Part 779
ဤတစ်ကြိမ်တွင် သူတို့ကစားစရာများခိုးခံရသည့် ရှောင်ကျားရွာကိုသွားလိုက်ကြသည်။
ရှောင်ကျားရွာမှ ဆန်စပါးများ ခိုးယူခံရမှုသည် ဆန်စပါးထိန်းချုပ်မှုရုံးဖောက်ထွင်းခံရခြင်း၏ နှစ်ရက်အကြာတွင်ဖြစ်သည်။ အများစုက ကတ်တီသောင်းချိန်လောက်ရှိသည့် အများပြည်သူဆိုင်ရာ ဆန်စပါးများဖြစ်ကာ သီးသန့်စပါးများနှင့် တပ်မဟာရှိသိုလှောင်ရုံများမှ အစေ့အဆံများသည်လည်း အခိုးခံလိုက်ရသည်။ ရွာထဲတွင်ခွေးမရှိသလို လှည့်ကင်းအရာရှိများကလည်းသက်တောင့်သက်သာနေကာ လှုပ်ရှားမှုမရှိကြပေ။ ရလဒ်အနေဖြင့် သိုလှောင်အိမ်ဖောက်ခံရကာ 2,000ကတ်တီထက်ပိုသော ဆန်စပါးများက လေထဲတွင်ပျောက်ကွယ်သွား၏။
သူတို့ကွန်မြူနတီက ဘာကိုမှမရှာနိုင်သောကြောင့် ဟန်ချင်စုန့်ကို သတင်းပို့လိုက်ကြသည်။ နောက်ဆုံးတွင် သူကကွန်မြူနတီများကြား ပူးပေါင်းလုပ်ဆောင်ရေးအတွက် တာဝန်ရှိသူဖြစ်ကာ လူတိုင်းက သူ့ကိုနားထောင်ရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် သူတို့ကဟန်ချင်စုန့်ကို သတင်းပို့ကာ အကူညီတောင်းလိုက်ကြသည်။
ထန်ကျောက်ရှန်းသည် ချင်းရှီကွန်မြူနတီ၏ညွှန်မှူးဖြစ်သည်။ စစ်တပ်အင်အားစု၏ခေါင်းဆောင်က တန်ကျောက်မင်ဖြစ်ပြီး ဝမ်အိုက်ကော်က ပြည်သူ့လုံခြုံရေးညွှန်မှူးဖြစ်ကာ သူတို့ကွန်မြူနတီတွင် ပြည်သူ့လုံခြုံရေးဗျူရိုမရှိပေ။
မူလတွင် သူတို့ကဟန်ချင်စုန့်အား ဘာမှသိပ်မတွေးထားသော်လည်း သူက စပါးသူခိုးကိုဖမ်းပေးလာသောအခါ သူတို့ကဟန်ချင်စုန့်အား နှစ်သက်သဘောကျစွာကြည့်နေမိကြပြီဖြစ်သည်။ ဘယ်ပြသနာမဆို သူဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြ၏။
တန်ကျောက်ရှန်းက သက်လတ်ပိုင်းအရွယ်ရှိသော လူတစ်ယောက်ဖြစ်ကာ တကယ်ကောင်းသည့် ရှပ်အင်္ကျီတစ်ထည်ကိုဝတ်ထား၏။ ဘယ်ဘက်ရင်အုံအိတ်ကပ်တွင် ဖောင်တိန်နှစ်ချောင်းထည့်ထားကာ အောက်ခြေလူတန်းစား ကေဒါများနှင့် မတူကာ ဂရုစိုက်တတ်သည့်ပုံပေါ်သည်။ သူကဟန်ချင်စုန့်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် လင်းလန်ကိုမြင်သောအခါ ပြုံးပြလာ၏။
“ ဒါကဘယ်သူများလဲ ”
ဟန်ချင်စုန့်:“ ကျွန်တော့်ဇနီးပါ၊ အရာရှိလင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်”
“အရာရှိလင်း ကျွန်တော်ခင်ဗျားကို သဘောကျနေတာကြာပါပြီ”
တန်ကျောက်ရှန်းနှင့် လင်းလန်က လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
“ အရာရှိလင်းက သူ့ရဲ့ဝါဒဖြန့်ချီရေးအရည်အချင်းတွေကြောင့် ကျော်ကြားတယ်လေ၊ ကျွန်တော်တို့ကွန်မြူနတီကို လာသင့်နေတာကြာပြီဗျ”
လင်းလန်တစ်ယောက် ဟန်ချင်စုန့်မျက်လုံးများက သူတို့လက်အပေါ်ရောက်လာသည်ကို ခံစားလိုက်မိသောအခါ အလျင်အမြန်ပင်လက်ပြန်ရုတ်လိုက်သည်။ အခြားဝန်ကြီးများနှင့် ညွှန်မှူးများကိုလည်း ခေါင်းညိတ်ပြီးသာနှုတ်ဆက်လိုက်ကာ လက်မဆွဲနေတော့ပေ။
ဟန်ချင်စုန့်က ရှောင်ကျားရွာရှိ ကိစ္စများကို ပြောချင်လာသောအခါ လင်းလန်က တစ်ယောက်ယောက်အား ဝါဒဖြန့်ချီရေးဝန်ထမ်းတစ်ယောက်ကိုရှာခိုင်းလိုက်သည်။ သူမကချင်းရှီကွန်မြူနတီတွင် ဖြစ်နေသည့်ဝါဒဖြန့်ချီရေးဌာန၏အခြေအနေများကို သိချင်သည်။
သူတို့ကွန်မြူနတီတွင် ဝါဒဖြန့်ချီရေးဌာနနှင့် လမ်းပန်းဆက်သွယ်ရေးဌာနနှစ်ခုပေါင်းမှ လူလေးယောက်၊ငါးယောက်လောက်သာရှိ၏
ဝန်ကြီးဖြစ်သူချိုးအိုက်ဟွားက အသက်30ကျော် အမျိုးသမီးတစ်ဦးဖြစ်ကာ လေးထောင့်ပုံစံမေးကြော၊ ပါးရိုးမြင့်မြင့်၊ မျက်ရစ်တစ်ထပ်နှင့် နှုတ်ခမ်းသေးသေး ရှိပြီး အသံကျယ်ကျယ်ရယ်တတ်ကာ ကြင်နာသော နှလုံးသားရှိ၏။ သူမက အလွန်တည့်တိုးပင်ပြောတတ်ကာ ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပေ။
လင်းလန်တစ်ယောက် ကောင်တီသို့သွားကာ သင်ကြားခဲ့ရစဉ်တွင် သူမနှင်တွေ့ခဲ့သော်ငြား နက်နက်ရှိုင်းရှိူင်းဆက်ဆံရေးမျိုးမရှိပေ။ နောက်ဆုံးတွင် သူမက တစ်ချိန်လုံး၌ ချီဖုန်းပေါ်၊ ဝမ်ဖုန်းရှာတို့နှင့်သာ ရင်းနှီးနေခဲ့ခြင်းဖြစ်သည်။
သူမက လင်းလန်ကိုတွေ့တွေ့ချင်းပင် ရယ်မောလာ၏။
“ အရာရှိလင်းလန် ထပ်တွေ့ရပြန်ပြီနော် နင်ကအရင်လို ချောနေတုန်းပါဘဲ၊ နင်ပြောတော့ နွေရာသီရောက်ရင် ငါတို့အားလုံးနေလောင်ကြတာဘဲဆို၊ နင်ကျဘာလို့အရမ်းဖြူဖွေးပြီး နူးညံ့နေရတာလဲ။ တစ်နေ့ကုန်ဘာမှမဖြစ်ဘူးနော်၊ ဘာခရင်မ်သုံးတာလဲ။ မင်းရောနေပူဆာမလှုံချင်ဘူးလား”
လင်းလန်က သူမကိုနှုတ်ဆက်ချင်သော်ငြား စကားတစ်ခွန်းတောင်ပြောခွင့်မရလိုက်ပေ။
“ရဲဘော်လင်းလန် ငါတို့ရဲ့အလုပ်တွေကို လမ်းညွှန်ပေးပါဦး အခုတလောငါတို့က လင်းပိယောင်နဲ့ ကွန်ဖြူးရှပ်ဝါဒအပေါ် ဝေဖန်စမ်းစစ်နေရတာ အလံနီကိုင်ဆောင်တဲ့ သတင်းပို့သူအားလုံးက အဆင့်သင့်ဖြစ်နေကြပြီ”
ချိုးအိုက်ဟွားက လင်းလန်အား တစ်ချက်လောက်ကြည့်ပေးစေချင်သည်။
လင်းလန်က ချောင်ကွမ်းရုန်ကိုလှည့်ပြောလိုက်သည်။
“အရာရှိချောင် ဝန်ကြီးကျွမ်းနဲ့ စကားပြောလိုက်နော်”
ဘယ်လိုလုပ်ပြီး သူမမှာစကားပြောဖို့ အချိန်ရှိမှာလဲ။
ငါဘာဝါဒဖြန့်ချီရေးကို မှ မဖတ်ချင်ဘူး၊ ငါ့ကျောက်တွေကိုဘဲ ရှာချင်တယ်။
လင်းလန်က ချောင်ကွမ်းရုန်အား ချိုးအိုက်ဟွားကိုတားပေးရန် တွန်းပို့လိုက်ကာ သူမက မျိုးရိုးဝမ်ဖြင့် အခြားဝန်ထမ်းတစ်ယောက်ကိုခေါ်လိုက်ကာ ဒီကပတ်ဝန်းကျင်ကိုနားလည်နိုင်ရန် လိုက်ပြပေးဖို့ပြောလိုက်သည်။
ဟန်ချင်စုန့်က ကွန်မြူနတီထဲရှိ ယွီချင်းမြစ်ဝှမ်းတွင် အပြာရောင်ကျောက်ကိုတွေ့ခဲ့သည်ဟုဆို၏။ ဤမြစ်က ချန်ချင်းမြစ်၏မြစ်လက်တက်တစ်ခုဖြစ်ကာ ရှန်ရွေ့ကွန်မြူနတီရှိ အကြီးဆုံးမြစ်နှင့်ဆင်တူ၏။ ယေဘုယျအားဖြင့် ဒီလိုမြစ်များကို ရေသိုလှောင်ရန် ရေလှောင်တံမံအဖြစ်အသုံးပြုတတ်ကြသည်။ ဆိုရိုးရှိခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ဆယ်ချီကျော်ကာလများတွင် ရေအများကြီးရှိသောကြောင့် လှေများကိုတောင်မှောက်စေနိုင်သည်ဟုဆို၏။ ၎င်းအား မြောက်ဘက်ရှိ ကျန်းနန်မြစ်အသေးလေးဟုခေါ်ခဲ့ကြသည်။
ဒီတစ်ကြိမ်တွင် ဟန်ချင်စုန့်က ယွီကျားရွာသို့ လူများကိုခေါ်လာခဲ့ပြီးဖြစ်ကာ ညွှန်မှူးတန်က လိုက်မလာသော်လည်း ဝန်ကြီးတန်ကျောက်မင်နှင့် လုံခြုံရေးညွှန်မှူး ဝမ်အိုက်ကော်တို့က သူနှင့်အဖော်လိုက်လာကြသည်။
လင်းလန်က ဟန်ချင်စုန့်စက်ဘီးပေါ်တက်လိုက်ပြီး ချောင်ကွမ်းရုန်အား ချိုးအိုက်ဟွားနှင့် ဆွေးနွေးနေရန်ပြောလိုက်ကာ သူမကအရာရှိဝမ်နှင့်အတူထွက်သွား၏။
ကွန်မြူနတီ၏ ဝါဒဖြန့်ချီရေးမည်သို့အလုပ်လုပ်နေသည်ကို နားလည်ချင်ပါက ကွန်မြူနတီထဲမှာနေ၍ သိနိုင်မည်မဟုတ်ပေ။ သင့်အနေဖြင့် ကျေးလက်တပ်မဟာဒေသများဆီသွားကာ ကွန်မြူနတီအဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာပုံစံကမည်သို့ရှိသည်ကို ကြည့်မှရပေလိမ့်မည်။
ရလဒ်အနေဖြင့် လမ်းတစ်လျှောက်တွင် လင်းလန်က ဒီနေရာသည်...ရှန်ရွေ့ကွန်မြူနတီနှင့်ယှဉ်ပါက နှစ်အနည်းငယ်ခေတ်နောက်ကျနေပုံပေါ်သည်ကို တွေ့လိုက်ရသည်။
နွေရာသီတွင် စိုက်ခင်းများက စိမ်းလန်စိုပြေနေရမည်ဖြစ်သော်ငြား သူတို့၏စိုက်ခင်းများသည်......အလွန်ကျိုးတိုးကျဲတဲဖြစ်နေ၏။ ထိုအရာက တကယ်ပင် လူများကိုဒေါသထွက်စေ၏။
ပတ်ဝန်းကျင်အခြေအနေက အရမ်းကြမ်းတမ်းသည်ဆိုသည်မှာ ရေမရှိသလို၊ လေထန်သောသဲများနှင့် မြေဆီလွှာအခြေအနေဆိုးဝါးခြင်း၊ အစရှိသဖြင့်ကိုဆိုလို၏။ အခုတွင်မူ မြစ်ထဲတွင်ရေရှိကာ မြေဆီလွှာကလည်းအဆင်ပြေနေသည်။ နယ်မြေခံဒေသက အနောက်မြောက်ဘက်ရှိ လေထန်သဲထူသော လန်းခေါ့နှင့် အခြားဒေသမျိုးလိုလည်း ဖြစ်မနေပေ။ ကမ္ဘာပေါ်က ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး ဒီလိုစိုက်ပျိုးနေရတာလဲ။
ဟန်ရုံဖန်၏စကားများဖြင့်ပြောရမည်ဆိုလျှင် 'ရိုက်ခံရမှာတောင် ပျင်းနေတာ' ဟူ၍ဆိုရမည်။
ဤလူတစ်စုအပေါ် လင်းလန်၏အမြင်မှာက တစ်ခနလေးတွင်းမှာပင် ကျဆင်းသွား၏။
အခုချိန်တွင် ထုတ်လုပ်ရေးအသင်းက စုဆောင်းစွာလုပ်ကိုင်နေသော်ငြား အသင်းဝင်များက စိတ်တက်ကြွမှုမရှိကာ အစာစားချင်ပါက တပ်မဟာမှအစားအစာများ ဖြန့်ဝေလာသည်ကိုသာ စောင့်ရမည်ဖြစ်သည်။ ကိုယ့်အစာအိမ်ကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်မှာလဲ။ အခြားသူတွေကို ခွဲဝေခွင့်မပြုချင်မှတော့ ကိုယ့်ဘာသာကိုယ်လုပ်ရမှာပေါ့၊ ဟုတ်တယ်မလား။
“ စန်းကော သူတို့ကွန်မြူနတီက ပြသနာအကြီးကြီးရှိနေတာဘဲ”
ဟန်ချင်စုန့်က အသံတစ်ချက်ပြုလိုက်သော်လည်း ဘာမှမပြောလာပေ။ ဤအရာက သူ၏အမူအကျင့်ပင်ဖြစ်ကာ ဘယ်အရာပေါ်တွင်မဆို သူ၏ကိုယ်ပိုင်တန်ဖိုးဖြတ်သည့် အမူအရာများထုတ်ပြသည်မှာ အလွန်ရှား၏။
Xxxxx
Part 780
သူတို့ယွီကျားရွာသို့ရောက်လာသောအခါ အသင်း၏အတွင်းရေးမှူးနှင့် ခေါင်းဆောင်တို့က ဧည့်ခံလာကြသည်။
တပ်မဟာ၏အတွင်းရေးမှူးမှာ အသက် 40ကျော်နေပြီဖြစ်သော ဂျပန်ဆန့်ကျင်သူကြီးဖြစ်၏။ သို့သော် သူ့မျက်နှာပေါ်မှာ အရေးအကြောင်းများနှင့် ဆံပင်မီးခိုးရောင်များကြောင့် အသက်50ကျော်ဟုထင်ရသည်။
သူက ကွန်မြူနတီကေဒါများကိုမြင်သွားသောအခါ ဝမ်းသာအားရနှုတ်ဆက်ပြီး စီးကရက်များကမ်းပေးလာ၏။
တန်ကျောက်မင်နှင့် ဝမ်အိုက်ကော်တို့နှစ်ယောက်လုံးက လှမ်းယူလိုက်ကြသည်။ သူတို့က ကွန်မြူနတီအဖွဲ့ဝင်များနှင့် ကေဒါများအပေါ်တွင် အထက်စီးဆန်သောသဘာဝရှိကြသည်။ အကြောင်းမှာ ကွန်မြူနတီကအရာအားလုံးကို လမ်းညွှန်ပေးသလို ထုတ်လုပ်ရေး၊ ရိတ်သိမ်းရေးနှင့် တပ်မဟာ၏ အခြားဆုံးဖြတ်ချက်များကိုလည်း ကွန်မြူနတီက လုပ်ဆောင်သောကြောင့်ဖြစ်သည်။
ယွီခန်းယီက ဟန်ချင်စုန့်အား စီးကရက်တစ်လိပ်ကမ်းပေးလိုက်သည်။
“ဆာ စီးကရက်သောက်ပါဦး”
ဟန်ချင်စုန့်က ရဲယူနီဖောင်းဝတ်ထားသည်ကို သူမြင်သောအခါ သူ့ပုံစံက တစ်မျိုးတစ်ဖုံ ခေတ်နောက်ပြန်ဆွဲနေမည်ဟု တွေးလိုက်သည်။
ဟန်ချင်စုန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“မလိုပါဘူး၊ ဟန်ချင်စုန့်ပါ ကောင်တီပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ညွှန်မှူး”
ကောင်တီမှကေဒါဖြစ်သည်ကို ကြားသောအခါ ယွီခန်းယီက ပို၍တောင်ခါးညွှတ်လိုက်ကာ ခေါင်းညိတ်ပြလာသည်။
“ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ခေါင်းဆောင်ဟန် ကြိုဆိုပါတယ်”
ဟန်ချင်စုန့်က သူ့ကိုငုံ့ကြည့်လိုက်ကာ သူ့မျက်လုံးများက အလွန်စူးရှနေသောကြောင့် ယွီခန်းယီအား ဖြေးဖြေးချင်း ကျောမတ်သွားစေ၏။
“ ညွှန်မှူးဟန် အစားအစာသူခိုးတွေကိုဖမ်းဖို့ ခင်ဗျားကူညီမှရမယ်”
အခိုးခံရသော စားစရာများအကြောင်းပြောသောအခါ ယွီခန်းယီ၏မျက်နှာက ဆယ်နှစ်လောက်ထပ်ပြီး အိုစာသွားသလိုပင်ဖြစ်လာကာ သူ့မျက်နှာမှအရေးအကြောင်းများက တွဲကျလာတော့မလိုပင်။
ဟန်ချင်စုန့်က ဘာမှမပြောလာဘဲ အရင်ဆုံးစစ်ဆေးကြည့်ရန် သူတို့သိုလှောင်ရုံဆီသို့ တစ်စုံတစ်ယောက်ကိုခေါ်သွားလိုက်သည်။ သူ၏အမြင်တွင် ဖမ်းရတာ ခက်ခဲမည်ဟူ၍မရှိပေ။
လင်းလန်က ဝါဒဖြန့်ချီရေးအခြေအနေများကို သွားစစ်ဆေးကြည့်မည်ဟုပြောကာ ဟန်ချင်စုန့်အား မျက်စိမှိတ်ပြလိုက်၏။
ဟန်ချင်စုန့်က ကြည့်နေလိုက်သည်။ သူက ချင်းရှီကွန်မြူနတီမှ အရာရှိဝမ်အပြင် ရဲအရာရှိတစ်ယောက်ကိုလည်း ဒီမှာနေရန်တာဝန်ချလိုက်သည်။
“မင်းက အရာရှိလင်းကို ကာကွယ်ဖို့ တာဝန်ရှိတယ်”
ရဲအရာရှိက ဤနေရာတွင် ဘာအန္တာရာယ်ရှိနိုင်မှာလဲဟု သိချင်မိသော်ငြား အမိန့်နာခံလိုက်ဆဲဖြစ်သည်။
လင်းလန်က ရွာထဲကိုဖြတ်သွားလိုက်သည်။ သူမလျှောက်သွားလေလေ ပိုပိုပြီးဒေါသထွက်လာရ၏။ ရွာက အလွန်ဆင်းရဲမွဲတေ နေကာ နေရာတိုင်းတွင် သက်ကယ်အမိုးဖြင့်တဲအိမ်ငယ်များ၊ ရွှံ့ဝါများဖြင့် စုတ်ပြတ်နေလေသည်။ အိမ်အများစု၏နံရံများက ပြိုကျနေဆဲဖြစ်ကာ လျှော်ထားသည့်အဝတ်များက လွင့်နေသည်ကိုတွေ့နိုင်၏။ ဖြစ်နိုင်သည်ကတော့ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက အပြင်မထွက်နိုင်သောသူများဖြစ်ကြပုံပင်။
သူမက သစ်ပင်အောက်တွင် စကားပြောနေသောယောက်ျားကြီးများကိုတောင် မြင်နိုင်၏။
ဤအချိန်တွင် ဂျုံပြောင်းများကိုရိတ်သိမ်းကာ နွေရာသီအစီအစဉ်များဖြင့် အလုပ်များနေရမည့်ကာလဖြစ်သည်။ အစေ့ချခြင်း၊ မြေဩဇာထည့်ခြင်း၊ စိုက်ခင်းများကို ရေလောင်းခြင်း၊ ဝါဂွမ်းဆွတ်ခြင်း၊ ပြောင်းနှင့်အခြားသီးနှံများကို စိုက်ပျိုးရမည်ဖြစ်ကာ ပျင်းရိနေရန်အချိန်မရှိပေ။
ဒေသခံလယ်သမားဟောင်းများပြောကြသည်မှာ ဆောင်းရာသီ မော့တုန်းကာလမှလွဲလျှင် ပျင်းရိရမည့်အချိန်မရှိဟုဆို၏။ ဆောင်းရာသီတွင်တောင်မှ ဘေးပေါက်စီးပွားရေးများလုပ်ကိုင်ရကာ အဖွဲ့ဝင်များအား ခြင်းရက်စေခြင်း၊ ဖျာများ သို့မဟုတ် ထိုသို့တစ်စုံတစ်ခုများလုပ်ကြသည်။ ဘယ်လိုဘဲဖြစ်ဖြစ် အမြဲတစေလုပ်စရာများရှိနေတတ်ကြ၏။
သို့သော် ဤရွာကမူ ဖော်ပြရန်တောင် ခက်ခဲ၏။
မိန်းမများနှင့် ကလေးများကိုတွေ့သောအခါ လင်းလန်ကသူတို့အား တွေ့ဆုံမေးမြန်းချင်သော်လည်း ဘယ်သူသိမှာလဲ ၊ သူ့ကိုမြင်တဲ့အခါ အကုန်လုံးပြေးပုန်းသွားကြမယ်လို့။
ခဏလောက်ပတ်ကြည့်လိုက်ပြီးနောက်တွင် လင်းလန်က သူမမေးမြန်းနိုင်မည့် လူတစ်ယောက်ကိုမှ မတွေ့လိုက်ရပေ။ ဤနေရာတွင် အနည်းငယ်ပူနေသောကြောင့် လင်းလန်က မြစ်သို့သွားကာ မျက်နှာသွားသစ်ရန်ပြောလိုက်သည်။
မြစ်ကြမ်းပြင်တွင် ကျောက်တုံးများရှိနေသည်ကို မြင်လိုက်ရသောအခါ လင်းလန်က ပျော်ရွှင်စွာပြေးဆင်းသွားလိုက်သည်။ သူမ၏ဖိနပ်ကိုချွတ်လိုက်ကာ ရေအေးမအေးစမ်းကြည့်လိုက်သည်။ မြစ်ကြမ်းပြင်ကို ကျောက်စရစ်ခဲများဖြင့် ဖုံးအုပ်ထားကာ အခြားရွှံ့ထူသည့် မြစ်ကြမ်းပြင်များထက် ပို၍ကြည်လင်နေ၏။
ကျောက်ခဲအားလုံးက သာမာန်ကျောက်များဖြစ်နေသည်မှာ နှမြောစရာပင်။ လင်းလန်အား နှလုံးခုန်လွဲစေမည့် အပြာရောင်ကျောက်က ရှိမနေပေ။
ဤအချိန်တွင် စုတ်ပြဲနေသည့်အဝတ်များဖြင့်မျက်နှာများညစ်ပတ်ကာ တစ်ကိုယ်လုံးပေကျံနေသည့် ကလေးအနည်းငယ်က မြက်များကိုဆေးရန်ရောက်လာကြ၏။
လင်းလန်က သူတို့အား သိချင်စိတ်ဖြင့်ကြည့်နေလိုက်သည်။ လူကြီးများက အိမ်တွင်ပျင်းရိနေစဉ် ကလေးများက အလုပ်ထွက်လုပ်နေသည်မှာ ထူးဆန်း၏။
ဤကလေးများက အလွန်ပိန်လှီနေကာ ပိန်လွန်းသဖြင့် အရိုးနှင့်အရေပြားသာရှိနေသည့်ပုံပေါက်နေ၏။ နံရိုးများက ထင်းနေကာ မျက်လုံးနှစ်လုံးကလည်း သာမာန်ထက်ပို၍ကြီးမားနေကြသည်။ မြစ်ထဲ၌မြက်များဆေးနေချိန်တွင် မြက်အမြစ်များ၊ သို့မဟုတ် စား၍ရသည့် ဟင်းရွက်ရိုင်းများကိုလည်း ဖယ်ထုတ်ကာ သူတို့ပါးစပ်ထဲထိုးသွင်းနေကြသည်။ ပါးစပ်တစ်ခုလုံးအပြည့် မဲမဲနှင့် စိမ်းစိမ်းအရည်များကိုဝါးနေကြသည်။
သူတို့များကြားတွင် သူမရင်ဘတ်ကိုကာရန် စွပ်ကျယ်တစ်ခုသာဝတ်နိုင်သည့် မိန်းကလေးတစ်ယောက်လည်း ပါနေ၏။
ထိုမိန်းကလေးက ရှုပ်ပွနေသောဆံပင်များနှင့် ပိန်လှီနေကာ တစ်ကိုယ်လုံးကလည်းညစ်ပတ်နေသည်မှာ မိန်းကလေးဟုတောင်မပြောနိုင်တော့ပေ။ ယောက်ျားလေးများက ပို၍ဖြစ်သလိုနေထိုင်ကြကာ တစ်ချို့က အတွင်းခံများသာဝတ်ထားသလို တစ်ချို့ကလည်း နှစ်ခြမ်းခွဲဘောင်းဘီကိုသာဝတ်ထားကြပြီး မကွဲပြားသလိုပင် လမ်းလျှောက်နေကြသည်။ သူတို့က သန့်ရှင်းကာ လှပသည့်အပြင်လူကိုမြင်သောအခါ အနည်းငယ်ရှက်ရွံ့သွားကြသည်။
ကောင်မလေးက ကောင်လေးများကို အပြစ်တင်လိုက်သည်။
“ အရမ်းရုပ်ဆိုးတာဘဲ၊ လှည့်ပြီးသာစားနေကြစမ်းပါ”
လင်းလန်က သူ့ကိုပြုံးပြလိုက်သည်။
“ မြစ်ရေက အရမ်းအေးတာဘဲနော်”
သူမကအပြင်လူဖြစ်နေလျှင်တောင်မှ ကောင်မလေးက သူမကိုတစ်ချက်ကြည့်လာ၏။ မည်သို့ပင်ဖြစ်နေပါစေ မိန်းကလေးများသည် လှပသောသူများကိုမြင်ပါက သိချင်စိတ်ပြင်းပြကာ အနည်းငယ်အဆင့်တန့်နိမ့်သည်ဟုလည်း ခံစားမိတတ်ကြသည်။
“နင်....” ကောင်မလေးကတွန့်ဆုတ်နေ၏။
လင်းလန်က သူမအိတ်ထဲမှ ကျောက်ပြာကိုထုတ်လိုက်ကာ ပြုံးပြလိုက်၏။
“ ငါဒါကိုမြစ်ဘေးနားက ကောက်ခဲ့တာလေ၊ အရမ်းလှတာဘဲ”
သူမက ကျောက်ကိုနေရောင်ထဲတွင် ထောင်ကြည့်လိုက်ရာ အလွန်လှနေ၏။
ကောင်မလေးက ဒီလှပသောကေဒါ မိန်းမပျိုကလည်း ကလေးတစ်ယောက်လိုပဲဆိုသည်ကို သိလိုက်သောအခါ ရင်းနှီးသလိုခံစားသွားရပြီး အခြားသူများလို သတိရှိမနေတော့ပေ။
Xxxxxxx