အခန်း(၆၈)နှစ်သစ်ကူးနေ့
Viewers 38k

အခန်း (၆၈) - နှစ်သစ်ကူးနေ့


လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ အားလုံးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ထားသည်။ အငယ်ဆုံးသားဖြစ်သူ ကျိုးချင်းပိုင်ကလည်း အိမ်ကို ပြန်ရောက်လာပြီ။ ဒါကြောင့် ဒီညနေခင်း ညစာစားပွဲကို ကျင်းပရတာ သူတို့တွေ အရမ်းပျော်ရွှင်နေကြသည်။ 


ယခုအချိန်မှာ ဒုတိယမရီးတောင်မှ မထီမဲ့မြင် အထင်သေးသလို မပြုမူခဲ့ပေ။ 


အမှန်တကယ်ကတော့ ထိုသို့ပြုလုပ်ရန် သူမမှာ အချိန်မရှိခဲ့ပေ။ ဒီလိုအရသာရှိသော ဟင်းကို စားရတာ ရှားပါးလှသည်။ သူမသည် များများစားနိုင်ရန် မစောင့်ဆိုင်းနိုင်တော့ဘူး။ ဒါဆို ဘာလို့ လူတွေကို ရမယ်ရှာပြီး အပြစ်ဖို့နေတော့မှာလဲ။ 


နှစ်သစ်ကူးအကြို့နေ့ ညစာကို စားသောက်ပြီးနောက် သူတို့သည် နှစ်သစ်ကို ကြိုဆိုရန် စကားစမြည်ပြောရင်း စောင့်နေကြသည်။ 


သို့သော်လည်း လင်းချင်းဟယ်သည် ဤအစဉ်အလာအတိုင်း မနေချင်ခဲ့ပေ။ သူမသည် ခဏလောက် စကားစမြည် ပြောပြီး ကိုးနာရီထိုးခါနီးမှာ အိပ်စက်ရန် သူမကလေးတွေကို အိမ်ပြန်ခေါ်လာခဲ့သည်။ 

နှစ်သစ်ကို ကြိုဆိုဖို့အတွက် ကျိုးချင်းပိုင် ရှိတယ်။ သူတစ်ယောက်တည်းနဲ့ လုံလောက်ပြီ။ 


ကျိုးအမေသည် သူမ၏သားအငယ်ဆုံးအား စကားပြောရန် အခန်းထဲသို့ ဆွဲခေါ်သွားပြီး အဓိကအားဖြင့် လင်းချင်းဟယ်၏ လက်ရှိအတွေးများကို မေးမြန်းခဲ့သည်။ 


" စိတ်မပူပါနဲ့ အမေ။ ကျွန်တော့်ဇနီးက အရမ်းကောင်းတယ် " ကျိုးချင်းပိုင်က ပြောသည်။ 


ကျိုးအမေက အကြံပေးသည်။ " မင်းမိန်းမက ပိုကောင်းအောင် ပြောင်းလဲနေတာကို အမေ သိတယ်။ ဒါပေမယ့် မင်း သတိထားသင့်သေးတယ်။ မင်း အငြိမ်းစားယူတာက သူမနှလုံးသားထဲမှာ ဆူးတစ်ချောင်းလို ကျန်နေသေးတယ်။ ပြဿနာ တစ်ခုခု ဖြစ်ရင် သူမကို အလျှော့ပေးလိုက်ပါ " 

ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။ 


မိသားစုတစ်စုလုံး၏ အစားအသောက်နှင့် အဝတ်အစားများကို စီမံခန့်ခွဲရန်မှာ သူ့ဇနီးအတွက် မလွယ်ကူလှသောကြောင့် သူကတော့ သူမနှင့်အတူ ပုံမှန်အတိုင်းလေးပဲ သဘောတူ လိုက်လျောပေးမည် ဖြစ်သည်။ 


ကျိုးအမေသည် သူမ၏သားငယ်ကို တခြားသူ၏သမီးရှေ့မှောက်မှာ သူ့ကိုယ်သူ မနှိမ့်ချစေချင်ပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပေ။ အခု သူက အရွယ်ရောက်ကြီးပြင်းလာပြီး သူ့မိသားစုနဲ့သူ ဖြစ်နေပြီ။ မိသားစု၏ အိမ်ထောင်ဦးစီးအမျိုးသမီးက ကောင်းမွန်စွာ လုပ်ဆောင်ခြင်း မရှိလျှင် အိမ်ထောင်စုသည် ငြိမ်းချမ်းမည် မဟုတ်ကြောင်းကို ဘာလို့ သူမ မသိရမှာလဲ။ 


အမျိုးသမီးတွေရဲ့ စွမ်းအားက အများကြီး သက်ရောက်မှု ရှိသည်။ ဒါက ဧကန်မုချ အမှန်တရားပင် ဖြစ်သည်။ 


ထိုကြောင့် ကျိုးအမေသည် သူမသားကို အလျှော့ပေးစေလိုသည်။ အနည်းဆုံးတော့ အခုချိန်မှာ စတုတ္ထရဲ့ဇနီးက အငြိမ်းစားယူတာနဲ့ ပတ်သက်ပြီး ပြဿနာမရှာဘူး ဟုတ်တယ်မလား။ 


အဲဒါ အရမ်းကောင်းတယ်။ အစပိုင်းကတော့ စတုတ္ထရဲ့ဇနီးသည်၏ အဆုံးမသတ်နိုင်သော ပြဿနာများကို စိုးရိမ်ကြောက်ရွံ့နေသောကြောင့် သူမသည် သေလောက်သည့်အထိ စိုးရိမ်ပူပန်နေခဲ့သည်။ 


လက်ရှိသဘောထားကတော့ ကောင်းနေဆဲပင်။ 


နှစ်သစ်ကို ကြိုဆိုပြီးနောက် ကျိုးချင်ပိုင်သည် အိမ်ပြန်လာသည်။ 


ကျိုးရှောင်မိန်သည် သူမအမေကို စကားလှမ်းပြောလိုက်သည်။ " အမေ… စတုတ္ထအစ်ကိုကို ဘာအတွက် အခန်းထဲ ခေါ်သွားတာလဲ " 


" ဘာမှမဟုတ်ပါဘူး " ကျိုးအမေသည် ဒီသမီးကို အသေးစိတ် မပြောပြချင်ပေ။ မဟုတ်ရင် သူမက စတုတ္ထမရီးဆီ သွားပြီး လက်ဆင့်ကမ်း ပြန်ပြောပြလိမ့်မည်။ 


" အမေ မပြောပြတောင် ကျွန်မ သိတယ်။ စတုတ္ထမရီးနဲ့ ဆက်ဆံရေး ကောင်းကောင်းမွန်မွန် ရှိဖို့ အစ်ကို့ကို ပြောနေတာမလား " ကျိုးရှောင်မိန်က ပြောသည်။ 


ကျိုးအမေသည် သူမကို တစ်ချက် လှမ်းကြည့်ပြီး " နင်က အရမ်းတော်နေတာလား " 


" ကျွန်မက တော်ပြီးသား။ ကျွန်မ အမှန်အတိုင်း ပြောနေတာ။ အမေ… စတုတ္ထအစ်ကိုနဲ့ အမေ စကားကြာကြာပြောပြီး ဆွေးနွေးသင့်တယ်။ သူ့လိုလူက စတုတ္ထမရီးနဲ့ လက်ထပ်ခွင့်ရခဲ့တာ သူ့မှာ ကံကြမ္မာကောင်း ရှိလို့ ဆိုတာ ပြောနိုင်တယ်။ သူ ဒါကို တန်ဖိုးထားမြတ်နိုးသင့်တယ် " ကျိုးရှောင်မိန်က ပြောသည်။ 


ကျိုးအမေက သဘောမကျစွာ ပြန်မေးသည်။ " နင်ရဲ့ စတုတ္ထအစ်ကိုက ဘယ်နေရာမှာ မကောင်းတာ ရှိလို့လဲ " 


" စတုတ္ထအစ်ကိုက မဆိုးပါဘူး။ ဒါပေမယ့် စတုတ္ထမရီးနဲ့ လိုက်ဖက်အောင်တော့ သူက နည်းနည်းလေး လိုအပ်သေးတယ်။ ကျွန်မ မပြောလည်း အမေသိပါတယ်။ မရီးက ဖက်ရှင်အမြင်ရှိပြီး ဗဟုသုတလည်း ရှိတယ်။ မြို့ပေါ်မှာ ကြီးပြင်းလာတဲ့ မိန်းကလေးတွေတောင် သူမနဲ့ မယှဉ်နိုင်ဘူး " ကျိုးရှောင်မိန်က အလွန်အကြူး ချီးမြှောက်ပြောသည်။ 


ကျိုးအမေက ပြန်ပြောသည်။ " အဲဒါကို စားလို့ရလို့လား " 


" မဒမ်… မဒမ်က အရမ်းပေါ့ပျက်ပျက်နိုင်တာပဲ။ ကျွန်မက မဒမ်နဲ့ အကြောင်းအရာကို လေးလေးနက်နက် ဆွေးနွေးနေတာ။ မဒမ်က အကြောင်းအရာကနေ သွေဖီသွားတယ် " 

ကျိုးရှောင်မိန်က ဆက်ပြောသည်။ " အမေ… သတိမထားမိဘူးလား။ စတုတ္ထမရီးက အခုဆို အရင်ကထက် ပိုလှလာတယ် " 


ကျိုးအမေသည် သူမကို လှမ်းကြည့်ပြီး ဘာမှ မပြောတော့ပေ။ 


ဘယ်လိုလုပ် သူမ မမြင်ရမှာလဲ။ ဒီအငယ်ဆုံး ချွေးမလေးရဲ့ အသွင်အပြင်အတွက် ဖော်ပြစရာ စကားလုံး မရှိဘူး။ မြို့နေ လူငယ် ပညာတတ်အမျိုးသမီးများသည် ချောမောလှပသော်လည်း သူတို့တွေက စတုတ္ထရဲ့ဇနီးနဲ့တော့ မယှဉ်နိုင်သေးပါဘူး။ 


ယခင်ကနှင့် မတူဘဲ လက်ရှိ စတုတ္ထ၏ဇနီးသည် သူမ၏ အပြောအဆိုပဲ ဖြစ်ဖြစ် အပြုအမူပဲ ဖြစ်ဖြစ် ပိုပြီးတော့ နားလည်နိုင်ခဲ့သည်။ ဥပမာအားဖြင့် တစ်မိသားစုလုံး ညစာအတွက် ရောက်လာသောအခါ သူမသည် ဟင်းနှစ်ခွက်ကို ယူလာသည်။ အပြစ်ရှာ ဝေဖန်ရန် ပြင်ဆင်ထားသော ဒုတိယ၏ဇနီးတောင်မှ ဆွံ့အသွားရသည်။ သူမကို စေတနာကောင်း ရက်ရောပြီး ရည်မွန်တယ်လို့ ယူဆနိုင်သည်။ 


ဘာပဲဖြစ်ဖြစ် သူမသားက လင်းချင်းဟယ်နဲ့ ထိုက်တန်တယ်။ သူမရဲ့သမီး ပြောသလို ဘယ်လိုမျိုး သဟဇတ မဖြစ် မလိုက်ဖက်သလို ဖြစ်နိုင်မှာလဲ။ 


" လုံးဝ မလိုက်ဖက်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မ ပြောချင်တာက သူမကို ကောင်းကောင်း ချော့မော့ပေးဖို့ အမေကနေ စတုတ္ထအစ်ကိုကို တိုက်တွန်းပြောစေချင်တာ။ ဒီတစ်ခါ ပြန်လာတော့ ကလေးတွေအပေါ် ထားရှိတဲ့ စတုတ္ထမရီးရဲ့ချစ်ခင်မှုကို ကျွန်မ သတိထားမိတယ်။ သူမရဲ့ပင်ကိုစရိုက်အရ သူမ မပျော်ရင် စတုတ္ထအစ်ကိုနဲ့ အမှန်တကယ် အလွယ်တကူ သီးခြားခွဲနေလိမ့်မည်။ မဖြစ်နိုင်ဘူးလို့ မပြောပါနဲ့။ စတုတ္ထမရီးကို ကျွန်မ ကောင်းကောင်း နားလည်တယ်ဆိုတာ အမေ သေချာသိပါတယ် " ကျိုးရှောင်မိန်က ပြောသည်။ 


ကျိုးအမေသည် သူမကို လိမ်ဆွဲကာ ဆူပူကြိမ်းမောင်းချင်နေပြီး " အခုက နှစ်သစ်။ ဒီကံဆိုးတဲ့စကားတွေကို လျှော့ပြောစမ်း။ အခု သူမက အဆင်ပြေနေပြီလို့ ငါ ထင်တယ် " 


" ကောင်းပြီလေ။ ဒါဆိုလည်း သူမကို မကျေနပ်ချက်တွေ မခံစားစေနဲ့ပေါ့။ မဟုတ်ရင် သူမက သူမရဲ့မိဘမိသားစုကို စွန့်လွှတ်ပြီးသားဆိုတော့ သူမရဲ့ ယောက္ခမမိသားစုကိုလည်း စွန့်လွှတ်ခွဲခွာဖို့ ဖြစ်လာနိုင်တယ်။ စတုတ္ထမရီးရဲ့ ရုပ်ရည်နဲ့ဆို မြို့ပေါ်မှာ လက်ထပ်ဖို့ ဖြစ်နိုင်တယ်။ သူမက ထက်မြက်ပြီး သေချာပေါက် ခိုင်မာတဲ့ခြေကုပ်တောင် ရနိုင်သေးတယ်။ အဲဒီအကြောင်း ပြောရရင် သူမမှာ လှပတဲ့ အိပ်မက်တစ်ခု ရှိခဲ့တာကြောင့် အစပိုင်းမှာ စတုတ္ထအစ်ကိုက အကျိုးကျေးဇူး ရရှိခဲ့တယ်။ အခု သူမရဲ့အိပ်မက်က ပျက်ဆီးသွားပြီ။ ပြဿနာမရှာတာပဲ သူမအတွက် တကယ့်ကို ကြုံတောင့်ကြုံခဲ ဖြစ်နေပြီ " ကျိုးရှောင်မိန်က မှတ်ချက်ချသည်။ 


စတုတ္ထအစ်ကိုဖြစ်သူ အငြိမ်းစားယူသွားကြောင်းကို ရိက္ခာအလုပ်ရုံတွင် သူမ ကြားလိုက်ရတုန်းက သူမရဲ့ စတုတ္ထမရီးဖြစ်သူသည် အလွယ်တကူ အလျှော့ပေးမည် မဟုတ်ဟု သူမ မျှော်လင့်ထားခဲ့သည်။ 


" ကောင်းပြီ။ မြန်မြန် အိပ်ယာဝင်တော့ " ကျိုးအမေက စိတ်မရှည်စွာ ပြောလိုက်သည်။ 


ကျိုးအမေသည် အခန်းထဲ ရောက်သွားသောအခါ ထိုအကြောင်းကို ကျိုးအဖေအား ပြောပြသည်။ 

ကျိုးအဖေက ပြောလိုက်သည်။ " ဒီလောက်ကြီး စိတ်ပူမနေပါနဲ့။ အဲဒီဘက်ကို လွှမ်းမိုးထိန်းချုပ်စရာ မလိုပါဘူး။ ချင်းပိုင်နဲ့ သူ့ဇနီးက ဆက်ဆံရေးကောင်းတယ်လို့ ငါ ထင်တယ် " 


အရေးအကြီးဆုံး အချက်က စတုတ္ထရဲ့ဇနီးသည် အခုဆိုရင် လောင်တနှင့် သူ့ညီတွေကို ချစ်ခင်ကြင်နာနေပြီ။ မြေးသုံးယောက်ကို ကြည့်လိုက်တာနဲ့ ကျိုးအဖေသည် ဝမ်းသာနေသည်။ 


ပြောရမယ်ဆိုရင် အဖေနဲ့ အမေက အရေးကြီးဆုံး အချက်ပဲ။ မိဘတွေက ကြည့်ကောင်းရင် သားသမီးတွေကလည်း ရုပ်အရမ်းအဆိုးကြီး မဖြစ်နိုင်ဘူး။ 


" ဒီနေ့ လောင်တနဲ့ သူ့ညီတွေကို တွေ့လိုက်ရတော့ မြို့က ကလေးတွေလည်း ဒီလိုပဲလို့ ခံစားလိုက်ရတယ် " ကျိုးအဖေက ပျော်ရွှင်မြူးထူးစွာ မှတ်ချက်ချသည်။ 


ကျိုးအမေက ဒီအချက်နဲ့ ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး။ တတိယမျိုးဆက်အကြောင်း ပြောရရင် ပထမ၊ ဒုတိယနှင့် တတိယတို့၏ ကလေးတွေက စတုတ္ထရဲ့ကလေးတွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး။

 

ကျိုးမိသားစုဝင်တွေသာမက ရွာထဲရှိ တခြားမိသားစုတွေမှာတောင် သူတို့ကို နှိုင်းယှဉ်အနိုင်ယူနိုင်မယ့်သူ မရှိပါဘူး။ 


ကြည့်ကောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိဘတွေရှိတာ တကယ့်ကို ကျေးဇူးတင်ရမယ်။ 


ကျိုးအိမ်မှာ စကားပြောနေကြစဉ် လင်းချင်းဟယ်၏ မိသားစုငယ်လေးမှာတော့………။


ကျိုးချင်ပိုင် အိမ်ပြန်ရောက်လာသောအခါ အမေနှင့်သားများသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်ကို သူ မြင်လိုက်ရသည်။ သူသည် သူ့အဝတ်အစားများကို ချွတ်ပြီး အနွေးကုတင်ပေါ် တက်လိုက်သည်။ 


အချိန်အတန်ကြာ ကျင့်သားရလာပြီးနောက် လင်းချင်းဟယ်သည် သူ၏ပွေ့ဖက်မှုကို မခုခံတော့ပေ။ သူ ရောက်လာတာကို ခံစားမိပြီး သူမသည် အလိုအလျောက် သူ့အနား တိုးကပ်လာကာ သူ့ခါးကို ဖက်ရင်း သူ့ရင်ခွင်ထဲမှာ သက်တောင့်သက်သာဖြစ်သော အနေအထားကို ရှာပြီး ဆက်လက်အိပ်ပျော်သွားသည်။ 


အမှောင်ထဲတွင် ကျိုးချင်းပိုင်၏ တင်းနေသောမျက်နှာသည် ပြေပျောက်သွားသည်။ သူသည် သူမ၏ နွဲ့လျသော ခါးကို ဖက်ကာ မွှေးပျံ့နေသော သူမဆံပင်ကို နမ်းရှိုက်ပြီး မကြာခင်မှာပဲ အိပ်ပျော်သွားသည်။ 


နောက်တစ်နေ့ မနက်စောစော လင်းချင်းဟယ် အိပ်ရာထလာသောအခါ ကျိုးချင်းပိုင်သည် နံနက်စာကို ချက်ပြုတ်ပြီးသွားပြီ။ 


ဒီနေ့က နှစ်သစ်ကူးနေ့ ဖြစ်ပေမယ့် သူတို့တွေက ထူးထူးခြားခြား မစားကြပါဘူး။ ဂျုံယာဂုကို ဘန်းမုန့်နဲ့ တွဲဖက်ထားတာနဲ့တင် လုံလောက်နေပြီ။ 


လင်းချင်းဟယ်သည် ကလေးတွေကို နိုးလိုက်သည်။ ညီအစ်ကိုတွေက အိပ်ရာကနေ မထချင်ကြဘူး။ ဆောင်းရာသီမှာ အိပ်ယာက နွေးထွေးနေလို့ သူတို့တွေက ဒီနေရာမှာပဲ နေချင်ကြသည်။ 

အထူးသဖြင့် ယခုနှစ်တွင် လင်းချင်းဟယ် ရရှိထားသော ကြီးမားသည့် စောင်ကြီးနဲ့ပေါ့။ အရမ်းဇိမ်ရှိသည်။ 


အသုံးမပြုရသေးသော စောင်နောက်တစ်ထည်လည်း ဘေးအခန်းမှာ ရှိသေးသည်။ အဲဒါ့အပြင် ဒီမှာ လေးကျင်း လေးသည့်စောင်လည်း ရှိသေးသည်။ ဒါဆို လုံလောက်ပြီ။ 


တကယ်တော့ လင်းချင်းဟယ်လည်း မထချင်ပေမယ့် ဒီနေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်။ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် ကလေးတွေကို လွှတ်ပေးရမည်။ 


သူတို့ကို အဝတ်အစား ဝတ်ဆင်ပေးပြီးနောက် သူမသည် သူတို့အား မနက်စာ စားစေသည်။ စားသောက်ပြီးတာနဲ့ သူမက သူတို့ကို သကြားလုံး ပေးကာ ဆော့ကစားဖို့ ခွင့်ပြုလိုက်သည်။ 

သူတို့သည် နှစ်သစ်ကူးအတွက် မုန့်ဖိုး ရကြသည်။ တစ်ယောက်ကို နှစ်ပြားစီ ရသည်။ ထုံးစံအတိုင်း လောင်စန်းအတွက် သူမက သိမ်းဆည်းထားပေးသည်။ ကျန်နှစ်ယောက်အတွက်တော့ သူမက သိမ်းထားပေးဖို့ မလိုပေ။