ပစ်ရမယ်..." 


ဖုန်းတစ်ဖက်မှ လူက ချွေးအေးများ ထွက်လာပေသည်။ ကိစ္စများက ပြင်းထန်လာပြီ ဖြစ်၏။ တစ်စုံတစ်ယောက်က တစ်ခုခု လုပ်ဆောင်ခဲ့ခြင်း ဖြစ်လျှင် သူတို့ကို ဘုရားပင် ကယ်နိုင်လိမ့်တော့မည် မဟုတ်ပေ။ သူတို့က အဆုံးသတ်သွားရပေတော့မည်။ 


ကျိယန်က ဗိုလ်ချုပ်ကျိ၏ သွေးရင်းမြေးတစ်ယောက် ဖြစ်ကြောင်း မည်သူက ထင်ပါမည်နည်း။ ဗိုလ်ချုပ်ကျိက မည်သည့်စကားမှ မပြောလျှင် တပ်တစ်ခုလုံး မည်သူမှ သိမည် မဟုတ်ပေ။ ကျိယန်က အလွန် နှိမ့်ချစွာ နေတတ်သည်။ ကံကောင်းစွာနှင့် လွန်ခဲ့သော နှစ်အနည်းငယ်က ကျိယန်၏ ရာထူးတိုးခြင်းမှာလည်း နှောက်ယှက်ခံခဲ့ရသည်ဟူသော စကား ထွက်မလာပေ။ မဟုတ်ပါက ဗိုလ်ချုပ်အိုကြီးက ကောင်းကင်ကိုပင် ထိုးဖောက်လိုက်မှာ စိုးရိမ်ရသည်။ 


အဘိုးကျိက အနားယူလိုက်ပြီး လက်ရှိ စစ်တပ်အရေးကိစ္စများ၌ ပါဝင် ပတ်သတ်ခြင်း မရှိတော့သော်လည်း နှစ်စဉ်နှစ်တိုင်း စစ်တပ်နှစ်ပတ်လည် အခမ်းအနားများ၌ တက်ရောက်ရန် နိုင်ငံ့ခေါင်းဆောင်များကိုယ်တိုင် အရေးတယူ ဖိတ်ကြားမှုကို ခံနေရဆဲ ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်က ပြောင်းလဲသွားလျှင်ပင် သူတို့က အဘိုးကျိကို ယဉ်ကျေးနေရဆဲ ဖြစ်သည်။ အဘိုးကျိ၏ အဆင့်အတန်းကို မညွှန်းဆိုလျှင်ပင် လက်ရှိ စစ်တပ်ခေါင်းဆောင်များ၏ ၈၀ ရာခိုင်နှုန်းခန့်က အဘိုးကျိ၏ လက်အောက်ငယ်သားများမှ တစ်ဆင့်ချင်း ရာထူးတိုးလာသူများ ဖြစ်လေသည်။ သူတို့ အဘိုးကျိအပေါ် ရိုသေလေးစားမှုက သူတို့မိဘများအပေါ် လေးစားမှုနှင့် ထပ်တူပင် ဖြစ်သည်။ သူက အမိန့်ပေးလိုက်လျှင် သူတို့က အသက်ကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိကြပေလိမ့်မည်။ 


အဘိုးကျိအား ရန်စသူတိုင်းက သူတို့ကိုယ်သူတို့ အသက်ရှည်လွန်းနေပြီဟု တွေးထားသူများ ဖြစ်ပေလိမ့်မည်။ ရလဒ်က မည်မျှ ဆိုးဝါးလိမ့်မည်မှာ ရှင်းလင်းပေသည်။ 


အဘိုးကျိက ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်သည်။ သူက ဒေါသထွက်နေသော်လည်း သည်းခံထားသည်။ စစ်ဆေးခြင်းရလဒ်ထွက်မလာခင်ထိ သူက မည်သို့မှ လုပ်ရန် မစီစဉ်ထားပေ။ ထို့ကြောင့် သူ ပြန်ရောက်လာသောအခါ မည်သို့မှ မဖြစ်သလို ပြုမူနေခဲ့သည်။ သူ အလွန် ဒေါသထွက်နေခဲ့သည်ကို မည်သူမှ မပြောနိုင်ခဲ့ပေ။ ထို့ကြောင့် ထန်ထန်နှင့် ကျိယန်သည်လည်း အဘိုးကျိ ထိုပြဿနာအား သိပြီးကြောင်း မသိခဲ့ပေ။ 


နှစ်ရက်ကြာပြီးနောက် ဆိုဖာပေါ်ထိုင်နေသည့် အဘိုးကျိက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရခဲ့သည်။ ထို့နောက်တွင် တည်ငြိမ်နေသော မီးတောင်ကြီးက ပေါက်ကွဲလာတော့၏။ အဘိုးကျိသည် အထူးတပ်ဖွဲ့နယ်မြေတစ်ခုလုံးကို မြေလှန်ပစ်တော့မလိုပင်။ 


ထိုသည်မှာ ထန်ထန်က ပထမဆုံး အကြိမ်အဖြစ် အဘိုးကျိ မည်မျှ အံ့သြစရာကောင်းကြောင်း မြင်ခဲ့ရခြင်း ဖြစ်သလို သူမက မည်မျှ အစွမ်းထက်သော မိသားစုမှ လူကို လက်ထပ်ထားမိကြောင်းလည်း သတိပြုမိခဲ့လေသည်။