အပိုင်း ၇၆၃-၇၆၄
Viewers 37k

Part 763


လင်းလန်က ခနလောက်နားထောင်ကြည့်ပြီးနောက် ဟောင်ဟုန်ကျန်းကို နှုတ်ဆက်ကာ ရှောင်ဝမ်ကို ခေါ်သွားလိုက်သည်။


ရှောင်ဝမ် :“ မားမား တတိယအကိုက ပြီးခဲ့တဲ့ သောကြာနေ့မှာ အသံမလွင့်လာဘူး။ ဒီနှစ်ရက်လုံး သားအဲ့ဒါကိုစဉ်းစားနေခဲ့တာ ”


လင်းလန် :“ ပြိုင်ပွဲရှိ‌လို့ နေမှာပေါ့၊ အသံလွှင့်ရမှာ အဆင်မပြေဖြစ်နေလို့ နေမယ်”


“ ပြိုင်ပွဲကာလအတွင်းမှာတောင် သူက သားတို့ဆီစာရေးလာသေးတယ်လေ ”


ရှောင်ဝမ်က အနည်းငယ်လက်မခံနိုင်ဆဲဖြစ်သည်။


“ အဆင်ပြေမှာပါ၊ သားရဲ့တတိယအကိုမှာ သူ့ကို ဂရုစိုက်ဖို့ ဆရာ၊ဆရာမတွေနဲ့ သူငယ်ချင်းတွေ ရှိတယ်။ ဘာမှဖြစ်မှာ မဟုတ်ဘူး ”


လင်းလန်က ရှောင်ဝမ်ကိုနှစ်သိမ့်ကာ‌ ကွန်မြူနတီ၌ ဒီနေ့ဖြစ်ခဲ့သည့် ရိုက်နှက်မှုအကြောင်းကို ပြောပြလိုက်သည်။


ထို့နောက် ရှောင်ဝမ်က သူမကို စိုက်ကြည့်လာ၏။


“ မားမားက အရမ်းအံ့ဩဖို့ကောင်းတာဘဲ ”


လင်းလန်က ပျော်ရွှင်စွာပြောလာ၏။


“ သားအဖေကြောင့်မဟုတ်ရင်တောင် မားမားဆီမှာ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးရှိသေးတယ်၊ မားမားက သူနဲ့တစ်ယောက်ချင်းဆီ ရန်မဖြစ်ချင်ပါဘူး၊ အဲ့လိုဆို သူ့ဆီကအရိုက်ခံရမှာမဟုတ်ဘူး ”


ရှောင်ဝမ်က ခေါင်းညိတ်ပြလိုက်၏။


“ သားလည်း တွေးမိပါတယ်။ အနာဂတ်မှာ တကယ်လို့ မားမားဒေါသထွက်လာရင် သားတို့အကိုကြီးကို သွားရိုက်ခိုင်းလိုက်လေ။ သားကြီးလာရင် သားကိုယ်တိုင်လည်း ကူပေးမယ် ”


သူက လက်သီးသေးသေးလေးကို ဆုပ်ပြလာလေသည်။


သူ၏အကိုများနှင့် ယှဉ်လျှင် ရှောင်ဝမ်က သာ၍ နူးညံ့ပြီးလှပ၏။ သူ့လက်သီးဆုပ်လေးက ဖြူဖွေးပြီး နူးအိနေကာ လက်ချောင်းများက သွယ်ဆင်းနေ‌သည်မှာ သူ့ကိုပို၍ချစ်စရာကောင်းသွားစေသည်။


သူက လင်းလန်ကို ကျောင်းတွင်ဘာလေ့လာခဲ့ရသည်ကို ပြောပြကာ အိမ်ပြန်ရောက်လာ၏။


ခြံတံခါးကိုဖွင့်ကာ အထဲဝင်သွားပြီး ကြက်၊ဘဲတို့ကို အစာကျွေးလိုက်၏။ထို့နောက် ဟင်းရွက်ခြံသို့သွားကာ အရွက်သွားခူးလိုက်ပြီး ချက်ပြုတ်ရန် ပြန်လာလိုက်သည်။ ဒီနေ့တွင်မူ ရှောင်ဝမ်က လင်းလန်အား ဟင်းသီးဟင်းရွက်ခြံကိုရှင်းရန် ကူမပေးလာခဲ့ပေ။ ထိုအစား သူက မြစ်ထဲတွင် ရေသွားကူး၏။ 


လင်းလန်နှင့် ဟန်ချင်စုန့်တို့က ဟင်းရွက်ခြံကိုရှင်းလိုက်ပြီးနောက် သူ့ကိုမမြင်သောအခါ အော်လိုက်၏။


“ ရှောင်ဝမ် သားရေအိမ်ပြန်မှာလား ”


ရှောင်ဝမ်က ပြန်ဖြေကာ သူ့အဝတ်များကို မြန်မြန်ပြန်ဝတ်လိုက်သည်။ မြစ်ကြမ်းပြင်မှ သူကောက်လာသော ကျောက်စရစ်ခဲများကို ဟန်ချင်စုန့်မြင်မည်ဆိုးသည့်အတွက် အိတ်ကပ်ထဲထည့်ကာ ပြန်ယူသွားလိုက်သည်။


ဟန်ချင်စုန့်က ရေသွားခပ်သောအခါ ရှောင်ဝမ်က အရင် လင်းလန်ကိုပြောလာ၏။


“ မားမား သားက မားမားအတွက်ချက်ပေးမယ် ”


လင်းလန် :“ ကျေးဇူးပါနော်၊ ကိုကိုလေးရှောင်ဝမ်က အရမ်းဂရုစိုက်တတ်တာဘဲ ”


စန်းဝမ်နှင့်ယှဉ်လျှင် ရှောင်ဝမ်က မီးမွှေးရာ၌ ပိုကျွမ်းကျင်၏။ စန်းဝမ်က အလွန်ကစားတတ်သည်။ သူ့ဆံပင်များမီးကျွမ်းသွားတာဖြစ်ဖြစ်၊ မဟုတ်ပါကလည်း မီးဖိုခုံပေါ်၌ ကြောက်ခြစ်သလိုလိုက်ခြစ်နေလေ့ရှိသည်။ ထိုသို့မဟုတ်ပါက မီးကျွမ်းနေသည့် တုတ်ချောင်းဖြင့် ပုရွက်ဆိတ်များကို လိုက်ထိုးပေလိမ့်မည်။


ချက်ပြုတ်ပြီးသောအခါ လင်းလန်က ဆားရည်စိမ်ယူရန် ခြံဝင်းထဲသို့ သွားလိုက်ရာ တဒုတ်ဒုတ်နှင့် အသံတစ်ခုကိုကြားလိုက်ရ၏။ သူမကမေးလိုက်၏။


“ ရှောင်ဝမ်ရေ သားဘာလုပ်နေတာလဲ ”


ရှောင်ဝမ် :“ ဘာမှမဟုတ်ပါဘူး မားမား၊ သား ကျောက်ခဲတွေနဲ့ ကစားနေတာ ”


ထို့နောက် ကလစ်ခနဲ ပွတ်တိုက်သံထွက်လာ၏။

“ မီးမွှေးလို့ရလား ”


ရှောင်ဝမ်က တခစ်ခစ်ရယ်လိုက်သည်။

“သားအနည်းငယ်တောင်ရှာတွေ့ပြီးသွားပြီ။ ဘယ်တစ်ခုက ရဦးမလဲဆိုတာ နည်းနည်း ထပ်ရှာကြည့်ဦးမယ် ”


လင်းလန် :“ မားမားက မီးမွှေးပေးမယ်၊ ရှာကြည့်ရအောင် ”


ကလေးက တကယ်ကို ကြီးပြင်းလာပြီဖြစ်သည်။ သူမဘက်ကသာ သတိလက်လွတ်နှင့် ကလေးတစ်ယောက်ဟု မှတ်ယူထားသော်လည်း တကယ်တမ်းတွင် သူက မိသားစုကို ဂရုစိုက်နေပြီဖြစ်ကာ တွေးခေါ်နိုင်စွမ်းရှိ၏။


လင်းလန်က ထိုင်ချကာ မီးမွှေးလိုက်၏။ ရှောင်ဝမ်က သူမလည်ပင်းကိုဖက်လာကာ ပါးကိုနမ်းလာ၏။


“ မားမား သားအပြင်သွားမလို့၊ အဖေ့ကို မပြောပြနဲ့နော် ”


လင်းလန်က ပြုံးလိုက်မိသည်။ ဟန်ချင်‌စုန့်ရေခပ်ပြီးပြန်လာသောအခါ ‘အဖေကိုမပြောနဲ့'ဟုဆိုသည်ကို ကြားလိုက်ရသောကြောင့် ရှောင်ဝမ်ကို ကြည့်လိုက်သည်။


ရှောင်ဝမ်က ပြုံးကာ ခြင်းတောင်းလေးကို ယူပြီး ပြေးထွက်သွားလိုက်သည်။


ဟန်ချင်စုန့်က ရေစည်ထဲသို့ ရေလောင်းထည့်လိုက်၏။ သူထွက်လာသောအခါ လင်းလန်ကို တစ်ချက်ကြည့်လိုက်သော်လည်း လင်းလန်ကမူ နှာခေါင်းရှုံ့ပြီး တစ်ဖက်လှည့်သွားလေသည်။


ဟန်ချင်စုန့် :“....”


သူကရေပုံးနှစ်ပုံးကို လက်တစ်ဖက်ထဲဖြင့် ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် သူမမျက်နှာကို ထိလိုက်သည်။


လင်းလန်က သူ့ကိုလျစ်လျူရှုရန် တစ်ဖက် လှည့်လိုက်ချင်သော်လည်း သူက သူမ မေးစေ့ကိုကိုင်ထားကာ ပြန်လှည့်လာစေသည်။


“ ပွင့်ပွင့်လင်းလင်းရှိစမ်းပါ ”


လင်းလန် :“ ဟွန့် ”


သူက အလိုလိုက်ခံရသည့် ကလေးတစ်ယောက်လို ဒေါသထွက်နေသော သူမ၏မျက်လုံးများကိုကြည့်နေလိုက်သည်။ ကြည့်ရသည်မှာ ထင်သလောက်စိတ်မဆိုးတော့ပုံပေါ်၏။ ဟန်ချင်စုန့်က ခေါင်းငုံ့ကာ သူမကိုနမ်းပြီးမှ ရေခပ်ရန်သွားလိုက်သည်။


လင်းလန်က သူ့ကိုခေါ်လာ၏။


“ ရှင် ဟင်းရွက်ခြံကို အရင်ရေလောင်းခဲ့နော်၊ ထမင်းစားရင် ရှင့်ကို လှမ်းခေါ်လိုက်မယ် ”

 

ဟန်ချင်စုန့်က တုံ့ပြန်လိုက်ကာ ဟင်းရွက်ခြံဆီသွားလိုက်သည်။ သူမြစ်ဘေးမှ ဖြတ်သွားလျှင် ဒုတ်ဒုတ်ဟူ သော အသံကို ကြားလိုက်ရ၏။ သူလျှောက်လာသောအခါ ရှောင်ဝမ်က ဖင်ပြောင်လေးဖြင့် ဆောင့်ကြောင့်ထိုင်ကာ ကျောက်တုံးတစ်ချို့ကို ပွတ်တိုက်နေသည်ကို မြင်လိုက်ရ၏။ သူ့လက်ထဲတွင်လည်း ကောက်ရိုးခြောက်အများအပြားရှိနေကာ မီးမွှေးရန် ကြိုးစားနေပုံပေါ်၏။


ဟန်ချင်စုန့် :“.....” သူတစ်စုံတစ်ခုကို နားလည်သွားသလိုပင်။ သူက ဘာမှမပြောဘဲ ရေလောင်းရန် ဟင်းရွက်ခြံများဆီသို့ သွားလိုက်သည်။ 


ရှောင်ဝမ်က အကြိမ်ရာချီလောက် ပွတ်တိုက်‌ နေကာ နောက်ဆုံးတွင် စိတ်တိုင်းကျရသော ကျောက်အပိုင်းအစနှစ် ခုကို ရှာတွေ့သွားသည်။  ၎င်းတို့က ပွတ်တိုက်လိုက်သောအခါ ကောင်းမွန်သောမီးပွား‌ကို ထုတ်လုပ်ပေးလာ၏။ သို့သော် မြက်ခြောက်ကိုမူ မီးကူး၍မရသေးသောအခါ သူကအလောတကြီးဖြစ်လာ၏။


ဤအချိန်တွင် တဝမ်၊အားဝမ်နှင့် မိုင်စွေ့တို့က ကျောင်းမှပြန်ရောက်လာသော်လည်း ရှောင်ဝမ်ကိုမတွေ့သောကြောင့် မားမားကိုမေးကြည့်လိုက်ရာ မြစ်ကမ်းဘေးသို့ သွားသည်ဟု ဆိုလာ၏။ 


မိုင်စွေ့ :“ မောင်လေး ဘာလုပ်နေတာလဲ၊ တဒုတ်ဒုတ်နဲ့ ”


ရှောင်ဝမ်က လက်ညှိုးထောင်ကာ ပါးစပ်နားကပ်ပြလာ၏။

“ ရှူးးးးး အဖေ့ကို မကြားစေနဲ့ ”


သူတို့သုံးယောက်က ရှောင်ဝမ်ဘာလုပ်နေသည်ကို ကြည့်ရန် မြစ်ကမ်းအောက်ဘက်သို့ လာလိုက်သောအခါ ရှောင်ဝမ်က ကျောက်တုံးဖြင့် မီးမွှေးရန်ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။


ရှောင်ဝမ် :“ အဖေက အကိုကြီးကို မီးခြစ်ဆံဘူးယူသွားခွင့်မပြုဘူးလေ၊ အဲ့ဒါသားက အကိုကြီးအတွက် မီးခတ်ကျောက်ရှာပေးနေတာ ”


တဝမ်အနေဖြင့် ဟန်ချင်စုန့်က သူ့ကို မီးခြစ်ဆံနှင့်အစားအစာမရှိသော တောရိုင်းဘဝတွင် ရှင်သန်နိုင်ရန် ‌လေ့ကျင့်ပေးချင်သည်ကို သိသောကြောင့် သူက မကျေမနပ်မဖြစ်မိပေ။ သို့သော် ရှောင်ဝမ်က သူ့ကို ဂရုစိုက်နေသည်ကို မြင်လိုက်ရသောအခါ ရင်ထဲလှုပ်ရှားသွားလေသည်။


သူကဒူးထောက်ကာ ခနလောက်ပွတ်တိုက်ကြည့်လိုက်သည်။


“ ဒါတွေတစ်ခုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ကျောက်တုံးနှစ်ခုက မီးမမွှေးနိုင်ဘူး ”


ရှောင်ဝမ်က စိုးရိမ်တကြီးဖြစ်သွား၏။

“ ဒါဆို ဘယ်လိုလုပ်ကြမလဲ ”


အားဝမ် :“ ငါသိတယ်၊ ငါအရင်တုန်းက မီးတောက်ဓားရှည်ကို သုံးခဲ့ဖူးတယ် ”

(Tn: flaming/fire scythe- ရှာကြည့်တော့ မီးတောက်ဓားလို့ဘဲ ပေါ်လာပါတယ်)


မိုင်စွေ့ :“ သစ်သားကိုပွတ်ပြီးတော့ မီးမွှေးလို့လဲ ရသေးတယ်၊ သစ်သားကိုပူကျစ်လာအောင် နောက်ထပ်သစ်သားစကိုသုံးပြီး ပွတ်တိုက်နေရမှာ ”


ရှောင်ဝမ် :“ စမ်းလုပ်ကြည့်လိုက်ရမလား ”


မိုင်စွေ့ :“ အဲ့ဒါက လက်ဗလာနဲ့ဘဲ ပွတ်ရမှာနော် ”


Xxxxxxx

Part 764


ရှောင်ဝမ် “......ထားလိုက်ပါတော့၊ မီးခတ်ကျောက်နဲ့ သံမဏိက ပိုကောင်းတယ်”

(Tn: ဒီမှာမီးထွက်လာအောင် ကျောက်တုံးအချင်းချင်းပွတ်တာမဟုတ်ပါဘူး၊ မီးခတ်ကျောက်ကို သံမဏိ‌နဲ့ ပွတ်တိုက်ပြီး မီးထွက်လာတာမျိုးပါ )


တဝမ် :“ မီးခတ်ကျောက်နဲ့ သံမဏိဆိုရင် မီးဘုရင်အဆင့်ဒါမှမဟုတ် နုနေမှရမယ်၊ မီးခတ်စက္ကူနဲ့ မီးခတ်ကြိုးရောဘဲ။ အဲ့ဒါက ကျောက်တုံးတွေမပါပဲ လုပ်မှရမယ်”


အားဝမ် :“ ဒါဆိုရင် မီးခတ်တံစဉ်ကို ပေးမယူသွားစေနဲ့၊ တကယ်လို့ မီးခတ်တံစဉ်သာရှိနေရင် မီးခြစ်ဆံဘူးယူသွားရသလိုဘဲ ဖြစ်နေမှာ။ မီးခတ်တံစဉ်ကိုလည်း ယူသွားမှရမယ်”

(Tn: မီးခတ်တံစဉ်-တံစဉ်ပုံစံရှိတဲ့ ကာဗွန်အရေအတွက်မြင့်တဲ့ သံမဏိပါဘဲ၊ အလွန်မာကြောပြီး မီးခတ်ကျောက်နဲ့ ပွတ်တိုက်ရင် မီးထွက်လာမှာပါ)


ဤစကားများကို ကြားသောအခါ ရှောင်ဝမ်က အလွန်စိတ်ပျက်သွားလေသည်။


“ အဲ့ဒါဆိုရင် သားမကူ‌ညီနိုင်တော့ဘူး ”


တဝမ်က သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။


“ အဲ့ဒါကအရမ်းအသုံးဝင်ပါတယ်၊ မင်းက ငါ့ကို မီးခတ်ကျောက်နဲ့ သံမဏိဘယ်လိုရှာရမယ်ဆိုတာကို သင်ပေးခဲ့တာလေ ”


သူက တစ်နှစ်နီးပါးလောက် လျှောက်သွားနေခဲ့ရသောကြောင့် လမ်းကြောင်းကို အတော်လေးရင်းနှီးနေပေသည်။ သစ်ပင်၊ မြစ်၊ ချောင်း၊ တောင်တန်း၊ ကျောက်တုံးများ အစရှိသဖြင့် လမ်းတစ်လျှောက်လုံးကို ရှင်းရှင်းလင်းလင်းသိနေ‌၏။ ပထမအကြိမ်တွင် ခြောက်ရက်လောက်သွားခဲ့ရသော်လည်း ထို့နောက်တွင် ငါးရက်၊လေးရက်သာ ကြာပြီး အခုဆိုလျှင် နှစ်ရက်သာကြာ၏။ အကယ်၍ သူအစာခြောက် မယူသွားရပါက ကိုယ့်ဘာသာ စားစရာရှာရမည်ဖြစ်ကာ မီးကလည်း တောရိုင်းဘဝတွင် ရှင်သန်နိုင်ရန် အရေးကြီး၏။ 


ဒီနေ့တွင် သူထိုအကြောင်းကို တွေးနေခဲ့ကာ အခုရှောင်ဝမ်က သူ့ကိုဉာဏ်အလင်းဖွင့်ပေးလာ၏။ သူ့ရင်ထဲတွင် ရှင်းလင်းသော အကြံတစ်ခုရှိလာပြီဖြစ်သည်။


အားဝမ် :“ အကိုကြီး အချိန်ကုန်သွားမှာဆိုးလို့ အရင်ဆုံးအဲ့ဒါကိုစမ်းကြည့်သင့်တယ်”


တဝမ်က ခေါင်းညိတ်လိုက်သည်။

“ အရင်ဆုံး ညစာပြန်စားကြတာပေါ့ ”


လင်းလန်က ညစာပြင်ထားပြီးပြီဖြစ်ကာ ကလေးများပြန်အလာကို ပြုံးကာစောင့်နေ၏။ ရှောင်ဝမ်က သူမဘေးတွင်ထိုင်ကာ သူတို့နှစ်ယောက်သာသိသည့်ပုံစံဖြင့် မျက်စိမှိတ်ပြလာ၏။ 


ဟန်ချင်စုန့် :“.....”


ညစာစားပြီးနောက် ကလေးများက လင်းလန်ကိုပြောကာ ရှန်ယွီဆီသွားကြ၏။ တောထဲတွင် မီးဘယ်လိုလုပ်ရမည်ကို သူတို့လက်တွေ့စမ်းသပ်ကြမှာဖြစ်သည်။ 


မီးခတ်ကျောက်ဖြစ်စေ၊ သံမဏိ၊ သို့မဟုတ် မီးခတ်ဓားဖြစ်နေပါစေ ဘယ်တစ်ခုက မရှိမဖြစ်လိုအပ်ကာ ဘယ်တစ်ခုကိုမူ တောထဲ၌ ရှာမတွေ့နိုင်ဘူး၊ အစရှိသဖြင့်ဖြစ်သည်။


လင်းလန်က သူတို့ကိုသွားခွင့်ပြုလိုက်ပြီး ကလေးများအပြင်ထွက်သွားပြီးနောက် ဟန်ချင်စုန့်အား ပြုံးကာကြည့်လာ၏။


“  စန်းကော ရှင်ကဘာကိုသင်ချင်တာလဲ၊ ကျွန်မသားကို မိုင်နှစ်ရာခရီးကို အစာခြောက်လည်းမပါ၊ မီးခြစ်လည်းမယူဘဲ လမ်းလျှောက်သွားခိုင်းရတဲ့အထိဆိုတော့။ လမ်းကရောဘယ်မှာလဲ ”


ဟန်ချင်စုန့် :“ သူအန္တာရာယ်ရှိလာရင် ကိုယ်တို့ကသတိပေးနိုင်မှာမဟုတ်ဘူး ”


အခုဒီမှာက အန္တရာယ်မရှိဘူးဆိုတော့ ဒီအတိုင်းစူးစမ်းရှာဖွေပြီး ကိုယ့်ဘာသာကိုယ်သင်ယူနိုင်ပါစေ။


လင်းလန်က သူ့ဘေးတွင်မှီပြီးပြောလာ၏။


“ ဒါဆိုရင်လည်း ကျွန်မကိုသင်ပေးလေ ”


ဒီအတိုင်း သစ်သားနှစ်ခုကို ပွတ်တိုက်ရတာလို့ ပြောမလာနဲ့နော်၊ အဲ့ဒါကို ကျွန်မလည်းသိတယ်။ ဒါပေမယ့် တစ်နေကုန်ပွတ်တိုက်နေရင်တောင်မှ မီးထွက်လာမှာမဟုတ်ဘူးလေ။


ဟန်ချင်စုန့် :“ ကိုယ်မသင်ပေးဘူး ”


လင်းလန်:......ဒေါသထွက်လာပြီ။ ရှင်ကျွန်မကိုဆန့်ကျင်တယ်ပေါ့၊ ကျွန်မက အဆိပ်ရှိတယ်ဆိုတာ သိတယ်မလား။


သူမက ဖြေးညှင်းစွာပြောလိုက်သည်။


“ ကောင်းပြီလေ ကျွန်မတို့မိသားစုရဲ့ ချက်ပြုတ်ရေးကအန္တရာယ်ရှိနေပြီ။ မီးမရှိဘဲ ချက်ပြုတ်လို့မရဘူးလေ ”


ဟန်ချင်စုန့် :“.....”


သူမက ပိုပိုပြီးစကားပြောကောင်းလာကာ သူကမူ ပိုပြီးစကားပြောစရာမဲ့လာရလေသည်။


“ ဒီညကိုယ်မင်းကို သင်ပေးမယ်”

သူပြောလိုက်သည်။


လင်းလန် :“....ကျွန်မကို ညအကြောင်းမပြောနဲ့၊ ဒီနေ့ညကျွန်မက ကျွန်မသမီးနဲ့အတူ အိပ်မှာ ” 


ထို့နောက် သူမလည်းထရပ်ကာ အပြင်ထွက်သွားလိုက်သည်။


ဟန်ချင်စုန့် :“.....” ကိုယ်တကယ်ကို ပြောစရာမရှိတော့ပါလားနော်။


ကလေးများက ရှန်ယွီကိုသွားရှာလိုက်ပြီးနောက် ဟန်ရုံဖန်ဆီ၌ အကြံတောင်းလာကြ၏။ နောက်ဆုံးတွင် သူတို့အတွက် နည်းလမ်းတစ်ခုရှာတွေ့သွားလေသည်။ 


တဝမ်က သေးငယ်သော သံကိရိယာတစ်ခုကိုယူသွားလိုက်သည်။ ၎င်းက ဓား၊ ဂေါ်ပြား သို့မဟုတ် ထိုကဲ့သို့တစ်စုံတစ်ခုဖြစ်ကာ မြေကြီးတူးနိုင်ရုံသာမက မီးမွှေးရန်အတွက်လည်း မီးခတ်ကျောက်နှင့်ခြစ်နိုင်ပေသည်။


မီးခတ်ကျောက်များကို မြစ်နုန်းမြေပေါ်တွင်တွေ့နိုင်၏။ ၎င်းကအရောင်အသွေးစုံလင်ကာ နီညိုရောင်၊ အဖြူ၊ အမည်း၊ အညိုနှင့် အပြာများတောင်ရှိပေသည်။ မီးခတ်ကျောက်နှင့် သံမဏိသည်ပွတ်တိုက်ပါက မီးပွင့်များထုတ်ပေးနေသရွေ့ ခွဲခြားရန် လွယ်ကူ၏။ အခုကာလတွင် လူတစ်ချို့က သူတို့အိမ်တွင် မီးခတ်ဓားများကို သိမ်းထားကြဆဲဖြစ်ကာ မီးခတ်ကျောက်နှင့် သံမဏိကိုလည်း အတူတူပင်ဖြစ်သည်။


ရှန်ယွီ၏ သိပ္ပံပညာအရ ဤဒေသအနီးတစ်ဝိုက်တွင် မီးတောင်သေတစ်ခုရှိသည် ထို့ကြောင့် မီးခတ်ကျောက်နှင့် သံမဏိများကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။ မီးတောင်သေးအနီးတစ်ဝိုက်ရှိ ကျောက်တုံးများသည် ချော်ရည်၏ တိုက်စားမှုကိုခံရကာ မြစ်နုန်းမြေဆီသို့ ပါသွားကြခြင်းဖြစ်သည်။ ဤအကြောင်းကို သိလိုက်ရသောအခါ သူတို့က နောက်တစ်နေ့တွင် မြစ်၏နုန်းမြေသို့သွားကာ သူတို့အကိုကြီးအတွက် မီးခတ်ကျောက်ရှာပေးချင်လာကြသည်။


ထို့အပြင် မီးမွှေးရန်အတွက် သစ်သားများမှ တစ်ဆင့် မီးလောင်လွယ်သော အမျှင်များ မည်သို့လုပ်ရမည်ကိုလည်း သင်ယူခဲ့ရပေသည်။ ကောက်လျန်မှ ပိုနေသည့်အပိုင်းများ၊ ဒေါနပန်းအမွေးများနှင့် လျော်ပင်မှ အမျှင်များပါဝင်၏။ အကယ်၍ ဒုက္ခများလာမည်ကို ရှောင်ချင်ပါက အိမ်မှ ကျောက်မီးသွေးအစများ၊ သို့မဟုတ် အဝတ်စုတ်များကို မီးညှိသွား၍ ရသလို မီးခတ်ကြိုးလုပ်သွားလို့လည်းရ၏။ အသုံးပြုချင်လာသောအခါ မီးခတ်ကျောက်အောက်တွင်ထားလိုက်ပြီး မီးပွားများထွက်လာပါက လောင်ကျွမ်းလာလိမ့်မည်။ ထို့နောက်တွင် မီးမွှေးရန်အတွက် မီးပွားကို သစ်စမျှင်များဆီသို့ ကူးလို့ရပြီဖြစ်သည်။


အကယ်၍ သင့်ဆီတွင် မီးခြစ်ဆံရှိနေလျှင်တောင်မှ ဤနည်းလမ်းကို သင်ယူ၍ရပေသည်။ ဟန်ရုံဖန်၏အမျိုးသမီးက သူမအပြင်သွားသောအခါ မီးခြစ်ဆံတစ်ခုသာ ယူသွားပါက မကောင်းဘူးဟုထင်၏။


ဟန်ရုံဖန် :“ ဒီအဖွားကြီး မင်းကဘာသိလို့လဲ၊  ဒါက မီးဘယ်လိုမွှေးရမလဲဆိုတဲ့ ကိစ္စလေးပဲလို့ထင်လား၊ ဒါက ပစ္စည်းမဲ့လူတန်းစားတော်လှန်ရေးရဲ့ ဆန္ဒအရလေ့ကျင့်ပေးဖို့အတွက်ဘဲ၊ အဲ့ဒီလိုမှသာ သူတို့ကအခက်အခဲတွေကို ရင်ဆိုင်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိမှာ ”


မိန်းမဖြစ်သူက နှာခေါင်းရှုံ့လာ၏။


“ ကျွန်မ ဒါကိုနားမလည်ဘူး၊ ရှင်က ကလေးတွေကို ခံစားရအောင်လုပ်နေတာဘဲ သိတယ်”


ကလေးအားလုံးက ဉာဏ်ထက်ကြကာ လူ‌တွေပြောလာသည်ကိုနားထောင်ပြီး သူတို့က မင်းကဒါလုပ်၊ ငါကဒါလုပ်နှင့် ဘယ်သူက အရင်မီးတောက်အောင်လုပ်နိုင်မည်ကို လက်တွေ့စမ်းသပ်လာကြသည်။ နောက်ဆုံးတွင် သူတို့ကစိတ်နောက်လာကြပြီး ကုန်ကြမ်းပစ္စည်းများကို အလွယ်တကူသိမ်းထားနိုင်ရန် အဆင်ပြေကာ၊ မြန်ဆန်ပြီးလွယ်ကူသော နည်းလမ်းကို ရွေးချယ်လိုက်ကြသည်။ လူတိုင်းက သင်ယူလိုက်ကြ၏။


......


လင်းလန်က ဟန်ချင်စုန့်အား ဒေါသထွက်ယောင်ဆောင်နေသော်လည်း တကယ်တမ်းတွင် သူမက သူ့ကိုထားကာ တစ်ယောက်တည်းထွက်မသွားပေ။ သူမက အိမ်ထဲမဝင်ခင် တံခါးနားမှာဘဲ တဝဲလည်လည် လုပ်နေလိုက်ကာ သူ့ကိုနှာခေါင်းရှူံ့ပြလာ၏။


ဟန်ချင်စုန့်က ပြောစရာစကားမရှိတော့ပေ။ သူတွေးနေသည်မှာ အခုကစပြီး ညဘက်တွေမှာ လင်းလန်က ညှာတာပေးရန်ပြောလာလျှင်တောင်မှ သူစိတ်မပျော့သွားဘူးဟူ၍ဖြစ်သည်။


Xxxxxx