အပိုင်း (၇၇)
Viewers 12k

Part-77


အဘိုးကျိတယောက်စကားတခွန်းမှဆိုပဲစစ်ဌာနချုပ်ထဲသို့မုန်တိုင်းတခုလိုမျိုးဝင်ချသွားလေသည်။သူသွားမည့်အကြောင်းကိုထန်ထန်နှင့်ကျိယန်ကိုလဲမပြောခဲ့ပေ။သူဘယ်ကိုသွားမည်ဆိုသည့်အကြောင်းကိုလဲမပြောခဲ့သလိုသူ့နောက်ကိုလဲဘယ်သူမှလိုက်ခွင့်ပြုခဲ့ပေ အစောင့်ပင်မပါပဲသူတယောက်ထဲထွက်သွားခဲ့ခြင်းပင်။


သူ့၏အပြုအမူများကသာမာန်သက်ကြီးရွယ်အိုတဦးကဲ့သို့ပင်။ ဝင်ပေါက်မှအစောင့်စစ်သားကအဘိုးကျိကိုမမှတ်မိပေ။သူကဌာနချုပ်၏ခေါင်းဆောင်နှင့်တွေ့ဆုံပေးဖို့ပြောသောအခါတွင်ပုံမှန်အတိုင်းဝင်ခွင့်မပေးခဲ့ပေ။အဘိုးကျိကလဲကိစ္စရပ်များကိုခက်ခဲအောင်ဖိအားမပေးပဲနောက်ပြန်ဆုပ်၍အေးစက်စွာရပ်နေလိုက်သည်။


ထိုနေရာမှဖြတ်သန်းသွားသောသူများကလဲ အဘိုးအို၏အမူအယာကြောင့်ကြည့်သွားကြလေသည်။သူတို့ကကြည့်ရုံတင်ကြည့်သွားခြင်းဖြစ်ပြီးမည်သူမှကားရပ်၍ကိစ္စရပ်များကိုမမေးမြန်းလာပေ။ထိုအခြေအနေတိုင်းသုံးနာရီကြာသည်အထိတိုင်အောင်ဘိုးဘိုးကျိကမတ်မတ်ရပ်နေဆဲဖြစ်သည်။


စစ်သုံးကားတစီးတဖြေးဖြေးချင်းနီးကပ်လာသည့်အချိန်ထိတိုင်အောင်ပင် ထိုယာဉ်စစ်ဌာနချုပ်နားသို့နီးကပ်လာသည့်အချိန်တွင်ကျယ်လောင်သောဘရိတ်အုပ်သံကိုကြားလိုက်ရသည်။စက္ကန့်ပိုင်းအတွင်းမှာပင်ပုခုံးထက်၌ကြယ်သုံးပွင့်ရှိသောစစ်ယူနီဖောင်းကိုဝတ်ဆင်ထားသည့်သက်လတ်ပိုင်းလူတယောက်လျင်မြန်စွာဆင်းလာလေသည်။


ထိုလူ၏အမူအယာက အံ့အားသင့်မှုနှင့်စိုးရိမ်ပူပန်မှုတို့ရှိနေသည်။ သူအဘိုးကျိ၏ရှေ့တွင်ရပ်လိုက်ပြီးတည်ငြိမ်လေးနက်စွာဖြင့်အလေးပြုလိုက်သည်။အဘိုးကျိကလဲမျက်နှာသေဖြင့်ပင်ပြန်၍အလေးပြုလိုက်၏။ဌာနချုပ်အရာရှိကလက်ကိုပြန်ချလိုက်ပြီးသည်နှင့် အလျင်စလိုမေးလိုက်သည်


"ဗိုလ်ချုပ်ကြီးခဗျာဘာမှလဲအကြောင်းမကြားပဲနဲ့...ဘယ်လိုလုပ်ပြီးရုတ်တရက်ရောက်လာရတာပါလဲ..."


အဘိုးကျိကတည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်။


"ငါ့မှာမင်းကိုပြောစရာရှိနေတယ်လေ...ဒါကြောင့်မင်းကိုလာရှာတာ..."


ဌာနချုပ်အရာရှိ၏မျက်ဝန်းထဲတွင် စိုးရိမ်မှုတချက်လက်သွားသည်။


ဗိုလ်ချုပ်ကြီးကိုယ်တိုင်လာရတယ်ဆိုတော့...ဘယ်လိုပြဿနာမျိုးမို့လို့လဲ...


နားမလည်နိုင်ဖြစ်နေသော်လဲ ချက်ချင်းပင်တရိုတသေဖြင့်ရုံးထဲသို့ဖိတ်ခေါ်လိုက်သည်။သူကိုယ်တိုင်အဖော်ပြု၍လမ်းပြပေးသည့်အပြင် ရိုသေလေးစားမှုကိုပြသည့်အနေဖြင့်ခြေလှမ်းတဝက်ခန့်နောက်ချန်ပြီးလျှောက်လိုက်သည်။သူတို့၏လမ်းလျှောက်ပုံကြောင့်အားလုံးအံ့အားတသင့်ဖြင့်ကြည့်လာကြလေသည် ။


"ဌာနချုပ်ဦးစီးမှုးကိုတောင်ရိုသေမှုအပြည့်နဲ့ဆက်ဆံစေတယ်ဆိုတော့ ဒီလူကဘယ်သူများလဲ..."


ရာထူးမမြင့်သောသူများကအဘိုးကျိကိုမမှတ်မိကြပေ။ထို‌ကြောင့်သူတို့အနီးနားမှာရှိသည့်သူများအချင်းချင်းမေးမြန်းကြလေသည် သူတို့ကိုစစ်ဆေးရေးဝင်လာသည့်သူထင်၍ကြောက်ရွံ့တုန်လန့်နေကြ၏။ထိုဌာနချုပ်ဦးစီးမှုးကအဘိုးကျိလက်အောက်မှစစ်သားမဟုတ်ခဲ့သော်လဲ သူရိုသေလေးစားမှုအပြည့်ဖြင့်ဆက်ဆံနေဆဲဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် အဘိုးကျိဆိုသည်မှာစစ်တပ်ထဲတွင်တကယ့်ကိုပုံရိပ်ကောင်းသည့်လူကြီးတယောက်ဖြစ်သည်။

သူသည် သူတို့တိုင်းပြည်၏ရွှေခေတ်တခေတ်ကိုတည်ထောင်ခဲ့သောသူတယောက်ဖြစ်သည် ထို့အပြင်သူတို့တိုင်းပြည်၏စစ်တပ်စနစ်ကိုတည်ထောင်ခဲ့သူလဲဖြစ်သည်။အဘိုးကျိဆိုသည်မှာစစ်တပ်ရှိအားလုံး၏လေးစားမှုနှင့်ထိုက်တန်ပေသည်။


ဌာနချုပ်ဦးစီးမှုးကအဘိုးကျိဘာကြောင့်ရောက်လာသည်ကိုမသိသော်လဲ 

အရေးကြီးသည့်ကိစ္စတရပ်ကြောင့်လူကိုယ်တိုင်ရောက်လာခြင်းဖြစ်မည်ကိုတော့ခန့်မှန်းမိပေသည်။ထိုပြဿနာကိုသူတို့သေသေချာချာကိုင်တွယ်ဖြေရှင်းရပေမည်။ဦးစီးမှုးကအဘိုးကျိကိုရုံးခန်းထဲရှိ သူ့၏ထိုင်ခုံတွင်ထိုင်ခိုင်းလိုက်ပြီးနောက်သူမထိုင်ခင်လက်ဘက်ရည်တခွက်အရင်ပြင်ပေးလိုက်သေးသည်။


"ဒီနေ့ဗိုလ်ချုပ်ကြီးကိုယ်တိုင်လာရောက်ရအောင် ဘယ်လိုအရေးကိစ္စများရှိလို့ပါလဲ...ကျေးဇူးပြုပြီးတော့ ပြောသာပြောလိုက်ပါ...ကျွန်တော်အဲ့တာကိုသေသေချာချာကိုင်တွယ်ဖြေရှင်းပါမယ်..."


အဘိုးကျိကရေနွေးတငုံသောက်လိုက်ပြီးမှပြန်ပြောလိုက်သည်။


"ငါတည့်တည့်ပဲပြောတော့မယ်...ရာထူးတိုးတဲ့ကိစ္စကိုတယောက်ယောက်ကကလီကမာလုပ်ထားတယ်...ငါအမြဲတမ်းထင်ခဲ့တာကစစ်တပ်ထဲကရာထူးတွေမှာလာဘ်ပေးလာဘ်ယူမှုတွေမရှိဘူး...လိမ်လည်လှည့်ဖျားမှုတွေမရှိဘူးလို့ထင်ခဲ့တာ...

ဒါပေမဲ့လဲတကယ့်အဖြစ်အမှန်ကတော့ငါ့ကိုအရမ်းပဲစိတ်ပျက်စေလိမ့်မယ်လို့ ဘယ်လိုလုပ်ထင်မိမလဲ..."


ဦးစီးမှုးအဘိုးကျိ၏စကားများကြောင့်လန့်ဖြန့်သွားလေသည်။


"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...နားလည်မှုလွဲနေတာများရှိနေလား..."


"နားလည်မှုလွဲတယ်...ဟ..."


အဘိုးကျိကရုတ်တရက်စားပွဲကိုရိုက်ချလိုက်သောကြောင့်ကျယ်လောင်သည့်အသံတချက်ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင်သူ့၏‌အော်ရာများကခြိမ်းခြောက်မှုအပြည့်နှင့်ဖြစ်နေလေသည်။


"ငါကသက်သေမရှိဘဲနဲ့ မင်းဆီကိုလာပါ့မလား...ငါသိချင်တာကမင်းကကောင်းကောင်းမအုပ်ချုပ်မစီမံနိုင်တာလား...မင်းကန်းနေတာလားဆိုတာကိုသိချင်တာပဲ..."


အဘိုးကျိငယ်စဉ်တုန်းကသူသည်အလွန်ခေါင်းမာလှပေသည်။သူဒေါသထွက်လာသောအခါတွင်သူ့၏ပုံရိပ်ကပို၍ကြောက်စရာကောင်းလှသည် သူ့လက်အောက်တွင်လေ့ကျင့်ရသောစစ်သားတိုင်းကလုံးဝအမိန့်နာခံလေးစားမှုရှိကြပေသည်။အဘိုးကျိကအလွယ်တကူဒေါသမထွက်တတ်ပေ သို့သော်လဲအခါအားလျော်စွာလူများကိုကြောက်ရွံထိတ်လန့်မှုပေးနိုင်တုန်းပင်ဖြစ်သည်။


ဦးစီးမှုးကသူ့၏ကြောက်ရွံ့စိတ်များကိုဖိနှိပ်လိုက်ပြီးအလေးအနက်ပြန်ပြောလိုက်သည် ။


"ဗိုလ်ချုပ်ကြီးခဗျာ... ကျွန်တော်ကဒီလိုမျိုးအရေးကြီးတဲ့ကိစ္စများကိုဘယ်လိုလုပ်ပြီးများမမြင်ချင်ယောင်ဆောင်ထားမှာလဲ...ကျွန်တော်ရဲ့စီမံအုပ်ချုပ်မှုအောက်မှာဒီလိုအင်အားသုံးပြီးအနိုင်ကျင့်မှုမျိုးကိုသေချာပေါက်လုံးဝခွင့်မပြုနိုင်ဘူး...

စစ်တပ်ဆိုတာကတိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပေးနေတဲ့ရှေ့တန်းအကာအကွယ်လိုင်းတခုပဲလေ...အရာအားလုံးကတစုံတဦးရဲ့စွမ်းဆောင်ရည်ပေါ်ပဲမူတည်သင့်တယ်...သူတို့ရဲ့ရာထူးကသာအဆက်အသွယ်တွေပေါ်မှီခိုနေမယ်ဆိုရင် တိုင်းပြည်ကိုလုံခြုံစိတ်ချအောင်ကာကွယ်နိုင်ပါမယ်လို့ဘယ်လိုများအာမခံပေးနိုင်တော့မလဲ..."


ဦးစီးမှူး၏စကားများကအဘိုးကျိကိုအနဲငယ်စိတ်လျော့သွားစေသည် အမှန်တိုင်းပြောရမယ်ဆိုလျှင်လဲထိုဦးစီးမှုးကလာဘ်ပေးလာဘ်ယူလုပ်မည့်လူမဟုတ်ကြောင်းသူသိထားလေသည်။သူကရာထူးတိုးသည့်အကြောင်းများကိုသာသိပြီး ထိုထိပ်ဆုံးထိုင်ခုံ၌မည်သူထိုင်နေသည်ကိုပင်သိလိမ့်မည်မဟုတ်ပေ။


ထိုသို့ဖြစ်လေရာယခုကိစ္စကသူ့ဆီကိုသတင်းမရောက်ပဲအနဲငယ်ရာထူးကြီးသည့်လူတယောက်ကအလွယ်တကူဖုံးအုပ်ထားခြင်းဖြစ်ပေလိမ့်မည်။အဘိုးကျိအေးစက်စွာနှာခေါင်းတချက်ရှုံ့လိုက်သည်။


"အနည်းဆုံးတော့စစ်တပ်ထဲမှာဒီလိုမမျှတမှုတွေမရှိရဘူးဆိုတာ မင်းသိသေးတယ်ပေါ့လေ...ဒီတော့ငါသွန်သင်ခဲ့သမျှကအလကားတော့ဖြစ်မသွားဘူးပေါ့...ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စကမင်းရဲ့အုပ်ထိန်းမှုအောက်မှာဖြစ်သွားတာဆိုတဲ့အတွက်မင်းတာဝန်ယူဖြေရှင်းရမယ်...

မင်းဒီကိစ္စကိုသေသေချာချာစုံစမ်းစစ်ဆေးပြီးတော့ ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်...မင်းသူတို့ကိုဒီတိုင်းလွှတ်ပေးလိုက်လို့မရဘူး...စစ်တပ်ဆိုတာကတရားမျှတမှုရှိပြီး အရာအားလုံးကလူတယောက်ရဲ့စွမ်းဆောင်ရည်ပေါ်ပဲမူတည်တယ်ဆိုတာကိုလူအားလုံးသိသွားအောင်ပြလိုက်..."


"ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါဗိုလ်ချုပ်ကြီး...ကျေးဇူးပြုပြီးတော့စိတ်အေးအေးထားပါ ကျွန်တော်ကဒီလိုကိစ္စမျိုးလုပ်တာမျိုးခွင့်ပြုပေးမှာမဟုတ်ပါဘူး..."


ဦးစီးမှုးကယခုအကြိမ်ရာထူးတိုးသည့်ကိစ္စတွင် တစုံတ‌ယောက်လှည့်ကွက်တချို့ပြုလုပ်လိုက်မှန်းကိုသူနားလည်သဘောပေါက်လိုက်ပေသည်။သူခဏမျှစဉ်းစားကြည့်လိုက်သည့်အချိန်တွင် လတ်တလောတွင်အထူးတပ်ဖွဲ့၏ရာထူးအရွေ့အပြောင်းကိစ္စအကြောင်းကိုသတိရသွားသည် ထိုအချက်ကိုသိလိုက်မိသည်နှင့်ချက်ချင်းပင်ဖုန်းခေါ်လိုက်သည်။


သူ့လူများကိုဒီကိစ္စအားစုံစမ်းစစ်ဆေးရန်အမိန့်ပေးလိုက်သည် ထို့အပြင်တခြားဌာနများတခြားတပ်ဖွဲ့များ၏ ရာထူးအတိုးအရွှေ့ကိစ္စကိုပါသေချာစွာထပ်မံစုံစမ်းရန်အမိန့်ပေးလိုက်ပြန်သည်။


လာဘ်ပေးလာဘ်ယူပြုလုပ်ထားသည့်သူကမည်သူပင်ဖြစ်ပါစေသက်ညှာမှုမရှိပဲ အပြစ်ဒဏ်ခံရမည်ဖြစ်သည်။


ထိုအမိန့်ကအလွန်တင်းကြပ်ပြင်းထန်လွန်းသောကြောင့် တပ်ထဲရှိလူများအားလုံး၎င်းကိစ္စကအလွန်လေးနက်ကြောင်းသိလိုက်ကြသည်။ချက်ချင်းပင်သူတို့စတင်လှုပ်ရှားလိုက်ကြသည် သူတို့၁၀၀%အားစိုက်ထုတ်၍ထိုကိစ္စကိုစုံစမ်းစစ်ဆေးကြသည် မည်သူမှမပေါ့ဆရဲကြပေ သူတို့ရာထူးအပြောင်းအရွှေ့ရှိသည့်သူများအားလုံးကိုတယောက်ပင်မကျန်စေအောင်သေချာစွာစစ်ဆေးကြလေသည်။အမိန့်ပေးပြီးသည်နှင့်ဦးစီးမှုးကအဘိုးကျိဘက်သို့လှည့်၍ပြောလိုက်သည်။


"ဗိုလ်ချုပ်ကြီးကျွန်တော်ဒီကိစ္စကိုအောက်‌‌ခြေထိရောက်အောင်စုံစမ်းပါမယ်...ဒီကိစ္စကိုလုပ်တာဘယ်သူပဲဖြစ်ဖြစ်သူတို့ကိုအလွတ်မပေးပါဘူး...ကျေးဇူးပြုပြီးတော့ကျွန်တော့်ကိုနှစ်ရက်လောက်စောင့်ပေးပါဦး...ကျွန်တော်ကဗိုလ်ချုပ်ကြီးစိတ်ကျေနပ်မဲ့အဖြေမျိုးကိုပေးပါမယ်..."


အဘိုးကျိကကျိုးကြောင်းမဆီလျော်သည့်သူမျိုးမဟုတ်ပေ ဦးစီမှုး၏လုပ်ဆောင်ချက်နှင့်စကားကိုကြားပြီးသည်နှင့်သူတုတ်ကောက်ကိုအသုံးပြု၍ထွက်လာခဲ့လိုက်သည်။သူမည်သည့်စကားမှထပ်မံမပြောခဲ့ပေ သူကိုယ်တိုင်လာရောက်ပြောဆိုခဲ့ခြင်းဖြစ်သောကြောင့်ဦးစီးမှုးကကပျက်ကချော်မလုပ်ပဲ အားစိုက်ထုတ်၍စစ်ဆေးမည်ကိုသူသိပေသည်။သဘာဝကျစွာပင်ထိုစုံစမ်းစစ်ဆေးမှု၌မည်သူ့ကိုမှလွတ်ထွက်သွားခြင်းမပြုခဲ့ပေ သူတို့၏အဆက်အသွယ်များသူတို့၏ရာထူးနေရာများက အရေးမပါတော့ပေ။


ဒါပေါ့...ရာထူးတိုးမြှင့်ခံထားရသည့် ဝမ်ကျန်းရီလဲပါဝင်ပေသည်။


ဒီတကြိမ်၌လျိုမိသားစုကထိုအကြောင်းကိုသိ‌သော်လဲ သူတို့ဝင်ရောက်မစွက်ဖက်နိုင်ပေ။မကြာခင်တွင်ဝမ်ကျန်းရီ၏ရာထူးတိုးမှုနှင့်ပတ်သတ်၍ခေါ်ဆိုမေးမြန်းခြင်းခံရလေသည်။အဘယ်ကြောင့်ဆိုသော ပါဝင်ရွေးချယ်ခံရသူများထဲထဲ၌ဝမ်ကျန်းရီကစွမ်းဆောင်ရည်အမြင့်ဆုံးသူမဟုတ်ပေ အနဲဆုံးတော့သူ့၏တဦးတည်းစွမ်းရည်များလုပ်ဆောင်ချက်များကကျိယန်နှင့်မယှဉ်နိုင်ပေ။


ချက်ချင်းဆိုသလိုပင်ဝမ်ကျန်းရီ၏ရာထူးတိုးမှုကဆိုင်းငံ့ခံထားလိုက်ရပြီးထိုကိစ္စကိုဆုံးဖြတ်ခဲ့ကြသောခေါင်းဆောင်များအားလုံးစုံစမ်းစစ်ဆေးခံရလေသည်။ထိုလူများထဲတွင်ဖေဖေလျိုလဲပါဝင်နေပေသည်။

 

ပုံမှန်အတိုင်းဆိုပါကသူတို့ကထိုကိစ္စကိုမှားယွင်းဆုံးဖြတ်မိသည်ဟုထင်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော်ဆုံးဖြတ်ခွင့်ရှိသော‌ခေါင်း‌ဆောင်များအားလုံးကသာမာန်စစ်သားများမဟုတ်ကြပေ။သို့သော်လဲ ဒီတကြိမ်၌ဦးစီးမှုးကိုယ်တိုင်ပါဝင်လာခဲ့ပေပြီ။ထို့ကြောင့်သူတို့‌တွင်မည်သည့်နောက်ခံဖြင့်ရှိပါစေ သူတို့တွင်မည်သည့်အဆက်အသွယ်ရှိပါစေ အမိန့်နာခံစွာဖြင့်ပင်စုံစမ်းစစ်ဆေးမှုကိုခံကြရသည်။


ဖေဖေလျိုနှင့်အဆက်သွယ်ရှိသောတခြားခေါင်းဆောင်များအားလုံးကလဲထိုကိစ္စကိုမည်မျှလေးနက်ကြောင်းကိုသဘောပေါက်လာကြသည်။ယခုကိစ္စ၏အပြစ်ဒဏ်ကသက်ညှာမှုရှိလိမ့်မည်မဟုတ်မှန်းသူတို့စိတ်ထဲတွင်သိလာကြသည် ထို့ကြောင့်ဖေဖေလျိုကိုမျက်နှာသာပေးနေခြင်းအားရပ်တန့်လိုက်ကြ၏။


သူတို့ကမည်သည့်အရာကိုမှထိမ်ချန်မထားတော့ပဲကိစ္စရပ်များအားလုံးကိုသေချာစွာရှင်းပြလိုက်ကြလေသည်။တစ်ယောက်ကစတင်ပြီးသစ္စာဖောက်လိုက်သည်နှင့်အားလုံး၏သစ္စာဖောက်မှုကိုခံလိုက်ရလေသည်။အဆုံးသတ်၌ထိုရာထူးတိုးမှုတွင် ကျိယန်အစားဝမ်ကျန်းရီကိုအစားထိုးထည့်လိုက်ခြင်းဖြစ်ကြောင်းဘူးပေါ်သလိုပေါ်လာခဲ့လေပြီ။


နောက်ဆက်တွဲအနေဖြင့်လျိုမိသားစု၏လာဘ်ပေးလာဘ်ယူမှုများလှည့်စားမှုများကလဲပေါ်ပေါက်လာခဲ့သည်။ကိစ္စရပ်တွင်အဓိကနေရာ၌ပါဝင်‌နေသောဖေဖေလျိုကအပြင်းထန်ဆုံးအပြစ်ပေးခံခဲ့ရသည်။သဘာဝကျစွာပင်ဝမ်ကျန်းရီသည်လဲမလွတ်မြောက်နိုင်ခဲ့ပေ ‌သူကစောင့်ကြည့်ထိန်းချုပ်ခြင်းကိုခံခဲ့ရပြီးမိသားစုနှင့်ပင်မတွေ့ရတော့ပေ။ထိုကဲ့သို့ဆက်တိုက်ဖြစ်ပျက်လာသောအဖြစ်အပျက်များကြောင့်လျိုမိသားစုကလုံးဝတုန်လှုပ်‌ခြောက်ခြားနေကြပေပြီ။ဖေဖေလျိုနှင့်ဝမ်ကျန်းရီတို့ထိန်းချုပ်ခံလိုက်ရမှုက မေမေလျို၏မျက်နှာကိုသွေးရောင်ပင်မကျန်တော့အောင်ဖြူဖျော့သွားစေခဲ့သည်။


"ဘာလို့ ဘာလို့ဒီလိုဖြစ်လာရတာလဲ...အားလုံးအဆင်ပြေနေတာပဲမဟုတ်လား...ဘာလို့ရုတ်တရက်ကြီးပြန်စစ်ဆေးသုံးသပ်တာလဲ..."


မေမေလျိုတတွတ်တွတ်ရေရွတ်နေမိသည် သူမလုံးဝနားမလည်တော့ပေ။


"အရင်ကဒီလိုမျိုးမဖြစ်ဖူးဘူး ဘယ်တုန်းကမှဒီလိုပြဿနာမျိုးကိုမတွေ့ကြုံဖူးဘူး...ဒီကိစ္စကလုံးဝဆုံးဖြတ်ချက်ချထားပြီးသွားမှဘယ်လိုဖြစ်ပြီးရုတ်တရက်ပြန်လည်စစ်ဆေးခြင်းကိုစတင်တာလဲ ဒါဘယ်လိုမှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး...တယောက်ယောက်ကလျိုမိသားစုကိုတိုက်ခိုက်နေတာလား..."


လျိုဇီရွှမ်ကလဲမေမေလျိုထက် အခြေအနေမကောင်းပေ သူမကတောင်ပို၍ထိပ်ထိပ်ပြာပြာဖြစ်နေသေးသည်။သူမခေါင်းမပါသောယင်ကောင်ကဲ့သို့ပြာယာခတ်နေပြီး သူမ၏ကလေးကိုပင်လျစ်လျူရှုထားလေသည်။သူမလဲထိုကိစ္စရပ်များဘာကြောင့်ဖြစ်လာရသည်ကိုနားမလည်ပေ သူမဖခင်၏ရာထူးနှင့်အဆက်အသွယ်များအရ ထိုကဲ့သို့စုံစမ်းစစ်ဆေးမှုကိုခံစရာအကြောင်းမရှိပေ။


"အဲ့ဒီ့အထက်အရာရှိဆိုတဲ့လူတွေက နောက်ဆုံးရလာဒ်ကိုပဲကြည့်တာမဟုတ်ဘူးလား...တယောက်ယောက်ကတော့ငါတို့မိသားစုကိုပစ်မှတ်ထားနေပြီ ဒီလိုမှမဟုတ်ဘူးဆိုရင် ဦးစီးမှုးကဘယ်လိုလုပ်ပြီးရုတ်တရက်စစ်ဆေးမှုစတင်လာမှာလဲ..."


ထိုကိစ္စရပ်သည်ဦးစီးမှုးကိုယ်တိုင်အမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်းမာမားလျိုသိရှိပြီးလေပြီ ထိုလူကသူတို့တွေ့ချင်တိုင်းတွေ့လို့ရသည့်သူတယောက်လဲမဟုတ်နေပေ။


သူတို့လျိုမိသားစုတောင်မှမတတ်နိုင်ဘူးဆိုမှတော့...ဘယ်သူကများသူ့ကိုဒီလိုသတိကြီးစွာဖြစ်သွားအောင်ပြောနိုင်စွမ်းရှိတာလဲ လျိုမိသားစုနဲ့ရန်သူတွေကလဲ ဒီလိုမျိုးအင်အားကြီးတဲ့လူမရှိပါဘူး...


လျိုဇီရွှမ်နှုတ်ခမ်းကိုက်၍စဉ်းစားနေရင်းဖြင့်ရုတ်တရက်သူတို့မိသားစုနှင့်ဆက်တိုက်ပြဿနာဖြစ်နေသောကျိယန်တို့ကိုသတိရသွားသည်။သူမသေချာစွာဖြင့်ပြောလိုက်သည်


"မာမားအဲ့ဒီ့ကိစ္စတွေကိုလုပ်တာ ကျိယန်တို့များဖြစ်နိုင်လား...အခုလောလောဆယ်မှာပြဿနာဖြစ်ထားတာဆိုလို့သူတို့ပဲရှိတာလေ..."


မာမားလျိုခဏမျှရပ်တန့်သွားပြီးမှခေါင်းခါယမ်းလိုက်သည်။


"မဖြစ်နိုင်ဘူး ကျိယန်ကသာမာန်စစ်သားလေးတယောက်ပဲလေ သူကဦးစီးမှုးနဲ့တွေ့နိုင်လောက်တဲ့စွမ်းရည်မျိုးဘယ်လိုလုပ်ရှိမှာလဲ...ကြုံရာလူတယောက်ကဦးစီးမှုးနဲ့တွေ့ချင်တိုင်းတွေ့လိုရမယ်လို့ နင်ထင်နေတာလား..."


လျိုဇီရွှမ်လဲခဏမျှစဉ်းစားပြီးသဘောတူလိုက်သည်သူမ၏ဒေါသများကချက်ချင်းပေါက်ကွဲထွက်လာပေသည်။


"ဒါဆိုဘယ်သူလဲ ဘယ်သူကများကျွန်မတို့မိသားစုကိုဒုက္ခရောက်အောင်လုပ်ရတာလဲ..."


တကယ်တမ်းသူမ၏စိတ်ထဲတွင်အလွန်ပင်ကြောက်ရွံ့တုန်လှုပ်နေပေသည်။ရုတ်တရက်မာမားလျိုက ထိုင်နေရာမှထရပ်လိုက်သည်။


"ဒီတိုင်း...ဒီတိုင်းနေလို့တော့မရတော့ဘူး ငါအိမ်ပြန်ပြီးတော့နင့်ရဲ့အဘိုးကိုဒီစုံစမ်းစစ်ဆေးတဲ့ကိစ္စကိုရှာဖွေပေးဖို့သွားပြောရမယ်...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဘာကိစ္စတွေဖြစ်နေတယ်ဆိုတာကို‌တော့ငါတို့နားလည်ထားဖို့လိုတယ်...ငါတို့မှာနင့်ရဲ့အဖေနဲ့ဝမ်ကျန်းရီကိုကယ်ဖို့နည်းလမ်းရှိလိမ့်မယ်..."


လျိုဇီရွှမ်လဲရုတ်တရက်မျှော်လင့်ချက်များပြည့်နှက်လာသည်။


"ဟုတ်တယ်...မာမား...ဘိုးဘိုးကအနားယူသွားပြီဆိုပေမဲ့လဲသူ့မှာအဆက်အသွယ်တွေရှိတုန်းပဲ...သူသာဆိုရင်ဒီကိစ္စကိုမေးမြန်းလို့ရမှာပဲ ကျွန်မတို့ဘိုးဘိုးကိုမြန်မြန်လေးသွားရှာပြီးလျိုမိသားစုကိုဘယ်သူတိုက်ခိုက်‌နေတာလဲဆိုတာ ရှာခိုင်းကြည့်ကြမယ်..."


လျိုဇီရွှမ်၏အမေဘက်မှအဘိုးက စစ်တပ်ထဲတွင်ဂုဏ်သိက္ခာရှိသည့်လူတယောက်ဖြစ်ပြီး လူများစွာကသူ့ကိုမျက်နှာသာပေးကြလေသည်။ထို့ကြောင့်တချို့ကိစ္စရပ်များကိုသူအနီးအနားရှိလူများကိုမေးမြန်းဖို့လွယ်ကူပေသည်။သူ့၏ကိုယ်ကျင့်သိက္ခာအရ မာမားလျိုကိုဒေါသထွက်နိုင်သော်လဲ သူကသေချာပေါက်မေးမြန်းစုံစမ်းပေးလိမ့်မည် အဘယ်ကြောင့်ဆိုသော် အဘိုးကသူ့၏သမီးကိုအလွန်ချစ်ပေသည်။


အဆုံးသတ်၌ထိုအန္တာရာယ်ဖြစ်စေခဲ့သောအကြောင်းအရာအချက်အလက်များကိုသူတို့ရရှိခဲ့‌လေသည် ကျိယန်နှင့်အဘိုးကျိတို့ကြားထဲမှဆက်သွယ်မှုကိုတွေ့ရှိသွားခဲ့ကြသည်။ထို့နောက်ဘယ်လိုဖြစ်ပျက်သွားသည်ကိုနားလည်နိုင်သွားလေပြီ။လျိုမိသားစုကနောက်ကွယ်မှနေ၍တစုံတယောက်၏မြေးလေး၏ရာထူးတိုးမှုအခွင့်အရေးကိုလုယူလိုက်သည်။တဖက်လူကဘာမှတောင်လုပ်စရာမလိုပဲအထက်အဆင့်အမြင့်စုံစမ်းစစ်ဆေးမှာကိုပြုလုပ်စေနိုင်ခဲ့သည်။


ဘိုးဘိုးလျိုကချက်ချင်းပင်ပြန်လာပြီး မာမားလျိုကိုပြင်းထန်စွာဆူပူတော့သည် မာမားလျိုနှင့်လျိုဇီရွှမ်တို့ကျိယန်၏နောက်ခံမိသားစုကိုကြားလိုက်သည့်ခဏ၌ကြောင်အမှင်သက်သွားကြလေသည်။သူတို့နှစ်ပေါ်လဲကျပြီးပြန်လဲမထနိုင်တော့ပေသူတို့နားများကိုပင်သူတို့မယုံကြည်နိုင်ကြပေ။


"ပါပါးလိမ်ပြောနေတာမဟုတ်လား...ကျိယန်ကဗိုလ်ချုပ်ကြီးကျိအန်းရှန်းရဲ့မြေးအရင်းဖြစ်နိုင်ပါ့မလား..."


မာမားလျိုတယောက်သူမဖခင်ရလာသောသတင်းအချက်အလက်များမှားယွင်းစေဖို့ဆုတောင်းနေမိသည်။ဘိုးဘိုးလျိုကဒေါသတကြီးဖြင့်ခုံစားပွဲကိုရိုက်လိုက်သည်။

 

"ဘာကမဖြစ်နိုင်ရမှာလဲငါ့ကိုပြောစမ်းပါဦး...ဒီနေ့တွေမှာနင်တို့တွေဘယ်လိုအဓိပ္ပာယ်မရှိတာတွေကိုများလုပ်နေကြတာလဲ...နင်တို့မှာရှိတဲ့စွမ်းအားဆိုတာတွေကလူတွေကိုကူညီဖို့ နင်တို့ကိုယ်ကျိုးရှာဖို့မဟုတ်ဘူး ဒီအကြောင်းတွေကိုငါသာအစောကြီးထဲကသိခဲ့မယ်ဆိုရင် နင်တို့တွေ‌ခြေထောက်ကျိုးအောင်ချိုးပစ်တယ်..."


မာမားလျိုကြောက်ရွံ့ထိတ်လန့်မှုကြောင့်ပုခုံးများကျုံ့ဝင်သွားသည် သူမဖခင်ကဲ့သို့ဂုဏ်သိက္ခာကိုအလေးထားသောစစ်သားတယောက်ကသူတို့၏စွမ်းအားနှင့်အဆက်အသွယ်များကို ကိုယ်ကျိုးအတွက်အသုံးချသူများအားအမုန်းဆုံးပင်ဖြစ်သည်။ထို့ကြောင့်ပင်ကိစ္စရပ်များအားလုံးကိုအကြီးအကဲဆီမှဖုံးကွယ်ထားခြင်းဖြစ်လေသည် သို့သော်လဲ ဘယ်အရာကိုမှမဖုံးကွယ်နိုင်တော့တဲ့‌တနေ့ရောက်လာလိမ့်မည်ဟု ဘယ်သူကများကြိုသိခဲ့နိုင်မလဲလေ။မာမားလျိုတီးတိုးပြောလိုက်သည်


"ပါပါးကျိယန်က ဗိုလ်ချုပ်ကြီးကျိရဲ့မြေးဆိုတာကိုကျွန်မတို့တကယ်ကိုမသိခဲ့ဘူး...တကယ်လို့သိခဲ့မယ်ဆိုရင်ဒီလိုအလုပ်မျိုးဘယ်လုပ်ပါ့မလဲ..."


ဘိုးဘိုးလျိုအလွန်ပင်ဒေါသထွက်သွားပြီးသူမကိုရိုက်သတ်ချင်သွားသည်။


"နင်သိခဲ့မယ်ဆိုရင် ဒီလိုမလုပ်ဘူး ဟုတ်လား...နောက်ခံမကောင်းမွန်တဲ့စစ်သားလေးတွေဆိုရင် သူတို့ရနိုင်တဲ့အခွင့်အရေးတွေကိုနင်တို့ကလုယူလိုက်မယ်ပေါ့လေ...ကျိယန်ကိုကြည့်လိုက်စမ်း...သူ့မှာအံ့ဩစရာကောင်းလောက်တဲ့မိသားစုနောက်ခံရှိတယ်...ဒါပေမဲ့ဘယ်တုန်းကမှအဲ့တာကိုထုတ်မပြောခဲ့ဘူး...ဒီလောက်နှစ်ပေါင်းများစွာကြာတာတောင်မှပဲဘယ်သူမှဒါကိုမသိခဲ့ဘူး...သူကသူ့ရဲ့စွမ်းရည်အပေါ်မှာပဲမှီခိုကြိုးစားခဲ့တာ...နင်တို့မိသားစုကျတော့ရော...နင်တို့ကတော့စွမ်းအားကိုမိသားစုရဲ့ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ် ...နင်တို့ရဲ့ကံကောင်းမှုတွေကုန်ဆုံးသွားပြီဆိုရင်တောင်မထူးဆန်းဘူး..."


အမေနှင့်သမီးအတွဲကဆူပူမှုကိုလုံးဝပြန်လည်ချေပနိုင်ခြင်းမရှိပေ ဘိုးဘိုးလျို၏ဒေါသများပေါက်ကွဲသွားပြီးနောက် မာမားလျိုကမဝံ့မရဲဖြင့်ထပ်မံပြောလိုက်သည်


"ပါပါးကျွန်မတို့မှားသွားပါတယ်...ဒါပေမဲ့ကိစ္စတွေကဖြစ်ပြီးသွားပြီလေ ကျေးဇူးပြုပြီးတော့ကျွန်မတို့ကိုကယ်တင်နိုင်မဲ့နည်းလမ်းလေးစဉ်းစားပါဦး...ဒီလိုမျိုးထပ်မလုပ်တော့ဘူးလို့ကတိပေးပါတယ်..."


ဘိုးဘိုးလျိုသက်ပြင်းတချက်ချလိုက်ပြီးပင်ပန်းနွမ်းနယ်စွာဖြင့်လက်ဝှေ့ယမ်းပြလိုက်သည်။


"ဒီကိစ္စကငါကူညီနိုင်တဲ့ကိစ္စမျိူးမဟုတ်ဘူး...ငါကဒီကိစ္စမှာစကားတခွန်း‌တောင်ဝင်ပြောလို့မရနိုင်ဘူး ဒီတကြိမ်ကတော့နင်တို့ကံစီမံရာအတိုင်းသင်ခန်းစာယူရမဲ့အချိန်ပဲ..."


ရုတ်ချည်းဆိုသလိုပင်မားမားလျိုနှင့်လျိုဇီရွှမ်တို့ သူတို့၏စွမ်းအင်များစုပ်ထုတ်ခံလိုက်ရသလိုမျိုးဖြူဖျော့သွား‌လေသည်။