အပိုင်း (၇၈-၂)
Viewers 12k

Part 78.2


"နင်ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ... သူကနင့်ရဲ့ အမေအရင်းပါ... နင်တစ်ယောက်တည်းကပဲ သူမကိုကယ်နိုင်မှာ... ဒါပေမဲ့ နင်က ရိုင်းရိုင်းစိုင်းစိုင်းကိုငြင်းလွှတ်နေတယ်...နင့်မှာ အသိစိတ်ဆိုတာမရှိဘူးလား..."


ထန်ထန် ပြန်ပြောခါနီးတွင် ကျိယန်က သူမ၏လက်ကိုဆွဲလိုက်ကာ ဝင်ပြောလေသည်။


"မစ်ထန်... ကျွန်တော့်မိန်းမရဲ့ကျောက်ကပ်က အန်တီထန်နဲ့ မကိုက်ညီပါဘူး... အရာအားလုံးက ခင်ဗျားရဲ့ ခန့်မှန်းချက်တွေချည်းပါပဲ... ကျေးဇူးပြုပြီး သေချာစစ်ဆေးပြီးမှပြောပါ..."


ထန်မိ ကျိယန် ပြောသည်ကို မငြင်းနိုင်သော်လည်း သူပြောသည့် ဒုတိယအချက်ကိုမူ ပြန်ငြင်းနိုင်ပေသည်။ သူမချက်ချင်း ပြန်ပြောလိုက်သည်။


"ထန်ထန်ရဲ့ ကျောက်ကပ်က ကျွန်မအမေရဲ့ ကျောက်ကပ်နဲ့ ကိုက်ညီတယ်... အစားထိုးခွဲစိတ်လို့ရတာ သေချာတယ်...."


ကျိယန်၏ မျက်လုံးများ ချက်ချင်းတောက်ပသွားကာ ထန်မိကို နီးနီးကပ်ကပ်စစ်ဆေးလိုက်သည်။


"မစ်ထန်... ကျွန်တော့်မိန်းမက ဆေးရုံကို ကိုက်ညီမညီသွားမစစ်ခဲ့ဖူးဘူးနော်... ခင်ဗျားဘာလို့ အဲ့လောက်သေချာနေရတာလဲ...."


ထိုအချိန်တွင် ထန်မိ ဘာကိုမှဂရုမစိုက်နိုင်တော့ပဲ သူမ၏အိတ်ထဲမှ ဆေးစစ်ချက်စာတမ်းများကိုထုတ်ကာ အားလုံးကိုပြလိုက်သည်။


"ဒါထန်ထန်ရဲ့ ဆေးစစ်ချက်ပဲ... ဒီထဲမှာ ထန်ထန်နဲ့ ကျွန်မအမေရဲ့ကျောက်ကပ်က လုံးဝကိုက်ညီနေတယ်လို့ပါတယ်...သူမ အစားထိုးခွဲစိတ်မှုလုပ်ပေးနိုင်တယ်..."


ထိုဆေးစစ်ချက်တွင် ထန်ထန်၏ အချက်အလက်များပါဝင်နေသည်။ ၎င်းက အမှန်တကယ်ကို ထန်ထန်၏ ဆေးစစ်ချက်စာတမ်းများဖြစ်သည်။


ထန်ထန် အံ့ဩသွားသည်။ သူမ ကိုက်ညီချက်စစ်ဆေးရန် ဆေးရုံမသွားခဲ့ဖူးပေ။

ဒီစာတမ်းတွေက ဘယ်ကနေရောက်လာတာလဲ...


ကျိယန် ထန်မိလက်ထဲရှိ စာရွက်စာတမ်းများကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မီးတောက်တို့ တောက်လောင်လာပြီး တစ်လုံးချင်းပြောလိုက်သည်။


"ခင်ဗျား... ဒီစာရွက်စာတမ်းတွေ ဘယ်ကရတာလဲ..."


ကျိယန်၏ အကြည့်ကြောင့် ထန်မိ၏ နှလုံးသားတင်းကြပ်သွားသည်။ သူမ ထိုစာရွက်စာတမ်းများကို တင်းတင်းကိုင်ထားပြီး စိတ်လှုပ်တရှားပြောလာသည်။


"ကျွန်မလည်း ဒါတွေ ဘယ်ကလာလဲမသိဘူး... မနေ့ကမနက်ကမှ ကျွန်မတို့အိမ်က စာတိုက်ပုံးထဲရောက်နေတာ..."


ထန်မိ အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သူမတို့အိမ်၏ စာတိုက်ပုံးထဲသို့ မည်သူထည်းသွားလဲ မသိသော်လည်း ၎င်းက သူမအတွက် အရေးမကြီးပေ။ စာထဲတွင် ပါဝင်သည့်အရာများက ထန်မိသားစုအတွက် အရေးအကြီးဆုံးအရာများဖြစ်နေသည်။ ထန်မိသားစုအတွက် ဤစာတမ်းက အချိန်ကိုက်ရောက်လာခြင်းမျိုးဖြစ်ပြီး တွေ့ပြီးသည်နှင့် ထန်ထန်ဆီချက်ချင်း ပြေးလာခဲ့ခြင်းဖြစ်သည်။


ထန်ထန် ကျိယန်ကို အံ့အားတကြီးကြည့်လိုက်သည်။ 


"ယောက်ျား... ကျွန်မ စစ်ဆေးကြည့်ဖို့ ဆေးရုံကိုတစ်ခါမှ မသွားခဲ့ဖူးပါဘူး... ဒါဘယ်ကနေ ရောက်လာတာလဲ...."


ကျိယန်လည်း မရှင်းမလင်းဖြစ်နေသည်။ သူသေချာကြည့်လိုက်သောအခါ စာရွက်များပေါ်တွင် ဆေးရုံတံဆိပ်မပါပေ။ ၎င်းက လျှို့ဝှက်စွာပြုလုပ်ခဲ့ကြောင်း ပြနေသည်။ ဤသည်ကို ကိစ္စနှစ်ခုဖြင့်သာ ရှင်းပြနိုင်ပေသည်။ ပထမတစ်ခုက ဤဆေးစစ်ချက်က အတုဖြစ်သည်။ ဒုတိယတစ်ခုက ဤဆေးစစ်ချက်က ထန်ထန် အသိမရှိချိန်တွင် လုပ်ခဲ့ခြင်းဖြစ်သည်။


အခြေအနေအရ သုံးသပ်ကြည့်မည်ဆိုလျှင် ဒုတိယတစ်ခု ဖြစ်နိုင်ချေအများဆုံးဟု ကျိယန်ထင်နေမိသည်။ ပထမတစ်ခုသာဖြစ်ပါက ဆေးစစ်ချက်အစစ်အမှန်တစ်ခုက ၎င်းကို သက်သေပြနိုင်သည်။ ထိုသို့ဆိုပါက ဤပြဿနာများကို ဖြေရှင်းရန် မလိုအပ်တော့ပေ။


သို့သော် ဤဆေးစစ်ချက်က မှန်နေသည်ဆိုပါက သူတို့အားလုံး သတိမထားမိချိန် မည်သူက ထန်ထန်ကို ဆေးစစ်ပေးခဲ့သနည်း။