အခန်း(၇၀)တတိယမောင်လေး လင်း
Viewers 38k

အခန်း(၇၀) - တတိယမောင်လေး လင်း 


ကစားတယ်၊ စားတယ်၊ ရုပ်ရှင်ကြည့်တယ်၊ အဲဒါတွေအားလုံး လုပ်ပြီးသွားပြီ။ မိသားစု အိမ်ပြန်ရမည့်အချိန် ရောက်လာပြီ။ 


အိမ်အပြန်လမ်းတွင် လောင်တနှင့် လောင်အာ့က နောက်နှစ် နှစ်သစ်ကူးမှာလည်း ရုပ်ရှင်ကြည့်ချင်တယ်လို့ ထုတ်ဖော်ပြောကြသည်။ 


" ကောင်းပြီလေ၊ မင်းတို့တွေ နေ့တိုင်း စာ ကောင်းကောင်း လေ့လာနေသရွေ့ ရုပ်ရှင်ကြည့်ချင်တဲ့ မင်းတို့ရဲ့ဆန္ဒကို အမေ ဖြည့်ဆည်းပေးနိုင်ပါတယ် " လင်းချင်းဟယ်က လိုက်လျောစွာ အလေးအနက် ပြန်ပြောလိုက်သည်။ 


ကျိုးချင်းပိုင်က ဘာမှမပြောပေ။ သူ့ဇနီးနှင့် သားများကို စက်ဘီးပေါ်တင်နင်းကာ အိမ်သို့ ပြန်လာရင်း သူ့ဇနီးနှင့် သားတို့၏ ရယ်မောသံများကို နားထောင်နေခဲ့သည်။ သူ့မျက်နှာပေါ်ရှိ ပုံမှန်အေးစက်သော အမူအရာမှာ ရှားရှားပါးပါး နူးညံ့နေခဲ့သည်။

 

သူတို့ အိမ်ပြန်ရောက်တော့ နေ့လည် သုံးနာရီ ထိုးခါနီးနေပြီ။ တစ်နေ့တာ လျှောက်လည်ပြီးနောက် တစ်မိသားစုလုံး ပင်ပန်းနွမ်းနယ်နေကြသည်။ 


လောင်တနှင့် လောင်အာ့က အရမ်း တက်ကြွလှုပ်ရှားနေသောကြောင့် သူတို့တွေ အပြင်ထွက်တာကို လင်းချင်းဟယ်က မတားဆီးလိုက်ပါဘူး။ သူမသည် လောင်စန်းကို သူမနှင့်အတူ အနားယူရန် ခေါ်သွားလိုက်သည်။ 


ဒီအချိန်က ညစာအတွက် ပြင်ဆင်ရမည့်အချိန် ရောက်လုနီးနေပြီ။ တစ်ရေးတစ်မော အိပ်ဖို့ မဖြစ်နိုင်တော့ဘူး။ 


လင်းချင်းဟယ်သည် အဆာပြေစားရန် ပန်းသီးများကို ဆေးကြောလိုက်သည်။ သူမ ချေမွထားသော ပန်းသီးအရည်ကို လောင်စန်းအား ဇွန်းဖြင့် ကျွေးနေစဉ် ကျိုးချင်းပိုင်က တစ်လုံး ယူစားလိုက်သည်။ 

သူ့အသက်က နှစ်နှစ်လို့ ပြောနိုင်ပေမယ့် တကယ့်အသက်က ငယ်လွန်းသေးသည်။ 


ကျိုးချင်းပိုင်သည် ပန်းသီးကို စားပြီးတာနဲ့ သူ့သားကို အစာကျွေးမယ့်တာဝန်အား လွဲပြောင်းယူလိုက်ပြီး သူမကို သူမဘာသာ စားခိုင်းလိုက်သည်။ 


" ဒီလိုအေးခဲနေတဲ့ ရာသီဥတုမှာ ကျွန်မတို့တွေ ဒီည ဘာစားကြရင် ကောင်းမလဲ " လင်းချင်းဟယ်က မေးသည်။ 


" ဖက်ထုပ်ဆိုရင် လုံလောက်ပါပြီ " ကျိုးချင်းပိုင်က ပြန်ဖြေသည်။ 


" ပြောင်းဖူးမန်ထို ဆိုရင်ကော ဘယ်လိုလဲ " လင်းချင်းဟယ်က ဖက်ထုပ်စားရတာ ငြီးငွေ့နေလို့ အဆိုပြုလိုက်သည်။ " ဝက်ဆားနယ်ခြောက်ကို ကြော်ပြီး ပင်လယ်ရေညှိဟင်းချို ချက်လိုက်မယ် " 

" ကောင်းပြီ " ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။


ကျိုးရှောင်မိန်သည် ညစာစားရန် ရောက်လာသည်။ ဝက်ဆားနယ်ခြောက်ကို စားရတာ အရမ်း အံ့သြစရာကောင်းလှသည်။ အိမ်ပြန်ရောက်ပြီးကတည်းက သူမ၏ စတုတ္ထအစ်ကိုက ပိုပြည့်လာတယ်လို့ ခံစားရသည်။ အနည်းဆုံးတော့ သူက အရင်ကထက် ပိုသန်မာလာပုံရသည်။ 

ဒါတွေအားလုံးအတွက် သူမ၏ စတုတ္ထမရီးကို ကျေးဇူးတင်ရမယ်လို့ သူမ ယုံကြည်သည်။ 

ဒီဝက်ဆားနယ်ခြောက်ကိုပဲ ကြည့်။ ဒါက မွှေးကြိုင်ပြီး အရသာရှိလွန်းတာကြောင့် သူမလျှာကို မျိုချလုနီးပါး ဖြစ်သွားသည်။ 


လင်းချင်းဟယ်၏ ဝက်ဆားနယ်ခြောက်က အမှန်တကယ်ပင် အရသာရှိလှသည်။ ဒါက သံသယဖြစ်စရာတောင် မလိုပေ။ ကျိုးချင်းပိုင်နှင့် ကလေးတွေကို ကြည့်ရုံနဲ့ သိနိုင်သည်။ 

ဝက်ဆားနယ်ခြောက်ကြော် နှင့် ငရုတ်သီးထောင်း အနည်းငယ်ဖြူးထားသည့် ဆားစိမ်ဟင်းသီးဟင်းရွက်။ အရမ်းမွှေးပြီး အရသာရှိလှသည်။ 


ပင်လယ်ရေညှိအရိုးဟင်းချိုလည်း ပါသေးသည်။ အဓိကစားစရာက ရိုးရှင်းသော ပြောင်းဖူးမန်ထို ဖြစ်သော်လည်း ဧည့်သည့်တစ်ယောက်အနေနဲ့ ကျိုးရှောင်မိန်က အားရကျေနပ်နေဆဲပင်။ 


သူမသည် ပန်းကန်ခွက်ယောက်များကို သန့်ရှင်းရေးလုပ်လိုက်သည်။ လင်းချင်းဟယ်ကလည်း သူမကို မတားပေ။ သူမ၏ ကူကျစ်က ညစာစားရန် ရောက်လာတာကြောင့် ပန်းကန်ခွက်ယောက်များ ဆေးကြောပေးရန် ကူညီပေးနေတာကို သူမ(လင်းချင်းဟယ်)က ဘာလို့ တားဆီးရမှာလဲ။ 

နှစ်သစ်၏ ဒုတိယနေ့ကလည်း အလွန်ပြီးပြည့်စုံသည်။ 


သို့သော် လင်းမိသားစုတွင်တော့ သူတို့၏ကိုယ်ပိုင် အတွေးအမြင်များ ရှိပုံပေါ်သည်။ 

အစကတော့ လင်းချင်းဟယ်က ဒေါသထွက်နေတာကြောင့် နှစ်သစ်ကူးမှာ ပြန်မလာတော့ဘူးလို့ ပြောခဲ့တယ်ပဲ သူတို့တွေ တွေးထင်ခဲ့ကြသည်။ သူမမှာ ဒီမွေးချင်းမိသားစုလေးပဲ ရှိတာ ဘယ်လိုလုပ် ပြန်မလာနိုင်ရမှာလဲ။ 


ထိုသို့ဆိုလျှင် သူမ၏ ယောက္ခမမိသားစုက သူမကို အထင်အမြင်သေး နှိမ့်ချလိမ့်မည်။ 

ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ နှစ်သစ်ကူး ဒုတိယနေ့ဖြစ်သော ဒီနေ့မှာ သူမက ပြန်မလာတာတော့ အမှန်ပင်။ 


" အဘိုးကြီး… ဒီကောင်မလေးက တကယ် အလည်မလာတော့ဘူးလို့ ရှင် ထင်လား " လင်းအမေက မေးသည်။ 


" အင်း… ဒါက ဒေါသထွက်နေလို့ ဖြစ်မယ်။ သူမရဲ့မိဘအိမ်ကို အလည်လာချင်လာ မလာချင်နေ ဂရုစိုက်စရာ မလိုဘူး။ သူမရဲ့ဒေါသစိတ်အရ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငိုယိုပြီး သူမရဲ့မိဘအိမ်ကို ပြန်လာလိမ့်မယ် " လင်းအဖေက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ 


လင်းအမေက ခေါင်းညိတ်လိုက်ပြီး " ဒီကောင်မလေးက ခေါင်းမာလွန်းတယ်… ဒုက္ခတွေ ခံစားသင့်တယ် " 


လင်းချင်းဟယ်အကြောင်း ပြောနေကြသည်မှာ လင်းအဖေနှင့် လင်းအမေတင် မကပါဘူး။ အစ်ကိုကြီးလင်းနှင့် အကြီးဆုံးမရီးလင်းတို့ကလည်း သူမအကြောင်းကို ပြောနေကြပေမယ့် တစ်ခွန်းနှစ်ခွန်း လောက်ပါပဲ။ 


ဒုတိယအစ်ကိုလင်းနှင့် ဒုတိယမရီးလင်းတို့ကတော့ ပြောစရာအများကြီး ရှိနေကြသည်။


" သူမက တကယ် ပြန်မလာဘူးလား။ လူတိုင်းက သူမကို ချော့မော့နေမယ်ဆိုပြီး သူမကိုယ်သူမ အရင်ကနဲ့ အတူတူပဲလို့ ထင်နေလား မသိဘူး " ဒုတိယမရီးလင်းက လှောင်ပြောင်လိုက်သည်။ 


ဒုတိယအစ်ကိုလင်းကလည်း မှတ်ချက်ပေးသည်။ " သူမက ဘယ်တော့မှ မရင့်ကျက်လာဘူး " 


" ကျွန်မ ရှင့်ကို ပြောနိုင်တယ်… အခုဆိုရင် သူမဘဝက သေချာပေါက် မကောင်းလောက်တော့ဘူး၊ မဟုတ်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ သူမကို ရှင် ထိပ်တိုက်တွေ့ရင် မမြင်သလို ဟန်ဆောင်သွားလိုက် " ဒုတိယမရီးလင်းက ပြောသည်။ 


" အဆုံးတော့ ငါတို့က ညီအစ်ကိုမောင်နှမတွေလေ။ သူမက ငါ့ကို ငါ့ကုတ်အင်္ကျီ ပေးခဲ့တယ် " ဒုတိယအစ်ကိုလင်းက ထောက်ပြသည်။ 


" ဘာပေးတာလဲ။ ဒီကုတ်အင်္ကျီအတွက် သူမရဲ့ နံစော်နေတဲ့ ခြေထောက်ကို ဘယ်လောက်တောင် မွှေးကြိုင်ကြောင်း ရှိခိုးမတတ် ချော့မော့ပြီး ပြောခဲ့ရတာ။ ဒါက ကျွန်မတို့မိသားစုနဲ့ ထိုက်တန်တယ် " ဒုတိယမရီးလင်းက အေးစက်စွာ လှောင်ရယ် ရယ်လိုက်သည်။ 


တတိယမောင်လေးလင်းတို့ကလည်း စကားပြောနေကြသည်။ 


တတိယခယ်မလင်းက အမှန်တကယ်ပင် အံ့အားသင့်နေသည်။ " ရှင့်ရဲ့တတိယအစ်မက သူမပြောတာကို အလေးအနက် မထားဘူးလို့ ထင်ခဲ့တာ။ ဒီနေ့ ပြန်မလာဘူးလို့ ဘယ်တော့မှ မမျှော်လင့်ထားဘူး " 


ဒီနေ့တွင် ပထမကူကျစ်နှင့် ဒုတိယကူကျစ်တို့သာ ပြန်လာသည်။ တတိယကူကျစ် တစ်ယောက်တည်းသာ မပြန်လာခဲ့ချေ။ 


သူမသည် ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရသည်။ ပထမကလေးက မိန်းကလေး ဖြစ်သည်။ အခုဆို တစ်လကျော်ရှိနေပြီမို့ အေးခဲတဲ့လမ်းမှာ သူမ၏မိဘအိမ်ဆီ ပြန်မသွားတော့ဘူး။ နှစ်သစ်ကူးပြီးရင် ပြန်သွားတာလည်း အတူတူပါပဲ။ 


" ငါ့အစ်မက ဒီတစ်ခါတော့ အရမ်းဒေါသထွက်နေတာ။ အဖေနဲ့ အမေကို မယုံနိုင်ဘူး။ အရင်တုန်းက တတိယအစ်မက သူတို့ကို ပေးအပ်ဖို့ ပစ္စည်းတွေအများကြီး ပြန်ယူလာခဲ့တယ်။ အခု တတိယအစ်မဘဝက မလွယ်ကူတော့ဘူး။ သူတို့က အစ်မကို မကူညီကြဘူး " တတိယမောင်လေးလင်းက မျက်မှောင်ကြုတ်လိုက်သည်။ 


" ရှင် ဒေါသထွက် စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ နောက်အချိန်ခဏကြာရင် ပိုပြီး အဆင်ပြေသွားလောက်ပါတယ်။ ဘယ်သမီးက သူမရဲ့မိဘမိသားစုကို အမှန်တကယ် စွန့်လွှတ်မှာလဲ " တတိယခယ်မလင်းက ဂရုမစိုက်စွာ ပြောသည်။ 


" ငါရဲ့ တတိယအစ်မ အကြောင်းကို မင်း မသိပါဘူး။ သူမက စွန့်လွှတ်မယ်လို့ ပြောလိုက်ရင် အဖေနဲ့ အမေက သူမကို ပြန်သွားမခေါ်မချင်း သူမက ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး " 

တတိယမောင်လေးလင်းက သက်ပြင်းချလိုက်သည်။ 


" အဖေနဲ့ အမေက သွားပြန်ခေါ်ရမယ်…? ဒါဆို ဒီတစ်သက်လုံး ပြန်လာဖို့ မစဉ်းစားနဲ့တော့ " တတိယခယ်မလင်းက ပြောသည်။ 


" မနက်ဖြန် တတိယအစ်မကို ငါ သွားတွေ့မယ် " တတိယမောင်လေးလင်းက ဆုံးဖြတ်လိုက်သည်။ 


" ရှင်သွားတာ ကောင်းပါတယ် ဒါပေမယ့် လက်ဆောင်တွေတော့ မလိုအပ်ဘူး " တတိယခယ်မလင်းက ချက်ချင်းတုံ့ပြန်သည်။ 


တတိယမောင်လေးလင်းက ' အင်း ' ဟု နှုတ်ခမ်းစေ့ကာ ပြန်ဖြေသည်။ လောလောဆယ်တော့ သူ့မှာ ပိုက်ဆံမရှိဘူး။ သူ့တတိယအစ်မကို သွားတွေ့တာ ကောင်းပါတယ်။ 


တတိယနေ့တွင် မနက်စာစားပြီးတာနဲ့ သူ ထွက်လာခဲ့သည်။ သူ ရောက်လာချိန်တွင် အိမ်မှာ ကျိုးချင်းပိုင်က ခြံနောက်ဖေး၌ ဝက်များကို အစာကျွေးနေစဉ် ဖြစ်သည်။ အခု ဝက်တွေက ပိုပိုပြီး ထွားလာပြီ။ သူသည် မနက် ခြောက်နာရီမှာ အစာကျွေးရန် ထပြီး ကိုးနာရီတွင် နောက်တစ်ခါ ထပ်ကျွေးသည်။ 


" တတိယညီ… မင်း ရောက်လာတယ် " ကျိုးချင်းပိုင်က သူ့ကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။ 


" ကျဲဖု… အစ်မ အိမ်မှာရှိလား " တတိယမောင်လေးလင်းက သူ့ကို မြင်သောအခါ ပြုံးပြလိုက်ပြီး ခြံဝင်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ 


" မင်းရဲ့တတိယအစ်မက အပြင်သွားတယ်၊ ခဏနေ ပြန်လာလိမ့်မယ် " ကျိုးချင်းပိုင်က ပြန်ဖြေသည်။ 


ကျိုးချင်းပိုင်က သူ့ကို ခြံနောက်ဖေးသို့ ခေါ်သွားသည်။ တတိယမောင်လေးလင်းသည် ဝက်နှစ်ကောင်ကို မြင်သောအခါ ဝမ်းနည်းမဆုံး ဖြစ်နေသည်။ သူ့ရဲ့ တတိယအစ်မသည် သန့်ရှင်းမှုကို အလွန်နှစ်သက်သည်။ အိမ်မှာ ဝက်မွေးမြူတဲ့လူတွေကို ဆူပူကြိမ်းမောင်းပြီး သူမမိသားစုမှာ ဘယ်တော့မှ ဝက်မမွေးဘူးလို့ ကျိန်ဆိုခဲ့ဖူးသည်။ 


ဝက်ကိုပဲ မပြောပါနဲ့ဦး… ကြက်လည်း အတူတူပဲ မဟုတ်ဘူးလား။ 


ဒါပေမယ့် အခု လက်ရှိအခြေအနေကို ကြည့်လိုက်ပါဦး။ မိသားစုက အခြေအနေ ဆိုးရွားလာတဲ့အတွက် အိမ်မှာ ဝက်မွေးမြူထားရသည်။ 


ကောင်းကောင်းမွန်မွန် မွေးမြူထားရင် ဝက်နှစ်ကောင်သည် သူတို့အတွက် အလုပ်ရမှတ် များစွာကို ရရှိစေနိုင်သည်။ အခုက သူ့တတိယအစ်မအတွက် မလွယ်ကူတာတော့ သေချာပေါက်ပါပဲ။


လင်းချင်းဟယ်သည် လောင်စန်းကို ပွေ့ချီပြီး အိမ်ပြန်ရောက်လာသောအခါ ဤတတိယမြောက် မောင်လေးကို တွေ့လိုက်ရတော့ သူမသည် အရမ်းဝမ်းသာသွားသည်။ လင်းမိသားစုက တခြားလူတွေကို သူမ စိတ်မဝင်စားပေမယ့် ဒီတတိယမောင်လေးလင်းကိုတော့ သူမ သဘောကျနေဆဲပါပဲ။ 


" နေ့လည်ကို အိမ်မပြန်သွားနဲ့တော့… ဒီမှာပဲ ထမင်းစားသွားလေ " လင်းချင်းဟယ်က သူ့ကို တောင်းဆိုသည်။ 


" ရတယ် အိမ်ပြန်ပြီး စားလိုက်မယ် " တတိယမောင်လေးလင်းက ခေါင်းခါလိုက်သည်။ 


" နှစ်သစ်မှာ ဒီလောက်ခရီးရှည်ကြီး ထွက်လာခဲ့တာ… ငါက ဘယ်လိုလုပ် နင့်ကို ဗိုက်ဟောင်းလောင်းနဲ့ ပြန်လွှတ်ရမှာလဲ " လင်းချင်းဟယ်က ပြောသည်။


" အစ်မ… တကယ် မလိုအပ်ပါဘူး။ အိမ်မှာ ပြန်စားလို့ အဆင်ပြေပါတယ်။ အခု ကျဲဖုက အနားယူသွားပြီ၊ နောင်မှာ ဒေါသမကြီးပါနဲ့တော့။ ကျဲဖုနဲ့ ကောင်းကောင်းနေပါ " တတိယမောင်လေးလင်းက တိုက်တွန်းသည်။ 


" ဘယ်လိုနေထိုင်ရမယ်ဆိုတာ ငါ့ကို နင်က သင်ပေးဖို့ လိုသေးလို့လား။ လောင်စန်းကို ကြည့်… ငါ သူ့ကို ဘယ်လောက် ကောင်းကောင်း ပြုစုပျိုးထောင်ခဲ့လဲ " လင်းချင်းဟယ်က သူ့မောင်ကို ပြရန် လောင်စန်းကို ပွေ့ချီလိုက်ပြီး ' ကျိုးကျိုး ' လို့ခေါ်ရန် ပြောလိုက်သည်။ 


" ကျိုးကျိုး " လောင်စန်းက နှုတ်ဆက်လိုက်သည်။ 


တတိယမောင်လင်းက ပြုံးပြုံးရွှင်ရွှင် ပြုံးရယ်ကာ တုံ့ပြန်လိုက်ပြီး နှစ်သစ်ကူး မုန့်ဖိုးပေးရန် ရည်ရွယ်ချက်ဖြင့် သူ့အိတ်ကပ်ကို ထိလိုက်ပြီးမှ သူ့မှာ ပိုက်ဆံမရှိမှန်း သတိရလိုက်သည်။ 


" ဒီအစ်မဖြစ်တဲ့ ငါ့ဆီကို နင် လာလည်လို့ ငါ ကျေနပ်တယ်။ အခု လင်းမိသားစုထဲက နင့်ကိုပဲ ငါ အသိအမှတ်ပြုတယ် " လင်းချင်းဟယ်က ပြောသည်။ 


" အစ်မ… ဒေါသအလျောက် မပြောပါနဲ့… " 


တတိယမောင်လေးလင်း စကားပြောလို့ မပြီးခင် လင်းချင်းဟယ်က ကြားဖြတ်ဝင်ပြောလိုက်သည်။ " ငါက ဘယ်လိုစရိုက်ရှိတယ်ဆိုတာ နင် သိပါတယ်။ ငါ ဒေါသဖြစ်ပြီး ပြောနေတာ မဟုတ်ဘူး။ အဲဒီလူတွေအကြောင်း အခု ငါ သေချာသိသွားပြီ "