အပိုင်း (၇၈-၁)
Viewers 12k

Part 78.1


ဤကိစ္စအပြီးတွင် မူလက ရာထူးတိုးရန် လျာထားခံရသူက ပယ်ဖျက်ခံလိုက်ရသည်။ ရာထူးတိုးရန်အတွက်လူကို အကြီးပိုင်းများက သမာသမတ်ရှိစွာ ပြန်လည်ရွေးချယ်ကြသည်။ယခုအကြိမ်တွင် မည်သူမှ လှည့်ကွက်များ မလုပ်ရဲတော့ပေ။


 နောက်ဆုံးတွင် ကျိယန်ကိုသာ ရာထူးတိုးရန်ရွေးချယ်လိုက်ကြောင်း အထက်မှ အမိန့်ကျလာတော့သည်။ 


ထိုအချိန်တွင် ကျိယန်က အဘိုးကျိနှင့် အမျိုးတော်ကြောင်းသိလိုက်ရပြီးနောက် လူတိုင်း အလွန်အမင်းအံ့အားသင့်သွားကြသည်။ ကျိယန်ကို သိုသိုသိပ်သိပ်နေ၍ ပို၍ပင်လေးစားသွားရသည်။


ထန်ထန်သည်လည်း အလွန်အမင်းအံ့ဩသွားရသည်ဟ ကျိယန်နှင့် အဘိုးကျိတို့၏ ဆက်နွယ်မှုကြောင့်မဟုတ်ဘဲ အဘိုးကျိ၏ ဩဇာကြောင့်အံ့ဩသွားရခြင်းဖြစ်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ ကိစ္စအကြီးကြီးတစ်ခုလုံးက ပြေလည်သွားရသည်။ အဘိုးကျိ၏ စကားတစ်ခွန်းကြောင့် စစ်တပ်အတွင်းမှ လူတိုင်း သနားစဖွယ်အခြေအနေကို ကျရောက်သွားခဲ့သည်ဟု ကြားသိလိုက်ရသေးသည်။ ၎င်းက သူအလွန်အမင်း အံ့ဩဖွယ်ကောင်းကြောင်း သိသာစေသည်။


မူလက အဘိုးကျိကို ရာထူးကြီးကြီးလူများဖြင့် အဆက်အသွယ်ရှိသည်ဟု ထင်ခဲ့သော်လည်း သူ၏ ရာထူးကအတော်လေးမြင့်ကြောင်း မတွေးမိလိုက်ချေ။ သူမ၏ခေတ်တွင် အဘိုးကျိက သူ့အထက်တွင်  လူတစ်ယောက်တည်းရှိပြီး  သူ့အောက်တွင်လူထောင်ကျော်ရှိသော နိုင်ငံတော်စစ်သူကြီးဖြစ်နိုင်သည်။


ရုတ်တရက် ထန်ထန်တစ်ယောက် ဤမိသားစုထဲရှိလူတိုင်းက နတ်ဘုရားများနှင့်ဆင်တူသည်ဟုပင် ခံစားမိလိုက်သည်။ မူကြိုတွင်သာရှိနေသေးသော ကျိရှောင်ကျိုးနှင့် နောင်နောင်ကိုလည်း လျှော့တွက်၍ မရပေ။ သူတို့နှစ်ယောက်လုံး အနာဂတ်တွင် သာမန်မဟုတ်သော လူများဖြစ်လာနိုင်သည်။ သူတို့ နတ်ဘုရားသဖွယ် အခြေအနေရောက်ရန် အချိန်တစ်ခုသာလိုပေလိမ့်မည်။


သဘာဝကျစွာဖြင့် မိသားစု၏ သာမန်ထက်ထူးကဲသောလူစာရင်းထဲတွင် သူမ မပါဝင်ပေ။ သူမ ဝမ်းသာစေ သည့်တစ်ခုတည်းသောအရာမှာ သူမ၏ရုပ်ရည်သွင်ပြင်က ယခုအချိန်တွင် အဆင်ပြေသွားခြင်းဖြစ်သည်။ မဟုတ်ပါက သူမက မိသားစု၏ အလှတရားစံသတ်မှတ်ချက်ကို ဆွဲချမိသွားပေလိမ့်မည်။


အသေအချာတွေးတောကြည့်ပြီးနောက်တွင် မိသားစုထဲတွင် သူမကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့်အရာမှာ သူမ၏ရုပ်တည်တစ်ခုတည်းဖြစ်ကြောင်း သိလိုက်ပေသည်။ ကြည့်ရသည်မှာ ယခုမှစ၍ သူမ၏ရုပ်ရည်ကို မနိမ့်ကျစေရန် ကြိုးစားပေရတော့မည်။ သူမ တစ်ချိန်လုံးလှနေသော ကျီယွဲ့ကဲ့သို့ ဖြစ်နေသင့်ပေသည်။ အဆုံးတွင် သူမကို ဤမိသားစုထဲတွင် ဝင်ဆံ့စေသည့် တစ်ခုတည်းသောအရာဖြစ်သော ရုပ်ရည်သွင်ပြင်လေးကို ထိန်းသိမ်းရပေလိမ့်မည်။ 


ရလဒ်အနေဖြင့် ထန်ထန်က အလှအပရေးရာ ဖြည့်စွက်စာကို လုံ့လရှိရှိသောက်လေတော့သည်။ သူမ၏ ကိုယ်အလေးချိန်ကို ၅၂.၅ကီလိုဂရမ် (၁၁၅ပေါင်)တွင် ထိန်းထားလိုက်သည်။ ထိုကိုယ်အလေးချိန်ဖြင့် သူမက ပိန်ပါးသော်လည်း ကြည့်ပျော်ရှုပျော်ရှိလာပြီး သူမ၏မျက်နှာလေးက နူးညံ့အိစက်နေပုံပေါ်လာသည်။


ထိုမျှမက ထန်ထန်က ရေချိုးပြီးချိန်တွင် ကျီယွဲ့ပေးထားသော ရင်သားကြီးထွားစေသည့် ခရင်မ်ကို ခိုးလိမ်းလေ့ရှိသည်။ သူမ၏ ခန္ဓာကိုယ်ပိုမိုလှပလာစေရန် မျှော်လင့်နေလေသည်။ အဆုံးတွင် ထိုနေရာ တဖြေးဖြေးကြီးထွားလာသည်နှင့်အမျှ ကျိယန်၏ အကြည့်များက ပိုမိုပူပြင်းလာသည်။


မည်သို့ပင်ဆိုစေ လက်ရှိထန်ထန်သည် ယခင်ကထန်ထန်နှင့် လုံးဝမသက်ဆိုင်တော့သယောင်ဖြစ်နေသည်။ သူတို့နှင့် မရင်းနှီးသော သူများဆိုလျှင် ကျိယန်က သူ၏ ရုပ်ဆိုးဆိုးမိန်းမကို ကွာရှင်းပြီး လှပသော ဇနီးအသစ်လေးကို ယူထားသည်ဟု ထင်ကြလေသည်။


သဘာဝဆန်စွာဖြင့် ကျိယန်က ထန်ထန်၏ အလှအပရေးရာတွင် စိတ်ဝင်စားလာမှု တိုးလာသည်ကို သတိပြုမိပေသည်။ သူမဘာတွေတွေးနေလဲ နားလည်သွားသောအခါ အားရပါးရ ရယ်မောပြီး သူ၏ ချစ်စရာဇနီးလေးကို ဖက်ပြီး အားပါးတရ ရှိုက်နမ်းလေသည်။ သူမ၏ ဝါသနာအသစ်လေးကို ထောက်ပံ့ပေးလေသည်။ မည်သို့ပင်ဆိုစေ သူ၏ ဇနီးလေးက လှပချင်လာသော်လည်း သူမလှချင်သည့်အကြောင်းအရင်းမှာ သူ့အတွက် ပြင်ပြင်ဆင်ဆင်နေချင်၍သာဖြစ်သည်။ နောက်ဆုံးတွင် သူကသာ ပျော်ရွှင်ရသူဖြစ်သည်။


ဤသို့ဖြင့် လတစ်ဝက်လောက်က သက်တောင့်သက်သာဖြင့် ကုန်ဆုံးသွားလေသည်။ ဝမ်ကျန်းရီ၏ ကိစ္စကို စုံစမ်းစစ်ဆေးခြင်းမှ ရလဒ်ထွက်လာခဲ့သည်။ ရာထူးတိုးမည့်လူ လဲလှယ်ခြင်းကိစ္စတွင် ပါဝင်သည့် လူတိုင်း အပြစ်ပေး ခံခဲ့ရသည်။ အဖေလျှို့နှင့် ဝမ်ကျန်းရီတို့က စစ်တပ်ရာထူးမှ ထုတ်ပယ်ခြင်းခံလိုက်ရသည်။ သူတို့ဘဝတစ်လျှောက်လုံး ဘယ်သောအခါမှ အထူးတပ်စုသို့ ပြန်ဝင်၍ မရတော့ပေ။


ထန်ထန် ထိုသတင်းကိုကြားသောအခါ သူတို့အတွက် မည်သည့်ခံစားချက်မှ မရှိပေ။ သူတို့က အပြစ်ဒဏ်နှင့် ထိုက်တန်သော်လည်း သူမ နောင်နောင်အတွက် စိတ်ပူနေလေသည်။ ဝမ်ကျန်းရီ ထွက်သွားမည်ဆိုပါက နောင်နောင်ကို သူနှင့်အတူ ခေါ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် နောင်နောင်ကို ထပ်တွေ့၍ မရနိုင် ဖြစ်ပေလိမ့်မည်။


နောင်နောင်ကို ထပ်တွေ့၍ မရတော့ဟု တွေးမိချိန်တိုင်း ထန်ထန် ငိုချင်လာသည်။ နောင်နောင်က သူမ၏ သမီးအရင်းလေးသဖွယ်ဖြစ်နေသည်။ နောင်နောင်ကို ဤမိသားစုနှင့်ဝေးရာကို အဘယ့်ကြောင့် ထွက်သွားစေချင်လိမ့်မည်နည်း။ 


နောင်နောင် သူတို့နှင့်ခွဲရတော့မည်ဟု တွေးမိလိုက်သောအခါ တစ်မိသားစုလုံး စိတ်ဓာတ်ကျနေကြသည်။ သူမကို ထွက်မသွားစေလိုသည့် စိတ်ဆန္ဒများက သူတို့မျက်လုံးများတွင် ရောင်ပြန်ဟပ်နေကြသည်။ ကျိရှောင်ကျိုးက ထိုသတင်းကိုကြားသောအခါ နောင်နောင်ကို တစ်ညလုံး မလွှတ်တမ်း ဖက်ထားလေသည်။ သူ သူမကို မလွှတ်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။ တံခါးခေါက်သံကြားရတိုင်း ကျိရှောင်ကျိုးက ထိပ်ဆုံးမှနေ၍ ပြေးကြည့်၍ ဘယ်သူလဲဟုမေးတတ်သည်။ နောင်နောင်ကို တစ်ယောက်ယောက်က လာခေါ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။


လူတိုင်းက စိတ်ခံစားချက်မကောင်းနေ၍ သူ့ကိုစိတ်ကျေနပ်သလို ပြုမူခိုင်းထားသည်။


မည်သို့ပင်ဆိုစေ ထိုနေ့ကကျရောက်လာမည်က နောက်ကျသည်နှင့် စောသည်သာကွာပေသည်။ တစ်နေ့ ဝမ်ကျန်းရီ ထွက်သွားခါနီးတွင် ကျိမိသားစု၏ အိမ်တံခါး၌ တံခါးခေါက်သံတစ်ခု ကြားရလေသည်။


သူမ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း နောင်နောင်က သူမကိုယ်သူမ ထန်ထန်ရင်ခွင်ထဲသို့ ပစ်ဝင်ကာ သေးနိုင်သမျှ သေးအောင်ကြုံ့နေလိုက်သည်။ ကျိရှောင်ကျိုးက တံခါးဆီ အမြန်ဆုံး ပြေးသွားပြီး မေးလိုက်သည်။

"ဘယ်သူလဲ...."


အပြင်ဘက်မှလူက ခဏမျှရပ်တန့်သွားပြီးမှ ပြန်ဖြေလာသည်။


"ရှောင်ကျိုးရေ ဦးဦးဝမ်ပါ... နောင်နောင့်ဒယ်ဒီလေ..."


ကျိရှောင်ကျိုး၏ ခန္ဓာကိုယ်က ချက်ချင်းတောင့်ခဲသွားသည်။ ကျိရှောင်ကျိုး လက်သီးတင်းတင်းဆုပ်၍ သူ့ကိုရိုင်းစိုင်းစွာ မောင်းထုတ်လိုက်သည်။


"ဘာလို့ ဒီကိုလာတာလဲ.... ထွက်သွား... ခင်ဗျားကို ဒီအိမ်က မကြိုဆိုဘူး..."


အပြင်ဘက်ကလူက ချက်ချင်းတိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာမှ ထပ်ပြောလာသဉ်။


"ရှောင်ကျိုး... တံခါးဖွင့်ပါ.. ဦးဦးနောက်နောင်ကို ပြောစရာရှိလို့ပါ.. ပြီးတာနဲ့ ထွက်သွားမှာပါ..."


ကျိရှောင်ကျိုးက တံခါးဖွင့်ပေးရန် ဆန္ဒမရှိနေပေ။ သူ တံခါးဘက်ကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။


"ဘာပြောချင်တာလဲ.. အပြင်ကနေလှမ်းပြော... ခင်ဗျားကို အိမ်ထဲ လုံးဝအဝင်မခံဘူး..."


အပြင်ဘက်မှလူက တိတ်ဆိတ်သွားပြန်သည်။


တုံ့ပြန်သည့်အနေဖြင့် ကျိယန်က ရန်လိုနေသော ကျိရှောင်ကျိုးကို ချီမကာ ပြောလိုက်သည်။


"ရှောင်ကျိုး စိတ်လျှော့... ဒီလိုလုပ်လည်း အသုံးမဝင်ဘူး...."

ကျိရှောင်ကျိုး၏ နှုတ်ခမ်းထောင့်များ ချက်ချင်း မဲ့ကျသွားပြီး မျက်လုံးများ စိုစွတ်လာသည်။ သူ့ခေါင်းကို ကျိယန်ပခုံးကြားထဲ မှောက်ကာ ကျိယန်သာ ကြားနိုင်သည့်အသံလေးဖြင့် ခပ်တိုးတိုးလေး တောင်းဆိုလာသည်။


"ဒယ်ဒီ... သားနောင်နောင်ကို ထွက်မသွားစေချင်ဘူး... ကျေးဇူးပြုပြီးတော့... ဒယ်ဒီရယ်နော်..."


ကျိယန် မခံစားနိုင်တော့၍ မျက်လုံးကိုမှိတ်ကာ အသေးလေး၏ နောက်ကျောကို ပုတ်ပေးလိုက်သည်။ ထို့နောက် အရပ်သားဝတ်စုံဝတ်ထားသော ဝမ်ကျန်းရီကို တံခါးဖွင့်ပေး၍ အိမ်ထဲခေါ်လိုက်သည်။ 


ဝမ်ကျန်းရီ၏ မျက်နှာချောင်ကျသွားခဲ့သည်။ သူ ကျိယန်ကို အားတင်း၍ပြုံးပြလိုက်ပြီး အထဲဝင်လာလိုက်သည်။ ထို့နောက် သူ့အကြည့်များက ထန်ထန်ရင်ခွင်ထဲတွင်ရှိနေသော နောင်နောင်ထံ ရောက်သွားသည်။ သူ့မျက်လုံးထဲတွင် မည်သူမှနားမလည်နိုင်သည့် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။


အချိန်အတော်ကြာမှ ဝမ်ကျန်းရီ စကားတစ်ခွန်းပြောလာသည်။

"ငါတို့ စကားပြောလို့ရမလား..."


ကျိယန် ခဏမျှစဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။ သူကျိရှောင်ကျိုးကို အောက်သို့ ချပေး၍ သူနှင့်လိုက်သွားခဲ့သည်။ အမျိုးသားနှစ်ယောက်က လေ့ကျင့်ရေးမြေပြင်ရှိ လှေကားဆီသွား သွားခဲ့ကြသည်။ သူတို့ အနီရောင် မြေပြင်ပေါ်တွင် ထိုင်လိုက်ကြသော်လည်း မည်သူကမှ စကားစပြောရန် မလုပ်ကြပေ။ 


အချိန်အတော်ကြာမှ အလင်းရောင် မှိန်ဖျော့၍ နေဝင်သွားသည်ကို မြင်လိုက်ရသည်။ ဝမ်ကျန်းရီ ခါးခါးသီးသီးရယ်မောလိုက်ပြီး မေးလိုက်သည်။


"ငါ လူတွေကို ငါ့ကို အထင်သေးအောင် လုပ်မိတာလား...."


ကျိယန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောလိုက်ပေ။


ဝမ်ကျန်းရီ စိတ်ထဲပင်မထားဘဲ ပြုံးလိုက်သော်လည်း သူ၏ အပြုံးက ငိုနေသည်ထက်ပင် ကြည့်ရဆိုးနေသည်။


"အရင်တုန်းကတော့ ငါ့ရဲ့အိပ်မက်က အမိမြေကို ကာကွယ်ပေးတဲ့ စစ်သားတစ်ယောက်ဖြစ်ဖို့ပဲ... ငါ့ရဲ့ တရားမျှတမှု၊ ညီမျှမှု၊ တာဝန်ဝတ္တရားတွေကို ငါ့နှလုံးသားထဲ တံဆိပ်ကပ်ထားခဲ့ဖူးတယ်... ဘယ်အချိန်ကစပြီး ငါ့ရဲ့ နှလုံးသားထဲက တံဆိပ်ကပ်ထားမှုက ပျောက်ကွယ်သွားခဲ့လဲ မပြောတတ်တော့ပါဘူး... အချိန်က ငါ့ကို အတော်လေး ပြောင်းလဲသွားစေခဲ့တယ်... ငါ အာဏာဆိုတဲ့အရာကြောင့် မျက်ကန်းဖြစ်သွားခဲ့တာပဲ... ငါ အောင်မြင်ချင်တယ်... ငါ့ကို အထင်သေးတဲ့လူတိုင်း ငါ့ကို အထင်ကြီးလာစေချင်တယ်... ငါပိုင်ဆိုင်တဲ့ ဂုဏ်ကျက်သရေရှိပြီး မြင့်မြတ်တဲ့လမ်းမပေါ်မှာ ခေါင်းမော့ရင်ကော့ပြီး လျှောက်လှမ်းချင်တယ်... ကံမကောင်းစွာနဲ့ပဲ ငါကတခြားသူရဲ့ အထောက်အပံ့ကို မှီခိုမိခဲ့တယ်... မင်းနဲ့ယှဉ်ရင် ငါက အရှုံးသမား သာသာပါကွာ... မင်းငါ့ကို အထင်သေးတာမျိုးက ငါနဲ့ထိုက်တန်ပါတယ်...."


ကျိယန်က အဝေးကိုငေးကြည့်ပြီ တိတ်တဆိတ်နားထောင်ပေးနေသည်။


"ငါအခု တော်တော်လေးကို တည်ငြိမ်နေတယ်... အရာအားလုံးက ငါ့ရဲ့အမှားတွေပဲလေ... ငါက ဒီလို အဆုံးသတ်မျိုးနဲ့ ထိုက်တန်ပါတယ်... ငါ့မှာ ဘာမှပြောစရမရှိပါဘူး... ဒါပေမဲ့ ငါထွက်မသွားခင် ငါ နောင်နောင်ရဲ့ ကိစ္စကို ဖြေရှင်းသွားချင်တယ်... သူက ငါ့တစ်ဘဝလုံးမှာ လျစ်လျှူရှုမိဆုံးလူပဲ... ငါက အဖေကောင်းတစ်ယောက်မဟုတ်ပါဘူး... သူမရရှိဖို့ ထိုက်တန်တဲ့ အချစ်တွေ ဂရုစိုက်မှုတွေနဲ့ ပျော်ရွှင်မှုတွေကိုတောင် ဆောင်ကျဉ်းမပေးနိုင်ခဲ့ဘူး... အမှန်အတိုင်း ဝန်ခံရရင် ငါ့စိတ်ထဲ သူမကို အတော်လေးသဘောမကျဖြစ်ခဲ့တာ... သူမက ငယ်ငယ် ကတည်းက ချစ်ဖို့ကောင်းပြီး လှပတယ် စိတ်ထားလေးကလည်း ချစ်စရာကောင်းတယ် ဆိုပေမဲ့ ငါသူ့အပေါ် အာရုံစိုက်မှု မပေးခဲ့ဖူးဘူး... ငါမှတ်မိတဲ့ တစ်ခုတည်းသောအရာဆိုတာ သူမက အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးရတာ ကြိုက်တယ် ဆိုတာကိုပဲ.... အဲ့တာကြောင့် ငါသူမကို အတော်လေး အော်ဟစ်ဆူပူခဲ့မိတယ်... သေချာစဉ်းစားကြည့်ရင် ငါက အတော်လေး ရွံစရာကောင်းတဲ့လူပဲ... ကလေးတွေ အကုန်လုံးက ဒီလိုမျိုးပဲ မဟုတ်ဘူးလား... ငါ့သားဆိုလည်း အိမ်ကပစ္စည်းတွေ ဖျက်ဆီးရတာကို အတော်လေးသဘောကျပေမဲ့ ငါသူ့ကိုတော့ တစ်ခါမှ မဆူခဲ့ဖူးဘူး...ငါ့ကို ဘက်အလိုက်တတ်ဆုံး အဖေလို့ ပြောရင် မမှားလောက်ဘူး..."


ကျိယန် ခေါင်းငြိမ့် သဘောတူလိုက်သည်။


"ဟုတ်တယ်... မင်းက ဘက်လိုက်တယ်... မင်းက နောင်နောင့်အဖေဖြစ်ပေမဲ့ သူမရဲ့ အပြုအမူတွေကနေ သူမရဲ့ ပါရမီကို လုံးဝ သတိမထားမိခဲ့ဖူးဘူး... မင်းက သူမ ပစ္စည်းတွေ ဖျက်ဆီးတာကိုပဲ မြင်တယ်... သူမတစ်စစီဖြုတ်ခဲ့တဲ့ ပစ္စည်းတိုင်းကို ပြန်စီတာကို တစ်ခါမှ သတိမထားမိခဲ့ဖူးဘူး..."


ဝမ်ကျန်းရီ ကြောင်တောင်တောင်ဖြစ်သွားသည်။


"မင်းဘာပြောချင်တာလဲ..."


ကျိယန် တစ်ခုသာပြန်မေးလိုက်သည်။


"နောင်နောင်က သူမတစ်ခါမှ မမြင်ဖူးတဲ့ သေနတ်အစစ်တစ်လက်ကို တစ်မိနစ်အတွင်း ပြန်တပ်ဆင်နိုင်တယ်... မင်းအဲ့တာကိုသိလား...."


ဝမ်ကျန်းရီ ချက်ချင်း မျက်လုံးပြူးသွားခဲ့သည်။ သူကျိယန်ကို မယုံနိုင်ဖြစ်စွာ ကြည့်လိုက်သည်။


ကျိယန် သူ့ကိုလှည့်ပင် မကြည့်ဘဲ နှာမှုတ်လိုက်သည်။


"နောင်နောင်ရဲ့ ပါရမီက ဘယ်လောက်ကောင်းလဲ မင်းသိလား... အနာဂတ်မှာ သေချာပြုစုပျိုးထောင်ပေးရင် နောင်နောင်က အံ့မခန်းလူတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ မင်းသိလား... ဒါပေမဲ့ နောင်နောင်က သူမရဲ့ ပါရမီကို  ထုတ်ဖော်ပြီး ပြုစုပျိုးထောင်ပေးဖို့ သူမရဲ့အဖေကို လိုအပ်နေတဲအချိန်မှာ မင်းက သူမကိုအော်ဟစ်ဆူပူပြီး စက်ဆုပ်နေခဲ့တယ်လေ..."


ဝမ်ကျန်းရီ အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေခဲ့သည်။ သူ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ သူ ထိုအချက်ကို လက်ခံနိုင်ရန် အချိန်အတော်ကြာ သုံးခဲ့ရသည်။ ထို့နောက် သူ ရုတ်တရက်ကြီး ရယ်မောလာသည်။ သူ၏ အမူအယာက ငိုနေသည်ထက်ပင် ကြည့်ရဆိုးနေသည်။ သူ မျက်နှာကို အုပ်ကိုင်ကာ ရှိုက်ငိုလိုက်တော့သည်။


"ငါသူမအပေါ် မှားယွင်းခဲ့တယ်... ငါက အဖေဖြစ်ဖို့ မထိုက်တန်ပါဘူး....ကံသီပေလို့ သူမက မင်းတို့ မိသားစုနဲ့ တွေ့ခဲ့ပေလို့ပေါ့... ငါ့သမီးလေးကို ကောင်းကောင်းဆက်ဆံပေးလို့ တကယ် ကျေးဇူးတင်ပါတယ်.."


"မင်းရဲ့ ကျေးဇူးတင်မှုကို မလိုအပ်ဘူး... ငါတို့ နောင်နောင်ကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာ သူမကို သဘောကျလို့ပဲ..."


ဝမ်ကျန်းရီ ခေါင်းငြိမ့်ပြလိုက်သည်။


"ဒါပေါ့... ငါသိပါတယ်... မင်းတို့မိသားစုက သူမကို ရိုးရိုးသားသားသဘောကျတာပါ... တကယ်တော့ ငါဒီနေ့လာခဲ့တာ မင်းကိုတောင်းဆိုစရာရှိလို့ပါ.. နောင်နောင် ငါနဲ့မလိုက်လာချင်ဘူးဆိုတာ လူတိုင်းပြောနိုင်ပါတယ်... သူမက မင်းတို့မိသားစုကို အရမ်းသဘောကျနေတာလေ... ပြီးတော့ ငါကလည်း အတင်းအကြပ် ပြန်မခေါ်သွားချင်တော့ ဖြစ်နိုင်မယ်ဆိုရင် မင်းတို့ သူမကို စောင့်ရှောင့်ပေးနိုင်မလား..."


ဤတစ်ကြိမ်တွင် အံ့အားသင့်ရသူမှ ကျိယန်၏ အလှည့်ဖြစ်သည်။ သူ ဝမ်ကျန်းရီ ဤကဲ့သို့ပြန်ပြောလာမည်ဟု လုံးဝမထင်ထားမိခဲ့ပေ။


ဝမ်းကျန်းရီ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။


"လျှိုမိသားစုက လုံးဝပြီးဆုံးသွားပြီ.. လောလောဆယ် လျှိုမိသားစုက ငါ့ကို အရိုးထဲကအထိ မုန်းတီးနေပြီ... လျှိုဇီရွှမ်က ငါနဲ့ နေဖို့ဆန္ဒရှိနေသေးတယ်ဆိုပေမဲ့ နောင်နောင်ကို ဘယ်သောအခါမှ ပြန်လက်ခံမှာ မပါဘူး... နောင်နောင်သာ ငါ့နောက်လိုက်ခဲ့ရင် အရင်ကခပ်ဆိုးတဲ့ ဘဝကို ပိုင်ဆိုင်ရလိမ့်မယ်... ငါ ကလေးမအပေါ် အတော်လေး မှားယွင်းခဲ့ပြီးပြီ ဆက်ပြီးတော့ မမှားယွင်းချင်တော့ဘူး... ဒီတော့ ကျေးဇူးပြုပြီး ငါ့အစားသူ့ကိုစောင့်ရှောင့်ပေးမလား...."


"မင်းပြောတာ သေချာလား...."


ဝမ်ကျန်းရီ လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။


"ဒါ ငါနောင်နောင့်အပေါ် လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပဲ..."


ကျိယန် ရှားရှားပါးပါး ပြုံးမိသွားသည်။ ဤသတင်းက သူ့ကို ပျော်ရွှင်စေသည်။ အနည်းဆုံးတော့ ဝမ်ကျန်းရီက သူမထွက်သွားခင် ကောင်းသည့်အရာတစ်ခု ပြုလုပ်ခဲ့ပေသည်။


ထို့ကြောင့် ကျိယန်က ချက်ချင်းလက်ငင်းပင် သဘောတူလိုက်သည်။


ဝမ်ကျန်းရီ ပြုံးလိုက်သည်။ ကျိယန်မိသားစုက လုံးဝသဘောတူမည်မှန်း သူသိနေသည်။ သူတို့မိသားစုရှိ လူများက စစ်သားများ၏ ရဲရင့်မှုနှင့် တရားမျှတမှုတို့ အရိုးစွဲနေသူများဖြစ်ကြသည်။ 


ကျိယန် အိမ်သို့ မြန်မြန်ပြန်လိုက်ပြီး လူတိုင်း၏ အကြည့်အောက်တွင် သတင်းကောင်းကို ပြောပြလိုက်တော့သည်။ ချက်ချင်းပင် အဖိုးကျိအပါအဝင် လူတိုင်း ပျော်ရွှင်မှုတို့ တောက်လောင်သွားကြတော့သည်။ ကျိရှောင်ကျိုးက အလွန်ပျော်နေပြီး ခုန်ပေါက်ပတ်ပြေးနေရာ ကြမ်းပြင်တွင်ပင် အပေါက်ဖြစ်လုနီးနီး ဖြစ်သွားသည်။


နောင်နောင် သူမ ထွက်မသွားရတော့ဘဲ ယခုမှစ၍ ဤအိမ်တွင် နေရတော့မည်ဟု သိသွားသောအခါ သုံးမိနစ်မျှ ကြောင်တောင်တောင်ဖစ်သွားသည်။ ထို့နောက် ခံစားချက်များ ထုတ်ဖော်ပြသည်မှာ ရှားပါးလှသော သူမသည်ပင် ကျိရှောင်ကျိုးနှင့်အတူ ခုန်ပေါက်သွားလေသည်။


ကလေးများ ခုန်ပေါက်နေသည်ကို မြင်သောအခါ မိသားစု၏ စိတ်ဓာတ်ကျနေသော လေထုက ချက်ချင်းပင် ပျော်ရွှင်မှုတို့ ပြည့်နှက်သွားသည်။


တုံ့ပြန်သည့်အနေဖြင့် ကျိယန်က ရုတ်တရက်ကြီး အဆိုပြုလာသည်။


"ထန်ထန် ကလေးတွေကို အပြင်ခေါ်ပြီး ကစားခိုင်းလိုက်ရအောင်..."


ထန်ထန်နှင့် ကလေးများက သူ့ကို မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လာသည်။


ကျိယန် သူတို့ကို ပိတ်ရက်အဖြစ် တစ်ခါမှ အပြင်ခေါ်မသွားခဲ့ဖူးကြောင်း သတိရသွားသည်။ သူအလွန်အမင်း လိပ်ပြာမသန့်ဖြစ်သွားသည်။


"ကိုယ့်ရဲ့ ဒဏ်ရာတွေက ပျောက်ကင်းလုနီးနီးဖြစ်နေပြီလေ... လုံးဝအရှင်းပျောက်သွားရင် မင်းတို့နဲ့ အချိန်အကြာကြီး ဖြုန်းခွင့်ရှိတော့မှာ မဟုတ်ဘူး... အခု ငါ့မှာအချိန်တွေပေါနေတာဆိုတော့ မင်းတို့အကုန်လုံးကို အပြင်ထွက်ပြီး ကစားဖို့ ခေါ်သွားပေမယ်..."


ကျိရှောင်ကျိုး၏ မျက်လုံးများက ချက်ချင်းတောက်ပသွားသည်။ ကျည်ဆံတစ်တောင့်နှယ် ပြေးထွက်သွားပြီး ကျိယန်၏ ခြေထောက်ကို ဖက်လိုက်လိုက်သည်။


"ဒယ်ဒီ သားတို့ အခုအပြင်ထွက်ပြီး ကစားကြမှာလားဟင်...သားတို့ DisneyLandကို သွားလို့ရမလားဟင်..."


"မင်းတို့ကရောဘယ်လိုလဲ... DisneyLand ကိုသွားချင်ကြရဲ့လား..."


ကျိယန်က ထန်ထန်နှင့် နောင်နောင်ကိုကြည့်၍ မေးလိုက်သည်။


နှစ်ယောက်စလုံးက ချက်ချင်း ခေါင်းငြိမ့်ပြလာသည်။


"သွားချင်တယ်......"


ကျိယန် ပြုံးလိုက်ပြီး ခုံပေါ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။


"ဒါဆိုလဲ... ကိုယ်တို့ Disneyland ကိုကစားဖို့သွားကြမယ်..."


"ယေး...."


ကျိရှောင်ကျိုး ယနေ့တွင် အရူးတစ်ယောက်လို ပျော်မြူးနေသည်။ နောင်နောင်က သူတို့နှင့် နေနိုင်ပြီဖြစ်ရုံသာမက သူ အချိန်အကြာကြီးတောင့်တခဲ့ရတသော DisneyLandကို သွားရပေတော့မည်။ သူ အပျော်လုံးပင်ဆို့သွားသည်။


ကျိရှောင်ကျိုး၏ အပျော်က တစ်မိသားစုလုံးကို ကူးစက်သွားသည်။ အဘိုးကျိကဲ့သို့ လူကြီးပင်လျှင် မျှော်လင့်မိသွားသည်။ သို့သော်သူက ကစားရန် မျှော်လင့်ခြင်းမဟုတ်ပဲ အားလပ်ရတွင် မိသားစုနှင့် အချိန်ဖြုန်းရန် ကြည့်နေခြင်းဖြစ်သည်။


ကျိယန်က ချက်ချင်းပင် အွန်လိုင်းမှ လက်မှတ် ဘိုကင်တင်လိုက်ပြီး ခရီးတစ်ခုလုံးအတွက် အစီအစဉ်ဆွဲနေသည်။ ထန်ထန်က လူတိုင်းအတွက် ခရီးဆောင်အိတ်များ ပြင်ဆင်နေလိုက်သည်။ ကလေးနှစ်ယောက်အတွက် သူတို့၏ လွယ်အိတ်လေးနှစ်လုံးကို ပြင်ဆင်ထုတ်ပိုးရန် လိုအပ်ပေသည်။


မိသားစုက နှစ်ရက်တာအချိန်ဖြုန်းရန် အားအင်အပြည့်ဖြင့် ပြင်ဆင်နေကြသည်။ သူတို့ ထိုနေ့သို့ ရောက်ရန် မျှော်လင့်နေကြတော့သည်။


သို့သော် သူတို့ မထွက်ခွာခင် တစ်ရက်အလိုတွင် ထန်ထန်၏ဖုန်းကို အစောင့်အိမ်ရာမှ ဖုန်းတစ်ကောဝင်လာသည်။ အစောင့်က ထန်ထန်ကို ထန်ဟူသောမျိုးရိုးနာမည်ရှိသည့် လူသုံးဦးလာရှောင်ကြောင်း ပြောပြလိုက်သည်။


ထန်ထန်၏ အမူအယာ ပြောင်းလဲသွားတော့သည်။ သူမ ပထမဆုံးတွေးမိသည်က ထန်မိဖြစ်သည်။ အဆုံးတွင် ထန်မိသားစုမှ ထန်မိကသာ သူမကို လာရှာဖူးသည့် တစ်ဦးတည်းသောလူဖြစ်သည်။

ထန်မိက လက်မလျှော့သေးဘူးလား...


ထန်ထန်၏ အမူအယာကို တွေ့ပြီးနောက် ကျိယန် စိုးရိမ်တကြီးဖြင့် သူမကိုမေးလာသည်။


"ဘာဖြစ်တာလဲ... ဘယ်သူခေါ်တာလဲ..."


ထန်ထန် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

"ထန်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူသုံးယောက် ကျွန်မကို လာရှာတာတဲ့... ကျွန်မကတော့ ထန်မိထင်တာပဲ..."


ကျိယန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ ထန်ထန်လက်ကိုဆွဲ၍ အိမ်တံခါးမှထွက်လိုက်သည်။


"အဆင်ပြေပါတယ်... ကိုယ်ပါလိုက်ခဲ့ပေးမယ်..."


ကျိယန်ပါ သူမနှင့်ပါလာသဖြင့် ထန်ထန် ပိုမိုစိတ်ချလက်ချဖြစ်သွားသည်။ သူတို့ အိမ်ရာ၏ဝင်ပေါက်ကို လျှောက်သွားကြသည်။ ထင်ထားသည့်အတိုင်း ထန်မိပင်ဖြစ်သည်။ ထန်မိ၏ လက်ကို အရပ်ရှည်ရှည် ရုပ်ချောချောလူတစ်ယောက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပေးထားသည်။ ထိုလူက မူလထန်ထန် သဘောကျသော ကျိရှစ်ယွဲ့ဟူသော လူဖြစ်သည်။ သို့သော် ယခုလက်ရှိထန်ထန်က ထိုလူအပေါ် ဘာခံစားချက်မှ မရှိပေ။ သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး တတိယမြောက်လူထံ အကြည့်ရွေ့လိုက်သည်။


ထိုလူက သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်ပြီး သူ၏အသွင်အပြင်က ပိန်ပါးကာ ပညာရှိပုံစံပေါက်နေသည်။ သူ၏ အပြုအမူက ယဉ်ကျေးသိမ်မွေ့လှသည်။ ထိုလူက ဗဟုသုတကြွယ်ဝသော ပါမောက္ခတစ်ဦးနှင့် တူနေလေသည်။ ထိုလူ၏ မျက်နှာသွင်ပြင်က သူမနှင့် ဆင်တူလေသည်။ မမေးပဲနှင့်ပင် ထန်ထန်၏ စိတ်ထဲ၌ထိုလူက မူလထန်ထန်၏ အဖေဖြစ်ကြောင်း ခံစားမိလေသည်။


ဘာလို့သူက လူကိုယ်တိုင် ရောက်လာရတာလဲ... ကျောက်ကပ်အစားထိုးတဲ့ ကိစ္စကြောင့်ပြန်ပဲလား...


ထန်ထန်၏ နှလုံးသားလေး တင်းကြပ်သွားသည်။ ကျိယန်က သူမ၏ ခံစားချက်ကို သတိပြုမိဟန်ဖြင့် သူမလက်ကို အသာဖျစ်ညှစ်ကာ အဆင်ပြေကြောင်း နှစ်သိမ့်ပေးလေသည်။


ကျိယန် ထန်ထန်အစားပြောလိုက်သည်။

"ခင်ဗျားတို့ ဘာလို့ရောက်လာတာလဲ..."


အဖေထန်၏ အကြည့်ကာ ကျိယန်၏ မျက်နှာထံရောက်ပြီးမှ ထန်ထန်ကိုကြည့်လိုက်သည်။ သူ ထန်ထန်၏ မျက်နှာအသွင်အပြင်ကို မြင်သောအခါ သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားသည်။ သူ့ရှေ့တွင်ရှိသော ထန်ထန်က သူမှတ်မိသည့် စက်ဆုပ်ရွံရှာစရာသမီးတစ်ယောက်နှင့် လုံးဝ မတူညီတော့ပေ။


သူ့ရှေ့တွင်ရှိနေသော အမျိုးသမီးက ကျန်းမာ၊ သိမ်မွေ့ပြီး အေးချမ်းငြိမ်သက်သော အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမက မက်မွန်ပွင့်လေးတစ်ပွင့်နှယ် လှပလှပေသည်။ သူ့မှတ်ဉာဏ်ထဲရှိ ထန်ထန်ကို ဖော်ပြရန်စကားလုံးများက သူ့ရှေ့ရှိ အမျိုးသမီးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။ ၎င်းက သူ့ကို သူ့ရှေ့ရှိလူက သူ၏သမီးထန်ထန်ဟုတ်ပါရဲ့လားဟု မေးခွန်းထုတ်မိသွားစေသည်။ သို့သော် သူထိုသည်ကို လက်ခံလိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမက သူနှင့် အတော်လေး ဆင်တူနေ၍ဖြစ်သည်။


ဘယ်အချိန်တုန်းကများ ထန်ထန် ဒီလိုပုံဖြစ်သွားရတာလဲ..


ထန်မိနှင့် အဖေထန်နောက်တွင်ရပ်နေသော ကျိရှစ်ယွဲ့တို့ပင် ထန်ထန်ကိုတွေ့သောအခါ အံ့ဩသွားရသည်။ သူတို့၏ အတွေးများကလည်း သူနှင့်တူပေသည်။


သူတို့ စကားပြောမလာသည်ကို မြင်၍ ကျိယန်၏ အသံကချက်ချင်း အေးစက်သွားသည်။


"ဘာကိစ္စမှမရှိရင် ခင်ဗျားတို့သုံးယောက်လုံး ထွက်သွားပေးနိုင်မလား.. ကျွန်တော်တို့မှာ လုပ်စရာတွေရှိတယ် ခင်ဗျားတို့ကို ဖျော်ဖြေပေးနေဖို့ အချိန်မရှိဘူး..."


အဖေထန်က ကျိယန်၏ မဖော်ရွေသော အသံကြောင့် စိတ်မကျေမနပ်ဖြစ်သွားသော်လည်း ထန်ထန်ကို ကြည့်၍ ပြောလိုက်သည်။


"ထန်ထန် ငါဘာလို့လာလဲ မင်းသိမယ်ထင်ပါတယ်... မင်းအမေကတော်တော်လေး နေမကောင်းဖြစ်နေတယ်... ကျောက်ကပ်သာ အစားထိုးခွဲစိတ်မှုမရှိရင် သူမ အသက်အန္တရာယ်ရှိနိုင်တယ်... မင်းအမေကို ကူညီပေးနိုင်မလား...."


မူလထန်ထန်သာ ရှိနေသေးလျှင်လည်း လုံးဝသဘောတူမည်မဟုတ်ပေ။ ထန်ထန် နှုတ်ခမ်းများ တွန့်ချိုးသွားပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။


"ကျွန်မ အကြိမ်ပေါင်းများစွာ ပြောပြပြီးပြီးထင်တယ်... ကျွန်မတို့ကြားထဲမှာ ဆက်နွယ်ချက်လုံးဝမရှိတော့ဘူးဆိုတော့... ရှင်တို့ရဲ့ ကိစ္စတွေက ကျွန်မနဲ့ လုံးဝမဆိုင်ဘူးလေ..."


အဖေထန် သက်ပြင်းချလိုက်သည်။


"ထန်ထန် မင်းငါတို့ကို အပြစ်တင်နေမယ်ဆိုတာသိပါတယ်... ငါတို့မှာလဲ ပြောစရာမရှိတော့ပါဘူး... ဒါပေမဲ့ မင်းအမေကိုကယ်ပေးဖို့ ဒီတစ်ခုလေးပဲ တောင်းဆိုချင်တာပါ... ပိုက်ဆံဘယ်လောက်လိုချင်လဲပြော... ငါမင်းကို ပေးပါ့မယ်...."


ရုတ်တရက် ထန်ထန် မူလထန်ထန်အတွက် ဝမ်းနည်းသွားရသည်။

သူတို့ရဲ့ စိတ်ထဲမှာ သူမက ဘယ်လိုနေရာမှာရှိနေတာလဲ... ပိုက်ဆံအတွက် လူတစ်ယောက်ကို ကယ်ပေးမဲ့လူလား...

ကံကောင်းစွာဖြင့် သူမက မူလထန်ထန်မဟုတ်ပေ။ ထို့ကြောင့် ထိုစကားလုံးများကြောင့် မနာကျင်ရပေ။


"မစ္စတာထန် ကျွန်မပိုက်ဆံမလိုအပ်ဘူး... ကျွန်မ ပိုက်ဆံလိုရင် ကျွန်မယောက်ျားကပေးလိမ့်မယ်... အခြားလူတွေ လာပေးတာ မလိုဘူး.. ပြီးတော့ လောလောဆယ် ကျွန်မမှာ လိုအပ်နေတာ ဘာမှမရှိဘူး... ကျွန်မ ကောင်းကောင်းကြီးကို အသက်ရှင်နေတာမလို့ ကျွန်မကို လာမနှောင့်ယှက်ကြပါနဲ့တော့..."


သူတို့သုံးယောက်လုံး၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားသည်။ ထန်ထန်ကို စိတ်မကျေနပ်မှု စက်ဆုပ်မှုတို့ဖြင့် ကြည့်နေပြီး အဖေထန်တစ်ခုခုပြောခါနီးတွင် ထန်မိက ပထမဆုံးပြောလာသည်။