အခန်း(၆၆)လက်တွဲဖော်ရှာတွေ့ပြီလား
Viewers 43k

အခန်း (၆၆) - လက်တွဲဖော် ရှာတွေ့ပြီလား


ယခု လေထုထဲတွင် နှစ်သစ်ရဲ့ အငွေ့အသက်များကို ခံစားနေရသည်။ မိသားစုတိုင်းသည် ပျော်ရွှင်မြူးထူးသံများဖြင့် ပြည့်နှက်နေကြသည်။ ကလေးများကလည်း အလွန်အမင်း ရွှင်မြူးနေကြသည်။ 


လင်းချင်းဟယ်သည် လောင်တနှင့် လောင်အာ့တို့ကို မတားဘဲ အပြင်ထွက်ကစားခွင့် ပေးလိုက်သည်။ ဒါပေမယ့် အပြင်မထွက်ခင်မှာ နွေးထွေးသည့်အဝတ်များကို ဝတ်ဆင်စေသည်။ 


မီးရှုးမီးပန်းများဖြင့် ကစားခြင်းကို သူမ မတားမြစ်ခဲ့သော်လည်း တပါးသူ၏ ပိုင်ဆိုင်မှုများကို မဖျက်ဆီးရန် တားမြစ်ပြောဆိုခဲ့သည်။ 


သူမသည် သူတို့ညီအစ်ကိုများကို ကြည့်ရှုစောင့်ရှောက်ရန် ဖေးယင်းအား အနောက်က လိုက်ပါသွားစေသည်။ လောင်စန်းကိုတော့ ထားလိုက်ပါတော့။ သူက ဒီအရွယ်ပဲရှိသေးတယ်… သူက အိမ်မှာပဲ သူမနဲ့အတူ နေရမည်။ 


ကျိုးရှောင်မိန်က သူတို့၏အိမ်သို့ မကြာခဏ လာရောက်လည်ပတ်သူ ဖြစ်သည်။ သူမသည် နေ့တိုင်း ရောက်လာပြီး ထမင်းကိုလည်း ဒီမှာပဲ စားသည်။ 


ထုံးစံအတိုင်း လင်းချင်းဟယ်သည် သူမကို အမြတ်ထုတ်ချင်သည်။ သူမအတွက် စားစရိတ်များကို ပေးရမည် ဒါမှမဟုတ် ကျိုးအိမ်မှာ ပြန်သွားစားရမည်။ 


" စတုတ္ထမရီး… ဒီတစ်ခေါက် ပြန်လာတုန်းမှာ အကြောင်းတစ်ခုခုကြောင့် အစ်မ အများကြီး ပြောင်းလဲသွားတယ်လို့ ခံစားရတယ် " ကျိုးရှောင်မိန်သည် စားစရာအတွက် နှစ်ယွမ်ကို အမှန်တကယ်ပင် ပေးလိုက်ပြီး မှတ်ချက်ချသည်။ 


လင်းချင်းဟယ်က တခစ်ခစ် ရယ်လိုက်ပြီး " ဘယ်လိုနေရာမှာ ပြောင်းလဲသွားလို့လဲ " 

သူမသည် ငွေကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သည်။ ဒါကို လက်ခံရမယ်။ ကျိုးရှောင်မိန်၏ စားချင်စိတ်က အတော်ကြီးပြီး အလုပ်သမားတွေမှာ ပုံသေဝင်ငွေ ရှိသည်။ သူမမိသားစုတွင် အိမ်နောက်ဖေး၌ ဝက်နှစ်ကောင် ရှိပြီး ကျိုးချင်းပိုင် တစ်ယောက်တည်းရဲ့ လုပ်သားအင်အားသာ ရှိသည်။ ကျိုးရှောင်မိန်ကို ယဉ်ကျေးပျူငှာသလို မလုပ်နိုင်ဘူး။ 


" အရင်တုန်းကတော့ အစ်မက ယောက်ျားနဲ့ ကလေးတွေအနားမှာပဲ မနေ,နေဘူးလေ" ကျိုးရှောင်မိန်က ထောက်ပြသည်။ 


အခုတော့ သူမရဲ့ စတုတ္ထမရီးက တစ်နေ့လုံး ဘာတွေလုပ်နေလဲ ကြည့်လိုက်ပါဦး။ တစ်နေ့ ထမင်းသုံးနပ်ကို စီမံခန့်ခွဲနေပြီး အပြင်ထွက်ဖို့ အချိန်မရှိဘူး။ အရင်က ဒီလိုမျိုး မဟုတ်ဘူး။ အရင်ကနဲ့ မတူတဲ့ လူတစ်ယောက် ဖြစ်လာတာ မဟုတ်ဘူးလား။ 


" ဒီအတောအတွင်းမှာ ငါ ဘာတွေ ကြုံခဲ့ရတယ်ဆိုတာ မင်း သိမှာမဟုတ်ပါဘူး " လင်းချင်းဟယ်က သက်ပြင်းချပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ 


" ဘာဖြစ်တာလဲ " ကျိုးရှောင်မိန်က ချက်ချင်းပင် စိတ်ဝင်တစားဖြင့် အသက်ဝင်လှုပ်ရှားလာသည်။ 


" ငါ ငါ့မိဘမိသားစုနဲ့ အဆက်ဖြတ်လိုက်ပြီ။ ဒီနှစ် နှစ်သစ်မှာ ပြန်သွားဖို့ မစီစဉ်ထားဘူး " လင်းချင်းဟယ်က ပြောသည်။ 


" ဘာဖြစ်သွားလို့လဲ " ကျိုးရှောင်မိန်က အံ့အားသင့် ထိတ်လန့်သွားသည်။ 


" သူတို့တွေက မျက်လုံးဖြူ ဝံပုလွေတွေဆိုတာ မင်း သိလား။ မင်းရဲ့ စတုတ္ထအစ်ကိုနဲ့ ငါ ထပ်ပြီး မရှင်သန်နိုင်တော့လို့ အရင်ဆုံး ပိုက်ဆံတစ်ချို့ သွားချေးဖို့ ပြန်သွားခဲ့တာ။ ဒါပေမယ့် သူတို့တွေ ဘာပြောလဲ မင်း သိလား " လင်းချင်းဟယ်က မဲ့မဲ့ရွဲ့ရွဲ့ ပြုံးလိုက်သည်။ 


မလိုအပ်တာတွေ မပါဘဲ ဖြစ်ပျက်သမျှကို ပြန်ပြောလိုက်သည်။ ကျိုးရှောင်မိန်သည် သူမ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်ပြီး ဒေါသတကြီးဖြင့် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ " စတုတ္ထမရီး… အစ်မက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်။ ကောင်းတဲ့အရာ တစ်ခုခု ရလာရင် သူတို့ကို အစ်မ အမြဲသတိရတယ်။ ပြီးတော့ သူတို့တွေ အစ်မအပေါ် ဘယ်လိုပြုမှုလိုက်ကြတာလဲ " 


" အဲဒါကြောင့် ငါ သဘောပေါက်သွားတယ်။ ငါ့ခင်ပွန်းနဲ့ သားတွေက လွဲပြီး ငါ့မောင်နှမတွေ အားလုံးက ငါကို ဘေးဖယ်လိုက်ကြတယ်။ သူတို့အားလုံးက လက်တွေ့ဆန်တယ်။ ဟုတ်တာပေါ့ အဲဒါက ငါ့ရဲ့ လင်းမိသားစုပဲ။ ကျိုးမိသားစုက တော်တော်လေး ကောင်းတယ်လို့ ခံစားရတယ် သူတို့က တော်တော် စည်းလုံးတယ် " လင်းချင်းဟယ်က ထုတ်ပြောသည်။ 


ကျိုးရှောင်မိန်က ခေါင်းညိတ် သဘောတူလိုက်ပြီး " ဒုတိယမရီးရဲ့ နိုင်လိုစိတ်ပြင်းပြမှုက လွဲပြီး အကြီးဆုံးမရီးနဲ့ တတိယမရီးတို့က တော်တော် သဘောကောင်းတယ် " 


အနည်းဆုံးတော့ သူမရဲ့ စတုတ္ထမရီး၏ မိဘမိသားစုရဲ့ မရီးလောက်တော့ ရက်စက်ပြီး အကြင်နာကင်းမဲ့ခြင်း မရှိဘူး။ 


" ဒါကြောင့် ငါ့မိဘမိသားစုဆီ နောက်ထပ် မပြန်တော့ဘူး။ ငါ ဘာများ လုပ်နိုင်မှာလဲ။ ပုံမှန်အတိုင်း ငါ့ဘဝကို ကောင်းကောင်း နေပြီး လင်းမိသားစုကို နောင်တရစေရမယ်။ အခုကစပြီး ငါ့ဆီကနေ အကျိုးအမြတ် သေးသေးလေးတောင် ရနိုင်မယ်လို့ မထင်လိုက်နဲ့။ ဟိုအရင်က အချိန်တွေကိုတော့ ခွေးတွေ အစာကျွေးလိုက်သလို ဆက်ဆံလိုက်မယ် " လင်းချင်းဟယ်က ထေ့ငေါ့ကာ ပြောလိုက်သည်။ 


" ဒီလိုမျိုး မိသားစုရှိနေဖို့ မလိုအပ်ပါဘူး " ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သည်။ 


" အလုပ်ရုံမှာ လက်တွဲဖော် တွေ့ခဲ့ပြီလား " လင်းချင်းဟယ်က မေးသည်။ 


" မတွေ့သေးဘူး " ကျိုးရှောင်မိန်က ချက်ချင်း ပြန်ဖြေသည်။ 


တုံ့ပြန်မှုက အရမ်းမြန်ပြီး ဟန်လုပ်နေပုံ အရမ်းပေါ်လွင်နေသည်။ လင်းချင်းဟယ်သည် မျက်မှောင်ကြုတ်ကာ ကျိုးရှောင်မိန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ " အခုထိ အမှန်အတိုင်း မပြောသေးဘူးပေါ့။ ဘယ်အရွယ်လဲ။ အရပ်ဘယ်လောက်ရှည်လဲ။ သူ့မိသားစုမှာ လူ ဘယ်နှစ်ယောက် ရှိလဲ။ ဘယ်အရွယ်တွေလဲ။ သူက ဘာအလုပ်လုပ်လဲ " 


ကျိုးရှောင်မိန်သည် နှုတ်ခမ်းတွန့်သွားပြီး " စတုတ္ထမရီး… စုံစမ်းစစ်ဆေးနေတာလား "

 

" သူက ငါ့ရဲ့ အငယ်ဆုံးကူကျစ်ကို လိုက်ပိုးချင်နေတာလေ… သေချာပေါက် ငါ ရှင်းရှင်းလင်းလင်း မေးရမှာပေါ့။ ငါ့စိတ်က ဘယ်လိုဆိုတာ သိတယ်မလား။ မင်းကို ငါ့ညီမအရင်းလို သဘောထားလို့ ဂရုတစိုက် ဆက်ဆံခဲ့တာ မဟုတ်ရင် မင်းကို လျစ်လျူရှုထားလိုက်မှာ " လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း ပြောလိုက်သည်။ 


ကျိုးရှောင်မိန်၏ မျက်နှာသည် ရှက်စိတ်ဖြင့် နီမြန်းသွားပြီး " သူကလည်း အလုပ်သမားပါပဲ။ ဖိနပ်အလုပ်ရုံမှာ လုပ်တယ်။ အသက် နှစ်ဆယ့်လေးနှစ် ရှိပြီ " 


မဆိုးပါဘူး။ လင်းချင်းဟယ်က ဆက်ပြီးမေးမြန်းစူးစမ်းလိုက်သည်။ " တခြားမေးခွန်းတွေကကော " 

" တော်တော်လေး အရပ်ရှည်တယ်။ စတုတ္ထအစ်ကိုထက် ပုပြီး တတိယအစ်ကိုနဲ့ အတူတူလောက်ပဲ " ကျိုးရှောင်မိန်၏ ပါးပြင်များသည် လုံးဝနီရဲနေပြီ။ 


တတိယအစ်ကိုနဲ့ အတူတူလောက်ပဲ ဒါဆို ၅ပေ ၉လက်မ ရှိတာပေါ့။ အရပ် မပုပါဘူး။ 


လင်းချင်းဟယ်၏ အတွေးအမြင်အရ ကျိုးမိသားစုတွင် ကျိုးချင်းပိုင်သည် အရပ်အရှည်ဆုံး ဖြစ်ပြီး သူက ၁.၈၅ မီတာ ရှည်သည်။ ပြီးတော့ တတိယအစ်ကို။ သူ့နောက်က အကြီးဆုံးအစ်ကိုက လိုက်ပြီး ဒုတိယအစ်ကိုက အနည်းငယ် ပိုပုကာ အများကြီးတော့ မဟုတ်ပေ။ 


 " ပြီးတော့… " လင်းချင်းဟယ်က စကားထောက်လိုက်သည်။ 


" သူက မိသားစုထဲမှာ အကြီးဆုံးသား။ သူ့မိဘတွေလည်း ရှိသေးတယ်။ သူ့အဖေကလည်း အလုပ်သမားပဲ ဒါပေမယ့် သူ့အမေကတော့ မဟုတ်ဘူး။ သူ့မှာ ညီငယ် နှစ်ယောက်နဲ့ ညီမလေး နှစ်ယောက် ရှိတယ် " ကျိုးရှောင်မိန်က ဆက်ပြောသည်။ 


လင်းချင်းဟယ်က မျက်မှောင်ကြုတ်သွားသည်။ 


ကျိုးရှောင်မိန်က သူမကို စိုက်ကြည့်ပြီး " စတုတ္ထမရီး… ဘာဖြစ်လို့လဲ " 


" ဒီလိုအခြေအနေက ကောင်းတယ်လို့ မင်း ထင်လား " လင်းချင်းဟယ်က သူမကို အကဲခတ်ကြည့်နေသည်။ 


" အဆင်ပြေသလားလို့ " ကျိုးရှောင်မိန်က ခေတ္တရပ်လိုက်ပြီး သူမကို မယုံသင်္ကာသည့်ဟန်ဖြင့် ကြည့်လာသည်။ 


" ဒါဆို မင်းတို့လက်ထပ်ပြီးရင် သူ့လစာကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ မင်းကို သူ ဘယ်လိုပြောလဲ " လင်းချင်းဟယ်က ပြုံးကာ မေးသည်။ 


တစ်ချိန်တည်းမှာပဲ ကျိုးရှောင်မိန်က အတိအလင်း ပြောသည်။ " လက်ထပ်ပြီးတာနဲ့ သေချာပေါက် ကျွန်မပဲ ကိုင်တွယ်ရမှာပေါ့ " 


လင်းချင်းဟယ်က ရယ်မောလိုက်ပြီး " အဲဒါ သူ ပြောခဲ့တာလား ဒါမှမဟုတ် မင်း ထင်ထားတာလား။ ပြီးတော့ သူ့အိမ်က ဘယ်လောက်ကျယ်လဲ။ လက်ထပ်ပြီးရင် ဘယ်မှာ နေမှာလဲ " 


" သူ မပြောပါဘူး။ အိမ်ထောင်ကျပြီးရင် သူ့အိမ်မှာပဲ နေဖြစ်မယ်။ သူ့အိမ်က သိပ်မကျယ်ဘူး " ကျိုးရှောင်မိန်က ပြန်ဖြေသည်။ 


" မင်း ရောက်ဖူးပြီးပြီပေါ့ " လင်းချင်းဟယ်က အံအားသင့်စွာ ပြောလိုက်သည်။ 


" အဲ…အဲဒါက သူ့အဖေနဲ့အမေ အိမ်မှာ မရှိတဲ့အချိန် အခွင့်ကောင်းယူပြီး သွားလည်ရုံပါ " ကျိုးရှောင်မိန်၏မျက်နှာက နီရဲသွားသည်။ 


" သွားပြီးကြည့်တာ အဆင်ပြေပါတယ်။ ဒါပေမယ့် ဘယ်လို သိပ်မကျယ်တာလဲ " လင်းချင်းဟယ်က ဆက်ပြီး မေးနေသည်။ 


" သူ့အိမ်ကို မကြိုက်ဘူး။ လက်ထပ်ပြီးတာနဲ့ အဆင်မပြေတာတွေ အများကြီး ဖြစ်လာနိုင်တယ် " ကျိုးရှောင်မိန်က ထိုမေးခွန်းကို ဒီလို ဖြေလာသည်။ 


" မင်း ငါ့ကို ဝေဖန်ပိုင်းခြားစေချင်ပြီး မင်းအတွက် ဒါကို ပြောပြပေးရမလား " လင်းချင်းဟယ်က သူမကို တိုက်ရိုက်ပြောလိုက်သည်။ 


" စတုတ္ထမရီး… ပြောပြပါ " ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်ပြီး အကျပ်ရိုက်သွားသည်။ 


" ဒါဆို မရီး မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြမယ် " လင်းချင်းဟယ်က သူမကို ကြည့်ပြီး အသေအချာ ပြောလိုက်သည်။ " ဒီလူက မင်းအတွက် မဟုတ်ဘူးလို့ ငါ ထင်တယ် " 


ကျိုးရှောင်မိန်သည် သူမနှုတ်ခမ်းကို ဖွဖွကိုက်ရင်း ရေရွတ်သည်။ " တကယ်တော့ သူက အရမ်းကောင်းတဲ့လူပါ " 


" သူက လူကောင်းဆိုတော့ ကောင်းပါတယ် မဟုတ်ရင် မင်း သူ့ကို ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် စတုတ္ထမရီး ပြောချင်တာက မင်းရဲ့နှစ်သက်မှုက မင်းကို ကျွေးမွေးမှာ မဟုတ်ဘူး။ အဲဒါကို စဉ်းစားကြည့်။ တကယ်လို့ မင်း သူ့ကို လက်ထပ်ပြီးသွားရင် သူ့အိမ်မှာပဲ မင်း နေရမှာ။ မင်းက မြို့မှာ အလုပ်လုပ်နေတာဆိုတော့ မြို့ပေါ်မှာ အိမ်ယာအခြေအနေက ဘယ်လောက် တင်းကျပ်တယ်ဆိုတာ ရှင်းပြစရာ မလိုဘူး မဟုတ်လား " လင်းချင်းဟယ်က ရှင်းပြသည်။ 


ကျိုးရှောင်မိန်က စကားမပြောပေ။ 


လင်းချင်းဟယ်က ဆက်ပြောသည်။ " မင်း ပြောတာ အိမ်က သေးသေးလေးဆိုတော့ သူ့အိမ်က တကယ်ကို သေးနေရမယ်။ ပြီးတော့ သူ့အောက်မှာ မောင်နှမတွေလည်း ရှိသေးတယ်။ နံပါတ်တစ်… တစ်မိသားစုလုံး ပြွတ်သိပ်ကျပ်ညက်ပြီး အတူတူစုဝေးနေဖို့ အဆင်မပြေဘူး။ နံပါတ်နှစ်… မင်းတို့နှစ်ယောက်ရဲ့လစာနဲ့ ပတ်သက်တဲ့ ပြဿနာ။ သူတို့မိသားစုမှာ သူနဲ့ သူ့အဖေပဲ အလုပ်လုပ်ပြီး ကျန်တဲ့သူတွေက သူတို့အပေါ် မှီခိုနေကြတာ။ မင်း လက်ထပ်ပြီးသွားရင် မင်းရဲ့အိမ်ထောင်ဖက်က မင်းကို သူ့လစာပေးနိုင်သေးတယ်လို့ မင်း ထင်နေသလား။ မင်းရဲ့အိမ်ထောင်ဖက်က မင်းကို သူ့လစာမပေးရင် သေချာပေါက် မင်း မကျေမနပ် ဖြစ်မှာပဲ။ အဲဒီအချိန်မှာ ရန်ပွဲတွေကို မလွဲမသွေ ကြုံလာရလိမ့်မယ်။ မင်းရဲ့အချစ်က ဒါကို ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ " 


ကျိုးရှောင်မိန်က စကားပြန်ပြောရန် ပြင်လိုက်သည်။ လင်းချင်းဟယ်က သူမကို အရင်နားထောင်ဖို့ အချက်ပြလိုက်သည်။ " ဒါမှမဟုတ် သူ့လစာကို သူ့မိသားစုဆီ ပေးဖို့ မင်း ဆန္ဒရှိကောင်းရှိနိုင်မယ်။ ဒီလိုမျိုး ပြီးသွားမယ်လို့ မင်း ထင်လား။ သူ့လစာအပြင် မင်းရဲ့ကိုယ်ပိုင် လစာလည်း ရှိသေးတယ်။ အချိန်တန်လာရင် မင်းရဲ့လစာကို သိမ်းထားနိုင်တော့မှာ မဟုတ်ဘူး " 


" ကျွန်မရဲ့ ကိုယ်ပိုင်လစာကို ဘယ်လိုလုပ် မထိန်းသိမ်းထားနိုင်ရမှာလဲ " ကျိုးရှောင်မိန်က မနေနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။