အခန်း(၆၅)အငယ်ဆုံးကူကျစ်ပြန်ရောက်လာပြီ
Viewers 38k

အခန်း (၆၅) - အငယ်ဆုံးကူကျစ် ပြန်ရောက်လာပြီ

 

“မင်း ကြိုက်တာ ချက်” ကျိုးချင်းပိုင်က ပြောလိုက်သည်။


လင်းချင်းဟယ်က ရိုးရိုးရှင်းရှင်းဟင်းလျာတွေကိုပဲ ချက်ပြုတ်လိုက်သည်။ ပေါက်စီတွေကို ပေါင်းပြီး ပင်လယ်ရေညှိအရိုးစွပ်ပြုတ်ကို ပြင်ဆင်သည်။ ပြောစရာမလိုလောက်အောင်ပင် သူမက ညီအစ်ကိုသုံးယောက်ကို အသားလုံး တစ်ယောက်တစ်လုံးစီ ပေးလိုက်သည်။


အဲ့တာ ညစာအတွက်ပဲ။ ရိုးရှင်းပေမယ့် ဗိုက်ပြည့်စေတယ်။


သူမတို့မိသားစုရဲ့ အစားအသောက်က ဒုတိယနေရာမှာလို့ပြောရင် ရွာမှ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပထမနေရာကို ယူဝံ့မှာ မဟုတ်ဘူး။


ကျိုးအိမ်တော်ရဲ့ အငယ်ဆုံး ကူကျစ် ကျိုးရှောင်မိန်သည် ၂၅ရက်နေ့တွင် ဖိနပ်ဖြူတစ်ရံဖြင့် ပြန်ရောက်လာခဲ့သည်။


သူမသည် အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရမည့်အစား လင်းချင်းဟယ်ဆီသို့ အရင်ဆုံး ဝင်လာခဲ့သည်။


သူမသည် ခရိုင်မြို့ပေါ်ရှိ စားသောက်ကုန်စက်ရုံတွင် အလုပ်လုပ်နေသော်လည်း သူမရဲ့ စတုတ္ထအစ်ကို အနားယူလိုက်သည့် သတင်းကို ကြားသိနေရဆဲဖြစ်သည်။


သူမ ပြန်လာချင်နေခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် နှစ်ကုန်ခါနီးဆိုတော့ စက်ရုံက အလုပ်များနေသောကြောင့် သူမ ပြန်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။


ဒ့ါကြောင့် သူမ အားလပ်ရက်ရောက်သည့် အချိန်အထိ သူမကိုယ်သူမ ထိန်းထားရသည်။


“အငယ်ဆုံးကူကျစ် ပြန်လာပြီပဲ၊ ဟေး၊ အဲ့ဖိနပ်လေးတွေက အရမ်းလှတာပဲ။” လင်းချင်းဟယ်သည် သူမကို မြင်လိုက်ရချိန်တွင် သူမခြေထောက်မှ ဖိနပ်တွေက သူမရဲ့အမြင်အာရုံကို ဖမ်းစားသွားပြီး အော်ပြောလိုက်မိသည်။


“ဒါကို ဟိုင်မြို့ကနေ ဝယ်လာပေးဖို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ဆွေမျိုးတစ်ယောက်ကို တောင်းဆိုခဲ့တာလေ။” ကျိုးရှောင်မိန်က ထိုသို့ ပြောရင်း လောင်တတို့ညီအစ်ကိုတွေအား ပထုတ်ရန် လက်တစ်ဆုပ်အပြည့် နို့ချိုချဥ်များကို ပေးလိုက်သည်။ သူမသည် လင်းချင်းဟယ်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။


“ဘာဖြစ်လို့လဲ” လင်းချင်းဟယ်က သူမကို ကြည့်လိုက်သည်။


“စတုတ္ထယောင်းမ ငါ့စတုတ္ထအစ်ကို အနားယူလာတာကို ဒီအတိုင်းပဲ ထားလိုက်တာလား။ နင် ပြဿနာ မရှာခဲ့ဘူးလား။” ကျိုးရှောင်မိန်က တိုးတိုးလေး မေးသည်။


“သူက အနားယူခဲ့ပြီးပြီလေ။ ငါက ဒါကို ပြဿနာရှာတော့ ငါ့အတွက် ဘာအကျိုးရှိမှာလဲ။” လင်းချင်းဟယ်က ရယ်မောကာ စကားဆိုသည်။


ကျိုးရှောင်မိန်က မူလခန္ဓာပိုင်ရှင်ရဲ့ အကောင်းဆုံး သူငယ်ချင်းဆိုတာ သေချာတယ်။ သူမက မူလခန္ဓာပိုင်ရှင်ကို တကယ်နားလည်တယ်။


ကျိုးရှောင်မိန်သည် ခေတ္တမျှ ဇဝေဇဝါဖြစ်သွားသည်။ သူမသည် စတုတ္တယောင်းမကို သံသယအကြည့်ဖြင့် ကြည့်လိုက်မိသည့်အချိန်တွင် စတုတ္ထယောင်းမဖြစ်သူရဲ့ အသားအရေက အရမ်းကောင်းမွန်နေကြောင်းကို သတိပြုမိလိုက်သည်။ သူမက မနေနိုင်ပဲ မေးလိုက်သည်။ “စတုတ္ထယောင်းမ နင် အသားအရေ ထိန်းသိမ်းတဲ့ထုတ်ကုန် ဘယ်အမှတ်တံဆိပ်ကို အသုံးပြုနေတာလဲ။ နင့်အသားအရေက ဖြူဖွေးပြီး ကြည်လင်တောက်ပနေတာပဲ။”

 

ခေါင်းစဥ်က တခြားတစ်ခုကို ပြောင်းသွားခဲ့သည်။


“ထူးထူးခြားခြား အသားအရေ ထိန်းသိမ်းတဲ့ ထုတ်ကုန် မသုံးပါဘူး။ ပုံမှန် သုံးနေကျ စနိုးကိုပဲ သုံးတာလေ။” လင်းချင်းဟယ်က ပြောသည်။


သူမရဲ့နေရာလွတ်တွင် အသားအရေ ထိန်းသိမ်းတဲ့ ထုတ်ကုန် အများအပြား မရှိချေ၊ သူမသည် ထိုပစ္စည်းများကို အခြားသူများနှင့် ဘယ်တော့မှ မျှဝေလိမ့်မည် မဟုတ်ပေ။


“စနိုးက တော်တော်လေး ကောင်းပါတယ်၊ ဒါပေမယ့် သူ့မှာ ဒီလို ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိလို့လား။ နင့်အသားအရေက အရင်ကထက် တော်တော်လေးကို ကောင်းလာတယ်။ နင် ငါ့ကို တမင်တကာ ဖုံးကွယ်ပြီး မပြောပဲထားတာ မဟုတ်လား။” ကျိုးရှောင်မိန်က အတင်းမေးသည်။ ပြီးတော့ သူမက တိုးတိုးလေး ဆက်ပြောသည်။ “ဒီတစ်ခါ ငါ နင့်အတွက် ပစ္စည်းကောင်းလေးတွေ အများကြီး ယူလာခဲ့တယ်။ နင် နင့်အမေအိမ်မှာ သွားကြွားဖို့ လုံလောက်တယ်။”


“နင် ဘာကောင်းတာတွေ ယူလာတာလဲ။ ငါ့ကို ပြစမ်းပါဦး။” လင်းချင်းဟယ်က သူမအိတ်ကို အာရုံစိုက်လိုက်သည်။


“နင် ငါ့ကို နင့်အသားအရေကို ဘယ်လို ထိန်းသိမ်းလဲဆိုတာကို အရင်ပြောပြ။ ဒီဆောင်းတွင်းမှာ နင်က နင်ကိုယ့်နင် ဖြူဖွေးနီမြန်းပြီး မွှေးကြိုင်နေအောင် ထိန်းသိမ်းနိုင်တုန်းပဲ။ နင် ဘာကို သုံးနေတာလဲ။” ကျိုးရှောင်မိန်က ခိုင်ခိုင်မာမာဆိုသည်။


“နင် အရင်ဆုံးပြ မဟုတ်ရင် ငါ အဲ့အကြောင်း ပြောပြမှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြောသည်။


ကျိုးရှောင်မိန်က မကျေမနပ်ဖြင့် အရင်ဆုံး ထုတ်ပြခဲ့သည်။ ဒီတစ်ခေါက်တွင် သူမသည် အစားအသောက်နှင့် သက်ဆိုင်သော ဟင်းချက်ဆီကူပွန်များ၊ တရုတ်ဆီးသီးများ ဝယ်ယူရန်အတွက် လုပ်ငန်းခွဲကူပွန်များ၊ စည်သွပ်ဗူး၊ မှိုနှင့် အခြား အဓိကစားသောက်ကုန်မဟုတ်သည့် စားသောက်ကုန်များအတွက်ကူပွန်များ စသည်ဖြင့် အစားအသောက်ကူပွန်များကို အများအပြား ပြန်လည် ယူဆောင်လာခဲ့သည်။ အထည်ကူပွန်များနှင့် ဝါဂွမ်းကူပွန်များပါ ပါသေးသည်။


“ငါ ဒီအထည်ကူပွန်တွေနဲ့ ဝါဂွမ်းကူပွန်တွေကို အခြားသူတွေနဲ့ လဲလှယ်ခဲ့တယ်။ နင်လိုချင်တာကို ငါသိတယ်လေ။ ဒါ့ကြောင့် နင့်အတွက် ငါ ဒါကို မရ ရအောင် လဲလှယ်လာခဲ့ပေးတာ။” ကျိုးရှောင်မိန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။


“ဒီကူပွန်တွေက တော်တော်လေး အသုံးဝင်တယ်။ နင် အမေ့အတွက် တစ်ချို့တစ်လေ ချန်ထားသေးလား။” လင်းချင်းဟယ်က မေးသည်။


မူလခန္ဓာပိုင်ရှင်က ကျိုးရှောင်မိန် အစားအသောက်စက်ရုံသို့ အလုပ်ဝင်နိုင်စေရန်အတွက် နောက်ဖေးပေါက်ကနေ လက်ဆောင်တွေ ဝယ်ပေးဖို့ မတွန့်မဆုတ် ထောက်ပံ့ပေးခဲ့သည်။ ဒ့ါကြောင့် မူလခန္ဓာပိုင်ရှင်က ကူပွန်များကို ကျိုးရှောင်မိန်ရဲ့ အကူအညီဖြင့် ရရှိနိုင်ခဲ့တာ ဖြစ်သည်။


မဟုတ်ရင် မူလခန္ဓာပိုင်ရှင်က သူမပိုက်ဆံတွေကို ဘာကြောင့် အလဟသ ဖြုန်းတီးလိုက်မှာလဲ၊ ုါက မဖြစ်နိုင်ဘူး။


“ငါ နည်းနည်းတော့ ဖယ်ထားပြီးပြီ။” ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်ပြီး “နင် အခု အဲ့အကြောင်းကို ပြောလို့ရပြီလား။” 


“နင့်ပစ္စည်းတွေကို ငါ အလကား မယူပါဘူး။ ဒါက နင့်ယောင်းမ ငါ ဟိုအရင်က မှောင်ခိုစျေးကို သွားတုန်းက ဝယ်လာခဲ့တာ။ ဒီအတွက် နင့်ရဲ့ ဒီယောင်းမက ပိုက်ဆံ အများကြီး သုံးစွဲခဲ့ရတယ်။ ဒါက မြို့တော်ကနေ လာတာလို့ ငါ ကြားတယ်။ ငါ့မှာ နင့်အတွက် ချန်ထားတဲ့ တစ်ခုတည်းပဲ ရှိတော့တာ။” လင်းချင်းဟယ်က ဗီဒိုဆီသို့ လှမ်းသွားကာ ထုတ်ယူလိုက်ပြီး ကျိုးရှောင်မိန်အား ဆပ်ပြာတစ်တုံး ပေးလိုက်သည်။


ကျိုးရှောင်မိန်ရဲ့ မျက်လုံးတွေက ဒီဆပ်ပြာကို မျက်လုံးကျွတ်လုမတတ် ငေးကြည့်နေခဲ့သည်။ ဒီမွှေးရနံ့က သာမာန်မဟုတ်ဘူး။ ပြီးတော့ ဒါက အရမ်းလှတာပဲ။


“နင် ဒါကို ထုတ်မပြနဲ့။ ငါ့မှာ နင့်ကိုပေးဖို့ ဒီတစ်တုံးပဲ ကျန်တာ။ ဒါကို ငါတို့ဒေသဆီ ခိုးသွင်းလာတာလို့ ငါကြားတယ်။ နင် ဒါကို ထုတ်ဖော်ပြသလို့ တစ်ခုခု မှားယွင်းသွားရင် နင့်အလုပ်ကို ဆုံးရှုံးသွားတာမျိုး တစ်ခုခု ဖြစ်သွားနိုင်တယ်၊ အဲ့ကျရင် ကျေးဇူးပြုပြီး ငါ့ကို မှားယွင်းအပြစ်မတင်နဲ့။” လင်းချင်းဟယ်က သတိပေးပြောကြားခဲ့သည်။


“ဒီလိုပစ္စည်းကောင်းမျိုးက ငါသုံးဖို့အတွက် ငါဖွက်ထားလိုက်မယ်။” ကျိုးရှောင်မိန်က ချက်ချင်း ကတိပြုလိုက်သည်။


သူမ ဒီဆပ်ပြာကို အသုံးပြုပြီး ရေချိုးလိုက်တာနဲ့ မွှေးကြိုင်သွားလိမ့်မယ်။ လူတွေကို မနာလိုဖြစ်အောင် ဒါကို ဖော်ထုတ်ပြောပြနေစရာ မလိုအပ်ဘူး။ အကယ်၍ ဒါကို သူတို့က လိုချင်ပြီး သူမက ဒါကို မပေးနိုင်တဲ့အခါကျရင် သူမကို အမုန်းပွားကြလိမ့်မယ်။


ကျိုးရှောင်မိန်သည် စက်ရုံမှာ အလုပ်ဝင်ပြီးနောက် အသိပညာ အနည်းငယ် ရရှိခဲ့သောကြောင့် ဒီအရာကို တွေးမိသည်။

 

လင်းချင်းဟယ်၏ အသိစိတ်သည် ဒီကူပွန်များကို ဆပ်ပြာဖြင့် လဲလှယ်လိုက်ခြင်းအတွက် သက်တောင့်သက်သာ ရှိခဲ့သည်။ အဆုံး၌ သူမက ဒါတွေကို အလကား ယူခဲ့တာ မဟုတ်ဘူး။ ထို့အပြင် သူမက ထပ်ပေါင်းပြောဆိုလိုက်သေးသည်။ “အနာဂတ်မှာ နင် နင့်စတုတ္ထအစ်ကိုရဲ့ မကောင်းကြောင်းကို ထပ်မပြောရဘူး။ ငါ သူနဲ့ အေးအေးချမ်းချမ်း နေဖို့ ဆုံးဖြတ်ထားတယ်။”


ကျိုးရှောင်မိန် နှုတ်ခမ်းစူသွားခဲ့သည်။ “ဘယ်သူက ဘာပြောနေလို့လဲ။ အရင်တုန်းက နင်ပဲ ဒါကို ပြောခဲ့တာ မဟုတ်ဘူးလား။ ငါက နင့်ကို စာနာလို့ ပြောမိတာပါ။”


“အဲ့တာက ဘာကို စာနာတယ်လို့ ပြောတာလဲ။ နင့်စတုတ္ထအစ်ကိုက ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်။” လင်းချင်းဟယ်က သူမကို စိုက်ကြည့်လိုက်သည်။


ကျိုးရှောင်မိန်က ပြောသည်။ “နင် နင်ကိုယ်နင် ဘယ်လို ထိန်းသိမ်းစောင့်ရှောက်လဲဆိုတာကို အခုထိ မပြောရသေးဘူး။”


“နင် တကယ် သိချင်နေတာလား။” လင်းချင်းဟယ်က သူမမျက်ခုံးကိုပင့်ရင်း စကားဆိုသည်။


ကျိုးရှောင်မိန်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ သူမရဲ့ စတုတ္ထယောင်းမရဲ့ အသွင်အပြင်ဟာ မြို့ပေါ်ရှိ နာမည်ကြီး အမျိုးသမီးများထက် ပိုမိုစွဲမက်ဖွယ်ကောင်းလှသည်။ တကယ့်ကို ဆီရင် (ပင်လယ်ရေနက်တွင် သင်္ဘောသားများကို အသံဖြင့် ဆွဲဆောင်ကာ ဖမ်းစားတတ်သည့် ရေနတ်ဆိုး၊ တချို့တွေက ရေသူမလို့ ညွှန်းဆိုကြတယ်) နှင့် တူသည်။


သူမသည်လည်း ဆီရင် ဖြစ်ချင်မိသည်။ 


လင်းချင်းဟယ်သည် သူမအနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “နင် အသားအရေ ကောင်းချင်ရင် နင့်ကို အစိုဓာတ် ထိန်းသိမ်းပေးနိုင်မယ့် အမျိုးသားကို ရှာသင့်တယ်။”


ထိုစကားတွေက ကျိုးရှောင်မိန်ရဲ့ မျက်နှာအား ပူနွေးသွားစေခဲ့သည်။ “ငါ သေချင်တယ်၊ ငါ သေချင်တယ်။” ထို့နောက် သူမသည် သူမအိတ်ကို ကောက်ကိုင်ကာ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ လင်းချင်းဟယ်က ရယ်မောလိုက်မိသည်။ “မှတ်ထားနော်။ နင့်မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထား။ နင် ရှာတွေ့တဲ့အချိန်ကျရင် နင့်အတွက် သူ့ကို စစ်ဆေးကြည့်ရှုပေးဖို့ နင့်ရဲ့ ဒီစတုတ္ထယောင်းမကို အမှတ်ရလိုက်ပါ။”


ကျိုးရှောင်မိန်သည် ထွက်ပြေးသွားသလိုမျိုး ထွက်ခွာသွားခဲ့သည်။


ကျိုးချင်းပိုင်သည် ထိုအချိန်တွင် အိမ်ပြန်ရောက်လာသည်။ ကျိုးရှောင်မိန်က သူမခြေထောက်ကို ‌ဆောင့်ကာ ငိုကြွေးလိုက်သည်။ “စတုတ္ထအစ်ကို နင် နင့်ဇနီးကို ထိန်းချုပ်ဖို့ လိုအပ်နေပြီ” အဲ့တာက သေလောက်အောာင် ရှက်ဖို့ကောင်းတယ်။


ဒီလိုဆိုပြီး သူမ ထွက်ပြေးသွားခဲ့သည်။


ကျိုးချင်းပိုင် ဝေခွဲမရဖြစ်သွားသည်။ သူ အခန်းထဲသို့ ဝင်လာတော့ သူ့ဇနီးက စနောက်ကျီစယ်ဟန် ခပ်ဖျော့ဖျော့အပြုံးလေး ပြုံးနေတာကို တွေ့လိုက်ရသည်။ သူမ ကြည့်ရတာ စိတ်အခြေအနေ ကောင်းမွန်နေပုံရသည်။


“အဖေ မင်း ချိုချဥ်စားချင်လား။ အငယ်ဆုံးကူကူး ပေးသွားတာ။” လောင်တက ပြောသည်။ T/N: ကူကျစ်= ခင်ပွန်းရဲ့ ညီမ၊ ကူကူး= ဖခင်ရဲ့ ညီမ)


သူပြောပြီးတာနဲ့ လင်းချင်းဟယ်က လှမ်းပြောလိုက်သည်။ “အသိဥာဏ်ရှိရှိ မြန်မြန်သွက်သွက်လုပ်”


အခု ကျိုးရှောင်မိန် သူတို့ကို ပေးလိုက်တဲ့ ယုန်ဖြူချိုချဥ်တွေက အများကြီးပဲ။ သူတို့စားတာများရင် သွားတွေ ယိုယွင်းပျက်စီးလာလိမ့်မယ်။


“အမေ ဒါက အငယ်ဆုံးကူကူးက သားတို့စားဖို့အတွက် ပေးခဲ့တာလေ။” လောင်တက သူမ ဘာကိုဆိုလိုတာမှန်းကို သိပြီး ချက်ချင်း ထောက်ပြပြောဆိုလိုက်သည်။


“အငယ်ဆုံးကူကူးက ဒါကို ပေးခဲ့တာ။” လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။


လောင်စန်းက သူ့ပါးစပ်ထဲမှာ တစ်ခုရှိတယ်။ ဒီကောင်လေးက ချိုချဥ်စားရတာကို အရမ်းကြိုက်ပြီး သူလေးက အရမ်းငယ်သေးပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ပေ။ သူက ပါးစပ်ထဲမှာ ချိုချဥ်တစ်လုံးရှိပြီး နောက်တစ်လုံးကို အခွံခွာကာ သူ့ပါးစပ်ထဲထည့်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။

 

လင်းချင်းဟယ်က အဲ့တာကို ဖြတ်လုလိုက်ပြီး ကျိုးချင်းပိုင်ရဲ့ ပါးစပ်ထဲကို ထည့်လိုက်သည်။


ကျိုးချင်းပိုင်: “...”


လင်းချင်းဟယ်က ကလေးတွေကို လှည့်ကြည့်ပြီး အပြတ်ပြောလိုက်သည်။ “မင်းတို့လက်ထဲမှာ ချိုချဥ်နှစ်လုံးကျော် ရှိကြတာပဲ။ ငါ့ကို တစ်ယောက်လျှင် ချိုချဥ်နှစ်လုံးစီပေးကြ။”


သူတို့ မကျေနပ်ကြပေမယ့် လောင်တက ချိုချဥ်နှစ်လုံးကို စွန့်လွှတ်လိုက်သည်။ လောင်အာ့က ဖွင့်ဟပြောဆိုသည်။ “အစ်ကိုကြီးက အများကြီးရတယ်။ သားမှာ သုံးလုံးပဲ ရှိတယ်။”


“သုံး” လောင်စန်းက သူ့ခေါင်းပေါ်ကဆံပင်လေး လှုပ်စိလှုပ်စိ ဖြစ်သွားသည့်အထိ ခေါင်းညိတ်ပြသည်။


“ဒါဆို မင်းက ချိုချဥ်နှစ်လုံး မင်းတို့ကျ တစ်ယောက်ကို ချိုချဥ်နှစ်လုံးစီ ထပ်ပေးကြ။” လို့ လင်းချင်းဟယ်က ပြောလိုက်သည်။


လောင်တ၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်သွားသော်လည်း အဲ့တာက အသုံးမဝင်ပါ။ လင်းချင်းဟယ်က သူတို့ဆီမှ နောက်ထပ် ချိုချဥ်လေးလုံး သိမ်းလိုက်သည်။


လောင်အာ့က သူ့ညီငယ်လေးအတွက် ရပ်တည်ပေးလိုက်သည်။ “အငယ်ဆုံးလေးက သူ့ပါးစပ်ထဲမှာ တစ်လုံးပဲ စားရသေးတယ်၊ သူ့ချိုချဥ်တစ်လုံးကို အဖေ့စားလိုက်တယ်လေ။”


“မနက်ဖြန်ကျရင် မင်းညီငယ်လေးရဲ့ ဝေစုကို ပေးမယ်။ အခုကတော့ ငါ သူ့အတွက် ဒါကို ထိန်းသိမ်းပေးထားရလိမ့်မယ်။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


သူမသည် ဒီညီအစ်ကိုတွေ ယုန်ဖြူသကြားလုံး အနည်းငယ်ခန့် စားသုံးတာကို မတားမြစ်ပါ။ ဒါပေမယ့် သူတို့ အများကြီး စားလို့မရဘူး။